← Chapters

အပိုင်း ၇၂၅-၇၂၈

Vol. 37 Ch. 725-728

အပိုင်း ၇၂၅-၇၂၈

Vol. 37 Ch. 725-728

အပိုင်း ( ၇၂၅ )

တကယ်တော့ အမွေနှစ်ခုရထားတာ

ယဲ့ဖန်က ထိုလူတွေကို ကစားနေမှန်း ကျူးရှောင်ကျောင်း မသိချေ။

ထိုလူများ ထွက်သွားပြီးနောက် သူမသည် ယဲ့ဖန်ကို ချက်ချင်း စိုက်ကြည့်လာသည်။

" နင် ရူးနေလား။ အဲ့တာ နင့်မိသားစုရဲ့ ရတနာလေ။ အဲ့တာကို သူတို့ဆီ ဒီအတိုင်းကြီး ရောင်းလိုက်တာလား "

ယဲ့ဖန်သည် ပိုက်ဆံအထပ်ကို သူ့အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီးနောက် သူမကို ပြုံးပြလိုက်သည်။

" မင်းကို ပြောဖို့ မေ့သွားတယ်။ ငါ့မိသားစုက နှစ်ခုပေးခဲ့တယ်ဆိုတာ "

ယဲ့ဖန်သည် ပြောနေရင်းဖြင့် အိတ်ကပ်ထဲမှ ပုံစံတူ သံလိုက်အိမ်မြှောင် နောက်ထပ်တစ်ခုကို ထုတ်ယူလိုက်သည်။

ကျူးရှောင်ကျောင်း အံသြသွားသည်။

......................................

အခြားတစ်ဖက်၌။

" အစ်ကိုယောင်း၊ ဒီလိုဆို ရတနာတွေကို လွယ်လွယ်ရမှာလား "

" ဟုတ်တယ်။ ဒီကောင်လေးက ဒီလောက်တောင် သတ္တိကြောင်နေမယ်လို့ မထင်ထားဘူး။ ငါတို့ခြိမ်းခြောက်လိုက်တာနဲ့ ချက်ချင်း ရောင်းလိုက်တာ ဟားဟားဟား ......... "

" ဒီအိမ်မြှောင်နဲ့ဆို ငါတို့ အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေကို လွယ်လွယ် ရှာနိုင်မှာပဲ။ ဒါဆို ငါတို့ တကယ်ကြီး ချမ်းသာလာလိမ့်မယ် "

" ငါတို့က အစ်ကိုယောင်းနောက်ကို လိုက်မယ်ဆိုရင် သေချာပေါက် ချမ်းသာမယ်လို့ ငါပြောသားပဲ ..... "

ဆံဝါနှင့်လူသည် မြှောက်ပင့်ခံနေရ၍ အနည်းငယ် မြောက်တက်သွားသည်။

သံလိုက်အိမ်မြှောင်ကို ထုတ်ပြီး သေချာကြည့်ရန်ပင် သူ မစောင့်နိုင်တော့ချေ။

သူသည် သေချာကြည့်လေလေ၊ ထူးခြားသည်ဟု ခံစားရလေလေဖြစ်သည်။

" ဒီသံလိုက်အိမ်မြှောင်က ရတနာပဲ။ ကျစ်ကျစ်ကျစ် "

" အစ်ကိုယောင်း၊ မြန်မြန် အကျိုးသက်ရောက်မှု ရှိအောင် လုပ်ကြည့်ပါ "

တခြားသူတွေက သူ့ကို တိုက်တွန်းလေသည်။

ဆံဝါနှင့်ယောက်ျားကလည်း အဲ့တာကို စောင့်မျှော်နေတာပဲ ဖြစ်သည်။

သူသည် ချက်ချင်းပင် ယဲ့ဖန်ပုံစံကို အတုယူလိုက်သည်။

ထို့နောက် သူ မျက်လုံးကိုမှိတ်ပြီး ဂါထာ ရေရွတ်လေသည်။

" နဂါးတွေဟာ ရွှေရှာတယ်။ လေထန်နေတဲ့ တောင်တန်းတွေကို ကြည့်လိုက်တယ်။ ထောင်ချီတဲ့တံခါးတွေရှိနေရင် ဖြတ်ပြီး အထဲမှာနေနေတဲ့ မင်းသားလေးရှိရမယ် ..... ဟက်ချလောင်း "

ထိုသို့ပြောပြီးနောက် သံလိုက်အိမ်မြှောင်ကို အလျင်အမြန်ကြည့်သော်လည်း သံလိုက်အိမ်မြှောင်သည် လုံးဝမရွေ့ကြောင်း သူ တွေ့လိုက်သည်။

" ဒီလို မဖြစ်သင့်ဘူး။ ဘာလို့ တုံ့ပြန်မှု မရှိရတာလဲ "

" ရွတ်တာ မှားနေလို့လား။ သူ့ရဲ့ 'ဂါထာ'က အရမ်းတိုတယ်။ ဒီလောက်ရှည်တာမဟုတ်ဘူးဆိုတာကို ငါမှတ်မိတယ် "

" ဟုတ်တယ်၊ စာကြောင်းတိုင်းရဲ့အလယ်မှာ ခဏရပ်တယ်။ အရမ်းစည်းချက်ညီတယ် "

" အစ်ကိုယောင်းရဲ့ တရုတ်စာအသံထွက်က သိပ်စံမမှီလို့လား။ အစ်ကို လျှာလိပ်တာကို သေချာ ဂရုစိုက်လိုက် "

သူတို့၏ အကြံပြုချက်တွေကို ကြားပြီးနောက် ဆံဝါက ထပ်ပြီး ဂါထာကို ရွတ်ဆိုလိုက်ရသည်။

" နဂါးတွေဟာ ..... ရွှေရှာတယ်။ လေထန်နေတဲ့ တောင်တန်းတွေကို ကြည့်လိုက်တယ်။ ထောင်ချီတဲ့တံခါးတွေရှိနေရင် ...... အဲ့မှာနေနေတဲ့ မင်းသားလေးရှိရမယ် ..... ဟက်ချလောင်း "

ဒီတစ်ခါတွင် စည်းချက် အတက်အကျသာမကဘဲ သူ့လျှာကိုပါ လိပ်လိုက်သည်။

သို့သော် အကျိုးသက်ရောက်မှုက အတူတူပဲဖြစ်သည်။

သံလိုက်အိမ်မြှောင်က လုံးဝ မရွေ့ချေ။

အားလုံးက အနည်းငယ် အံ့သြသွားကြသည်။

သူဌေးဖြစ်ရန် အခွင့်အရေးက သူတို့ရှေ့တွင် ရှိနေသော်လည်း မရနိုင်ဖြစ်နေသည်။

ထိုအချက်က ဒေါသထွက်စရာကောင်းသည်။

အဲ့ဒီနောက်တွင် သူတို့ထဲမှ အနည်းငယ်က အတူတကွ ပူးပေါင်းပြီး အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ကြသည်။

ဆံဝါသည် ရေငတ်လွန်းသဖြင့် အာခေါင်ခြောက်သည်အထိ ကြိုးစားကြည့်သော်လည်း သက်ရောက်မှု လုံးဝမရှိပေ။

" ခွေးသား၊ ငါတို့ကို လှည့်စားသွားတာလား "

" အဲ့လို မဖြစ်နိုင်ဘူး။ အဲ့ကောင်လေး ဒီအိမ်မြှောင်ကိုသုံးပြီး ရတနာတွေ အများကြီးရှာလာတာကို ငါတို့မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာပဲ "

" ကြည့်ရတာ ဒီအိမ်မြှောင်မှာ ဘာပြဿနာမှ မရှိလောက်ဘူး။ ကျွန်တော်တို့ ရွတ်တာ မှားနေတာ ဖြစ်နိုင်တယ် "

" ဒါဆို ငါတို့ ဘာလုပ်သင့်လဲ။ အဲ့ကလေးကို သွားမေးသင့်သလား။ ဂါထာမပါဘဲ ဒီဟာက ဘယ်လိုလုပ် အလုပ်လုပ်မှာလဲ "

ဆံဝါဖြင့်လူသည် အခြားလူများ၏ အကြံပြုချက်များကို ကြားလိုက်ရပြီး သဘောတူကြောင်း ချက်ချင်း ခေါင်းညိတ်လိုက်သည်။

" အိုခေ၊ အဲ့တာ ကောင်းတယ်။ ဂါထာရွတ်ဖို့ သူ့ကို ထပ်တွေ့ကြတာပေါ့ "

ထိုသို့ဖြင့် သူက ပြောရင်း ဦးဆောင်ပြီး ရှေ့မှ လျှောက်သွားသည်။

သို့သော် သူတို့သည် အချိန်အတော်ကြာ ကြန့်ကြာခဲ့၍ သူတို့နှစ်ဦးကို ခြေရာပျောက်သွားခဲ့သည်။

ထို့ကြောင့် သူတို့သည် လူခွဲပြီး ရှေးဟောင်းမြို့တစ်ခုလုံးကို စတင်ရှာဖွေခဲ့ရသည်။

တစ်နာရီကျော်ကြာ လိုက်ရှာပြီးနောက် လက်အောက်ငယ်သားတစ်ဦးမှ ဖုန်းဆက်ပြီး ယဲ့ဖန်တို့နှစ်ယောက်၏ တည်နေရာကို တွေ့ပြီဖြစ်ကြောင်း ပြောသည်။

ဆံဝါနှင့် သူ့အဖွဲ့သည် အပြေးလာသောအခါ သူတို့နှစ်ယောက်သည် ပစ္စည်းအထုပ်များကို ယူဆောင်လာကာ လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။

ကြည့်ရသည်မှာ သူတို့ အများကြီးရတနာရှာထားတာ ဖြစ်မည်။

ယဲ့ဖန် သူတို့ကို တွေ့လိုက်သောအခါ သူက ချက်ချင်း နွေးထွေးစွာ နှုတ်ဆက်သည်။

" ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ။ ခင်ဗျားတို့နဲ့ ထပ်တွေ့တာပဲ။ ဘယ်လိုနေလဲ။ ရတနာတွေကို ရှာတွေ့ပြီလား "

ဆံဝါသည် ယဲ့ဖန်လက်ထဲမှ ပစ္စည်းတွေကို အချိန်အကြာကြီး စိုက်ကြည့်နေသည်။

" မင်းတို့ရဲ့ အိမ်မြှောင်ကို ငါတို့ဆီ ရောင်းလိုက်တာ မဟုတ်ဘူးလား။ ရတနာတွေကို ဘယ်လို ထပ်ရှာလိုက်တာလဲ "

ယဲ့ဖန်သည် ချက်ချင်း သူ့အိတ်ကပ်ထဲမှ သံလိုက်အိမ်မြှောင်ကို ထုတ်ယူလိုက်သည်။

" သြော် ကျွန်တော် ပြောဖို့မေ့သွားတာ။ ကျွန်တော့်မှာ သံလိုက်အိမ်မြှောင် နှစ်ခုရှိတယ်။ တစ်ခုက အဖို၊ တစ်ခုက အမ။ ခင်ဗျားဟာက အမပဲ "

ဆံဝါသည် သူ့လက်ထဲမှ 'သံလိုက်အိမ်မြှောင်အမ'ကို ငုံ့ကြည့်ပြီး ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။

" ဒီအိမ်မြှောင်နှစ်ခုက ဘာကွာလို့လဲ "

ယဲ့ဖန်က ခေါင်းကုတ်ပြီး ရူးနှမ်းစွာ ရယ်မောလိုက်သည်။

" ဒီအမအိမ်မြှောင်က မကြာသေးခင်ကမှ ပင်ပန်းထားတာဆိုတော့ ဆောင်းခိုနေတာ "

ကျူးရှောင်ကျောင်း အသံထွက်မတတ် ရယ်မိလိုက်သည်။

ယဲ့ဖန်က သူတို့ကို လှည့်စားနေမှန်း သူမ သိပြီးသားဖြစ်သည်။

ဘယ်သံလိုက်အိမ်မြှောင်က ဆောင်းခိုလို့လဲ။

ဒီယဲ့ဖန်က အပိုတွေ ပြောတတ်လွန်းတယ်။ ရူးနေတဲ့သူပဲ ဒီလိုပေါက်ကရကို ယုံမှာ။

ဆံဝါက ယဲ့ဖန်ကို လေးနက်စွာ ကြည့်လေသည်။

" သူမ ဘယ်တော့ နိုးမှာလဲ "

ယဲ့ဖန်က မဖြေခင် စဉ်းစားလိုက်သည်။

" အဲ့တာက ပြောဖို့တော့ခက်တယ်။ ဒီအမကြီးက ဖုန်းရွှေအိမ်မြှောင်ဆိုတော့ အိပ်တာ နည်းနည်းကြာတယ်။ အနည်းဆုံး လအနည်းငယ်ကြာတဲ့အထိ အိပ်ရလိမ့်မယ် "

ဆံဝါနှင့်လူက ချက်ချင်း ဒေါသထွက်သွားသည်။

" မင်းငါ့ကို မြုံနေတဲ့ အိမ်မြှောင်အမကို ရောင်းလိုက်တာလား။ မရဘူး၊ ငါ အထီးကိုလိုချင်တယ် "

ယဲ့ဖန်က ချက်ချင်း ခေါင်းခါလိုက်သည်။

" အဲ့တာတော့ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ အရင်ကတည်းက သဘောတူထားပြီးလေ။ ငွေနဲ့ပစ္စည်းတွေကို ပြန်လဲပေးမှာ မဟုတ်ဘူး "

ဆံဝါသည် သူ့စိတ်ထဲက ဒေါသတွေကို မြိုသိပ်ထားလိုက်သည်။

" ငါက ပြန်အမ်းငွေ မလိုချင်ပါဘူး။ အစားထိုးပေးဖို့ပဲ လိုတာ။ ဒီအမကို မင်းဆီ ငါ ပြန်ပေးမယ်။ မင်းဆီက အထီးကို ငါ့ကိုပေး "

ယဲ့ဖန်က ဆက်ပြီး သူ့ခေါင်းကို ခါယမ်းနေသည်။

" ဒါက ပိုလို့တောင် မဖြစ်နိုင်ဘူး။ အထီးက အမထက် ပိုဈေးကြီးတယ် "

ဆံဝါဖြင့်လူက ဒေါသတကြီးနှင့် ပြောလေသည်။

" အထီးက အမထက် ဘာလို့ ဈေးကြီးရတာလဲ။ မင်းက လိင်ခွဲခြားသူလား "

ယဲ့ဖန်က အမြန်ရှင်းပြလေသည်။

" အဲ့တာက ကိစ္စမဟုတ်ဘူး။ အဓိကက ဒီအိမ်မြှောင်ရဲ့ ဖွဲ့စည်းပုံက ပိုရှုပ်ထွေးလို့ပါ။ ဒီထဲမှာ ကျောက်တစ်ခုရှိတယ်။ အဲ့တာကို သုံးဖို့ လူနှစ်ယောက်လိုတယ် "

သူတို့စကားပြောနေစဉ်တွင် ယဲ့ဖန်သည် အိတ်ကပ်ထဲမှ သံလိုက်နှင့်တူသော အရာဝတ္ထုတစ်ခုကို ထုတ်ကာ အခြားသူများအား သရုပ်ပြခဲ့သည်။

ဆံဝါသည် လုယက်ချင်စိတ်ကို ထိန်းထားခဲ့သည်။

" ဒီအထီးက အမထက် ဘယ်လောက် ဈေးကြီးတာလဲ "

ယဲ့ဖန်၏ မျက်လုံးများသည် သူတို့၏ ကြွယ်ဝမှုကို အကဲဖြတ်နေသကဲ့သို့ သူတို့ကို လှည့်ပတ်ကြည့်နေသည်။

နောက်ဆုံးတွင် ယဲ့ဖန်သည် လက်နှစ်ချောင်းကို မြှောက်လိုက်သည်။

" နောက်ထပ် ၂သောင်း "

ဆံဝါက ချက်ချင်း တခြားသူတွေကို လှည့်ကြည့်လိုက်သည်။

" ဘယ်သူမှာ ပိုက်ဆံရှိသေးလဲ "

ထိုလူများအားလုံးက ခေါင်းယမ်းကြသည်။

ဆံဝါက အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် လူတစ်ယောက်ကို ညွှန်လိုက်သည်။

" မြည်းအို၊ မင်းအဘိုး ဒီနေ့ ပင်စင်လစာက ယွမ် ၁သောင်း ထုတ်ပေးလာတာ မဟုတ်လား ။ ပိုက်ဆံ ဘယ်မှာလဲ "

ပိန်ပိန် ရှည်ရှည်ဖြင့် အမျိုးသားက ချက်ချင်း လက်ကို ဝှေ့ယမ်းလိုက်သည်။

" အစ်ကိုယောင်း၊ ဒီပိုက်ဆံတွေကို ထိလို့မရဘူး။ အဘိုးက ခြေထောက်တွေကို ရိုက်ချိုးလိမ့်မယ် "

ဆံဝါ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

" စောက်ပိုတွေ ကျော်လိုက်ကွာ။ ငါ ချေးတယ်ပဲ သဘောထားလိုက်။ နောက်ကျ ရတနာ ရှာတွေ့ရင် ၂သောင်း ပြန်ပေးမယ် "

အရပ်ရှည်ရှည် ပိန်ပိန်ဖြင့် ယောက်ျားသည် ဆံဝါ၏ အကြည့် စူးစူးကြောင့် ထိတ်လန့်သွားပြီး တခြားဘာမှ မပြောရဲတော့ပေ။

သူ့အိတ်ကပ်ထဲမှ အနီရောင် ငွေစက္ကူအထုပ်ကိုသာ ထုတ်ပေးလိုက်ရသည်။

" ကျွန်တော့်ကို ပြန်ပေးပါ ....... "

သူ့စကားမပြီးခင်မှာတင် ဆံဝါက ပိုက်ဆံကို လုယူသွားသည်။

ထို့နောက် သူသည် လှည့်ပြီး ယဲ့ဖန်ဆီကို လျှောက်သွားလေသည်။

" ၁သောင်းပဲ ရှိတယ် "

ယဲ့ဖန် တုံ့ဆိုင်းသွားသည်။

" ၁သောင်းက ......... "

ဆံဝါသည် ယဲ့ဖန်နှင့် စကားပြောဖို့ အချိန်မရှိချေ။

သူသည် အထီးသံလိုက်အိမ်မြှောင်နှင့် ဆွဲငင်ကျောက်ကို ယဲ့ဖန်လက်ထဲမှ လုယူကာ ပိုက်ဆံနှင့် အမသံလိုက်အိမ်မြှောင်ကို လက်ထဲသို့ ထည့်ပေးလိုက်သည်။

ထို့နောက် ဘာမှပြန်မပြောဘဲ လက်ပါးစေများနှင့်အတူ ထွက်သွားခဲ့သည်။

ကျူးရှောင်ကျောင်းသည် သူတို့၏ ကျောကို ကြည့်ပြီး အနည်းငယ် သနားသွားသည်။

" နင် မလွန်လွန်းဘူးလား။ လူတွေကို ဒီလို ထောင်ချောက်မဆင်သင့်ဘူး "

ယဲ့ဖန်သည် သူ့မျက်နှာပေါ်တွင် အပြစ်ကင်းစင်သော အကြည့်ဖြင့် ကြည့်နေသည်။

" မင်းလည်း မြင်တာပဲ သူတို့ကိုယ်တိုင်က တွင်းထဲကို ခုန်ချချင်တဲ့သူတွေလေ။ ငါမှ သူတို့ကို ခုန်မချခိုင်းတာ။ အဲ့တာ ဘာလို့ ငါ့ကို ဒေါသလာဖြစ်နေတာလဲ "

ကျူးရှောင်ကျောင်းသည် ကူကယ်ရာမဲ့သည်ဟု ခံစားလိုက်ရသည်။

ဆိုးတာ၊ မိုက်မဲတာ ကြောက်စရာမဟုတ်ဘူး။

ကြောက်စရာကောင်းတာက အရူးလုပ်ခံရတာပဲ။

အဲ့တာက တကယ်ကို မျှော်လင့်ချက်မဲ့မရှိဘူး။

အပိုင်း ( ၇၂၆ )

မြို့ပေါ်ကလူတွေက တကယ်ကို လိမ္မာပါးနပ်လွန်းတယ်။

ကွယ်ရာကို ရောက်ပြီးသည်နှင့် သံလိုက်အိမ်မြှောင်ကို ထုတ်လိုက်ပြန်သည်။

" ဒီတစ်ခါတော့ ဘာပြဿနာမှ မဖြစ်လောက်ဘူး မဟုတ်လား "

နောက်လိုက်များထဲမှ အနည်းငယ်သည် 'အထီးသံလိုက်အိမ်မြှောင်'ကို စိတ်အားထက်သန်စွာ ကြည့်နေပြီး ဒီတစ်ကြိမ်တွင် အောင်မြင်မည်ဟု မျှော်လင့်နေကြသည်။

ယဲ့ဖန်၏ ညွှန်ကြားချက်အရ လူတစ်ယောက်သည် ဆွဲငင်ကျောက်တုံးဖြင့် ရှေ့သို့ လျှောက်သွားရပြီး နောက်မှလူများသည် ရတနာရှာရန် ညွှန်ပြသည့် နေရာကို လိုက်ရန်ဖြစ်သည်။

ဆံဝါနှင့်လူက တွန့်ဆုတ်မနေတော့ချေ။

သူသည် ဆွဲငင်ကျောက်တုံးကို သူ့နောက်လိုက်လူတစ်ဦးဆီ ချက်ချင်း ပေးလိုက်ပြီးနောက် မျက်လုံးမှိတ်ကာ ဂါထာကို ထပ်မံ ရွတ်အော်လိုက်တော့သည်။

" နဂါးတွေဟာ ..... ရွှေရှာတယ်။ လေထန်နေတဲ့ တောင်တန်းတွေကို ကြည့်လိုက်တယ်။ ထောင်ချီတဲ့တံခါးတွေရှိနေရင် ...... အဲ့မှာနေနေတဲ့ မင်းသားလေးရှိရမယ် ..... ဟက်ချလောင်း "

သူ့မျက်လုံးကို ပြန်ဖွင့်ကြည့်လိုက်သည့်အခါ သံလိုက်အိမ်မြှောင်က အမှန်တကယ် တုံ့ပြန်နေသည်ကို တွေ့လိုက်ရသည်။

ညွှန်ပြတံက အဆက်မပြတ် တုန်ခါနေသည်။

" ဟားဟားဟား၊ တကယ် တုံ့ပြန်နေပြီ။ ငါတို့ ချမ်းသာပြီ။ သွားကြရအောင် "

ဆံဝါသည် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ အော်လိုက်ပြီး ညွှန်ပြတံနောက်သို့ လိုက်ရန် ပြင်တော့သည်။

အခြားလူများကလည်း အမြန် အနောက်မှ လိုက်လာကြပြီး သူတို့၏ မျက်နှာများတွင်လည်း စိတ်လှုပ်ရှားနေသည့် အမူအရာများ ပေါ်လာကြသည်။

" ဒါဆို တကယ်ကောင်းတယ်။ ဒီအထီးအိမ်မြှောင်က အမအိမ်မြှောင်ထက် ပိုစိတ်ချရတယ် "

" ဆွဲငင်ကျောက်ရဲ့ အကျိုးသက်ရောက်မှုက တကယ်ကို ကွာခြားတာပဲ "

" ရှေးဟောင်းပစ္စည်းတွေကို ရှာတွေ့ရင် ချက်ချင်း ချမ်းသာလာမှာပဲ။ အဲ့တာကို တွေးကြည့်ရုံနဲ့ စိတ်လှုပ်ရှားလာပြီ "

" ငါ့မှာ ပိုက်ဆံရှိရင် ပြိုင်ကားတစ်စီးဝယ်ပြီး အဲ့လို စောက်ရမ်းလှတဲ့ မိန်းမတစ်ယောက်နဲ့ ငြိပစ်မယ် ..... "

" တော်စမ်းပါ၊ အဲ့ဒီအဆင့်လောက်ရှိတဲ့ အလှလေးနဲ့ ငြိချင်ရင် ငွေရှိရုံနဲ့ မရဘူး။ မင်းမှာ ပိုက်ဆံတွေ အများကြီး ရှိရမှာကွ "

" ဒီအိမ်မြှောင်နဲ့ဆို ငါတို့ ပိုက်ဆံမရှိမှာကို ကြောက်စရာလိုသေးလို့လား "

" ဟုတ်တယ်။ ဒီရတနာနဲ့ ငါတို့အတွက် ပိုက်ဆံကို ကောက်ယူနေသလိုမျိုး ဖြစ်နေမှာပဲ ဟားဟားဟား ....... "

အနာဂတ်ရှိ သူတို့၏ လှပသောဘဝတွေကို မျှော်လင့်ရင်းတွင် ဆံဝါဖြင့်လူက ပြဿနာတစ်ခုကို သတိထားမိလိုက်သည်။

သံလိုက်အိမ်မြှောင်ပေါ်ရှိ ညွှန်ပြတံသည် အဆက်မပြတ် တုန်ခါနေပြီး နေရာတိုင်းကို ညွှန်ပြနေသည်။

ဘာဖြစ်လို့လဲ။

အတော်ကြာ တွေးပြီးသည့်နောက်တွင် ဆွဲငင်ကျောက်ကို ကိုင်ထားသောလူသည် ခြေမညီသူတစ်ယောက် ဖြစ်နေကြောင်း ရုတ်တရက် မှတ်မိလိုက်သည်။

ထို့ကြောင့် ထိုလူလှုပ်လိုက်တိုင်း ညွှန်ပြတံက အတော်လှုပ်နေသည်။

" မင်း ဒါလေးတောင် မလုပ်နိုင်ဘူးလား "

ဆံဝါသည် မထိန်းနိုင်ဘဲ ကျိန်ဆဲလိုက်တော့သည်။

" အစ်ကိုယောင်း၊ ကျွန်တော်လည်း မလုပ်ချင်ပေမယ့် ကျွန်တော်က ဒုက္ခိတမလို့ပါ "

ထို ခြေမသန်သူ ဒုက္ခိတသည် ချက်ချင်း သူ့ကို ညှိုးငယ်စွာ ကြည့်လိုက်သည်။

ဆံဝါသည် စကားမပြောနိုင် ဖြစ်သွားသည်။

သူသည် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် လူတစ်ယောက်ကို ချက်ချင်း လက်ပြလိုက်သည်။

" မြည်းအိုကြီး၊ လာ ဒီဆွဲငင်ကျောက်ကို ယူ "

မြည်းအိုက ချက်ချင်း သဘောတူလိုက်ပြီး သံလိုက်ကို ယူလိုက်သည်။

" အစ်ကိုယောင်း၊ ကျွန်တော်တို့ ဘယ်သွားမလို့လဲ "

ဆံဝါက သူ့ကို အရူးတစ်ယောက်လို ကြည့်နေသည်။

" ငါက ဘယ်လိုလုပ် သိမှာလဲ။ ငါတို့ သေချာပေါက် သံလိုက်အိမ်မြှောင်နောက်ကို လိုက်ရမှာပေါ့ "

မြည်းအိုကြီးက ခေါင်းကုတ်လိုက်သည်။

" ဒါဆို သံလိုက်အိမ်မြှောင်က ဘယ်သူနောက်ကို လိုက်မှာလဲ "

ဆံဝါက သူ့ကို စိုက်ကြည့်နေသည်။

" အဲ့တာ အဓိပ္ပာယ်မရှိဘူး မဟုတ်လား။ သံလိုက်အိမ်မြှောင်က ပုံမှန်ဆို ဆွဲငင်ကျောက်တုံးနောက်ကို လိုက်မှာပေါ့ "

မြည်းအိုကြီးဟု ခေါ်သူသည် နားထောင်လေလေ၊ ပိုရှုပ်လေလေဖြစ်သည်။

" ဒါဆို ကျောက်တုံးကရော ဘယ်သူနောက်က လိုက်မှာလဲ "

ထိုတစ်ယောက်၏ ဦးနှောက်မှာ တစ်ခုခုမှားနေသည်ဟု ဆံဝါက ခံစားလိုက်ရသည်။

" မင်း ရူးနေတာလား။ ဆွဲငင်ကျောက်တုံးက သေချာပေါက် မင်းလက်ထဲမှာ ရှိနေတာပဲလေ။ အဲ့တော့ မင်းနောက်ကို လိုက်မှာပေါ့ "

မြည်းအိုကြီးက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။

" ဒါဆို ကျွန်တော်က ဘယ်သူနောက်လိုက်ရမလဲ "

" မင်းက ငါနဲ့လိုက်ရမှာပေါ့။ မင်း ရူးနေတာလား "

ဆံဝါက စိတ်မရှည်စွာ အော်လိုက်သည်။

မြည်းအိုဟု ခေါ်သည့်ကောင်လေးက အတော်ကို စိတ်ရှုပ်နေသည်။

သူ ခေါင်းကို ပြင်းထန်စွာ ကုတ်လိုက်သည်။

" အစ်ကိုယောင်း၊ ဒီလို တွေးတာက မမှန်ဘူးလို့ ထင်တယ်။ ကြည့်လိုက်၊ အစ်ကိုက သံလိုက်အိမ်မြှောင်နောက်ကို လိုက်တယ်။ သံလိုက်အိမ်မြှောင်က ဆွဲငင်ကျောက်နောက်ကို လိုက်နေတယ်။ ဆွဲငင်ကျောက်က ကျွန်တော့်နောက်ကို လိုက်နေတယ်။ ကျွန်တော်က အစ်ကို့နောက်ကို လိုက်နေတယ် ...... ဒါက သံသရာလည်နေတဲ့ စက်ဝိုင်းတစ်ခုပဲ "

ရွှေရောင်သည် သူ့စကားကြောင့် အံ့အားသင့်သွားသည်။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် ပေါင်ကို ရိုက်ချလိုက်သည်။

" စောက်ကျိုးနည်း၊ ငါတို့ ထပ်ပြီး လှည့်စားခံလိုက်ရပြန်ပြီ "

အခြားသူများလည်း ဒေါသထွက်နေကြသည်။

" တစ်မျိုးကြီးဖြစ်နေတယ်လို့ ငါ မင်းတို့ကို ပြောခဲ့သားပဲ။ ဒါပေမယ့် မင်းတို့တစ်ယောက်မှ ငါ့စကားကို နားမထောင်ဘူးလေ "

" ဘယ်တုန်းက ပြောတာလဲ။ ချမ်းသာပြီးရင် ဘာဖြစ်မယ်ဆိုတာတွေ တွေးနေတာပဲ မဟုတ်ဘူးလား "

" ငါက ....… ဒီလို လွယ်လွယ်နဲ့ ချမ်းသာဖို့ဆိုတာ မလွယ်ဘူးဆိုပြီး မင်းတို့ကို သွယ်ဝိုက်ပြီး သတိပေးနေတာ။ မင်းတို့က ပြောတာ နားမလည်လိုက်တာ "

" သွားစမ်းပါ၊ စောက်ကြီးစောက်ကျယ်နဲ့ "

" မြို့ကလူတွေက ပါးနပ်လွန်းတယ် "

" ဘယ်လောက်တောင် စက်ဆုပ်စရာကောင်းလဲ။ ငါတို့က သူ့ကို ငါတို့ပိုက်ဆံတွေ အကုန်ပေးခဲ့ရတာ။ သူက ငါတို့ကို ဒီလို တကယ်ကြီး လိမ်သွားခဲ့တာလား "

" အဲ့ဒီ ယွမ် ၁သောင်းက ငါ့အဖိုးရဲ့ ပင်စင်လခကြီး။ ငါ ပြန်မရရင် ငါ့အဖိုးက ငါ့ကို အသေရိုက်လိမ့်မယ် ....... "

လက်အောက်ငယ်သားတွေ၏ ဆွေးနွေးသံကို နားထောင်ရင်း ဆံဝါလည်း အတော်လေး ဒေါသထွက်လာသည်။

သူ၏ ဂုဏ်သိက္ခာသည် ဒီနေ့တွင် လုံးဝ ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။

ထိုဒေါသကို မပေါက်ကွဲထွက်ပါက နောင်တွင် ဒီလက်အောက်ငယ်သားများရှေ့တွင် ဂုဏ်ရှိရှိနေနိုင်မည် မဟုတ်ချေ။

" အဲ့ကောင်ကို သွားရှာလာခဲ့။ သူက ငါတို့နဲ့ ကစားရဲမှတော့ ငါတို့က ဒီနေ့ သူ့ကို ပြန်ပေးဆပ်ခိုင်းမယ် "

သူ့အမိန့်ကို လိုက်နာပြီး အားလုံးက ယဲ့ဖန်တို့ကို ရှာရန် ချက်ချင်း လူစုခွဲလိုက်ကြသည်။

...............................

ယဲ့ဖန်သည် လက်ရှိအချိန်တွင် မိသားစုတစ်ခုနှင့် ဈေးညှိနှိုင်းနေလေသည်။

ထိုမိသားစုတွင် တရားဝင် ကုလားထိုင်တစ်စုံရှိသည်။

အတွင်းကျကျ စစ်ဆေးခြင်းအရ ထိုထိုင်ခုံတို့သည် ယွမ် ၁သိန်းကျော် တန်ဖိုးရှိလေသည်။

ထိုမိသားစုသည် သူတို့နှစ်ဦး လမ်းတစ်လျှောက်၌ ရှေးဟောင်းပစ္စည်းများ ဝယ်နေသည်ဆိုသည့်သတင်းကို ကြားထားပြီးဖြစ်၍ စလာကတည်းက ၁သိန်းဖြင့် ဈေးခေါ်လေသည်။

ယဲ့ဖန် သူတို့ကို ဘယ်လောက်ပင် ဆွဲဆောင်ဖို့ ကြိုးစားပါစေ စျေးလျှော့ဖို့ကို ငြင်းဆန်နေခဲ့ကြသည်။

ယဲ့ဖန်သည် တရားဝင် ကုလားထိုင်ကို ငုံ့ကြည့်ပြီးနောက် သာမန်ကာလျှံကာဖြင့် ထောင့်ရှိ ကော်ဖီစားပွဲကို ကြည့်လိုက်သည်။

" ယွမ် ၁သိန်းဆိုလည်း ကောင်းပြီ။ ဒါပေမဲ့ ဒီကော်ဖီစားပွဲကိုလည်း ပေးပါ "

ပိုင်ရှင်က ချက်ချင်း စိတ်မချမ်းမသာ ဖြစ်သွားသည်။

" ဒီကော်ဖီစားပွဲက ငါ့ဘိုးဘေးတွေဆီက လက်ဆင့်ကမ်းလာတာ။ ဒါပါယူချင်ရင် ပိုပေးရမယ်။ စုစုပေါင်း အနည်းဆုံး ယွမ် ၁သိန်းခွဲ ပေးရမယ် "

ယဲ့ဖန်လည်း အနည်းငယ် ဒေါသထွက်သွားသည်။

" ကျွန်တော်က အများဆုံး ၁သိန်းပဲ ပေးနိုင်တယ်။ သဘောတူရင် ကုလားထိုင်နဲ့ လက်ဖက်ရည် စားပွဲကို ယူမယ်။ သဘောမတူရင် ထွက်သွားမယ် "

ပိုင်ရှင်သည် အလွန်ယုံကြည်မှုရှိနေပြီး ချက်ချင်း လှောင်ပြောင်လိုက်သည်။

" မင်း သွားချင်ရင်လည်း မင်းကို မတားဘူး။ ဒါပေမယ့် မင်း ပြန်လာရင်တော့ ယွမ် ၁သိန်းခွဲနဲ့ ရမှာတော့ မဟုတ်ဘူး "

ထိုလူက မတုန်မလှုပ်ဖြစ်နေသည်ကို ယဲ့ဖန် မြင်လိုက်ရသည်။

သူ ခေါင်းကိုက်နေချိန်တွင် ဆံဝါတို့အုပ်စုမှ တုတ်တွေကိုင်ပြီး လမ်းလျှောက်လာသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

အကြံတစ်ခုရပြီး ထိုအမျိုးသားပိုင်ရှင်ဆီ ချက်ချင်း လှည့်ကြည့်လိုက်သည်။

" အဲ့ဒီလူတွေကို တွေ့လား။ ခင်ဗျားအိမ်မှာ ရှေးဟောင်းပစ္စည်း ရှိတယ်ဆိုတာ သူတို့ သိထားတာဖြစ်မယ်။ အဲ့လိုဆို သူတို့က ခင်ဗျားဆီကို လုယက်ဖို့ လာတာ "

ပိုင်ရှင်အမျိုးသား၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

သေချာပေါက် ထိုလူတွေကို သူသိလေသည်။

ထိုလူများသည် ကြက်တွေ၊ ခွေးတွေကို ခိုးပြီး ရာဇ၀တ်မှု မျိုးစုံကို ကျူးလွန်ခဲ့ဖူးကြောင်း သူ သိထားသည်။

သူတို့သည် ရဲစခန်းသို့ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရောက်ဖူးကြသည်။

အကယ်၍ ထိုလူများသည် သူ၏ ရှေးဟောင်းပစ္စည်းများကို လိုချင်နေသည်ဆိုလျှင် သူ ထိုပစ္စည်းများကို ကာကွယ်နိုင်မှာ မဟုတ်ချေ။

" ကောင်းပြီ ငါသဘောတူတယ်။ ၁သိန်းပဲ။ ကုလားထိုင်နဲ့ ကော်ဖီစားပွဲကို ယူသွားလို့ရတယ် "

သူသည် ယဲ့ဖန်ဆီသို့ အမြန်လှည့်လိုက်ပြီး ပြောကာ သူ့အသံကမှာ အလွန်အလောတကြီး ဖြစ်နေပုံရသည်။

ယဲ့ဖန်က အလျင်လိုခြင်း မရှိပေ။

သူသည် လက်ငါးချောင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

" ၅သောင်းပဲ ပေးမယ် "

အခြေအနေကို အခွင့်ကောင်းယူနေသည့် ယဲ့ဖန်အား ပိုင်ရှင်မှ ကြည့်ကာ မုန်းတီးစွာဖြင့် အံကြိတ်လိုက်သည်။

" ခုနက ၁သိန်းလို့ မင်းပဲ ပြောတာ မဟုတ်ဘူးလား။ မင်း စကားပြန်ပြောင်းနေတာလား "

ဘေးမှာရပ်နေသည့် ကျူးရှောင်ကျောင်းပင် သည်းမခံနိုင်တော့ချေ။

ဒီတစ်ယောက်မှာ မီးလောင်တုန်း လေဘယ်လိုတိုက်ရမလဲဆိုတ သေချာသိလေသည်။ သူသည် အမြတ်ကြီးစားသူ ဖြစ်လေသည်။

ယဲ့ဖန်သည် ထိုနေရာတွင်သာ ငြိမ်သက်စွာ ရပ်နေသည်။

" ခုနက ခုနပဲ၊ အခုက အခု။ ၅သောင်းပဲ ပေးလို့ရတယ်။ သဘောမတူရင် မေ့လိုက် "

ထိုသို့ဖြင့် ယဲ့ဖန်မှ လှည့်ထွက်သွားရန် ပြင်သည်။

ပိုင်ရှင်အမျိုးသားသည် သူ့ကို အမြန်ပြန်ဆွဲထားလိုက်သည်။

" ငါ့ကို နောက်ထပ် ပိုပေးပါဦး။ ၅သောင်းက အရမ်းနည်းလွန်းတယ် "

သို့သော် ယဲ့ဖန်၏ သဘောထားက ခိုင်မာလေသည်။

" အများဆုံး ၅သောင်းပဲ ပေးလို့ရမယ်။ မရောင်းချင်ဘူးဆိုရင် သူတို့ လုယူတာကို စောင့်နေလိုက်တော့ "

ပိုင်ရှင်သည် ရွှေရောင်ဆံပင်နှင့် နီးကပ်လာသော သူ့နောက်လိုက်များကို တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် အံကြိတ်ကာ ပြောလိုက်သည်။

" ကောင်းပြီ၊ ၅သောင်းဆိုလည်း။ ငါ့ကို ပိုက်ဆံမြန်မြန်ပေး၊ မြန်မြန် "

ယဲ့ဖန်သည် သူ့ဖုန်းကို ထုတ်လိုက်ပြီး ယွမ် ၅သောင်းကို အေးအေးဆေးဆေး လွှဲပေးလိုက်သည်။

အကောင့်ထဲသို့ ငွေဝင်လာသောအခါမှ ပိုင်ရှင်က သက်ပြင်းချလိုက်သည်။

" အဲ့တာတွေက မင်းအပိုင် ဖြစ်သွားပြီ။ သူတို့က သိမ်းသွားရင် ငါနဲ့ ဘာမှမဆိုင်ဘူး "

ထိုသို့ဖြင့် ကုလားထိုင်နှင့် ကော်ဖီစားပွဲကို အမြန်ထုတ်ပြီး တံခါးကို ပိတ်လိုက်တော့သည်။

အပိုင်း ( ၇၂၇ )

ငါတို့ကို အရူးတွေလို့ ထင်နေတာလား။

ယဲ့ဖန် မနေနိုင်ဘဲ ပြုံးလိုက်သည်။

အမှန်တွင် သူသည် ထိုထိုင်ခုံများကို မလိုချင်ပေ။

ထိုတရားဝင်ထိုင်ခုံများသည် အရည်အသွေးမြင့် ရှေးဟောင်းထုတ်ကုန်များဟု ယူဆနိုင်သော်လည်း ထိုလက်ဖက်ရည်စားပွဲနှင့် နှိုင်းယှဉ်ပါက ထိုထိုင်ခုံများသည် ပုပ်နေသော သစ်သားတုံးများသာဖြစ်သည်။

ထိုလက်ဖက်ရည်စားပွဲကို မင်မင်းဆက်တွင် အဝါရောင်နှင်းဆီသစ်သားဖြင့် ပြုလုပ်ထားသည်။

ထိုစားပွဲတွင် ကောင်းမွန်သော နောက်ခံရှိပြီး အနည်းဆုံး ယွမ် ၅သန်းမှ ၆ သန်းအထိ တန်ဖိုးရှိသည်။

ဤရှေးဟောင်းမြို့သည် ရတနာသိုက်တစ်ခုလိုပင် ဖြစ်သည်။

ရှေးဟောင်းပစ္စည်းကုန်သည်များ အကြိမ်များစွာ လာရောက် သိမ်းခြင်းကိုခံခဲ့ရသော်လည်း အဖိုးမဖြတ်နိုင်သော ရတနာများစွာ ကျန်ရှိနေပါသေးသည်။

အထူးသဖြင့် အတွင်းကျကျစစ်ဆေးခြင်း လုပ်ဆောင်ချက်၏ အကူအညီဖြင့် အရည်အသွေးမြင့်ပစ္စည်းတိုင်းက သူ့မျက်လုံးအောက်မှာ ရှိနေသည်။

ရှာဖွေပြီးသည့်နောက် စုစုပေါင်းတန်ဖိုးမှာ သန်း ၁၀၀ကျော်နေပြီဖြစ်ပြီး ရှာဖွေခြင်း၏ တစ်ဝက်ခန့်သာ ရှိသေးသည်။

ဤရှေးဟောင်းမြို့သို့ ခရီးစဉ်သည် အသီးနှံအထွက်ကောင်းသည်ဟု ဆိုနိုင်သည်။

ထိုအချိန်တွင် ဆံဝါနှင့်လူသည် သူ့ဂိုဏ်းသားများနှင့်အတူ လမ်းလျှောက်လာနေပြီဖြစ်သည်။

သူတို့၏ မျက်နှာများထက်တွင် လူသတ်ချင်နေသည့် အကြည့်များ ရှိနေသည်။

" ခွေးသား၊ မင်း ငါတို့ကို လိမ်ခဲ့တာလား "

ဆံဝါဖြင့်ယောက်ျားသည် ယဲ့ဖန်ကို စိုက်ကြည့်နေရင်း လက်ထဲတွင် သံတုတ်ကို ကိုင်ထားသည်။

ယဲ့ဖန်က သူ့ကို အပြစ်ကင်းစွာ ကြည့်နေသည်။

" ကျွန်တော် ခင်ဗျားကို ဘယ်လိုလိမ်ခဲ့လို့လဲ "

ဆံဝါသည် သံလိုက်အိမ်မြှောင်ကို ထုတ်လိုက်သည်။

" မင်း ငြင်းရဲသေးတာလား။ ဒီသံလိုက်အိမ်မြှောင်နဲ့ ဘာရှေးဟောင်းပစ္စည်းကိုမှ ရှာမတွေ့ဘူး "

ယဲ့ဖန် သူတို့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

" ဒီသံလိုက်အိမ်မြှောင်နဲ့က ရှေးဟောင်းပစ္စည်းတွေကို ရှာနိုင်တယ်လို့ ကျွန်တော် ဘယ်တုန်းက ပြောလိုက်တာလဲ "

ဆံဝါသည် ထိုစကားကို ကြားသောအခါ ဒေါသတကြီးနှင့် ပြောလေသည်။

" ခွေးသား၊ မင်း ငါတို့ကို ကစားနေတာလား "

ယဲ့ဖန်က ကူကယ်ရာမဲ့စွာဖြင့် ပုခုံးတွန့်လိုက်သည်။

" မဟုတ်သေးပါဘူး၊ ခုနက ကျွန်တော် ခင်ဗျားတို့ကို သေချာ ပြောထားပြီးသားပါ။ ဒီသံလိုက်အိမ်မြှောင်ကို အွန်လိုင်းကနေ ဆယ်ယွမ်ကျော်နဲ့ ဝယ်ထားတာပါလို့။ ခင်ဗျားပဲ ကျွန်တော့်ဆီကနေ ယွမ်၂သောင်းနဲ့ ဝယ်ဖို့ တွန်းအားပေးခဲ့တာလေ။ ကျွန်တော့်မှာ ရွေးချယ်စရာမရှိခဲ့ဘူး "

ယဲ့ဖန်စကားကြောင့် ထိုလူအနည်းငယ်မှာ သွေးအန်လုမတတ် ဖြစ်သွားကြသည်။

ထိုအချိန်တုန်းက သံလိုက်အိမ်မြှောင်အား လုယူမည်ကို စိုးရိမ်သောကြောင့် ထိုကဲ့သို့ ပြောခဲ့သည်ဟု သူတို့ထင်ခဲ့ကြသည်။

ဒီကောင်လေး ပြောခဲ့သည်တွေမှာ အမှန်တွေဆိုတာ မည်သူ သိခဲ့မည်နည်း။

ဆံဝါဖြင့်ယောက်ျားသည် သူ့ဉာဏ်ရည်ဉာဏ်သွေးကို စော်ကားခံလိုက်ရသည်ဟု ခံစားလိုက်ရကာ 'သံလိုက်အိမ်မြှောင်အထီး' ကို ချက်ချင်း အပိုင်းပိုင်း ခွဲပစ်လိုက်သည်။

" ခွေးသား၊ ငါတို့ကို အရူးတွေလို့ မင်း ထင်နေလား။ ငါ မင်းကို တကယ့်အရူးဖြစ်အောင် ပြောင်းပေးမယ်ဆို မင်းယုံလား "

သူ့နောက်ရှိ လူများကလည်း ယဲ့ဖန်တို့ကို ကြောက်လန့်စေရန် သတ္တုချောင်းများကို ဝှေ့ယမ်းလိုက်ကြသည်။

ကျူးရှောင်ကျောင်းက အဲ့တာတွေကို ဂရုမစိုက်ချေ။

သူမသည် ယဲ့ဖန်၏နောက်သို့ လိုက်ခဲ့ပြီး ချောင်ရှင်းဂိုဏ်းမှ လူရာပေါင်းများစွာကို တိုက်ခိုက်နေသည့် မြင်ကွင်းကို ကြုံတွေ့ခဲ့ရသည်။

ဤကဲ့သို့ သေးငယ်သည့် ရန်ပွဲလောက်ကို သူမ လုံးဝ ဂရုမစိုက်ချေ။

သို့သော် ယဲ့ဖန်ကတော့ သူ၏ သရုပ်ဆောင်မှုအပေါ် စွဲလမ်းနေသေးသည်။ ထို့ကြောင့် ဆက်ပြီး ပြောလေသည်။

" ညီအစ်ကိုတို့၊ စိတ်မဆိုးကြပါနဲ့။ အနည်းဆုံးအနေနဲ့ ခင်ဗျားပိုက်ဆံကို ကျွန်တော် ပြန်ပေးပါ့မယ်။ ခင်ဗျား ကျွန်တော်တို့ကို လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် "

အရှုံးဝန်ခံသံကို ကြားပြီးသောအခါ ဆံဝါ၏ အမူအရာမှာ အနည်းငယ်ပျော့သွားသည်။

" မင်းကို လွှတ်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ပိုက်ဆံပြန်ပေးရုံနဲ့လည်း မလုံလောက်ဘူး "

ယဲ့ဖန်၏ အမူအရာ ပြောင်းသွားသည်။

" ဒါဆို ခင်ဗျားက ဘာလိုချင်သေးတာလဲ "

ဆံဝါဖြင့်လူသည် သူတို့နှစ်ဦးနောက်ရှိ တရားဝင်ထိုင်ခုံကို တစ်ချက်ကြည့်လိုက်ပြီး လောဘကြီးသောအမူအရာကို ချက်ချင်းထုတ်ဖော်လိုက်သည်။

" ဒီနေ့ မင်း ပစ္စည်းကောင်းတာတွေ အများကြီး ရထားပုံရတယ်။ မင်း ငါတို့ကို အနည်းဆုံး တစ်ဝက်ပေးရမယ် "

ယဲ့ဖန်က စိတ်မချမ်းမသာ ဖြစ်သွားသည်။

" ဒါတွေအတွက် ကျွန်တော်တို့ ပေးခဲ့ရတာ။ ခင်ဗျားတို့ ဘာမှမလုပ်ဘူးလေ။ အဲ့တာကို ဘာလို့ ခင်ဗျားတို့ကို တစ်ဝက်ပေးရမှာလဲ "

ဆံဝါဖြင့် ယောက်ျားသည် သူ့မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။

" ဘာလို့လဲဆိုတော့ ငါက ရှေးဟောင်းမြို့ရဲ့ သူဌေးပဲ။ မင်း ရှေးဟောင်းမြို့ကို လာပြီး ရှေးဟောင်းပစ္စည်း စုဆောင်းတဲ့အတွက် မင်းငါ့ကို အခကြေးငွေ ပေးရမယ်။ အဲ့တော့ ပြဿနာရှိလား "

ယဲ့ဖန်က သူတို့ကို ဒေါသတကြီး စိုက်ကြည့်နေသည်။

" ဒါက လုယက်မှုပဲ "

ဆံဝါသည် မောက်မာစွာဖြင့် လျှောက်လာသည်။

" ဒီနေ့ မင်းဆီက လုမယ်။ ဘာဖြစ်လဲ "

ယဲ့ဖန်မှ 'ကြောက်သည့်ပုံစံ'ဖြင့် ခြေလှမ်း နှစ်လှမ်းဆုတ်လိုက်သည်။

" မလွန်လာနဲ့။ ကျွန်တော့်အစ်ကိုကြီးက ချောင်ရှင်းဂိုဏ်းရဲ့ အစ်ကိုကြီးဟူနောက်ကို လိုက်နေတာ။ ပစ္စည်းတွေကို လုရဲရင် ခင်ဗျားသေပြီပဲ "

ဆံဝါသည် အံ့အားသင့်သွားသည်။

" မင်းအစ်ကိုကြီး အစ်ကိုဟူ နောက်လိုက်နေတာလား။ မင်းအစ်ကိုကြီးနာမည် ဘယ်လိုခေါ်လဲ "

ယဲ့ဖန်သည် စကားမပြောနိုင် ဖြစ်သွားသည်။

သူက ကျူးရှောင်ကျောင်းဘက်သို့ လှည့်လိုက်သည်။

" အစ်ကိုကြီးနာမည် ဘယ်လိုခေါ်လဲ "

ကျူးရှောင်ကျောင်းကလည်း သူနဲ့အတူ လိုက်သရုပ်ဆောင်ပေးရတော့သည်။

" အင်း...သူ့ကို ယဲ့ဖင်တုလို့ ခေါ်တယ်။ ဟုတ်တယ်မလား "

ယဲ့ဖန် ဒေါသထွက်သွားသည်။ ဒီကောင်မလေးက သူ့ကို စော်ကားဖို့ အခွင့်အရေးယူခဲ့လေသည်။

သို့သော် အခုချိန်တွင် သူမကို ပညာ မပေးနိုင်သေးချေ။

ထို့နောက် ဆံဝါကို လှည့်ကြည့်လိုက်သည်။

" ဟုတ်တယ် အစ်ကိုကြီး နာမည်က ယဲ့ဖင်တုပဲ။ ခင်ဗျား လာထိရင် အစ်ကိုကြီးက ခွင့်လွှတ်မှာ မဟုတ်ဘူး "

ဆံဝါနှင့် တခြားသူများသည် ယဲ့ဖန်မှ သူ့အစ်ကိုကြီး နာမည်ကိုပင် မသိဘဲ တခြားတစ်ယောက်အား မေးနေရသည်ကို တွေ့လိုက်ရသည်။

သူသည် လိမ်ဆင်လုပ်နေသည်မှာ ထင်ရှားနေလေသည်။

" ဟားဟား၊ ယဲ့ဖင်တုတဲ့လား။ ငါ့အစ်ကိုကြီးကလည်း အစ်ကိုကြီးဟူ လက်အောက်မှာပဲ။ ချောင်ရှင်းမှာ ဒီလိုနာမည်နဲ့ လူတစ်ယောက်အကြောင်းကို ငါဘာလို့ မကြားဖူးရတာလဲ။ မင်း ငါ့ကိုလိမ်နေတာလား "

ဆံဝါသည် ဘယ်လက်ဖြင့် သံတုတ်ကို ထိလိုက်သည်။

ယဲ့ဖန် မတတ်နိုင်ဘဲ သက်ပြင်းချနိုင်သည်။

" ကျွန်တော် တကယ် ဒုက္ခမပေးချင်ဘူး။ ခင်ဗျား ကျွန်တော့်ကို မနှောင့်ယှက်တာ ပိုကောင်းမယ်။ မဟုတ်ရင် အကျိုးဆက်က အရမ်းပြင်းထန်လိမ့်မယ် "

ဆံဝါက သူ့ခြိမ်းခြောက်မှုကို ကြားပြီး ချက်ချင်း လန့်သွားပုံ လုပ်လိုက်သည်။

" အိုး၊ မင်း ငါ့ကို ကြောက်အောင်လုပ်ဖို့ ကြိုးစားနေတာလား။ ဒီနေ့ မင်းကို ပြဿနာရှာချင်တယ်။ အဲ့တော့ မင်းငါ့ကို ဘာလို့ လာမကိုက်တာလဲ "

သူသည် ပြောပြီးသည်နှင့် သူ့နောက်မှ လူများကို ချက်ချင်း လက်ပြလိုက်သည်။

" သူ့ကုလားထိုင်နှစ်လုံးကို ရိုက်ချိုးပြီး အစ်ကိုယောင်းရဲ့ စွမ်းအားက ဘာလဲဆိုတာ သိအောင် ပြောပြလိုက် "

ထိုလူများက ဘာမှ မပြောချေ။

သူတို့လက်ထဲမှ တုတ်များကို ချက်ချင်းဝှေ့ယမ်းပြီး ရှေ့သို့ ပြေးသွားကြသည်။

အပိုင်း ( ၇၂၈ )

နောက်ဆုံးတော့ ဆရာကြီးနဲ့တွေ့ပြီ။

ယဲ့ဖန်သည် ထိုလူယုတ်မာတွေကို သူ့မျက်လုံးထဲပင် မထည့်ချေ။

ယဲ့ဖန်သည် သူတို့ကို လှည့်စားနေခဲ့တာဖြသ်သည်။

ထိုလူများက လက်နက်တွေဖြင့် တဟုန်ထိုး ပြေးလာနေကြသည်ကို ယဲ့ဖန် မြင်လိုက်ပြီး ချက်ချင်း ထိုက်ကျီလက်သီးကွက်ဖြင့် စတင် တိုက်ခိုက်လေသည်။

သူ၏ အဓိကလေ့ကျင့်မှုမှာ လေချွမ်လက်သီးသိုင်းကွက် ဖြစ်သော်လည်း လက်သီးထိုးနည်း အကွက်များသည် လွယ်ကူစွာ ကျွမ်းကျင်နိုင်သောအရာဖြစ်သည်။

ထို့ကြောင့် သူသည် ထိုက်ကျီလက်သီးထိုးနည်းကိုလည်း ကျွမ်းကျင်လာခဲ့သည်။

သူသည် ချန်းမိသားစု၏ ထိုက်ကျီလက်သီးကွက်ဖြစ်သော ကပ်ခြင်း၊ ကပ်ခြင်း၊ ချိတ်ဆက်ခြင်းနှင့် နောက်လိုက်ခြင်းတို့ပါသည့် အကွက်များကို အသုံးပြုနေသည်။

ထိုနည်းအကွက်များကို အသုံးပြုပြီး ဤကဲ့သို့ လမ်းဘေးလူမိုက်များကို တိုက်ခိုက်သောအခါ သူတို့အား ကစားနေသည့်ပုံ ပေါက်သွားသည်။

သူတို့သည် ယဲ့ဖန်အား လုံးဝ ထိခိုက်အောင် မလုပ်နိုင်ကြချေ။

ကျူးရှောင်ကျောင်း ယဲ့ဖန်၏ ပျော့ပျောင်းသော ကိုယ်ဟန်အနေအထားကို ကြည့်ပြီး ချက်ချင်း သဘောကျမှင်သက်သွားသည်။

သူမက လက်ခုပ်တီးပြီး အားပေးလေသည်။

" ယဲ့ဖန်၊ ငါလည်း သင်ချင်တယ်။ နောက်ကျ နင့်မှာ အချိန်ရရင် ငါ့ကို သင်ပေးရမယ် "

သူ၏ လက်အောက်ငယ်သားများမှာ ကစားခံနေသည်ကို ဆံဝါက မြင်သောအခါ အစက ဒေါသထွက်ရုံမျှသာ ဖြစ်ခဲ့သည်။

သို့သော် သူမ၏ အော်ဟစ်သံကို ကြားလိုက်ပြီးသောအခါ သူသည် ချက်ချင်း ဒေါသတကြီးနှင့် သံတုတ်ကို ဆွဲရိုက်လိုက်သည်။

ယဲ့ဖန်သည် ရက်စက်စွာ တိုက်ခိုက်ရန် မကြံစည်ထားခဲ့ပေ။

သူသည် သူတို့ကို သင်ခန်းစာတစ်ခု ပေးပြီး သူတို့ကို နောက်ဆုတ်စေချင်တာ ဖြစ်သည်။

သို့သော် ထိုဆံပင်အဝါဖြင့်ယောက်ျားသည် အားနည်းသော အမျိုးသမီးတစ်ယောက်ကို တိုက်ခိုက်သည်အထိ စက်ဆုပ်ရွံရှာဖွယ်ကောင်းနေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ယဲ့ဖန်မျက်လုံးထဲတွင် လူသတ်လိုသည့် အကြည့်တစ်ချက် ပေါ်လာသည်။

သူ၏ မူလက ပျော့ပျောင်းသည့် လှုပ်ရှားမှုတွေမှာ ချက်ချင်း ပြောင်းလဲသွားသည်။

သူ၏ လက်သီးချက်များမှာ လျှပ်စီးလက်သလို မြန်ဆန်စွာ ထွက်လာပြီး ထိုလူတွေကို ပျံလွင့်သွားစေခဲ့သည်။ရ

ထို့နောက် ကျူးရှောင်ကျောင်းရှေ့သို့ အပြေးအလွှား သွားလိုက်သည်။

ထိုအခိုက်တွင် ဆံဝါ၏ သံတုတ်သည် ရိုက်လိုက်ပြီဖြစ်ပြီး အလွန်အားပြင်းလှသည်။

ယဲ့ဖန် အခု ရှောင်ထွက်လိုက်လျှင် သူ့နောက်မှ ကျူးရှောင်ကျောင်းကို သေချာပေါက် ထိသွားပေလိမ့်မည်။

ထို့ကြောင့် ယဲ့ဖန် သူ့ညာဖက်လက်နှင့် သံတုတ်ကို ကိုင်တားလိုက်ဖို့ကလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။

ကြီးမားသော ရိုက်ခံရမှုကြောင့် သူ၏ ညာလက် နာကျင်သွားခဲ့သည်။

သို့သော် သူ၏ လှုပ်ရှားမှုများသည် လုံးဝ နှေးကွေးမသွားခဲ့ချေ။

သံတုတ်ကို ကိုင်မိပြီးသည်နှင့် ချက်ချင်း ရှေ့ကို ဆွဲယူလိုက်သည်။

ဆံဝါကောင်သည် တုတ်ကို မထိန်းနိုင်တော့ဘဲ လွှတ်ပေးလိုက်ရသည်။

ယဲ့ဖန်သည် သူ့လက်ထဲမှ သံတုတ်ကိုကိုင်ပြီး ခေါင်းကို ရိုက်လိုက်သည်။

ပေါက်ကွဲသံနှင့်အတူ ဆံဝါ၏ ခေါင်းမှ သွေးများ ချက်ချင်း စီးကျလာသည်။

" အား ......... "

ဆံဝါက အော်ဟစ်ပြီး နောက်ပြန်ဆုတ်ကာ ခေါင်းကို အမြန် အုပ်ထားလိုက်သည်။

သို့သော် ယဲ့ဖန်က လက်မလျှော့ခဲ့ချေ။ ဆံဝါကို သံတုတ်ဖြင့် လိုက်ရိုက်သောကြောင့် နာကျင်စွာ အော်ဟစ်နေသံ ပေါ်လာသည်။

တခြားသူတွေလည်း ဒဏ်ရာရထားကြသည်။

သူတို့အားလုံးသည် ယဲ့ဖန်ကို ကြောင်အစွာ ကြည့်နေကြပြီး ဘယ်သူမှ သူ့ကို မတားရဲကြချေ။

" မလုပ် ..... မတိုက်ပါနဲ့တော့ .... ရပ်လိုက်ပါ .. "

ဆံဝါသည် မြေပြင်ပေါ်သို့ လဲကျသွားသည်။

ယဲ့ဖန်မှ သံတုတ်ဖြင့် ဆက်ရိုက်တော့မည်ကို မြင်လိုက်ရပြီး တားရန် အမြန် လှမ်းပြောလိုက်သည်။

ယဲ့ဖန်က သူ့ရင်ဘတ်ကို တက်နင်းလိုက်သည်။

" မင်း အခုပဲ မာနကြီးနေတာ မဟုတ်ဘူးလား။ ပိုက်ဆံပြန်ပေးမယ်လို့ ကတိပေးထားပြီးသားလေ။ ဘာလို့ အတင်းအကြပ် လုပ်ခိုင်းသေးလဲ "

ဆံဝါသည် အသိစိတ်မရှိလောက်အောင် အရိုက်ခံရသည်။

သူသည် ရှိုက်ငင်နေသော လေသံဖြင်က တောင်းပန်လေသည်။

" ကျွန်တော် မျက်မမြင်ဖြစ်ခဲ့တာပါ။ အစ်ကိုကြီး ဘယ်လောက် တန်ခိုးကြီးမှန်း မသိခဲ့ပါဘူး။ ကျေးဇူးပြုပြီး အသက်ကို ချမ်းသာပေးပါ။ ထပ်ပြီး မလုပ်ရဲတော့ပါဘူး ...... "

ယဲ့ဖန်က သူ့ခေါင်းကို သံတုတ်နှင့် ခေါက်လိုက်သည်။

" ငါ မင်းကို ချမ်းသာပေးလိုက်မယ်။ ဒါပေမယ့် မင်း ငါ့ကို ဒုက္ခထပ်ပေးဦးမှာလား "

ဆံဝါက အမြန် ခေါင်းခါလိုက်သည်။

" မလုပ်ရဲပါဘူး၊ မလုပ်ရဲပါဘူး။ ဒုက္ခထပ်မပေးရဲတော့ပါဘူး။ မဟုတ်ရင် အသေကောင်းနဲ့ သေမှာ မဟုတ်ဘူး "

ထိုအချိန်တွင် ကျူးရှောင်ကျောင်းလည်း လမ်းလျှောက်လာခဲ့သည်။

" ယဲ့ဖန်၊ ဒီတစ်ခါတော့ သူ့ကို လွှတ်ပေးလိုက်ပါ။ ငါတို့ကိစ္စ မပြီးသေးဘူး။ ဒီလိုလူတွေနဲ့ အချိန်ဖြုန်းနေစရာ မလိုဘူး "

ယဲ့ဖန်သည် သူမပြောသောစကားသည် အဓိပ္ပာယ်ရှိသည်ဟု ခံစားမိသည်။

သူသည် ဆံဝါ၏ တင်ပါးကို ထပ်ကန်လိုက်သည်။

" ဒီတစ်ခါတော့ မင်းကို လွှတ်ပေးလိုက်မယ်။ မင်းငါ့ကို ဒုက္ခထပ်ပေးရဲတဲ့ သတ္တိရှိရင် ငါ မင်းကို သင်ခန်းစာပေးမယ် "

ဆံဝါက ဆက်ပြီး မနေရဲတော့ချေ။

သူ ချက်ချင်း လူးလဲတွားသွားပြီး ပြေးသွားသည်။

သူ့လက်အောက်ငယ်သားများလည်း ထိတ်လန့်တကြား ထွက်ပြေးကြသည်။

ယဲ့ဖန်က သူတို့ကို ကြည့်ဖို့တောင် စိတ်မ၀င်စားချေ။

သူသည် ကျူးရှောင်ကျောင်းနှင့်အတူ ပစ္စည်းများကို ဆက်ရွေ့ခဲ့သည်။

....................................

ဆံဝါနှင့် သူ့ဂိုဏ်းသားများသည် ပြေးသွားခဲ့ပြီးနောက်မှ ရပ်လိုက်သည်။

" အမလေး၊ ဒီကောင်လေးက ရက်စက်လွန်းတယ်။ ငါတို့ထဲက ခုနစ်ယောက် ရှစ်ယောက်ဝိုင်းတာတောင် သူ့ကို အနိုင်မယူနိုင်ဘူး "

" ဟုတ်တယ်၊ ဒီကောင်လေးက ကျွမ်းကျင်ပညာရှင်ဆိုတာ ငါ မသိလိုက်ဘူး။ ငါတို့ ပြန်တိုက်ဖို့ အခွင့်အရေးတောင် မရှိလိုက်ဘူး "

" ငါတို့ သူ့ကို ထိလိုက်တာနဲ့ စုပ်ယူခံလိုက်ရသလိုပဲ။ ငါတို့ လုံးဝ လွတ်မထွက်နိုင်ဘူး။ ကြောက်စရာကောင်းလွန်းတယ် "

" သူပြန်တိုက်တာကို မတွေ့ဘူးလား။ သူ့ရဲ့ အရှိန်က အရမ်းမြန်လွန်းလို့ ငါတို့ ပျံသန်းမထွက်ခင် သူ ဘယ်လို တိုက်ခိုက်ခဲ့လဲဆိုတာတောင် မမြင်လိုက်ရဘူး "

" နောက်ဆုံးတော့ ကိုယ်ခံပညာဆရာကြီးနဲ့ တွေ့ခဲ့ပြီ။ ငါသူ့ကို မစော်ကားခဲ့ရင် ငါ့ဆရာအဖြစ်တောင် အသိအမှတ်ပြုလိုက်ချင်တယ် "

" ငါရောပဲ။ သူ့သိုင်းပညာက ဟွမ်ဖေးဟုန်ထက်တောင် ပိုကောင်းတယ်ထင်တယ် ..... "

သူတို့ထဲမှ တစ်ချို့သည် ခုနက မြင်ခဲ့သည့်မြင်ကွင်းကို ပြန်မြင်ယောင်ပြီး ကြောက်ရွံ့လေးစားနေကြသည်။

သူတို့လို လူဆိုးများအတွက် ဟောင်ကောင်နှင့် ထိုင်ဝမ်အက်ရှင်ဇာတ်ကားများ၏ လွှမ်းမိုးမှု အနည်းနှင့်အများ ရှိခဲ့ကြသည်။

သူတို့သည် ထို့ကြောင့် ကိုယ်ခံပညာ ကျွမ်းကျင်သူများကို သဘောကျကြသည်။

ပျော်ရွှင်စွာ စကားစမြည်ပြောနေကြရင်း ဒဏ်ရာပြင်းထန်စွာရထားသော ဆံဝါကိုပင် မေ့သွားကြသည်။

" မင်းတို့အားလုံးမှာ လူသားဆန်မှုရော ရှိကြသေးလား။ ငါ ဒီလိုအခြေအနေ ရောက်နေတာကို မင်းတို့ မမြင်ဘူးလား။ ဟွမ်ဖေးဟုန်အကြောင်း ဘာလို့ ပြောတာလဲ "

ဆံဝါက ဒေါသအလွန်ထွက်နေပြီး ခြေထောက်ကို ဆောင့်လိုက်သည်။

ဆံဝါသည် သူ့လက်ကို မြှောက်ဖို့ ခွန်အားရှိပါက ဒီကောင်တွေကို အရင်ဆုံး ပညာပေးမှာ သေချာလေသည်။

ထိုအခါမှ လူတိုင်းက သူ့ကို အခြေအနေမေးကြမှာ ဖြစ်သည်။

သူသည် အံကြိတ်လိုက်ပြီး သူတို့ကို တွန်းဖယ်လိုက်သည်။

သူသည် လှည့်ကြည့်ပြီး ယဲ့ဖန်ကို ကြည့်လိုက်သည်။

" ငါ အရင်က ဒီလောက်ကြီးမားတဲ့ ဆုံးရှုံးမှုမျိုး တစ်ခါမှ မကြုံဖူးဘူး။ ဒီနေ့ သူ့ကို အလွှတ်ပေးမှာ မဟုတ်ဘူး "

" အစ်ကိုယောင်း၊ လက်စားချေဖို့ စီစဉ်နေတာလား။ ဒါပေမယ့် ကျွန်တော်တို့ ပေါင်းလိုက်ရင်တောင် ကျွန်တော်တို့က သူ့ကို မယှဉ်နိုင်သေးဘူး "

တစ်စုံတစ်ဦးက ချက်ချင်း စိုးရိမ်တကြီးဖြင့် အကြံပြုလိုက်သည်။

အခြားသူများကလည်း ခေါင်းညိတ် သဘောတူကြသည်။

ယဲ့ဖန်သည် သူတို့၏ နှလုံးသားထဲတွင် ကြီးမားသော ပုံရိပ်တစ်ခု ချန်ထားခဲ့သည်။

သူတို့သည် ထိုလူသတ်ဘုရားကို နောက်တစ်ကြိမ် ရင်ဆိုင်ရန် သတ္တိမရှိကြပေ။

ဆံဝါကတော့ စိတ်ထဲတွင် 'အမှိုက်တွေ'ဟု ကျိန်ဆဲလိုက်သည်။

" ငါ သူ့ကို မရိုက်နိုင်ပေမယ့် ချောင်ရှင်းဂိုဏ်းက လူတွေကရော။ ငါ့ရဲ့အစ်ကိုကြီး ရှုပြောင်းက အစ်ကိုဟူရဲ့ လက်အောက်ကပဲ။ ငါ သူ့ကို ဘာလို့ ဂရုမစိုက်ရမှာလဲ "

ထိုအချိန်တွင် တစ်စုံတစ်ယောက်က သတိပေးလိုက်သည်။

" အစ်ကိုယောင်း၊ အဲ့ဒီကလေးရဲ့ အစ်ကိုကြီးကလည်း အစ်ကိုကြီးဟူရဲ့ လက်အောက်ကလို့ မပြောဘူးလား "

ဆံဝါက သူ့ကို စိုက်ကြည့်နေသည်။

" သူပြောသမျှကို မင်းယုံသလား။ ချောင်ရှင်းဂိုဏ်းမှာ ယဲ့ဖင်တုလို့ ခေါ်တဲ့လူကို ငါ တစ်ခါမှ မကြားဖူးဘူး။ ဒီကောင် လုပ်ကြံပြောတာ ဖြစ်နိုင်တယ်မလား "

ထိုလူက ခေါင်းညိတ်သည်။

" အစ်ကိုယောင်းက ပညာရှိပဲ။ ဒီကလေး လှည့်စားတာ ခံရမတတ် ဖြစ်သွားတယ် "

ဆံဝါက သူတို့နှင့် ဆက်ပြီး စကားမပြောတော့ချေ။

သူသည် အစ်ကိုကြီးရှုပြောင်း၏ နံပါတ်ကို ချက်ချင်း ခေါ်ဆိုလိုက်သည်။

" မင်္ဂလာပါ အစ်ကိုပြောင်း၊ ကျွန်တော် ဟွမ်းမောင်ပါ။ ကျွန်တော့်ကို ကူညီပေးလို့ ရမလား ...... "

All Chapters