← Chapters

အပိုင်း ၇၂၉-၇၃၂

Vol. 37 Ch. 729-732

အပိုင်း ၇၂၉-၇၃၂

Vol. 37 Ch. 729-732

အပိုင်း ( ၇၂၉ )

နင် ရုပ်ဆိုးလို့

ဖုန်းတစ်ဖက်မှ ရှုပြောင်းသည် ဆံဝါ၏ ချဲ့ကားပြောနေသော ဇာတ်လမ်းကို နားထောင်ပြီးနောက် ချက်ချင်း မေးလိုက်သည်။

" အဲ့ကောင်က တကယ် အဲ့လိုပြောတာလား "

ဆံဝါက ချက်ချင်း ခေါင်းညိတ်လိုက်သည်။

" သူပြောတာ သူ့အစ်ကိုကြီးက ယဲ့ဖင်တုတဲ့။ အစ်ကိုပြောင်း၊ ချောင်ရှင်းဂိုဏ်းမှာ တကယ်ပဲ အဲ့လိုနာမည်နဲ့သူ ရှိလို့လား "

ရှုပြောင်းက ချက်ချင်း ဟက်ခနဲ လှောင်လိုက်သည်။

" တစ်ခါမှ မကြားဖူးဘူး။ ငါ့အထင် အဲ့ကောင်က မင်းကိုခြောက်ဖို့ လုပ်ကြံပြောတာ ဖြစ်လိမ့်မယ် "

ဆံဝါက ချက်ချင်း အံကြိတ်လိုက်သည်။

" အစ်ကိုပြောင်း၊ ဒီကောင်က ချောင်ရှင်းဂိုဏ်းရဲ့နာမည်ကို ဖျက်နေတာ။ အလွှတ်ပေးလို့ မဖြစ်ဘူး "

ရှုပြောင်း တစ်ခဏမျှ ငြိမ်သွားခဲ့ပြီး ထပ်မေးလိုက်သည်။

" အဲ့ကောင်လေးရဲ့ နာမည်ကို သိလား "

ဆံဝါက သေချာ ပြန်စဉ်းစားနေသည်။

" ကျွန်တော်တို့ တိုက်ခိုက်တုန်းက သူ့ဘေးက ကောင်မလေးခေါ်လိုက်တာတော့ ယဲ့ .... ယဲ့ဘာဆိုလား။ တစ်ခုခုပဲ "

ဆံဝါ၏ ဘေးမှ လက်ပါးစေက သတိပေးလိုက်သည်။

" ယဲ့ဖန်ပါ "

ဆံဝါက ချက်ချင်း မှတ်မိသွားပြီး အမြန်ပြန်ဖြေလိုက်သည်။

" သူ့ကို ယဲ့ဖန်လို့ ခေါ်တယ်ထင်တယ် "

ထို့နောက် အစ်ကိုပြောင်း၏ အနည်းငယ် တုန်လှုပ်နေသောအသံကို ကြားလိုက်ရသည်။

" ယဲ့ဖန်လား "

ဆံဝါက ယုံကြည်ချက်ရှိစွာ ဆက်ပြောသည်။

" ဟုတ်တယ်၊ သူ့ကို ယဲ့ဖန်လို့ ခေါ်တယ် "

" အဲ့ ..... အဲ့တစ်ယောက်က ဘယ်နှစ်နှစ်လောက်ရှိလဲ။ သူ့ပုံစံကရော ဘယ်လိုနေလဲ။ ဘာကားမောင်းလဲ "

ရှုပြောင်းက တောက်လျှောက် မေးခွန်းတွေ ဆက်တိုက်မေးပြီး သူ့အသံက တုန်လှုပ်နေသည်။

ဆံဝါသည် ထူးဆန်းသည်ဟု ခံစားမိသော်လည်း အမှန်တိုင်း ဖြေလိုက်လေသည်။

" အဲ့ကလေးက အသက်၂၀လောက်ရှိမယ်။ အတော်လေးလည်း ကြည့်လို့ကောင်းပြီးတော့ ပြိုင်ကားလည်းမောင်းတယ်။ ဘာကားလဲဆိုတာ သေချာမသိပေမဲ့ အတော်လေးတော့ ဈေးကြီးလောက်တယ် ........ "

ရှုပြောင်းသည် ထိုစကားကို ကြားလိုက်သောအခါ အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဆက်ပြောသည်။

" အေး၊ သူ့ကို ထပ်ပြီး ပြဿနာမရှာနဲ့။ အဲ့မှာ ငါ့ကိုစောင့်။ မကြာခင်အရောက်လာခဲ့မယ် "

ထိုသို့ပြောပြီးနောက် ဖုန်းကို အမြန်ချလိုက်သည်။

ဆံဝါသည် ဖုန်းကို ဘေးသို့ချလိုက်ပြီးနောက် သူ့လက်အောက်သားတွေကို ဂုဏ်ယူနေသော မျက်နှာဖြင့် ကြည့်လိုက်သည်။

" အစ်ကိုကြီးက စောင့်နေဖို့ပြောတယ်။ မကြာခင်ရောက်မယ်တဲ့ "

နောက်လိုက်အချို့က သူ့ကို မြှောက်ပင့်ကြသည်။

" အစ်ကိုပြောင်းက အစ်ကိုယောင်းကို တကယ် အရေးပေးတာပဲ။ ဖုန်းခေါ်လိုက်ရုံနဲ့ အစ်ကိုပြောင်းက လာမယ်တဲ့လား "

" ဟုတ်တယ်၊ အစ်ကိုပြောင်းက ချောင်ရှင်းဂိုဏ်းရဲ့ အထက်ပိုင်းထဲမှာလေ။ သူက ဘာလို့ အစ်ကိုယောင်းကို အထင်ကြီးတယ်မလား။ ဒါဆို ငါတို့ အနာဂတ်မှာ ယန်းချန်ထဲ လုပ်ချင်တာ လုပ်လို့ရတော့မှာ မဟုတ်ဘူးလား "

" သေချာပေါက် အစ်ကိုယောင်းက ယန်းချန်မြို့မှာ နာမည်ကြီးလာတော့မှာ။ ဘယ်သူက ငါတို့ကို အထင်သေးရဲလဲ ကြည့်ကြတာပေါ့ "

" အစ်ကိုယောင်း၊ နောက်ဆို အဆင်ပြေရင် ကျွန်တော်တို့ ညီအစ်ကိုတွေကို မမေ့နဲ့နော် "

ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။ အစ်ကိုယောင်းနဲ့အတူ ကျွန်တော်တို့လည်း ကောင်းစားချင်တယ် ......... "

ဆံဝါသည် သူတို့၏ မြှောက်ပင့်မှုကြောင့် ချက်ချင်း မြောက်တက်သွားသည်။

" မပူနဲ့။ မင်းတို့ ငါ့အပေါ်ကို သစ္စာရှိနေသရွေ့ ငါ မင်းတို့ကို ခွဲခြားဆက်ဆံမှာ မဟုတ်ဘူး "

သူ၏ ကတိကို ကြားပြီးနောက် အားလုံးက ပို၍ပင် မြှောက်ပင့်ကြတော့သည်။

..............................................

ရှုပြောင်းသည် ဖုန်းချပြီးသည်နှင့် ခဏလေးတောင် နားမနေဘဲ ကောင်းဟူကို ချက်ချင်း ဖုန်းခေါ်လိုက်သည်။

ဖုန်းဝင်သွားပြီးတဲ့နောက် တစ်ဖက်မှ မိန်းမတစ်ယောက်၏ ညည်းတွားသံကို ကြားလိုက်ရသည်။

အစ်ကိုဟူ ဘာလုပ်နေလဲဆိုတာ တွေးကြည့်စရာတောင် မလိုချေ။

ရှုပြောင်းသည် အချိန်ကို ကြည့်လိုက်သည့်အခါ နေ့လယ်ခင်းပိုင်းသာ ရှိသေးသည်။

အစ်ကိုဟူက တကယ်ကို အင်အားတက်ကြွတာပဲ။

ထို့နောက် ကောင်းဟူ၏အသံကို ကြားလိုက်သည်။

" ပြောင်းကျီ၊ အရေးကြီးကိစ္စ ရှိလို့လား။ အရေးမကြီးရင် နောက်မှ ပြန်ဆက်လိုက်ပါလား။ ငါပြီးမှ ........ "

ရှုပြောင်းသည် ကောင်းဟူ ဖုန်းချလိုက်မည်ကို စိုးရိမ်ပြီး အမြန်ပြောလိုက်သည်၊

" အစ်ကိုဟူ၊ အရေးတကြီး တင်ပြစရာရှိတယ် "

ကောင်းဟူအသံက မကျေမနပ်ဖြစ်သွားသည်။

" ဘာကိစ္စလဲကွ။ အခုပြောစရာ လိုလို့လား "

ရှုပြောင်း အမြန်ရှင်းပြလိုက်သည်။

" ဟုတ်တယ်၊ အဲ့တာ ယဲ့ဖန်အကြောင်းပါ "

သူ့စကား မပြီးခင်မှာပဲ ကောင်းဟူ၏ ညည်းတွားသံကို ကြားလိုက်ရသည်။ ကြည့်ရသည်မှာ ကိစ္စပြီးသွားပုံရသည်။

ရှုပြောင်း ရယ်ချင်သွားသည်။

ကောင်းဟူမှာ ယဲ့ဖန်ကို တကယ်ပင် ကြောက်ပုံရသည်။

နာမည်ကြားလိုက်ရုံဖြင် အာရုံကြောတွေ တုန်လှုပ်သွားသည် ထင်သည်။

ထို့နောက် ကောင်းဟူ၏ စိတ်လှုပ်ရှားနေသောအသံကို ကြားလိုက်ရသည်။

" ယဲ့ဖန်က ဘာဖြစ်လို့လဲ။ သတ်ဖြတ်ခြင်းနတ်ဘုရားကို တစ်ယောက်ယောက်က ထပ်ပြီး ပြဿနာရှာလိုက် ပြန်ပြီလား "

ရှုပြောင်း ချက်ချင်း ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ်၊ ဒီတစ်ခါက ......... "

" ဘာအကြောင်းကြောင့် ဖြစ်နေပါစေ အဲ့တစ်ယောက်ကို သွားထိမိတာနဲ့ ထိတဲ့သူကို ချောင်ရှင်းဂိုဏ်းကနေ ထုတ်ပစ်ရမယ် "

ကောင်းဟူ ချက်ချင်း အမိန့်ပေးလိုက်သည်။

သူ ဘယ်လောက်ကြောက်နေသည်ဆိုတာ မြင်နိုင်သည်။

" အစ်ကိုဟူ၊ ယဲ့ဖန်ကို ဒီတစ်ခါ ပြဿနာရှာတဲ့သူက ချောင်ရှင်းဂိုဏ်းက မဟုတ်ဘူး။ သူက ရှေးဟောင်းမြို့က တေလေကြမ်းပိုးပါ .... "

" သူက မင်းညီလား "

" မဟုတ်ပါဘူး၊ လုံးဝ မဟုတ်ဘူး။ ဒီကိစ္စက သူ့ကို တစ်ခါက ဘားမှာတွေ့ဖူးတာ။ သူက တစ်သိန်းလောက် အတင်းပိုက်ဆံထိုးပေးတာနဲ့ ကျွန်တော်လည်း ယူလိုက်ခဲ့တာ ...... "

" မယူခဲ့ရင်တော့ အကောင်းဆုံးပဲ။ မဟုတ်ရင် မင်းကိုပါ ချောင်ရှင်းဂိုဏ်းကနေ ထုတ်ပစ်မှာ "

" အစ်ကိုဟူ၊ အခု ဘယ်လိုလုပ်သင့်လဲ။ ကျွန်တော်သွားပြီး ဖြေရှင်းလိုက်ရမလား "

" ငါကိုယ်တိုင်သွားတာ ပိုကောင်းမယ်။ သခင်ကြီးကို ဘာမှ အထင်လွဲအောင် မလုပ်တာ အကောင်းဆုံးပဲ "

" ဟုတ်၊ ကျွန်တော် အခုချက်ချင်း လာခေါ်ပါ့မယ် ...... "

.......................

ယဲ့ဖန်သည် ပစ္စည်းတွေအများကြီး စုဆောင်းခဲ့ပြီးဖြစ်၍ ထရပ်ကားကို ခေါ်လိုက်ရကာ ပစ္စည်းတွေ အထဲထည့်ဖို့ ညွှန်ကြားနေစဉ်တွင် ဆံဝါနှင့် အခြားသူများကို ထပ်တွေ့လိုက်ရသည်။

" အရှေ့ကို ပေါ်လာရဲသေးတယ်လား။ အခုလေးတင် ခင်ဗျားတို့ကို ရှင်းထားတာ မဟုတ်ဘူးလား "

ဟွမ်းမောင်သည် ယဲ့ဖန်စကားကို ကြားလိုက်သောအခါ သူ့မျက်နှာတွင် ရက်စက်သောအမူအရာ ပေါ်လာသည်။

" ဒီမှာကောင်လေး၊ ငါ့ညီအစ်ကိုတွေကို လာဖို့ ခေါ်ပြီးပြီ။ မင်းသတ္တိရှိရင် မပြေးနဲ့။ ငါ့မှာ ပါဝါဘယ်လောက်ရှိလဲဆိုတာ မင်းကို သိစေရမယ် "

ယဲ့ဖန် ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။

" ဒီလောက် ကြင်နာပေးနေတာကို ဒီအရူးတွေက ဘာလို့ သေချင်နေရတာလဲ "

ကျူးရှောင်ကျောင်း ပါးစပ်ကိုအုပ်ပြီး ရယ်လိုက်သည်။

" နင်က ရုပ်ဆိုးလွန်းလို့ သူတို့က နင့်ကို ရိုက်ချင်နေတာ ဖြစ်မှာပေါ့ "

ယဲ့ဖန် သူမကို မျက်စောင်းထိုးလိုက်သည်။

" မဟုတ်တာမပြောနဲ့။ ငါ ဒီလောက်ချောမောနေပြီး သန့်ကြော့နေတာ။ အဲ့တာကြောင့်လည်း လူတိုင်းက ချစ်ကြတာလေ။ ဘာလို့ အရိုက်ခံရမှာလဲ "

ကျူးရှောင်ကျောင်း လျှာထုတ်ပြောင်ပြလိုက်သည်။

" ဘယ်လောက် အရှက်မရှိလိုက်လဲ။ ဘယ်လိုလူက ကိုယ့်ကိုယ်ကိုယ် အဲ့လိုကြီး အမွှန်းတင်လို့လဲ။ ငါလည်း လှပေမဲ့ ကိုယ့်ဟာကိုယ် အဲ့လိုကြီး လှတယ်လို့ မပြောဖူးပါဘူး ....... "

ယဲ့ဖန်မှ သူ့ခြိမ်းခြောက်မှုကို အရေးမထားမှန်း တွေ့လိုက်ရပြီး သူ့အရှေ့တွင် ကောင်မလေးနှင့် ပရောပရည် လုပ်ပြနေသေးသည်။

ဆံဝါက စိတ်တိုသွားသည်။

" ဒီမှာဟိုကောင်၊ မင်းကို အခုတော့ မောက်မာခွင့် ပေးထားလိုက်ဦးမယ်။ နောက်မှ ငိုပေါ့ "

ယဲ့ဖန် သူ့ကို အထင်သေးစွာ ကြည့်လိုက်သည်။

" ဒါဆို ဘယ်သူ အရင်ငိုရမလဲဆိုတာ ကြည့်ကြတာပေါ့ "

ထိုသို့ပြောပြီးနောက် သူ့ကို လျစ်လျူရှုလိုက်ပြီး လုပ်သားများကို ပစ္စည်းတွေရွှေ့ရန် ဆက်ညွှန်ကြားနေလိုက်သည်။

ဆံဝါက ယဲ့ဖန်ကို စိုက်ကြည့်နေသည်။

' ခွေးသား၊ ငါမင်းကို ဒီနေ့ သတ်ပြမယ် '

' ပြီးတော့ အဲ့စော်လေးကတော့ ဟီးဟီးဟီး '

အပိုင်း ( ၇၃၀ )

ငါးစာကျွေးခြင်း

ဆံဝါသည် ယဲ့ဖန်အား အခဲမကြေ အံကြိတ်ကြည့်နေချိန်တွင် Toyota ကားတစ်ချို့ သူတို့ဆီ အရှိန်ဖြင့် မောင်းလာနေသည်ကို တွေ့လိုက်ရသည်။

ကားရပ်သွားသည့်အခါ ရှုပြောင်းသည် အရင်ဆုံး ထွက်လာပြီး တခြားကားများ၏ တံခါးတွေကလည်း တစ်စီးပြီးတစ်စီး ပွင့်လာကာ နေကာမျက်မှန်တပ်ထားသော အနက်ရောင်ဝတ်စုံပြည့်နှင့်လူများ ထွက်လာကြသည်။

ဆံဝါက အလွန်ပျော်သွားသည်။

" ငါ့အစ်ကိုကြီး ဒီကိုရောက်ပြီ "

သူ့နောက်မှ လူတစ်စုကလည်း အလွန်ပင် စိတ်လှုပ်ရှားသွားကြသည်။

သူတို့သည် နာမည်ကြီးဒိတ်ဒိတ်ကြဲများကို တွေ့ဖူးသွားပြီဖြစ်သည်။

နောင်တွင် သူတို့ကြွားစရာ အကြောင်းအရာရပြီဖြစ်သည်။

သူတို့ ရှုပြောင်းရှိရာ အရှေ့သို့ ပြေးတက်သွားမည့်အချိန်တွင် ရှုပြောင်းသည် ကား၏ တစ်ဖက်ခြမ်းသို့ အမြန်သွားကာ တံခါးကို တရိုတသေ ဖွင့်ပေးလိုက်သည်။

ထို့နောက် ဝတ်စုံပြည့်နှင့် လယ်သာဖိနပ်ကို စီးထားသော ကောင်းဟူသည် ကားထဲမှ ထွက်လာသည်။

ဆံဝါသည် မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားရသည်။

" ဟ၊ အစ်ကိုဟူရော ဒီကိုရောက်လာတာလား "

တခြားသူများကလည်း အံ့ဩပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

" အစ်ကိုယောင်း၊ အစ်ကို တကယ်မျက်နှာကြီးပဲ။ အစ်ကိုပြောင်းတင်မကဘူး၊ အစ်ကိုဟူပါ ကိုယ်တိုင် လာတာလား "

" သားကြီးရေ၊ ငါတော့ ဒီကိစ္စကို တစ်သက်လုံး ကြွားလို့ရပြီ။ ငါ အစ်ကိုဟူကို တကယ်ကြီး တွေ့လိုက်ရတာလား "

" အစ်ကိုယောင်း၊ အစ်ကိုက တကယ်မိုက်တာပဲ။ အစ်ကို့ကို လေးစားတာက မြစ်ရေလိုပဲ တက်နေပြီ ......... "

သူတို့က ဆံဝါကို ချက်ချင်း မြှောက်ပင့်ကြသည်။

ဆံဝါကလည်း အမှန်တွင် တကယ်ကို စိတ်ရှုပ်နေသည်။

သူသည် သူ့အခြေအနေကို သူသိသည်။

သူ၏ လုပ်နိုင်စွမ်းဖြင့် ကောင်းဟူကဲ့သို့ အကောင်ကြီးတစ်ယောက်ကို အချက်ပေးနိုင်လောက်အောင်ထိ အင်အားမရှိပေ။ သူသည် ရှေးဟောင်းမြို့တွင် လုပ်စရာတစ်ခုခုရှိသောကြောင့် ဖြစ်ရမည်။

သို့သော် သူ့လက်အောက်သားများရှေ့တွင် မြှောက်ပင့်ခံချင်သည်။

ထို့ကြောင့် ချက်ချင်း ဂုဏ်ယူစွာ ပြုံးလိုက်သည်။

" ဟုတ်တယ်၊ အစ်ကိုပြောင်းက ပြောဖူးတယ်။ နောက်ကျ အချိန်ရရင် ငါ့ကို အစ်ကိုဟူနဲ့ မိတ်ဆက်ပေးမယ်လို့။ သူ့ကတိကို ဒီလောက်ထိ မြန်မြန်ကြီး ဖြည့်ဆည်းပေးမယ်လို့ မထင်ထားဘူး "

သူ့လက်ပါးစေများက သူ့ကို အထင်ကြီးစွာ ကြည့်လိုက်ကြသည်။

သူတို့သည် ကောင်းဟူခြေထောက်ကို တကယ်ပင် ဖက်တွယ်နိုင်ခဲ့မည်ဆိုလျှင် နောင်တွင် ယန်းချန်မြို့၌ လုပ်ချင်တာ လုပ်နိုင်တော့မည်ဖြစ်သည်။

" အစ်ကိုယောင်း၊ နောက်ကျ ချမ်းသာလာရင် ကျွန်တော်တို့ ညီအစ်ကိုတွေကို သတိရရမယ် "

" အစ်ကိုယောင်းက နောက်ဆို အစ်ကိုဟူရဲ့ လူယုံ သေချာပေါက်ဖြစ်လာမှာ။ အဲ့ကျ ညီအစ်ကိုတွေကို ကူညီရမယ် "

" အစ်ကိုယောင်း၊ ကျွန်တော်တို့က အမျိုးတော်တယ်။ တခြားသူတွေကို မေ့ရင်တောင် ကျွန်တော့်ကို မမေ့ရဘူး "

" အစ်ကိုယောင်း၊ ကျွန်တော့်ညီမကို ကြိုက်တယ် မဟုတ်လား။ ပြန်ရောက်ရင် သူ့ကို ပြောလိုက်မယ်။ သူက ၁၄နှစ်ပဲရှိသေးတယ် ဆိုပေမဲ့ ......... "

သူတို့က ချက်ချင်း ဟွမ်းမောင်ကို အပြေးအလွှား ခယကြသည်။

သူတို့မျက်လုံးထဲတွင် အစ်ကိုယောင်းသည် မြင့်တက်တော့မည့် ကြယ်တစ်ပွင့်ဖြစ်သည်။

ထို့ကြောင့် အမြန်ခယပြီး အနာဂတ်မှာ နေရာရရန် ပြင်ဆင်ရမည်ဖြစ်သည်။

ဆံဝါက သူတို့ နှစ်သိမ့်ပေးလိုက်ပြီး အဝတ်အစားတွေကို သပ်ရပ်အောင် လုပ်လိုက်ကာ ကောင်းဟူနှင့် အခြားသူများကိူ ကြည့်လိုက်သည်။

" အစ်ကိုဟူ၊ ကျွန်တော်က ...... "

သူ ဘာမှမပြောနိုင်ခင်တွင် ကောင်းဟူက သူ့ဘေးမှ ဖြတ်လျှောက်သွားပြီး သူ့ကို ကြည့်ပင်မကြည့်ဘဲ ယဲ့ဖန်ဆီသို့ တန်းလျှောက်သွားသည်။

ဆံဝါက အနည်းငယ် ကြောင်အသွားသည်။

ထို့နောက် ခေါင်းကို အမြန်လှည့်ပြီး ရှုပြောင်းကို ကြည့်လိုက်သည်။

" အစ်ကိုပြောင်း၊ ဘာတွေဖြစ်နေတာလဲ "

ရှုပြောင်းက သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

" မင်းမှာ ပိုက်ဆံရှိသေးလား "

ဆံဝါက ခေါင်းခါလိုက်သည်။

" မရှိတော့ဘူး၊ အဲ့ကလေးက အကုန်လိမ်စားသွားတာ။ အစ်ကိုပြောင်း ပိုက်ဆံလိုရင် အကုန်လုံးကို စုခိုင်းလိုက်မယ် "

ရှုပြောင်း ခေါင်းညိတ်လိုက်သည်။

" အေး၊ တတ်နိုင်သလောက် များများစုပြီး အခေါင်းကောင်းတာလေး ဝယ်လိုက် "

ထိုသို့ဖြင့် အေးစက်စွာ အမူအရာမဲ့လျက် လှည့်ထွက်သွားသည်။

ဆံဝါက ကြောင်အနေသည်။

အစ်ကိုပြောင်းက ဘာကိုဆိုလိုတာလဲ။

မကြာခင်တွင် အစ်ကိုဟူက သူ့မေးခွန်းအတွက် အဖြေပေးလေသည်။

သူသည် ယဲ့ဖန်ရှေ့သို့ အမြန်လျှောက်သွားကာ သူ၏အမူအရာမှာ အတော်လေး လေးစားပုံရသည်။

" ယဲ့လူကြီးမင်း၊ ကောင်းဟူ နောက်ကျပြီး ပြဿနာဖြစ်စေတဲ့အတွက် တောင်းပန်ပါတယ် "

ယဲ့ဖန် လှည့်ကြည့်လိုက်ပြီး တစ်ဖက်ကို ကြည့်လိုက်သည်။

" ဒါက အစ်ကိုဟူပဲ "

ကောင်းဟူသည် အမြန် ပြုံးပြလိုက်သည်။

" ယဲ့လူကြီးမင်း၊ ကျွန်တော့်ကို ဆဲဆိုနေတာများလား။ ကျွန်တော့်ကို ရှောင်ဟူလို့ပဲ ခေါ်ပါ။ တစ်ယောက်ယောက်က မျက်စိကန်းနေပြီး လူကြီးမင်းကို စော်ကားရဲတယ်လို့ ကြားထားပါတယ်။ အဲ့တာကြောင့် ချက်ချင်း ကျွန်တော့်လူတွေကို ခေါ်လာတာပါ။ ကံကောင်းလို့ လူကြီးမင်းက ဘေးကင်းနေတာ။ မဟုတ်ရင် ဒါကို အလွှတ်ပေးမှာ မဟုတ်ပါဘူး "

ယဲ့ဖန်သည် သေမလောက် ကြောက်နေသည့် ဆံဝါကို ကြည့်လိုက်သည်။

" ကြားထားတာတော့ အဲ့တစ်ယောက်က မင်းရဲ့လူတွေထဲကတဲ့ ဟုတ်လား "

ရှုပြောင်း အမြန်လက်ကို ခါယမ်းလိုက်သည်။

" ယဲ့လူကြီးမင်း၊ ဒီခွေးသားရဲ့ ပေါက်ကရတွေကို နားမထောင်ပါနဲ့။ သူက ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး "

ဆံဝါနှင့် အခြားသူများက အမှန်ကို ကြောင်အနေကြသည်။

" အစ်ကိုယောင်း၊ သွားပြီ။ ကျွန်တော်တို့ အကောင်ကြီးတစ်ယောက်ကို စော်ကားမိသွားပြီ "

" ဟုတ်တယ်၊ အစ်ကိုဟူနဲ့ အစ်ကိုပြောင်းက သူ့ကို ဘယ်လောက်လေးစားနေလဲဆိုတာ ကြည့်လိုက်ဦး။ သူ့နောက်ခံက အရမ်းကြောက်စရာကောင်းတာ ဖြစ်ရမယ် "

" အခု ဘာလုပ်ကြမလဲ။ ဒီလိုလူများကို ပြဿနာရှာမိရင် သေပြီ "

" အစ်ကိုယောင်း၊ နည်းတစ်ခုခုကို မြန်မြန်စဉ်းစားပါဦး။ မသေချင်သေးဘူး ....... "

ဆံဝါ၏နောက်လိုက်တို့သည် ကြောက်ရွံ့မှုကြောင့် အင်မတန်ပင် တုန်လှုပ်နေကြသည်။

သူတို့ထဲမှ နှစ်ယောက်ဟာ မြေပေါ်မှာလဲပြီး ငိုနေကြသည်။

ဆံဝါလည်း အင်မတန် စိတ်ရှုပ်ထွေးနေသည်။

သူစိတ်မှာ ဗလာဖြစ်နေပြီး အခြေအနေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ မသိချေ။

ကောင်းဟူ သူတိို့ကို စိုက်ကြည့်လိုက်ပြီး ရှုပြောင်းနှင့် အခြားသူများကို ကြည့်လိုက်သည်။

" ဘာစောင့်နေကြတာလဲ။ သူတို့က ငါတို့ခေါင်းပေါ်တက်ရဲနေတာကို ရပ်ကြည့်နေကြတာလား။ ချလေ "

ရှုပြောင်း ဘာမှမပြောဘဲ အနက်ရောင်ဝတ်စုံဖြင့် လူများကို ဦးဆောင်ပြီး ဆံဝါနှင့် သူ့နောက်လိုက်များဆီသို့ ပြေးသွားလေသည်။

ဆံဝါနှင့် နောက်လိုက်များမှာ ကြောက်လွန်း၍ တုန်လှုပ်နေကြသည်။

ထွက်လည်း မပြေးရဲကြချေ။

အနက်ရောင်လူအုပ်ကြီးမှ သူတို့ဆီကို ပြေးလာနေပြီး ကန်ကျောက် ထိုးနှက်နေသည်ကို ကြည့်ရုံသာ ကြည့်နိုင်ကြသည်။

ထိုလူများမှာ တကယ်ကို ရက်စက်ကြမ်းကြုတ်ကြလေသည်။

လှုပ်ရှားမှုတိုင်းက အဓိက အစိတ်အပိုင်းများကို ရွယ်လေသည်။

" အစ်ကိုဟူ၊ ကျွန်တော်တို့ကို ချမ်းသာပေးပါ။ ကျွန်တော်တို့မှားမှန်း သိပါပြီ ....... "

ဆံဝါက ချက်ချင်း ငိုကြွေးပြီး အသနားခံတောင်းဆိုသည်။

သူသည် နောင်တတွေဖြင့် ပြည့်နေပြီဖြစ်သည်။

ထိုကောင်လေးတွင် အစ်ကိုဟူပင် ကြောက်ရသည့် ဤကဲ့သို့ အင်အားကြီးနောက်ခံရှိနေသည်ကို သိပါက အသက်တစ်ရာရှိနေလျှင်ပင် ပြဿနာရှာရဲမည် မဟုတ်ပေ။

ထို့အပြင် တစ်ဖက်လူမှာ သူတိို့ကို တစ်ကြိမ်အလွှတ်ပေးပြီးသားဖြစ်သည်။

သူသည် သူ့စိတ်ကြောင့် တစ်ဖက်လူကို ဆက်ပြီး ပြဿနာရှာနေမိတာဖြစ်သည်။

ကောင်းဟူသည် သူတို့ ငိုယိုပြောဆိုနေသည်ကို မကြားချင်ယောင်ဆောင်ပြီး ယဲ့ဖန်၏ အမူအရာကို လှည့်ကြည့်လိုက်သည်။

" ယဲ့လူကြီးမင်း၊ ဒီကောင်တွေကို ဘယ်လိုရှင်းချင်လဲ။ ဒီကိစ္စကို သေချာ ရှင်းပေးပါ့မယ်လို့ ကတိပေးပါတယ်။ ဘာအညစ်အကြေးမှ မရှိစေရပါဘူး "

ထိုသို့ပြောပြီး လူသတ်ချင်သည့်အငွေ့အသက်များ ပေါ်ထွက်လာသည်။

သူသည် ထိုလူများကို သတ်ရန် စီစဉ်နေသည်မှာ သိသာလေသည်။

ဆံဝါနှင့် အခြားသူများက ထိုစကားကို ကြားပြီးနောက် ဘယ်က ရလာမှန်းမသိသော အင်အားဖြင့် ရှုပြောင်းနှင့် အခြားသူများကို တွန်းထုတ်ကာ ယဲ့ဖန်ခြေရင်းသို့ အပြေးသွား ဒူးထောက်အရိုအသေပေးသည်။

“ အသက်ချမ်းသာပေးပါ။ ကျွန်တော်တို့ မသေချင်သေးပါဘူး။ ချမ်းသာပေးပါ။ ကျွဲလို နွားလို အလုပ်ကျွေးပြုပါ့မယ်။ အသက်ကို ချမ်းသာပေးပါ "

ဆံဝါ၏ခေါင်းသည် နဂိုဒဏ်ရာရှိထားပြီးဖြစ်၍ မြေကြီးကို ဦးတိုက်အရိုအသေပေးသည့်အခါ မြေပေါ်တွင် သွေးများရဲရဲစိုလာလေသည်။

ကျုးရှောင်ကျောင်းသည် သူတို့၏ သနားစရာအခြေအနေကြောင့် ဆက်သည်းမခံနိုင်တော့ဘဲ ယဲ့ဖန်ဘက်ကို အမြန်လှည့်ကြည့်လိုက်ရသည်။

ထိုလူများ၏အသက်မှာ ယဲ့ဖန်လက်ထဲတွင် ရှိနေလေသည်။

ယဲ့ဖန်က ဆံဝါကို မကြည့်ပေ။

ကောင်းဟူဘက်ကို လှည့်ကြည့်လိုက်သည်။

" ဒီတစ်ယောက်က ခင်ဗျားနာမည်ကိုသုံးပြီး ဓားပြတိုက် လုယက်ခဲ့တာ။ အဲ့လိုလူတွေကို ပုံမှန် ဘယ်လိုရှင်းလဲ "

" ကျွန်တော့်ပုံရိပ်ကို သုံးပြီး လုပ်စားတဲ့သူတွေကို ခြေဆစ်လက်ဆစ်တွေ ဖြတ်ပစ်ပါတယ် "

ကောင်းဟူက ရိုသေစွာ ပြန်ဖြေသည်။

" ဒါပေမဲ့ သူတို့က လူကြီးမင်းကို စော်ကားရဲတာဖြစ်လို့ ပင်လယ်ထဲပစ်ပြီး ငါးစာကျွေးသင့်ပါတယ် "

ယဲ့ဖန် သူတို့ကို ကြည့်လိုက်သည်။

" ဒါက နည်းနည်း မရက်စက်လွန်းဘူးလား "

ကောင်းဟူ၏ မျက်နှာတွင် ရက်စက်မှုပုံရိပ် ပေါ်လာသည်။

" မျက်ကန်းတွေကို ရက်စက်သင့်ပါတယ်။ လူကြီးမင်းကို စော်ကားတဲ့သူတွေရဲ့ အကျိုးဆက်ကို သိစေလိုက်တာ ဖြစ်သင့်ပါတယ် "

ယဲ့ဖန်က တွန့်ဆုတ်သွားသည်။

" အဲ့တာဆိုလည်း ........ "

အပိုင်း ( ၇၃၁ )

မိသားစုအမွေ

ဆံဝါနှင့် အခြားသူများသည် သူတို့၏ စကားဝိုင်းကို ကြားပြီးသောအခါ ချက်ချင်း သေမတတ် ကြောက်လန့်သွားကြသည်။

သူတို့ဘဝသည် ယဲ့လူကြီးမင်း၏ လက်ထဲတွင် ရှိနေသည်ဆိုတာ ကောင်းမွန်စွာ သိလိုက်ကြသည်။

သူ စိတ်ပြောင်းမှသာ အသက်ရှင်နိုင်ကြမှာ ဖြစ်သည်။

ဆံဝါက အကြံတစ်ခုရပြီး အော်လိုက်သည်။

" ယဲ့လူကြီးမင်း၊ ကျွန်တော့်အိမ်မှာ ရှေးဟောင်းပစ္စည်းတစ်ခု ရှိပါတယ်။ ကျွန်တော့်ရဲ့ တောင်းပန်မှုအဖြစ် ယဲ့လူကြီးမင်းကို ပေးချင်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ "

သူ၏ လက်ပါးစေများကလည်း အံ့အားသင့်သွားကြသည်။

ဒီအချက်ကို ဘာလို့ မစဉ်းစားမိခဲ့ကြတာလဲ။

သို့သော် သူတို့အိမ်တွင် ရှေးဟောင်းပစ္စည်း မရှိချေ။

သို့သော် ယခုအခါ သူတို့ ဂရုမစိုက်နိုင်တော့ချေ။

သူတို့သည် ချက်ချင်းပင် စကားပြောရန် ငြင်းခုံကြတော့သည်။

" ယဲ့လူကြီးမင်း၊ ကျွန်တော့်အိမ်ကို ရောင်းလို့ရပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ "

" ယဲ့လူကြီးမင်း၊ ကျွန်တော့်မှာ ကံဆိုးတဲ့ဘဝတစ်ခုပဲ ရှိပါတယ်။ နောင်မှာ လူကြီးမင်းရဲ့ကျွန်ဖြစ်ပေးပါ့မယ် ........... "

" ယဲ့လူကြီးမင်း၊ ကျွန်တော့်မှာ ဆယ့်လေးနှစ်အရွယ် ညီမလေးတစ်ယောက်ရှိပါတယ် ....... "

" ယဲ့လူကြီးမင်း၊ ကျွန်တော့်မှာ အဖိုးရဲ့ ပင်စင်ရှိတယ် ..... "

ယဲ့ဖန်သည် သူတို့၏ ရှုပ်ယှက်ခတ်နေသော စကားများကို နားထောင်လိုက်သော်လည်း သူ့အကြည့်များက ဆံဝါဆီမှာသာ ရှိနေသည်။

" မင်းအိမ်မှာ ရှေးဟောင်းပစ္စည်းတွေ ရှိတာလား။ ဘယ်လို ရှေးဟောင်းပစ္စည်းလဲ "

မျှော်လင့်ချက်ရှိနေသည်ကို တွေ့လိုက်ရပြီး ဆံဝါက ပြောလိုက်သည်။

" အဲ့တာက ပန်းအိုးကြီးတစ်ခုပါ။ အဘိုးပြောတာက သူ့အဘိုးဆီက လက်ဆင့်ကမ်းလာတာလို့ ပြောပါတယ်။ ပန်းအိုးက တော်တော်လေးကြီးပြီးတော့ ပုံစံတွေကလည်း အတော်လေး လှတယ် ...... အခုချက်ချင်း လူကြီးမင်းအတွက် သွားယူလိုက်ပါ့မယ်။ ကိုယ်တိုင် ကြည့်ကြည့်ပါ "

ထို့နောက် စကားပြောနေရင်းဖြင့် မတ်တပ်ရပ်ဖို့ ကြိုးစားလိုက်သည်။

ယဲ့ဖန်မှ သူ့ကို မတားသည်ကို မြင်လိုက်ပြီး အိမ်ကို အမြန်ပြေးသွားသည်။

ယဲ့ဖန်သည် သူထွက်ပြေးဖို့ အခွင့်အရေးယူမည်ကို မကြောက်ချေ။

ကောင်းဟူနှင့် အခြားသူများရှိနေ၍ သူသည် ထိုသို့ လုပ်ရဲသည့် သတ္တိမရှိလောက်ပေ။

မျှော်လင့်ထားသည့်အတိုင်း ငါးမိနစ်မပြည့်မီတွင် ဆံဝါသည် ပန်းအိုးတစ်လုံးနှင့် ပြန်ပြေးလာသည်။

သူ့နောက်မှာ ဖိနပ်ဖြင့် လိုက်နေသည့် အဘိုးကြီးတစ်ယောက်ရှိလေသည်။

" မင်း မသိတတ်တဲ့ကောင်။ အဲ့တာ ငါတို့မိသားစု အမွေကွ။ ဘယ်သွားယူမှာလဲ ....... "

အဘိုးအိုသည် အသက်ရှုမဝဖြစ်နေသော်လည်း ခံနိုင်ရည်ရှိနေဆဲဖြစ်သည်။

" ဘာကို မိသားစုအမွေလဲ။ အဘိုးရဲ့မြေး သေသွားရင် အဘိုးက ဒါကြီးဘယ်သူကိုဆက်ပေးမှာလဲ "

ဆံဝါသည် ယဲ့ဖန်၏ ခြေရင်းဆီသို့ ပြေးသွားသည်။

" ယဲ့လူကြီးမင်း၊ ဒီပန်းအိုးကို ကျွန်တော့်ဘဝနဲ့ လဲလှယ်နိုင်မယ်လို့ ထင်လား "

ယဲ့ဖန်သည် သူ့ထံမှ ပန်းအိုးကို ယူပြီး ဂရုတစိုက်ကြည့်သည်။

ပန်းအိုးသည် အမြင့် ၅၀စင်တီမီတာလောက်ရှိပြီး ပန်းအိုး၏ ကိုယ်ထည်ကို စိမ်းပြာရောင်ဖြင့် ပြုလုပ်ထားသည်။

ပန်းအိုးကို ထူးခြားသော ပုံစံအမျိုးမျိုးဖြင့် ခြယ်သထားပြီး အရောင်ကလည်း အလွန်တောက်ပြောင်လေသည်။

ယဲ့ဖန်သည် ဂရုတစိုက်လေ့လာရန် အလွန်ပျင်းသည့်အတွက် အတွင်းကျကျစကန်ဖတ်ခြင်း လုပ်ဆောင်ချက်ကို တိုက်ရိုက် လုပ်ဆောင်ခဲ့သည်။

" ချင်းကျားချင်း စိမ်းပြာရောင်မြေ၊ သမုဒ္ဒရာအရောင်၊ ပန်းပွင့်၊ နဂါးပုံစံ၊ ရူရိဝမ်သ နားတိမ်ပုလင်း၊ ပစ္စည်းအစစ်၊ တန်ဖိုး ၂၉.၉ သန်း ....... "

ထိုအချက်အလက်ကို မြင်လိုက်ရပြီးနောက် ယဲ့ဖန်၏ နှလုံးသားမှာ တဆတ်ဆတ်ခုန်သွားရသည်။

ထိုပန်းအိုးသည် ဒီနေ့ သူရရှိသော တန်ဖိုးအရှိဆုံး ရှေးဟောင်းပစ္စည်းဖြစ်သည်။

သူသည် စိတ်ထဲမှ ပျော်ရွှင်မှုကို မျိုသိပ်ထားလိုက်ပြီး ဆံဝါနှင့် သူ့နောက်မှ အဘိုးအိုကို တိတ်တဆိတ် စိုက်ကြည့်နေသည်။

ဆံဝါနှင့်လူသည် စိတ်မသက်မသာဖြင့် အမြန် မေးလိုက်သည်။

" ယဲ့လူကြီးမင်း ..... ဒီပန်းအိုးက တန်ဖိုးရှိလား "

ယဲ့ဖန်သည် ပုလင်းကို မြေကြီးပေါ်သို့ ထားလိုက်သည်။

" တန်ဖိုးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ ဒီပုလင်းက မင်းအပိုင််မဟုတ်ဘူး၊ ဟုတ်တယ်မလား "

ဆံဝါသည် ယဲ့ဖန်၏ လုပ်ရပ်ကို မြင်လိုက်ရပြီးနောက် နှလုံးသား ပြုတ်သွားသလို ခံစားလိုက်ရသည်။

ယဲ့လူကြီးမင်းသည် ပန်းအိုးကို အလွန်မကျေနပ်နေပုံရသည်။

သူ စကားမပြောနိုင်ခင်တွင် သူ့ဘေးနားမှ အဘိုးအိုက နားရွက်ကို ချက်ချင်းဆွဲပြီး ဘေးကို ဆွဲခေါ်လိုက်သည်။

ထိုအဘိုးက လှည့်ကြည့်လိုက်ပြီး ယဲ့ဖန်ကို စိုက်ကြည့်နေသည်။

" ဒီပန်းအိုးက ငါ့ဥစ္စာ။ ငါ့ကိုပြန်ပေး "

သူ့အဘိုးမှ ယဲ့လူကြီးမင်းအား ထိုကဲ့သို့ ပြောရဲသည်ကို ဆံဝါကြားပြီး ဆီးအိမ်တင်းကြပ်သွားသည်အထိ အလွန်ကြောက်သွားလေသည်။

" အဘိုး၊ ဒီလူကြီးမင်းက ဘယ်သူလဲဆိုတာ သိလို့လား။ သူက ..... "

အဘိုးအိုက ဒေါသတကြီးဖြင့် ပါးရိုက်လိုက်သည်။

" သူဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး။ ငါ့မိသားစုအမွေကို သူက ဘာလို့ လုယူရဲရတာလဲ။ ငါသူ့ကို သေအောင် တိုက်ပစ်မယ် "

ဆံဝါသည် ဒေါသထွက်လွန်း၍ အံကြိတ်လိုက်သည်။

သူသည် တစ်ခုခုပြောချင်သော်လည်း ယဲ့ဖန်က ဖြတ်ပြောလိုက်သည်။

" စိတ်မပူပါနဲ့၊ လူကြီးမင်း။ ကျွန်တော် ခင်ဗျားရဲ့ မိသားစုအမွေကို ဘယ်တော့မှ မခိုးပါဘူး။ ဒါပေမယ့် ဒီပန်းအိုးကို အရမ်းကြိုက်တာကြောင့် ရောင်းဖို့ အစီအစဉ်ရှိလားလို့ မေးပါရစေ "

အဘိုးအိုသည် ပန်းအိုးကို ရင်ခွင်ထဲတွင် ပိုက်ထားပြီး မေးလိုက်သည်။

" ဒါက ငါ့မိသားစု အမွေပဲ။ ညစ်ပတ်တဲ့ငွေနဲ့ ဘယ်လိုလုပ် တိုင်းတာနိုင်မှာလဲ "

ယဲ့ဖန်က တခြားဘာမှ မပြောချေ။

သူက တန်းပြီး ဈေးခေါ်လိုက်သည်။

" ယွမ် ၁သိန်း "

အဘိုးအို၏ စိတ်ပိုင်းဖြတ်ထားသော အမူအရာသည် ရုတ်တရက် ပြေလျော့သွားသည်။

" ဒါက ငါ့မိသားစုရဲ့ အမွေပဲ။ ငွေနဲ့ ဘယ်လိုလုပ် တိုင်းတာရမှာလဲ "

သူသည် ငြင်းနေသေးသော်လည်း 'ညစ်ပတ်တယ်'ဆိုသည့် စကားလုံးက ပျောက်သွားလေသည်။

ပိုက်ဆံပိုရ၍ ညစ်ပတ်သည့်ငွေ မဟုတ်တော့သည်မှာ သိနိုင်လေသည်။

" ၂သိန်း "

" ဒါက ငါ့မိသားစုရဲ့ အမွေပဲ။ ပိုပေးရမယ် ...... "

" ၃သိန်း "

" ဒီဟာက ..... "

" ဒါဆိုလည်း မေ့လိုက်တော့ "

" မဟုတ်ဘူး ငါရောင်းမယ် "

အဘိုးအိုသည် မိသားစုအမွေခံပစ္စည်းကို ယဲ့ဖန်၏ ခြေရင်း၌ အလျင်အမြန် ချပေးလိုက်သည်။

သူသည် အရေတွန့်နေသော လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။

" ငွေချေ "

ယဲ့ဖန်သည် ထိုအဘိုးအို၏ စိတ်သဘောထား ရုတ်ချည်း ပြောင်းလဲသွားမှုကြောင့် အံ့ဩခဲ့ရသည်။

" ဒါ ခင်ဗျားရဲ့ မိသားစုအမွေ မဟုတ်လား "

အဘိုးအိုက ချက်ချင်း ဖြောင့်မတ်စွာ ပြန်ဖြေသည်။

" ငွေဆိုတာလည်း မျိုးဆက်တစ်ခုကနေ မျိုးဆက်တစ်ခု လွှဲပြောင်းပေးနိုင်တယ် "

ယဲ့ဖန်သည် စကားမပြောနိုင် ဖြစ်သွားရသည်။

" မှန်ပါတယ်။ ခင်ဗျားကို ပိုက်ဆံ အခုချက်ချင်း လွှဲလိုက်မယ် "

အဘိုးအိုသည် ချက်ချင်းပင် ခေါင်းယမ်းလိုက်သည်။

" ငွေသားလိုချင်တာ "

ယဲ့ဖန် လှည့်ပတ်ကြည့်လိုက်သည်။

ငွေထုတ်စက် ဘယ်မှာရှိလဲဆိုတာ သိချင်နေသည်။

ကောင်းဟူသည် အလွန်သဘောပေါက်စွာဖြင့်ပြီး ရှုပြောင်းကို ချက်ချင်းကြည့်လိုက်သည်။

ရှုပြောင်း ချက်ချင်း သဘောပေါက်သွားသည်။

ငွေထုတ်စက်သို့သွားကာ ယွမ် ၃သိန်း ထုတ်ယူပြီး ယဲ့ဖန်အား ပေးလိုက်သည်။

ယဲ့ဖန်သည် သူတို့နှင့် ကြီးကြီးကျယ်ကျယ် လုပ်မနေပေ။

အဘိုးကြီးထံ ငွေအပ်လိုက်သည်။

" ပိုက်ဆံကို ရေပြီး မှန်လား စစ်ကြည့်ပါ "

အဘိုးအိုသည် ပိုက်ဆံတွေ အများကြီးကိုမြင်ပြီး သူ့မျက်လုံးတွေမှာ ချက်ချင်းတောက်ပလာသည်။

ပိုက်ဆံကို လက်ထဲမှ လျင်မြန်စွာ လုယူလိုက်ပြီး ငွေရေတွက်ရန် နေရာတစ်ခုကို ရှာလိုက်သည်။

ဆံဝါက ယဲ့ဖန်ကို စိုးရိမ်တကြီး ကြည့်နေသည်။

" ယဲ့လူကြီးမင်း၊ ဒါဆို ကျွန်တော်တို့ ..... "

မူလက ထိုပန်းအိုးအား သူ့ဘဝဖြင့် လဲလှယ်ရန် စီစဉ်ခဲ့သည်။

သို့သော် ယခုအခါ တရားမျှတသော အရောင်းအ၀ယ်ဖြစ်လာ၍ သူ့အသက်ကံကြမ္မာက နောက်တစ်ကြိမ် တုန်လှုပ်သွားရပြန်သည်။

ယဲ့ဖန်က သူ့ကို ဂရုမစိုက်ဘဲ လက်ကို ဝှေ့ယမ်းပြလိုက်သည်။

" မင်းအဘိုးကြောင့် မင်းကို ဒီတစ်ခါ လွှတ်ပေးလိုက်မယ် "

ဆံဝါသည် အလွန်ဝမ်းသာသွားသည်။

" ကျွန်တော့်အသက်ကို ချမ်းသာပေးလို့ ကျေးဇူးတင်ပါတယ် ယဲ့လူကြီးမင်း "

အပိုင်း ( ၇၃၂ )

ဆယ်ဆ နှင့် အဆတစ်ရာ

ဆံဝါသည် လုံခြုံသွားပြီ ဖြစ်သော်လည်း သူ့နောက်ကွယ်မှ လက်အောက်ငယ်သားများမှာတော့ ကြောက်ရွံ့နေကြဆဲဖြစ်သည်။

ဆံဝါကလည်း မိတ်ဆွေကောင်းတစ်ယောက်ဖြစ်လေသည်။

သူသည် ယဲ့ဖန်ကို ဂရုတစိုက် ကြည့်နေသည်။

" ယဲ့လူကြီးမင်း၊ ဒါဆို သူတို့က ...... "

ယဲ့ဖန် သူတို့ကို မော့ကြည့်လိုက်သည်။

" ဒီတစ်ခါတော့ ထားလိုက်တာပေါ့။ နောက်ဆို လမ်းမတွေပေါ်မှာ လှည့်စားနေတာကို ရပ်လိုက်။ အလုပ်လုပ်ဖို့ စက်ရုံတစ်ခုရှာပြီး လူ့အဖွဲ့အစည်းအတွက် ပိုပြီး အကျိုးပြုသင့်တယ်၊ နားလည်လား "

လူအုပ်ကြီးက ချက်ချင်း သဘောတူလိုက်ကြပြီး မျက်နှာများတွင် စိတ်သက်သာရာရသော အမူအရာများ ပေါ်လာကြသည်။

ယဲ့ဖန်က သူတို့ကို စိတ်မ၀င်စားနိုင်ပေ။

အဘိုးအိုကို လှည့်ကြည့်လိုက်သည်။

" ရေပြီးပြီလား။ ပြဿနာတစ်ခုခုရှိလား "

အဘိုးအိုသည် ငွေအိတ်တစ်လုံးကို ကိုင်ကာ သူ့မျက်နှာပေါ်တွင် ရွှင်မြူးသော အသွင်အပြင် ရှိနေသည်။

" ပြဿနာမရှိပါဘူး၊ ပြဿနာမရှိပါဘူး။ ဒါပေမယ့် ငါမင်းကို အရင်ပြောလိုက်မယ်။ ငါ မင်းကို ပစ္စည်း ရောင်းလိုက်ပြီးပြီ။ မင်းရဲ့စကားကို ပြန်ပြောင်းလို့ မရဘူး "

ယဲ့ဖန် ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်သည်။

" စကားကို ပြန်မပြောင်းပါဘူး။ အဘိုးရဲ့ ပိုက်ဆံကို သေချာစောင့်ကြည့်ပါ။ မြေးက မခိုးစေနဲ့ "

အဘိုးအိုက ဆံဝါကို စိုက်ကြည့်နေသည်။

" သတ္တိရှိရင် လုပ်ကြည့်ပေါ့။ ခြေထောက်တွေကို ရိုက်ချိုးပစ်မယ် "

ထိုစကားကို ပြောပြီးနောက် ဆံဝါကို နားရွက်မှ ဆွဲကိုင်ကာ ထွက်သွားခဲ့သည်။

ထို့နောက် အဘိုးအို၏ အသံကို အဝေးမှ ကြားလိုက်သည်။

" ယဲ့လူကြီးမင်းက တကယ်ကို ရိုးသားတဲ့လူပဲ ....... "

ယဲ့ဖန် သူ့မျက်နှာကို ထိလိုက်သည်။

ဒါက တကယ်ပဲ လက်တွေ့ရော ကျရဲ့လား။

Zhuang Xiaojiaoသည် ယဲ့ဖန်ကို ကောင်းစွာ သိလေသည်။

ဒီတစ်ယောက်က ဘာအကျိုးမှမရှိလျှင် လှည့်ကြည့်မည့်သူ မဟုတ်ချေ။

ဤပန်းအိုးကို ဝယ်ရန် ယွမ် ၃သိန်းထိပင် သုံးခဲ့၍ အနည်းဆုံး ဆယ်ဆမက ပြန်ရပေလိမ့်မည်။

သူမက ချက်ချင်း သူ့ကို တွန်းလိုက်ပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။

" ဒီပန်းအိုးက ဘယ်လောက်တန်ဖိုးရှိလဲ "

ယဲ့ဖန်က ခြောက်ကပ်စွာ ချောင်းဆိုးလိုက်ပြီး နားထဲသို့ တိုးတိုးလေး ပြောလိုက်သည်။

" မများပါဘူး၊ သန်း၃၀လောက်တော့ ရှိတယ် "

" ဘာ၊ သန်း၃၀ကျော်တာလား "

ကျူးရှောင်ကျောင်းသည် အလွန်အံ့ဩသွားပြီး အော်လိုက်သောကြောင့် ပတ်ဝန်းကျင်ရှိလူတိုင်း၏ အာရုံကို ဖမ်းစားလိုက်သည်။

သူမပါးစပ်ကို အမြန်ပိတ်လိုက်သော်လည်း သူမ၏ နှလုံးသားအတွင်းရှိ တုန်လှုပ်ချောက်ချားမှုသည် အချိန်ကြာသည်အထိ မငြိမ်သက်နိုင်ပေ။

အစက သူမသည် ဤပန်းအိုးမှ အမြတ်ဆယ်ဆပြန်ရနိုင်လျှင် လုံလောက်မည်ဟု ထင်ခဲ့သော်လည်း ယဲ့ဖန်၏လောဘကို လျှော့တွက်ခဲ့မိသည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

တကယ်တွင် သူပြန်ရလာသည်မှာ အဆတစ်ရာကျော် ဖြစ်လေသည်။

ကောင်းဟူသည် ထိုကိစ္စကို ဂရုမစိုက်ဘဲ ယဲ့ဖန်၏ အမူအရာကိုသာ ဂရုတစိုက် ကြည့်နေခဲ့သည်။

" ယဲ့လူကြီးမင်း၊ ဒီနေ့ အဖြစ်အပျက်က ကျွန်တော်တို့ ချောင်ရှင်းဂိုဏ်းနဲ့ ဘာမှမဆိုင်ပါဘူး။ ကျွန်တော် လူကြီးမင်းကို ကတိပေးပါတယ် "

ယဲ့ဖန် လှည့်ကြည့်လိုက်သည်။

" ငါက အမှားက အမှန်ကိုတောင် မသိတဲ့သူနဲ့ တူနေလို့လား "

ကောင်းဟူက ချက်ချင်း တောင်းပန်ပြီး ပြုံးလိုက်သည်။

" လူကြီးမင်းက တကယ်ကို အမြင်ရှိတဲ့သူပါ။ သေချာပေါက် အပြစ်မဲ့တဲ့လူတွေကို အပြစ်ပေးမှာ မဟုတ်ဘူး "

ယဲ့ဖန်သည် အပြုံးမဟုတ်သော အပြုံးဖြင့် သူ့ကိုကြည့်နေသည်။

" ချောင်ရှင်းဂိုဏ်းက အပြစ်မရှိဘူးတဲ့လား "

ကောင်းဟူက ကိုးယိုးကားယားနိုင်စွာဖြင့် ချောင်းဆိုးလိုက်သည်။

" ကောင်းကျူမင်းကသာ အရင်တုန်းက ဒီလို မကောင်းမှုတွေကို လုပ်ခဲ့တဲ့သူပါ။ ကျွန်တော်က အခု ချောင်ရှင်းဂိုဏ်းရဲ့ တာဝန်ခံဖြစ်နေပါပြီ။ သေချာပေါက် သူတို့ကို နောင်တရအောင်လုပ်ပြီး အသစ်တွေဖြစ်အောင် တွန်းလှန်ပေးပါမယ်။ ချောင်ရှင်းဂိုဏ်းက အနာဂတ်မှာ တရားဝင်စီးပွားရေးလုပ်ငန်းတွေမှာပါ ပါဝင်လာနိုင်မှာပါ။ ယဲ့လူကြီးမင်းက ကျွန်တော့်ကို ပိုပြီး လမ်းညွှန်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် "

ယဲ့ဖန် သူ့ပုခုံးကို ပုတ်လိုက်သည်။

" ကိစ္စမရှိပါဘူး၊ မင်း တရားဝင်စီးပွားရေးတွေလုပ်မယ်ဆို ငါ့အကူအညီလိုရင် ငါ့ကို လာရှာလို့ ရပါတယ် "

ကောင်းဟူသည် ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်သည်။

" ချောင်ရှင်းဂိုဏ်း၊ ကျွန်တော် ကောင်းဟူက ယဲ့လူကြီးမင်းရဲ့ ဦးဆောင်မှုနောက်ကို လိုက်ဖို့ ဆန္ဒရှိပါတယ်။ ညွှန်ကြားချင်တာတွေရှိရင် အချိန်မရွေး ဖုန်းဆက်ပါ။ သေချာပေါက် ကူညီဖြေရှင်းပေးပါ့မယ် "

ယဲ့ဖန်သည် သူ့မျက်နှာကို စိတ်ကျေနပ်စွာ ပုတ်လိုက်သည်။

" ကောင်းပြီ "

ချောင်ရှင်းဂိုဏ်းသားတွေသည် သူတို့၏သူဌေးမှာ ယဲ့ဖန်ရှေ့၌ မွှားတစ်ကောင်လို ပြုမူနေသည်ကို တွေ့လိုက်သည့်အခါ ခံစားချက်တွေ ရောထွေးသွားကြသည်။

သို့သော် သူဘာကြောင့် ဒီလိုလုပ်သည်ဆိုတာကို သူတို့ နားလည်နိုင်လေသည်။

ကောင်းကျူမင်း သေဆုံးပြီးနောက် ချောင်ရှင်းဂိုဏ်း၏ ကျောထောက်နောက်ခံမှာလည်း ကျသွားခဲ့သည်။

အခုအခါ သူတို့သည် ခွေးလေခွေးလွင့်များလို အစုအပြုံလိုက် လေလွင့်နေကြရသည်။

သူတို့ အားလုံးတွင် အကြွေးဆိုးတွေ ရှိကြသည်။

သူတို့ကို အကာအကွယ်ပေးမည့်သူ မရှိလျှင် မကြာခင်မှာပင် ထိုအကြွေးများက သူတို့ကို လာရှင်းပစ်ကြမှာဖြစ်သည်။

ယခုအချိန်တွင် ယန်းချန်မြို့သည် ယဲ့ဖန်၏ ကမ္ဘာကြီးဖြစ်လေသည်။

သူတို့သည် မြင့်တက်နေသည့် အပင်ပေါ်ကို တက်နိုင်ပါက နောက်ဆက်တွဲဆိုးကျိုးများကို ရှောင်ရှားနိုင်မှာဖြစ်သည်။

" ကောင်းပြီ မင်းတို့ ပြန်သွားလို့ရပြီ။ ငါ ရှေးဟောင်းပစ္စည်းတွေကို ဆက်ပြီး စုဆောင်းရဦးမှာ "

ရှေးဟောင်းမြို့သူမြို့သားများသည် သူတို့အား ညွှန်ပြနေသည်ကို ယဲ့ဖန် မြင်လိုက်ရသည်။

ထို့ကြောင့် ချက်ချင်းထွက်သွားရန် အမိန့်ပေးလိုက်သည်။

" ယဲ့လူကြီးမင်း၊ ဘာလို့ ကိုယ်တိုင်လုပ်မှာလဲ။ ကျွန်တော်တို့ ကူညီပေးနိုင်ပါတယ် "

ကောင်းဟူသည် ယဲ့လူကြီးမင်းမှာ ဘာကြောင့် ဤကဲ့သို့ ရှေးဟောင်းမြို့သို့လာပြီး ပိုက်ဆံအနည်းငယ်အတွက်နှင့် ရှေးဟောင်းပစ္စည်းများကို စုဆောင်းနေရကြောင်း မသိသော်လည်း သူသည် စေတနာ့ဝန်ထမ်းအဖြစ် ကမ်းလှမ်းလိုက်သည်။

သို့သော် ယဲ့ဖန်က ချက်ချင်း ငြင်းဆိုလိုက်သည်။

" မလိုပါဘူး၊ မင်းတို့ မြန်မြန်ထွက်သွားကြ "

ဂိုဏ်းသားတစ်စုကို ရှေးဟောင်းပစ္စည်း စုဆောင်းခိုင်းရမှာလား။

ဒါဆို ရှေးဟောင်းပစ္စည်း စုဆောင်းတာဖြစ်မှာလား။ ဒါမှမဟုတ် ရှေးဟောင်းပစ္စည်း လုတာဖြစ်မှာလား။

ကောင်းဟူသည် ယဲ့ဖန်၏ ငြင်းဆိုချက်ကို ကြားပြီးနောက် ငြင်းဆန်ခြင်းမရှိပေ။

သူသည် ရှုပြောင်း၊ အခြားသူများနှင့်အတူ ချက်ချင်း ထွက်သွားခဲ့သည်။

သူတို့ ထွက်သွားပြီးမှ သူမက စကားစပြောသည်။

" ဒီနေ့ အများကြီး စုဆောင်းပြီးပြီ။ နောက်ထပ် စုဆောင်းချင်သေးလား "

ယဲ့ဖန်သည် ထရပ်ကားထဲတွင် တစ်ဝက်ပြည့်နေပြီဖြစ်သော ရှေးဟောင်းပစ္စည်းများကို ကြည့်လိုက်သည်။

" ငါတို့က ဒီကိုရောက်နေပြီဆိုမှတော့ သေချာတာက တစ်ဝက်တစ်ပျက်နဲ့ အရှုံးမပေးနိုင်ဘူး။ ဆက်စုဆောင်းကြတာပေါ့ "

ကျူးရှောင်ကျောင်းသည် နာကျင်နေသော ခြေထောက်များကို ပွတ်သပ်လိုက်သည်။

" ငါတို့ အများကြီး စုဆောင်းပြီးပေမဲ့ တန်ဖိုးရှိရဲ့လားတောင် မသိဘူး။ အမှိုက်ပုံကြီးဖြစ်နေရင် ဘယ်လိုလုပ်မလဲ "

ယဲ့ဖန်က သူမကို ဒေါသတကြီး စိုက်ကြည့်ရင်း ပြောလေသည်

" မင်းက ငါ့ရဲ့ အကဲဖြတ်တဲ့ အရည်အချင်းကို သံသယဝင်နေတာလား။ ပြိုင်ရဲလား "

ကျူးရှောင်ကျောင်း၏ စိတ်ဝင်စားမှုသည် တုန်လှုပ်သွားသည်။

" ဘယ်လိုလဲ "

ယဲ့ဖန်က ဒေါသစိတ်ဖြင့် မျက်ခုံးပင့်လိုက်သည်။

" အခုကစပြီး ငါတို့ လမ်းခွဲပြီး သီးသန့်သွားမယ်။ ပြီးတော့ အချိန်နှစ်နာရီအတွင်း ဘယ်သူက ငွေအနည်းဆုံးနဲ့ တန်ဖိုးအရှိဆုံး ရှေးဟောင်းပစ္စည်းတွေကို ရမလဲဆိုတာကို ကြည့်မယ်။ ပြိုင်ရဲလား "

ကျူးရှောင်ကျောင်းသည် အစပိုင်းတွင် အနည်းငယ် ပင်ပန်းနေခဲ့သော်လည်း ယဲ့ဖန်၏ စိန်ခေါ်သံကို ကြားလိုက်သောအခါ သူမ ပြန်လည် နိုးကြားလာခဲ့သည်။

" ကောင်းပြီ၊ ပြိုင်ကြရအောင်။ နင် ရှုံးရင် နင် ငါ့ကျွန်အဖြစ် သုံးရက်လုပ်ရမယ်။ ငါပြောသမျှကို နင် အကုန်လုပ်ရမယ် "

ယဲ့ဖန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

" မင်းလည်း ရှုံးရင် သုံးရက်လုံး ငါ့ကျွန်လုပ်ရမယ်။ ငါပြောတဲ့အတိုင်းလုပ်ပြီး ခုခံဖို့ ခွင့်မပြုဘူး "

ကျူးရှောင်ကျောင်း တုံ့ဆိုင်းသွားသည်။

" နင်ငါ့ကို လူမဆန်တဲ့ဟာ တစ်ခုခုလုပ်ခိုင်းရင် ဘယ်လိုလုပ်မလဲ။ ငါ ခုခံလို့ မရဘူးလား "

ယဲ့ဖန်က ရယ်လိုက်သည်။

" စိတ်မပူပါနဲ့၊ ငါ မျက်မမြင် မဖြစ်သရွေ့ မင်းကို ငါစိတ်ဝင်စားမှာ မဟုတ်ဘူး "

ကျူးရှောင်ကျောင်းသည် ချက်ခြင်း ဒေါသထွက်သွားသည်။

" နင် ငါ့ကို နှိပ်စက်လို့ရနိုင်ပေမယ့် နင် ငါ့ကို စော်ကားလို့တော့ မရဘူး။ နင့်ရဲ့စိတ်ဝင်စားမှုကို ငါက ဘာလို့ မနှိုးဆွနိုင်ရမှာလဲ။ ဒီနေ့ပဲ ငါ့ကို ရှင်းရှင်းပြောရမယ် "

ယဲ့ဖန် သူမကို တစ်ချက် ကြည့်လိုက်သည်။

" အမှန်တရားကြားချင်လား။ လိမ်တာကြားချင်တာလား "

ကျူးရှောင်ကျောင်းက သူ့ကို စိုက်ကြည့်နေသည်။

" သေချာပေါက် အမှန်တရားပေါ့ "

ယဲ့ဖန်က သူမကို တစ်ချက်ကြည့်လိုက်သည်။

" အမှန်က ငါက မထိန်းနိုင်တဲ့အရာတွေကို ပိုကြိုက်တယ်။ အဲ့တာက စိတ်လှုပ်ရှားစရာအကောင်းဆုံးပဲ။ မင်းက ....... ကျစ် ကျစ် "

ထိုစကားကိုပြောပြီးနောက် ထွက်ပြေးသွားခဲ့သည်။

ကျူးရှောင်ကျောင်းသည် ထိုနေရာတွင် အချိန်အတော်ကြာ စဉ်းစားနေခဲ့သည်။

ရုတ်တရက် သူပြောတာကို နားလည်သွားပြီးနောက် သူမမျက်နှာက နီရဲသွားသည်။

" အပိုတွေ၊ နင် လုံးဝ မထိန်းနိုင်ဘူး ....... "

All Chapters