အပိုင်း ၇၄၉-၇၅၂
Vol. 38 Ch. 749-752
အပိုင်း ( ၇၄၉ )
သေအောင် နင်းချေပေးမယ်
" ယဲ့လူကြီးမင်း၊ ကျွန်တော် ခုနက ဧဝရတ်တောင်ကိုတောင် မမြင်မိဘဲ စကားနဲ့ စော်ကားမိသွားပါတယ်။ လူကြီးမင်းက ကျွန်တော့်ကို အပြစ်မတင်ဘဲ ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် "
ရှဖင်းချိန်သည် ရိုကျိုးသော အမူအရာဖြင့် ယဲ့ဖန်အရှေ့သို့ လျှောက်သွားသည်။
အနီးနားတွင် ထိုင်နေသည့် လူအနည်းငယ်သည် ခေါင်းကို လှည့်ကြည့်ပြီး ထိုလူ၏ ကံဆိုးမိုးမှောင်ကျမှုကို အားရကျေနပ်စွာ ကြည့်နေကြသည်။
တကယ်ပဲ ယန်းချန်မြို့မှာ ယဲ့ဖန်ကို စော်ကားရဲတဲ့သူ ရှိတာလား။
ဒါက တကယ်ကို အသစ်အဆန်းပဲ။
ဒီတစ်ယောက်က သိပ်ရဲရင့်လွန်းတယ် မဟုတ်ဘူးလား။
" နားလည်ပြီ။ ထွက်သွားတော့ "
ယဲ့ဖန်က သူ့ကို လှည့်တောင်မကြည့်ချေ။
သူသည် ချန်းရွှမ်အား အသံတိုးတိုးလေးဖြင့် ဆက်ပြောနေသည်။
ယဲ့ဖန် ဘာပြောနေသည်ဆိုတာ သူတို့ မသိကြသော်လည်း ချန်းရွှမ်၏ လှပသော မျက်နှာလေးမှာ နီရဲလာကာ ယဲ့ဖန် ပုခုံးပေါ်သို့ လက်သီးဖွဖွဖြင့် ထိုးလေတော့သည်။
ရှဖင်းချိန်သည် သူတို့နှစ်ယောက် ပရောပရီ လုပ်နေသည်ကို မြင်လိုက်ရသည်။
အနည်းငယ် မနာလိုသော်လည်း သူ့မျက်နှာတွင် ထိုအမူအရာကို မပြရဲပေ။
သူသည် ယဲ့ဖန်အား ဆက်ပြီး ဦးညွှတ်လိုက်သည်။
" ယဲ့လူကြီးမင်း၊ ဒီည အချိန်ရလားလို့ မေးပါရစေ။ အားရင် ညစာစားဖို့ ဖိတ်ခေါ်ချင်ပါတယ် ....... "
ယဲ့ဖန်သည် ချန်းရွှမ်နှင့် စကားပြောနေသည်ကို နှောင့်ယှက်ခံလိုက်ရပြန်သည်။
သူ စိတ်မရှည်တော့ချေ။
" ခင်ဗျားကို ထွက်သွားဖို့ ပြောနေတာ မကြားဘူးလား "
ယဲ့ဖနိသည် ချန်းရွှမ်နှင့် ပတ်သက်ပြီး မကောင်းသော အတွေးရှိသူများကို အမြင်ကြည်မည် မဟုတ်ချေ။
ရှဖင်းချိန်သည် ဖင်းမြို့၌ နာမည်ကြီးသူဖြစ်သည်။
သို့သော် ယခုအခါ သူသည် လူများစွာရှေ့၌ လူငယ်တစ်ဦးအား တောင်းပန်ရင်း ဤကဲ့သို့ မတူမတန်စွာ ဆက်ဆံခံရသည်။
သူသည် ချက်ချင်းပင် ဒေါသထွက်လာသည်။
ယဲ့ဖန်သည် မည်မျှပင် အင်အားကြီးသူ ဖြစ်ပါစေ၊ သူသည် သူတစ်ပါးအား မရိုသေတတ်သောသူ ဖြစ်သည်။
ရှဖင်းချိန်သည် ဘာမှပြန်မပြောဘဲ ချက်ချင်းထွက်သွားသည်။
ဝေ့ချန်းဖန်းသည် ဘေးမှ ကြည့်နေပြီး ယဲ့ဖန်၏ နားသို့ ရုတ်တရက် တိုးတိတ်စွာ ပြောလာသည်။
" ယဲ့လူကြီးမင်း၊ ဒီ ရှဖင်းချိန်က လူကြီးမင်းကို ဘယ်လို စော်ကားခဲ့တာလဲ။ သူ့ကို ကူရှင်းပေးစေချင်လား "
ယဲ့ဖန် သူ့ကို လှည့်ကြည့်လိုက်သည်။
" ဝေ့လူကြီးမင်း၊ ဒီလူကို သိတာလား "
ဝေ့ချန်းဖန်း ချက်ချင်း လေးစားစွာ ခေါင်းညိတ်လိုက်သည်။
" ဒီလူက ဖင်းမြို့ရဲ့ နာမည်ကြီးပဲ။
ရှုအိမ်ခြံမြေရဲ့ အင်အားက ကျွန်တော်တို့ ချန်းဖန်းအိမ်ခြံမြေထက် မနိမ့်ဘူး။ သေချာပေါက် ယဲ့လူကြီးမင်းနဲ့ ယှဉ်ရင်တော့ သူက အများကြီးပိုနိမ့်တာပေါ့ "
ယဲ့ဖန်သည် သူ့ထိုင်ခုံတွင် ပြန်ထိုင်နေသော ရှဖင်းချိန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ထိုလူ၏ မျက်လုံးထဲမှ အမုန်းတရားတွေကို မြင်လိုက်ရသည်။
သူ့အား ယဲ့ဖန်မှ ကြည့်နေတာကို သိလိုက်ရပြီး အမုန်းတရားတွေကို အမြန်ဖုံးကွယ်လိုက်ကာ အန္တရာယ်ကင်းသည့် အပြုံးတုကို ပြုံးလိုက်သည်။
ထိုလူသည် ခုနက သူ၏ သဘောထားကို အလွန် မကျေမနပ်ဖြစ်နေပုံရပြီး အညှိုးထားနေပုံတောင်ရသည်။
အဲ့တာကို တွေးပြီး အေးစက်သော အပြုံးကို ချက်ချင်း ပြုံးလိုက်ကာ ဝေ့ချန်းဖန်းဘက်ကို လှည့်ကြည့်လိုက်သည်။
" ဒီလူရဲ့ ပုံရိပ်က ဘယ်လိုလဲ "
ဝေ့ချန်းဖန်းသည် ယဲ့ဖန်နှင့် သူ၏ ဆက်ဆံရေးကို ဖြေလျှော့ရန် အခွင့်အရေးကို တွေးနေချိန်၌ ယဲ့ဖန်မှ မေးလာသည်ကို ကြားသောအခါ ဝမ်းသာသွားသည်။
" ကျွန်တော်သိသလောက်တော့ ဖင်းမြို့မှာ ဒီလူရဲ့ နာမည်က တော်တော်လေးဆိုးတယ်။ အသေးအမွှားကိစ္စလေးဆိုရင်တောင် သူ့ကို စော်ကားမိတဲ့သူတွေကို အချိန်အကြာကြီး မှတ်ထားပြီး အဆုံးသတ်ဖို့ အခွင့်အရေး ရှာတယ်။ နောက်ပြီးတော့ မိန်းမကိစ္စတွေဆို ပိုပြီးတောင် ညစ်ပတ်သေးတယ် ...... "
ထိုအချိန်၌ သူ ရုတ်တရက် တုန်လှုပ်သွားသည်။
ယဲ့ဖန်သည် သူ့ပတ်ဝန်းကျင်တွင် မိန်းမများစွာရှိသည်ကို သူ မေ့မတတ် ဖြစ်သွားခဲ့သည်။
သို့သော် ထိုကိစ္စသည် သူ အတွေးလွန်နေတာသာဖြစ်ပြီး ယဲ့ဖန်ကတော့ မတွေးမိခဲ့ချေ။
ယဲ့ဖန်တွင် အသိမိန်းကလေးတွေ များစွာရှိသော်လည်း သူသည် ဖောက်ပြားပျက်စီးနေသူ မဟုတ်ချေ။
အခုအချိန်ထိ သူ လိင်ဆက်ဆံဖူးသူ မိန်းကလေးနှစ်ယောက်သာ ရှိသေးသည်။
" ခင်ဗျား၊ ဘာလို့ ဘာမှ ဆက်မပြောတာလဲ "
ဝေ့ချန်းဖန်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
ဝေ့ချန်းဖန်းသည် အဆင်မပြေစွာ ချောင်းဟန့်လိုက်သည်။
'မိန်းမတွေနဲ့ ပျက်စီးပုတ်သိုးနေတာ'လို့ ပြောတုန်းက မင်းအကြောင်းကို တွေးမိတယ်လို့ ပြောရမှာလား။
အဲ့တာက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာပဲ မဟုတ်ဘူးလား။
သူ့စကားကို အလျင်စလို ပြင်ဆင်ပြီး ဆက်ပြောလိုက်သည်။
သူ၏ ပြောပြချက်ကို နားထောင်ပြီးနောက် ယဲ့ဖန်သည် ထို ရှဖင်းချိန်အကြောင်းကို ရှင်းလင်းစွာ နားလည်သွားခဲ့သည်။
ပို၍ အတိအကျပြောရလျှင် ထိုလူသည် အလွန်ကံကောင်းသော လူဆိုးတစ်ဦးမျှသာဖြစ်သည်။
သူသည် ချမ်းသာနေပြီ ဖြစ်သော်လည်း သူ၏ လုပ်ရပ်များသည် လူဆိုးများ၏ အရောင်ကို ပြသနေဆဲ ဖြစ်သည်။
သူသည် ရက်စက်ကြမ်းကြုတ်ပြီး တစ်ဖက်လူကို လွတ်လမ်းမပေးတတ်ချေ။
ထိုအချက်မှာ သူနှင့် အလွန်တူလေသည်။
ထိုလူသည် သူ့အပေါ် အာဃာတထားရဲသည်အထိ သတ္တိရှိသူဖြစ်၍ သူ့ဘက်မှလည်း နင်းချေပြီး သတ်ပစ်လိုက်ရန် ဝန်မလေးချေ။
ထိုအချိန်တွင် တရားဝင် လေလံတင်ခြင်း စတင်ခဲ့သည်။
ပထမဦးစွာ စည်ပင်အရင်းအမြစ် ခေါင်းဆောင်တစ်ဦးသည် စင်မြင့်ပေါ်တက်၍ အမှာစကား ပြောကြားကာ တက်ရောက်လာသော စီးပွားရေး လက်ရွေးစင်ကုမ္ပဏီများကို အားပေးစကား ပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲမစတင်မီ စည်းကမ်းချက်များအား ရှင်းလင်းတင်ပြသည်။
" နေရာ ၀၀၁မှာ ဧရိယာ ၇၂ ဟက်တာ ရှိပါတယ်။ ပတ်ဝန်းကျင်က အဆောက်အဦးတွေက အဆင်ပြေပြီးတော့ အရှေ့ဘက်မှာ ချန်ချင်းရေကန်နဲ့ ကပ်လျက်ရှိပါတယ် ...... "
စီစဉ်သူသည် နေရာ ၀၀၁၏ အခြေအနေများကို စတင် မိတ်ဆက်ပေးခဲ့သည်။
ရောက်ရှိလာသူအားလုံးသည် ယဲ့ဖန်၏ အမူအရာကို ကြည့်နေကြသည်။
အကယ်၍ ယဲ့ဖန်သည် ထိုနေရာအား လိုချင်သည်ဆိုပါက သူတို့သည် ရူးမိုက်စွာ လိုက်ပြီး လေလံဆွဲရဲမည် မဟုတ်ပေ။
သို့သော် ယဲ့ဖန်မှ ထိုမြေကွက်အား စိတ်ဝင်စားမှု မပြခဲ့ချေ။
သူသည် ချန်းရွှမ်နှင့် အသံတိုးတိုးဖြင့်သာ စကားပြောနေသေးသည်။
အားလုံးမှ သက်ပြင်းချကာ ပုံမှန်အတိုင်း စတင်လိုက်ကြသည်။
နောက်မြေကွက်အချို့ကိုလည်း လေလံတင် ရောင်းချခဲ့သည်။
လေလံမဆွဲမီတွင် လူတိုင်းသည် ယဲ့ဖန်၏ အမူအရာကို အရင်ဆုံး လှမ်းကြည့်ကြမည်ဖြစ်သည်။
ရှဖင်းချိန်ကတော့ သူတို့နှင့် မတူချေ။
သူသည် ယဲ့ဖန် ၏အမူအရာကို ကြည့်နေသော်လည်း မည်သည့်မြေကွက်ကို သူလေလံဆွဲနေသည်ကို ကြည့်ချင်သောကြောင့် မဟုတ်ဘဲ မည်သည့်မြေကွက်ကို လေလံဆွဲရန် စီစဉ်ထားသည်ကို သိချင်သောကြောင့် ဖြစ်သည်။
ဤမနက်တွင် စားသောက်ဆိုင်ထဲ၌ သူတို့စကားပြောနေသည်ကို ကြားရသည်အရ ယဲ့ဖန်သည် အတွင်းအချက်အလက်အချို့ကို ရရှိထားကြောင်း သူသိလေသည်။
မြေတစ်ကွက်သည် ပညာရေးနယ်မြေအဖြစ် ပြောင်းလဲတော့မည် ဖြစ်သည်။
ထိုအခါ ကြီးမားသော အကျိုးခံစားမှုများကို ခံစားရမည်ဖြစ်သည်။
အစပိုင်းတွင် သူသည် ထိုကဲ့သို့သော အတွင်းသတင်း အချက်အလက်များကို ဂရုမစိုက်သော်လည်း ယဲ့ဖန်၏ သရုပ်မှန်ကို သိပြီးနောက် ထိုမြေကွက်ကို အာရုံစိုက်လာခဲ့သည်။
ယဲ့လူကြီးမင်းသည် အလွန်အစွမ်းထက်သောကြောင့် သူရရှိထားသော အတွင်းအချက်အလက်များသည် ယုံကြည်စိတ်ချနိုင်လောက်သည်။
ထို့အပြင် သူသည် တစ်ဖက်သားကို စော်ကားပြီး ဖြစ်သည်။
အခုချိန်မှ သူ့အား စော်ကားမိမည်ကို ကြောက်ရန် မလိုတော့ပေ။
ယဲ့ဖန် ဘယ်မြေကွက်ကို လေလံဆွဲမလဲဆိုတာကို သူ စောင့်ကြည့်နေသည်။
သူလည်း လိုက်ပြီး လေလံဆွဲမှာဖြစ်သည်။
ထိုမြေကွက်အား နောက်ဆုံး၌ မရနိုင်လျှင်ပင် အနည်းဆုံး ယဲ့ဖန်အား ဒုက္ခပေးနိုင်မည် ဖြစ်သည်။
ငါ့ကို ဘာကိစ္စ မျက်နှာသာမပေးရတာလဲ။
ယဲ့လူကြီးမင်းက ဘာကြီးနေနေ ငါ ဂရုမစိုက်ဘူး။
မင်းတို့အားလုံး ငါ့ရှေ့မှာ ညီလေးသာသာပဲ။
ယဲ့ဖန်သည် သူ့လက်ကို ပထမဆုံး အကြိမ် မြှောက်လိုက်သည်ကို ရုတ်တရက် မြင်လိုက်ချိန်၌ ရှဖင်းချိန် ဂုဏ်ယူစွာ ပြုံးနေလိုက်သည်။
ထိုအချိန်တွင် နေရာ ၀၁၀ကို လေလံတင် ရောင်းချနေပြီဖြစ်သည်။
ကြမ်းခင်း စျေးနှုန်းမှာ သန်း၂၅၀ဖြစ်သည်။
စီစဉ်တင်ဆက်သူမှ စကားပြောပြီးသည်နှင့် ယဲ့ဖန် သူ့လက်ကို မြှောက်လိုက်သည်။
" သန်း ၂၆၀ "
ယဲ့ဖန်၏ လှုပ်ရှားမှုကို မြင်ပြီးနောက် လေလံပွဲ၌ ပါဝင်ရန် စီစဉ်ထားသူများသည် ချက်ချင်း ရပ်တန့်သွားကြသည်။
စီစဉ်တင်ဆက်သူက လှည့်ကြည့်သည်။
" ဒီလူကြီးမင်းက သန်း ၂၆၀နဲ့ လေလံဆွဲထားပါတယ်။ ပိုများတဲ့ လေလံဈေးများ ရှိပါသေးသလား "
ဘယ်သူမျှ လက်မမြှောက်ကြသလို စကားလည်း မပြောကြပေ။
သူတို့အားလုံး နေရာတွင်သာ ငြိမ်သက်စွာ ထိုင်နေကြသည်။
စီစဉ်သူက သုံးကြိမ်တိုင်တိုင် မေးသော်လည်း မည်သူမျှ ကမ်းလှမ်းခြင်းမရှိပေ။
ထို့ကြောင့် ရလဒ်ကို ကြေညာတော့မည် ဖြစ်သည်။
" လေလံထပ်ဆွဲတဲ့သူ မရှိတော့တဲ့အတွက် ဒီလူကြီးမင်းက လေလံအမှတ် ၀၁၀ကို သန်း ၂၆၀နဲ့ အနိုင်ရသွားခဲ့ပါတယ် ...... "
လူအများက လက်ခုပ်တီးရန် ပြင်ဆင်နေကြသည်။
ထိုအချိန်တွင် ထောင့်တစ်နေရာမှ အသံတစ်ခု ထွက်ပေါ်လာသည်။
" သန်း ၃၀၀ "
အပိုင်း ( ၇၅၀ )
ပိုကောင်းလာတဲ့ သရုပ်ဆောင်ချက်
လူတိုင်းသည် အသက်ရှင်နေရသည့် ဘဝအား ဂရုမစိုက်သည့်သူ ဘယ်သူလဲဆိုတာ သိချင်စိတ်နှင့် တညီတညွတ်တည်း ခေါင်းလှည့်ကြည့်လိုက်ကြသည်။
တကယ်ပဲ သူက ယဲ့လူကြီးမင်းဆီက ဖြတ်ယူရဲတာလား။
အသက်ရှင်ရတာ ပင်ပန်းနေပြီထင်တယ်။
ရှဖင်းချိန်သည် လူတိုင်း၏ အကြည့်များကို တွေ့လိုက်ရသည်။
သူသည် လုံးဝ စိတ်မသက်မသာ မဖြစ်ပေ။
သူသည် ယဲ့ဖန်ကို တမင်တကာပင် ပြုံးပြလိုက်သေးသည်။
ယဲ့ဖန်လည်း လှည့်ကြည့်ပြီး သူ့ကို စိုက်ကြည့်နေသည်။
သူ၏ မျက်လုံးထဲမှ ခြိမ်းခြောက်မှုမှာ ထင်ရှားနေလေသည်။
သို့သော် ရှဖင်းချိန်သည် မကြောက်မရွံ့ ပြုံးနေသေးသည်။
ယဲ့ဖန် သူ့ကို ဂရုမစိုက်တော့ချေ။
သူ ပြန်လှည့်ပြီး သူ့လက်ကို မြှောက်လိုက်ပြန်သည်။
" သန်း ၃၁၀
" သန်း ၃၅၀ "
ရှဖင်းချိန်က သူ့ကို တမင်တကာ ထိပ်တိုက်ရင်ဆိုင်နေခဲ့သည်။
ယဲ့ဖန် ပြောပြီးသည်နှင့် အနောက်မှ လေလံကြေးတင်လေသည်။
ထိုအခါ နေရာ၌ ရှိနေသမျှလူတိုင်း ငြိမ်မနေနိုင်တော့ချေ။
သူတို့အားလုံး အသံတိုးတိုးလေးဖြင့် ဆက်သွယ်ပြောလာကြသည်။
" ဒီကောင်က ဘာဖြစ်ချင်နေတာလဲ။ သူက ယဲ့လူကြီးမင်းကို တမင်တကာ တိုက်ခိုက်နေတာလား "
" ဟုတ်တယ်၊ ဒီတစ်ယောက်က ခုနကထိ မြေကွက်တွေကို လေလံဆွဲတာ မတွေ့ဘူး။ ဒါပေမဲ့ သူက ယဲ့လူကြီးမင်းလည်းစရော တန်းပြီး လေလံဆွဲနေတာ။ သူက သေချာပေါက် ယဲ့လူကြီးမင်းကို တမင် ပစ်မှတ်ထားနေတာ ရှင်းနေတာပဲ "
" ဒီကောင်က သူ့အသက်ထက် ပိုက်ဆံကို ပိုလိုချင်နေတာထင်တယ်။ သူက ယဲ့လူကြီးမင်းရဲ့ မြေကိုတောင် လုယူရဲတာလား "
" ဟူး၊ ငါတို့ ဘာမှလုပ်လို့မရဘူး။ ယဲ့လူကြီးမင်းက ဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ မြေလေလံပွဲပြီးတဲ့အထိ စောင့်ရမှာ။ အခု သူနဲ့ ပတ်သက်ပြီးတော့ ငါတို့ ဘာမှ လုပ်လို့ မရဘူး "
ယဲ့ဖန် လုံးဝ ဒေါသထွက်နေပုံရပြီး သူက ချက်ချင်း အော်လိုက်သည်။
" သန်း ၄၀၀ "
" သန်း ၄၅၀ "
" သန်း ၅၀၀ "
" သန်း ၅၅၀ "
" သန်း ၆၀၀ "
" သန်း ၆၅၀ "
" သန်း ၇၀၀ "
" သန်း ၇၅၀ "
သူတို့နှစ်ယောက်သည် အကြိတ်အနယ် ဖြစ်နေကြပြီ ဖြစ်သည်။
ကြည့်နေကြသူများမှာ အသက်ရှူတောင် မဝတော့ချေ။
တစ်ယောက်က အော်ပြီးသည်နှင့် နောက်တစ်ယောက်က ချက်ချင်း လိုက်အော်သည်။
မြေကွက်၏ ကြမ်းခင်းဈေးမှာ သန်း၂၅၀သာ ရှိသော်လည်း တခဏချင်းတွင် သုံးဆတိုးကာ သန်း၇၅၀အထိ အံ့အားသင့်ဖွယ် ဖြစ်လာသည်။
ချန်းရွှမ်လည်း အနည်းငယ် စိတ်ပူသွားသည်။
သူမသည် ယဲ့ဖန်၏ လက်ကို အမြန်ဆွဲလိုက်သည်။
" ရှောင်ဖန်၊ ဒီမြေကွက်က နေရာကောင်းမဟုတ်ဘူး။ ပိုက်ဆံအများကြီး ပေးရဖို့ မတန်ဘူး "
" ကိုယ် သူ့အတွက် တွင်းတူးပေးနေတာ "
သူမ၏ နားထဲသို့ တီးတိုးပြောလိုက်ပြီး ယဲ့ဖန်၏ မျက်နှာပေါ်မှ အပြုံးက ပျောက်သွားသည်။
ချန်းရွှမ်၏ ထိတ်လန့်သွားလျက် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
" နင်က ...... အဲ့တာ သိပ်ဆိုးလွန်းတယ် မဟုတ်ဘူးလား "
ယဲ့ဖန်က ပေါ့ပါးစွာ ရယ်လိုက်သည်။
" ကိုယ် သူ့ကို မခြောက်ရင် သူက ကိုယ့်အကြံအစည်တွေကို ဖျက်ဆီးပစ်မှာ စိုးရိမ်ရတယ် "
သူသည် စကားပြောပြီးသည်နှင့် ထရပ်ပြီး ရှဖင်းချိန်ကို စိုက်ကြည့်လိုက်သည်။
" ခွေးသား၊ မင်းငါ့ကို တမင်တကာ ရန်ရှာနေတာ မဟုတ်လား "
ချန်းရွှမ်သည် သူမ၏ လျှာကို ဖွဖွကိုက်ထားရင်း ရယ်ချင်တာကို ထိန်းလိုက်သည်။
ဒီကောင်လေးရဲ့ သရုပ်ဆောင်မှုက ပိုကောင်းလာတာပဲ။
ရှဖင်းချိန်သည် တစ်ဖက်မှ ပြဿနာတက်သွားကို မြင်လိုက်သောအခါ အလွန်ဝမ်းသာသွားသည်။
ယဲ့ဖန်ကို ကြည့်ရသည်မှာ ချောင်ပိတ်ခံရသလို ဖြစ်နေသည်။
တစ်နည်းဆိုရလျှင် ထိုမြေကွက်သည် အမှန်တကယ် အလားအလာကောင်းသောမြေ ဖြစ်လောက်သည်။
သူသည် ပျော်သွားသော်လည်း အပြစ်ကင်းသည့်ပုံစံ ဟန်ဆောင်လိုက်သည်။
" ယဲ့လူကြီးမင်း၊ မင်း ဘာဆိုလိုချင်နေတာလဲ။ ဒါက မြေယာလေလံပွဲဆိုတော့ တရားမျှတတဲ့ ပြိုင်ဆိုင်မှုပါပဲ။ ယဲ့လူကြီးမင်းက အင်အားကြီးလို့ လူတိုင်းက မင်းကို ကြောက်ရပေမယ့် မင်း ဒီလောက်ကြီးထိ လိုက်လွှမ်းမိုးနေလို့ မရဘူး "
ယဲ့ဖန်က သူ့ကို လက်ညှိုးထိုးသည်။
" ငါ၊ ယဲ့ဖန်ဆိုတဲ့သူကို တိုက်ခိုက်တာရဲ့ အကျိုးဆက်ကို မင်းသိလား "
ရှဖင်းချိန်က သူ့ကို ဖြောင့်မတ်မှန်ကန်စွာ စိုက်ကြည့်နေသည်။
" ဒါက တရားမျှတတဲ့ ပြိုင်ဆိုင်မှုပဲဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော် စည်းကမ်းမဖောက်ထားဘူး။ မြေယာလေလံပွဲရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်းပဲ ဆောင်ရွက်ခဲ့တာပါ။ တကယ်လို့ ယဲ့လူကြီးမင်းဆိုတဲ့ မင်းက တခြားသူတွေကို အနိုင်ကျင့်ချင်ရင်တော့ ငါလည်း ဘာမှလုပ်လို့မရဘူး "
သူ့စကားတွေမှာ အလွန်မှန်လေသည်။
သူသည် ယဲ့ဖန်အား ယုတ္တိမတန်စွာဖြင့် အနိုင်ကျင့်သူဟု ပြောခဲ့သည်။
သူသည် အားနည်းသော်လည်း အာဏာကို မကြောက်ဘဲ တရားမျှတမှုဘက်ကို အခိုင်အမာ ရပ်တည်ခဲ့သည့်ပုံ လုပ်လိုက်သည်။
လူများစွာသည် ယဲ့ဖန်၏ အင်အားကို ကြောက်ရွံ့နေကြသော်လည်း ရှဖင်းချိန်ပြောသည်ကို သဘောတူကြဆဲဖြစ်သည်။
မြေယာလေလံပွဲ၌ ပါဝင်သော လူတိုင်းသည် လေလံဆွဲရန် ရောက်လာသည့်အတွက် သူလည်း လေလံဆွဲနိုင်သလို အခြားသူများလည်း လေလံဆွဲနိုင်လေသည်။
ယဲ့ဖန် ဒေါသတကြီးဖြင့် ပြောလိုက်သည်။
" ကောင်းပြီလေ၊ မင်းက ငါ့ကို ပြိုင်ချင်တာလား။ ငါ မင်းကို အခွင့်အရေးပေးလိုက်မယ်။ ငါ့ကို စိတ်မပျက်စေနဲ့ "
ထိုသို့ ပြောပြီးသည်နှင့် ချက်ချင်းလှည့်ပြီး အော်လိုက်သည်။
" ၁ ဘီလီယံ "
ထိုစကားကို ပြောပြီးသည်နှင့် နေရာရှိ လူတိုင်းမှာ ချက်ချင်း ပေါက်ကွဲသွားကြသည်။
ရှဖင်းချိန်သည် လေလံဈေးကို သန်း၇၅၀ထိ မြှင့်တင်ခဲ့သော်လည်း ယဲ့ဖန်သည် လေလံဈေးကို ၁ဘီလီယံအထိ မြှင့်တင်ခဲ့ကာ သန်း၂၅၀ တိုးခဲ့သည်။
သူ ဒေါသထွက်နေသည်မှာ ထင်ရှားသည်။
ဤတစ်ကြိမ်တွင် ရှဖင်းချိန် အနည်းငယ် ကြောက်လန့်သွားသည်။
အမှန်တွင် ဒီတစ်ကြိမ်၌ သူ့မိသားစုမှ သူ့ကို စုစုပေါင်း ယွမ် သန်း၈၀၀သာ ပေးိုင်နေရသည်။
ထိုယွမ် သန်း၈၀၀ကိုပင် နေရာအနှံ့မှ ခွဲထုတ်ယူခဲ့ရသည်။
အခုသူတို့သည် သူ ထိုမြေကွက်အား လေလံဆွဲပြီး သူတို့ အသက်ကို ကယ်တင်ပေးရန် ပြန်လာမည့်သူကို စောင့်နေကြသည်။
သို့သော် ယခုအခါ သူသည် နောက်ဆုံးမိနစ်တွင် သူ၏ မြေကွက်ပစ်မှတ်ကို ပြောင်းလဲလိုက်ပြီး ယဲ့ဖန် ခေါ်လိုက်သော လေလံဈေးသည်လည်း သူသုံးနိုင်သည့် ငွေကြေးပမာဏထက် ကျော်လွန်နေပြီဖြစ်ရာ ဤအချင်းအရာသည် ကြီးမားသောစွန့်စားမှုကြီးတစ်ခု ဖြစ်လာသည်။
ထားလိုက်ပါ၊ မစွန့်စားတာပဲ ပိုကောင်းတယ်။
မည်သို့ပင်ဆိုစေကာမူ ဤမြေကွက်သည် သူတို့၏ ပြိုင်ဆိုင်မှုအောက်တွင် မူလပေါက်ဈေးထက် များစွာ ကျော်လွန်နေပြီဖြစ်သည်။
ဤကဲ့သို့ မောက်မာလွန်းသည့် ယဲ့လူကြီးမင်းကို တစ်ခါတည်းဖြင့် သွေးထွက်အောင် လုပ်နိုင်သည်က သူ လက်စားချေလိုက်သည်ဟု ယူဆနိုင်သည်။
သူ လက်လျှော့ခါနီးတွင် ယဲ့ဖန်၏ မျက်နှာထက်ရှိ အောင်ပွဲခံအပြုံးတစ်ခုကို ရုတ်တရက်တွေ့လိုက်ရသည်။
တစ်ချိန်တည်းမှာပင် သူသည် သူ့ဘေးနားရှိ ချန်းရွှမ်နှင့် လက်ဖဝါးချင်းရိုက်နေသည်။
ထိုလုပ်ရပ်က သူ့အာရုံကို ချက်ချင်း ဆွဲဆောင်သွားသည်။
ကြည့်ရတာ ဒီမြေကွက်ရဲ့တန်ဖိုးအမှန်က ဒီထက်ပိုများနေလို့လား။
ထိုမြင်ကွင်းက ချက်ချင်း သူ့ကို စိတ်ထွေပြားစေသည်။
ထိုအချိန်တွင် စင်မြင့်ပေါ်ရှိ စီစဉ်သူမှ ပြောလာသည်။
" ဒီလူကြီးမင်းက လေလံစျေး ၁ ဘီလီယံ ပေးနေပါတယ်။ စျေးပိုပေးချင်တဲ့သူတွေ ရှိပါသေးသလား "
ဘယ်သူမှ မတုံ့ပြန်ကြပေ။
စီစဉ်တင်ဆက်သူမှ သုံးကြိမ်မေးသော်လည်း ဘယ်သူမှ ဘာမှ မပြောချေ။
သူသည် တူကို ထုတော့မည်ဖြစ်သည်။
" ဒီလူကြီးမင်းက ၁ ဘီလီယံနဲ့ နောက်ဆုံးလေလံ မြေအကွက် ၀၁၀ကို အနိုင်ရသွားခဲ့ ...... "
ထိုလူ၏ စကားမဆုံးခင်တွင် ရှဖင်းချိန်၏ အသံ ထပ်ပြီးထွက်ပေါ်လာသည်။
" ၁.၀၅ ဘီလီယံ "
ဟား .......
ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်သည်။
လူတိုင်းသည် ရှဖင်းချိန်ကို မယုံကြည်နိုင်စွာ ကြည့်နေကြပြီး သူ ဘာဆေးမှားစားလဲဆိုတာ တွေးနေကြသည်။
သူတို့၏ ပရော်ဖက်ရှင်နယ် အမြင်အရ ထိုေလေလံမြေကွက်၏ အလားအလာမှာ အလွန်နည်းလေသည်။
အနည်းဆုံး သန်း ၃၀၀မှ ၄၀၀လောက်သာ တန်သည်။
သို့သော် ယခုအခါ ဤမျှ မိုးထိမြင့်မားသောဈေးဖြင့် လေလံတင်ရောင်းချလိုက်ခြင်းမှာ လူတိုင်း မမျှော်လင့်ထားသောကိစ္စ ဖြစ်သည်။
ရှဖင်းချိန်သည် လူတိုင်း၏ ပဟေဠိဆန်သော အကြည့်များကြားမှ သူ့အပြုံးမျက်နှာကို ဆက်လက် ထိန်းသိမ်းထားသည်။
သူသည် ဤစျေးပေးလိုက်ခြင်းဖြင့် လောင်းကစားပြုလုပ်ခဲ့ကြောင်း ဝန်ခံရမည်ဖြစ်သည်။
သို့သော် မည်သို့ပင်ဖြစ်စေကာမူ သူသည် ယဲ့ဖန်၏ 'အချိတ်အဆက်များ'ကို ယုံကြည်ရန် ရွေးချယ်ခဲ့သည်။
ဤယဲ့လူကြီးမင်းသည် ဒီမြေအတွက် ၁ ဘီလီယံပင် သုံးပြီး ဝယ်လိုလျှင် ဒီမှ ပြန်ရမည့်အမြတ်မှာ သေချာပေါက် ပိုများမည်ဖြစ်သည်။
သူသည် မိသားစုကို အကျပ်အတည်းမှ အမှန်တကယ် လွတ်မြောက်အောင် ကူညီပေးနိုင်မည်ဖြစ်ပြီး ငွေအမြောက်အများလည်း ရရှိနိုင်သည်။
ထို့နောက် သူသည် မိသားစု၏ ထိုက်တန်သော သူရဲကောင်းတစ်ဦး ဖြစ်လာမည်ဖြစ်ပြီး မိသားစုတွင်းရှိ သူ၏ အနေအထားသည် အနာဂတ်တွင် ပို၍ ပို၍ တည်ငြိမ်လာမည်ဖြစ်သည်။
သူသည် ထိုအကြောင်းများကို တွေးလေလေ စိတ်လှုပ်ရှားလေလေဖြစ်သည်။
ယဲ့ဖန်အား မေးငေါ့ပြန်ရန်လည်း မမေ့ခဲ့ချေ။
" ယဲ့လူကြီးမင်း၊ ဆက်ချင်သေးလား။ ငါ မင်းကို အဆုံးထိ အဖော်ပြုပေးမယ် "
အပိုင်း ( ၇၅၁ )
ခွေးဖြစ်တာ ဘာဖြစ်နေလို့လဲ။
ရှဖင်းချိန်၏ ဒေါသဆွနေမှုကို ရင်ဆိုင်ရင်း ယဲ့ဖန် ပြုံးရုံသာ ပြုံးနေသည်။
သူသည် ပန်းတိုင်ကို ရောက်နေပြီဖြစ်သည်။
ထိုတစ်ယောက်သည် သူ့အား ဒုက္ခပေးနိုင်စွမ်း မရှိလောက်တော့ချေ။
ယဲ့ဖန် ပြိုင်နေရာမှ နုတ်ထွက်လိုက်သော်လည်း အခြားသူများက လိုက်ပြီး လေလံဆွဲမှု မရှိကြပေ။
အဆုံးတွင် ရှဖင်းချိန်သည် အမြင့်ဆုံးဈေးဖြစ်သော ၁.၀၅ဘီလီယံဖြင့် မြေကွက်ကို ဝယ်ယူခဲ့သည်။
စီစဉ်သူသည် နောက်ဆုံးရလဒ်ကို ကြေညာလိုက်သောအခါတွင် ရှဖင်းချိန် ခံစားချက်များ ရုတ်တရက် ရောထွေးသွားခဲ့သည်။
ခေါင်းပူနေသည့်အခိုက်အတန့်တွင် ခွင့်ပြုချက်မရှိဘဲ မိသားစု၏ မူလအစီအစဉ်ကို ပြောင်းခဲ့သည်။
ထို့အပြင် သူသည် အစီအစဉ်အတိုင်းမဟုတ်ဘဲ ထိုမြေကွက်ကို အလွန်မြင့်သောဈေးဖြင့် ဝယ်ယူခဲ့သည်။
သူသည် အတော်ကြီးသော အန္တရာယ်အား ယူလိုက်သည်ဟု ဆိုနိုင်သည်။
အခု ပြန်တွေးကြည့်သည့်အခါ သူ အလွန်ဝမ်းနည်းသွားသည်။
အကယ်၍ ထိုမြေကွက်သည် နောက်ဆုံးတွင် တန်ဖိုးတက်မလာပါက သူသည် မိသားစု၏ အပြစ်သားတစ်ဦး ဖြစ်လာလိမ့်မည်။
သူ၏ လက်ရှိရာထူးအား ထိန်းထားရန် မပြောနှင့် မိသားစုထဲမှ လူတွေကပင် သူ့ကို အသက်ရှင်လျက် အရေခွံစုတ်ပေးကြလိမ့်မည် ဖြစ်သည်။
ယခုတွင် ယဲ့ဖန်၏ 'အဆက်အသွယ်များ' သည် ယုံကြည်စိတ်ချရသည်ဟုသာ မျှော်လင့်နိုင်တော့သည်။
မဟုတ်ပါက ...... သူသည် ဖြစ်လာမည့် အကျိုးဆက်များကို အမှန်တကယ် မတွေးရဲတော့ချေ။
မြေကွက်အနည်းငယ်ကို လေလံတင်ရောင်းချပြီးနောက် နောက်ဆုံးတွင် နေရာ ၀၆၆ ၏ အလှည့်ဖြစ်သည်။
ဤမြေကွက်၏ လေလံကြမ်းခင်းဈေးမှာ သန်း၃၀၀ ဖြစ်သည်။
စီစဉ်တင်ဆက်သူမှ မြေကွက်အကြောင်း ရှင်းပြ ပြောပြီးသည်နှင့် ယဲ့ဖန်မှ သူ့လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
" ၃၀၁ သန်း "
လေလံဆွဲရာ၌ လေလံဈေးသည် တစ်ခါတိုးလျှင် ၁ သန်းထက် မနည်းရဟု သတ်မှတ်ထားသောကြောင့် ကြမ်းခင်းဈေးထက် ၁ သန်းကို တိုးပေးခဲ့သည်။
အစတွင် ဤနေရာ ၀၆၆၏ လေလံပွဲ၌ ပါဝင်ရန် ပြင်ဆင်ထားသူများသည် လိမ္မာပါးနပ်စွာဖြင့် ယှဉ်ပြိုင်ရန်ကို လက်လျှော့လိုက်ကြသည်။
ရှဖင်းချိန်သည် လက်သီးများ ဆုပ်ထားမိသည်။
ဤမြေကွက်အား ရှမိသားစုမှ လေလံဆွဲရန် စီစဉ်ထားသော်လည်း ပြိုင်ပွဲတွင် ပါဝင်ရန် သူ့တွင် ရန်ပုံငွေ မရှိတော့ပေ။
အဆုံးတွင် ထိုမြေကွက်သည် ယဲ့ဖန်၏ အိတ်ကပ်ထဲသို့ အံ့ဩစရာမရှိဘဲ ကျရောက်သွားခဲ့သည်။
မြေယာလေလံပွဲခင်းထဲတွင် လက်ခုပ်သံများ ချက်ချင်း ထွက်ပေါ်လာသည်။
ထိုလူများသည် သူတို့၏ လက်ခုပ်သံကို ယဲ့ဖန် မကြားနိုင်မည်ကို စိုးရိမ်နေသည့်အလား လက်ခုပ်တီးသံများကို တစ်စထက်တစ်စ ပိုကျယ်လောင်အောင် တီးနေကြသည်။
အချို့က မတ်တတ်ထရပ်ပြီးတောင် လက်ခုပ်တီးကြသည်။
ယဲ့ဖန်သည် မတ်တပ်ထရပ်ပြီး လူတိုင်းအား လက်ဝှေ့ယမ်းပြရုံသာ တတ်နိုင်တော့သည်။
သူသည် သူဌေးကြီးတစ်ယောက်လို ပြုမူရသည်။
ထိုပုံစံကို မြင်ပြီး ရှဖင်းချိန် အံကြိတ်မိသွားသည်။
သူသည် အခုလေးတင် ၁ ဘီလီယံကျော် သုံးစွဲခဲ့သော်လည်း သူ့အတွက် လက်ခုပ်တီးအားပေးသူ အနည်းငယ်သာ ရှိခဲ့သည်။
ယဲ့ဖန်သည် ဤမျှလောက်သော ငွေအနည်းငယ်သာ သုံးစွဲခဲ့သော်လည်း သူသည် ကြီးမားသော တုံ့ပြန်မှုကို ဖြစ်စေခဲ့သည်။
ဤကဲ့သို့ နှိုင်းယှဉ်လိုက်ခြင်းက သူ့ကို ပို၍ပင် စိတ်ဓာတ်ကျသွားစေသည်။
ထိုမြေကွက်ကို လေလံတင် ရောင်းချပြီးနောက် မြေယာလေလံပွဲ ပြီးဆုံးခဲ့သည်။
သို့သော် လူတိုင်းသည် ထွက်သွားဖို့ အလောမကြီးကြပေ။
သူတို့သည် ယဲ့ဖန်ထံသို့ ပြေးသွားပြီး သူ့ကို ချီးကျူးဂုဏ်ပြုကြသည်။
ထိုလူတွေသည် သူ့ကို မြှောက်ပင့်ရန် လုပ်နေသည်မှာ ထင်ရှားလေသည်။
ယဲ့ဖန် ရရှိခဲ့သော မြေကွက်သည် ယနေ့လေလံပွဲ၏ အတန်ဖိုးအရှိဆုံး မြေကွက်မဟုတ်သည့်အပြင် မည်သူမျှ သူနှင့်မပြိုင်ခဲ့၍ သူ့ကို ချီးကျူးစရာ ဘာအကြောင်းမှ မရှိချေ။
သို့သော် ပြုံးရယ်နေသူကို အကြောင်းမရှိ မထိသင့်ပေ။
ယဲ့ဖန်သည် လူတိုင်း၏ ဂုဏ်ပြုစေတနာကို လက်ခံခဲ့သည်။
လေထုသည် အလွန်သဟဇာတဖြစ်နေချိန်၌ သဘောထားကွဲလွဲသော အသံတစ်ခု ရုတ်တရက် ထွက်လာသည်။
" ဟားဟားဟား၊ မင်းတို့အားလုံးက အိမ်ခြံမြေလုပ်ငန်းမှာ နာမည်ရထားတဲ့သူတွေပါပဲ။ ဒါပေမယ့် အခု မင်းတို့က တခြားတစ်ယောက်ရဲ့ ခွေးဖြစ်ရတာကို အရမ်းသဘောကျနေကြတယ်။ မင်းတို့အတွက် ငါကတော့ အစားရှက်တယ် "
အားလုံးမှ လှည့်ကြည့်လိုက်သည့်အခါ ရှဖင်းချိန်သည် သူတို့ကို လှောင်ပြောင်သော အမူအရာနှင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
" ရှဖင်းချိန်၊ ငါတို့ မင်းကို မစော်ကားခဲ့ဘူး မဟုတ်လား။ ဒီလို ရိုင်းစိုင်းမှ ရမှာလား "
" မှန်တယ်။ ယဲ့လူကြီးမင်းကို ဂုဏ်ပြုတာ မင်းနဲ့ ဘာဆိုင်လို့က မင်းက ခွေးရူးလို လိုက်ကိုက်နေရတာလဲ "
" မင်း ဒီနေ့ ယဲ့လူကြီးမင်းနဲ့ ပြိုင်တယ်မလား။ မင်းရဲ့ယုံကြည်ချက်တွေကို ဘယ်ကနေ ရလာလဲ ငါတော့ မသိဘူး "
" မင်း ယဲ့လူကြီးမင်းကို ဒီလိုမျိုး စော်ကားခဲ့တာကို မင်းမိသားစုက သိရင် သူတို့ ဘယ်လို တုံ့ပြန်မလဲဆိုတာ ငါ တွေးမိတယ် "
" ပြီးတော့ ခွေးဖြစ်တော့ရော ဘာဖြစ်နေလဲ။ ယဲ့လူကြီးမင်းရဲ့ ခွေးဖြစ်ချင်သူတွေ အများကြီးရှိတယ်။ ဒါပေမယ့် လူတိုင်းက ခွေးဖြစ်ဖို့တောင် အရည်အချင်းမပြည့်မီဘူး "
" မင်းပြောတာက အဓိပ္ပာယ်ရှိတယ်။ ငါထောက်ခံတယ် ........... "
လူတိုင်းသည် ရှဖင်းချိန်ကို ချက်ချင်းဝေဖန်လိုက်ကြသည်။
သူတို့က ယဲ့ဖန်ရှေ့မှာ ဦးညွတ်ပြီး နေကြသော်လည်း အခြားသူများကိုပါ ဦးညွတ်မည်ဟု မဆိုလိုချေ။
ရှဖင်းချိန်သည် လူတိုင်း၏ ဝေဖန်မှုကို ခံရပြီးနောက်တွင်လည်း ဆက်လက် လှောင်ပြောင်ခဲ့သည်။
" မင်းတို့ ခွေးကို စောက်သုံးကို မကျဘူး။ နောက်ဆုံးကျ မင်းတို့ ဘာမှ ရမှာ မဟုတ်ဘူး။ မင်းတို့ သူ့ဆီက ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မှာလဲဆိုတာ ငါ မြင်ချင်ပါသေးတယ် "
ယဲ့ဖန် သူ့ကို အလေးမထားဘဲ စိုက်ကြည့်နေသည်။
" ငါ့ကို မြှောက်ပင့်ပေးတဲ့ သူတွေက ဘာအကျိုးကျေးဇူးမှ မရနိုင်လောက်ဘူး။ ဒါပေမယ့် ငါ့ရန်သူဖြစ်အောင် လုပ်ထားတဲ့သူတွေကတော့ သေချာပေါက် အဆုံးသတ်ကောင်းကို ရမှာမဟုတ်ဘူး "
ရှဖင်းချိန်သည် မကြောက်မရွံ့ ပြန်ပြောလေသည်။
" မင်းက ငါ့ကို သေအောင် ခြောက်နေတာပဲ။ ငါ မင်းနဲ့ ပြိုင်ခဲ့တာ တရားမျှတပြိုင်ပွဲတစ်ခုပဲ ရှိခဲ့တာ။ အဲ့တာကို မင်းက ငါ့ကို တကယ် ဆိုးရွားတဲ့အဆုံးသတ် ရစေချင်နေတာလား။ ယဲ့လူကြီးမင်းက တကယ်ကို အထင်ကြီးစရာပဲ။ ဘာလဲ ယန်းချန်မြို့ရဲ့ မျိုးရိုးနာမည်ကလည်း ယဲ့ ဖြစ်နေတာလား "
ယဲ့ဖန် သူ့ခံစားချက်တွေကို မပြချေ။
" စိတ်မပူပါနဲ့၊ မင်းရဲ့ လက်ချောင်းတစ်ချောင်းကိုတောင် ငါ မထိဘူး။ ဒါပေမယ့် မင်းရဲ့ သေနေ့ကလည်း မဝေးတော့ပါဘူး "
ရှဖင်းချိန်သည် ပို၍ပင် မထီမဲ့မြင်ပြုလာခဲ့သည်။
" ဟားဟား၊ ယဲ့လူကြီးမင်း၊ တခြားသူတွေက မင်းကို ကြောက်နေနိုင်တယ်။ ဒါပေမယ့် ငါကတော့ မကြောက်ဘူး။ မင်းရှိသမျှ နည်းလမ်းတွေကို သုံးလိုက်။ ငါ၊ ရှဖင်းချိန်က ကြောက်တတ်တဲ့သူ မဟုတ်ဘူး။ မင်းက ငါ့ကို ကြောက်အောင် ခြောက်တာချင်လား။ ဘယ်လိုမှ မဖြစ်နိုင်ဘူး "
အိမ်ခြံမြေလုပ်ငန်းရှင်များ အားလုံး အံ့အားသင့်သွားကြသည်။
ဒီ ရှဖင်းချိန်က သူ့ယုံကြည်မှုတွေကို ဘယ်က ရလာမှန်းမသိချေ။
သူသည် ယဲ့ဖန်နှင့် ပေါ်ထင်စွာ ငြင်းဆန်ရဲသူဖြစ်သည်။
နျုံစစ်သွမ်း၊ ကောင်းကျူမင်းတဲ့ ရီမိသားစု ဘာဖြစ်သွားလဲဆိုတာ ဒီကောင် မသိဘူးလား။
သို့သော် သူ၏ သတ္တိကို သဘောကျသူအချို့လည်း ရှိနေခဲ့သည်။
ယခုအချိန်တွင် ယန်းချန်မြို့ တစ်ခုလုံးတွင် ယဲ့ဖန်အား စိန်ခေါ်ရဲသူ အများအပြားမရှိပေ။
သူများတွေ ဘယ်လိုပင် ထင်နေပါစေ ရှဖင်းချိန်ဆိုသည့် နာမည်သည် ယန်းချန်မြို့မြို့ တစ်ခုလုံးသို့ မကြာခင် ပျံ့နှံ့သွားလိမ့်မည် ဖြစ်သည်။
ယဲ့ဖန်အား စိန်ခေါ်ရဲသူ တစ်ယောက်ရှိသည်ဆိုတာ လူတိုင်း သိသွားပေမည်။
ထိုအချိန်တွင် လူတိုင်းသည် ယဲ့ဖန်၏ အမူအရာကို လျှို့ဝှက်စွာ စောင့်ကြည့်နေကြသည်။
သူဘယ်လို လက်တုံ့ပြန်မလဲ ဆိုတာ သူတို့ သိချင်နေကြသည်။
လူသိရှင်ကြား စိန်ခေါ်ခံရသည်ကို ပြန်လည်တုံ့ပြန်ခြင်းမရှိပါက နောင်တွင် ယဲ့လူကြီးမင်း မည်သူမှ အလေးထားမည် မဟုတ်ပေ။
ယဲ့ဖန်၏ တန်ပြန်တိုက်စစ်ကို လူတိုင်းက မှန်းဆနေကြချိန်၌ ဘေးမှ တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သော ချန်းရွှမ်သည် ရုတ်တရက် ရယ်မောလိုက်သည်။
သူမ၏ အပြုံးသည် ရိုးရှင်းစွာပင် စွဲမက်ဖွယ်ကောင်းလှသည်။
လူတိုင်း၏ နှလုံးသားများ ခုန်ပေါက်သွားသော်လည်း ယဲ့ဖန် သူတို့အား မှတ်မိသွားမည်ကို စိုးရိမ်ပြီး အကြည့်များကို အမြန်ပြောင်းလိုက်ကြသည်။
ရှဖင်းချိန်က သူမကို အေးစက်စွာ ကြည့်နေသည်။
" ဘာရယ်တာလဲ "
ချန်းရွှမ်သည် တဖြည်းဖြည်း ပြုံးကာ ရပ်လိုက်ပြီး သူ့ကို သနားစိတ်ဖြင့် ကြည့်လိုက်သည်။
" တချို့လူတွေက သူတို့သေတော့မယ်ဆိုတာတောင် မသိသေးပေမယ့် ဒီနေရာမှာ လက်ခမောင်းခတ်ပြီး အဓိပ္ပါယ်မဲ့တွေကို ပြောနေတာ ရယ်ရတယ်။ ဘယ်လောက်သနားစရာကောင်းပြီး ရယ်စရာကောင်းလိုက်တာလဲ "
ရှဖင်းချိန်က စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။
" မင်းဘာတွေပြောနေတာလဲ ငါနားမလည်ဘူး "
ချန်းရွှမ်က သူ့ကို သည်းမခံနိုင်တော့ဘဲ တိုက်ရိုက် ထောက်ပြခဲ့လိုက်သည်။
" ဘာလို့လဲဆိုတော့၊ ရှင် လုဝယ်ခဲ့တဲ့မြေက အမှိုက်တစ်ခုပဲ။ သန်း ၃၀၀ကနေ ၄၀၀ အထိပဲ တန်ဖိုးရှိတယ်။ ဒါပေမယ့် ရှင်က အဲ့မြေကိုဝယ်ဖို့ ၁ ဘီလီယံကျော်အထိ သုံးခဲ့တာဆိုတော့ ရှင်က တကယ်ကို ဉာဏ်ကောင်းတာပဲ "
ရှဖင်းချိန်၏အမူအရာသည် သိသိသာသာ ပြောင်းလဲသွားသည်။
" ခွေးစကားတွေ "
" ရှလူကြီးမင်း၊ ကျေးဇူးပြုပြီး မင်းရဲ့အပြောအဆိုနဲ့ လုပ်ရပ်တွေကို သတိထားပါ "
ဘေးနားမှာ ရပ်နေသည့် ဝေ့ချန်းဖန်းက သူ့ကို ချက်ချင်း သတိပေးလိုက်သည်။
သူသည် ယဲ့ဖန်အပေါ် ထားသော သူ၏ စေတနာကို ထုတ်ဖော်ပြသနေခဲ့သည်။
ရှဖင်းချိန်သည် သူ အခု ရန်လိုလွန်းနေမိပြီဆိုသည်ကို သိလိုက်ရပြီး အနည်းငယ် ပြန်ငြိမ်သက်သွားကာ ချန်းရွှမ် ကို စိုက်ကြည့်နေသည်။
" မင်း ငါ့ကိုလိမ်ချင်နေတာ၊ မဟုတ်လား။ ဒီနေ့မနက် မင်းတို့နှစ်ယောက် စကားပြောနေတာကို ရှင်းရှင်းလင်းလင်း ကြားလိုက်တယ်။ မြေကွက်တစ်ကွက် တန်ဖိုးတက်တော့မယ်ဆိုတဲ့ သတင်းကို ကြားထားတယ်လို့ သူက ပြောတယ်လေ။ အခု ဒီမြေကွက်က အမှိုက်လို့ ပြောနေတာလား။ မင်းပြောတာကို ငါက ယုံရမှာလား "
ထိုတစ်ကြိမ်၌ ချန်းရွှမ်မှ ပြန်မဖြေခင် ယဲ့ဖန်က ပြောလိုက်သည်။
" မြေကွက်တစ်ကွက် တန်ဖိုးတက်လာတော့မယ်လို့ ငါပြောဖူးပေမယ့် အဲ့တာ မင်းဝယ်ထားတဲ့မြေကွက်လို့ ငါ မပြောဘူး "
ရှဖင်းချိန် သူ့ကိုကြည့်နေသည်။
" မင်းက အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလား။ ဒီမြေကွက် မဟုတ်ရင် ဘာလို့ ခုနက လေလံဆွဲရတာလဲ။ မင်း ၁ ဘီလီယံတောင် လေလံဆွဲလိုက်တာလေ။ သြော်၊ ငါနားလည်ပြီ။ ဒီမြေကွက်ကို ငါဝယ်လိုက်တော့ မင်း မကျေမနပ်ဖြစ်ပြီး ငါ့ဆီကနေ စျေးသက်သက်သာသာနဲ့ ပြန်ဝယ်လို့ရအောင် လှည့်စားချင်နေတာလား။ မင်းရဲ့ အတွေးလေးတွေနဲ့ ငါ့ကို ဘယ်လိုလုပ် လှည့်စားနိုင်မှာလဲ "
ယဲ့ဖန် သူ့ကို အရူးတစ်ယောက်လို ကြည့်နေသည်။
" ငါက မင်းလို ရူးနေတယ် ထင်လို့လား။ ငါ့ရဲ့ ရည်ရွယ်ချက်အမှန်ကို အလွယ်တကူ ဖော်ပြရမှာတဲ့လား။ အဲ့ဒီမြေကွက်ကို ငါ လေလံဆွဲရတဲ့ အကြောင်းရင်းက မင်းကို ပါလာအောင် ဆွယ်ဖို့ပဲ "
အပိုင်း ( ၇၅၂ )
အခု ခွေးလောက်တောင် မကောင်းတော့ဘူး။
ထိုစကားကို ရှဖင်းချိန် ကြားသည့်အခါ သူ့မျက်နှာ ဖြူဖျော့သွားသည်။
" မင်း ... မင်းတို့ လျှောက်ပြောနေတာပဲ ... မင်းတို့ ငါ့ကို လိမ်နေတာ ...... "
ယဲ့ဖန်က ထပ်ပြီး မလှောင်ပြောင်တော့ဘဲ အတည်ပြောလိုက်သည်။
" ခင်ဗျားက ထင်ထားတာထက်တောင် ပိုမိုက်မဲနေမယ်လို့ မမျှော်လင့်ထားဘူး။ တကယ် ပိုက်ဆံအများကြီး အကုန်ခံခဲ့တာပဲ။ တကယ်တော့ ငါ ကြိုက်တဲ့မြေကွက်က ၆၆ "
သူ့စကား မပြီးခင်မှာပင် ရှဖင်းချိန်သည် စိတ်လွတ်နေပြီဖြစ်ပြီး ယဲ့ဖန်၏ ကော်လာကို ဆွဲရန် ပြင်လိုက်သည်။
သို့သော် ထိုနေရာတွင် ယဲ့ဖန်အပေါ် သစ္စာစောင့်သိမှုကို ပြသလိုသူများ များစွာရှိနေသည်။
သူတို့သည် ချက်ချင်း သူ့ကို ထိန်းချုပ်လိုက်ကြသည်။
ရှဖင်းချိန်၏ ခန္ဓာကိုယ်သည် ရှေ့သို့ တွန်းထွက်ရန် ရုန်းကန်နေရဆဲဖြစ်သည်။
သူ့မျက်လုံးတွေမှာ သွေးလို ရဲတွတ်နေသည်။
" ခွေးသား၊ မင်း ငါ့ကို ဘယ်လိုလုပ် လိမ်ရဲတာလဲ။ ငါ မင်းကို သတ်ပစ်မယ် "
ယဲ့ဖန် ခေါင်းကို ညင်သာစွာ ခါလိုက်သည်။
" ခင်ဗျားက မိုက်မဲတဲ့သူတစ်ယောက်လို့ ငါပြောရမယ်။ တစ်ယောက်ယောက်ကို သတ်ချင်ရင် ခင်ဗျားရဲ့ ရည်ရွယ်ချက်တွေကို ကြိုပြီး မဖော်ပြတာ အကောင်းဆုံးပါပဲ။ ခင်ဗျားက အဲ့လိုပုံစံပြခဲ့တာ စောလွန်းသွားတယ်လေ။ အဲ့တာကြောင့် ကျွန်တော်က ဒီလိုသင်ခန်းစာ ပေးလိုက်တာ။ ဒါပေမဲ့ ဒီသင်ခန်းစာက ခင်ဗျားအတွက် သေချာပေါက် နည်းနည်း စျေးကြီးနိုင်တယ်။ ၁ ဘီလီယံတန်ဖိုးရှိတဲ့ သင်ခန်းစာပဲ။ ကျစ်ကျစ်၊ ကျွန်တော်တော့ အဲ့လောက်ကြီးထိ ဘယ်လိုမှ မတတ်နိုင်ဘူး "
" အာ ...... "
ရှဖင်းချိန်သည် တစ်စုံတစ်ဦးကို ကိုက်ဖြတ်ချင်နေသော သားရဲတစ်ကောင်လို အော်လိုက်သည်။
ရှမိသားစု၏ မူလပစ်မှတ်မြေမှာ အမှတ်၆၆ ဖြစ်သည်။
သူ၏ လွဲမှားစွာ ဆုံးဖြတ်ခဲ့မှုကြောင့် ရတနာအစစ်ကို လွတ်သွားကာ အမှိုက်တစ်စကို ရွေးချယ်ခဲ့မိသည်။
မိသားစုသည် ချောက်ကမ်းပါးအစွန်းသို့ ရောက်ရှိနေပြီဖြစ်ပြီး အသက်ပြန်ရှင်လာနိုင်မည့် အခွင့်အရေးကို စောင့်မျှော်နေကြသည်။
သို့သော် သူ ချောက်ကျ ပစ်ချခံရမည်ဟု မမျှော်လင့်ထားပေ။
ဤတစ်ကြိမ်တည်းဖြင့် သူသည် ထာဝရအပြစ်ပေးခံရနိုင်သည်။
မိသားစုမှ ဤသို့ ကြီးမားသော အမှားအတွက် သူ့ကို လုံးဝ ခွင့်မလွှတ်လောက်ပေ။
ဒါတွေအားလုံးသည် သူ့ရှေ့ရှိ ထိုလူကြောင့်ဖြစ်သည်။
သူသည် ယဲ့ဖန်၏ အသားကို စားပြီး ယဲ့ဖန်၏ အရေပြားကို ခြုံအိပ်ရပါစေဟု ဆုတောင်းမိသည်။
ယဲ့ဖန် သူ့ကို မကြည့်တော့ချေ။
သူက လှည့်ပြီး တခြားသူတွေကို ကြည့်လိုက်သည်။
" ကျွန်တော်၊ ယဲ့ဖန်က တခြားသူတွေကို အမြဲတမ်း လေးစားပါတယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်က ကျွန်တော့်ကို အခွင့်ကောင်းယူချင်ရင် သူ့ကို သင်ခန်းစာ ပေးဖို့ကို ဝန်မလေးဘူး "
ထိုသို့ ပြောပြီးသည်နှင့် သူ ချန်းရွှမ်ကို ပွေ့ဖက်ပြီး လှည့်ထွက်သွားသည်။
အားလုံးသည် သူတို့နှစ်ယောက်ကို ထွက်သွားသည်ကို စောင့်ကြည့်နေကြသည်။
ထိုအခါမှ သူတို့အားလုံး တိတ်တဆိတ် စိတ်သက်သာရာ ရသွားကြသည်။
ကံကောင်းထောက်မစွာဖြင့် သူတို့သည် ယနေ့တွင် လိမ္မာပါးနပ်စွာ ယဲ့ဖန်အား မိုက်မဲပြီး ဆန့်ကျင်ရန် မရွေးချယ်ခဲ့ကြပေ။
တစ်ဖက်တွင် သူတို့သည် ယဲ့ဖန်၏ ခွေးဖြစ်ကြောင်း ဆဲဆိုခဲ့သော ရှဖင်းချိန်သည် ယခုအခါ ခွေးလေခွေးလွင့် ဖြစ်လာခဲ့ရသည်။
သူတို့သည် သူ့ကိုကန်ချဖို့ ဒီလိုအခွင့်အရေးကို လက်လွှတ်မခံကြချေ။
" ဟားဟား၊ တချို့က သူများတွေကို ခွေးလို့ ခေါ်ပေမဲ့ အခု ခွေးထက် ပိုဆိုးသွားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး "
" မင်းကို မလွန်ဆန်ဖို့ ငါတို့ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် တချို့လူတွေက ခေါင်းမာပြီး စေတနာကို မယုံဘူး။ အခုတော့ တစ်မိသားစုလုံး ဒုက္ခရောက်ပြီ "
" ဒီလိုလူမျိုးက ဉာဏ်မမီဘူး။ သူဝယ်တဲ့မြေကို ငါ အကြိမ်ပေါင်းများစွာ လေ့လာဖူးတယ်။ ဖွံ့ဖြိုးလာမည့် တန်ဖိုးအနေအထား မရှိဘူး "
" အဲ့ဒီအချိန်တုန်းက ငါ နည်းနည်းတော့ အံ့သြသွားတာ။ ဒီမြေကွက်ကို ဘာလို့ ယဲ့လူကြီးမင်းက လေလံဆွဲရတာလဲပေါ့။ ဒါက သူ တစ်ယောက်ယောက်အတွက် တွင်းတူးပေးနေခဲ့တာပဲ။ ဒီတွင်းက အရမ်းနက်တယ်တော့ အကျနာတယ် မဟုတ်လား ဟားဟားဟား ......... "
" ယဲ့လူကြီးမင်းကို ဘယ်လိုလုပ် အပြစ်တင်မှာလဲ။ သူ့ကသာ လူကြီးမင်းကို တားချင်နေတဲ့ သူတစ်ယောက်လေ။ ယဲ့လူကြီးမင်းက လှေကို ရေစီးနဲ့ တွန်းလိုက်ရုံပဲ။ သူကသာ တွင်းထဲကို ခုန်ချချင်နေတာ။ မင်း ဘယ်သူကို အပြစ်တင်နေတာလဲ "
" ငါ့ကို မတိုက်ခိုက်နဲ့။ ငါ ယဲ့လူကြီးမင်းကို အပြစ်တင်တယ်လို့ မပြောပါဘူး။ မိုက်မဲလွန်းတဲ့လူကိုပဲ အပြစ်တင်ရမယ် ပြောတာ။ သူက ကိုယ့်ဟာကိုယ် မိုက်မဲတာတောင် မသိလိုက်ဘူး။ တကယ် ဦးနှောက်မရှိတာ။ လှည့်စားခံရတာတောင် နည်းသေးတယ် "
ထိုစကားများသည် ရှဖင်းချိန်၏ နှလုံးသားထဲသို့ စူးရှသော ဓားရှည်များကဲ့သို့လာစိုက်နေပြီး လေးလံနေသော စိတ်ဓာတ်ကို ပို၍ပင် ဆိုးရွားလာစေသည်။
ဖူး .........
မထိန်းနိုင်တော့ဘဲ မူးမေ့မသွားခင် သွေးတစ်ပွက် ထွေးထုတ်လိုက်သည်။
လာကူညီပေးဖို့ ဘယ်သူမှ မလာကြချေ။ ဘေးဥပဒ်ကို ရှောင်သကဲ့သို့ အဝေးသို့ ပုန်းရှောင်သွားကြသည်။
ထိုလူသည် ယဲ့ဖန်ကို စော်ကားခဲ့သူဖြစ်သည်။
ဘယ်သူက သူ့ကို ကူညီရဲမှာလဲ။
မြန်မြန်သေချင်တယ်လို့ ပြောလိုက်တာနဲ့ မတူဘူးလား။
" အခုမှ ယဲ့လူကြီးမင်း ပြောတာကို နားထောင်ရတာတော့ သူ့မှာ အတွင်းအချက်အလက်တွေ တကယ်ရှိတယ်တဲ့။ သူလေလံဆွဲထားတဲ့ မြေကွက်ရဲ့တန်ဖိုးက တကယ် တက်သွားနိုင်ပါ့မလား "
" စီမံကိန်းဌာနမှာ အလုပ်လုပ်နေတဲ့ အမျိုးတစ်ယောက်ရှိတယ်။ ဒီလို သတင်းမျိုး တစ်ခါမှ မကြားဖူးဘူး။ အတုဖြစ်နေလောက်တယ် မဟုတ်လား "
" မင်းဆိုလိုတာက ယဲ့လူကြီးမင်းရဲ့ အချက်အလက်သတင်းပေးတွေက မင်းရဲ့သတင်းပေးတွေလောက် ကောင်းကောင်း မသိဘူးလို့ ပြောတာလား "
" ဟာ ငါဆိုလိုတာ အဲ့လိုမဟုတ်ဘူး။ ငါ ဆိုလိုချင်တာက ယဲ့လူကြီးမင်းက ဒီလူကို လှည့်စားဖို့ တမင်တကာ လေလံဆွဲတာ ဖြစ်နေမလားလို့ပါ "
" ငါလည်း မသိဘူး။ စောင့်ကြည့်ကြတာပေါ့ "
အားလုံး ထွက်လာကြပြီး စကားစမြည်ပြောနေကြသည်။
ရှဖင်းချိန်သာလျှင် ခွေးသေတစ်ကောင်လို မြေကြီးပေါ်တွင် လဲနေသည်။
သူ့ကို ဘယ်သူမှ ဂရုမစိုက်ချေ။
................................
သူတို့က အကြာကြီး စောင့်စရာမလိုလိုက်ချေ။
ထိုညတွင် ယန်းချန်မြို့၏ တာဝန်ရှိသူများမှ ရုတ်တရက် သတိပေးချက် ထုတ်ပြန်ခဲ့သည်။
မြို့ပြဟောင်းတွင် ပညာရေးဆိုင်ရာ အဆောက်အဦးများ ချို့တဲ့နေမှုကြောင့် အထက်လူကြီးများမှ ပညာရေးဆိုင်ရာ မြေနေရာအား ပြန်လည်ပြင်ဆင်ပြီး ဆေးရုံ၊ မြေအောက်ရထား၊ ဘတ်စ်ကားများနှင့် အခြားပတ်ဝန်းကျင် အဆောက်အဦများ ဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုသည်။
ယနေ့ မြေယာလေလံပွဲတွင် ပါဝင်ခဲ့ကြသူများကို အံ့အားသင့်စေသည်မှာ တာဝန်ရှိသူများမှ ပြန်လည်စီစဉ်ထားသည့် ပညာရေးဆိုင်ရာမြေသည် ယနေ့ ယဲ့ဖန် လေလံဆွဲထားသည့်မြေ ဖြစ်နေသည်။
လူအများစုမှ အလားမလားမရှိဟု ဆိုသော မြေကွက်သည် ချက်ချင်းပင် မြေတစ်လက်မချင်းစီးတိုင်းမှ ရွှေတစ်လက်မအတိုင်း တန်ဖိုးကြီးလာသည်။
ထိုကြောင့် ထိုသတင်းကို ကြားပြီးသူတိုင်းသည် ယဲ့ဖန်၏ နားမလည်နိုင်စရာကောင်းသော စွမ်းရည်များကို နောက်တစ်ကြိမ် ခံစားလိုက်ရပြန်သည်။
ဒီယဲ့လူကြီးမင်းက သတင်းအရင်းအမြစ် စုံလွန်းတယ် မဟုတ်လား။