အပိုင်း ၇၅၃-၇၅၆
Vol. 38 Ch. 753-756
အပိုင်း ( ၇၅၃ )
စိတ်ပျက်အားငယ်မှုဆိုတာ ဘာလဲသိလား
ထိုည၌ ယန်းချန်မြို့၏ ညနေခင်းသတင်းကို ကြားနေရသည်။
" ယန်းချန်မြို့၏ တာဝန်ရှိသူများမှာ ပညာရေးဆိုင်ရာနယ်မြေကို ပိုမိုကောင်းမွန်စွာအသုံးချနိုင်စေရန်အတွက် အသစ်စီစဉ်ထားသော ပညာမြေတစ်ဝိုက်တွင် ဆေးရုံများ၊ မြေအောက်ရထားများနှင့် အခြားအများပြည်သူဆိုင်ရာ အဆောက်အဦများ တည်ဆောက်ရန် ဆုံးဖြတ်ထားပါသည် ..... "
" ............ "
ဝေ့ချန်းဖန်းသည် ရုပ်မြင်သံကြားကို ပိတ်လိုက်ပြီး ဆိုဖာပေါ်တွင် ကြောင်အအ ထိုင်နေလိုက်သည်။
အချိန်အတော်ကြာသည်အထိ အာရုံတွေ ပြန်ကပ်မလာနိုင်ချေ။
ဘေးတွင်ထိုင်နေသောလဲ့ချူးဖေးသည် သူမ၏ ခင်ပွန်းကို စူးစမ်းစွာ ကြည့်နေသည်။
" ရှင် ဘာဖြစ်နေတာလဲ "
ဝေ့ချန်းဖန်း သက်ပြင်းရှည် မှုတ်ထုတ်လိုက်သည်။
" တကယ် စိတ်ပျက်အားငယ်မှုဆိုတာ ဘာလဲ သိလား "
လဲ့ချူးဖေး စိတ်ရှုပ်သွားသည်။
" ဘာလဲ "
ဝေ့ချန်းဖန်း၏ မျက်လုံးများက အာရုံမစိုက်နိုင် ဖြစ်နေသည်။
" ကြောက်စရာအကောင်းဆုံးရန်သူက လူတွေကို တစ်ချက်ကြည့်ရုံနဲ့ ကြောက်စရာကောင်းတယ်လို့ ခံစားရစေတဲ့သူ မဟုတ်ဘူး။ အဲ့ဒီအစား သူက သူ့ခွန်အားကို မပြဘဲ မင်း ပိုကြိုးစားရင် အနိုင်ယူနိုင်လိမ့်မယ်ဟု ထင်ရအောင် ဖန်တီးပေးတဲ့လူ အမျိုးအစားပဲ။ ဒါပေမယ့် မကြာခင်မှာ သူက ခွန်အားနည်းနည်းလေးကို အမှတ်မထင်ပဲ ထုတ်ပြလိုက်တာနဲ့တင် မင်းကို စိတ်ပျက်လက်ပျက် ဖြစ်သွားစေမှာ ........ "
လဲ့ချူးဖေးသည် ခင်ပွန်းဖြစ်သူ၏ စကားကို နားထောင်နေခဲ့သည်။
" ရှင် ဘာအကြောင်း ပြောနေတာလဲ "
ဝေ့ချန်းဖန်း ရုတ်တရက် သူမကို လှည့်ကြည့်လိုက်သည်။
" ယဲ့ဖန်က ဒီလိုလူပဲ။ ဒီလိုလူက အရမ်းကြောက်စရာကောင်းတယ်။ ငါ တကယ်ပဲ ကြောက်မိတယ် ......... "
ယဲ့ဖန်၏ ချောမောသော မျက်နှာသည်လဲ့ချူးဖေး၏ စိတ်ထဲတွင် ချက်ချင်း ပေါ်လာပြီး သူမ၏ အသက်ရှုသံများ ကမောက်ကမ ဖြစ်သွားရသော်လည်း သူမ လျင်မြန်စွာ ပြန်တည်ငြိမ်အောင် နေလိုက်သည်။
" ချန်းဖန်း ဘာဖြစ်တာလဲ "
ဝေ့ချန်းဖန်း သူမကို မြေယာလေလံပွဲအကြောင်း ပြောပြပြီးနောက် သက်ပြင်းရှည်ကြီးချလိုက်သည်။
" ငါ့မှာ အချိတ်အဆက်တွေ အများကြီးရှိတယ်။ ငါ သူတို့ကို ခေါ်ပြီးမေးလိုက်တော့ ဒီဆုံးဖြတ်ချက်ကို မနေ့ညက မြို့တော်ခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့တာလို့ သူတို့က ပြောပြီး ဒီနေ့မနက်မှ သူတို့လည်း သိရတာလို့ ပြောတယ်။ ပြီးတော့ ယဲ့ဖန်က ဒီကိစ္စကို ကြိုသိနေတယ်လေ။ ဒါ ဘာကိုဆိုလိုတာလဲ သိလား "
လဲ့ချူးဖေး နားမလည်ချေ။
" ဘာကိုဆိုလိုတာလဲ "
ဝေ့ချန်းဖန်း၏ မျက်နှာတွင် ကြောက်ရွံ့သော အမူအရာ ပေါ်လာသည်။
" ဆိုလိုတာက သူ့မှာ ဆုံးဖြတ်ချက်ချနိုင်တဲ့ အဆင့်တွေထိ အချိတ်အဆက်တွေ ရှိတယ်လို့ ဆိုလိုတာပဲ "
လဲ့ချူးဖေး သူ့လက်မောင်းကို အမြန်ဆွဲလိုက်သည်။
" ချန်းဖန်း၊ ယဲ့ဖန်နဲ့ ရန်သူမဖြစ်တော့ဘဲ အေးအေးချမ်းချမ်း နေလို့မရဘူးလား "
ဝေ့ချန်းဖန်း ခါးသီးစွာ ပြုံးလိုက်သည်။
" ငါ အခု သူနဲ့ရန်သူဖြစ်ဖို့ ဘယ်လိုလုပ် သတ္တိရှိမှာလဲ။ သူငါ့ကို လာပြီး မတိုက်ခိုက်ရင်တောင် ငါက ပြာကျနေပြီးသား။ ဒီယဲ့လူကြီးမင်းရဲ့ မျက်လုံးတွေကို ဘယ်သူ ခန့်မှန်းနိုင်မှာလို့။ သူ ငါ့ကို သင်ခန်းစာပေးမယ့်အချိန် ဘယ်သူ သိမှာလဲ "
လဲ့ချူးဖေး အလွန်စိုးရိမ်ပြီး ငိုတော့မလို ဖြစ်နေသည်။
" ကျွန်မတို့ သူ့ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုထားတာကို သူက ခွင့်မလွှတ်သေးတာလား။ ဒါဆို ကျွန်မတို့ ဘာလုပ်သင့်လဲ "
" တကယ်တော့ နည်းလမ်းမရှိတာ မဟုတ်ဘူး ...... "
" အဲ့တာဘာလဲ၊ မြန်မြန်ပြော "
ဝေ့ချန်းဖန်းသည် ဇနီးသည်၏ လှပသော မျက်နှာကို စိုက်ကြည့်ကာ စိတ်ထဲတွင် မကောင်းသော အတွေးတစ်ခု ပေါ်လာပြန်သည်။
သို့သော် နောက်ဆုံးတွင် သူ ခေါင်းခါပြလိုက်သည်။
ယဲ့ဖန် ပတ်၀န်းကျင်ရှိ မိန်းကလေးများအားလုံးသည် ငယ်ရွယ်ပြီး လှပကြသည်။
ထို့ကြောင့် သူ့မိန်းမကို စိတ်မဝင်စားတာ ဖြစ်နိုင်လေသည်။
" ဒီကိစ္စကို ....… ငါတို့ သေချာ စဉ်းစားဖို့ လိုနေသေးတယ် "
...................................................
ယန်းချန်မြို့ရှိ အထက်တန်းအသိုင်းအဝိုင်း စားပွဲတစ်ခု၌ ဖြစ်သည်။
အဆိုပါပွဲသို့ တက်ရောက်လာသူများသည် အများအားဖြင့် ယန်းချန်မြို့ရှိ အိမ်ခြံမြေလုပ်ငန်း၌ နာမည်ကြီးသူများဖြစ်သည်။
လော့ကျင်းယွမ်သည်လည်း သူ့ဇနီးကို ခေါ်ပြီး လာတက်လေသည်။
သူ ပေါ်လာသည်နှင့် တပြိုင်နက် အိမ်ခြံမြေလုပ်ငန်းရှင်ကြီးများ၏ ဝိုင်းရံခြင်းကို ခံလိုက်ရပြီး ပွဲ၏ ကြယ်ပွင့်တစ်ယောက် ဖြစ်လာခဲ့သည်။
လော့ကျင်းယွမ်နှင့် သူ့မိန်းမ စိတ်ရှုပ်သွားသည်။
သူတို့သည် ယန်းချန်မြို့ရှိ အိမ်ခြံမြေလုပ်ငန်း၌ အဆင့်အတန်းတစ်ခုရှိသော်လည်း ဤကဲ့သို့ ဆက်ဆံတာမျိုးကို တစ်ခါမှ မခံစားဖူးချေ။
" လော့လူကြီးမင်း၊ ကျွန်တော်တို့ စီမံကိန်းတစ်ခု စီစဉ်နေပါတယ်။ လူကြီးမင်းနဲ့ အလုပ်တွဲလုပ်ဖို့ အခွင့်အလမ်းများ ရှိမလားလို့ တွေးမိလို့ပါ။ သေချာပေါက် ယဲ့လူကြီးမင်းကလည်း ကျွန်တော်တို့နဲ့ ပူးပေါင်းရင် အဲ့တာကိုလုပ်ရတာထက် ပိုပျော်ရမှာပါ "
" လော့လူကြီးမင်း၊ လူကြီးမင်းက ယဲ့လူကြီးမင်းနဲ့ ဆက်ဆံရေးကောင်းတယ်လို့ ကြားထားတယ်။ သူ့ကို မိတ်ဆက်ပေးလို့ ရမလား "
" လော့အမျိုးသမီး၊ ယဲ့လူကြီးမင်းက မင်းနဲ့ မင်းရဲ့ကလေးကို ကယ်ခဲ့တယ်လို့ ကြားထားတယ်။ ယဲ့လူကြီးမင်းက ခေါင်းကိုင်အဖေမလား။ မင်းရဲ့သားလေး တစ်လပြည့်တော့မှာလား။ ယဲ့လူကြီးမင်းရော လာမှာလား "
" လော့အမျိုးသမီး ....... "
အားလုံးသည် တစ်ချိန်တည်းမှာ စကားပြောနေကြပြီး လော့ကျင်းယွမ်နှင့် သူ့မိန်းမသည်လည်း သူတို့သည် ယဲ့ဖန်အတွက် ဒီမှာ ရှိနေသည်ကို နားလည်လိုက်ကြသည်။
" ခဏနေပါဦး၊ ဒီတစ်ခေါက်မှာရော ယဲ့ဖန်က ဘာလုပ်ခဲ့တာလဲ။ မင်းတို့အားလုံး ဘာလို့ ငါ့လိုလူကို ဒီလောက်တောင် ဂရုစိုက်နေကြတာလဲ "
လော့ကျင်းယွမ် နားထောင်လေလေ သူစိတ်ရှုပ်လေလေဖြစ်သည်။
သူသည် လူတိုင်း၏မေးခွန်းများကို အလျင်အမြန် ဖြတ်ပြောလိုက်သည်။
" လော့လူကြီးမင်း၊ ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို မကြားဘူးလား။ ဒီတစ်ခါ လူတိုင်း အံ့အားသင့်သွားရတာ "
" ဒီနေ့မှ အလုပ်ကိစ္စနဲ့ ခရီးကပြန်လာတာ။ ယန်းချန်မြို့မှာ ကြီးကြီးမားမား တစ်ခုခု ဖြစ်ခဲ့ပြန်ပြီလား "
လော့ကျင်းယွမ်သည် အလျင်စလိုရှင်းပြပြီး ယဲ့ညီလေး ဘာကိစ္စကိုမှ လက်လွှတ်ကိုယ်လွှတ် မလုပ်မိစေရန် တိတ်တဆိတ်ဆုတောင်းနေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် လူတိုင်းက သူ့ကို အမြန်ဖြေပေးခဲ့သည်။
" ယဲ့လူကြီးမင်းက ဒီနေ့ မြေတစ်ကွက်ကို လေလံတင်ခဲ့တယ်။ အစကတော့ ဒီမြေကွက်နဲ့ ပတ်သက်ပြီး ဘယ်သူမှ အကောင်းမြင်စိတ် မရှိခဲ့ကြဘူး ....... "
" ဒါပေမယ့် ဒီမြေကွက်ကို ပညာရေးဆိုင်ရာမြေအဖြစ် ပြောင်းလဲလိုက်ပြီလို့ အထက်လူကြီးတွေက အကြောင်းကြားစာ ပို့လာမယ်လို့လည်း မမျှော်လင့်ထားကြဘူး ....... "
" အဲ့ဒီမြေကွက်ရဲ့ တန်ဖိုးက အဆပေါင်းများစွာ မြင့်လာတာ။ တစ်ရက်မပြည့်ခင်မှာတင် သူ ဝင်ငွေအများကြီး ရလိုက်တယ် ..... "
" ကျွန်တော်တို့အားလုံးလည်း အထက်လူကြီးတွေကို အဆက်အသွယ်တွေ ရှိကြပေမယ့် ဒီသတင်းကိုတော့ တစ်ခါမှ မကြားဖူးဘူး။ ဒါပေမဲ့ ယဲ့လူကြီးမင်းကတော့ ဒီသတင်းကို ကြိုပြီးထားတယ် ...... "
" ဒါ ယဲ့လူကြီးမင်းရဲ့ အဆက်အသွယ်တွေက ငါတို့ လက်လှမ်းမမီဘူးဆိုတာကို ပြဖို့ လုံလောက်နေပြီ ....... "
" ငါတို့အားလုံး ဆုံးရှုံးလိုက်ရရင်တောင် ယဲ့လူကြီးမင်းနဲ့ ပူးပေါင်းရဖို့ မျှော်လင့်ပါတယ် ...... "
" လော့လူကြီးမင်း၊ ကျွန်တော်တို့ကို မိတ်ဆက်ပေးမလား။ လူကြီးမင်းလည်း သေချာပေါက် အကျိုးကျေးဇူးတွေ အများကြီးရမှာပါ ....... "
လော့ကျင်းယွမ် နောက်ဆုံးတွင် သဘောပေါက်သွားသည်။
ဒီယဲ့ညီလေးကို သူ မတတ်နိုင်ဘဲ ထပ်ပြီး ချီးကျူးမိသည်။
ဒီကောင်လေးက အမြဲ အံ့သြစရာကောင်းသည့် အရာတွေကို လုပ်နိုင်လေသည်။
" တစ်ယောက်ယောက်က ယဲ့လူကြီးမင်းနဲ့ ပူးပေါင်းချင်တယ်ဆိုရင် သူနဲ့ တိုက်ရိုက် သွားပြောလို့ရတယ်။ မင်းတို့ ရှာနေတာ လူမှားနေပြီ "
သူ ချက်ချင်း လူတိုင်းကို ယဉ်ကျေးစွာ ဟန်ဆောင်ပြီး ငြင်းလိုက်သည်။
" ယဲ့လူကြီးမင်း တွေ့ရခဲတယ်။ တွေ့ချင်ရင်တောင် ကျွန်တော်တို့ သူ့ကို ရှာမတွေ့ဘူး "
" ဟုတ်တယ်၊ သူ့ကိုသာ ရှာတွေ့နိုင်ရင် ကျွန်တော်တို့ လူကြီးမင်းဆီ လာမှာတောင် မဟုတ်ဘူး "
" လင်းယွမ်အိမ်ခြံမြေက ယဲ့လူကြီးမင်းရဲ့ အိမ်ခြံမြေဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် လင်းယွမ်အိမ်ခြံမြေရဲ့ စီမံကိန်းတွေက ပြည့်နေပြီ "
" အခု ယဲ့လူကြီးမင်းနဲ့ အလုပ်တွဲလုပ်ချင်ရင် တန်းစီပြီး ချိန်းထားရမယ် ...... "
လော့ကျင်းယွမ်သည် သူ့လက်များကို ကူကယ်ရာမဲ့စွာ ဖြန့်လိုက်သည်။
" အဲ့တာဆို ကျွန်တော်လည်း ဘာမှ မလုပ်နိုင်ပါဘူး။ အခု ယဲ့လူကြီးမင်းနဲ့ အလုပ်တွဲလုပ်ချင်ရင် တန်းစီရမှာပဲ။ မင်းတို့ သူ့ကိုရှာတွေ့ရင် ငါ့ကို ပြောပြဖို့ မမေ့နဲ့ဦး "
လူအုပ်ကြီးသည် သူ၏ စကားကို မယုံကြသော်လည်း လော့ကျင်းယွမ်မှ ကူညီလိုစိတ်မရှိသောကြောင့် မကျေမနပ်ဖြင့် ထွက်သွားရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။
လော့ကျင်းယွမ် သက်ပြင်းချကာ ခါးသီးသော အပြုံးဖြင့် သူ့ဇနီးကို ကြည့်လိုက်သည်။
" လူတစ်ယောက် ဈာန်ရပြီး ကောင်းကင်ကိုရောက်တဲ့အခါ သူ့အိမ်က ခွေးနဲ့ကြက်တွေလည်း လိုက်ရတယ်ဆိုတာနဲ့ အဓိပ္ပာယ်မတူဘူးလား။ ဒီလို လူတွေအများကြီး လိုက်တာကို ဘယ်တုန်းကမှ မခံရဘူး။ ဒီနေ့တော့ တစ်စုံတစ်ယောက်ရဲ့ ကျေးဇူးနဲ့ ခွေးတစ်ကောင်ဖြစ်ပြီလို့ ယူဆနိုင်တယ် "
ဖန်းချီက သူ့ကို မကျေမနပ် စိုက်ကြည့်နေလိုက်သည်။
" ရှင် စကားကို ဘယ်လိုပြောရမလဲ မသိဘူးလား။ ကောင်းကင်ပေါ်တက်တဲ့ ကြက်တွေ၊ ခွေးတွေဆိုတာ ဘာကိုဆိုလိုတာလဲ။ ရှင်က ခွေးဆိုရင် ကျွန်မက ကြက် မဟုတ်ဘူးလား "
လော့ကျင်းယွမ် ချက်ချင်း ခေါင်းခါလိုက်သည်။
" ကျေးဇူးပြုပြီး အဲ့ဒီလို မပြောပါနဲ့။ မင်းလို လှပတဲ့ ကြက်လေးတစ်ကောင် ဘယ်လိုလုပ် ရှိနိုင်မှာလဲ "
ဖန်းချီ သူ့နားရွက်ကို ဆွဲလိုက်သည်။
" ဒါဆို ရှင်က တခြားသူကို ရှာပြီး ပြောချင်နေတာလား "
" မဟုတ်ဘူး၊ ကိုယ် မလုပ်ရဲဘူး။ ကိုယ် .... တခြားသူတွေဆီက ကြားလာတာပါ "
" ရှင့်ကို ဘယ်သူပြောတာလဲ "
" ဟို .... ကျောင်းဖုလင်ဆီက ကြားတာ "
" ဟွန့်၊ နောက်ဆို အဲ့ဒီ ကျောင်းဖုလင်နဲ့ အရမ်း မပတ်သက်နဲ့။ သူက လူကောင်းမဟုတ်ဘူး "
" ချစ်ဇနီးလေးပြောတာ မှန်တယ် ....... "
ဆံပင်ရွှေရောင်အပျိုလေးတွေနှင့် ရင်းနှီးနေသည့် သခင်လေးကျောင်းသည် ရုတ်တရက် နှာချေမိသွားသည်။
ဟူး၊ ဒီအနောက်တိုင်းအမျိုးသမီးတွေက တော်တော်လေး ကောင်းပေမယ့် ရေမွှေးနံ့က အရမ်းပြင်းတယ်။ နှာချေနေရပြီ ...........
အပိုင်း ( ၇၅၄ )
ပြီးပြီ၊ အားလုံးသေဖို့ကို စောင့်ရုံပဲ
ဖြောင်း
ရှဖင်းချိန်၏ မိသားစုတွင်ဖြစ်သည်။
မိသားစုခေါင်းဆောင် ရှမင်းယွမ်သည် သူ့သား ရှဖင်းချိန်ကို ပါးရိုက်လိုက်သည်။
သူ၏ မုတ်ဆိတ်ဖြူကြီးက ဒေါသကြောင့် တုန်နေသည်။
" ခွေးသား၊ မင်းက ရှမိသားစုရဲ့ နောက်ဆုံးမျှော်လင့်ချက်ကို မင်းကိုယ်တိုင် လက်နဲ့ ဖျက်ဆီးပစ်လိုက်ပြီး ပြန်လာရဲသေးတဲ့ မျက်နှာရှိသေးတာလား "
ရှမိသားစု၏ အထက်အရာရှိများသည်လည်း စာနာမှုမရှိဘဲ အေးစက်စွာ ဝိုင်းကြည့်နေကြသည်။
ရှဖင်းချိန်သည် သူ့မျက်နှာကို အုပ်ပြီး မြေကြီးပေါ်တွင် ဒူးထောက်လိုက်သည်။
" အဖေ၊ ဒီတစ်ခါ ယဲ့ဆိုတဲ့ ခွေးကောင်ရဲ့ လှည့်စားတာကို ခံခဲ့ရတာပါ ...... "
ရှမင်းယွမ် ထိုစကားကို ကြားပြီး ပါးရိုက်လိုက်ပြန်သည်။
" မင်းမှာ ဒီလိုပြောရဲတဲ့ ပါးစပ်ရှိသေးတာလား။ မင်း တာဝန်ကို မပြီးခဲ့တဲ့အပြင် ယဲ့ဖန်ကိုတောင် စော်ကားခဲ့သေးတာလား။ ငါတို့ရဲ့ ရှမိသားစုက သေတာ နှေးနေတယ်လို့ မင်း ထင်နေတာလား "
ရှဖင်းချိန် အနည်းငယ် စိတ်တိုသွားသည်။
" အဖေ၊ အဲ့ဒီ ယဲ့ဖန်ကို ကြောက်နေတာလား။ သူက ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ ကျွန်တော်တော့ မမြင်ပါဘူး။ သူ နည်းနည်းကံကောင်းနေတာပဲ မဟုတ်လား "
ရှမင်းယွမ် အသက်ရှုမဝဖြစ်သွားရသည်။
သူ ရုတ်တရက် မူးဝေလာတော့သည်။
ကံကောင်းစွာနှင့် သူ့ဘေးနားမှ လူတွေက သူ့ကို အမြန်ကူတွဲပြီး ပြုတ်ကျတော့မည်ကို တားဆီးခဲ့ကြသည်။
" ငါ့ရဲ့ ရှမိသားစုက မင်းလို မသိတတ်တဲ့ သားမျိုး ဘာလို့ ရှိနေရတာလဲ။ ယဲ့ဖန်က အချိန်တိုလေးအတွင်းမှာ ဒီလို အင်ပါယာကြီး ရှိလာနိုင်တာ အားလုံးက ကံကောင်းနေတယ်လို့ မင်း တကယ်ကြီး ထင်နေတာလား "
သူတင်မကဘဲ ရှမိသားစုဝင်တွေကလည်း သူ့ကို ဝေဖန်လာကြသည်။
" မင်း ယဲ့ဖန်ကို လျှော့တွက်နေတာပဲ။ ငါတို့က အဝေးမှာရှိတဲ့ ဖင်းမြို့ကဆိုပေမဲ့ သူ့နည်းလမ်းတွေကို ကြားဖူးတယ်။ သူ့လိုလူကို ဘယ်လိုလုပ်ပြီး သွားနှိုးဆွရတာလဲ "
" သူအားနည်းနေတုန်းမှာတောင် နျုံစစ်သွမ်းကို ဖြုတ်ချနိုင်ခဲ့တယ်။ အခု သူက ပိုပြီးသန်မာလာနေတာကို မင်းက တကယ် သေဒဏ်လိုချင်နေတာလား "
" ဟိုတလောကတောင် ယန်းချန်မြို့ရဲ့ ရီမိသားစုနဲ့ ချောင်ရှင်းဂိုဏ်းက ကောင်းကျူမင်းကိုတောင် သူက သတ်ပစ်ခဲ့တာ။ ငါတို့ရဲ့ ရှမိသားစုက သူမျက်လုံးထဲမှာ ဘာမှမဟုတ်ဘူး "
" ဟူး၊ ရှမိသားစုက ဘာလို့ ဒီလောက်ကောင်းတဲ့ကောင်ကို မွေးလာရတာလဲ။ ငါတို့အတွက်ပြီးသွားပြီ။ အားလုံး သေဖို့ကို စောင့်နေကြရုံပဲ "
ရှဖင်းချိန်သည် သူ လူတိုင်းကို ပြဿနာရှာခဲ့မိမှန်းသိ၍ ခေါင်းငုံ့ပြီး ပြန်မတုံ့ပြန်ရဲတော့ချေ။
သူ၏ ငြိမ်သက်နေသော ရုပ်ကို မြင်လိုက်ရပြီး အားလုံးက ဒေါသထွက်သွားကြသည်။
" ငါတို့ မျက်စိကျနေတဲ့ မြေကွက်ကို ပညာရေးဆိုင်ရာမြေအဖြစ် ပြောင်းသွားတယ်လို့ ကြားတယ်။ မြေတန်ဖိုးက အဆပေါင်းများစွာ တိုးလာနိုင်တယ် "
" ဒါက ငါတို့ရဲ့ရှမိသားစုအတွက် စားပွဲကိုပြောင်းဖို့ နောက်ဆုံးအခွင့်အရေးပဲ။ ဒီအတိုင်း လွှတ်လိုက်ရမယ်လို့ မမျှော်လင့်ထားဘူး။ ကောင်းကင်က ငါတို့ ရှမိသားစုကို ဖျက်ဆီးပစ်ချင်နေတာပဲ "
" အရာရာတွေကို ပြောင်းလဲဖို့ အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့အပြင် ငါတို့မှာ ချေးငှားပြီး ယွမ်သန်း ၇၀၀ကို ပေးခဲ့တာကို ဒီတစ်ကြိမ်တည်းနဲ့ ယွမ် ၁ဘီလီယံလုံးကို သုံးခဲ့တာ "
" " စောစောက သိခဲ့ရင် ငါ့ဘာသာ သွားလိုက်မယ်။ ဘယ်လောက်ပဲ ဆိုးနေပါစေ ဒီလိုမျိုးတော့ အပြီးသတ်သွားမှာ မဟုတ်ဘူး "
" ပြဿနာရှာတဲ့သူ ဘယ်သူမဆို တာဝန်ယူရမယ်။ လူတိုင်းကို အပြစ်ပြောဖို့ မစဉ်းစားနဲ့။ ဘာပဲဖြစ်ဖြစ် ငါနဲ့ ဘာမှမဆိုင်ဘူး "
" ဒါက ငါတို့နဲ့ ဘာမှမဆိုင်ဘူး။ မိသားစုခေါင်းဆောင်က ငါတို့ကို အပြစ်ခံခိုင်းရင် ငါတို့ မိသားစုကနေ ခွဲထွက်ရလိမ့်မယ် ......... "
သူတို့သည် စကားပြောလေလေ ဒေါသဖြစ်လေလေ ဖြစ်လာသည်။
နောက်ဆုံးတွင် သူတို့သည် နေရာဖယ်ပေးရန် အတင်းအကြပ်လုပ်လာကြသည်။
ရှမင်းယွမ်၏ နှလုံးသည် အားနည်းနေသည့် အခံရှိပြီးသားဖြစ်သည်။
ပထမတွင် သူ့သားရန် သတ်ပစ်ချင်သည်အထိ ဒေါသဖြစ်ခဲ့ရပြီး အခုအခါ လူတိုင်း၏ သစ္စာဖောက်ခြင်းကို ခံခဲ့ရသည်။
ထို့ကြောင့် မခံနိုင်ဘဲ ချက်ချင်း ဒေါသတကြီးနှင့် မြေကြီးပေါ်သို့ လဲကျသွားသည်။
" ခေါင်းဆောင် ...... "
အားလုံးက စစ်ဆေးရန် ပြေးလာကြသည်။
ရှဖင်းချိန်သည် လုံးဝ ကြောက်လန့်သွားခဲ့ရသည်။
သူ၏ မိုက်မဲသည့်အမှားကြောင့် ယဲ့လူကြီးမင်းကို စော်ကားခဲ့ပြီး သူ့မိသားစုအား ဆိုးရွားသည့် အခြေအနေသို့ တွန်းပို့ခဲ့မိသည်။
...................................
တစ်ချိန်တည်းမှာပင် ယဲ့ဖန်နှင့် ချန်းရွှမ်တို့လည်း ထိုသတင်းကို မြင်လိုက်ရသည်။
" ရှောင်ဖန်၊ ဒီမြေကွက်ကို တကယ်ကြီး ပညာရေးမြေအဖြစ် သတ်မှတ်လိုက်တာပဲ။ နင် အံ့သြစရာကောင်းလွန်းတယ် "
ချန်းရွှမ်သည် ယဲ့ဖန်အား စိတ်လှုပ်ရှားစွာဖြင့် ပွေ့ဖက်လိုက်ပြီး သူမ၏ အသံသည်လည်း တုန်ရီနေသည်။
" ကိုယ် အရင်က ပြောဖူးပါတယ်။ ကိုယ့်ကို ယုံတယ်၊ မမှားဘူး "
ယဲ့ဖန်သည် သူ့မျက်နှာတွင် အပြုံးတစ်ခု ရှိနေသည်။
" နင် သတင်းတွေ ဘယ်ကရတာလဲ။ ဆုံးဖြတ်ချက်ချတာကို မနေ့ညကမှ ဆုံးဖြတ်ခဲ့တာလို့ ကြားထားပေမယ့် နင်က မနေ့ညကတည်းက သတင်းရပြီးသားလေ "
ချန်းရွှမ်က သူ့ကို မယုံကြည်နိုင်စွာ ကြည့်နေသည်။
" ကံကြမ္မာဖတ်တတ်တယ်လို့ပြောရင် ယုံမှာလား "
ယဲ့ဖန်သည် စနစ်မှ သတိပေးချက်ဖြစ်ကြောင်း သူမကို မပြောနိုင်ပေ။
ထို့ကြောင့် သူ လိမ်ခဲ့ရသည်။
" ကျစ်၊ ဒါဆို ငါ့အတွက် ကံကို လာဖတ်ပေး "
ချန်းရွှမ်သည် သူ့စကားအတိုင်း လိုက်ပြောပြီး မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။
ယဲ့ဖန် သူမ၏ လက်လေးကို ကိုင်ပြီး ကြည့်လိုက်သည့်နောက် သူက ရုတ်တရက် ပြောလေသည်။
" အိုက်ယားယား၊ အစ်မရဲ့ ကံက အံ့မခန်းဖြစ်လိမ့်မယ် "
ချန်းရွှမ် ရယ်လိုက်သည်။
" ဘာဖြစ်လို့လဲ "
ယဲ့ဖန်၏ မျက်နှာသည် ခံစားချက်အပြည့်ရှိနေသည်။
" အစ်မဘဝမှာ အစ်မကို ကူညီမယ့် ကျေးဇူးရှင်တစ်ယောက်ရှိတယ်။ မဝေးတော့တဲ့ အနာဂတ်မှာ အစ်မက ကမ္ဘာက အာရုံစိုက်ရတဲ့ အမျိုးသမီး လုပ်ငန်းရှင် ဖြစ်လာလိမ့်မယ် "
ချန်းရွှမ်သည် တခစ်ခစ်ရယ်သည်အထိ ချက်ချင်း ရယ်သွားခဲ့သည်။
" နင်ပြောနေတဲ့ ကျေးဇူးရှင်က နင်ပဲ မဟုတ်လား "
ယဲ့ဖန်က သူ့ခေါင်းကို ခါယမ်းလိုက်သည်။
" ဒါက ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်ပဲ။ ထုတ်ဖော်လို့ မရဘူး။ အစ်မကိုယ်တိုင်ပဲ ကြုံတွေ့ရမှာ "
ချန်းရွှမ် သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသော်လည်း စိတ်ထဲမှာတော့ သဘောတူလိုက်သည်။
သူသည် အမှန်တကယ်ပင် သူမ၏ ကျေးဇူးရှင်ဖြစ်လေသည်။
သူသာ မရှိပါက သူမ၏ကုမ္ပဏီသည် ဒေဝါလီခံရတာ ကြာပြီဖြစ်သည်။
ယဲ့ဖန် အနည်းငယ် ပို၍ လေးနက်လာသည်။
" အခု ဒီမြေကွက်ရဲ့ တန်ဖိုးက တက်လာတော့ ဘယ်လို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ စီစဉ်ထားလဲ "
ချန်းရွှမ်သည် ကူကယ်ရာမဲ့ လက်များကို ဖြန့်လိုက်သည်။
" ငါတို့ ကုမ္ပဏီက စီမံကိန်းကောင်းတွေ အများကြီးမှာ ရင်းနှီးမြှုပ်နှံပြီးပြီ။ အဲ့တာတွေကိုလည်း လိုက်ပြီး မလုပ်နိုင်လောက်ဘူး။ အဲ့တာကို ယာယီဖယ်ထားနိုင်သလို တခြားသူကိုလည်း လွှဲပေးနိုင်တယ် "
ယဲ့ဖန် ခဏလောက် စဉ်းစားလိုက်သည်။
" အခုရောင်းရင် ဘယ်လောက်လောက် ရမယ်ထင်လဲ "
ချန်းရွှမ် ခေါင်းငုံ့ပြီး တွက်ကြည့်လိုက်သည်။
" လက်ရှိခန့်မှန်းချက်အရကတော့ အနည်းဆုံး သန်း၄၀၀ကနေ ၅၀၀ အထိ ရနိုင်တယ် "
ယဲ့ဖန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။
" ကိုယ် အခု ပိုက်ဆံအများကြီးလိုနေတာ။ ကူညီဖြေရှင်းပေးပါဦး "
ချန်းရွှမ် အနည်းငယ် အံ့ဩသွားသည်။
" ငွေက ဘာလို့ လိုချင်တာလဲ "
ယဲ့ဖန် လျှို့ဝှက်စွာ ပြုံးလိုက်သည်။
" လောလောဆယ်တော့ လျှို့ဝှက်ချက်ပဲ "
ချန်းရွှမ် သူ့ကို ဒေါသတကြီး တွန်းထုတ်လိုက်သည်။
" မပြောချင်ရင် မေ့လိုက်တော့။ နင်ရဲ့လျှို့ဝှက်ချက်နဲ့ပဲ အိပ်နေလိုက်။ အလုပ်သွားရမယ် "
ယဲ့ဖန် သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြန်သည်။
" အရမ်းနောက်ကျနေပြီလေ။ အခုက ဘဝကိုပျော်ဖို့ အချိန်ရောက်နေပြီ။ အလုပ်က ဘယ်တော့မှ မပြီးဘူး "
ချန်းရွှမ် အနည်းငယ်ရုန်းကန်လိုက်သော်လည်း မလွတ်မြောက်နိုင်သောကြောင့် သူ့ကိုသာ ပွေ့ဖက်ခွင့် ပေးလိုက်တော့သည်။
" မရဘူး။ လင်းယွမ်အိမ်ခြံမြေက ယန်းချန်မြို့ကို အခုမှ ဝင်လာခါစဆိုတော့ ကိုင်တွယ်ဖြေရှင်းရမည့် အရာတွေ အများကြီး ရှိသေးတယ် "
ယဲ့ဖန်သည် သူမ၏ ဆံပင်မှ မွှေးရနံ့ကို နမ်းလိုက်သည်။
" ဒါဆို တခြားသူတွေကို လုပ်ခွင့်ပေးလိုက်လေ။ ကိုယ်တို့က အရင်းရှင်တွေ ဖြစ်နေပြီ။ တခြားသူတွေကို အသုံးချသင့်တယ်လေ။ ဘာလို့ ကိုယ့်ကိုကိုယ် အသုံးချနေရတာလဲ "
ချန်းရွှမ် သူ့ကို စိုက်ကြည့်နေသည်။
" နင်က အရင်းရှင်လေ။ ငါက နင့်အတွက် အလုပ်လုပ်နေတာ။ ငါ့ကို နင်ပဲ အမြတ်ထုတ်နိုင်တာ "
ယဲ့ဖန်သည် ခပ်ညစ်ညစ် အပြုံးဖြင့် ရောက်လာသည်။
" ကိုယ် မင်းကို အလုပ်မှာ အမြတ်မထုတ်ပေမယ့် မင်းကတော့ ကိုယ့်ကို တခြားနေရာတွေမှာအမြတ်ထုတ်နိုင်တယ်လေ ......... "
သူ စကားမဆုံးခင်တွင် ချန်းရွှမ်၏ လက်သေးသေးလေးက သူ့လက်မောင်းအောက်မှ နူးညံ့သည့်အသားကို ပြင်းထန်စွာ ညှစ်လိုက်သည်။
" ဘယ်သူက နင့်ကို အမြတ်ထုတ်ချင်တယ်လို့ ပြောလို့လဲ "
ယဲ့ဖန်သည် အသနားခံရင်း နာကျင်စွာ ရှုံ့မဲ့သွားသည်။
ဥက္ကဌချန်းသည် သူ့ကို လွှတ်ပေးလိုက်ပြီး သူမအဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ပြင်ကာ ထွက်သွားခဲ့သည်။
ယဲ့ဖန်သည် သူမ၏ ချောမောလှပသော ကျောပြင်ကို ကြည့်ပြီး မထိန်းနိုင်ဘဲ ပြောလိုက်သည်။
" အစ်မက လှိုင်းလုံးတွေလို လာလိုက်၊ သွားလိုက် လုပ်နေတာ။ ကိုယ့်ခန္ဓာကိုယ်က ကမ်းခြေလို ခြောက်သွေ့လိုက်၊ စိုစွတ်လိုက်နဲ့ ....... "
ချန်းရွှမ်၏ ခြေထောက်များသည် ပျော့သွားကာ သူမ လဲကျမတတ် ဖြစ်သွားခဲ့သည်။
သူမ ချက်ချင်း လှည့်ပြီး သူ့ကို စိုက်ကြည့်နေလိုက်သည်။
ထိုအကြည့်က အတော်ကို ပရောပရီဆန်လေသည်။
အပိုင်း ( ၇၅၅ )
သရဲသွားဖမ်းမလို့လား
ချန်းရွှမ် ထွက်သွားပြီးနောက် ယဲ့ဖန် သည် ငွေပမာဏ တွက်ချက်နေခဲ့သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် သူ၏ မဆုတ်မနစ် ကြိုးစားအားထုတ်မှုကြောင့် ၁၀ဘီလီယံ ပန်းတိုင်ဆီသို့ သိသိသာသာ နီးလာခဲ့သည်။
သို့သော် သူသည် ၅.၈ ဘီလီယံလောက် လိုနေသေးသည်။
သွားရမည့်လမ်းက ဝေးသေးသည်ဟု ဆိုနိုင်သည်။
ငွေအမြန်ရှာဖို့ တခြားနည်းလမ်းများ ရှိသေးလား။
သူ လေးနက်စွာ တွေးနေချိန် ကျူးရှောင်ကျောင်းဆီမှ ဖုန်းဝင်လာခဲ့သည်။
" မမလေးကျူး၊ ငါ့အတွင်းခံဘောင်းဘီကို လျှော်ပေးဖို့ သေသေချာချာ ပြင်ဆင်ထားပြီလား "
" ဒီအကြံကို မေ့လိုက်။ နင်ငါ့ကို သတ်ပစ်ရင်တောင် မလျှော်ပေးဘူး "
" အိုး ဒါဆို စကားမတည်တဲ့ ခွေးဝဲစားလား။ မင်း ငါ့ကျွန် သုံးရက်ဖြစ်ပေးမယ်လို့ ကတိပေးထားတယ်လေ။ အခု မင်းရှုံးတော့ အရှက်မရှိ ငြင်းနေတာလား "
" ဘယ်သူက အရှက်မရှိတာလဲ။ ငါမဟုတ်ဘူး "
" မင်းမဟုတ်ဘူးဆို ငါပြောတဲ့အတိုင်းလုပ် "
" အပြစ်ဒဏ်ကို ချေဖို့ တခြားနည်းလမ်း သုံးလို့ရမလား "
" အခြားနည်းလမ်းလား။ မင်းခန္ဓာကိုယ်နဲ့ ပေးဆပ်ချင်တယ်လို့တော့ ငါ့ကို မပြောနဲ့နော်။ အင်းပါ ..… စဉ်းစားကြည့်ပေးမယ် "
" သေလိုက်ပါလား။ နင်ကမှ နင့်ရဲ့ခန္ဓာကိုယ်နဲ့ ပေးဆပ်ရမယ့်သူပဲ "
" အဲ့တာက မဖြစ်နိုင်ဘူး "
" နင် ... နင်ငါ့ကို စိတ်တိုအောင် မလုပ်နဲ့။ နင်ပိုက်ဆံမြန်မြန်ရှာဖို့ ကူညီပေးမယ့်နည်းလမ်းကို ငါ ရှာတွေ့ထားတယ်။ မသိချင်ဘူးလား "
" ငါတောင် မစဉ်းစားနိုင်တာ။ မင်းရဲ့ ရူးနေတဲ့ ဦးနှောက်နဲ့ ဘာတွေ တွေးနိုင်မှာမလို့လဲ "
" လောလောဆယ် လျှို့ဝှက်ချက်ပဲ။ မနက်ဖြန် လာခေါ်။ ပြီးမှ ပြောပြမယ်။ ငါဖုန်းချပြီ "
မမလေးကျူးသည် လျင်မြန် ပြတ်သားသည်။
စကားတစ်ခွန်းမှ ထပ်မပြောဘဲ ဖုန်းချသွားသည်။
ယဲ့ဖန် ဖုန်းကို ချလိုက်ပြီး ခေါင်းယမ်းလိုက်သည်။
ထိုမိန်းကလေးသည် ဘာကိုမှ တွေးနိုင်မည်ဟု မထင်ချေ။
သူ့ကို ဆွဲထုတ်ကာ အပျော်ရှာချင်နေတာ ဖြစ်လောက်သည်။
'ဟီးဟီး၊ သိပ်မကြာခင် စစ်မှန်တဲ့ စိတ်လှုပ်ရှားမှုကို ခံစားရတော့မယ်'
............................
နောက်တစ်နေ့ မနက်တွင် သူသည် Blue Charm Nightကို ကျူးရှောင်ကျောင်း၏ ဟိုတယ်သို့ မောင်းနှင်လာခဲ့သည်။
ကျူးရှောင်ကျောင်းသည် တံခါးဝတွင် အကြာကြီး စောင့်ဆိုင်းနေခဲ့သည်။
ယနေ့ သူမ၏ မိတ်ကပ်သည် 'ထူးဆန်းသည်' ဟုသာ ပြောနိုင်သည်။
သူမသည် ခေါင်းပေါ်တွင် ရှုတ်ထွေးနေသော ဆံပင်တုနှင့် မျက်နှာပေါ်တွင် မိတ်ကပ်အမည်းများကို ခြယ်သထားပြီး နှုတ်ခမ်းများသည်လည်း ဖောက်ခွဲခံထားရသလို မည်းနက်နေသည်။
သူမသည် သတင်းစာတစ်စောင်ကို ၀တ်ထားသကဲ့သို့ စကားလုံးများစွာပါသော အင်္ကျီအဖြူကို ဝတ်ဆင်ထားသည်။
သူမ၏ အင်္ကျီတစ်ဝက်ကို ဘောင်းဘီထဲသို့ ထိုးထည့်ထားပြီး ကျန်တစ်ဝက်မှာ တွဲလောင်းကျနေသည်။
ယဲ့ဖန်သည် ဒီပုံစံက ဘာမှန်း မသိချေ။
သို့သော် မမေးလည်း မမေးရဲချေ။ မဟုတ်ပါက သူ့အား 'ဘာမှမသိသည့်တောသား'ဟုခေါ်ခံရမည်ကို စိုးရိမ်လေသည်။
သူမသည် စုတ်ပြဲနေသော ဂျင်းဘောင်းဘီတစ်ထည်ကို ၀တ်ထားသေးသည်။
သူမ၏ ဖြူဝင်းလှသော အသားအရေသည် အပေါက်မှတဆင့် ပေါ်နေပြီး တစ်စုံတစ်ယောက်၏ နှလုံးသားကို ပြင်းထန်စွာ ခုန်စေနိုင်သည်။
ယဲ့ဖန်သည် သူမ၏ ၀တ်စုံကို ကြည့်ကာ မေးလိုက်သည်။
" ငါတို့ သရဲသွားဖမ်းမှာလား "
ကျူးရှောင်ကျောင်း ခဏလောက် ထိတ်လန့်သွားသည်။
" ဘယ်သရဲကို ဖမ်းမှာလဲ "
ယဲ့ဖန်သည် သူမ၏ ဝတ်စုံကို ညွှန်ပြလိုက်သည်။
" မင်း ဒီလိုဝတ်ထားတော့ သရဲတွေက မင်းကိုမြင်ရင် ဘောင်းဘီထဲတောင် သေးထွက်ကျလိမ့်မယ်။ အချိန်တန်ရင် မင်းက သရဲတွေကို ခြောက်ပြီးရင် ငါက ဖမ်းဖို့ တာဝန်ယူမယ်။ အလုပ်ခွဲဝေတာ ရှင်းပြီမလား။ ငါတို့ကို အခုလောလောဆယ် လေနက်မကောင်းဆိုးဝါးအတွဲလို့ ခေါ်ကြရအောင် "
ကျူးရှောင်ကျောင်းသည် သူ့စကားကို ကြားပြီးသည့်အခါ သူမ ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
" နင် ရူးနေတာလား။ ဘယ်ဌာနကို ဆေးစစ်ဖို့ သွားကြမလဲ "
ယဲ့ဖန် ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။
" မင်းက စာညံ့တဲ့ ကျောင်းသားတစ်ယောက်ဆိုတာ ငါ ပြောနိုင်တယ်။ ပိုရှုပ်ထွေးအောင်လုပ်လိုက်ရင် မင်း နားလည်မှာမဟုတ်ဘူး။ ကားပေါ်တက် "
ကျူးရှောင်ကျောင်းသည် ရှေ့ခရီးသည်ထိုင်ခုံတွင် ထိုင်နေပြီး သူမလက်ထဲတွင် အိတ်ကြီးတစ်လုံးကို ကိုင်ထားကြောင်း ယဲ့ဖန် သတိပြုမိလိုက်သည်။
ရွေ့လျားရန်အသုံးပြုသော ယက်ကမ်းအိတ်ကြီးတစ်မျိုးဖြစ်သည်။
" ပျက်နေတဲ့အိတ်နဲ့ ဘာလုပ်တာလဲ "
" ငါက ချမ်းသာချင်ယောင် ဆောင်နေတာ "
ကျူးရှောင်ကျောင်း အေးစက်စွာ အဓိပ္ပာယ်နှစ်ခွဖြင့် ပြန်ဖြေသည်။
ယဲ့ဖန် သူမကို နားလည်သလို ကြည့်လိုက်သည်။
" အခု နားလည်ပြီ၊ ဘဏ်ကို လုယက်တော့မှာလား။ မင်း ဒီလိုဝတ်ထားတာ မဆန်းတော့ပါဘူး။ ဖမ်းမိတာကို ရှောင်ရှားရန် လုပ်ချင်သေးလား။ ခဏစောင့်၊ ငါဝတ်ဖို့ ခေါင်းစောင်းတွေ သွားဝယ်လိုက်မယ် "
ကျူးရှောင်ကျောင်းက သူ့ကို စိုက်ကြည့်နေသည်။
" ဘဏ်လုယက်တာလို့ ဘယ်သူပြောလဲ "
ယဲ့ဖန် သူမကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။
" ဘဏ်ကို ဓားပြတိုက်တာ မဟုတ်ဘူးဆိုရင် ဒီလိုပိုက်ဆံအိတ်ကြီးကို ဆောင်ထားရကျိုးနပ်တဲ့ တခြားစီးပွားရေးလုပ်ငန်းက ဘာရှိသေးလို့လဲ "
ကျူးရှောင်ကျောင်းသည် ချက်ချင်း မှီလိုက်သည်။
" မြေအောက် ကာစီနိုတစ်ခုအကြောင်း ငါ သိထားတယ်။ နင်က လောင်းကစား တော်တယ်၊ မဟုတ်ဘူးလား။ သေချာပေါက် အများကြီးရမှာ "
ယဲ့ဖန်၏ မျက်နှာသည် တုန်လှုပ်သွားသည်။
" ဒါနဲ့ ပိုက်ဆံရှာဖို့ စိတ်ကူးထားတာလား "
ကျူးရှောင်ကျောင်း လေးနက် ခေါင်းညိတ်လိုက်သည်။
" မှန်တယ်။ လောင်းကစားထက် ငွေရှာဖို့ ပိုမြန်တဲ့ နည်းလမ်းရှိလို့လား "
ယဲ့ဖန် သူ့နှုတ်ခမ်းကို ပွတ်သပ်လိုက်သည်။
" ဆယ်ကြိမ်မှာ ကိုးကြိမ်ရှုံးတာ မကြားဖူးဘူးလား။ ငွေရှာဖို့ပဲ စဉ်းစားနေတယ်။ ရှုံးရင်ဖြစ်မဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို တစ်ခါမှ မတွေးဖူးဘူးလား "
ကျူးရှောင်ကျောင်း သူ့ကို ပုခုံးပေါ် ပုတ်လိုက်သည်။
" နင်ရဲ့ အရည်အချင်းတွေကို ငါယုံတယ် "
ယဲ့ဖန် အမြန် ခေါင်းယမ်းလိုက်သည်။
" ဒါပေမယ့် ငါ့ရဲ့ အင်အားကို ငါမယုံဘူး "
ကျူးရှောင်ကျောင်း အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားသည်။
" နင် ပိုပိုပြီး တော်လာတယ်ဆိုတာ ငါသိတယ်။ နင့်ကို ငါစတွေ့တုန်းက ဒီလိုမဟုတ်ဘူး "
ယဲ့ဖန် ခြောက်ကပ်စွာ ရယ်လိုက်သည်။
" မင်းနဲ့ တွေ့တုန်းကလည်း မင်း ဒီလိုမဟုတ်ဘူး။ မင်း အရမ်းရူးနေတယ်ဆိုတာ ငါသိခဲ့ရင် မင်းရဲ့ မီးတွင်းထဲကို ငါခုန်ဆင်းမှာ မဟုတ်ဘူး "
ကျူးရှောင်ကျောင်း ရှက်ရွံ့စွာ ပြုံးလိုက်သည်။
"နောက်ကျသွားပြီ။ နင် ငါ့ထောင်ချောက်ထဲကို ခုန်ဆင်းပြီးပြီဆိုတော့ နောက်တစ်ခါ ပြန်တက်ဖို့ မစဉ်းစားနဲ့တော့ "
ယဲ့ဖန် ရယ်လိုက်သည်။
" မင်းက တကယ် နက်တဲ့ထောင်ချောက်ပဲ "
" အဲ့တာ ...... "
ကျူးရှောင်ကျောင်းသည် သူ့စကားထဲတွင် လျှို့ဝှက်ထားသော အဓိပ္ပါယ်ရှိနေကြောင်း သူမ သိလိုက်ရသည်။
သူမ ချက်ချင်း ဒေါသထွက်သွားသည်။
" နင် မသွားဘူးလား။ ဘာပဲဖြစ်ဖြစ်၊ နင့်အတွက် ကောင်းတဲ့လမ်းကို ငါက ညွှန်ပေးပြီးပြီ။ မသွားချင်ရင် မေ့လိုက်တော့ "
ယဲ့ဖန် ရှက်ရွံ့စွာ ပြုံးလိုက်သည်။
" ဒါကို ကောင်းတဲ့လမ်းလို့ ခေါ်တာလား။ အဆုံးသတ်လမ်းနဲ့ ပိုတူတယ်လို့တောင် ထင်ရတယ်။ ဇနီးကောင်းနှင့် ခင်ပွန်းကောင်းဆုံရင် ဒုက္ခနည်းတယ်တဲ့။ အနာဂတ်မှာ မင်းကိုလက်ထပ်မယ့်သူကတော့ သေချာပေါက် အခက်တွေ့လိမ့်မယ် "
ကျူးရှောင်ကျောင်း၏ မျက်နှာသည် ဒေါသကြောင့် အရောင်ဖျော့သွားသည်။
" မသွားချင်ရင်လည်း ကောင်းပြီ။ ငါ့ဘာသာ သွားမယ် "
သူမ စကားပြောရင်း ကားပေါ်က ဆင်းတော့မည်။
ယဲ့ဖန်က သူမကို အမြန်ပြန်ဆွဲလိုက်သည်။
" ငါသွားမယ် ဟုတ်ပြီလား။ အဲ့ဒီမှာ ငါရှုံးရင် မင်းကို တခြားသူတွေဆီ ပေါင်ခဲ့မယ် "
ကျူးရှောင်ကျောင်း သူ့ကို စူးရဲစွာ စိုက်ကြည့်နေသည်။
" အဲ့လို လုပ်ရက်လို့လား "
ယဲ့ဖန် မကြားချင်ယောင်ဆောင်ပြီး အရှိန်မြှင့်စက်ကို နင်းလိုက်သည်။
အပိုင်း ( ၇၅၆ )
ငါတို့က ဒီကို ငွေအများကြီးရှာဖို့ ရောက်လာတာလေ။
ကျူးရှောင်ကျောင်း ပြောခဲ့သော မြေအောက်ကာစီနိုသည် ဝေးလံခေါင်ပါးသောနေရာတွင် တည်ရှိသည်။
မြို့မှ ထွက်ပြီး ရွာငယ်လေးဆီသို့ ရောက်ရန် နာရီဝက်ကျော်လောက် ကားမောင်းရသည်။
ယဲ့ဖန်သည် အလွန်မိုက်သော Blue Charm Nightကို ရွာထဲသို့ မောင်းဝင်လိုက်ရာ လမ်းပေါ်ရှိ ရွာသားများမှာ သူ့ကို မကြည့်ကြပေ။
သူတို့သည် ဇိမ်ခံကား များစွာကို မြင်ဖူးကြပြီးဖြစ်၍ မအံ့သြကြချေ။
သူတို့သည် နေရာမေးရန် မလိုလိုက်ပေ။
သူတို့ရှေ့မှာ ဇိမ်ခံကားနှစ်စီးရှိနေသည်။
သူတို့ ဒီကို ဘာအတွက် လာသည်ဆိုတာကို သိရန် မေးဖို့ပင် မလိုချေ။
သူတို့နှစ်ယောက်သည် ကားနှစ်စီးနောက်သို့ ဖြည်းညှင်းစွာလိုက်လာပြီး မကြာမီဝင် ကြီးမားသော ဝင်းကြီးတစ်ခုရှေ့သို့ ရောက်လာကြသည်။
ခြံဝင်းကြီးသည် တံခါးမရှိ၍ တန်းပြီး ဝင်လို့ရသည်။
ခြံဝင်းကြီးထဲတွင် သန်းပေါင်း ရာထောင်ချီသော ကားများဖြင့် ပြည့်နေလေသည်။
ယဲ့ဖန်၏ကား ဝင်လာသောအခါ သူသည် ကြက်များကြားမှ ကြိုးကြာကဲ့သို့ ချက်ချင်း ခံစားလိုက်ရသည်။
ကားထဲမှ ပထမဆုံးထွက်လာသော လူအနည်းငယ်သည် ခန်းမဆီသို့ မဝင်မီ အနောက်သို့ အကြိမ်အနည်းငယ် လှည့်မကြည့်နိုင်ဘဲ မနေနိုင်ကြပေ။
အခန်းတံခါးဝတွင် ထွားကျိုင်းသော လူတစ်ယောက် ရပ်နေပြီး သူက ချက်ချင်း တားလိုက်သည်။
သူတို့ထဲမှ အနည်းစုသည် အိတ်ကပ်ထဲမှ တစ်ခုခုကို ထုတ်ပြီး ထိုလူကို ပေးလိုက်သည်။
ထိုလူသည် ခဏ စစ်ဆေးပြီးနောက် သူတို့ကို ပြန်ပေးလိုက်သည်။
ထို့နောက် လုံခြုံရေးရှာဖွေစက်ကို ယူပြီး သူတို့ကို မဝင်မီ အချိန်အတော်ကြာ ရှာဖွေနေခဲ့သည်။
" အာဏာကို နှိမ်နှင်းဖို့ သူတို့က အထောက်အထား စိစစ်ဖို့ လိုနေသေးတာလား "
ယဲ့ဖန်သည် ကျူးရှောင်ကျောင်းကို လှည့်ကြည့်လိုက်သည်။
" ငါလည်း မသိဘူး "
ကျူးရှောင်ကျောင်းလည်း စိတ်ရှုပ်သွားသည်။
" အခု ငါတို့ ဘာလုပ်သင့်လဲ "
ယဲ့ဖန်သည် ထိုလူကို တစ်ချက်ကြည့်လိုက်ပြန်သည်။
" ဒီကိုရောက်နေပြီဆိုမှတော့ ဝင်ကြည့်ရအောင် "
သူသည် ကားထဲမှ အရင်ထွက်ပြီး ကျူးရှောင်ကျောင်းသည် သူ့နောက်မှ လိုက်သွားသည်။
သူတို့ နှစ်ယောက် ပင်မအိမ်ကြီးသို့ ရောက်သောအခါ ထိုလူက တားလေသည်။
" မင်းတို့ရဲ့ ဖိတ်စာကတ်တွေက ဘယ်မှာလဲ "
ကျူးရှောင်ကျောင်း သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။
" ဘာဖိတ်စာကတ်လဲ "
ထိုလူ၏ အမူအရာမှာ အနည်းငယ် သတိကပ်သွားသည်။
" ငါတို့နေရာကို လာပြီး ကစားဖို့ ဖိတ်စာကတ်ရှိရမယ်။ ဖိတ်စာကတ်မရှိရင် ဘယ်သူမှ ဝင်လို့မရဘူး "
ကျူးရှောင်ကျောင်း ခေါင်းကုတ်လိုက်သည်။
" ဒါဆို ဖိတ်စာကတ်ကို ဘယ်လို ရနိုင်မလဲ "
ထိုလူက အနည်းငယ် စိတ်မရှည်တော့ချေ။
" ဒီမှာ သုံးလကျော်ကစားခဲ့တဲ့ ပုံမှန်ဖောက်သည်တစ်ယောက်ဆီက အနည်းဆုံး အကြံပြုချက်တစ်ခုရှိရမယ်။ ဖိတ်စာကတ်ရဖို့ မင်းတို့မှာ လုံလောက်တဲ့ ရန်ပုံငွေရှိကြောင်းကိုလည်း သက်သေပြဖို့ လိုအပ်တယ် "
ကျူးရှောင်ကျောင်း အံ့အားသင့်သွားသည်။
" ခြွင်းချက်လုပ်ပေးလို့ ရမလား။ ကျွန်မတို့ ....... ဖိတ်စာကဒ် ယူလာဖို့ မေ့သွားတယ် "
ထိုလူက ယုတ္တိမဲ့စွာ ကြည့်နေသည်။
" ယူလာဖို့ မေ့သွားရင် ပြန်သွားယူ။ ဖိတ်စာကတ်မပါဘဲ ဘယ်သူမှ ဝင်လို့မရဘူး "
ကျူးရှောင်ကျောင်းက ဆက်လက်ရှင်းပြသည်။
ထိုအချိန်တွင် ဘေးနားရှိ ယဲ့ဖန်မှ ရုတ်တရက် အော်ဟစ်လိုက်သည်။
" မင်း မျက်စိကန်းနေတာလား။ မင်းအဖေက ဘယ်သူလဲဆိုတာတောင် မသိဘူးလား။ မင်းအဖေကို ဖိတ်စာကတ်တောင်းရဲတဲ့ သတ္တိ မင်းကို ဘယ်သူပေးတာလဲ။ မင်းအဖေက မင်းရဲ့ ဒီကာစီနိုကိုတောင် မီးရှို့ပစ်နိုင်တယ်ဆိုတာ မင်းယုံလား "
'မင်းအဖေ'လို့ ဆက်တိုက် ခေါ်လိုက်သည့်ပုံစံက ထိုလူကို ချက်ချင်း စိတ်ငြိမ်သွားစေသည်။
" မင်းက...ဘယ်သူလဲ "
" မင်း မျက်စိကန်းနေတာလား။ မင်းငါ့ကိုတောင် မသိဘူးလား။ ဒါတောင် မင်းက မြေအောက်လောကမှာ နေရဲတဲ့ သတ္တိရှိနေတုန်းလား။ တောထဲမှာ နေရတာ ကံကောင်းတယ်။ မင်း ယန်းချန်မြို့မှာ ရှိနေရင် မင်းအခုဆို သေသွားပြီ "
ယဲ့ဖန်က နှာခေါင်းကို လက်ညှိုးထိုးပြီး မောက်မာစွာ ကြိမ်းမောင်းနေကာ သူ့လက်ချောင်းသည် နှာခေါင်းကို ဖိလုနီးပါး ဖြစ်နေသည်။
ထိုလူသည် သူ၏ မျက်နှာပေါ်ရှိ ပုန်ကန်သောမျက်နှာထားရှိနေသော်လည်း ယခုကဲ့သို့ ကြိမ်းမောင်းခြင်းခံရပြီး သူ ချက်ချင်း ထိတ်လန့်သွားသည်။
" အကိုကြီး၊ မျက်စိကန်းမိတာ ခွင့်လွှတ်ပါ။ ဒါပေမယ့် မင်းနာမည် ဘယ်လိုခေါ်လဲ "
ယဲ့ဖန်က လက်လှမ်းပြီး သူ့မျက်နှာကို ပုတ်လိုက်သည်။
" ငါ့နာမည်ကို သိဖို့ အရည်အချင်းပြည့်မီတယ်လို့ မင်းထင်လား။ သိချင်ရင် မင်းရဲ့အထက်လူကြီး ကိုယ်တိုင်မေးလိုက်။ မင်းက အရည်အချင်း မပြည့်မီဘူး "
ထိုသို့ပြောပြီးနောက် ယဲ့ဖန်သည် သူ့ကို တွန်းထုတ်လိုက်ပြီး ကျူးရှောင်ကျောင်း၏ လက်ကို ဆွဲကိုင်ပြီး ခေါ်ဝင်သွားလိုက်သည်။
ကျူးရှောင်ကျောင်းသည် သူ့နောက်သို့ လိုက်လာခဲ့သည်။
သူမ အံ့သြပြီး ရယ်နေမိသည်။
ဒီကောင်ရဲ့ သရုပ်ဆောင်စွမ်းရည်က တကယ်ကို ပြီးပြည့်စုံလွန်းတယ်။
သူ့နာမည်ကို အစကနေ အဆုံးထိ မပြောသွားသော်လည်း ထိုလူက သူ့ကို တကယ်ကြောက်သွားသည်။
ထိုလူသည် သူတို့နှစ်ယောက်၏ ကျောကို ကြည့်ပြီး စိတ်ထဲတွင် တုံ့ဆိုင်းသွားသည်။
သူ့သူဌေးသည် တံခါးစောင့်ရန် တာဝန်ပေးထားလေသည်။
ဖိတ်စာကတ်မပါပါက မည်သူမျှ ဝင်ခွင့်မရှိချေ။
သို့သော် ထိုလူငယ်မှ ထုတ်လွှတ်နေသော ကိုယ်ရောင်ဝါသည် ကြောက်မက်ဖွယ်ကောင်းလှသည်။
သူ့သူဌေးပင် ဤမျှ အစွမ်းထက်သော ကိုယ်ယောင် မရှိချေ။
ထို့အပြင် သူမောင်းနှင်လာသော ပြိုင်ကားကားသည် ဤနေရာရှိ အခြားကားများထက ပိုမိုတောက်ပနေပါသည်။
စျေးအလွန်ကြီးသည်ဆိုတာ သိသာလေသည်။
အဆုံးတွင် 'မစော်ကားနိုင်ဘူး'ဆိုသော အသိနှင့် နိဂုံးချုပ်လိုက်ရသည်။
'ဒါကို ဘော့စ်ဆီ သတင်းပို့ရမလား'
'ထားလိုက်ပါ။ ဘော့စ်က VIPလူကြီးမင်းတစ်ယောက်ကို ဧည့်ခံနေတာ။ ငါ သူ့ကို သွားနှောင့်ယှက်ရန် သေချာပေါက် အကြိမ်းခံရလိမ့်မယ်'
'လူနှစ်ယောက်ကို ဝင်ခိုင်းလိုက်တာက ပြဿနာ မဖြစ်လောက်ဘူး မဟုတ်လား'
..............................
ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့ အခန်းထဲသို့ ဝင်လာသောအခါတွင် သူတို့သည် ညစ်ညမ်းသောလေထုကြောင့် ချက်ချင်း အသက်ရှုကြပ်လာပြီး ချောင်းဆိုးလာသည်။
အိမ်ကြီးသည် အနည်းဆုံး စတုရန်းမီတာ နှစ်ရာကျော် ကျယ်လေသည်။
အထဲတွင် ရှုပ်ပွနေပြီး အော်ဟစ်ဆဲဆိုသံ အမျိုးမျိုးကို ကြားနေရသည်။
တခြားအမျိုးသမီးတွေသည် ဒီလိုမြင်ကွင်းမျိုးနှင့် ကြုံလျှင် ရွံကြမည်ဖြစ်သည်။
သို့သော် ကျူးရှောင်ကျောင်းသည် အများနှင့် မတူညီသော အမျိုးသမီးတစ်ဦးဖြစ်သည်။
ထိုကဲ့သို့ ကြမ်းတမ်းသော ပတ်ဝန်းကျင်သို့ ရောက်လာသော်လည်း သူမသည် အမှန်တကယ် စိတ်လှုပ်ရှားနေသည်ကို ပြသခဲ့သည်။
ယဲ့ဖန် ခေါင်းယမ်းလိုက်သည်။
ဒီမိန်းမက မိန်းမနဲ့ လုံးဝ မတူဘူး။
ကျူးရှောင်ကျောင်းသည် သူ့နားထဲ တိုးတိုးလေးပြောသည်။
" ဒါက ရာဇ၀တ်မှုကျူးလွန်တဲ့သူတွေ ငွေကြေးခဝါချမှုမှာ အထူးပြုတဲ့ အမှောင်ကာစီနိုတစ်ခုပဲ။ နင် သူတို့ကို အနိုင်ပိုင်းပြီး ထွက်သွားနိုင်တယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမပါပဲ ဒေဝါလီခံတဲ့အထိ သူတို့ကို အနိုင်ယူနိုင်ရင် အကောင်းဆုံးပါပဲ "
ယဲ့ဖန် သူမစကားကို နားထောင်ပြီး လှည့်ကြည့်လိုက်သည်။
ဤကာစီနိုတွင် ဂိမ်းမျိုးစုံရှိလေသည်။
အန်စာတုံးများ၊ ရွှေပန်းပွင့်၊ ဖဲချပ် စသည်ဖြင့် ရှိလေသည်။
သို့သော် ထိုလူများသည် အချီကြီး မကစားကြပေ။
တစ်ကြိမ်တွင် ယွမ်သောင်းချီသာ နိုင်ကြသည်။
" ဒါက မမှန်ဘူး။ တကယ်လို့ ဒီနေရာက ငွေကြေးခဝါချတာတွေ တကယ်လုပ်ဆောင်နေတာဆိုရင် ကြေးက ဒီလောက် မသေးနိုင်ဘူး။ အဲ့တာဆို ဘယ်လောက်တောင် ကြာလိုက်မလဲ "
သူ ကျူးရှောင်ကျောင်းကို ချက်ချင်း မေးလိုက်သည်။
ကျူးရှောင်ကျောင်းသည် ကာစီနို၏ အခြေအနေကို သတိပြုမိပြီး စိတ်ရှုပ်သွားသည်။
" ဟုတ်လား၊ ဘာဖြစ်တာလဲ "
အမှန်တကယ် ငွေကြေးခဝါချသည့်နေရာ ဖြစ်လျှင် လောင်းကြေးမှ သန်းဆယ်ဂဏန်း သို့မဟုတ် သန်းရာပေါင်းများစွာအထိ အလွယ်တကူ ဖြစ်သွားနိုင်သည်။
သို့သော် တစ်ဝိုင်းလျှင် သောင်းဂဏန်းမျှသာရှိနေ၌ ငွေခဝါချရန် အချိန်အတော်ကြာပေလိမ့်မည်။
ယဲ့ဖန် ခဏ စဉ်းစားပြီး သဘောပေါက်သွားသည်။
" ဒီနေရာက အပြင်လူတွေကို စိတ်ရှုပ်စေမယ့် ကာဗာတစ်ခုပဲ ဖြစ်နိုင်တယ်။ တကယ့် အချီကြီးတွေကစားတဲ့ လောင်းကစားက ဒီမှာ မဟုတ်ဘူး "
ကျူးရှောင်ကျောင်း ထိတ်လန့်သွားသည်။
" ဒါဆို ငါတို့ ဘာလုပ်သင့်လဲ။ ငါတို့က ပိုက်ဆံအများကြီးရှာဖို့ ဒီကိုရောက်နေတာလေ။ ဒီလောက် ငွေနည်းနည်းလေးကို ဘယ်သူက စိတ်ဝင်စားမှာလဲ "
ယဲ့ဖန် သူမစကားကို သဘောကျသွားသည်။
" စိတ်မရှည်မဖြစ်ပါနဲ့၊ နှမ်းနဲ့ ပဲတီစိမ်းတောင်မှ ပိုက်ဆံပဲ။ ဘယ်လောက်ရရ ဖြုန်းတီးရယ မရောက်ပါဘူး "
သူသည် စကားပြောနေစဉ်တွင် တိုကင်ပြားများ လဲလှယ်ရန် ကောင်တာစားပွဲဆီသို့ လျှောက်သွားခဲ့သည်။