← Chapters

အပိုင်း ၇၅၇-၇၆၀

Vol. 38 Ch. 757-760

အပိုင်း ၇၅၇-၇၆၀

Vol. 38 Ch. 757-760

အပိုင်း ( ၇၅၇ )

မင်းအရင်တုန်းက အစွမ်းထက်ခဲ့တယ်၊ မဟုတ်ဘူးလား။

ယဲ့ဖန်သည် ပထမဆုံးအနေဖြင့် ယွမ်၁၀၀၀တန် တိုကင်ပြားများကို ယွမ်တစ်သိန်းဖိုးရှိ လဲလှယ်ပြီး ပန်းကန်ပြားပေါ်တွင် စုပုံထားသည်။

ထို့နောက် ပန်းကန်ပြားကို ထမ်းပြီး ခန်းမကို လှည့်ပတ်လေကြည့်သည်။

ကျူးရှောင်ကျောင်းသည် ရယ်စရာမျက်နှာပေးဖြင့် သူ့နောက်သို့ လိုက်သွားခဲ့သည်။

သူတို့နှစ်ယောက်၏ မျက်နှာပေါ်တွင် စာလုံးကြီးဖြင့် 'ငါတို့က အယုံလွယ်တယ်' ဟု ရေးထားပုံရသည်။

ထိုအခါ လောင်းကစားဝိုင်းများက သူတို့နှစ်ယောက်ကို ဖိတ်ရန် ချက်ချင်း ပြေးလာကြသည်။

" အချောလေးနဲ့ အလှလေး၊ မင်းတို့ ဒီကိုလာတာ အန်စာတုံးကစားဖို့လား။ အန်စာတုံးက အရမ်းပျော်စရာကောင်းတယ်။ လာစမ်းပါ "

" လာ၊ လာပြီး ငါတို့နဲ့ ဖဲချပ်ကစားမလား။ ဖဲချပ်ကစားရင် မင်းတို့ အများကြီးအနိုင်ရမှာ "

" သူတို့စကားကို နားမထောင်နဲ့။ ငါတို့နဲ့ အတူတူ blackjack လာကစား။ ပျော်စရာကောင်းတယ် "

" ဒါတွေက အရမ်းဒုက္ခများတယ်။ ငါတို့နဲ့ ကစားရတာ ပိုကောင်းပါတယ်။ ဒါက ရိုးရှင်းတယ် ....... "

ထိုလူများသည် 'အဆီအသား'နှစ်ခုကို လက်မလွှတ်ချင်ကြဘဲ အသီးသီး ဖြားယောင်းနေကြသည်။

ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့သည် ဘယ်ဝက်ဆီကို အရင်သတ်ရမလဲဆိုတာ ဆွေးနွေးနေကြသလို သူတို့နှစ်ဦးသာ နားလည်သည့် အကြည့်ချင်းဖလှယ်ခဲ့ကြသည်။

ထိုအခိုက်အတန့်တွင် ဆူဖြိုးသည့် ဝက်တစ်ကောင် ရုတ်တရက် ပေါ်လာသည် ..... မဟုတ် လူတစ်ယောက်သည် စိတ်မရှည်စွာနှင့် ယဲ့ဖန်၏ လက်မောင်းကို လှမ်းဆွဲလိုက်သည်။

" ညီလေး၊ ငါတို့နဲ့အတူ လာကစား။ ငါ့ကို ကြည့်လိုက် ယွမ် ၁သိန်းကျော် နိုင်ထားတယ်။ မင်းက ကံတော်တော်ကောင်းမယ်လို့ ထင်တယ်။ မင်း ပိုက်ဆံတွေ အများကြီး ပြန်ရလိမ့်မယ်လို့ ငါ အာမခံတယ် "

ယဲ့ဖန်လည်း မကန့်ကွက်ချေ။

ရွှေပန်းပွင့် ကစားပွဲဆီသို့ လိုက်သွားခဲ့သည်။

ထိုပုံစံကို တခြားစားပွဲမှလူတွေ မြင်ပြီး ရင်ဘတ်ကို ချက်ချင်းငုံ့ကာ ခြေထောက်ကို ဆောင့်လိုက်ကြသည်။

ထိုကဲ့သို့ အဆီဖြိုးသော သိုးကြီးတစ်ကောင်ကို ဆုံးရှုံးလိုက်ရသည့်အတွက် နောင်တရမိသည်မှာ ထင်ရှားလေသည်။

ထိုလူက သူ့ကိုယ်သူ မိတ်ဆက်သည်။

" ငါ့နာမည် လိုမာ့ကျီပါ။ လူတိုင်းက ငါ့ကို ဒုတိယအစ်ကိုကြီးလို့ ခေါ်ကြတယ်။ စိတ်မပူနဲ့၊ ဒုတိယအစ်ကိုကြီးက မင်းကိုကာကွယ်ပေးတဲ့အတွက် မင်းကို ဘယ်သူမှ မလိမ်ရဲဘူးလို့ ငါအာမခံတယ် "

ယဲ့ဖန် သူ့စိတ်ထဲမှ လှောင်ရယ်နေလိုက်သော်လည်း ကျေးဇူးတင်သည့်အမူအရာ ပြနေဆဲဖြစ်သည်။

" ကျေးဇူးတင်ပါတယ် ဒုအစ်ကိုကြီး "

လိုမာ့ကျီသည် ထိုစားပွဲရှိ လူများကို လျှို့ဝှက်စွာ ကြည့်လိုက်ပြီး ချက်ချင်း သူတို့နှစ်ဦးအတွက် ထိုင်ခုံနှစ်ခုကို နေရာဖယ်ခိုင်းလိုက်သည်။

အားလုံး ထိုင်ပြီးသည့်နောက် လိုမာ့ကျီ သည် အစီအစဉ်များပြုလုပ်ရန် ချက်ချင်း အစပြုလိုပ်သည်။

" ဒါက လူချောလေးရဲ့ ပထမဆုံးအကြိမ် ကစားတာဖြစ်လို့ အားလုံး သူ့ကို ဂရုစိုက်ပေးကြရအောင်။ ဒီပွဲလေးကို နည်းနည်းပဲ အရင် ကစားကြည့်ကြမယ်။ အနိမ့်ဆုံးလောင်းကြေးမှာ ယွမ် ၁သောင်း ဖြစ်ပြီးတော့ လောင်းကြေးတစ်ခါတိုးရင် ယွမ် ၁သောင်းထက် မနည်းရဘူး "

အခြားသူများကလည်း ခေါင်းညိတ်ကာ အဆင်ပြေကြောင်း သဘောတူကြသည်။

ယဲ့ဖန် ရယ်ချင်မိသည်။

ထိုလူအားလုံးသည် အစတွင် ယွမ် ၁ထောင်ချင်းစီသာ လောင်းနေခဲ့သည်ကို မြင်ခဲ့သည်။

ယဲ့ဖန်မှ လိမ်ရလွယ်သည်ကို မြင်ပြီး သူတို့က ချက်ချင်း ယွမ် ၁သောင်းအထိ တိုးလိုက်ကြသည်။

ထို့အပြင် ယဲ့ဖန်အား ဂရုစိုက်သည်ဟုပင် ပြောရဲဲကြသေးသည်။

သို့သော် ယဲ့ဖန်သည် သူ၏အတွေးကို မပြောဘဲ ခေါင်းညိတ်လိုက်သည်။

လိုမာ့ကျီသည် စိတ်လှုပ်ရှားစွာဖြင့် သူ့လက်နှစ်ဖက်ကို ပွတ်လိုက်ကာ ဖဲထုတ်ကို ယူပြီး ကျွမ်းကျင်စွာ မွှေလိုက်သည်။ ထို့နောက် ကတ်များကို အားလုံးဆီ ဝေပေးလိုက်၏။

ထိုကဲ့သို့သော နေရာလေးတွင် ကတ်‌ဝေပေးသော အရောင်းကိုယ်စားလှယ်မရှိသည်မှာ သဘာဝကျလေသည်။

ကစားသမားများသည် အလှည့်ကျ ရှပ်ထိုးမွှေကာ ကတ်များကို ကိုင်တွယ်ကြသည်။

လိုမာ့ကျီသည် ဖဲချပ်များကို မွှေနေချိန်တွင် သူသည် ဖဲချပ်များ၏ အောက်ခြေသို့ လက်ချောင်းဖြင့် ရုတ်တရက် ပွတ်လိုက်ပြီး ဖဲချပ်တစ်ကတ်ကို ချက်ချင်း သူ့အင်္ကျီလက်ထဲတွင် ဝှက်ထားလိုက်သည်။

သူ၏ လှုပ်ရှားမှုများသည် အလွန်သိမ်မွေ့သော်လည်း ယဲ့ဖန်၏ မျက်လုံးများမှ မလွတ်နိုင်ချေ။ သို့သော် ယဲ့ဖန် အသံမထွက်ပေ။

" ငါအရင်ဆုံး လောင်းမယ် "

လိုမာ့ကျီသည် ကတ်များ ဝေပေးပြီးနောက် လူတိုင်းကို ချက်ချင်း သတိပေးလိုက်သည်။

လူတိုင်းသည် တိုကင်ပြား တစ်သောင်းဖိုးကို လောင်းကြေးတင်လိုက်ကြသည်။

ယဲ့ဖန်မှာတော့ ထူးခြားသည့် လှုပ်ရှားမှုမျိုး မလုပ်ခဲ့ချေ။

သူလည်း လိုက်လောင်းလိုက်သည်။

သို့သော် ဒီပွဲ၌ သူ သေချာပေါက် ရှုံးမည်ဆိုတာ သူသိလေသည်။

လိုမာ့ကျီသည် သူ့ကတ်များကို ကြည့်သည့်ပုံ ဟန်ဆောင်လိုက်သည်။

ယဲ့ဖန်သည် သူ၏ နက်နဲသော စကန်ဖတ်ခြင်းကို အသုံးပြုပြီး သူ၏ ကတ်များကို ကြည့်လိုက်သည်။

J♥️, 7♥️, 6♠️တို့ ဖြစ်သည်ကို တွေ့လိုက်ရသည်။

သူ၏ ကတ်များသည် တကယ့်ကို ပျမ်းမျှသာဖြစ်လေသည်။

သို့သော်လည်း သူသည် သူ့လက်သန်းကို လျင်မြန်စွာ လှန်လိုက်သည်နှင့် 6♠️သည် သူ့အင်္ကျီလက်ထဲသို့ ဝင်သွားပြီး အစောက သူ့လက်ထဲ၌ ဝှက်ထားသော 3♥️မှာ လွင့်ထွက်လာသည်။

နဂိုက ကံမကောင်းသောလက်သည် ချက်ချင်း ပြောင်းသွားသည်။

သူသည် လှည့်စားရာတွင် အလွန်ကျွမ်းကျင်သောကြောင့် လူများစွာကို လှည့်စားခဲ့သည်မှာ ထင်ရှားသည်။

ယဲ့ဖန်သည် သူ၏ ကိုယ်ပိုင်ကတ်ကို ကြည့်ရန်ပင် မလိုအပ်ချေ။

4♣️, 5♠️, 6♦️တို့ ဖြစ်လေသည်။

နံပါတ်ဖြစ်သောကြောင့် သူကတ်မှာ မသေးပေ။

လိုမာ့ကျီသည် သူ့အား တမင်တကာ ချိုမြိန်သော အရှုံးဖြစ်အောင် လောင်းကြေးတင်ရန် နံပါတ်တန်းကတ်ကြီး ပေးထားတာ ဖြစ်သည်။

ထိုသို့ဖြစ်၍ သူလည်း ဇာတ်ညွှန်းအတိုင်း ကရန်သာ ရှိတော့သည်။

ချက်ချင်း ကတ်သုံးကတ်လုံးကို ဖွင့်လိုက်ပြီး ကြည့်လိုက်သည်။

ယဲ့ဖန်၏ မျက်နှာတွင် ဖုံးကွယ်၍ မရသည်ထိ ပြုံးပျော်နေသော အမူအရာပေါ်လာသည်။

" ယွမ် ၁သောင်း လောင်းမယ် "

ကတ်များကို ကြည့်ပြီးနော် ချက်ချင်း ယွမ်၁သောင်းတန်သည့် တိုကင်ပြားများကို တွန်းချလိုက်သည်။

လိုမာ့ကျီသည် သူ၏ စိတ်မရှည်သော အကြည့်ကို မြင်လိုက်ရပြီး ချက်ချင်း ဝမ်းသာသွားသည်။

ဒီကလေး ဘယ်လောက် မိုက်မဲသည်ဆိုတာ မြင်လိုက်ပြီး စိတ်သက်သာရာ ရသွားလေသည်။

" ငါလည်း ၁သောင်း လောင်းမယ် "

သူသည်လည်း တိုကင်ပြား ၁သောင်းဖိုး ထုတ်ခဲ့သည်။

အခြားသူများသည် ကတ်ပြားများကို မြင်ပြီးနောက် ကြေးအားလုံးကို ပစ်ချခဲ့ပြီး သူတို့နှစ်ဦးကိုသာ ကွင်းထဲတွင် ထားခဲ့သည်။

လိုမာ့ကျီသည် ယဲ့ဖန်ကို စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း မေးငေါ့လိုက်သည်။

" ညီလေး၊ မင်း လောင်းကြေးလိုက်ဦးမှာလား "

ယဲ့ဖန်သည် ခဏမျှ တုံ့ဆိုင်းသွားသည်။

သူသည် နောက်ထပ် တိုကင်ပြား ၁သောင်းဖိုးကို ထုတ်လိုက်သည်။

" လိုက်မယ်၊ ဒီလောက် ကတ်ကောင်းတဲ့ လက်တစ်စုံရှိနေမှတော့ သေချာပေါက် လိုက်မယ် "

လိုမာ့ကျီက ရယ်ချင်သည်ကို ထိန်းပြီး ယွမ် ၁သောင်းကို တွန်းထုတ်လိုက်သည်။

" ငါလည်း ပါတယ်။ ဆက်လောင်းချင်လား "

" နောက်ထပ်လိုက်မယ် "

" ငါလည်း ပါတယ် "

" ကျွန်တော် မယုံနိုင်ဘူး။ ဆက်လောင်းကြေးလိုက်မယ် "

" ငါ မင်းကို အဆုံးထိ အဖော်ပြုပေးမယ် "

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ဦးသည် လေးကြိမ်တိုင်တိုင် လိုက်ခဲ့ကြပြီး ယွမ် ၅သောင်းထိ ကြေးတင်ပြီးပြီ ဖြစ်သည်။

ရှိနေသူ အနည်းငယ်သည် အလွန်စိတ်လှုပ်ရှားနေကြသည်။

ဒီအဆီများသည် သိုးကောင်ကြီးကို သတ်ရသည်မှာ လွယ်လှသည်။

သူတို့သည် လျင်မြန်စွာဖြင့် ယွမ် ၅သောင်းကို ရရှိပြီး ဖြစ်သည်။

ဤတစ်ကြိမ်တွင် ယဲ့ဖန် လောင်းရန် အလှည့်ကျ၍ လိုမာ့ကျီမှ သူ့ကို ဒေါသဆွလျက် ကြည့်နေလေသည်။

" ညီလေး၊ မင်းငါ့နောက်ကို လောင်းကြေးလိုက်မှာလား "

ယဲ့ဖန် ထိုလူကို ကြည့်ပြီး သူ့ကတ်တွေကို ပြန်ကြည့်ကာ နောက်ထပ် တိုကင်ပြား ၁သောင်းကို ထုတ်လိုက်သည်။

" ခင်ဗျားရဲ့ ကတ်ပြားတွေကို ဖွင့်လိုက် "

ထိုစကားကို ပြောပြီးနောက် စားပွဲပေါ် တည့်တည့် ပစ်ချလိုက်သည်။

လိုမာ့ကျီသည် အောင်ပွဲခံသည့်အပြုံး ပြုံးပြပြီး ကတ်ပြားများကို စားပွဲပေါ်တင်လိုက်သည်။

" တောင်းပန်ပါတယ်၊ ငါနိုင်သွားပြီ "

စားပွဲဝိုင်းရှိ အခြားလူများက ချက်ချင်း အော်ပြောလိုက်သည်။

" ဒုတိယအစ်ကိုက တကယ်ကို မိုက်တာပဲ။ တကယ်ကို အံ့သြစရာကောင်းလွန်းတယ် "

" ဒီညီလေးမှာ နံပါတ်တန်းကြီးရှိနေတာ ငါမြင်တော့ သူသေချာပေါက် နိုင်လိမ့်မယ်လို့ ငါထင်ခဲ့တာ။ ဒုတိယအစ်ကို Flash ရသွားမယ်လို့ မမျှော်လင့်ထားဘူး "

( Flash - ♥️♥️♥️, ♠️♠️♠️, ♣️♣️♣️, ♦️♦️♦️ )

" ဟုတ်တယ်၊ ဒီညီလေး ကံနည်းနည်း ဆိုးသွားတာ "

" အရေးမကြီးပါဘူး။ ဒီပွဲမှာရှုံးရင် နောက်ပွဲကျ နိုင်မှာပေါ့ "

ကျူးရှောင်ကျောင်း စိတ်ပျက်စွာ သက်ပြင်းချလိုက်သည်။

" နင်ဘာဖြစ်နေတာလဲ။ မင်းအရင်တုန်းက အစွမ်းထက်ခဲ့တာ မဟုတ်ဘူးလား။ အခု ဘာလို့ မနိုင်တာလဲ "

ယဲ့ဖန် သူမကို ရှင်းပြမပြဘဲ ရှက်ရွံ့စွာ ပြုံးပြလိုက်သည်။

" ဒါက လောင်းကစားတစ်ခုပဲ။ အနိုင်နဲ့အရှုံးက ပုံမှန်ပါပဲ။ နောက်တစ်ပွဲကျ နိုင်ချင် နိုင်မှာပေါ့ "

လိုမာ့ကျီ ချက်ချင်း လက်မထောင်ပြလိုက်သည်။

" ညီလေး၊ မင်းပြောတာမှန်တယ်။ နောက်ပွဲကို နိုင်မယ်ထင်တယ်။ လာ၊ ဆက်ကြရအောင် "

ဒုတိယအချီတွင်လည်း လိုမာ့ကျီသည် အလားတူလှည့်ကွက်ကို ထပ်ခါထပ်ခါ ပြုလုပ်ခဲ့သည်။

ယဲ့ဖန် ဘာမှ မမြင်ရသလို ဟန်ဆောင်ပြီး ကျန်နေသည့် သူ၏ တိုကင်ပြားအားလုံးကို အရှုံးခံလိုက်သည်။

" သွား၊ ငါ့ကို နောက်ထပ် ယွမ် ၂သိန်းဖိုး တိုကင်ပြား ဝယ်ပေး "

ယဲ့ဖန် ဟန်ဆောင်ပြီး ကျူးရှောင်ကျောင်းဘက် လှည့်လိုက်သည်။

" နင် ဒီနေ့ အခြေအနေ မဟန်ဘူး။ ငါတို့ မေ့လိုက်ကြရအောင် "

ကျူးရှောင်ကျောင်းသည် အလွန်ထက်မြက်လေသည်။

ထိုလူများ ပူးပေါင်း သရုပ်ဆောင်နေသည်ဆိုတာ သူမ သိလိုက်နိုင်တာကြောင့် တားဖို့ ဆုံးဖြတ်လိုက်သည်။

" အပိုတွေ လာမပြောနဲ့။ ဒီနေ့ နိုင်ပွဲ မရနိုင်ဘူးလို့ ငါ မထင်ဘူး "

ယဲ့ဖန် စကားပြောရင်း အံကြိတ်ကာ စိတ်လွတ်နေသည့်ပုံ ပေါ်နေသည်။

ကျူးရှောင်ကျောင်းသည် သူ့ကို ထပ်ပြီး ဆွဲဆောင်ချင်သော်လည်း လိုမာ့ကျီက ပြောလိုက်သည်။

" အလှလေး၊ မင်းရဲ့ ချစ်သူက စိတ်ဓာတ်တွေ တက်ကြွနေတာကို မဖျက်ဆီးနဲ့။ မြန်မြန် သွားဝယ်ပေးလိုက် "

ကျန်လူများကလည်း တိုကင်ပြားများကို လဲလှယ်ရန် ကျူးရှောင်ကျောင်းအား တိုက်တွန်းခဲ့သည်။

ကျူးရှောင်ကျောင်းသည် ကောင်တာ စားပွဲဆီသို့ လျှောက်သွားရုံမှလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။

ထိုမြင်ကွင်းကို အခြားစားပွဲရှိ လူများမှ မြင်သောအခါ သနားသွားကြသည်။

သူတို့သည် ယဲ့ဖန်တို့ကို သနားတာ မဟုတ်ပေ။

သူတို့သည် ထို 'အဆီများသော အသား' ကို မစားရ၍ ဝမ်းနည်းကြခြင်းသာ ဖြစ်သည်။

အပိုင်း ( ၇၅၈ )

ဒီကလေးရဲ့ မျက်လုံးတွေ နီရဲနေပြီ

ကျူးရှောင်ကျောင်းသည် ၂သိန်းဖိုး တိုကင်ပြားများကို လဲပြီးနောက် ယဲ့ဖန်ရှေ့ကို ပုံချလိုက်သည်။

" ဒီတစ်ခါတော့ သိမ်းထားသင့်တယ်။ အကြီးကြီး မလောင်းနဲ့ "

ယဲ့ဖန်က စိတ်မရှည်စွာ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

" မင်း စိတ်ရှုပ်စရာ မကောင်းလွန်းဘူးလား။ အကြီးကြီးမကစားနိုင် ဘယ်လိုလုပ် နိုင်မှာလဲ "

လိုမာ့ကျီသည် သူ့ကို ချက်ချင်း လက်မထောင်ပြပြီး ချီးကျူးလိုက်သည်။

" ညီလေးက တကယ်ကို သတ္တိရှိတာပဲ။ အမှန်ပဲ၊ အကြီးကြီးနိုင်ချင်ရင်တော့ အကြီးကြီး ကစားရမှာလေ။ ပမာဏသေးသေးပဲ ကစားတော့ ဘာရမှာလဲ။ ဒီတစ်ခါ လောင်းကြေးကို ယွမ် ၂သောင်းထိ တိုးလိုက်ရအောင် "

ယဲ့ဖန် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

" မဟုတ်ဘူး၊ ၅သောင်းအထိ လောင်းမယ် "

စားပွဲရှိ လူများသည် ချက်ချင်း ကြောင်အသွားကြသည်။

သူတို့သည် အရင်က ဤမျှ ကြေးများသောပွဲကို မဆော့ဖူးကြပေ။

ယဲ့ဖန်သည် သူတို့ တုံ့ဆိုင်းနေသည်ကို မြင်လိုက်ရပြီး ထထွက်သွားရန် ပြင်လိုက်သည်၊

" ထားလိုက်တော့၊ တခြားသူနဲ့ပဲ သွားဆော့လိုက်တော့မယ် "

လိုမာ့ကျီသည် ထိုကဲ့သို့ အသားတုံးကြီးအား တခြားသူ၏ ပါးစပ်ထဲကို အရောက်မခံနိုင်သောကြောင့် အမြန် ပြန်ဆွဲထားလိုက်သည်။

" ညီလေး၊ စိတ်မလှုပ်ရှားပါနဲ့။ ငါတို့က ဒီလောက်ကြီးတဲ့ ကစားပွဲကြီး မကစားဖူးလို့ပါ။ အဲ့တာကြောင့် ....... "

ယဲ့ဖန်က အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။

" ဒီလိုသတ္တိနဲ့များ လာကစားရဲသေးတာလား။ ဝေ့ဝိုက်ပြောမနေနဲ့။ ကစားမှာလား၊ မကစားဘူးလားပဲ မေးနေတာ "

လိုမာ့ကျီသည် သူ့မျက်နှာကို ထပ်ကြည့်လိုက်ပြီး အဆုံးတွင် အံကြိတ်ကာ ပြောလိုက်သည်။

" ကောင်းပြီလေ၊ ငါ့ကိုယ်ငါ စတေးခံပြီး မင်းကို အဖော်ပြု ကစားပေးဖို့ ဆန္ဒရှိတယ် "

စားပွဲမှ တခြားတစ်ယောက်က ချက်ချင်း ထပြောသည်။

" ဒုအစ်ကိုကြီး၊ ကျွန်တော်မှာ ပိုက်ဆံ အဲ့လောက်မရှိဘူး။ စုစုပေါင်း ၅သောင်းတောင် မရှိဘူး။ အဲ့တာကြောင့် ဒီအတိုင်းပဲ ကစားသင့်ပါတယ်။ အများကြီး မလောင်းသင့်ဘူး "

အခြားသူများကလည်း အလားတူ ပြောလာကြသည်။

လိုမာ့ကျီသည် ချက်ချင်း စားပွဲကို ဆောင့်ရိုက်လိုက်သည်။

" ဒါဆို ငါ့ကို ပိုက်ဆံအရင်ချေး။ ဒီညီငယ်လေးနဲ့ ကစားလိုက်မယ် "

ထိုလူတွေသည် အနည်းငယ် မကျေမနပ်ဖြစ်သွားကြသော်လည်း သူတို့၏ တိုကင်ပြားများကို ပေးလိုက်သေးသည်။

ထိုအချိန်တွင် လိုမာ့ကျီ၏ရှေ့၌ တိုကင်ပြားများသည် တောင်တစ်ခုကဲ့သို့ စုပုံနေပြီဖြစ်သည်။

အနည်းဆုံး ယွမ် ၃သိန်းလောက် ရှိခဲ့သည်။

သူသည် ပထမဦးစွာဖြင့် လောင်းကြေး ၅သောင်းကို ထုတ်ပြီး စားပွဲအလယ်သို့ တွန်းချပြီးနောက် ယဲ့ဖန်ကို မော့ကြည့်လိုက်သည်။

" ညီလေး၊ မင်းလောင်းဖို့ အလှည့်ပဲ "

ယဲ့ဖန်က အများကြီး မပြောခဲ့ချေ။

၅သောင်းဖိုး တိုကင်များကို တွန်းထုတ်ခဲ့သည်။

လိုမာ့ကျီသည် တိုကင်ပြားများကို လောဘကြီးစွာဖြင့် ကြည့်ပြီး ဖဲချပ်များကို ကောက်ယူကာ မွှေတော့မည်ဖြစ်သည်။

" ခဏစောင့်ပါဦး။ တရားမျှတမှုအောင် တခြားသူတွေကို ကတ်ပြား ဝေပေးခွင့်ပြုသင့်တယ် ထင်တယ် "

ယဲ့ဖန်သည် ရုတ်တရက် သူ့လက်ကို ဖဲကတ်ပြားထုတ်ပေါ်တွင် တင်လိုက်သည်။

ထို့နောက် ကတ်တစ်ကတ်ကို သူ့အင်္ကျီလက်ထဲ ထည့်လိုက်သည်။

သူ၏ လှုပ်ရှားမှုများသည် အလွန်သိမ်မွေ့လေသည်။

သူ့တွင် နည်းပညာကျွမ်းကျင်မှု တစ်ထောင်ရှိသည်။

ထို့ကြောင့် သူ၏ လှည့်စားမှု နည်းစနစ်သည် ကောင်းလွန်း၍ လိမ်လည်မှုလက်ဟောင်း လိုမာ့ကျီပင်လျှင် သူ့လုပ်ရပ်ကို သတိမထားမိပေ။

လိုမာ့ကျီသည် သူ့ကို မော့ကြည့်ပြီး ဘာမှမပြောချေ။

" ကောင်းပြီ ဒါဆို တခြားလူလုပ်ခွင့်ပေးလိုက်ပါ။ ဒါမှ အားလုံးလည်း စိတ်သက်သာရာရစေမှာ "

ကျူးရှောင်ကျောင်းက ပြောလိုက်သည်။

" ဒါဆို ကျွန်မလုပ်မယ် "

ထို့နောက် မည်သူ့ကိုမျှ မစောင့်ဘဲ ဖဲကတ်ပြားများကို ယူကာ မွှေသည်။

သို့သော် သူမ၏ မွှေနည်းသည် အလွန်ကပျက်ကချော်နိုင်လေသည်။

သူမသည် ဖဲကတ်များကို အကြိမ်ပေါင်းများစွာ မွှေကာ ချော်ပြီး စားပွဲပေါ်တစ်ခုလုံး ဖိတ်သွားသည်။

လိုမာ့ကျီသည် သူမ တစ်ခုခုလုပ်မည်ကို စိုးရိမ်နေခဲ့သော်လည်း သူမ၏ အမူအရာကို မြင်လိုက်ပြီးနောက် ချက်ချင်း စိတ်သက်သာရာရသွားသည်။

" ဟားဟား၊ မင်းအချိန်ယူပါ အလှလေး။ အလျင်မလိုပါဘူး "

နောက်ဆုံးတွင် ကျူးရှောင်ကျောင်းသည် ကတ်များကို မွှေခဲ့ပြီး အားလုံးကို ကတ်သုံးကတ်စီပေးခဲ့သည်။

ထို့နောက် ယဲ့ဖန်နောက်တွင် ရပ်လိုက်သည်။

ယဲ့ဖန်သည် သူ့ကတ်တွေကိုပင် မကြည့်ချေ။

သူသည် တိုကင် ၂သောင်းဖိုးကို ထုတ်လိုက်ခဲ့သည်။

" ဝှက်ဖဲထားမယ်၊ ၂သောင်း "

လိုမာ့ကျီ၏ မျက်လုံးများ ချက်ချင်း ကျဉ်းမြောင်းသွားသည်။

သူ့ကတ်တွေကို ကောက်ကိုင်ပြီး ကြည့်လိုက်သည်။

Q♥️, J♠️, 10♣️ဖြစ်၍ ဂဏန်းအတွဲလိုက် ဖြစ်သည်။

စည်းမျဉ်းများအရ ပြိုင်ဘက်သည် ကတ်များကို မကြည့်ဘဲ ဝှက်ထားမည်ဆိုပါက ကတ်များကို ကြည့်လိုက်သောပြိုင်ဖက်သည် နှစ်ဆ ပေးဆောင်ရမည်ဖြစ်သည်။

သူလည်း မဆိုင်းမတွ တိုကင်ပြား ၄သောင်းကို ထုတ်လိုက်သည်။

" လောင်းကြေး လိုက်မယ် "

ယဲ့ဖန် သူ့ကို လေးလေးနက်နက် ကြည့်လိုက်ပြီး ကတ်တွေကို မကြည့်ရသေးပေ။

သူသည် တိုကင် ၂သောင်းဖိုးကို ဆက်ထုတ်ခဲ့သည်။

" ကျွန်တော် ဆက်လောင်းမယ် "

လိုမာ့ကျီသည် သူ့ကတ်တွေကို စားပွဲပေါ်တင်ပြီး တိုကင် ၄သောင်းဖိုးကို တွန်းတင်လိုက်သည်။

" လောင်းကြေးလိုက်မယ် "

ထိုတစ်ကြိမ်တွင် ယဲ့ဖန်သည် စကားတောင် မပြောတော့ပေ။

သူသည် တိတ်ဆိတ်စွာနှင့် တိုကင်ပြား ၂သောင်းကို ထုတ်လိုက်သည်။

စားပွဲဝိုင်းနားမှ လူအနည်းငယ်ကလည်း တီးတိုးပြောလာကြသည်။

" ဒီကလေးက တကယ်ကြီး လောင်းဖို့ သတ္တိရှိတာလား။ သူက ကတ်တွေကိုတောင် မကြည့်ဘဲ ဆက်လောင်းရဲတယ်ပေါ့လေ "

" ဒုတိယအစ်ကိုကို အနိုင်မယူနိုင်တာသိပြီး သူ့ကံကို ပုံအောဖို့ စီစဉ်နေတာ ဖြစ်နိုင်တယ် "

" ရူးသွားပြီထင်တယ် "

" ဒီလိုဖြစ်လေလေ သူမြန်မြန်သေလေလေပဲ ...... "

လိုမာ့ကျီလည်း အနည်းငယ်ကြောက်သွားသည်။

ခဏလေးအတွင်းမှာပင် ယွမ် ၈သောင်း လောင်းပြီးသွားပြီ ဖြစ်သည်။

နဂိုလောင်းကြေးပိုက်ဆံအပါအဝင် ယွမ် ၁သိန်း၃သောင်း လောင်းထားပြီးဖြစ်သည်။

ဒါသည် သူကစားဖူးသမျှထဲမှ အကြီးမားဆုံး လောင်းကစားဖြစ်သည်။

သို့သော် သူသည် လောင်းကြေးမလိုက်မီ ခဏမျှ တုံ့ဆိုင်းသွားခဲ့သည်။

သူ့လက်ထဲတွင် နံပါတ်တန်းကတ်ကို ကိုင်ထားသည်။

ထိုကလေးသည် သူ့ကို ဝှက်ဖဲကတ်ဖြင့် အနိုင်ရမည်ဟု သူမထင်ချေ။

ဤတစ်ကြိမ်တွင် ယဲ့ဖန်သည် တိုကင်ပြားကို ၄သောင်းအထိ လောင်းထည့်လိုက်သည်။

လိုမာ့ကျီ ဆက်လောင်းလိုပါက ၈သောင်း ပေးရမည်ဖြစ်သည်။

လိုမာ့ကျီသည် သူကြောက်သွားသည်ဆိုတာ ဝန်ခံရပေမည်။

ထိုကလေးလည်း ရူးသွပ်နေသူဖြစ်သည်။

ဒီလိုမျိုး သူဘယ်လိုလုပ် ကစားနိုင်မှာလဲ။

သို့သော် သူ့လက်ထဲတွင် နံပါတ်တန်းကတ်ရှိနေသောကြောင့် ဒီအတိုင်း အရှုံးပေးလိုက်လျှင် အနည်းငယ် မကျေနပ်စရာ ဖြစ်ပေလိမ့်မည်။

သူသည် အံကြိတ်ရင်း နောက်ဆုံး၌ တိုကင်ပြားများကို ထုတ်လိုက်သည်။

"

" ငါ့မှာ နံပါတ်တန်း Straight ရှိတယ်။ မင်းမှာ ဘာရှိလို့လဲ "

ထိုစကားကို ပြောပြီးနောက် လက်ထဲတွင်ရှိသော ကတ်သုံးကတ်ကို စားပွဲပေါ်ပစ်ချကာ တိုကင်ပြားများကို ကောက်ယူတော့မည်ဖြစ်သည်။

ထိုအချိန်၌ ယဲ့ဖန်သည် သူ၏ ဝှက်ထားသော ကတ်သုံးကတ်ကို တိတ်တဆိတ် ဖွင့်ပြလိုက်သည်။

3♣️, 4♣️, 8♣️

ယဲ့ဖန်သည် နဂါးပျံစစ်သူရဲကောင်းကတ်ဖြင့် အနိုင်ရသွားသည်။

အပိုင်း ( ၇၅၉ )

တော်တော်ယုတ်မာတာပဲ

ယဲ့ဖန် သူ၏ ကတ်သုံးကတ်ကိုပြလိုက်ချိန်မှာ စားပွဲဝိုင်းရှိလူတိုင်း ကြက်သေသေသွားကြသည်။

“လခွမ်း၊ အပွင့်တူနေတာလား။ ဒါကြီးက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းမနေဘူးလား။”

“ဒီတစ်ချီမှာ ဒုတိယအစ်ကိုက ယွမ်နှစ်သိန်းတောင်လောင်းထားတာ။ တစ်ချီတည်းနဲ့ ရှုံးတော့မယ်ထင်တယ်။”

သူတို့အသံများကြောင့် အခြားဝိုင်းမှလူများလည်း သူတို့ဝိုင်းဘေး၌ စုဝေးလာကြသည်။

ရလဒ်ကိုမြင်သွားကြချိန်၌ သူတို့လည်းပဲ အော်မိကုန်ကြသည်။

၎င်းမှာ ကတ်များကြောင့်မဟုတ်ပဲ လောင်းကြေးကအလွန်မြင့်နေသောကြောင့်ပင် ဖြစ်သည်။

နှစ်ဖက်စလုံးရဲ့လောင်းကြေးတွေ ပေါင်းလိုက်လျှင် ယွမ်လေးသိန်းထက်ပင် ကျော်နိုင်သည်။

ဒီလိုကြီးမားသည့် လောင်းကစားပွဲမျိုးက ကြုံရခဲသည်။

လိုမာ့ကျီလည်းကြောင်ငေးနေမိသည်။ သူသည် ယဲ့ဖန်၏ ကတ်များအား မယုံနိုင်စွာကြည့်ရင်း တစ်ကိုယ်တည်း ရေရွတ်နေမိသည်။

“မဖြစ်နိုင်လိုက်တာ၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းကတ်ခိုးထားတာပဲ ဖြစ်ရမယ်၊ အဲ့လိုမှမဟုတ်ရင် ဘယ်လိုလုပ် အပွင့်တူတာရနိုင်မှာလဲ။ ဒါမဖြစ်နိုင်ဘူး…”

ယဲ့ဖန် အရှေ့သို့ငုံ့ကိုင်းလိုက်သည်။

“ဒုတိယအစ်ကို၊ တောင်းပန်ပါတယ်။ ဒီတစ်ချီတော့ ကျွန်တော်နိုင်သွားပြီ။”

ထိုသို့ပြောရင်း သူ့လက်ကို အဝေးသို့ ဆွဲယူသွားကာ တိုကင်ပြားအပုံကို ဆွဲယူလိုက်သည်။

ကျူးရှောင်ကျောင်း ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ထခုန်မိသွားသည်။

“ရေး၊ ယဲ့ဖန်၊ ရှင်နိုင်သွားပြီ။ ရှင်တကယ်တော်တာပဲ။”

ဒီတစ်ကြိမ်မှာ သူတို့ယွမ်နှစ်သိန်းပဲ နိုင်လိုက်တာဆိုသော်လည်း ယဲ့ဖန်နှင့်အတူ ကိစ္စများစွာကိုကြုံတွေ့ခဲ့ရသည့် မမလေးကျူးအတွက်တော့ ဘာမှမဟုတ်ချေ။

သို့သော် ယဲ့ဖန်နှစ်ချီဆက်တိုက် ရှုံးနေခဲ့တာကြောင့် သူမစိတ်မပျော်မရွှင် ဖြစ်နေခဲ့ရတာဖြစ်သည်။

ထို့ကြောင့် ယခုအချီမှာ အနိုင်ရသွားတော့ သူမအလွန်ပျော်သွားရတာဖြစ်သည်။

လိုမာ့ကျီ လက်သီးဆုပ်ကာ အံကြိတ်ရင်း ပြောသည်။

“လာ၊ ဆက်ဆော့မယ်”

ယဲ့ဖန်စားပွဲပေါ်ရှိ ယွမ်တစ်သိန်းအောက် နည်းလောက်မည့် တိုကင်ပြားအပုံကိုကြည့်ကာ အထင်သေးသည့်အကြည့်ဖြင့် ပြောလိုက်သည်။

“ခင်ဗျားမှာ တိုကင်ပြားနည်းနည်းပဲရှိတော့တာကို ကျွန်တော်နဲ့ ဆက်ဆော့ဦးမလို့လား”

လိုမာ့ကျီ လည်း ယဲ့ဖန်၏အထင်သေးမှုကြောင့် လွန်စွာဒေါသထွက်သွားရသည်။

“သောက်ကလေး၊ မင်းဘယ်သူ့ကို လာအထင်သေးနေတာလဲ။ ငါ့မှာ ပိုက်ဆံတွေ အများကြီးရှိတယ်ကွ။ မင်းမှာသာ အစွမ်းအစရှိရင် ငါ့ကိုနိုင်အောင်လာဆော့ပြလေ”

ထိုသို့ပြောရင်း သူ့ဘဏ်ကတ်ကို ခုံပေါ်ရိုက်ချလိုက်သည်။

“ကောကျီ ငါ့ကို ယွမ်နှစ်သိန်း လဲလာပေးစမ်း”

ကောကျီ ဟု ခေါ်သည့်လူမှာ တုံ့ဆိုင်းနေဟန်ရသည်။

“”ဒုတိယအစ်ကို၊ ဒါတွေက အစ်ကို့မိန်းမအတွက် ပိုက်ဆံတွေလေ။ ဒီနေရာမှာသုံးလိုက်ရင် အစ်ကို့ကိုသေအောင်ရိုက်လိမ့်မယ်။”

လိုမာ့ကျီ၏မျက်လုံးများ ချက်ချင်း ပြန်လည် တောက်လာသည်။

“ငှက်မွှေးလိုမိန်းမကို လက်ထပ်ရမှာလား။ မိန်းမတစ်ယောက်လောက် ဆုံးရှုံးသွားရုံပဲကို၊ မင်းထပ်ပြီး အဓိပ္ပာယ်မရှိတာတွေ လာပြောနေရင် ငါမင်းကို ပါးရိုက်တော့မှာ။”

ထိုလူမှာလည်း ရွေးချယ်စရာမရှိတော့ပဲ သွားလဲပေးလိုက်ရသည်။

ထို့နောက် လဲလာသည့် တိုကင်ပြားများကို ခုံပေါ်တင်လိုက်ကာ ယဲ့ဖန်အား အေးစက်စွာကြည့်လာသည်။

“အခုမင်းမှာပြောစရာစကားမရှိတော့ဘူးမလား။ လာခဲ့၊ ဆက်ဆော့မယ်”

ကျူးရှောင်ကျောင်း လည်း နှုတ်ခမ်း ခပ်တင်းတင်းစေ့လိုက်ကာ သူတို့နှစ်ဦးအား ကတ်ဝေပေးလိုက်သည်။

ဤတစ်ကြိမ်တွင်တော့ လိုမာ့ကျီ အရင် လောင်းရမည့်အလှည့်ဖြစ်သည်။

ဒီတစ်ခါတင် သူ့ကတ်ကိုပင် မကြည့်ပဲ စားပွဲပေါ်သို့ တိုကင်ပြား ငါးသောင်းဖိုးကို တွန်းပို့လိုက်သည်။

“ဝှက်ဖဲထားမယ်၊ ၅သောင်း”

ဟား…

သူ့လုပ်ရပ်ဟာ ထိုနေရာရှိလူတိုင်းကို မှင်သက်သွားစေ၏။

ဒီလူက တကယ်ကြီးရှုံးချင်နေတာပဲ။

ဘယ်သူက ငါးသောင်းတောင် လောင်းလို့လဲ။

ယဲ့ဖန်လည်း သူ့ကတ်တွေကိုမကြည့်ပဲ ထိုလူကိုသာ ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။

“ဒီလောက်ထိကြီးအောင်ကစားမလို့လား။ ကျွန်တော့်အထင် ခင်ဗျား စိတ်အေးအေးထားသင့်တယ်…”

သူ့စကားမဆုံးခင်မှာပဲ လိုမာ့ကျီ တစ်ယောက် ခုံကို ဘန်းခနဲမြည်အောင် ရိုက်ချလိုက်သည်။

“လေမရှည်နဲ့။ မင်းဆော့မှာလား မဆော့ဘူးလားပဲဖြေ။ မလောင်းရဲရင်လည်း အရှုံးကိုဝန်ခံလိုက်။”

ယဲ့ဖန်၏မျက်နှာထက်၌ အပြုံးတစ်ပွင့်ပေါ်လာ၏။

“ကောင်းပြီလေ၊ ဒါဆို ကျွန်တော်လည်း ငါးသောင်းလောင်းတယ်”

ထို့နောက်တုံ့ဆိုင်းမှုမရှိစွာပင် တိုကင်ပြား ငါးသောင်းကို ပစ်ပေးလိုက်သည်။

ဤတစ်ကြိမ်တွင်တော့ မြင်ကွင်းဟာ ပိုမိုအသက်ဝင်နေ၏။

ထိုနေရာရှိလူတိုင်းသည် လိုမာ့ကျီအားကြည့်နေရင်း ထိုလူ ဘာပြောမလဲဆိုတာကို သိချင်နေကြသည်။

နဂိုတွင် လိုမာ့ကျီသည် သူ့ဘက်မှ အရင်စလှုပ်ရှားပြီး တစ်ဖက်လူကို ခြောက်လှန့်ရန် ကြံစည်ခဲ့တာဖြစ်သည်။

သို့သော် ရလဒ်ကပြောင်းပြန်ဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ပေ။

ထိုကလေးက လုံးဝမတုန်လှုပ်ပေ။

ဒီတစ်ကြိမ်တော့ သူ့အနေနှင့် နိုင်ဖို့ ခက်မည် ထင်သည်။

သူဆက်ရောလုပ်သင့်ရဲ့လား။

“လိုမာ့ကျီ ဘာစောင့်နေတာလဲ။ ဆက်လိုက်လေ။”

“ဟုတ်တယ်၊ ဟိုကောင်လေးအလှည့်က ပြီးသွားပြီ။ မင်းဘာတွေကြောက်နေတာလဲ။”

“ဒီညီငယ်လေးလောက်တောင် မင်းက သတ္တိမရှိဘူးလို့တော့ လာမပြောနဲ့နော်။ မင်းကိုငါ့တစ်ဘဝလုံး အထင်သေးပစ်မှာ။”

“သတ္တိမရှိတဲ့ကောင်က ငါ့မြေးပဲ။ ဆက်လုပ်…”

လူတိုင်းဟာပွဲကြည့်ဖို့ကိုသာ စိတ်အားထက်သန်နေကြပြီး ကိစ္စပိုကြီးလာသည်ကိုတော့ ဘယ်သူမှအာရုံမရှိကြချေ။

ဘာပဲဖြစ်စေ ရှုံးသွားရင်ပင် သူတို့ပိုက်ဆံရှုံးတာမဟုတ်တာကြောင့် ဂရုစိုက်စရာမလိုပေ။

လိုမာ့ကျီလည်း သူတို့ထံမှ ရန်စခံလိုက်ရတာကြောင့် ချက်ချင်းသွေးတွေဆူပွက်လာတော့သည်။

ထို့ကြောင့် နောက်ထပ် တိုကင်ပြားငါးသောင်း ထပ်ထည့်လိုက်သည်။

“ချကွာ”

ယဲ့ဖန်ကတော့ ထိုလူတွေဆက်ပြောလာမှာကို စောင့်မနေတော့ပဲ နောက်ထပ် တိုကင်ပြား ငါးသောင်းထပ်ထည့်လိုက်သည်။

လူတိုင်း နောက်တစ်ကြိမ် ထပ်ပြီးအော်ဟစ်အားပေးလာကြသည်။

ဒီကလေးကတော်တော်ယုတ်မာတာပဲ။

လိုမာ့ကျီ လက်သီးတင်းတင်းဆုပ်ရင်း သူ့ရဲ့စိတ်လှုပ်ရှားမှုကို ဖော်ပြနေမိသည်။

သို့သော် ဒီအထိတောင်ရောက်လာခဲ့ပြီဖြစ်ရာ ပြန်လမ်းလည်းမရှိတာကြောင့် ရှေ့ဆက်ဖို့ရာသာ ရှိတော့သည်။

သို့သော် သူတိုကင်ပြားငါးသောင်းထုတ်လိုက်တာနဲ့ ယဲ့ဖန်ကလည်းလိုက်ထုတ်သည်။

လိုမာ့ကျီ၏ လက်ထဲ၌ တိုကင်ပြား ငါးသောင်း၊ ခြောက်သောင်းမျှသာ ကျန်တော့သည်။

သူငိုချင်နေပေမယ့် မျက်ရည်ထွက်မလာပေ။

ထို့နောက် ရွေးချယ်စရာမရှိတော့ဘဲ သူ့ကတ်တွေကို ထုတ်ပြလိုက်ရသည်။

“ဖွင့်လို့ရပြီ”

သူ့ထံ၌ ကျန်ရှိသည့် တိုကင်ပြားများအားလုံးကို ထုတ်လိုက်ကာ သူ့ကတ်တွေကိုဆွဲရင်း ဖြည်းဖြည်းချင်းလှပ်ကြည့်လိုက်သည်။

ပထမဆုံးကတ်က 4♥️ဖြစ်သည်။

ဒုတိယကတ်သည် A♥️ဖြစ်သည်။

တတိယကတ်က… လိုမာ့ကျီ လက်တွေတုန်လာသည်။

သူ့နဖူးထက်ရှိချွေးကို အလျင်အမြန်သုတ်လိုက်သည်။

သူ့နောက်ရှိ လူများက အော်ဟစ်နေကြသည်။

“အသည်း၊ အသည်း၊ အသည်း…”

လိုမာ့ကျီ နောက်ဆုံးကျန်တဲ့ကတ်ကို ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်သည်။

၎င်းမှာ 8♥️ဖြစ်သည်။

“အား…”

သူအော်ဟစ်ကာ ထိုကတ်သုံးကတ်ကို စားပွဲပေါ်ပစ်တင်လိုက်သည်။

“ငါက Aပဲကွ။ ဒီတစ်ချီတော့ မင်းမနိုင်တော့ဘူးမလား။ ဟားဟား”

သူ့နောက်ရှိနောက်လိုက်များကလည်း ချက်ချင်းဆိုသလို အားပေးလာကြသည်။

သူတို့ထဲမှ တစ်ချို့ဆိုလျှင် ဒီတစ်ကြိမ် ဒုတိယအစ်ကို ပိုက်ဆံ နိုင်နိုင်ချေဘယ်လောက်ရှိမလဲဆိုတာကို တွက်ချက်နေကြသည်။

ဒီတစ်ကြိမ်တော့ လူတိုင်း ယဲ့ဖန်ကို ဝင့်ကြွားစွာကြည့်နေကြသည်။

“သူကဖြင့် အပွင့်တူတဲ့ Ace ကတ်တွေတောင် ရထားပြီးပြီလေ။ မင်းကတ်ကိုတောင် ကြည့်နေစရာမလိုတော့ဘူး။”

“ညီလေးရေ၊ အရှုံးကိုသာ ဝန်ခံလိုက်ပါတော့ကွာ။ မင်းတစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင်လည်း မင်းရဲ့ မကောင်းတဲ့ကံကိုသာ အပြစ်တင်လိုက်”

“ဟုတ်တယ်၊ လိုမာ့ကျီက ကောင်းကင်ဘုံကသတ်မှတ်ထားတဲ့ ကံကောင်းသူပဲ။ ဒီတစ်ကြိမ်တော့ ကျိန်းသေပေါက်သူပဲနိုင်မှာ။”

“တစ်ချီထဲနဲ့ ယွမ်သုံးသိန်းတောင် နိုင်တော့မယ်။ စောက်ရမ်းမိုက်တယ်ကွာ..”

လူတိုင်းဟာ ယဲ့ဖန်ရှုံးမည်ဟုသာ တစ်ထစ်ချယုံကြည်နေကြသည်။

ကျူးရှောင်ကျောင်းပင်လျှင် ထိုသို့ထင်နေတာဖြစ်သည်။

သူမကူကယ်ရာမဲ့သွာ နှုတ်ခမ်းတွေကို တင်းတင်းစေ့လိုက်မိသည်။

ယဲ့ဖန် တစ်ယောက်တည်းသာရှိနေပြီး သူ့ပုံစံမှာ တိမ်တိုက်တွေ လေပြည်တွေကဲ့သို့ တည်ငြိမ်နေသည်။

“အခုထိကျွန်တော့်ကတ်ကို မကြည့်ရသေးဘူးလေ။ ဘယ်သူနိုင်မယ်ဆိုတာ တပ်အပ်မပြောနိုင်သေးဘူး။”

ထိုသို့ပြောကာ သူ့ကတ်ကိုမရင်း ခပ်ဖြည်းဖြည်းလှန်လိုက်သည်။

6♣️

7♣️

.

.

.

5 ♦️

ယဲ့ဖန်အပြင် သူ့ဘေး၌ရပ်နေသည့် ကျူးရှောင်ကျောင်းလည်း သူ့ကတ်တွေကိုမြင်ကာ သူမနှလုံးသားလေးလံသွားရသည်။

တစ်ဖက်လူရဲ့ ကတ်တွေကိုမြင်ပြီးတဲ့အခါ နဂါးပျံသူရဲကောင်း နောက်တစ်ကြိမ် ထပ်ပေါ်လာပြန်၏။

သို့သော် ဤတစ်ကြိမ်တွင်တော့ ထိုနဂါးကိုစီးနင်းခံရမည့်သူမှာ ယဲ့ဖန်ဖြစ်သည်။

သူ နှစ်သိန်းပဲရှုံးတာဖြစ်‌တာကြောင့် ယဲ့ဖန်အတွက်တော့ ထိုပမာဏက သိပ်မများချေ။

သို့သော် အရှုံးကို ပျော်တဲ့သူ မရှိချေ။

ယဲ့ဖန်ကို ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတာကို သူမ စဉ်းစားနေရသည်။

ထိုအချိန်တွင် ရုတ်တရက် ယဲ့ဖန်၏လက်တွေ တုန်ယင်သွားကာ ထူးဆန်းသည့်ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

သူ့လက်ထဲရှိ 5♦️ကတ်မှာ ပျောက်ကွယ်သွားပြီး 8♣️ကတ်အဖြစ် အစားထိုးခံလိုက်ရသည်။

ထို့ကြောင့် သူ့လက်ထဲ၌ရှိနေသည်များမှာ 6♣️, 7♣️, 8♣️အပွင့်တူနံပါတ်စဉ်သည့်ကတ် ၃ကတ်ဖြစ်သွားသည်။

အပိုင်း ( ၇၆၀ )

မင်းသူ့နောက်ကိုသာ ဆက်လိုက်နေရင် အနှေးနဲ့အမြန် ဆိုးရွားတာကို ရလိမ့်မယ်

ကျူးရှောင်ကျောင်းမှာ ထူးဆန်းတာမြင်လိုက်ရသည်ဟုပင် ထင်သွားရကာ မျက်လုံးတွေကို ပွတ်သပ်လိုက်မိသည်။

အပွင့်တူကတ်တွေ ဟုတ်နေတာပဲ။

သူမပဲ အမြင်မှားတာလား၊ ဒီလူကပဲ မှော်အတတ်တတ်တာလား။ အစောက သေချာပေါက်ကို စိန်ငါးပွင့်ကတ်ကြီးပါ။

သူမ ယဲ့ဖန်အား သရဲမြင်လိုက်ရသလို အထိတ်တလန့်ကြည့်နေမိသည်။

ယဲ့ဖန် သူမအား အဓိပ္ပာယ်ပါပါ မျက်စိမှိတ်ပြလိုက်ကာ ကတ်တွေကို စားပွဲပါ်ချလိုက်သည်။ “ဆောရီးပါ၊ ကျွန်တော်ထပ်နိုင်သွားပြန်ပြီ။”

လိုမာ့ကျီ နှင့်အခြားလူများမှာ ထိုကတ်သုံးကတ်ကိုမြင်တော့ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

“ချီးပဲဟေ့၊ Straight Flush လား။ တစ်ခုခုများလွဲနေတာများလား။ မင်းက ဒီလိုတူအောင်တောင် လုပ်နိုင်တယ်လား။”

( Straight - နံပါတ်တွေ အစဉ်လိုက်ပါ။ Flush - အပွင့်တူတာပါ )

“Flush နဲ့ Straight Flush တော့တွေ့ပြီ။ စောက်ရမ်းကံဆိုးနေတာမဟုတ်ဘူးလား။”

“ငါလခွမ်း၊ ကံကောင်းချက်ကတော့ Straight Flush ပါကျတာဟ”

“ငါ့ဦးရေပြားတွေတောင် ထုံလာသလိုပဲ။ သရဲမြင်နေရတာများလား…”

ထိုနေရာရှိလူတိုင်း ချက်ချင်းအော်ဟစ်မိကုန်ကြတော့သည်။

သူတို့အားလုံးအညှို့ခံလိုက်ရသလို ခုန်ပေါက်နေမိကာ သူတို့နှလုံးသားထဲရှိ အကြောက်တရားကိုဖိနှိပ်ရန် ကိုယ့်ပေါင်ကိုယ် ပြန်ရိုက်မိကုန်ကြသည်။

လိုမာ့ကျီ ဟာတော့ လုံးဝကိုကြက်သေသေသွားရသည်။

အရင်တစ်ကြိမ်က သူ့မှာ Straight ရှိတော့ တစ်ဖက်လူရဲ့ Flush နဲ့တွေ့ပြီး သူရှုံးသွားခဲ့ရသည်။

ဒီတစ်ကြိမ်မှာ နောက်ဆုံး သူ Flush ရသွားတော့ တစ်ဖက်လူရဲ့ Straight Flush နဲ့ ထပ်တိုးသွားပြန်သည်။

နှစ်ချီထဲနဲ့ ယွမ်ငါးသိန်းကျော်ရှုံးသွားရတာဟာ သူ့အတွက်တော့ မိုးကြိုးပစ်ချခံလိုက်ရသလို ဖြစ်သွားရသည်။

“စောက်ကလေး၊ မင်းညစ်တာပဲ…”

သူခဏလောက် ကြောင်နေပြီးနောက် အရူးတစ်ယောက်ကဲ့သို့ ယဲ့ဖန်ထံ ပြေးဝင်တော့သည်။

သူ့ဘေးရှိလူအနည်းစုမှာ သူ့အား အမြန်ဖမ်းဆွဲလိုက်ရသည်။

သို့သော် လိုမာ့ကျီ မှာ ရှေ့တက်ရန် အတင်းတွန်းထိုးရုန်းကန်နေတော့သည်။

သူ့ပုံစံမှာ ဘဝအတွက် တိုက်ပွဲဝင်နေသည့်ပုံ ဖြစ်နေသည်။

“မင်းတို့ဘာလို့ငါ့ကို တားနေကြတာလဲ။ ဒီကောင်ညစ်နေတာကို မမြင်ကြဘူးလား။ သူညစ်နေတာ…”

ယဲ့ဖန်သူ့အား တောက်လောင်နေသည့် အကြည့်ဖြင့်ကြည့်လိုက်သည်။

“လိုမာ့ကျီ ၊ ခင်ဗျား ယောကျာ်းမဟုတ်ဘူးလား။ ရှုံးသွားမှ ကိုယ့်စကားကို ပြန်ပြင်ချင်နေတာလား။ ခင်ဗျားရဲ့ဘယ်မျက်လုံးနဲ့ ကျွန်တော် ညစ်တာကိုမြင်တာလဲ။”

လိုမာ့ကျီ၏မျက်နှာမှာ အနည်းငယ် ရှုံ့မဲ့သွားရသည်။ သူ့မျက်လုံးတွေမှာ အပြင်သို့ထွက်ကျမတတ် ပြူးထွက်လာသည်။

“မင်းကတ်ခိုးတာ ငါမြင်လိုက်တယ်။ မင်းမှာသတ္တိရှိရင် မင်းခန္ဓာကိုယ်ကို ရှာခိုင်းလိုက်လေ။ မလုပ်ရဲဘူးမလား။”

ယဲ့ဖန်ချက်ချင်းနှာမှုတ်သရော်လိုက်သည်။

“ခင်ဗျားကိုယ်ခင်ဗျား ဘာထင်နေလဲ။ ကျုပ်ခန္ဓာကိုယ်ကိုထိဖို့ တန်လို့လား။”

လိုမာ့ကျီ တစ်ယောက် အကျည်းတန်စွာ ပြုံးဖြဲဖြဲလုပ်လာသည်။

“မင်းမလုပ်ရဲဘူးမလား။ မလုပ်ရဲဘူးဆိုကတည်းက မင်းလိပ်ပြာမလုံ‌လို့ပေါ့။ ဒီတစ်ချီကို ထည့်မတွက်ဘူး… မဟုတ်သေးဘူး၊ အရင်တစ်ချီလည်း ထည့်မတွက်ဘူး။ မင်းငါ့ဆီကနိုင်ထားသမျှ ပိုက်ဆံအကုန် ပြန်ပေးရမယ်”

လူအုပ်ကြီးလည်း တိုးတိုးတိုးတိုးနှင့် ဆွေးနွေးနေကြသည်။

“လိုမာ့ကျီ ပြောတာ အဓိပ္ပာယ်ရှိတယ်လို့ ထင်တယ်။ ဒီကလေးသာ တကယ်မညစ်ဘူးဆိုရင် ဘာလို့ သူ့ကိုမရှာခိုင်းရတာလဲ။”

“အဲ့တာဘာစောက်ရေးမပါတာကြီးလဲ။ ဟိုကလေးနိုင်သွားမှထပြီး ညစ်တယ်လုပ်နေတယ်။ သူကတိပျက်ချင်နေတာ အသိအသာကြီးကို”

“ဒါပေမယ့် ဒီကောင်လေးကလည်း သံသယဝင်စရာပဲလေ။ လိုမာ့ကျီကို နှစ်ချီတောင်ဆက်တိုက်နိုင်တာ။ ဒါကြီးက တိုက်ဆိုင်တာမဟုတ်တော့ဘူးလေ။”

“ဖြစ်နိုင်တယ်၊ သူကံကောင်းလို့ပဲဖြစ်ရမယ်”

“မင်းကအဲ့တာကို ဖြစ်နိုင်တယ်လို့ ထင်တယ်ပေါ့။”

ယဲ့ဖန်သူတို့ပြောနေသည်များကို နားထောင်ရင်း သူ့မျက်နှာထက်၌ အပြုံးတစ်ပွင့်ပေါ်ပေါက်လာသည်။

“ကျွန်တော့်ကိုရှာလို့ရပါတယ်၊ ဒါပေမယ့် တစ်ခုတော့တောင်းဆိုစရာရှိတယ်…”

ထို့နောက် ခဏလောက်ရပ်သွားသည်။

“မျှမျှတတဖြစ်အောင်လို့ သူ့ကိုလည်း ရှာရမယ်။ ဒါဆိုကျိုးကြောင်းဆီလျော်တယ်မလား…”

သူ့တောင်းဆိုချက်ကိုကြားတော့ လူတိုင်း ခေါင်းညိတ်လိုက်မိသည်။

လိုမာ့ကျီက သူ့ကိုကတ်ခိုးတယ်ဆိုပြီး သံသယဝင်မှတော့ သူ့ဘက်ကလည်း လိုမာ့ကျီ ကို ပြန်သံသယဝင်ခွင့်ရှိသည်။

နှစ်ဖက်လုံးကိုရှာတာက ဖြစ်သင့်သည်။

သို့သော် လိုမာ့ကျီ၏ အမူအရာက ပြောင်းလဲသွား၏။

ယဲ့ဖန်ကတ်ခိုးမခိုးတော့ မသေချာပေမယ့် သူကတော့ ကတ်ခိုးထားတာဖြစ်သည်။

သူ့အင်္ကျီလက်ထဲမှာ ဖွက်ထားသည့်ပိုကာကတ်တစ်ကတ် ရှိနေသေးသည်။ သူ့ခန္ဓာကိုယ်ကိုရှာလိုက်ရင် အဲ့ကတ်ကိုတန်းတွေ့သွားမှာပင်။

“ဟမ့်၊ မင်းကလည်း ကတ်ခိုးသေးတယ်၊ ငါ့ကိုဘာကိစ္စနဲ့ရှာမှာတုန်း။ မင်းကိုယ်မင်း လိပ်ပြာမလုံဖြစ်နေတာမလား။”

သူယဲ့ဖန်အား အမြန်ကြည့်လိုက်ပေမယ့် သူ့လေသံဟာတော့ သတ္တိရှိမနေပေ။

ယဲ့ဖန် မထိန်းနိုင်ပဲရယ်လိုက်မိသည်။

“အနည်းဆုံးတော့ ကျွန်တော်က ဘယ်သူ့ကိုမဆိုရှာခွင့်ပြုတယ်လေ။ ဒါပေမယ့် ကိုယ့်လိပ်ပြာကိုယ်မလုံတဲ့ ခင်ဗျားကတော့ မရှာခိုင်းရဲဘူးမလား။ ပြောနေစရာတောင်လိုသေးလို့လား။”

ထိုအခါ လူတိုင်း လိုမာ့ကျီ အား သံသယဝင်စွာကြည့်လာကြသည်။

သူတို့ကြာကြာကြည့်လေလေ ထိုလူက သံသယဝင်စရာကောင်းလာလေလေပင်။

လူတိုင်းထံမှ စေ့စေ့စပ်စပ်အကြည့်ခံနေရ‌တာကြောင့် လိုမာ့ကျီမှာ ပိုလို့ပင် လိပ်ပြာမလုံဖြစ်လာရသည်။

“ဘယ်…ဘယ်သူကလိပ်ပြာမလုံဖြစ်နေလို့လဲ။ ငါ့ကိုလာလွှဲချမနေနဲ့…”

ယဲ့ဖန်ကတော့ ဆက်လက်ဖိပြောနေသည်။

“အဲ့တာဆိုလည်း ဘာကိုကြောက်နေတာလဲ။ ရှာခိုင်းလိုက်လေ။”

သူ့အကြည့်များမှာ အလွန်ထက်ရှနေကာ သတ်ဖြတ်လိုစိတ်များပင် ပါနေသယောင်ဖြစ်သည်။

လိုမာ့ကျီ မှာ ထိတ်လန့်လွန်းကာ နောက်ပင်ဆုတ်မိသွားသည်။

သို့သော် သူ့ခြေထောက်နှင့်ထိုင်ခုံနှင့်ချိတ်မိကာ သူ့လက်ကို အနောက်သို့လွှဲမိသွားသည်။

ထိုအချိန်မှာပဲ သူ့အင်္ကျီလက်ထဲမှ ပိုကာတစ်ကတ်ထွက်လာတော့သည်။

အခြေအနေက အတော်ကို ကိုးရို့ကားယားဖြစ်နေသည်။

လူတိုင်းခေါင်းငုံ့ကာ ထိုကတ်ကိုကြည့်လိုက်ပြီးနောက် တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်မိသွားသည်။

ထို့နောက် ရုတ်ခြည်းဆိုသလိုပင် လိုမာ့ကျီ အား ကန်ကျောက်ကြတော့သည်။

“ခွေးကောင်၊ မင်းကများ ကတ်ခိုးရဲတယ်ပေါ့။ “သေ” ဆိုတဲ့ စကားလုံးကို ဘယ်လိုပေါင်းလဲမသိဘူးလား”

“မင်းကလည်းခိုးသေးတယ်၊ သူများကိုတောင် ပြန်စွပ်စွဲလိုက်သေးတယ်။ မင်းလောက်အရှက်မရှိတဲ့ကောင်မျိုး ဒီကမ္ဘာမှာရှိသေးလား။”

“ လခွမ်း မင်းဘာလို့အမြဲတမ်းနိုင်နေပါလိမ့်လို့ စဉ်းစားနေတာ။ ဘယ်ဟုတ်မလဲ၊ မင်းက ကတ်ခိုးနေတာ‌ကို။ မင်းငါ့ဆီက နိုင်ထားသမျှပိုက်ဆံတွေအကုန် ပြန်ပေးစမ်း”

လူအများစုမှာ ထိုလူ့ထံ၌ ပိုက်ဆံရှုံးထားကြသည်ဖြစ်ရာ ဒေါသတကြီးဖြစ်နေကြသည်။

ထို့ကြောင့် လိုမာ့ကျီ အား ဒေါသပုံချကြတော့သည်။

လိုမာ့ကျီ မှာ နာကျည်းစွာ ငိုကြွေးနေရသောကြောင့် သူ့အသံမှာ သနားစဖွယ်ဖြစ်နေသည်။

ယဲ့ဖန်လည်း ထိုအခြေအနေကို အခွင့်ကောင်းယူကာ သူ့အင်္ကျီလက်ထဲရှိ ကတ်ကို သူ့နေရာသူပြန်ထားလိုက်သည်။

သူ့ဘေးရှိ ကျူးရှောင်ကျောင်းမှာ ပါးစပ်အဟောင်းသားနှင့်ကြည့်ကာ ရယ်သာရယ်နေမိတော့သည်။

ဒီကောင်က တော်တော်ဆိုးတာပဲ။

သူမသာ သူ့နောက်လိုက်နေရင် အနှေးနဲ့အမြန် အကျင့်ဆိုးတွေ တတ်ကုန်တော့မှာဖြစ်သည်။

… ဒါပေမယ့် သူမကတော့ အဲ့လိုလုပ်ချင်မိနေတယ်။

All Chapters