← Chapters

သစ္စာမဲ့မူးမတ်တွေ

Vol. 130 Ch. 1681

သစ္စာမဲ့မူးမတ်တွေ

Vol. 130 Ch. 1681

“အရှင်မင်းကြီးက ဘာလို့ အဲဒီလို ပြောရတာလဲ ခင်ဗျာ”

ကောင်းကင်နတ်ဧကရာဇ်ဟောင်အရှေ့ရှိ ရွှေသင်္ဘောအပေါ်မှ ချင်မူ့အကြည့်သည် စူးရှလေးနက်နေသလို သူ၏အသံကလည်း ကြည်လင်ပြတ်သားနေသည်။ “ကျွန်တော်ရဲ့ ချင်မိသားစုက မျိုးစဉ်ဘောင်ဆက် သစ္စာရှိခဲ့ကြပြီး ပုန်ကန်ဖို့ ဆန္ဒမရှိတဲ့ ရိုးသားတဲ့သူတွေဆိုတာ အရှင်မင်းကြီး သိလောက်ပါတယ်” သူက ကြည်လင်စွာ ပြောသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာဟာ မျိုးဆက်ပေါင်းများစွာ ကောင်းကင်နတ်ဘုံလက်အောက်မှာ ရှိနေခဲ့ပြီး ပုန်ကန်ဖို့ ရည်ရွယ်ချက် မရှိပါဘူး… အခုအချိန်အထိ ကျွန်တော်ရဲ့ ချင်မိသားစုနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာက ကောင်းကင်နတ်ဘုံကို မပုန်ကန်ရသေးပါဘူး… ပြဿနာက အရှင်မင်းကြီးပါပဲ”

သူ၏အသံက ပိုပို၍ စိတ်အားထက်သန်လာသည်။ “သစ္စာမဲ့တဲ့ မှူးမတ်တွေ လှည့်စားတာကြောင့် အရှင်မင်းကြီးဟာ ကျွန်တော်တို့ ချင်မိသားစုနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပုန်ကန်နေတယ်လို့ ထင်တာပါ… အဲဒီသစ္စာမဲ့တဲ့ မူးမတ်တွေရဲ့ စကားမှာ နားယောင်ပြီး ကောင်းကင်နတ်ဘုံကနေ စစ်သည်တော်ကုဋေနဲ့ ချီပြီး ချီတက်လာတဲ့အပြင် ကျွန်တော်ရော ထာဝရငြိမ်းချမ်းရေးအင်ပါယာကိုပါ ရှင်းပြခွင့်မပေးခဲ့ပါဘူး…. ကျွန်တော်တို့ ပြန်ခုခံတာက ပုန်ကန်ဖို့မဟုတ်ဘဲ အရှင်မင်းကြီးရဲ့ အမှားကို ပြင်ဆင်ဖို့ပါ”

သူ၏အသံသည် ပိုပို၍ကျယ်လောင်လာပြီး ကောင်းကင်နတ်ဘုံ၏ မရေမတွက်နိုင်သော တပ်ဖွဲ့များ၏ နားများအထဲထိ ဝင်ရောက်လာသည်။ “အရှင်မင်းကြီးရဲ့ ဘေးမှာ သစ္စာမဲ့ မှူးမတ်တွေ ရှိနေပါတယ်”

သူပ့ါးစပ်မှထွက်ပေါ်လာနေသော စကားလုံးများက ပြတ်သားလေးနက်နေပြီး လူတိုင်း၏ နှလုံးသားကို တုန်လှုပ်လာစေသည်။

ချင်မူ့အသံသည် ချောက်ကမ်းပါး၏ ဘေးနှစ်ဖက်စလုံးတွင် ပဲ့တင်ထပ်နေ၏။ “အရှင်မင်းကြီးက အဲဒီမှူးမတ်တွေကြောင့် လှည်စားခံခဲ့ရတဲ့အပြင် အဲဒီသစ္စာမဲ့မှူးမတ်တွေကပဲ ပြဿနာမီးထွန်းရှာနေတာပါ… ခင်ဗျားတို့အားလုံးက သစ္စာရှိပြီး အရှင်မင်းကြီးကို အမှုထမ်းကြတဲ့ စစ်သည်တော်တွေမလား… ကျုပ်နောက်က လိုက်ပြီး အရှင်မင်းကြီးရဲ့ ဘေးက သစ္စာမဲ့မှူးမတ်တွေကိုသတ်ဖြတ်လို့ တစ်လောကလုံးကို ငြိမ်းချမ်းမှု ပြန်လည်ရယူပေးကြစို့”

ရွှင်ပျော်ပျော်ကျေးရွာဖြစ်စေ ကောင်းကင်နတ်ဘုံ၏ စစ်တပ်ဖြစ်စေ တိတ်ဆိတ်နေသည်။ သန်းပေါင်းများစွာသော ပုဂ္ဂိုလ်များမှာ တိတ်ဆိတ်ငြိမ်သက်နေကြ၏။

ထိုက်ရှီက ချင်မူ့ကို အဝေးမှ လေးစားအားကျစွာ လှမ်းကြည့်ရင်း တွေးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူက ပြိုင်ဘက်ကင်းပဲ”

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေပြီး အသိစိတ်ပြန်ဝင်လာနိုင်ရန် ခက်ခဲနေသည်။

ထိုက်ချူသည် ချောင်းဟန့်၍ စကားပြောရန် ပြင်လိုက်စဉ် ချင်မူက ရုတ်တရက် လက်မြှောက်၍ လက်ညှိုးထိုးကာ အော်ဟစ်လိုက်၏။ “ခင်ဗျား… ခင်ဗျားပဲ… ထိုက်ချူ ခင်ဗျားက အရှင်မင်းကြီးဘေးက သစ္စာမဲ့မှုးမတ်တစ်ယောက်ပဲ…. အရှင်မင်းကြီးကို လိမ်ညာလှည့်စားပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ရွှင်ပျော်ပျော်ကျေးရွာက သစ္စာရှိတဲ့ ပြည်သူပြည်သားတွေကို သတ်ဖြတ်ခိုင်းခဲ့တာ… ရန်သူကို အမြစ်ဖြတ်ချင်တာနဲ့ အစီအစဉ်တကျ အကောက်ကြံခဲ့တာကို တစ်လောကလုံးက မသိဘူးများ ထင်နေလား”

ထိုက်ချူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ထာားပြီးနောက် ဖြေလျော့လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ ငါ မင်းနဲ့ စကားနိုင်လုနေမှာ မဟုတ်ဘူး’’

ချင်မူက အော်ဟစ်လိုက်ပြန်၏။ “အရှင်မင်းကြီး ကျေးဇူးပြုပြီး ဒီသစ္စာဖောက်ကို သတ်ပေးတော်မူပါ… ကျွန်တော် တပ်ဆုတ်ပေးပါ့မယ်”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က နောက်ဆုံးတွင် အသိစိတ်ပြန်ဝင်လာပြီး အပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် ပြောသည်။ “သစ္စာရှိချင်ယောင်ဆောင်နေတဲ့ သစ္စာဖောက်ပါလား… ကောင်းကင်နတ်အရှင်မူက အရေထူလွန်းလို့ တာအိုရပြီးသား ကောင်းကင်လက်နက်တွေတောင် ထိုးဖောက်နိုင်မယ်မထင်ဘူး… ကောင်းကင်နတ်အရှင်မူ မင်းသာ ပုန်ကန်နေတာ…”

“ကျွန်တော် မပုန်ကန်ပါဘူး… ဘာလို့ ပုန်ကန်ရမှာလဲ...”

ချင်မူ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူက လက်ကို နောက်ပစ်၍ ပြော၏။ “ဒီကမ္ဘာလောကက ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ ကမ္ဘာလောကပဲလေ… အရှင်မင်းကြီးတောင် ကောင်းကင်မဟာမိတ်ရဲ့ အကြီးအကဲတစ်ယောက် မဟုတ်လား… ကောင်းကင်နတ်ဧကရာဇ်ဆိုတဲ့ ရာထူးကိုလည်း ကောင်းကင်မဟာမိတ်က အပ်နှင်းထားတာ… ကျွန်တော်က ကောင်းကင်မဟာမိတ်ခေါင်းဆောင်လေ… ကောင်းကင်မဟာမိတ်က အရှင်မင်းကြီးအပိုင်ရော ကျွန်တော်တို့အပိုင်ရောဆိုပေမယ့် နောက်ဆုံးမှာတော့…”

သူက မှင်သေသေ မျက်နှာအမူအရာဖြင့် ဆက်ပြောသည်။ “ကျွန်တော့်အပိုင် ဖြစ်နေတုန်းပဲလေ… ကျွန်တော်က ဘာလို့ ကိုယ့်ကိုယ်ကို ပုန်ကန်ရမှာလဲ”

သူ့မျက်နှာပေါ်ရှိ ပြောင်ချော်ချော်မျက်နှာထားက ပျောက်ကွယ်သွားပြီး ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ “ကောင်းကင်နတ်ဧကရာဇ်ဟောင်၊ ခင်ဗျားက ကိုယ်ကျင့်သိက္ခာနဲ့ ပြည့်စုံတဲ့သူတစ်ယောက်ပါ… ဘာလို့ ကျွန်တော့်ကို ပုန်ကန်ရတာလဲ… ဘာအကြောင်းကြောင့် ကောင်းကင်မဟာမိတ်ကို ပုန်ကန်ရတာလဲ”

ကောင်းကင်နတ်ဧကရာဇ်ဟောင် တဟားဟား ရယ်၏။ “မင်းရဲ့ သရုပ်မှန် ပေါ်လာပြီပဲ… ၀န်မင်းမူ၊ ငါ့ရဲ့ စစ်တပ်ကြီးက ချီတက်လာနေပြီ… မင်း ချက်ချင်း လက်နက်ချအညံ့ခံမယ်ဆိုရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ရွှင်ပျော်ပျော်ကျေးရွာရဲ့ ပြည်သူပြည်သားတွေ အသက်ရှင်နိုင်မယ့် အခွင့်အရေး ရလိမ့်မယ်… မင်း ဆက်ပြီး ခေါင်းမာနေမယ်ဆိုရင်တော့ ငါ လက်ညှိုးထိုးလိုက်တဲ့ နေရာတိုင်း ပြာကျသွားစေရမယ်”

ချင်မူက အေးဆေးစွာ တုံ့ပြန်သည်။ “ကောင်းကင်နတ်ဧကရာဇ်ဟောင်၊ ခင်ဗျားပြောတဲ့အတိုင်း ပြာကျလား မကျဘူးလားသိရဖို့ ကျွန်တော့်ကို လက်ညှိုးထိုးကြည့်လိုက်လေ”

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ သူငယ်အိမ်များ ကျုံ့၀င်သွားသည်။

ချင်မူသည် သင်္ဘောထိပ်တွင် ရပ်နေပြီး တစ်ဖက်ကမ်းရှိ မရေမတွက်နိုင်သော နတ်ဘုရားမိစ္ဆာများကို ကြည့်နေ၏။ “နှစ်ဖက်စလုံးက စစ်သည်တော်တွေက သေတဲ့အထိ တိုက်ခိုက်နေကြတာ မတရားလွန်းဘူးလား…. ဒီလိုလုပ်မယ်… ခင်ဗျားနဲ့ ကျွန်တော် နှစ်ဖက်စလုံးက စစ်သည်တော်တွေအရှေ့မှာ သေတဲ့အထိ တိုက်ခိုက်ကြမယ်”

သူက လက်မြှောက်၍ လေကို ခုတ်ပိုင်းလိုက်သည်။ “ကျွန်တော် ခင်ဗျားလက်ထဲမှာ သေသွားခဲ့ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ရွှင်ပျော်ပျော်ကျေးရွာ လက်နက်ချပြီး ခင်ဗျားလက်ထဲ ရောက်စေရမယ်… ကျွန်တော့်လက်ထဲမှာ ခင်ဗျား သေသွားခဲ့ရင်တော့ ကောင်းကင်နတ်ဘုံ ဖြိုခွဲခံရမယ်… ဘယ်လိုလဲ ဟောင်… သတ္တိရှိရဲ့လား”

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ အကြည့်က သူ၏မျက်နှာအပေါ်သို့ ကျရောက်လာသည်။ နှစ်ယောက်လုံးက အကြည့်ချင်း ဆုံသွားကြပြီး မည်သည့်အရာကိုမှ ခန့်မှန်း၍ မရနိုင်ချေ။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ဧကရာဇ်ရထားလှည်းဆီမှ ထရပ်လိုက်ပြီး သူ၏ အရှိန်အဝါသည် ပိုပို၍ သန်မာအားကောင်းလာသည်။ “ငါ ငယ်ငယ်တုန်းက ကောင်းကင်နတ်အရှင်ယွီကို သတ်ဖြတ်ခဲ့ပြီး ရှဲ့ဝူကျိကို ရှင်းလင်းခဲ့တယ်…. အရွယ်ရောက်လာတဲ့အခါမှာ ကောင်းကင်နတ်ဧကရာဇ်ကို ဖယ်ရှားပြီး ကောင်းကင်နတ်အရှင်ယွင်ကို သတ်ခဲ့တယ်… ချိမင်ကို ချေမှုန်းနိုင်ခဲ့တဲ့အပြင် ခိုင်ဧကရာဇ်ကိုလည်း ရွှင်ပျော်ပျော်ကျေးရွာဆီ ထွက်ပြေးရအောင် လုပ်နိုင်ခဲ့တယ်… ပြီးခဲ့တဲ့နှစ်အတွင်းမှာ မဟာဧကရာဇ်က ရှုံးနိမ့်သွားခဲ့တဲ့အပြင် ထိုက်ချူကလည်း အညံ့ခံခဲ့ရတယ်… ငါ ကောင်းကင်နတ်အရှင်ဆယ်ပါးကို အနိုင်ယူပြီး ကောင်းကင်နတ်ဧကရာဇ် ဖြစ်လာခဲ့တယ်… ငါ့ရဲ့ ပြိုင်ဘက်ကင်းခွန်အားကြောင့် ဒီနေ့ ဒီနေရာမှာ ရပ်နေနိုင်တာပဲ… ဘာလို့ သတ္တိမရှိရမှာလဲကွ”

ချင်မူအဝတ်များသည် လေနှင့်အတူ တဖျတ်ဖျတ် လွင့်ခတ်နေ၏။ သူက ပြုံးလိုက်သည်။ “ခင်ဗျား နှစ်ကြိမ်ပဲ ရှုံးခဲ့ဖူးပေမယ့် နှစ်ကြိမ်စလုံးက ကျွန်တော့်လက်ချက်ကြောင့်ပဲမလား”

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ အသက်အဖြတ်အရှိန်အဝါက ပိုပို၍ ပြင်းထန်အားကောင်းလာပြီး သူကား ဧကရာဇ်ရထားလှည်းထဲမှ ထွက်လာပေတော့မည်။

ဤအခိုက်အတန့်တွင် လင်းကွမ်ခန်းမအရှင်သခင်က ခပ်ဩဩ လေသံဖြင့် သတိပေးသည်။ “ကောင်းကင်နတ်ဧကရာဇ်၊ စစ်တပ်နှစ်တပ် တိုက်ခိုက်နေတဲ့အချိန်မှာ ကောင်းကင်နတ်ဧကရာဇ်အနေနဲ့ သတ္တိကောင်းပြတာက ပါးနပ်တဲ့လုပ်ရပ် မဟုတ်ဘူး…”

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ မျက်လုံးများ‌ မှေးကျဥ်းသွားပြီးနောက် သူက နှာတစ်ချက် မှုတ်ကာ ပြန်ထိုင်လိုက်သည်။ “ခန်းမအရှင်ပြောတာ မှန်တယ်…” သူက မှင်သေသေ ဆို၏။ “‌ကောင်းကင်နတ်အရှင်မူ၊ ငါ မင်းရဲ့တိုင်းပြည်၊ မင်းရဲ့အယူအဆနဲ့ မင်းရဲ့ခံယူချက်တွေကို ဖျက်ဆီးချင်တယ်… မင်းကို သတ်ရမှာက လွယ်လွန်းတယ်…”

ချင်မူက ပြုံးလိုက်သည်။ “ဟောင်၊ ကျွန်တော် ခင်ဗျားကို နှစ်ကြိမ်တိတိ အနိုင်ယူထားလို့ ကျုပ်ကို မတိုက်ရဲတော့တာ မဟုတ်လား…”

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ လက်သီးဆုပ်၍ နောက်တစ်ကြိမ် ထရပ်ရန် ပြင်လိုက်သည်။

လင်းကွမ်ခန်းမအရှင်သခင်က ချောင်းဟန့်သည်။ “ကောင်းကင်နတ်ဧကရာဇ်တစ်ပါးအနေနဲ့ သိက္ခာထိန်းသင့်တယ်… သာမန်လူတစ်ယောက်လို အလွယ်တကူ ဒေါသထွက်နေမယ်ဆိုရင် ဘယ်လိုလုပ် ကောင်းကင်နတ်ဧကရာဇ်တစ်ပါးနဲ့ တူတော့မှာလဲ”

ထိုက်ချူ၊ ထိုက်ကျိနှင့် တခြားသူများက ရှေ့သို့ လျှောက်လာကြပြီး အကြံပေးကြသည်။ “စစ်တပ်နှစ်တပ်ရှေ့မှာ တိုက်ခိုက်တာက ဂရုမမူလွန်းတဲ့ အပြုအမူပါပဲ… ပြန်လည်စဉ်းစားပေးပါ အရှင်မင်းကြီး…”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က လက်ဝှေ့ရမ်းလျက် ပြန်လှည့်သွားသည်။ ချင်မူအသံက ထွက်ပေါ်လာပြန်၏။ “ဆိုတော့ သတ္တိမရှိဘူးပေါ့လေ… ဟောင်၊ ကောင်စုတ်ကလေး… ငါနဲ့ တိုက်ဖို့တောင် သတ္တိမရှိရှာဘူး.. တစ်လောကလုံးက သူရဲကောင်းတွေကို ဘယ်လို အရည်အချင်းမျိုးနဲ့ အုပ်ချုပ်မှာလဲ… သူရဲကောင်းတွေက မင်းဆီမှာ ဘယ်လိုအညံ့ခံမှာလဲ”

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်လာတော့သည်။ သူက ဒေါသကိုထိန်း၍ ကောင်းကင်နတ်ဘုံစစ်စခန်းသို့ ပြန်လည်ရောက်ရှိလာ၏။

လင်းကွမ်ခန်းမအရှင်သခင်က နှစ်သိမ့််သည်။ “အရှင်မင်းကြီး၊ မင်းရဲ့ ခွန်အားက သူ့ထက် အနည်းငယ် လျော့ကျနေတယ်… မင်းက သူ့ရဲ့ပြိုင်ဘက် မဟုတ်သေးဘူး”

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ဒေါသထိန်းမထားနိုင်တော့ပေ။ သူက အသံကို နှိမ့်လျက် မာန်မဲလိုက်သည်။ “တာအိုနောင်တော်၊ ကျုပ် ကျုပ်ရဲ့ ကျင့်ကြံခြင်းလမ်းစဉ်က ပြစ်ချက်တွေအားလုံးကို ပြင်ဆင်ပြီးသွားပြီ… နွားကျောင်းသားတစ်ယောက်ကို ဘာလို့ကြောက်နေရမှာလဲ… အခု ကျုပ် သူ့ကို သတ်ချင်ရင် သူ ကျုပ်ဆီက တိုက်ကွက်ဆယ်ကွက်ထက် ပိုပြီး ခံနိုင်မှာမဟုတ်ဘူး”

လင်းကွမ်ခန်းမအရှင်သခင်က ခေါင်းခါရမ်းကာ ပြောသည်။ “အရှင်မင်းကြီး တကယ် တိုက်ခိုက်မယ်ဆိုရင် သူ့လက်ထဲမှာ တိုက်ကွယ်ဆယ်ကွက်တောင် မခံမှာကို စိုးရိမ်မိတယ်… မင်းရဲ့ ကျင့်ကြံခြင်းလမ်းစဉ်က ပြစ်ချက်တွေအားလုံး ပြင်ဆင်ပြီးသွားပြီဆိုပေမယ့် မင်းရဲ့ ကျင့်စဉ်က ပြစ်ချက်ကင်းသွားတာပဲ ရှိတာလေ.. သခင်လေးခုနစ်က ဘာလို့ မင်းရဲ့ ပြစ်ချက်တွေကို ရှာနေရမှာလဲ… အခု သူက သူ့ဆရာရဲ့ အန္တိမကျင့်စဉ်တွေကို လေ့လာပြီးသွားပြီ… သူ့သိုင်းကွက်တွေထဲက တစ်ကွက်က သူ့ဆရာ ရန်သူတော်ရဲ့ အန္တိမကျင့်စဉ်ပဲ…. တိုက်ကွက်နှစ်ကွက်တည်းနဲ့ အရှင်မင်းကြီး သေချာပေါက်ရှုံးလိမ့်မယ်… ဆယ်ကွက်ဆို သေခါနီးအန္တရာယ် တွေ့ကြုံရလိမ့်မယ်… သခင်လေးလေးနဲ့ သခင်လေးသုံးက မင်း သခင်လေးခုနှစ်လက်ထဲမှာ သေဖို့ ကျင့်ကြံစေခဲ့တာမဟုတ်ဘူး…. မင်းရဲ့ တာဝန်က သခင်လေးခုနစ်ကို တိုက်ခိုက်ဖို့ မဟုတ်ဘူး”

ကောင်းကင်နတ်ဧကရာဇ်ဟောင် မျက်မှောင်ကြုတ်လိုက်သည်။

လင်းကွမ်ခန်းမအရှင်သခင်က ပြော၏။ “အရှင်မင်းကြီး သူ့ကို အနိုင်ယူချင်တယ်ဆိုရင် ရိုးရှင်းပါတယ်… တာအိုရနိုင်မယ့် တတိယမြောက်လမ်းစဉ်ကို ကျင့်ကြံသရွေ့ သူ့ရဲ့စွမ်းအားတွေကို ချိုးဖျက်နိုင်လိမ့်မယ်…”

ကောင်းကင်နတ်ဧကရာဇ်ဟောင် မေးတော့မည့်အချိန်တွင် ချင်မူ့အသံက ရုတ်တရက် ထွက်ပေါ်လာပြန်၏။ “အဲ့ဒီခေါင်းပြတ်နေတဲ့ တာအိုသိုင်းပညာရှင်…. အရင်တစ်ခါတုန်းက ကျွန်တော် ခင်ဗျားကို ခေါင်းဖြတ်ပြီး ခင်ဗျားရဲ့ တာအိုသစ်ပင်နဲ့ တာအိုသစ်သီးကို ဖျက်ဆီးခဲ့ပေမယ့် နာမည်ကို မမေးလိုက်ရဘူး…. ခင်ဗျားက မီလော့နန်းတော် ပလ္လင်ခန်းမ ၇၂ ခုထဲက ဘယ်ခန်းမအရှင်သခင်လဲဆိုတာ သိခွင့်ရှိမလား…”

လင်းကွမ်ခန်းမအရှင်သခင်သည် ဆက်မပြောဘဲ လှည့်၍ ဦးညွှတ်အရိုအသေပေးလိုက်၏။ “မီလော့နန်းတော် ပလ္လင်ခန်းမ ၇၂ ခုထဲက လင်းကွမ်ခန်းမကပါ… လင်းကွမ်ခန်းမအရှင်သခင်လို့လည်း ခေါ်ကြပါတယ်… တွေ့ရတာဝမ်းသာပါတယ် သခင်လေးခုနစ်”

ချင်မူက သူ့အရိပ်ကို ပြန်လှည့်ကြည့်၍ အားရ၀မ်းသာ ပြောသည်။ “ရှန့်ကျွင်း၊ ငါတို့ ဒီတစ်ကြိမ် ဘယ်သူ့ကို သတ်ခဲ့လဲဆိုတာ သိပြီကွ”

ရှန့်ကျွင်း၏ အသံက သူ၏အရိပ်ထဲမှ ထွက်ပေါ်လာသည်။ “သခင်လေး၊ သေတော့မယ့်သူကို နာမည်မေးတော့ရော ဘာထူးလို့လဲ”

“မင်းကလည်း လောကဝတ်လေကွာ”

ချင်မူက ပြန်လှည့်ကြည့်၍ ပြုံးလိုက်သည်။ “လင်းကွမ်ခန်းမအရှင်သခင်၊ ကျုပ်နဲ့ စစ်တပ်နှစ်တပ်အရှေ့မှာ တိုက်ခိုက်ဖို့ သတ္တိရှိလားဗျ”

လင်းကွမ်ခန်းမအရှင်သခင်၏ ပခုံးရှိ ကျွဲဦးချိုကြီးများ ဆတ်ခနဲ လှုပ်သွားပြီး သူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “သခင်လေးခုနစ်၊ သခင်လေးရဲ့ အရိပ်ထဲမှာ လူသတ်သမား ဝှက်ထားပြီး အလစ်တိုက်ဖို့ ကြံစည်နေတာကို ကျုပ် မသိဘဲနေပါ့မလား… ဒီနေ့တော့ သခင်လေးနဲ့ မတိုက်ခိုက်တော့ပါဘူး… ကျုပ်တို့ တိုက်ခိုက်ရမယ့် နေတစ်နေ့ ရှိလာမှာပါ”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က သူ့ကို နန်းဆောင်ထဲသို့ဖိတ်ခေါ်၍ အာရုံစူးစိုက်ကာ ပြောသည်။ “တာအိုနောင်တော်၊ ကျုပ်ကို ဒီတာအိုကျင့်စဉ်အကြောင်း ကျေးဇူးပြုပြီး အသေးစိတ်ပြောပြပါ”

ချင်မူက မျက်မှောင်ကြုတ်လျက် ရွှေသင်္ဘောအား ရွှင်ပျော်ပျော်ကျေးရွာဆီသို့ ရွက်လွှင့်သွားစေသည်။ သူက ထိုက်ဧကရာဇ်ကောင်းကင်ဘုံ အရှေ့တွင် ရပ်လျက် ကြေညာလိုက်သည်။ “တိုက်ပွဲအတွက် အသင့်ပြင်ထားကြပါတော့”

သူ၏အကြည့်မှာ အခြားတစ်ဖက်ရှိ ကောင်းကင်နတ်ဘုံစခန်းသို့ ကြည့်နေပြီး စိုးရိမ်ပူပန်နေသော အရိပ်အယောင်များ ပြည့်နှက်နေသည်။

“တတိယမြောက် တာအိုကျင့်စဉ်ကို မီလော့နန်းတော်ရဲ့ သခင်လေးနှစ် တီထွင်ခဲ့တာ… သခင်လေးနှစ်က အဆုံးသတ်မြို့ပျက်နတ်ဘုရားမပဲ... သူ့တာအိုက အကန့်အသတ် မရှိဘူး… ‌အဲဒါက မှေးမှိန်လွန်းပြီး အစအနမကျန်တဲ့အတွက် ငါ သူ့ကို ခြေရာခံလို့ မရနိုင်ခဲ့ဘူး… သူ တာအိုရသွားတဲ့အခါမှာ ဆရာသင်ထားတဲ့ တာအိုသစ်ပင်ကျင့်စဉ်စနစ်နဲ့ ကျောက်စိမ်းမြို့တော်ကျင့်စဉ်စနစ်တွေက သူ့အတွက် အသုံးမဝင်ဘူးဆိုတာ သိခဲ့ရတယ်.. သူ့ရဲ့ အဆုံးသတ်မြို့ပျက်တာအိုက အန္တိမဟင်းလင်းပြင်မှာ ဘယ်တော့မှ တံဆိပ်ခတ်နှိပ်လို့ မရနိုင်ဘူး”

လင်းကွမ်ခန်းမအရှင်သခင်နှင့် ကောင်းကင်နတ်ဧကရာဇ်က နန်းဆောင်ထဲသို့ ဝင်ရောက်လာပြီး ထိုင်လိုက်သည်။ “အဲဒီအချိန်တုန်းက အဆုံးသတ်မြို့ပျက်တာအိုကျင့်စဉ်စနစ်ကို ဖန်တီးခဲ့ပြီး နောက်ဆုံးမှာတော့ တာအိုရနိုင်ခဲ့တယ်… သူ့ရဲ့စွမ်းအားက ကြီးမားလွန်းတဲ့အတွက် ဆရာတောင် အကြိမ်ကြိမ် ချီးကျူးခဲ့ရတယ်.. မင်းမှာ အဆုံးသတ်မြို့ပျက်နတ်ဘုရားမရဲ့ သွေးဆက် ရှိနေပြီး အဆုံးသတ်မြို့ပျက်တာအိုကို ကျင့်ကြံထားတာ ငါ တွေ့ခဲ့ရတယ်… ဒါပေမဲ့ အဆုံးသတ်မြို့ပျက်တာအိုက တာအိုမရနိုင်ဘူး… ဒါကြောင့် သခင်လေးနှစ်ရဲ့ တာအိုကျင့်စဉ်စနစ်ကို ငါ တွေးမိသွားတာပဲ…”

ကောင်းကင်နတ်ဧကရာဇ်က မြေပြင်တွင် ပြားပြား၀ပ်သည်အထိ ဂါ၀ရပြုလိုက်သည်။ “ကျေးဇူးပြုပြီး သင်ကြားပေးပါ တာအိုနောင်တော်…”

လင်းကွမ်ခန်းမအရှင်သခင်က ခေါင်းခါရမ်းသည်။ “အဆုံးသတ်မြို့ပျက် တာအိုကျင့်စဉ်စနစ်က ငါ့အတွက် အသုံးမဝင်ဘူး… ဘယ်လို တာအိုရယူရမလဲဆိုတာ ငါ သိပ်မသိဘူး… ဆရာ တစ်ခါပြောတာပဲ ကြားဖူးတာ.. ကြည့်ရတာ ဖရိုဖရဲထဲမှာ ကြာပန်းစိုက်ရမယ်ထင်တယ်… ဆရာပြောတာကတော့ ဖရိုဖရဲရေကန်ထဲမှာ ရွှေရောင်ကြာပန်းတစ်ပွင့် စိုက်လို့ရတယ်တဲ့… ဘယ်လို စိုက်ပြီး ဘယ်လိုပွင့်အောင် လုပ်ရမလဲတော့ ငါလည်း မသိဘူး”

သူက ရွှေရောင်ကြာပန်းပွင့် ပွင့်လာနိုင်သည့် ဖရိုဖရဲရေကန်အကြောင်း ရှင်းပြသည်။ တာအိုဘာသာစကားကို အသုံးပြုလေရာ အလွန်တရာ ကျယ်ပြန့်လေးနက်၏။ သူ၏ အသံနေအသံထားကလည်း ရှေးကျနေသည်။ သိသိသာသာပင် ၎င်းက လင်းကွမ်ခန်းမအရှင်သခင် နားလည်နိုင်သည့် တာအိုဘာသာစကားမဟုတ်ပေ။ ထိုအစား မီလော့နန်းတော်အရှင်သခင်၏ နှုတ်မှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်၏။

လင်းကွမ်ခန်းမအရှင်သခင်သည် မီလော့နန်းတော်အရှင်သခင် ပြောခဲ့သည်ကိုသာ ပြန်ပြောပြနေခြင်း ဖြစ်သည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ထိုစာကြောင်းမှာ လေးနက်သော အဓိပ္ပာယ်ရှိလိမ့်မည်ဟု ခံစားနေရ၏။ သို့သော် ဖရိုဖရဲရေကန်ထဲ၌ ကြာပန်းမည်သို့ စိုက်ရမည်ကိုလဲတော့ စဉ်းစား၍မရနိုင်ပေ။

“ဖရိုဖရဲရေကန်ထဲမှာ ကြာပန်းပွင့် ဘယ်လို စိုက်ရမလဲဆိုတာ ယွမ်မုကို မေးရမှာပဲ”

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ တုံ့ဆိုင်းနေသည်။ သူသည် သခင်မယွမ်မု၏ သားဖြစ်သော်လည်း ယွမ်မုကား မိသားစုသံယောဇဉ်ကို တွယ်တာတတ်သူ မဟုတ်ပေ။ ယွမ်မုသာ တာအိုရသွားပါက ပလ္လင်ကို လုယူလာနိုင်၏။

“လေးခုမြောက် လမ်းစဉ်နဲ့ နောင်တော် တာအို ဘယ်လိုရခဲ့သလဲဆိုတာ မေးခွင့်ရှိမလားဗျ” ကောင်းကင်နတ်ဧကရာဇ်ဟောင်က မေးလိုက်ပြန်သည်။

“အရှင်မင်းကြီး၊ မင်းက လောဘကြီးလွန်းတယ်”

လင်းကွမ်ခန်းမအရှင်သခင်က သတိပေးသည်။ “မင်းက တာအိုကျင့်စဉ်သုံးခုထဲက ပထမဆုံးတစ်ခုကို တတ်မြောက်ပြီးသွားတာတောင် လေးခုလုံး တက်ချင်နေတာလား… ပထမသုံးခုကို ကျင့်လို့ရပေမယ့် လေးခုမြောက်ကို ကျင့်ကြံလို့ရမှာ မဟုတ်ဘူး”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ထပ်မေးလိုက်ပြန်သည်။

လင်းကွမ်ခန်းမအရှင်သခင်မှာ ဖြေရုံကလွဲပြီး ရွေးချယ်စရာ မရှိသဖြင့် ပြောလိုက်ရ၏။ “လေးခုမြောက်လမ်းစဉ်ကို ငါ့ရဲ့ ရန်သူတော် ဖန်တီးခဲ့တာ…. ဘယ်လို ကျွမ်းကျင်အောင်လုပ်ရမလဲ ငါ မသိဘူး… ဒီကျင့်စဉ်က တာအိုသစ်ပင်ကို မကျင့်ကြံတဲ့အပြင် ခွန်အား အသုံးပြုပြီး တာအိုရယူတာလည်း မဟုတ်ဘူး… ဖရိုဖရဲမှာ ကြာပန်းစိုက်တာလည်း မဟုတ်ဘူး… ထူးခြားဆန်းကြယ်ပြီး မှန်းဆလို့မရနိုင်ဘူး”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က လေပူတစ်ချက် မှုတ်ထုတ်၍ လက်လျှော့လိုက်သည်။ သူက လေးနက်သောအသံဖြင့် ခေါ်လိုက်သည်။ “မယ်တော် ခဏလာပါဦး”

ကောင်းကင်နတ်ဧကရီလည်း ရောက်လာသည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပြောသည်။ “နောင်တော်၊ အခုလေးတင် ပြောခဲ့တာတွေကို ပြန်ပြောပြပါဦးဗျ”

လင်းကွမ်အရှင်သခင်က တာအိုဘာသာစကားဖြင့် ပြန်ရွတ်ပြလိုက်သည်။ ကောင်းကင်နတ်ဧကရီမှာ တုန်လှုပ်သွား၏။ သူမသည် ထိုစကားလုံးများကို ကြားလျှင် စိတ်ထဲတွင် အဆုံးသတ်မြို့ပျက်အသူရာချောက်နက်၏ အနက်ရှိုင်းဆုံးအပိုင်းကို မြင်ယောင်နေမိသည်။

ရုတ်တရက် သူမ၏ ကိုယ်ပိုင်အဆုံးသတ်မြို့ပျက်မဟာတာအိုမှာ ပြင်းထန်စွာ ကျုံ့လာပြီး ကောင်းကင်နန်းဆောင်အားလုံး ပြိုလဲသွားသည်။ ထို့နောက် ကောင်းကင်ရတနာများပင် ပြိုလဲလာ၏။

ဤအခိုက်အတန့်တွင် သူမ၏ကျင့်ကြံခြင်းအခြေခံအားလုံး ကျဆင်းသွားသည်။ တည်ငြိမ်နေသော ရေကန်ထဲသို့ ကျောက်တုံးတစ်တုံး ပစ်ချခံလိုက်ရသည့်အလား ဒုတ်ခနဲ အသံနှင့်အတူ သူမ၏ ဝိညာဥ်သန္ဓေသား ကောင်းကင်ရတနာမှာ ပြိုလဲသွားတော့၏။

သူမ၏ ခန္ဓာကိုယ်ထဲတွင် ဖရိုဖရဲရေကန်တစ်ခုသာ ကျန်ရစ်တော့သည်။

ဖရိုဖရဲရေကန်ထဲမှ မော့ကြည့်လိုက်သည့်အခါတွင် ကောင်းကင်ကို မျဉ်းကြောင်းလေးတစ်ကြောင်းခန့်သာ မြင်ရ၏။ ၎င်းက အဆုံးသတ်မြို့ပျက် အသူရာချောက်နက် ဖြစ်လေသည်။

“ဒီလိုပေါ့လေ”

ကောင်းကင်နတ်ဧကရီ ရုတ်တရက် သဘောပေါက်သွားသည်။ ဖရိုဖရဲပင်လယ်ထဲတွင် ကြာရွက်တစ်ရွက် ပေါ်လာ၏။ သူမကား နောက်ဆုံးတော့ အဆုံးသတ်မြို့ပျက်တာအို ရရှိသွားခဲ့လေပြီ။

All Chapters