ကောင်းကင်နတ်ဧကရီနှင့် ရှဲ့ဝူကျိ
Vol. 130 Ch. 1682
ကောင်းကင်နတ်ဧကရီ၏ အရှိန်အဝါ တမုဟုတ်ချင်း ပြောင်းလဲသွားသည်။ အဆုံးသတ်မြို့ပျက်တစ်ခု ဤနေရာတွင် တည်ရှိနေလာသကဲ့သို့ ဟင်းလင်းပြင်က သူမ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားတော့မည့်အလား သူမထံ တိမ်းစောင်းလာသည်။
သူမကြောင့် ကောင်းကင်နတ်ဧကရာဇ်နှင့် လင်းကွမ်ခန်းမအရှင်သခင်တို့မှာ ပြင်းစွာသော အန္တရာယ်အရှိန်အဝါတို့ကို ခံစားနေရ၏။ သူတို့၏ တာအိုသစ်ပင်များနှင့် မဟာခြုံလွှမ်းကောင်းကင်ဘုံတို့မှာ မြဲမြဲမြံမြံ မရပ်တည်နိုင်ကြတော့သည့်အလားပင်။ သူတို့သာ အနည်းငယ် နီးကပ်သွားပါက သူတို့၏ တာအိုလမ်းစဉ်များသည် အနည်းငယ်မျှပင် မကျန်တော့သည်အထိ ဝါးမြိုခံရတော့မည့်အလား ခံစားနေရကြရတော့သည်။
ဤသည်က အဆုံးသတ်မြို့ပျက်တာအိုပင် ဖြစ်ပေသည်။
စကြ၀ဠာ ဆယ့်ခြောက်စင်းတွင် အဆုံးသတ်မြို့ပျက် တာအိုရရှိနိုင်ခဲ့သူဟူ၍ တစ်ယောက်တည်းသာ ရှိသည်။ ထိုသူကား မီလော့နန်းတော်၏ သခင်လေးနှစ်ပင် ဖြစ်၏။ စကြ၀ဠာ ဆယ့်ခြောက်စင်းတွင် အဆုံးသတ်မြို့ပျက်တာအိုကို ကျင့်ကြံခဲ့ကြသည့် အဆုံးသတ်မြို့ပျက်နတ်ဘုရားမများစွာ ရှိသည်။ သို့သော် မည်သူကမှ အဆုံးသတ်မြို့ပျက်တာအိုကို မရနိုင်ခဲ့ပေ။ တခဏသာ တည်ရှိနိုင်ခဲ့ပြီး အစအနပင် မကျန်အောင် ပျောက်ကွယ်သွားခဲ့ကြရသည်။
ကောင်းကင်နတ်ဧကရီကား အဆုံးသတ်မြို့ပျက်တာအိုကို ရရှိအောင်မြင်နိုင်ခဲ့သည့် ဒုတိယမြောက်ပုဂ္ဂိုလ် ဖြစ်၏။
“မီလော့နန်းတော်အရှင်သခင်က စွမ်းအားအကြီးဆုံးနဲ့ ကြောက်စရာအကောင်းဆုံး ပုဂ္ဂိုလ်ပဲ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ အံ့အားသင့်နေသည်။ ကောင်းကင်နတ်ဧကရီသည် မီလော့နန်းတော်အရှင်သခင် ထားရစ်ခဲ့သော စကားလုံးများဖြင့်ပင် တာအိုရခဲ့ချေပြီ။
နောက်ဆုံးတွင် “သခင်မယွမ်မု” သည် တာအိုဘာသာစကားများ၏ လမ်းညွှန်ပေးမှုကြောင့် အဆုံးသတ်မြို့ပျက်တာအိုကို အောင်မြင်နိုင်သည့် သော့ချက်ကို နားလည်သွားခဲ့ပြီ ဖြစ်သည်။
စကားလေးတစ်ခွန်းတည်းနှင့် တာအိုရနိုင်အောင် ဖန်တီးပေးနိုင်သော ထိုသို့ပုဂ္ဂိုလ်မျိုးက မည်မျှပင် ကြောက်မက်ဖွယ်ကောင်းလှသနည်း။
ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်က မီလော့နန်းတော်အရှင်သခင်သည် အဆုံးသတ်မြို့ပျက်တာအိုကို ကျင့်ကြံခဲ့ခြင်း မရှိပေ။ သခင်လေးနှစ်ဆီမှ အဆုံးသတ်မြို့ပျက်တာအိုအနှစ်သာရကိုသာ တွေ့မြင်ခဲ့ရ၏။
ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ နှလုံးသားမှာ စိတ်လှုပ်ရှားတက်ကြွမှုတို့ဖြင့် ပြည့်နှက်လာပြန်သည်။ သူသာ အဆုံးသတ်မြို့ပျက်တာအိုကို အောင်မြင်နိုင်ပါက ကျောက်စိမ်းမြို့တော်တာအိုလမ်းစဉ်သာမက အဆုံးသတ်မြို့ပျက်တာအိုလမ်းစဉ်ကိုပါ တစ်ပြိုင်တည်း ပိုင်ဆိုင်နိုင်ပေလိမ့်မည်။ သူ၏အောင်မြင်မှုများက တစ်လောကလုံးတွင် သေချာပေါက် အကြီးကျယ်ဆုံး ဖြစ်လာလိမ့်မည်။
ထိုမျှသာမက တာအိုကျင့်စဉ်စနစ်ကို အောင်မြင်နိုင်ပါက သူ၏ ခွန်အားသည် မီလော့နန်းတော်၏ ပလ္လင်ခန်းမအရှင်သခင် ၇၂ ယောက်နှင့် သေချာပေါက် ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။
ထိုအချိန်တွင် မီလော့နန်းတော်၏ သခင်လေးများကို ရိုကျိုးနေစရာ လိုအပ်ပါမည်လော။
သူတစ်ယောက်တည်း တစ်လောကလုံးကို အုပ်ချုပ်နိုင်ပြီး ကျောက်စိမ်းမြို့တော်နှင့် မီလော့နန်းတော် ကျူးကျော်လာမည်ကို တားဆီးနိုင်ပေလိမ့်မည်။ မရေမတွက်နိုင်သော ပုဂ္ဂိုလ်အပေါင်း လေးစားခစားကြသည့် ကောင်းကင်နတ်ဧကရာဇ် ဖြစ်လာပြီး အတုမဲ့ ကောင်းကင်နတ်ဧကရာဇ်အဖြစ် သမိုင်းတွင်လိမ့်မည်။
သူ၏နာမည်ကို ယှဉ်ပြိုင်နိုင်သူရှိမည် မဟုတ်ပေ။
“ဂုဏ်ယူပါတယ် မယ်တော်… နောက်ဆုံးတော့ တာအိုရသွားခဲ့ပြီ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ကျယ်လောင်စွာ ရယ်မောလိုက်ရင်း မေးသည်။ “မယ်တော် အဆုံးသတ်မြို့ပျက်တာအို ရနိုင်မယ့် လျှို့ဝှက်ချက်ကို ကျွန်တော်ကို သင်ပေးလို့ရမလားဗျ”
ကောင်းကင်နတ်ဧကရီက သူ့ကို ကြည့်လိုက်သည်။ ကောင်းကင်နတ်အရှင်ဟောင်က ပြုံးလျက် လင်းကွမ်ခန်းမအရှင်သခင်ကို တစ်ချက်ကြည့်လိုက်၏။
ကောင်းကင်နတ်ဧကရီ၏ အကြည့်ကလည်း လင်းကွမ်အရှင်သခင်ဆီသို့ ရောက်လာသည်။ သူမသည် တာအိုရရှိပြီးဖြစ်ကာ အဆုံးသတ်မြို့ပျက်တာအိုကို အောင်မြင်နိုင်ခဲ့သော်လည်း ဟင်းလင်းပြင်ထဲတွင် တာအိုရရှိထားသော ပုဂ္ဂိုလ်များ၏ ဖိနှိပ်မှုကို အလိုအလျောက် ခံစားရလေသည်။ ယခုတွင် ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့် လင်းကွမ်ခန်းမအရှင်သခင်တို့ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရသည့်အခါတွင်တော့ သူမအနေဖြင့် အနိုင်ရနိုင်မည့် အခွင့်အရေးမရှိသည်ကို ကောင်းကောင်းသိလိုက်ရ၏။
သူမမှာ ယခုချက်ချင်း တိုက်ခိုက်၍ ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့် ထိုက်ချူကို အနိုင်ယူကာ သမိုင်းကြောင်းတလျှောက်တွင် ပထမဆုံး အမျိုးသမီး ကောင်းကင်နတ်ဧကရာဇ် ဖြစ်လာချင်မိသည်။ သို့သော် လင်းကွမ်ခန်းမအရှင်သခင် ရှိနေသောကြောင့် အလျင်စလို မပြုမူရဲပေ။
လင်းကွမ်အရှင်သခင်သည် ဦးခေါင်းပြတ်နေပြီး တာအိုသစ်သီးတစ်လုံး ဖျက်ဆီးခံခဲ့ရသည့်တိုင် တာအိုသစ်သီးနှစ်လုံးနှင့် တာအိုပန်းပွင့်တစ်ပွင့် ရှိနေသေး၏။ ထို့ကြောင့် သူ၏ အစွမ်းအစကား မှန်းဆ၍မရနိုင်ချေ။
“တာအိုအစ်ကိုတော်လင်းကွမ်ရဲ့ သင်ကြားပေးမှုကြောင့် အဆုံးသတ်မြို့ပျက်တာအိုကို ရနိုင်ခဲ့တာဆိုတော့ နားလည်ထားတာတွေကို အစ်ကိုတော့်ဆီ ပြန်လွှဲပြောင်းပေးပါမယ်”
ကောင်းကင်နတ်ဧကရီက ပြောသည်။ “ကျွန်မ သိမြင်ခဲ့တဲ့ ကျင့်ကြံခြင်းလမ်းစဉ်က အဆုံးသတ်မြို့ပျက်ကြေးမုံလို့ ခေါ်တယ်…. အဲ့တာက ကျင့်ကြံခြင်းအခြေခံကို အရည်ပျော်သွားစေပြီး အဆုံးသတ်မြို့ပျက်နဲ့ ပေါင်းစည်းလို့ ဖရိုဖရဲအဖြစ် အသွင်ပြောင်းလဲစေခဲ့တာပဲ…. ဖရိုဖရဲရေကန်က ကြည်လင်နေတဲ့ ကြေးမုံတစ်ချပ်လို တည်ငြိမ်တယ်…. ဒီကြေးမုံကို သန့်စင်လိုက်ရင် နှလုံးသားကို ထွန်းလင်းစေနိုင်ပြီး နှလုံးသားကို ကြာစေ့တစ်စေ့အဖြစ် ပြောင်းလဲလို့ရတယ်”
သူမက နူးညံ့ညင်သာစွာ ပြောသည်။ “ဖရိုဖရဲရေကန်က ရွှေရောင်ကြာပန်းပွင့်တွေ စိုက်ပျိုးနိုင်တယ်… ဒီလိုလုပ်နိုင်မယ်ဆိုရင် အဆုံးသတ်မြို့ပျက်တာအိုကို အောင်မြင်နိုင်ပြီ”
ကောင်းကင်နတ်ဧကရာဇ်မှာ ဝမ်းမြောက်ပျော်ရွှင်နေတော့သည်။ “မယ်တော်၊ ဒီ အဆုံးသတ်မြို့ပျက်ကြေးမုံကို ကျွန်တော့် ပြန်သင်ပေးပါ”
ကောင်းကင်နတ်ဧကရီလည်း အဆုံးသတ်မြို့ပျက်ကြေးမုံလမ်းစဉ်ကို ဖုံးကွယ်မထားဘဲ သူ့အား ပြန်လည်သင်ကြားပေးလိုက်သည်။
လင်းကွမ်ခန်းမအရှင်သခင်က သူမဘေးတွင် ရပ်၍ အဆုံးသတ်မြို့ပျက်ကြေးမုံကို အသေးစိတ်လေ့လာနေ၏။ သို့သော် သူသည် အဆုံးသတ်မြို့ပျက်လမ်းစဉ်ကို တစ်ခါမှ မကျင့်ကြံဖူးသောကြောင့် ဤကျင့်စဉ်က အတုလော၊ အစစ်လော ခွဲခြားနိုင်ခြင်း မရှိပေ။
ကောင်းကင်နတ်ဧကရာဇ်သည် အဆုံးသတ်မြို့ပျက်ကြေးမုံကို သေချာလေ့လာကြည့်လိုက်ရာ ဤကျင့်စဉ်မှာ အမှန်တကယ် လေးနက်ကျယ်ပြန့်ပြီး တုပ၍မရနိုင်ကြောင်း ခံစားလိုက်ရသည်။ သူက မယုံသင်္ကာဖြင့် မေးလိုက်၏။ “ကျုပ်ရဲ့ မယ်တော် သခင်မယွမ်မုက ပြဿနာရှာရတာ ကြိုက်တဲ့သူတစ်ယောက်ပဲ… ဘာကြောင့် ကျုပ်ကို သဘောကောင်းစွာနဲ့ အဆုံးသတ်မြို့ပျက်တာအို သင်ပေးရမှာလဲ… ဒါပေမဲ့ ဒီအဆုံးသတ်မြို့ပျက်ကြေးမုံက အတုဖြစ်တဲ့ပုံမပေါ်ဘူး….”
သူသည် အလျင်စလို မကျင့်ကြံရဲပေ။
ကောင်းကင်နတ်ဧကရီက ပြောသည်။ “အရှင်မင်းကြီး၊ အချိန်ယူပြီး လေ့လာပါ… ငါလည်း အခုလေးမှ တာအိုရထားတာဆိုတော့ အချိန်ယူလေ့လာဖို့ လိုအပ်တယ်’’
ကောင်းကင်နတ်ဧကရာဇ်က ခေါင်းညိတ်လိုက်ပြီး အဆုံးသတ်မြို့ပျက်ကြေးမုံကို ဆက်လက်လေ့လာနေသည်။ သူ့မှာ ပိုပို၍ သံသယဝင်လာမိ၏။
ကောင်းကင်နတ်ဧကရီက ထွက်ခွာလာခဲ့ရင်း စိတ်ထဲမှ တွေးနေသည်။ “အဆုံးသတ်မြို့ပျက်ကြေးမုံကို သခင်လေးနှစ်က ငါနဲ့ အပျက်မကို သင်ကြားပေးခဲ့တာ… အဲဒီအချိန်တုန်းက ငါနဲ့ အပျက်မက ကောင်းကင်နတ်အရှင်မူကို ငါတို့ ရခဲ့တဲ့ကျင့်စဉ်အကြောင်း ပြောပြခဲ့တယ်… ငါတို့ရခဲ့တဲ့ အဆုံးသတ်မြို့ပျက်ကြေးမုံတွေက မတူတဲ့အပြင် အထဲမှာ လျှို့ဝှက်ချက်တွေ ပုန်းကွယ်နေတာကို သူ မြင်ရတယ်လို့ ကောင်းကင်နတ်ရှင်မူက ပြောခဲ့တယ်…. အဲဒီသခင်လေးနှစ်က ငါတို့ရဲ့ ကျင့်ကြံခြင်းအခြေခံကို အသုံးချပြီး ငါတို့ခန္ဓာကိုယ်ထဲ ဝင်ပူးချင်ခဲ့တာပဲ”
ချင်မူ သူ၏ အိပ်မက်ထဲတွင် အဆုံးသတ်မြို့ပျက်ကြေးမုံကို စမ်းသပ်ကျင့်ကြံခဲ့တုန်းက အမျိုးသမီးတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထို့နောက် သခင်လေးနှစ် ဖြစ်လာပြီး သခင်လေးနှစ် ဝင်ပူးသည်ကို ခံခဲ့ရ၏။
ထိုအခါမှ ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုလည်း ချင်မူ ပြောသည်မှာ မှန်ကြောင်း သိခဲ့ကြသည်။ သခင်လေးနှစ်သည် အမှန်တကယ်ပင် အကောက်ကြံခဲ့၏။
“ကောင်းကင်နတ်ဧကရာဇ်ဟောင်သာ အဆုံးသတ်မြို့ပျက်ကြေးမုံကို ကျင့်ကြံမယ်ဆိုရင် သခင်လေးနှစ် ဝင်ပူးတာ ခံရလိမ့်မယ်…”
ကောင်းကင်နတ်ဧကရီ၏ အကြည့်များက ဖျတ်ခနဲ တောက်ပသွားပြီး သူမက တွေးနေသည်။ “ဒါပေမဲ့ သခင်လေးနှစ်က သူ့ကို အပြည့်အဝ ဝင်ပူးလို့မရဘူး.. ဘာလို့လဲဆိုတော့ ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ အခြမ်းနှစ်ခြမ်း ရှိပြီး တစ်ခြမ်းက ခွန်အားကနေတဆင့် တာအိုကျင့်စဉ်စနစ်ကို ကျင့်ကြံထားသေးလို့ပဲ… သခင်လေးနှစ်က သူ့ရဲ့ အဆုံးသတ်မြို့ပျက်အခြမ်းကိုပဲ ဝင်ပူးနိုင်လိမ့်မယ်… ခန္ဓာကိုယ်တစ်ခုတည်း နှစ်ယောက်ရှိနေပြီး ငါနဲ့ အပျက်မလို ဖြစ်လာလိမ့်မယ်”
သူမက တခစ်ခစ် ရယ်လိုက်သည်။ သူမ၏မျက်ဝန်းလေးများသည် ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် တောက်ပနေ၏။ “အပျက်မ၊ နင်က ငါ့သားကို အန္တရာယ်ပေးခဲ့တာဆို ငါလည်း နင့်သား ထိခိုက်အောင် လုပ်လိုက်ပြီ”
သူမသည် ယွမ်မုမဟုတ်ဘဲ ကောင်းကင်နတ်ဧကရီ မဟုတ်လော။ ကောင်းကင်နတ်အရှင်ယွင် ကောင်းကင်နတ်အရှင်လင်အား ကယ်တင်ရန် အဆုံးသတ်မြို့ပျက်အသူရာချောက်နက်ထဲသို့ ရောက်လာခဲ့တုန်းက ဘဝပြန်ဝင်စားခြင်းတာအိုကို အသုံးပြုကာ ယွမ်မုအား ဖိနှိပ်၍ ဧကရီအား လွတ်မြောက်စေခဲ့သည်။ ကောင်းကင်နတ်ဧကရီအား ယွမ်မုအသွင် ဟန်ဆောင်၍ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ဘေး၌ နေစေကာ ကောင်းကင်နတ်အရှင်တို့၏ စစ်စခန်းကို နှောင့်ယှက်ရန် ဖြစ်၏။
ယခုတွင်တော့ ရလဒ်များကို တွေ့မြင်လာရလေပြီ။
ကောင်းကင်နတ်ဧကရီသည် လင်းကွမ်ခန်းမအရှင်သခင်နှင့် ကောင်းကင်နတ်ဧကရာဇ်ဟောင်တို့ ဆွေးနွေးသော အဆောင်ထဲမှ ထွက်လာပြီး ဘဝပြန်ဝင်စားခြင်းတာအိုကို အသက်သွင်းကာ ရွှင်ပျော်ပျော်ကျေးရွာနှင့် ကောင်းကင်နတ်ဘုံတို့အကြား ဖြစ်ပွားနေသည့် စစ်မြေပြင်သို့ ဝင်ရောက်လာသည်။ နှစ်ဖက်စလုံးက ကြောက်မက်ဖွယ်ရာ သိုင်းကွက်များ၊ အားကောင်းပြင်းထန်သော လက်နက်များဖြင့် အသည်းအသန် စီးနင်းတိုက်ခိုက်နေကြသော်လည်း ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာစစ်တပ်ဖြစ်စေ၊ ရွှင်ပျော်ပျော်ကျေးရွာ၏ စစ်တပ်ဖြစ်စေ သူမကို မမြင်ချင်ယောင်ဆောင်ထားပြီး စစ်မြေပြင်ကို ဖြတ်သန်းခွင့်ပေးထားသည့်အလား ဖြစ်နေတော့သည်။
သူမ၏ ဘဝပြန်ဝင်စားခြင်းတာအိုမှာ ချင်မူ သို့မဟုတ် ကောင်းကင်နတ်အရှင်ယွင်တို့နီးပါး မမြင့်မားသော်လည်း ရန်သူနှင့် မဟာမိတ်နှစ်ဖက်လုံးသည် သူမကို မြင်သည်နှင့် ဘဝပြန်ဝင်စားခြင်းတာအို၏ သက်ရောက်မှုကို ခံရလေ၏။ သူတို့ကိုယ်တိုင်ပင် မသိလိုက်ဘဲ သူတို့၏ ဘက်တော်သားများအဖြစ် ဆက်ဆံကြသည်။
ဤသည်က ဘဝပြန်ဝင်စားခြင်းတာအို၏ ထူးခြားဆန်းကြယ်မှုဖြစ်၏။
ဤသို့ဖြင့် ကောင်းကင်နတ်ဧကရီသည် မည်သူမှ မသိဘဲ ရွှင်ပျော်ပျော်ကျေးရွာကို ဖြတ်သန်းကာ ရွှင်ပျော်ပျော်ကျေးရွာအနောက်သို့ ရောက်လာခဲ့သည်။
သူမက ထိုက်ဧကရာဇ်ကောင်းကင်ဘုံတွင် ရပ်နေပြီး ပတ်ဝန်းကျင်အား ကြည့်နေသည်။ အရှေ့ကုန်းမြေ၏ နေရာတိုင်းတွင် နေသင်္ဘောများကို မြင်နေရ၏။ လူလုပ်နေလုံးများက သံကြိုးများဖြင့် တွဲလဲခိုနေကာ ထာဝရငြိမ်းချမ်းရေးအင်ပါယာအပေါ် အလင်းတန်းများ ဖြာကျနေစေသည်။
သို့သော် ထိုက်ဧကရာဇ်ကောင်းကင်ဘုံနှင့် မနီးမဝေးတွင် နေသင်္ဘောများပင် မကပ်ရဲသော နေရာတစ်နေရာ ရှိလေသည်။
ထိုနေရာကား ကံကြမ္မာကျောက်ပြားတောအုပ် ဖြစ်ပြီး ဝဋ်ဆင်းရဲ ငရဲမီးတောက်များက အရှိန်အဟုန်ပြင်းပြင်း တောက်လောင်နေကြသည်။ မီးတောက်များ၏ အလယ်ဗဟိုတွင် သံကြိုးများ ချည်နှောင်ခံထားရသည့် မိစ္ဆာနတ်ဘုရားများ ရှိကြ၏။
ကောင်ကင်နတ်ဧကရီမှာ မီးတောက်ထဲသို့ ဝင်ရောက်လာခဲ့ရင်း ရင်တဒိန်းဒိန်း ခုန်လာသည်။ မီးတောက်ထဲရှိ မိစ္ဆာနတ်ဘုရားထံ ချဉ်းကပ်လာစဉ် သူမ၏ တာအိုနှလုံးသားသည်ပင် ပိုပို၍လှုပ်ရှားလာ၏။ ဤသည်က သူမအတွက် ဖြစ်တောင့်ဖြစ်ခဲပင်။
ကံကြမ္မာမီးတောက်ထဲရှိ မိစ္ဆာနတ်ဘုရားမှာ သူမ၏ သားတော်ဖြစ်သည်။
ကောင်းကင်နတ်ဧကရီသည် တာအိုရရှိပြီးနောက် သားတော်ကို ရုတ်တရက် သတိရသွားခဲ့မိ၏။ သူမ၏ နှလုံးသားထဲတွင် သားတော်ကို သွားတွေ့ရန် တိုက်တွန်းနေသည်စိတ်ဆန္ဒတစ်ခုက ပြင်းပြင်းပျပျ ထွက်ပေါ်လာခဲ့သည်။
ထိုစိတ်ဆန္ဒက ပိုပို၍ပြင်းထန်အားကောင်းလာခဲ့၏။ ၎င်းက သူမ တစ်ခါမှ မခံစားခဲ့ဖူးသော စိတ်ခံစားချက်ဖြစ်သည်။
ရှဲ့ဝူကျိသည် ကောင်းကင်နတ်ဧကရာဇ်ဟောင် အကောက်ကြံခြင်းကြောင့် ပုန်ကန်ရန် ဖိအားပေးခံခဲ့ရသည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ချောက်တွန်းမှုကြောင့် ဖိနှိပ်ခံခဲ့ရပြီး ယိုတု၏ ကျောက်စိမ်းအကျဉ်းထောင်တံခါးအတွင်း၌ ချုပ်နှောင်ခံရကာ ငရဲမီးတောက်တို့၏ နှိပ်စက်မှုကို ခံစားနေရသည်။
အတိတ်တုန်းက ကောင်းကင်နတ်ဧကရီသည် သားတော်ကို သတိရသော်လည်း တော်ဝင်မိသားစုအကြားရှိ သံယောဇဉ်မှာ ထိုမျှသာ ဖြစ်၏။ သားအမိသံယောဇဉ်မှာ ထိုမျှ ခိုင်မာမှု မရှိသောကြောင့် သူမ၏ တာအိုနှလုံးသားကို လှုပ်ကိုင်နိုင်ခြင်းမရှိခဲ့ပေ။
ယခု သူမ တာအိုရရှိပြီးသည့်အခါတွင်တော့ သားအမိသံယောဇဉ်မှာ ရုတ်တရက် ထိန်းချုပ်၍မရနိုင်လောက်အောင် ပြင်းထန်အားကောင်းလာခဲ့သည်။
နောက်ဆုံးတွင် သူမသည် ရှဲ့ဝူကျိဆီ ရောက်လာခဲ့၏။
ရှဲ့ဝူကျိသည် မြေပြင်တွင် ဒူးထောက်နေသည်။ သူ၏ခန္ဓာကိုယ်တွင် သံကြိုးများ ရစ်ပတ်နေပြီး သူ့တွင် လက်ရှစ်ဖက် ရှိ၏။ သူ၏လက်ရှစ်ဖက်လုံးမှာ သံကြိုးများဖြင့် နောက်သို့ ဆွဲယူချည်နှောင်ခံထားရပြီး မြေပြင်ပေါ်တွင် ဒူးထောက်နေရသည်။
ကောင်းကင်နတ်ဧကရီ၏ ခန္ဓာကိုယ်မှာ တုန်ရီနေရှာသည်။ သူမ လျှောက်သွားတော့မည့်အချိန်တွယ် လူငယ်တစ်ဦးက ရှဲ့ဝူကျိအနား ရောက်လာပြီး ပြုစုပေးနေကြောင်း တွေ့လိုက်ရသည်။
ရှဲ့ဝူကျိက ခေါင်းမော့ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများသည် ထိုလူငယ်အပေါ် အတော်လေး နူးညံ့ညင်သာနေသည်။
ကောင်းကင်နတ်ဧကရီမှာ မှင်သက်သွားသ်ည။ ထိုလူငယ်သည် အိမ်ရှေစံမင်းသားမင်ရ ဖြစ်ချေ၏။
ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ သားတော် အိမ်ရှေစံမင်းသားမင်ရပင်။
ကောင်းကင်နတ်ဧကရီ၏ မျက်နှာအမူအရာမှာ အတော်လေးထူးဆန်းနေသည်။ အိမ်ရှေစံမင်းသားမင်ရသည် ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ သားတော် ဖြစ်ကြောင်းကို အိမ်ရှေစံမင်းသားမင်ရမှ လွဲ၍ အားလုံး သိထားကြလေသည်။
အိမ်ရှေစံမင်းသားမင်ရသည် သူ့ကိုယ်သူ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် ထိုက်ချူ၏ သား ဖြစ်သည်ဟုသာ ထင်နေ၏။ သူ့ကိုယ်သူ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ညီတော်အဖြစ် သတ်မှတ်ထားခဲ့၏။ သူ၏ ‘ခမည်းတော်’ ထိုက်ချူသည် ကောင်းကင်နတ်ကရာဇ်ဟောင်ကြောင့် ဒဏ်ရာရခဲ့သည့်အခါ သူနှင့် ရှဲ့ဝူကျိက တစ်လှေတည်းစီးခဲ့သည်။ ညီအစ်ကိုဟု ထင်မှတ်ထားသောကြောင့် မင်ရကား ယိုတုကို ဝင်ရောက်၍ ရှဲ့ဝူကျိကို ကယ်တင်ခဲ့လေသည်။
ကောင်းကင်နတ်အရှင်ရုံက သူတို့ကို လွှတ်ပေးလိုက်ပြီး ထိုအချိန်မှ စ၍ ဤနေရာတွင် နေခဲ့ကြခြင်း ဖြစ်၏။
ကောင်းကင်နတ်ဧကရီက ရှေ့သို့ တက်လာသည်။ အိမ်ရှေစံမင်းသားမင်ရမှာ အံ့သြနေသော်လည်း သူမကို မတားဆီးပေ။ ထိုအစား တိတ်တဆိတ် နောက်ဆုတ်ပေးလိုက်သည်။
ကောင်းကင်နတ်ဧကရီက မီးတောက်များဖြင့် လောင်ကျွမ်းခံထားရသော ရှဲ့ဝူကျိ၏ မျက်နှာကို ကိုင်ကြည့်လိုက်သည်။ အတိတ်တုန်းက သူမတွင် မိခင်မေတ္တာဟူ၍ သိပ်မရှိခဲ့သော်လည်း ယခု တာအိုရရှိပြီးခဲ့သည့်အခါတွင်တော့ စိတ်ခံစားချက်များက အတော်လေးနုနယ်နေ၏။ သားအမိသံယောဇဉ်က သူမအတွက် ဖော်မပြနိုင်သော ခံစားချက်များစွာကို ထွက်ပေါ်လာစေခဲ့သည်။
ရှဲ့ဝူကျိက ခေါင်းမော့၍ သူမကို စိမ်းဝါးစွာ ကြည့်လိုက်သည်။ တခဏကြာပြီးနောက် သူ၏စိမ်း၀ါးသောအကြည့်မှာ နူးညံ့လာပြီး လည်ချောင်းထဲမှ ညည်းညူသော အသံတစ်ချက် ထုတ်လွှတ်လျက် သူမ၏လက်ဖဝါးတွင် သူ၏ ကြမ်းတမ်းနေသော မျက်နှာကို ပွတ်လိုက်သည်။
“အရှင်မ၊ ရှဲ့ဝူကျိဟာ ကံကြမ္မာမီးတောက်ထဲမှာ လောင်ကျွမ်းခံနေရတာ နှစ်တစ်သန်း ကြာခဲ့ပါပြီ… သူ့ရဲ့ ဝိညာဉ် ပျက်စီးတဲ့အထိ လောင်ကျွမ်းခံထားရတာဆိုတော့ သူ့ရဲ့စိတ်အစဉ်ကလည်း ကြည်လင်မှု မရှိတော့ပါဘူး”
ကောင်းကင်နတ်ဧကရီသည် ထိုအသံကို ကြားသည်နှင့် အလျင်အမြန် လှည့်ကြည့်လိုက်ရာ မြေအောက်ဘုံအရှင်သခင်အားချိုကို တွေ့လိုက်ရ၏။ အားချိုမှာ အလွန်တရာ အရုပ်ဆိုးလေသည်။
မြေအောက်ဘုံအရှင်သခင်အားချိုသည် အရုပ်ဆိုးလွန်းသဖြင့် လူရုပ်ပင် မထွက်ရှာပေ။ သို့သော် လူသားစစ် ဖြစ်နေချေပြီ။ မြေအောက်ဘုံအရှင်သခင်သည် လူသားအဖြစ် ပြန်လည်ဝင်စားခဲ့တုန်းက ဝင်ပူးခြင်းလမ်းစဉ်ကို မလျှောက်လှမ်းခဲ့ပေ။ ထိုအစား သာမန်အမျိုးသမီးတစ်ယောက်၏ ဝမ်းဗိုက်ထဲတွင် သန္ဓေယူကာ လများစွာ ကိုယ်ဝန်ဆောင်ပြီးမှ မွေးဖွားလာခဲ့သည်။
သို့သော် မြေအောက်ဘုံအရှင်သခင်၏ မူလဝိညာဉ်မှာ သန်မာအားကောင်းလွန်း၏။ သူ၏ပုံစံကို ပြောင်းလဲပြီး မြေအောက်ဘုံအရှင်သခင်၏ ရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်စေခဲ့သေးသည်။
“မြေအောက်ဘုံအရှင်သခင်၊ ကောင်းကင်နတ်အရှင်မူက ရှင့်ကို အသက်သွင်းပေးခဲ့သေးတာပဲ…”
ကောင်းကင်နတ်ဧကရီက တည်ငြိမ်စွာ ပြောသည်။ “ဒါပေမဲ့ ရှင်က ကျွန်မရဲ့ သားကို ယိုတုမှာ နှစ်တစ်သန်းကြာအောင် ဖိနှိပ်ထားခဲ့တယ်… သူ့ရဲ့ဝိညာဉ် မပြည့်စုံနိုင်တော့တဲ့အထိ လောင်ကျွမ်းစေခဲ့ပြီး စိတ်တောင် မမှန်တော့ဘူး… ကျွန်မရဲ့သားကို ထိခိုက်အောင် လုပ်ခဲ့ပြီးတာတောင် ကျွန်မရှေ့မှာ မျက်နှာလာပြရဲသေးတာလား”
အားချိုသည် ခေါင်းခါရမ်းလိုက်၏။ “ခင်ဗျားရဲ့ သားတော်ကို ထိခိုက်အောင် လုပ်ခဲ့တဲ့သူက ကောင်းကင်နတ်ဧကရာဇ်ဟောင်ပဲ… ဟောင်ရဲ့ ချောက်တွန်းမှုကြောင့် ထိုက်ချူဟာ ခင်ဗျားသားတော်ကို ကံကြွေးမီးတောက်ကျောက်ပြား တောအုပ်ထဲမှာ ချုပ်နှောင်ထားခဲ့တယ်… ကောင်းကင်နတ်ဧကရာဇ်ဟောင်က သူ လွတ်မြောက်လာမှာကို စိုးရိမ်ခဲ့တဲ့အတွက် ကောင်းကင်ယင်သားတော်ကို ယိုတုဆီ အကြိမ်ပေါင်းများစွာ စေလွှတ်ပြီး သူ့ရဲ့ မူလဝိညာဉ်ကို ကံကြမ္မာမီးတောက်နဲ့ လောင်ကျွမ်းစေခဲ့လို့ ဒီအခြေအနေ ရောက်စေခဲ့ရတာပဲ”
ကောင်းကင်နတ်ဧကရီက ဒေါသတကြီး နှာမှုတ်လိုက်သည်။
မြေအောက်ဘုံအရှင်သခင်အားချိုက ပြော၏။ “အရှင်မ၊ ကောင်းကင်ယင်သားတော် သေသွားပြီ… ခင်ဗျားမှာ ရန်သူနှစ်ယောက်ပဲရှိ တော့တယ်… သူတို့က ကောင်းကင်နတ်ဧကရာဇ်ဟောင်နဲ့ ထိုက်ချူပဲ”
ကောင်းကင်နတ်ဧကရီသည် ရှဲ့ဝူကျိကို ကြည့်လျက် ပြောသည်။ “ကျွန်မ သူ့ကို ခေါ်သွားချင်တယ်… ကျွန်မမှာ ဘဝပြန်ဝင်စားခြင်းတာအို ရှိတယ်… သူ ဘဝပြန်ဝင်စားပြီး ကျန်ရှိတဲ့ ဝိညာဉ် သက်သာလာအောင် လုပ်ပေးနိုင်တယ်”
မြေအောက်ဘုံအရှင်သခင်အားချိုက မနေနိုင်သဖြင့် ဝင်ပြော၏။ “သူ ဘဝပြန်ဝင်စားရင်တောင်မှ အရင်တုန်းက သူ မဟုတ်တော့မှာကို အရှင်မ သိမှာပါ… ဘဝပြန်ဝင်စားပြီးတဲ့အခါမှာ ရှဲ့ဝူကျိက အရှင်မရဲ့ သားတော် မဟုတ်တော့ဘူး”
ကောင်းကင်နတ်ဧကရီက ခပ်ရွဲ့ရွဲ့ တုံပြန်သည်။ “ထိုက်ချူ လက်သပ်မွေးလာခဲ့တဲ့ ကောင်းကင်နတ်အရှင်ရှုကရော ရှင့်သမီးလား…. မြေအောက်ဘုံအရှင်သခင် ရှင်က ဆန္ဒသိပ်များတာပဲ”
သူမ တစ်ချက်မျှ လက်လွှဲရမ်းလိုက်ရာ သံကြိုးအားလုံး ပြတ်တောက်သွားသည်။ ရှဲ့ဝူကျိက လန့်ဖြတ်သွားသော မျက်နှာအမူအရာဖြင့် သံကြိုးများကို ပြန်ကောက်ကာ သူ၏ ခန္ဓာကိုယ်တွင် ရစ်ပတ်စေလိုက်သည်။ သူသည် သံကြိုးများဖြင့် နှင့်တစ်သန်းနီးပါး ချုပ်နှောင်ခံခဲ့ရ၏။ ရုတ်တရက် သံကြိုးများ မရှိတော့သည့်အခါတွင် အားပြုစရာအရာ မရှိတော့သည့်အလားပင်။
ကောင်းကင်နတ်ဧကရီသည် အိမ်ရှေစံမင်းသားမင်ရကို နူးညံ့ကြင်နာစွာ ကြည့်၍ ဆို၏။ “အိမ်ရှေ့စံမင်းသားမင်ရ၊ ကျွန်မ သူ့ကိုလည်း ခေါ်သွားချင်တယ်”
မြေအောက်ဘုံအရှင်သခင်အားချိုမှာ တခဏ တုံ့ဆိုင်းနေ၏။
ကောင်းကင်နတ်ဧကရီက နှာခေါင်းရှုံ့လိုက်ပြီး ပြောသည်။ “မြေအောက်ဘုံအရှင်သခင်အားချို၊ ရှင် ဒီအခြေအနေအထိ ရောက်နေတာက ရှင့်ရဲ့ နတ်ဘုရားစိတ်ဟာ အားနည်းလွန်းပြီး လူသားစိတ်တွေ များနေလို့ပဲ”
မြေအောက်ဘုံအရှင်သခင်က မည်သည့်စကားမှ မပြောတော့ပေ။
ကောင်းကင်နတ်ဧကရီ အင်္ကျီလက်စကို ခါလိုက်ရာ အိမ်ရှေစံမင်းသားမင်ရမှာ သူမဘေးသို့ ရောက်လာရ၏။ ကောင်းကင်နတ်ဧကရီက အိမ်ရှေစံမင်းသားမင်ရနှင့် ရှဲ့ဝူကျိတို့ကို ခေါ်ကာ ကံကြမ္မာမီးတောက်နယ်မြေထဲမှ ထွက်ခွာသွားတော့သည်။
မြေအောက်ဘုံအရှင်သခင်အားချိုက သူတို့ကို မတားဆီးဘဲ ထွက်ခွာခွင့် ပေးလိုက်လေသည်။
ကောင်းကင်နတ်ဧကရီသည် ထိုက်ဧကရာဇ်ကောင်းကင်ဘုံအား ဖြတ်သန်းထွက်ခွာတော့မည့်အချိန်တွင် ရုတ်တရက် အရှိန်လျော့ကာ ရပ်တန့်လိုက်၏။ သူမ၏အရှေ့တွင် အရပ်ရှည်ရှည် လူရိပ်တစ်ခုသည် သူမကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့သည့်အလား ကျောပေးလျက် ရပ်နေသည်။
လူရိပ်မှာ လူငယ်တစ်ဦးနှင့် တူသော်လည်း သူ၏ နားထင်များကတော့ ဖြူနေ၏။ သူသည် အခက်အခဲ ဘေးဒုက္ခများစွာကို ကျော်ဖြတ်ခဲ့ရသည်မှာ သိသာသည်။
ကောင်းကင်နတ်ဧကရီက အိမ်ရှေစံမင်းသားမင်ရနှင့် ရှဲ့ဝူကျိတို့ကို ရပ်တန့်စေလိုက်ပြီး ရှေ့သို့လျှောက်သွားသည်။
“ကောင်းကင်နတ်အရှင်မူ၊ ငါ့ကို တားဖို့ ရောက်လာတာလား”
ထိုလူရိပ်က လှည့်ကြည့်လာသည်။ ထိုသူမှာ ချင်မူပင်ဖြစ်၏။ သူက ပြုံးလျက် ဖြေသည်။ “ကောင်းကင်နတ်ဧကရီက ကျွန်တော် ကောင်းကင်နတ်ဘုံနဲ့ ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို အနိုင်ယူနိုင်အောင် ကူညီပေးခဲ့တာပဲဟာ…. ဘာလို့ တားဆီးရမှာလဲ’’
ကောင်းကင်နတ်ဧကရီက မှင်သေသေ တုံ့ပြန်၏။ “တစ်ခါ ကောင်းကင်နတ်အရှင်ဆယ်ပါး ဖြစ်ဖူးရင် တစ်သက်လုံး ကောင်းကင်နတ်အရှင်ဆယ်ပါးပဲ… ငါ့ရဲ့ မိသားစုအရေးကိစ္စတွေကြောင့် ကောင်းကင်နတ်ဘုံရဲ့ အခြေအနေကို ထိခိုက်စေမှာ မဟုတ်ဘူး… ငါ့ရဲ့ အကျိုးအမြတ်တွေ အကုန်လုံးက ကောင်းကင်နတ်ဘုံမှာပဲ… ကောင်းကင်နတ်ဧကရာဇ်ဟောင် ရွှင်ပျော်ပျော်ကျေးရွာနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဖျက်ဆီးတာဟာ သူ့ရဲ့ စိတ်ဆန္ဒ ဖြစ်သလို ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ စိတ်ဆန္ဒလည်း ဖြစ်တယ်…. ငါ့ကို အညံ့ခံအောင် နားချဖို့ ရောက်လာတာဆိုရင် ကျေးဇူးပြုပြီး ဘာမှမပြောပါနဲ့တော့…”