သခင်လေးနှစ် ရောက်လာပြီ
Vol. 130 Ch. 1684
“ငါ တာအိုရထားတာလား”
သခင်မယွမ်မုသည် အတော်လေး ၀မ်းမြောက်နေ၏။ သူမက မျက်လုံးဝေ့လိုက်ပြီး အင်္ကျီလက်စကို ခါလိုက်ရာ အသူရာချောက်နက်တစ်ခု ထွက်ပေါ်လာသည်။ မင်းသားမင်ရနှင့် ရှဲ့ဝူကျိတို့က ထိုထဲမှ လိမ့်ထွက်လာကြသည်။
သခင်မယွမ်မုက မျက်တောင် တဖျတ်ဖျတ် ပုတ်ခတ်လျက် သူတို့ကို စိတ်၀င်တစား ကြည့်နေ၏။
မင်းသားမင်ရ၏ နှလုံးသားမှာ အေးစိမ့်သွားတော့သည်။ လက်ရှိ ကောင်းကင်နတ်ဧကရီမှာ ယခင် ကောင်းကင်နတ်ဧကရီနှင့် မတူတော့သယောင်ပင်။
သခင်မယွမ်မုက တခစ်ခစ် ရယ်လိုက်ပြီးနောက် ပြောသည်။ “သားအဖအချင်းချင်း သတ်ကြ… ညီအစ်ကိုအချင်းချင်း သတ်ကြနဲ့နော်…. စိတ်၀င်စားစရာပဲ… ဒါပေမဲ့ ထိုက်ချူနဲ့ ဟောင်အာ နင်တို့ကို မှတ်မိသွားလို့မဖြစ်ဘူး”
သူမက ဘ၀ပြန်၀င်စားခြင်းကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်ရာ မင်းသားမင်ရနှင့် ရှဲ့ဝူကျိတို့၏ ပုံပန်းသွင်ပြင်များ ချက်ချင်း ပြောင်းလဲသွားကြ၏။ မင်းသားမင်ရက ချောမောခံ့ညားသည့် လူငယ်တပ်မှူးတစ်ယောက် ဖြစ်လာပြီး ရှဲ့ဝူကျိကတော့ စကားနည်းသည့် ဗလတောင့်တောင့် ထောင်ထောင်မောင်းမောင်း လူထွားကြီးတစ်ယောက် ဖြစ်လာသည်။
သခင်မယွမ်မုမှာ ပြောပြ၍မတတ်အောင် စိတ်လှုပ်ရှားနေပြီး သူတို့နှစ်ယောက်ကို ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ အရှေ့သို့ ဆွဲခေါ်သွား၍ သူ မှတ်မိခြင်းရှိ၊ မရှိ စမ်းသပ်ချင်နေသည်။
ထိုစဉ် သူမသည် ကြက်သေသေသွားပြီး မူးဝေလာ၏။ သူမ၏အသိစိတ်တစ်ခုလုံး ဗလာကျင်းသွားချေပြီ။
တခဏကြာသော် သခင်မယွမ်မု ပြန်လည်အသိစိတ်၀င်လာသည်။ ယခုလေးတင် ဖြစ်ပျက်ခဲ့သည့်အရာများကို မမှတ်မိချေ။
“အဲ့ဒီအပျက်မ ထွက်လာတာလား”
သူမ ထိတ်လန့်တုန်လှုပ်သွားမိသည်။ သို့သော် သူမသည် သခင်မယွမ်မုအစစ် မဟုတ်သည်ကိုတော့ မသိချေ။ ထိုအစား ချင်မူ ဘ၀ပြန်၀င်စားခြင်းလမ်းစဉ်ဖြင့် ဖန်တီးထားသော အသိစိတ်အလျဉ်တစ်ခုသာ ဖြစ်သည်။
သူမ တစ်ခဏ စိတ်လွတ်သွားခဲ့ရသည့် အကြောင်းအရင်းမှာ ချင်မူ ဘ၀ပြန်၀င်စားခြင်းလမ်းစဉ်ကို အသက်သွင်းခဲ့စဉ်တုန်းက ကောင်းကင်နတ်ဧကရီက ခုခံခဲ့ခြင်းကြောင့် လမ်းစဉ်မှာ မပြည့်မစုံ ဖြစ်သွားခဲ့ရသည့်အတွက်ပင်။
“အဆုံးသတ်မြို့ပျက်ကြေးမုံကို ဘယ်လိုကျင့်ကြံရမလဲ ဟောင်အာ သိလား…”
သခင်မယွမ်မုက သူမ စိတ်လွတ်သွားခဲ့သည့် အကြောင်းကို စိတ်ထဲမှ ခဏ ဖယ်ထုတ်ထားလိုက်ပြီး စိတ်လှုပ်ရှားလွန်းသောကြောင့် ရွစိထိုးလာတော့၏။ တစ်လောကလုံး ကဗြောင်းကဗြန် မဖြစ်မည်ကိုပင် စိုးရိမ်နေသည်။ “ဒါဆိုရင် သခင်လေးနှစ် ထွက်လာမှာလား…. သူ ထွက်လာရင် ပိုပြီး စိတ်လှုပ်ရှားစရာကောင်းမှာပဲ…”
မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံထဲတွင် ချင်မူနှင့် ကောင်းကင်နတ်အရှင်ယွင်တို့ တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်လျက် ထိုင်နေကြသည်။
တခဏကြာသော် ချင်မူက ပြော၏။ “ကောင်းကင်နတ်ဧကရာဇ်ဟောင်ရဲ့ အကျင့်စရိုက်က မယုံသင်္ကာ ဖြစ်တတ်တဲ့သူဆိုပေမယ့် သူက ကျွန်တော့်အောက် နိမ့်ကျနေမှန်း သိလို့ အဆုံးသတ်မြို့ပျက်ကြေးမုံကို တောင့်မခံနိုင်ဘဲ ကျင့်ကြံမှာပဲ… သူရဲ့ အာဏာကို ထိန်းသိမ်းထားနိုင်ဖို့ သူ ဘာပဲဖြစ်ဖြစ် ကြိုးစားကြည့်ရလိမ့်မယ်…. အဲဒီလို ကြိုးစားကြည့်သရွေ့ သခင်လေးနှစ် ၀င်ပူးတာ ခံရလိမ့်မယ်…’’
ကောင်းကင်နတ်အရှင်ယွင်သည် ဖြစ်ကြောင်းကုန်စင်ကို ကြားပြီးလျှင် မျက်မှောင်ကြုတ်မိသွားသည်။ “သခင်လေးနှစ်က ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတာလဲ…”
“ကောင်းကင်နတ်ဧကရီကို ကျွန်တော် အခုလေးတင် တွေ့ခဲ့တာ…. ကျွန်တော့်လက်ရှိ စွမ်းဆောင်ရည်တွေနဲ့ သူ့ကို မသတ်နိုင်ဘူး…. သူ့မဟာတာအို အရှိန်အဝါတစ်ခုတည်းနဲ့တောင် ထိုက်ဧကရာဇ်ကောင်းကင်ဘုံလို ကောင်းကင်ဘုံတွေကို ပုံပျက်သွားစေနိုင်တယ်… သူက ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို နှစ်ခြမ်း ကွဲသွားစေနိုင်တယ်’’
ချင်မူက ဆက်ပြောသည်။ “သခင်လေးနှစ် သယ်ဆောင်လာနိုင်တဲ့ စွမ်းအားက ကောင်းကင်နတ်ဧကရီထက် အများကြီးပိုအားကောင်းတာ မဟုတ်ပေမယ့် သူ့ရဲ့ အဆုံးသတ်မြို့ပျက်လမ်းစဉ်အပေါ် သိမြင်နားလည်မှုက အများကြီး ပိုနက်နဲတဲ့အတွက် ရင်ဆိုင်နိုင်ဖို့ ပိုခက်ခဲတယ်”
ကောင်းကင်နတ်အရှင်ယွင်၏ မျက်ဝန်းများ တောက်ပလာသည်။ “ငါ ကောင်းကင်နတ်ဧကရီ ဘယ်လောက်အားကောင်းလဲဆိုတာ မသိပေမယ့် ကောင်းကင်နတ်ဧကရာဇ်ဟောင်နဲ့ ထိုက်ချူတို့ ဘယ်လောက်သန်မာလဲဆိုတာ သိတယ်… ညီတော်မူ၊ မင်း အခု ဘယ်လောက်အထိ သန်မာအားကောင်းနေပြီလဲ ငါ သိချင်မိတယ်”
ချင်မူ ထိုနေရာတွင် မလှုပ်မယှက်ထိုင်နေသည်။ “နောင်တော်က ကျွန်တော့်ရဲ့ စွမ်းဆောင်နိုင်စွမ်းအပေါ် အခြေခံပြီး ကောင်းကင်နတ်ဧကရီရဲ့ စွမ်းဆောင်နိုင်စွမ်းကို မှန်းဆချင်တာပဲ…. အဲဒီနောက်မှာတော့ ကောင်းကင်နတ်ဧကရာဇ်ဟောင်ရဲ့ ခန္ဓာကိုယ်တစ်ဝက်ကို ဝင်ပူးမယ့် သခင်လေးနှစ်ရဲ့ စွမ်းဆောင်ရည်ကို မှန်းဆချင်တာမလား”
ကောင်းကင်နတ်အရှင်ယွင်က ခေါင်းညိတ်ပြီး ထရပ်သည်။ သူက လက်ကို ဆန့်တန်းလိုက်ရာ ထိုက်ချူဧကရာဇ်ဓားက ပျံသန်းလျက် သူ၏လက်ထဲ ရောက်ရှိလာ၏။
ချင်မူက ထိုနေရာတွင် ထိုင်လျက် သူ့လက်ထဲရှိ ထိုက်ချူဧကရာဇ်ဓားကို စိုက်ကြည့်နေသည်။
ထိုက်ချူဧကရာဇ်ဓားမှာ ထိုက်ချူ၏ အထွတ်အမြတ်ရတနာတစ်ပါး ဖြစ်ပြီး ကောင်းကင်နတ်အရှင်ယွင်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ခဲ့ရသည်။ ကောင်းကင်နတ်အရှင်ယွင်က အသက်ပြန်ဝင်လာပြီးနောက် ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် ခိုင်ဧကရာဇ်၏ ဓားသိုင်းကွက်များနှင့် လမ်းစဉ်များကို လေ့လာကာ ဤဓား၏ စွမ်းအားကို ထုတ်လွှတ်ခဲ့၏။ ယခုတွင် သူသည် ဓားတာအို၌ အင်အားကြီးမားသော ဓားပညာရှင်တစ်ယောက် ဖြစ်နေလေပြီ။
ဓားကိုင်ထားသည့် သူ၏ ပုံပန်းသွင်ပြင်မှာ ယခင်တုန်းက ခိုင်ဧကရာဇ်နှင့်ပင် တူနေသည်။
ကောင်းကင်နတ်အရှင်ယွင်က ရှေ့သို့ခြေတစ်လှမ်း တက်၍ ထိုက်ချူဧကရာဇ်ဓားကို အသက်သွင်းလိုက်သည်။
သူ၏ မျက်ခုံးနှစ်ဖက်ကြားရှိ ထိုက်ချူမူလကျောက်တုံးက ထွန်းလင်းတောက်ပလာ၏။ ဒေါင်ခနဲ အသံတစ်ချက်နှင့်အတူ ထိုက်ချူဧကရာဇ်ဓားပေါ်သို့ အလင်းတန်းများ ဖြာကျလာသည်။
ထိုက်ချူဧကရာဇ်ဓားထဲရှိ ထိုက်ချူတာအိုစွမ်းအားမှာ တဖြည်းဖြည်း တိုးတက်လာ၏။ ထိုက်ချူမူလကျောက်တုံးဖြင့်ဆိုလျှင် ထိုက်ချူဧကရာဇ်ဓားကို ထိန်းချုပ်နိုင်သည်။ ယခင်တုန်းက မဟာဧကရာဇ်သည် ထိုက်ချူဧကရာဇ်ဓားနှင့် ထိုက်ချူမူလကျောက်တုံးတို့ကို ပိုင်ဆိုင်ခဲ့သောကြောင့် ထိုက်ချူမှာ သူ့ထံတွင် အညံ့ခံကာ မွေးစားသား ဖြစ်လာခဲ့ရ၏။
ကောင်းကင်နတ်အရှင်ယွင်ကလည်း ထိုက်ချူဧကရာဇ်ဓားကို အသုံးပြုလျက် တစ်ချိန်တည်းမှာပင် ဓားလမ်းစဉ်ကို အသက်သွင်းလိုက်သည်။ သူ၏အနောက်ရှိ အသိစိတ်အလျဉ်တာအိုသစ်သီးက လှည့်ပတ်လာပြီး အသိစိတ်အလျဉ်နယ်ပယ်၏ အလွှာ ၃၀ က တစ်ခုနှင့်တစ်ခု ထပ်သွားတော့သည်။
သူ၏ကျင့်စဉ်ကား တခြားကျင့်စဉ်၏ အာဟာရများကို စုပ်ယူရာတွင်ကောင်းမွန်သည့် ခရမ်းနတ်ဘုံကောင်းကင်ပြာကျင့်စဉ် ဖြစ်သည်။ ခရမ်းရောင်ချီတို့က ကောင်းကင်တွင် ပြည့်နှက်လျက် သူ့အနောက်တွင် နေရာယူထား၏။
ဤဓား၏ သိုင်းကွက်အသွင်ပြောင်းလဲမှုကား မထင်မှတ်ထားဖွယ်ကောင်းစွာ စွမ်းအားကြီးနေသည်။
ကောင်းကင်နတ်အရှင်ယွင်သည် ထိုက်ချူနှင့် နှစ်ကြိမ်တိတိ တိုက်ခိုက်ခဲ့ပြီးပြီ မဟုတ်လော။ ပထမတစ်ခါတွင် ထိုက်ချူကို မယှဥ်နိုင်သော်လည်း ဒုတိယတစ်ခါတွင်တော့ ထိုက်ချူနှင့် လက်ရည်တူခဲ့သည်။ ထိုက်ချူ သတိလက်လွတ်ဖြစ်နေသည့်အချိန်၌ ထိုက်ချူမူလကျောက်တုံးကိုပင် လုယူခဲ့လေသည်။
ကောင်းကင်နတ်အရှင်ယွင်ကားတဖြည်းဖြည်း ပိုပို၍သန်မာလာခဲ့ချေပြီ။ ဤတစ်ကြိမ်တွင် သူသည် ချင်မူ့စွမ်းဆောင်ရည်များကို စမ်းသပ်ရန်အတွက် အစစ်အမှန် တာအိုသိုင်းပညာရှင်တစ်ဦး၏ အတိုက်အခိုက်စွမ်းအားများကိုပင် ထုတ်ပြထားသေး၏။
သူသည် နဂါးဟန်ခေတ်တွင် ကျင့်ကြံခြင်းပါရမီအမြင့်ဆုံး ပုဂ္ဂိုလ်ဟုလည်း ဆိုနိုင်သည်။ ချင်မူနှင့် ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်အရှင်ယွီကိုယ်စား ကောင်းကင်နတ်သိုင်းများ လွှဲပြောင်းပေးခဲ့ကြသော်လည်း ကောင်းကင်နန်းဆောင်နှင့် ကောင်းကင်နတ်ဘုံကျင့်စဉ်စနစ်ကိုသာ အတည်ပြုပေးခဲ့ကြ၏။ အဆင့်တစ်ဆင့်စီတိုင်းကို မည်သို့ကျင့်ကြံရမည်လဲကတော့ မည်သူမှ မသိခဲ့ကြချေ။
အားလုံးစတင်ရသည့် နေရာက အတူတူဖြစ်ခဲ့ပြီး ကောင်းကင်နတ်အရှင်ယွင်က ဧကရာဇ်ပလ္လင်အဆင့်ကို ပထမဦးဆုံး စူးစမ်းလေ့လာခဲ့သူ ဖြစ်ခဲ့သည်။ ဧကရာဇ်ပလ္လင်အဆင့်အထိ ပထမဦးဆုံးကျင့်ကြံနိုင်ခဲ့သူမှာလည်း သူသာ ဖြစ်၏။
သူ၏ဓားတွင် စကားလုံးများဖြင့် ဖော်ပြမရနိုင်သော ဆန်းကြယ်လေးနက်မှုများဖြင့် ပြည့်နှက်နေလေသည်။
သို့သော် သူ့ဓား ချင်မူ့အရှေ့သို့ ရောက်လာသည့်အခါတွင်တော့ ချင်မူ့လက်ချောင်းဖြင့် တွေ့ဆုံသွား၏။
ဤလက်ချောင်းက ကမ္ဘာဦးဖရိုဖရဲလက်ချောင်း ဖြစ်သည်။ ၎င်းက ကမ္ဘာဦးဖရိုဖရဲချီစွမ်းအင်ကို အသုံးပြု၍ ရှုပ်ထွေးသော သင်္ကေတများကို ဖန်တီးလျက် ထိုက်ငါးပါးတာအိုနှင့် ကောင်းကင်၏ လမ်းစဉ်တစ်သောင်းအဖြစ် ပြောင်းလဲစေသည်။
ဤလက်ချောင်းသည် စကြ၀ဠာ မွေးဖွားလာသကဲ့သို့ ထိုက်ငါးပါးတာအိုဆင်ကဲပြောင်းလဲမှုများကို ချက်ချင်း တွေ့ကြုံခံစားပြီး ကောင်းကင်နှင့် မြေကြီး၏ လမ်းစဉ်တစ်သောင်းကို မွေးထုတ်ပေးလိုက်၏။
အတိတ်တုန်းက ချင်မူ့လက်ချောင်းတွင် မည်သည့်ပြောင်းလဲမှုမှ မရှိခဲ့ပေ။ မီလော့နန်းတော်၏ နံရံများမှ တာအိုအမှတ်အသားများကိုသာ တုပခဲ့ခြင်းဖြစ်သည်။ ကောင်းကင်နတ်အရှင်လင် သူ့အား နှစ်လေးသောင်းကြာ သိမြင်နားလည်ခဲ့သမျှကို လွှဲပြောင်းခဲ့သည့်အခါတွင်တော့ သိမြင်နားလည်နိုင်ခဲ့ခြင်း ဖြစ်သည်။
သူ့လက်ချောင်းမှ ထွက်ပေါ်လာသည့်အသံမှာ လေခွင်းခံလိုက်ရသည့်အသံ မဟုတ်တော့ပေ။ ထိုအစား ခေါင်းလောင်းသံတစ်သံ ဖြစ်သည်။ ဒေါင်ခနဲ မြည်သံနှင့်အတူ ကောင်းကင်နတ်အရှင်ယွင်၏ ခြေလှမ်းများမှာ ကယောက်ကယက် ရှုပ်ထွေးလာပြီး ဤတိုက်ကွက်၏ စွမ်းအားကို လွင့်ပြယ်စေရန်အတွက် အဆက်မပြတ် နောက်ဆုတ်နေရ၏။
ချင်မူက လက်မြှောက်၍ သူ၏လက်ချောင်းကို ကြည့်လိုက်ရာ လက်ချောင်းထိပ်တွင် အနီစက်လေးတစ်စက်ကိုသာ တွေ့မြင်ရသည်။
ထိုက်ချူဧကရာဇ်ဓား၏ စွမ်းအားက ပြိုင်ဘက်ကင်းနေဆဲဖြစ်ပြီး ကောင်းကင်နတ်အရှင်ယွင်၏ ဓားသည် သူ၏ ကမ္ဘာဦးဖရိုဖရဲလက်ချောင်းကို ဖောက်ထွက်ကာ လက်ချောင်းထိပ်အထိ ထိုးစိုက်နိုင်ခဲ့၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် ကောင်းကင်နတ်ဘုံတို့အကြားရှိ ညှိနှိုင်းဆွေးနွေးမှုများ ပြိုလဲခဲ့ရသည့်အခါတွင် ချင်မူက ဘိုးဘေးနန်းတော်မှ ပြန်လာခဲ့ပြီး ထိုက်ချူ၏ တားဆီးခြင်း ခံခဲ့ရသည်။ နှစ်ဖက်လုံးသည် ထိုက်ချူ၏ မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံတွင် တိုက်ခိုက်ခဲ့ကြပြီး နောက်ဆုံးတွင် ချင်မူမှာ မီလော့နန်းတော် သခင်လေးသုံး၏ ထောင်ချောက်ထဲသို့ ကျရောက်ခဲ့ရလေသည်။ သခင်လေးသုံးက သူ၏အားနည်းချက်ကို အခွင့်ကောင်းယူကာ ကမ္ဘာဦးဖရိုဖရဲတာအိုအပြောင်းအလဲများ ကိန်းဝပ်နေသော မဟာကောင်းကင်နတ်သိုင်းတစ်ခု ဖန်တီးခဲ့သည်။ ပလ္လင်ခန်းမအရှင်သခင် ၂၄ ဦး၏ အင်အားဖြင့် အသက်သွင်းထားသော ကောင်းကင်နတ်သိုင်းက ချင်မူ့ကို ကမ္ဘာဦးဖရိုဖရဲအခြေအနေသို့ ရောက်သွားစေခဲ့၏။
ကမ္ဘာဦးဖရိုဖရဲအခြေအနေမှ ချိုးဖောက်ထွက်ခွာနိုင်ရန် ချင်မူမှာ လန်ယွီတျန်း၏ လမ်းပြမှုအားလိုက်နာခဲ့ပြီး ကမ္ဘာဦးဖရိုဖရဲခန္ဓာကိုယ်ကို ကျင့်ကြံကာ ကမ္ဘာဦးဖရိုဖရဲမူလဝိညာဉ်ကို သန့်စင်ခဲ့သည်။ သူသည် အထွတ်အထိပ် မှော်စွမ်းအင်သို့ ရောက်ရန် ဝေးကွာနေသေးသော်လည်း သူ၏ရုပ်ခန္ဓာ မာကြောမှုက အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလေသည်။
သူ၏ရုပ်ခန္ဓာသည် သမိုင်းကြောင်းတလျှောက် အသန်မာဆုံးဟု ပြော၍ ရနိုင်၏။ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ ရုပ်ခန္ဓာထက် များစွာသန်မာသော်လည်း ကောင်းကင်နတ်အရှင်ယွင်၏ ဓားသည် သူ့ရုပ်ခန္ဓာ၏ ခုခံမှုကို ချိုးဖျက်နိုင်ခဲ့သည်။ အမှန်တကယ် အင်အားကြီးပေသည်။
ကောင်းကင်နတ်အရှင်ယွင်၏ ခြေလှမ်းများ ယိမ်းယိုင်သွားပြီး ထိုက်ချူဧကရာဇ်ဓားက ကြက်ခြေခတ်လျက် ရောယှက်ကာ ချင်မူ့ပတ်ပတ်လည်တွင် အပေါ်အောက် ပျံသန်းသွားသည်။ အထွတ်အထိပ်ဓားသိုင်းကွက်အားလုံး အသက်သွင်းခံလိုက်ရ၏။
ချင်မူက ထိုင်နေဆဲဖြစ်ပြီး မလှုပ်ရှားချေ။ သူ့လက်များက သူ၏ အရှေ့နှင့် အနောက်တွင် ပေါ်လာကာ ကောင်းကင်နတ်သိုင်းမျိုးစုံက ပေါက်ကွဲထွက်လာ၏။ တစ်ခါတစ်ရံတွင် ကျောက်တုံးတွင်းငါးတွင်းအဖြစ် ပြောင်းလဲသွားပြီး တစ်ခါတစ်ရံတွင်တော့ သူ့လက်ချောင်းများကို ကပ်ဘေးခွင်းဓားသဖွယ် ထုတ်ဖော်တတ်သည်။
အခြားအချိန်များတွင်တော့ တျန်းတုလောကဖန်ဆင်းဓားအဖြစ် ပြောင်းလဲတတ်ပြီး ကျန်သည့်အချိန်တွင်တော့ ကမ္ဘာဦးဖရိုဖရဲကောင်းကင်နတ်သိုင်းများကို အသက်သွင်းလျက် တိုက်ကွက်အားလုံးကို ခုခံကာကွယ်နေ၏။
ကောင်းကင်နတ်အရှင်ယွင်မှာ ပိုပို၍ နောက်သို့ တွန်းထုတ်ခံနေရသည်။ ထိုက်ချူဓား၏ စွမ်းအားက ချင်မူ့ကောင်းကင်နတ်သိုင်းများကို ဖြတ်ကျော်ကာ ချင်မူ့ခန္ဓာကိုယ်ကို ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ပေ။
ရုတ်တရက် ကောင်းကင်နတ်အရှင်ယွင်က သံရှည်ဆွဲလျက် ဟိန်းဟောက်လိုက်ပြီး ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်သည်။ သူ့ခေါင်းပေါ်ရှိ မူလချီတို့က ကောင်းကင်သို့ ထိုးတက်သွားပြီး သူ၏ မျက်ခုံးနှစ်ဖက်ကြားရှိ ထိုက်ချူမူလကျောက်တုံးက ပို၍ထွန်းလင်းတောက်ပလာ၏။ သူက ကမ္ဘာဦးကျောက်တုံးကို အသုံးပြု၍ တာအိုသစ်ပင်နှင့် တာအိုသစ်သီးကို ရွေ့လျားက မူလချီနှင့် အသိစိတ်အလျဉ်တာအိုတို့အား ပေါင်းစည်း၍ ကမ္ဘာဦးမဟာကောင်းကင်နတ်သိုင်းတစ်ခုအဖြစ် ပြောင်းလဲရန် ကြိုးစားနေသည်။
သူ၏ပါရမီမှာ အမှန်တကယ်ပင် ပြောင်မြောက်ပေသည်။ အသက်ပြန်ဝင်လာပြီးနောက် ကောင်းကင်နတ်အရှင်ယွင်ကား ကမ္ဘာဦးချီလမ်းစဉ်ကို စတင်သိမြင်နားလည်ကာ အောင်မြင်မှုအချို့ပင် ရရှိခဲ့ပြီဖြစ်သည်။
သူလျှောက်လှမ်းသည့် လမ်းစဉ်က ချင်မူ၊ ထိုက်ချူနှင့် ကောင်းကင်နတ်ဧကရာဇ်ဟောင်တို့နှင့် ကွဲပြား၏။ သူက တစ်ချိန်တည်းမှာပင် လမ်းစဉ်နှစ်ခုကို လျှောက်လှမ်းနေသည်။ မဟာဧကရာဇ်၏ တာအိုသစ်သီးကို သန့်စင်ရန် အသိစိတ်အလျဉ်လမ်းစဉ်ကို ကျင့်ကြံနေသည့်အပြင် မွေးရာပါမူလချီကိုလည်း ကျင့်ကြံနေ၏။ မဟာခြုံလွှမ်းကောင်းကင်ဘုံနှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းကျင့်ကြံကာ ထိုက်ချူဉာဏ်အလင်းပွင့်သော အဆင့်အထိ ရောက်ချင်နေသည်။
သူ၏ ထိုက်ချူကောင်းကင်နတ်သိုင်းများကလည်း ပြိုင်ဘက်ကင်းအောင် ထူးကဲပြီး ရှေးဟောင်းနတ်ဘုရားထိုက်ချူနှင့် တန်းတူရင်ဆိုင်နိုင်မည့် အရိပ်အယောင် ရှိ၏။
သူ၏ ထိုက်ချူကောင်းကင်နတ်သိုင်းများ ချင်မူ့ထံ ကျရောက်လာသည့်အချိန်တွင် ချင်မူက ညာလက်ကို မြှောက်၍ လက်ချောင်းငါးချောင်း ဖြန့်လိုက်သည်။ ချက်ချင်းဆိုသလို အသူရာချောက်နက် အရွယ်အစားမျိုးစုံက သူ၏ပတ်ပတ်လည်တွင် ဖွဲ့တည်လာပြီး ကောင်းကင်နတ်သိုင်းအားလုံးကို ဝါးမြိုလိုက်လေရာ မည်သည့်စွမ်းအားမှ မကျန်ရစ်တော့ပေ။
ကောင်းကင်နတ်အရှင်ယွင်မှာ မယုံနိုင်သော မျက်နှာအမူအရာဖြင့် သိုင်းကွက်များကို ရုတ်သိမ်းလိုက်သည်။
ချင်မူ့ပတ်ပတ်လည်ရှိ အသူရာချောက်နက်အရွယ်အစားမျိုးစုံလည်း ပျောက်ကွယ်သွားပြီး သူ၏ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကို ခြိမ်းခြောက်မနေတော့ပေ။
ကောင်းကင်နတ်အရှင်ယွင်မှာ ထိုက်ချူဧကရာဇ်ဓားကို တာအိုသစ်ပင်တွင် ချိတ်ဆွဲပြီးနောက် ရှေ့သို့ တက်လာရင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “သခင်လေးနှစ်သာ မင်းအတိုင်း အစွမ်းထက်ရင် မန္တန်အားလုံးကို ရင်ဆိုင်နိုင်ပြီး ဘယ်ကောင်းကင်နတ်သိုင်းကမှ သူ့ကို မထိခိုက်စေနိုင်တဲ့အဓိပ္ပာယ်ပဲ… သူ့ကို ထိခိုက်အောင် လုပ်ချင်ရင် အနီးကပ်တိုက်ခိုက်မှပဲ ရလိမ့်မယ်”
ချင်မူက ခေါင်းရမ်းလိုက်သည်။ “သူက သူ့ကိုယ်သူ အဆုံးသတ်မြို့ပျက်လမ်းစဉ်မှာ မြှုပ်နှံထားတာဆိုတော့ သူ့ရဲ့အောင်မြင်မှုတွေက ကျွန်တော့်ထက် သာတယ်… ဒါ့အပြင် အဆုံးသတ်မြို့ပျက်လမ်းစဉ်က အဝင်ပဲ ရှိတယ်… အထွက်မရှိဘူး… သူ့ကို မသတ်နိုင်ဘဲ ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် သူက ပိုပိုပြီး သန်မာအားကောင်းလာလိမ့်မယ်…. ပိုပြီးတော့ ကြောက်စရာကောင်းတာက သခင်လေးနှစ်သာ ကောင်းကင်နတ်ဧကရာဇ်ဟောင်ရဲ့ ခန္ဓာကိုယ်ကို ဝင်ပူးလိုက်မယ်ဆိုရင် မီလော့နန်းတော်ရဲ့ ချိပ်တံဆိပ်ကို ချိုးဖျက်ပြီး သူ့ခန္ဓာကိုယ်အစစ် လွတ်မြောက်လာနိုင်အောင် ကြိုးစားမှာပဲ… သူ့ရဲ့ ခန္ဓာကိုယ်အစစ် ထွက်ပေါ်လာခဲ့ရင် မီလော့နန်းတော်ရဲ့ အကြီးဆုံးသခင်လေး ရောက်လာရင်တောင်မှ သူ့ကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး”
ကောင်းကင်နတ်အရှင်ယွင်၏ မျက်ခုံးများက ပို၍တွန့်ချိုးသွားသည်။ တခဏကြာသော် သူက ပြော၏။ “ဒီလိုပုဂ္ဂိုလ်မျိုးကို သတ်နိုင်ဖို့က ခက်ခဲလွန်းတာပဲ”
ချင်မူ့အကြည့်က ဖြတ်ခနဲ တောက်ပသွားသည်။ “အရင် နောင်တော်မှာ ဘာမှ မရှိခဲ့တုန်းက မဟာဧကရာဇ်နဲ့ ထိုက်ချူကို သတ်ဖြတ်ဖို့ အကောက်ကြံနိုင်တယ်… အခု ကောင်းကင်နတ်အရှင်တွေ အများကြီးရှိနေပြီဆိုတော့ သခင်လေးနှစ်ကို သတ်ဖြတ်ဖို့ ကြံစည်နိုင်မလား”
ကောင်းကင်နတ်အရှင်ယွင်က မျက်ခုံးပင့်၍ ချင်မူ့မျက်လုံးများထဲသို့ စေ့စေ့စိုက်ကြည့်လိုက်သည်။ “ငါ မဟာဧကရာဇ်ကို သတ်ဖြတ်ဖို့ ကြံစည်ခဲ့တယ်” သူက တည်ကြည်လေးနက်စွာ ပြော၏။ “အဲဒီလို မဟာဧကရာဇ်ကို သတ်ဖြတ်ဖို့ ဖန်ဆင်းရှင်တစ်သန်းကို စတေးခဲ့တယ်… လန်ဝူက ငါ့ရဲ့ ရက်စက်တဲ့လုပ်ရပ်အတွက် ငါ့ကို အခုထိ မုန်းနေတုန်းပဲ… ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် ထိုက်ချူကိုလည်း အကောက်ကြံခဲ့တာ မှန်တယ်… အဲဒီအတွက် ကောင်းကင်မဟာမိတ်ရဲ့ အာဏာတစ်ဝက်ကို ကောင်းကင်နတ်အရှင်ဟောင်ဆီ လွှဲပြောင်းပေးဖို့ ၀န်မလေးခဲ့ဘူး… ရလဒ်အနေနဲ့ ကောင်းကင်မဟာမိတ် ပြိုကွဲခဲ့ပြီး နှစ်ထောင်သောင်းပေါင်းများစွာ ကြာတဲ့အထိ နောက်မျိုးဆက်တွေအပေါ် သက်ရောက်မှု ရှိခဲ့တယ်… ငါ့ရည်ရွယ်ချက် အောင်မြင်ဖို့အတွက် ငါက ဘာမဆို လုပ်မှာ… သခင်လေးနှစ်ကို သတ်ဖြတ်ဖို့ ငါ့ကို ကြံစည်စေချင်တာ သေချာလို့လား…. လူဘယ်လောက်များများ စတေးစေချင်နေတာလဲ”
ချင်မူ့မျက်လုံးထောင့်စွန်းများ တွန့်သွားသည်။
ကောင်းကင်နတ်အရှင်ယွင်က ယဇ်ပလ္လင်ထက်၌ နေ၍ ခြောက်ကပ်ကပ် ပြော၏။ “ကောင်းကင်နတ်အရှင်မူ၊ မင်းက ငါ မဟုတ်သလို ကောင်းကင်နတ်ဧကရာဇ်လည်း မဟုတ်ဘူး…. နဂါးဟန်ကောင်းကင်ဘုံရဲ့ ကောင်းကင်နတ်ဧကရာဇ်ယွင်က ရည်ရွယ်ချက် အောင်မြင်ဖို့အတွက် သူ့ပတ်ဝန်းကျင်မှာ ရှိသမျှသူအားလုံးကို စတေးပစ်နိုင်တယ်… ငါကိုယ်တိုင်ရော အပါအဝင်ပေါ့… မင်းကတော့ ငါ့လိုမဟုတ်ဘူး”
သူက ပြုံးလျက် ဆက်ပြော၏။ “မင်းက ကောင်းကင်နတ်အရှင်မူ… ကောင်းကင်နတ်ဧကရာဇ် မဟုတ်ဘူးလေ…. သခင်လေးနှစ်ကို ဖယ်ရှားနိုင်မယ့် နည်းလမ်းကို ငါ စဉ်းစားလိုက်ပါမယ်… မင်း စိတ်မပူပါနဲ့…”
ချင်မူက ထရပ်ကာ ပြောသည်။ “နောင်တော် နည်းလမ်း စဉ်းစားပြီးတဲ့အခါကျ တစ်ယောက်တည်း မလှုပ်ရှားဖို့ ကတိပေးပါ”
ကောင်းကင်နတ်အရှင်ယွင်ကလည်း ပြုံးလျက် တုံ့ပြန်သည်။ “စိတ်ချလိုက်ပါ”
ချင်မူက သူ့ကို လေးနက်စွာ စိုက်ကြည့်ပြီးနောက် ချာခနဲ လှည့်ကာ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံမှ ထွက်ခွာသွားသည်။
ကောင်းကင်နတ်ဘုံ၏ စစ်စခန်း၊ ကောင်းကင်နတ်ဧကရာဇ်၏ အရံနန်းဆောင်တွင်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် သည်းခံနိုင်ခြင်း မရှိတော့ဘဲ အဆုံးသတ်မြို့ပျက်ကြေးမုံကို စတင်ကျင့်ကြံတော့၏။
“ကျေးဇူးပြုပြီး ကျုပ်ကို ကာကွယ်ပေးပါ တာအိုနောင်တော်..”
ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ အတော်လေး သတိထားနေသည်။ သူသည် လင်းကွမ်ခန်းမအရှင်သခင်ကို တောင်းဆိုလိုက်ရာ ခန်းမအရှင်သခင်က ခပ်တိုးတိုး တုံ့ပြန်၏။ “မစိုးရိမ်ပါနဲ့ အရှင်မင်းကြီး… သခင်လေးခုနစ် အခွင့်ကောင်းယူပြီး အလစ်တိုက်ခိုက်လာမှာကို စိုးရိမ်နေတာမလား… ငါ ရှိနေရင် ၀င်မလာရဲပါဘူး…”
ကောင်းကင်နတ်ဧကရာဇ်က ခေါင်းခါရမ်းလျက် ပြောသည်။ “ကျုပ် စိုးရိမ်တာ ကောင်းကင်နတ်အရှင်မူ မဟုတ်ဘူး… နန်းစွန့်ဧကရာဇ်နဲ့ မယ်တော်တို့ကို စိုးရိမ်တာပါ”
လင်းကွမ်ခန်းမအရှင်သခင်မှာ ကြောင်အသွားပြီး မှင်သေသေ ပြော၏။ “ဆယ့်ခုနစ်စင်းမြောက် စကြ၀ဠာရဲ့ သတ္တဝါတွေက ကောက်ကျစ်လွန်းတယ်… အချင်းချင်းတောင် ပြန်သတိထားနေရပါလား… မစိုးရိမ်ပါနဲ့ သူတို့ လက်လွတ်စပယ် မလုပ်ရဲပါဘူး…”
သူက တိတ်ဆိတ်စွာ ထိုင်ချလိုက်သည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ စိတ်အေးသွားသဖြင့် ချက်ချင်းပင် အဆုံးသတ်မြို့ပျက်ကြေးမုံကို ကျင့်ကြံကာ သူ၏ အဆုံးသတ်မြို့ပျက်ခန္ဓာကိုယ်ထဲကကျင့်ကြံခြင်းအခြေခံကို စတင်ပျော်ဝင်လာစေသည်။
“ယွမ်မု” လွှဲပြောင်းပေးခဲ့သည့် အဆုံးသတ်မြို့ပျက်ကျင့်စဉ်က ထင်မှတ်မထားဖွယ်ကောင်းစွာနှင့် ချောချောမွေ့မွေ့ ကျင့်ကြံ၍ရနေသည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ အဆုံးသက်မြို့ပျက်ခန္ဓာကိုယ်၏ ကျင့်ကြံခြင်းအခြေခံမှာလည်း နှိုင်းယှဉ်၍မရနိုင်အောင် သိပ်သည်းခိုင်မာသည်။ သူသည် ထိပ်တန်းကောင်းကင်နတ်အရှင်တစ်ပါး မဟုတ်ပါလော။ သူ၏ ကျင့်ကြံခြင်းအခြေခံ အလုံးစုံ အရည်ပျော်သွားသည့်အခါတွင် သူ၏ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာမှာလည်း ဖျက်ဆီးခံလိုက်ရသည်။ အဆုံးသတ်မြို့ပျက်ထဲတွင် ဖရိုဖရဲရေကန်တစ်ခုသာ ကျန်ရစ်ခဲ့၏။
ဖရိုဖရဲရေကန်က ကြည်လင်တောက်ပနေသော ကြေးမုံတစ်ချပ်အလားပင်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်က သူ၏ တာအိုနှလုံးသားကို အသုံးပြု၍ ဖရိုဖရဲရေကန်အား ကြည့်လိုက်သည်။
သူ ကြည့်လိုက်သည့်အချိန်တွင် အခြားမျက်နှာတစ်ခုက အဆုံးသတ်မြို့ပျက် ဖရိုဖရဲရေကန်ထဲတွင် အရိပ်ထင်နေလေသည်။
ကောင်းကင်နတ်ကရာဇ်ဟောင်မှာ ခေါင်းနပန်းကြီးသွားတော့၏။ “ငါ ထောင်ချောက် မိသွားပြီ… ငါ့ကို အဆုံးသတ်မြို့ပျက်ကြေးမုံ သင်ပေးခဲ့တဲ့သူက မယ်တော် မဟုတ်ဘူး ကောင်းကင်နတ်ဧကရီပဲ”
သူ ထိုသို့တွေးလိုက်သည့်အခါ၌ သူ၏ စိတ်အစဉ်မှာ မူးဝေလာတော့သည်။
ကောင်းကင်နတ်ကရာဇ်ဟောင်က အလောတကြီး ဆုံးဖြတ်ချက်ချ၍ သူ၏ မူလချီတာအိုကို အသက်သွင်းလိုက်သည်။ တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးများက သူ၏ဦးခေါင်းအနောက်တွင် ထွက်ပေါ်လာ၍ တာအိုနှလုံးသားကို ကာကွယ်ပေးလိုက်သည်။ သို့သော် နောက်ထပ်အသိစိတ်အလျဉ်လှိုင်းတစ်ခု ပျံ့ထွက်လာပြီး အဆုံးသတ်မြို့ပျက်ခန္ဓာကိုယ်မှ သူ၏ အသိစိတ်အလျဉ်ကို ဖယ်ရှားကာ သူ့အစား နေရာယူသွားချေပြီ။
ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ တာအိုသစ်ပင်က ပျံသန်းလာပြီး သူ၏အနောက်တွင် နေရာယူလိုက်သည်။ တာအိုပန်းပွင့်များ ပွင့်လာပြီး အလင်းတန်းတို့က သူ၏ဦးနှောက်ထဲသို့ ဖြာကျလာသည်။
လင်းကွမ်ခန်းမအရှင်သခင်မှာလည်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို အာရုံခံမိသွားသည်။ သူက ထရပ်ကာ ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို မော့ကြည့်လိုက်၏။ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ရုပ်ရည်သွင်ပြင်မှာ ပြောင်းလဲသွားသည်။ သူ၏ရင်ဘတ်တွင် အသားစိုင်တို့ ဖွံ့ဖြိုးလာပြီး မျက်စိတစ်မှိတ်အတွင်း သူကား ချောမောလှပသော အမျိုးသမီးတစ်ယောက်အဖြစ် ပြောင်းလဲသွား၏။
လင်းကွမ်ခန်းမအရှင်သခင်မှာ တိုက်ခိုက်ရန် ပြင်ဆင်ထားသော်လည်း အမျိုးသမီးကို မြင်သည့်အချိန်တွင် ကြောက်ဒူးတုန်သွားသည်။ သူက ချက်ချင်း ဒူးတစ်ဖက် ထောက်ကာ လျှောက်တင်လိုက်လေသည်။ “လင်းကွမ်၊ သခင်လေးနှစ်ကို နှုတ်ဆက်ဂါ၀ရပြုပါတယ်ခင်ဗျာ”