နဂါးချီလင်ကို တိုက်ခိုက်ခြင်း
Vol. 130 Ch. 1686(1)
ရှန့်ပင်းယင်၏ အနားပတ်ဝန်းကျင်တွင် နတ်သိုင်းတပ်ဖွဲ့သုံးဖွဲ့ပင် မကျန်တော့ပေ။
ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း သူသည် နန်းစောင့်တပ်များကို ဦးဆောင်၍ တိုက်ခိုက်လိုက်၊ နောက်ဆုတ်လိုက်ဖြင့် စစ်ရေးအား ထိန်းထားခဲ့၏။ သို့သော် ထာဝရငြိမ်းချမ်းရေးအင်ပါယာက မင်းသားယိုမင်းနှင့် နဂါးချီလင်တို့ကို စေလွှတ်ခဲ့သည်။ နဂါးချီလင်ကား ဖန်သားကောင်းကင်စေတီကို ထိန်းချုပ်နိုင်သည့် နံပါတ်တစ် ကောင်းကင်ဆရာသခင်အဖြစ် နာမည်ကျော်ကြားသော လုံရှန်ဆန်းရန်ပင်။
မုန့်ယွင်ကွေ့ဆီမှ ကောင်းကင်လက်နက်တချို့နှင့် စစ်သူကြီးများကို ဦးဆောင်ကာ လုံရှန်ဆန်းရန်သည် တစ်လောကလုံးရှိ ထိပ်တန်းနတ်ဘုရားမိစ္ဆာတို့အား စုစည်းထားသော နတ်သိုင်းတပ်ဖွဲ့တို့အား ရွပ်ရွပ်ချွံချွံ သတ်ဖြတ်နိုင်ခဲ့၏။ နတ်သိုင်းစစ်သည်တော်တို့မှာ သံချပ်ကာများပင် လွင့်စင်ထွက်ကုန်သည့်တိုင်အောင် အလဲလဲအကွဲကွဲဖြင့် ရှုံးနိမ့်ကြရသည်။
ပို၍ပင် ကြောက်စရာကောင်းသည်က ၀င်္ကပါတာအိုနှင့် ပတ်သက်လာလျှင် လုံရှန်ဆန်းရန်၏ အသုံးပြုနိုင်စွမ််းက အတိတ်တုန်းကထက်ပင် မြင့်မားနေချေပြီ။
ကောင်းကင်နတ်ဘုံ၏ ၀င်္ကပါများဖြစ်စေ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ၀င်္ကပါများဖြစ်စေ နှစ်ခုစလုံးသည် လွန်ခဲ့သော နှစ်ခြောက်သောင်းနှင့်ယှဉ်ပါက အတော်လေး တိုးတက်လာခဲ့ပြီ ဖြစ်၏။ ဖန်သားကောင်းကင်စေတီအား ယွဲ့ထင်းကဲက ချိုးဖျက်နိုင်ခဲ့ပြီးနောက် မုန့်ယွင်ကွေ့ကပါ ချိုးဖျက်နိုင်ခဲ့သဖြင့် တစ်လောကလုံးတွင် နံပါတ်တစ်၀င်္ကပါ မဟုတ်တော့ချေ။
သို့သော် လုံရှန်ဆန်းရန် ပြန်ရောက်လာသည့်အချိန်တွင်တော့ သူသည် ဖန်သားကောင်းကင်စေတီထဲရှိ ၀င်္ကပါများကို တိုးတက်စေကာ ပို၍ထူးကဲအောင် လုပ်ခဲ့သဖြင့် ရှန့်ပင်းယင် လေ့လာထားသမျှသည် အချည်းနှီးဖြစ်ခဲ့ရတော့၏။
ပထမဦးဆုံးတိုက်ပွဲ ဖြစ်ပွားလာသည့်အခါ နတ်သိုင်းတပ်ဖွဲ့နှစ်ဖွဲ့နှင့် ရှန့်ပင်းယင်မှာ ရှုံးနိမ့်ခဲ့ချေပြီ။ ရှန့်ပင်းယင်သည် သိထားသမျှ ဉာဏ်ပညာအားလုံး ထုတ်သုံးခဲ့ပြီး ယုံကြည်မှု ပြန်လာရရှိလာအောင် လုံရှန်ဆန်းရန်ကို အနိုင်ယူချင်ခဲ့မိသည်။ သို့သော် ဖန်သားကောင်းကင်စေတီ၀င်္ကပါထဲတွင် တပ်ဖွဲ့၏ ခွန်အားနှစ်ဆယ်ရာခိုင်နှုန်း ဆုံးရှုံးစေခဲ့မိ၏။
နတ်သိုင်းတပ်ဖွဲ့၏ စစ်သည်တော်တစ်ဦးချင်းစီသည် ကောင်းကင်နန်းဆောင် ၁၈ ဆောင်အထိ ကျင့်ကြံထားပြီးဖြစ်သော ဧကရာဇ်တစ်ပါးနှင့် ယှဉ်နိုင်သည်။ ကောင်းကင်နန်းဆောင် ၁၈ ဆောင် ကျင့်ကြံထားနိုင်သော ဧကရာဇ်တစ်ပါးသည် ကောင်းကင်နတ်အရှင်တစ်ဦး ဖြစ်လာနိုင်ရန် အခြေခံလိုအပ်ချက် ဖြစ်၏။
မှန်ပါသည်။ ဤအခြေခံလိုအပ်ချက်က အတိတ်မှ ကောင်းကင်နတ်အရှင်ဆယ်ပါးအတွက် ဖြစ်သည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင် နန်းတက်ပြီးသည့်အချိန်မှာစ၍ ကောင်းကင်နတ်အရှင် ဖြစ်လာရန် လိုအပ်ချက်မှာ ကောင်းကင်နန်းဆောင် ၈ ဆောင်အထိ နှိမ့်ချခံခဲ့ရသည်။
ဤတိုက်ပွဲပြီးနောက် ရှန့်ပင်းယင်၏ နှလုံးသားထဲရှိ စိတ်နှလုံးမိစ္ဆာများ ပြန်လည်ထွက်ပေါ်လာခဲ့ပြန်၏။
သူ့မှာ ကျန်ရှိသောတပ်ဖွဲ့များကို ဦးဆောင်ကာ တောင်ကောင်းကင်ရှိ ကောင်းကင်ဘုံများထံသို့ ပြေးလွှားတပ်ဆုတ်ခဲ့ရသည်။ နဂါးချီလင်ကတော့ မုန့်ယွင်ကွေ့နှင့် ယွီဟွာကောင်းကင်ဘုံစစ်တပ်ကို ဦးဆောင်ကာ သူတို့ကို လိုက်ဖမ်းသည်။ အသေးစားတိုက်ပွဲများက နှစ်ဖက်ကြားတွင် မကြာခဏ ဖြစ်ပေါ်လာတတ်သည်။
ရှန့်ပင်းယင်အနေဖြင့် လုံရှန်ဆန်းရန်နှင့် ထိပ်တိုက်မရင်ဆိုင်ရဲပေ။ ဤသို့ထွက်ပြေးနေစဉ်အတွင်း သူက သူနှင့် ပင်မစစ်တပ် လွတ်မြောက်ရန်အတွက် ယွီဟွာကောင်းကင်ဘုံစစ်တပ်ထံ အသေခံတပ်ဖွဲ့များ စေလွှတ်တတ်သည်။
ထိုမျှသာမက ကောင်းကောင်းကင်၏ ကောင်းကင်လက်နက်များ၊ တပ်မှူးများ၊ နတ်ဘုရားတစ်ပိုင်းများနှင့် နတ်ဘုရားများကို စုစည်းကာ နတ်ဘုရားမိစ္ဆာစစ်တပ်တစ်သန်း ပါဝင်သည့် စစ်တပ်အသစ်ကို ဖွဲ့တည်၍ လုံရှန်ဆန်းရန်အား တိုက်ခိုက်လေသည်။
သို့သော် ရှုံးနိမ့်မှုနှင့်သာ တွေ့ဆုံခဲ့ရ၏။
သူ အလောတကြီး စုဆောင်းခဲ့သော နတ်ဘုရားမိစ္ဆာစစ်တပ်မှာ အရေအတွက်များပြားသော်လည်း တစ်ချက်မျှ ထိရုံနှင့် ပြိုလဲသွားပြီး အတိုက်အခိုက်စွမ်းရည် များများစားစား မရှိပေ။
ဤသို့ဖြင့် နှစ်အနည်းငယ်အတွင်း နတ်သိုင်းတပ်ဖွဲ့၏ နှစ်ဆယ်ရာခိုင်နှုန်းသာ ကျန်ရစ်တော့လေသည်။ သူ့မှာ တောင်ကောင်းကင်ရှိ ကောင်းကင်ဘုံများအား သတ်ဖြတ်လုယက်လျက် မီးလောင်တိုက်တွင်းရင်း ပြေးလွှားနေရတော့သည်။
သို့သော်ယနေ့တွင် တတိယမြောက်ကောင်းကင်ဆရာသခင် ပိုင်ယွီကျင်နှင့် မြောက်ကောင်းကင်နတ်မင်း ရီလော့တို့သည် စစ်တပ်ကို ဦးဆောင်ရင်း တောင်ကောင်းကင်သို့ ရောက်လာခဲ့ချေပြီ။
စစ်တပ်များ ပြန်လည်တွေ့ဆုံကြသည်။ ရီလော့နှင့် ပိုင်ယွီကျင့်က အသက်ကြီးအိုမင်းလျက် ဆံပင်များ ဖြူနေသော ရှန့်ပင်းယင်ကို ကြည့်လိုက်ကြသည်။ သူတို့၏နှလုံးသားထဲတွင် သနားစိတ်သာမက အံ့သြမှုတို့လည်း ပြည့်နှက်နေ၏။ နှစ်အနည်းငယ်အတွင်း ရှန့်ပင်းယင်သည် သင်္ချိုင်းသို့ ခြေတစ်ဖက်လှမ်းနေသော အဘိုးအိုကြီးတစ်ယောက်နှင့် တူနေလေပြီ။ လုံရှန်ဆန်းရန် သူ့အပေါ် မည်မျှရက်စက်ခဲ့ကြောင်း တွေ့ရှိနိုင်၏။
“လုံရှန်ဆန်းရန်က တကယ်တော့ ကောင်းကင်နတ်အရှင်မူရဲ့ စီးတော်ယာဉ် လုံပိပဲ”
ရီလော့က ပြောသည်။ “သူက လွန်ခဲ့တဲ့ နှစ်ခြောက်သောင်းတုန်းက ကောင်းကင်နတ်အရှင်မူ အနောက်က လိုက်ခဲ့တယ်… အဲဒီအချိန်တုန်းက ကောင်းကင်နတ်ဘုံ နှစ်ခြမ်းကွဲခဲ့တဲ့ အချိန်ဆိုတော့ သူ နာမည်ကြီးလာခဲ့တယ်… ဖန်သားကောင်းကင်စေတီကလည်း သူနဲ့အတူ ပျောက်ကွယ်သွားခဲ့တာ.. နှစ်ခြောက်သောင်း ကြာပြီးတော့ ကောင်းကင်နတ်အရှင်မူ နာမည်ကျော်ကြားလာပြီး ဖန်သားကောင်းကင်စေတီလည်း ပြန်ပေါ်လာခဲ့တယ်… ဒီအချက်က သက်သေပြပြီးသားပဲ…. ဒီတစ်ကြိမ်မှာတော့ ကျုပ် ကောင်းကင်ဆရာသခင်ရှန့်ကို ထောက်ပံ့ပေးဖို့ ရောက်လာခဲ့တာ… ကောင်းကင်နတ်အရှင်ထိုက်ကျိက လုံရှန်ဆန်းရန်ကို ချေမှုန်းနိုင်တဲ့ ရတနာအိတ်တစ်လုံး ပေးခဲ့တယ်”
ရှန့်ပင်းယင်မှာ ကြောင်အသွားသည်။ သူ၏ မျက်လုံးများကို အားပြုလှုပ်ရှားလိုက်၏။ “ရတနာအိတ်တဲ့လား”
ပိုင်ယွီကျင့် မျက်မှောင်ကြုတ်လိုက်မိသည်။ သူမသည် ထိုက်ကျိရှေးဟောင်းနတ်ဘုရားမှ ရီလော့သို့ ပေးလိုက်သည့် ဤရတနာအိတ်အကြောင်း မသိရပေ။ ထို့ကြောင့် အနည်းငယ် သတိထားနေသည်။
ရီလော့က ရတနာအိတ်ကို ဖွင့်လိုက်ရာ အထဲတွင် စာရွက်အပိုင်းအစတစ်ခု တွေ့လိုက်ရသည်။ ၎င်းစာရွက်ပေါ်တွင် စာလုံးခြောက်လုံးသာ ရေးသားထား၏။
“လုံပိ၊ လုံရှောင်ရဲ့ မွေးစားသား”
ရီလော့သည် နားလည်သွားသဖြင့် ပြုံးလိုက်၏။ “ကောင်းကင်နတ်အရှင်ထိုက်ကျိက အတော်လေး ဉာဏ်ကောင်းတာပဲ… ဒီအိတ်နဲ့ဆိုရင် လုံရှန်ဆန်းရန်ကို ကျုပ်တို့ အနိုင်ယူနိုင်ပြီ”
ရှန့်ပင်းယင်မှာ တာအိုနှလုံးသား ဖျက်ဆီးခံခဲ့ရပြီးဖြစ်သဖြင့် ခံနိုင်ရည်မရှိတော့ပေ။ ရီလော့က ကျန်ရှိသော တပ်ဖွဲ့များကို သူ၏ စစ်စခန်းအတွင်းတွင် စုစည်းစေကာ ပိုင်ယွီကျင့်အား ပြောသည်။ “ကောင်းကင်ဆရာသခင်၊ အရှင်မင်းကြီးက ကျုပ်တို့ကို ဘိုးဘေးနန်းတော်ရဲ့ ကောင်းကင်မုခ်၀ကို ယူပြီး ဒီနေရာကို လာခိုင်းခဲ့တာ… တောင်ကောင်းကင်မုခ်၀ ထွက်လာရင် ဖန်သားကောင်းကင်စေတီနဲ့ ရန်သူစစ်တပ်ကို သေချာပေါက် ဖိနှိပ်နိုင်ပြီ… ကျုပ်တို့မှာ နတ်ဘုရားမိစ္ဆာရှစ်သန်း ရှိပေမယ့် ရန်သူကတော့ တစ်သိန်းကျော်ပဲ ရှိတာ… ဖန်သားကောင်းကင်စေတီ ဖိနှိပ်ခံလိုက်ရတဲ့ အခြေအနေမှာဆိုရင် လုံရှန်ဆန်းရန်က သူ့ရဲ့ စစ်တပ်အင်အားကို သေချာပေါက်တိုးမြှင့်မှာပဲ”
ပိုင်ယွီကျင့်လည်း သဘောပေါက်နားလည်စွာဖြင့် ပြောသည်။ “ကောင်းကင်နတ်မင်းရီလော့ဆိုလိုချင်တာက လုံရှန်ဆန်းရန် သူ့ရဲ့ စစ်တပ်အင်အားကို တိုးချဲ့ချင်တယ်ဆိုရင် သားရဲ့ကမ္ဘာက ကမ္ဘာဦးသားရဲတွေကို ဆင့်ခေါ်ရမှာပေါ့”
ရီလော့က ပြုံးလျက် ဆက်ပြော၏။ “လုံရှန်ဆန်းရန်က ကမ္ဘာဦးသားရဲတွေကို ဆင့်ခေါ်လိမ့်မယ်.... ပြီးရင် ဖန်သားကောင်းကင်စေတီထဲ ထည့်၊ သားရဲတွေရဲ့ ခွန်အားကို ငှားယူပြီး ကျုပ်တို့ရဲ့ အင်အားရှစ်သန်းရှိတဲ့ စစ်တပ်ကို ခုခံနေတာပဲ… အဲဒီသားရဲတွေလည်း ၀င်္ကပါတစ်ခု ဖွဲ့တည်ဖို့ လိုအပ်တယ်… သားရဲတွေရဲ့ အသိဉာဏ်က မမြင့်မားတဲ့အတွက် လူသားတွေနဲ့ ရောမှ သူ ဖန်သားကောင်းကင်စေတီ ၀င်္ကပါအခင်းအကျင်းရဲ့ စွမ်းအားအပြည့်အဝကို ထုတ်လွှတ်ဖို့ လွယ်ကူလိမ့်မယ်”
ပိုင်ယွီကျင့်သည် သူ၏အစီအစဉ်ကို အသေအချာ နားလည်သဘောပေါက်သွား၏။ “အဲဒီနောက်မှာ ကောင်းကင်နတ်မင်းက ကောင်းကင်နတ်အရှင်လုံရှောင်ကို သားရဲကမ္ဘာကနေ ဆင့်ခေါ်လိုက်ရုံပဲ… ကောင်းကင်နတ်အရှင်လုံရှောင် သူ့ရဲ့ မွေးစားသားက ကောင်းကင်နတ်ဘုံနဲ့ ရန်သူ ဖြစ်နေတာ သိသွားရင် သေချာပေါက် ဒေါသထွက်ပြီး လုံရှန်ဆန်းရန်နဲ့ သားရဲတွေကို သားရဲကမ္ဘာဆီ ပြန်ခေါ်မှာပဲ.. ရလဒ်အနေနဲ့ မုန့်ယွင်ကွေ့နဲ့ ယွီဟွာကောင်းကင်ဘုံစစ်တပ်ပဲ ဖန်သားကောင်းကင်စေတီထဲမှာ ကျန်ရစ်ခဲ့လိမ့်မယ်…. သားရဲတွေ ထွက်ခွာသွားတဲ့အခါ သူတို့ထိန်းသိမ်းထားတဲ့ ၀င်္ကပါအခင်းအကျင်းက ချက်ချင်း ပြိုလဲလာလိမ့်မယ်’’
ရီလော့က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ရလဒ်အနေနဲ့ ကျုပ်တို့ မုန့်ယွင်ကွေ့ကို စစ်ပွဲမှာ အနိုင်ယူနိုင်ပြီ… ကောင်းကင်ဆရာသခင်ပိုင် ခင်ဗျားက ၀င်္ကပါအခင်းအကျင်းမျိုးစုံ ကျွမ်းကျင်ပေမယ့် ကျုပ်ကတော့ ခင်ဗျားထက် အများကြီးနိမ့်ကျပါတယ်… ဒါကြောင့် ကျုပ်စစ်တပ်ရဲ့ ၀င်္ကပါအခင်းအကျင်းမျိုးမျိုးကို အသက်သွင်းပြီး လုံရှန်ဆန်းရန် သားရဲကမ္ဘာရဲ့ ကမ္ဘာဦးသားရဲတွေကို ဆင့်ခေါ်အောင် ဖိအားပေးစေချင်ပါတယ်”
ပိုင်ယွီကျင့်သည် တည်ကြည်လေးနက်စွာ ပြောလိုက်၏။ “ကျွန်မ အကောင်းဆုံး ကြိုးစားပါမယ်”
သူတို့နှစ်ယောက် အစီအစဉ်ဆွဲပြီးနောက် ပိုင်ယွီကျင့်က နတ်ဘုရားမိစ္ဆာစစ်တပ်ကို မြို့ထဲမှ ထွက်ခွာခိုင်းခဲ့သော်လည်း အနည်းငယ် တုံ့ဆိုင်းနေမိသည်။
သူမအနေဖြင့် မုန့်ယွင်ကွေ့ ဤအတိုင်း သေဆုံးသွားသည်ကို မတွေ့မြင်လိုပေ။ ကောင်းကင်နတ်မင်း ရီလော့၏ အစီအစဉ်က ရက်စက်ကောက်ကျစ်လွန်း၏။ မုန့်ယွင်ကွေ့၏ သေးငယ်လှသော စစ်တပ်လေးတစ်ခုတည်းဖြင့် ကောင်းကင်နတ်ဘုံ၏ စစ်တပ်ကို ခုခံနိုင်လိမ့်မည်မဟုတ်ပေ။ သူတို့ တိုက်ခိုက်ချင်ပါက သားရဲကမ္ဘာမှ ကမ္ဘာဦးသားရဲများကို ဆင့်ခေါ်ရမည်သာ ဖြစ်သည်။
သို့သော် ကောင်းကင်နတ်အရှင်လုံရှောင် ကမ္ဘာဦးသားရဲများနှင့် နဂါးချီလင်ကို ပြန်လည်ဆင့်ခေါ်လိုက်သည်နှင့် မုန့်ယွင်ကွေ့တစ်ယောက် အပြင်းအထန် အပြစ်ပေးခံရပေလိမ့်မည်။ ဖန်သားကောင်းကင်စေတီထဲရှိ ၀င်္ကပါအခင်းအကျင်းသည် တိုက်ကွက်တစ်ကွက်ကိုပင် ခံနိုင်ရည် ရှိလိမ့်မည်မဟုတ်ပေ။
မုန့်ယွင်ကွေ့ကို စောင့်ကြိုနေသည်က သူ၏ သေဆုံးခြင်းသာမကဘဲ စစ်တပ်တစ်တပ်လုံး ချေမှုန်းဖျက်ဆီးခံရမည့် ကံကြမ္မာပင်ဖြစ်သည်။ ယွီဟွာကောင်းကင်ဘုံစစ်တပ်တစ်တပ်လုံး သူနှင့်အတူ မြှုပ်နှံခံရပေလိမ့်မည်။
သူမနှင့် မုန့်ယွင်ကွေ့မှာ ရင်းနှီးသော မိတ်ဆွေများ မဟုတ်ပါလော။
သူတို့နှစ်ယောက်လုံးသည် လူသားများ ဖြစ်ကြသည်သာမက ကောင်းကင်နတ်ဘုံ၏ ကောင်းကင်ဆရာသခင်များလည်း ဖြစ်ကြ၏။ တစ်ယောက်ကိုတစ်ယောက်လည်း ထောက်ပံ့ကူညီပေးခဲ့ကြဖူးသည်။ တစ်ချိန်တုန်းက မုန့်ယွင်ကွေ့သည် သူမ ကောင်းကင်ယင်သားတော်အား တိုက်ခိုက်နိုင်ရန် ကူညီပေးခဲ့ဖူး၏။ ထို့ကြောင့် မုန့်ယွင်ကွေ့ သူမအရှေ့၌ သေဆုံးလိမ့်မည်ကို မမြင်ရက်ပေ။
“ဒါပေမဲ့ ကောင်းကင်နတ်မင်းရီလော့က ငါ့အနောက်မှာ ရှိနေတယ်... သူက တောင်ကောင်းကင်မုခ်၀ကို ထိန်းချုပ်ထားတာ… ငါ မသင်္ကာဖြစ်စရာ လှုပ်ရှားမိရင် သေချာပေါက် သေရလိမ့်မယ်…”
ပိုင်ယွီကျင့်၏ စိတ်ထဲတွင် လွန်ဆွဲနေသည်။ “အစ်ကိုတော်မုန့်… ဘာလို့ ဒီလောက် အရေးကြီးတဲ့ အခိုက်အတန့်မှာမှ ပုန်ကန်တာလဲ…. အစ်ကိုတော်က သိပ်ကို သတိထားတတ်တဲ့လူပါ… ဘာလို့ အခုအချိန်မှ ထပြီး ပုန်ကန်တာလဲ”
ပိုင်ယွီကျင့်နှင့် ကောင်းကင်နတ်မင်းရီလော့ သူတို့၏ စစ်တပ်များကို ဦးဆောင်ချီတက်လာကြစဉ် အခြားတစ်ဖက်၌ နဂါးချီလင်သည် သားရဲကမ္ဘာ၏ ကမ္ဘာဦးသားရဲများကို အချိန်မရွေး ဆင့်ခေါ်နိုင်ရန် အဆင်သင့်ပြင်ထားသည်။
သူက လုံရှောင်၏ မွေးစားသား၊ သားရဲကမ္ဘာ၏သခင်လေး ဖြစ်သည်။ သားရဲကမ္ဘာကို အုပ်ချုပ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည့်အတွက် သူ၏ လက်အောက်တွင် မရေမတွက်နိုင်သော သားရဲများစွာ ခစားကြသည်။
သူ့တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကူညီပြီး သူတို့၏ ပြဿနာများကို ဖြေရှင်းပေးချင်သည့် ရည်မှန်းချက်လည်း ရှိလေသည်။
သူက တောင်ကောင်းကင်ကို စစ်မြေပြင်အဖြစ် ပြောင်းလဲ၍ ကောင်းကင်နတ်ဘုံစစ်တပ်ကို အချိန်ဆွဲထားလိုသည်။
သားရဲကမ္ဘာ၏စစ်တပ်က သူ၏ အရင်းအနှီးပင် ဖြစ်သည်။
ဤအဆင့်ကို အောင်မြင်နိုင်ရန် ကောင်းကင်နတ်ဘုံမှ နတ်ဘုရားမိစ္ဆာများကို တောင်ကောင်းကင်ဆီသို့ တတ်နိုင်သမျှ ဆွဲခေါ်ပြီး လျစ်လျူရှုထားမရနိုင်သည့် နေရာဖြစ်လာအောင် ဖိအားပေးရမည်။ ထိုသို့ဆိုပါက ကောင်းကင်နတ်ဘုံအနေဖြင့် စစ်တပ်များ အဆက်မပြတ် စေလွှတ်ရုံမှလွဲ၍ ရွေးချယ်စရာရှိလိမ့်မည် မဟုတ်ပေ။
ဤသည်က ထာဝရငြိမ်းချမ်းရေးအင်ပါယာအပေါ်ရှိ ဖိအားကို လျော့ကျစေလိမ့်မည်။
နဂါးချီလင်သည် ချင်မူနှင့် နှစ်ပေါင်းများစွာ အတူတကွ ကျင့်ကြံခဲ့ပြီး အတွေ့အကြုံ ရအောင် ချင်မူက သူ့ကို လွှတ်ပေးခဲ့သည်။ ဤသို့ဖြင့် အရည်အချင်း ပြည့်မှီသော စစ်သူကြီးတစ်ဦးအဖြစ် အရွယ်ရောက်လာခဲ့ချေပြီ။
သူက တစ်လောကလုံး၌ နံပါတ်တစ် ကောင်းကင်ဆရာသခင်ဟူသည့် ဂုဏ်ထူးကို ပိုင်ဆိုင်ထားသော လုံရှန်ဆန်းရန် ဖြစ်သည့်တိုင် ၀င်္ကပါများ ခင်းကျင်းရာတွင် ရှန့်ပင်းယင်အောက် နိမ့်ကျနေခဲ့သေးသည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း မုန့်ယွင်ကွေ့သည် ၀င်္ကပါများ ထိန်းချုပ်နိုင်ရန် သူ့ကို လျှို့ဝှက်ကူညီခဲ့သဖြင့် အလျင်အမြန် တိုးတက်လာခဲ့၏။ တိုက်ပွဲ၀င်္ကပါများ ခင်းကျင်းရာ၌ သူနှင့် ကောင်းကင်ဆရာသခင်အကြားရှိ ကွာခြားမှုက တဖြည်းဖြည်း လျော့နည်းလာပြီဟု ပြောနိုင်ပေသည်။
သို့သော် သူ သားရဲကမ္ဘာမှ ကမ္ဘာဦးသားရဲများကို ဆင့်ခေါ်ခဲ့သည့်အချိန်တည်းက အရာအားလုံးမှာ သတ်မှတ်ပြီးသား ဖြစ်သွားသည်။
ထိုက်ကျိရှေးဟောင်းနတ်ဘုရားသည် ရီလော့အတွက် အစီအစဉ်ရေးဆွဲပေးခဲ့သူ ဖြစ်သည်။။ ထိုရှေးဟောင်းနတ်ဘုရားနှစ်ပါးစလုံးက အလွန်ထက်မြက်ဉာဏ်ကောင်းကြလေရာ နဂါးချီလင်၏ ရှုံးနိမ့်မှုကို တွေးစရာပင် မလိုဘဲ တွက်ချက်နိုင်ခဲ့သည်။
ပိုင်ယွီကျင့်၏ အမိန့်ကြောင့် ကောင်းကင်နတ်ဘုံ၏ စစ်တပ်က ပြေးဝင်ချီတက်သွားသည်။ နဂါးချီလင်ကလည်း ချက်ချင်းပင် ကမ္ဘာဦးသားရဲများကို ဆင့်ခေါ်လိုက်သည်။ တောင်ကောင်းကင်၏ ကောင်းကင်မှာ နှစ်ခြမ်းကွဲသွားပြီး ကမ္ဘာဦးသားရဲများ တစ်ကောင်ပြီးတစ်ကောင် ဆင်းသက်၍ ဖန်သားကောင်းကင်စေတီ၏ ကောင်းကင်ဘုံ ၂၈ ဘုံထဲသို့ ဝင်ရောက်လာကြ၏။
မုန့်ယွင်ကွေ့နှင့် မင်းသားယိုမင်းက သားရဲကမ္ဘာ၏ ကမ္ဘာဦးသားရဲများ ကောင်းကင်ဘုံ ၂၈ ဘုံထဲရှိ ၀င်္ကပါများထဲသို့ နေရာယူနိုင်ရန် နဂါးချီလင်အား ကူညီပေးကြသည်။ သားရဲကမ္ဘာ၏ အကူအညီဖြင့်သာဆိုလျှင် ဤတိုက်ပွဲကို မည်သို့မျှ ရှုံးနိမ့်လိမ့်မည်မဟုတ်ပေ။
စစ်တပ်နှစ်တပ် ဝင်တိုက်သွားသည်နှင့် အသွေးအသားများက အရပ်လေးမျက်နှာသို့ လွင့်ထွက်ကုန်ကြသည်။ ခမ်းနားမြင့်မြတ်သော နတ်ဘုရားမိစ္ဆာများပင်လျှင် ဤအခိုက်အတန့်တွင် ဖြစ်ပွားနေသော တိုက်ပွဲအရှိန်အဝါအောက်၌ အရေးမပါသည့် ပုရွက်ဆိတ်ကလေးများအလားပင်။ စတင်ထိတွေ့သည်နှင့် မရေမတွက်နိုင်သော မိစ္ဆာနတ်ဘုရားများစွာ သေဆုံးသွားကြသည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်မှာ ရုတ်တရက် အက်ကွဲသွားပြီး ဧရာမနဂါးဦးခေါင်းကြီးတစ်လုံးက အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာ၏။ ၎င်း၏ မျက်လုံးကြီးများက တဟုန်းဟုန်း တောက်လောင်နေသော နေလုံးကြီးများအလား စစ်မြေပြင်တစ်ခုလုံးအပေါ် ဖြာကျနေသည့် အပူချိန်တို့ကို ထုတ်လွှတ်နေသည်။
ကောင်းကင်နတ်မင်းရီလော့က ခေါင်းမော့ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ “ကောင်းကင်နတ်အရှင်လုံရှောင်၊ ခင်ဗျား ပုန်ကန်မလို့လား”