ကောင်းကင်နတ်အရှင် လုံရှောင်၏ သေဆုံးမှု
Vol. 130 Ch. 1686(2)
ဧရာမနဂါးဦးခေါင်းကြီးမှာ လုံရှောင်မှ လွဲ၍ အခြားမဟုတ်ပေ။ သူ၏မျက်နှာအမူအရာကြီးက သုန်မှုန်နေပြီး သူ၏မျက်လုံးများ ထွန်းလင်းတောက်ပသွားသည့် နေရာတိုင်းရှိ ဖန်သားကောင်းကင်စေတီထဲမှ သားရဲများမှာ ပျံတက်မသွားကြဘဲ မနေနိုင်ကြချေ။ သူတို့က တစ်ကောင်ပြီးတစ်ကောင် ကောင်းကင်ပေါ်သို့ ပျံတက်သွားကြပြီး သားရဲကမ္ဘာထဲသို့ အတင်းအကြပ် ပြန်လည်ဆွဲခေါ်ခံနေရတော့သည်။
နဂါးချီလင်၏ နှလုံးသား၌ ဒေါသရော ပူဆွေးမှုတို့ပါ ပြည့်နှက်နေသည်။ သူက ခေါင်းမော့၍ ခပ်ပြတ်ပြတ် ခေါ်လိုက်သည်။ “မွေးစားအဖေ… ”
ဝှမ်း…
လုံရှောင်၏ အကြည့် ဖြာကျလာသည်။ နဂါးချီလင်သည် အစွမ်းကုန် ခုခံကာကွယ်နေသော်လည်း အလင်းရောင်အောက်၌ သားရဲကမ္ဘာဆီသို့ ပျံတက်သွားရ၏။
နဂါးချီလင် မည်မျှပင် ရုန်းကန်သော်လည်း မလွတ်မြောက်နိုင်ချေ။ သူက မုန့်ယွင်ကွေ့နှင့် မင်းသားယိုမင်းကို ကြည့်၍ အော်ဟစ်လိုက်သည်။ “မသေစေနဲ့ …. ကျွန်တော် ပြန်လာတာကို စောင့်နေပေး… ခင်ဗျားတို့ အသက်ရှင်မှဖြစ်မယ်”
ကောင်းကင်ရှိ အက်ကွဲကြောင်း ပြန်ပိတ်သွားပြီး နဂါးချီလင်လည်း ပျောက်ကွယ်သွားတော့သည်။
“ငါ့ရဲ့ မွေးစားသားက ခွင့်ပြုချက် မရှိဘဲ သူ့ရဲ့ စစ်တပ်တွေကို စေလွှတ်ခဲ့တယ်… တင်းတင်းကြပ်ကြပ် အပြစ်ပေး ဆုံးမလိုက်ပါ့မယ်” လုံရှောင်၏ အသံကြီးက ကျယ်လောင်စွာ ထွက်ပေါ်လာပြီး သူ၏ဦးခေါင်းကြီးသည် သားရဲကမ္ဘာထဲသို့ ပြန်လည်ဝင်ရောက်သွားတော့၏။
ကောင်းကင်နတ်မင်း ရီလော့က ရယ်မောလျက် မြို့ထဲမှ ထွက်လာသည်။ သူ မော့ကြည့်လိုက်သည့်အခါ ဖန်သားကောင်းကင်စေတီထဲရှိ ၀င်္ကပါအခင်းအကျင်းများစွာသည် ထိန်းချုပ်မရတော့ဘဲ ပြိုလဲလာသည်ကို တွေ့လိုက်ရ၏။ သားရဲကမ္ဘာမှ ကမ္ဘာဦးသားရဲများ၏ ထိန်းချုပ်မှု မရှိတော့သောကြောင့် ၀င်္ကပါအခင်းအကျင်းများ ကောင်းစွာ အလုပ်မလုပ်တော့ပေ။
ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာစစ်တပ်က ဖန်သားကောင်းကင်စေတီ၏ ကောင်းကင်ဘုံ ၂၈ ဘုံထဲသို့ ဝင်ရောက်သွားသည်။ ချက်ချင်းပင် ယွီဟွာကောင်းကင်ဘုံစစ်တပ်မှ စစ်သည်တော်များ၏ အသွေးအသားများ လွင့်စင်ထွက်ကုန်ကြ၏။
မင်းသားယိုမင်းနှင့် မုန့်ယွင်ကွေ့သည် ရှုံးသွားပြီဖြစ်ကြောင်း သဘောပေါက်ကြ၏။ သူတို့၏မူလဝိညာဉ်များက ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားကြပြီး ကောင်းကင်နတ်သိုင်းမျိုးစုံကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့က အသက်ကို ပဓာန မထားဘဲ ယွီဟွာကောင်းကင်ဘုံစစ်တပ်၏ စစ်သည်တော်များကို ကာကွယ်ကာ ဝိုင်းထားသည့်ကြားမှ ဖောက်ထွက်နိုင်ရန်ကြိုး စားနေကြသည်။ သူတို့သည် ဖန်သားကောင်းကင်စေတီမှ အပြင်လောကသို့ လွတ်မြောက်နိုင်ရန် ကြိုးစားနေကြ၏။
မင်းသားယိုမင်းက ဖန်သားကောင်းကင်စေတီ၏ ကျောက်စိမ်းတိုင်ကို ဆွဲယူပြီး ကောင်းကင်ဘုံ ၂၈ ဘုံနှင့် ဤရတနာကို သိမ်းဆည်းရန် ပြင်လိုက်သည်။ ဤအခိုက်အတန့်တွင် ကောင်းကင်နတ်မင်းရီလော့က ဘိုးဘေးနန်းတော်၏ တောင်ကောင်းကင်မုခ်၀ကို အသက်သွင်းလိုက်၏။ တောင်တန်းနှစ်ခုကြားတွင် မီးတောက်များ ပြင်းထန်စွာ လောင်ကျွမ်းနေပြီး တာအိုစည်းချက်က ပျံ့နှံ့လာနေသည်။ ကောင်းကောင်းကင်မုခ်၀က ဖိနှိပ်နေသောကြောင့် မင်းသားယိုမင်း၏ ခန္ဓာကိုယ်ထဲမှ တဂျွတ်ဂျွတ်မြည်သံများ ထွက်ပေါ်လာ၏။
မင်းသားယိုမင်းက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ ခွန်အားကို အဆုံးအစွန်အထိ မြှင့်တင်လိုက်သည်။ သူ၏ လိပ်နှင့် မြွေ မူလဝိညာဉ်က လေထဲတွင် ကခုန်လျက် မဟာတာအိုအလင်းတန်းများ လေထုတစ်ခုလုံးတွင် ပျံ့နှံ့သွားစေသည်။ သို့သော် ဖန်သားကောင်းကင်စေတီကို ဆွဲမ, မနိုင် ဖြစ်နေသေးသည်။
သူ ဆွဲမနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားနေသည့်အချိန် မုန့်ယွင်ကွေ့က ရုတ်တရက် ပျံသန်းလာပြီး သူ့ကို ဆွဲခေါ်လိုက်သည်။ “မြောက်နတ်မင်းရဲ့ အိမ်ရှေစံမင်းသား၊ ခင်ဗျား အခု ထွက်မသွားရင် ဘယ်တော့မှ ထွက်မသွားနိုင်ဘဲ ဖြစ်လိမ့်မယ်”
သူတို့ ထွက်လာကြသည့်အချိန်တွင် ကောင်းကင်နတ်မင်းရီလော့က သူ၏ တောင်ပံများဖြင့် လေကို ခုတ်ပိုင်းလိုက်သော်လည်း လွဲချော်သွားသည်။
ကောင်းကင်နတ်မင်းရီလော့က မြေပြင်ပေါ်သို့ဆင်းသက်လာ၏။ မရေမတွက်နိုင်သော စစ်သည်တော်များသည် သူ၏ ဘေးတစ်ဖက်တစ်ချက်ဆီမှ ပြေးထွက်လာကြပြီး ၀င်္ကပါ ဖွဲ့တည်ကာ ယွီဟွာကောင်းကင်ဘုံစစ်တပ်၏ ကျန်ရှိသော စစ်သည်တော်များကို တိုက်ခိုက်နေကြ၏။
ကောင်းကင်နတ်မင်းရီလော့က ပိုင်ယွီကျင့်ကို လှည့်ကြည့်သည်။ “ကောင်းကင်ဆရာသခင်ပိုင်၊ ခင်ဗျားရဲ့ ဝင်္ကပါက မုန့်ယွင်ကွေ့အောက် နိမ့်ကျတယ်ဆိုပေမယ့် ဟာကွက်တော့ ဒီလောက် မသိသာသင့်ဘူးမဟုတ်လား… ခင်ဗျားက မုန့်ယွင်ကွေ့နဲ့ သူပုန်တွေကို ထွက်ပြေးခွင့် ပေးလိုက်တာပဲ”
ပိုင်ယွီကျင့်က ရှေ့သို့တက်လာ၍ တုံ့ပြန်သည်။ “မုန့်ယွင်ကွေ့ရဲ့ အောင်မြင်မှုတွေက ကျွန်မထက် အများကြီး မြင့်မားပါတယ်…. ကောင်းကင်ဆရာသခင်ရှန့်တောင် သူ အနိုင်ယူတာ ခံခဲ့ရသေးတာ ကျွန်မလောက်ကတော့ ဘယ်ပြောပပါ့မလဲ…. ကံကောင်းထောက်မစွာနဲ့ ကျွန်မတို့ ဒီတစ်ကြိမ်ကိုတော့ နိုင်မှာပါ”
ကောင်းကင်နတ်မင်းရီလော့လည်း ဤအကြောင်းကို ဆက်၍ မေးမြန်းမနေတော့ပေ။ သူက ဖန်သားကောင်းကင်စေတီနှင့် တောင်ကောင်းကင်မုခ်၀ကို သိမ်းဆည်း၍ မုန့်ယွင်ကွေ့နှင့် မင်းသားယိုမင်းအား လိုက်ဖမ်းသည်။ “ကောင်းကင်ဆရာသခင်ပိုင်၊ ခင်ဗျားက ထက်မြက်တဲ့သူတစ်ယောက်ပါ… ဘယ်ဘက်က အရေးသာနေလဲဆိုတာ သိသင့်တယ်… အရေးသာနေတဲ့ဘက်ကို ကာစီးတဲ့သူကတော့ တစ်စစီ ချေမှုန်းခံရမှာပဲ… ဥပမာပြောရမယ်ဆိုရင် မုန့်ယွင်ကွေ့ပေါ့”
ပိုင်ယွီကျင့်မှာ တိတ်ဆိတ်စွာဖြင့်သာ သူ့အနောက်မှ လိုက်လာ၏။
သူမက အမိန့်တစ်ခုပြီးတစ်ခု ပေးနေပြီး ၀င်္ကပါကို ပြောင်းလဲကာ မုန့်ယွင်ကွေ့၏ ကျန်ရှိသော စစ်သည်တော်များကို ဖြတ်တောက် တားဆီးနေသည်။
သားရဲကမ္ဘာ၊ ကောင်းကင်နတ်အရှင်လုံရှောင်၏ ကောင်းကင်နန်းဆောင်တွင်
ဒုန်း
နဂါးချီလင်က မြေပြင်တွင် ဒူးထောက်လျက် ပြားပြား၀ပ် အရိုအသေပေးထားသည်။ သူ၏မျက်နှာတွင် မျက်ရည်များက အဆက်မပြတ် စီးကျနေ၏။ “ဘာလို့ ကျွန်တော်တို့ကို ပြန်ခေါ်ရတာပါလဲ မွေးစားအဖေ… ဂိုဏ်းသခင်နဲ့ သစ္စာကို ဖောက်ဖျက်ခဲ့တာပါပဲဗျာ…”
“တော်စမ်း”
ကောင်းကင်နတ်အရှင်လုံရှောင်က နတ်ကောင်းကင်ခန်းမထဲရှိ ဧကရာဇ်ပလ္လင်ပေါ်တွင် ထိုင်နေသည်။ သူ၏ မျက်နှာကိုးဖက်လုံးက မည်းမှောင်နေ၏။ “လုံပိ၊ ငါက မင်းကို ကယ်နေတာ” သူက အော်ဟစ်လိုက်သည်။ “တစ်လောကလုံးမှာ ဘယ်ဘက်က အရေးသာနေလဲ မင်း မမြင်ဘူးလား… ကောင်းကင်နတ်ဧကရာဇ်ဟောင်က ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ရဲ့ ထောက်ပံ့ပေးမှုကို ရထားတာ… ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ရွှင်ပျော်ပျော်ကျေးရွာက ဘာမှ မကျန်တော့တဲ့အထိ အမြစ်ဖြတ်ချေမှုန်းခံရမှာပဲ… မင်းရဲ့ ဂိုဏ်းသခင်ချင်ဆိုတဲ့ ကောင်းကင်နတ်အရှင်မူတောင် ဒီလောက် ကြီးမားတဲ့ အင်အားရှေ့မှာ တစ်ချက်လေးတောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး.. မင်း ငါတို့ရဲ့ သားရဲကမ္ဘာကို ဖျက်ဆီးမိတော့မလို့ကွ”
နဂါးချီလင်က မြေကြီးကို ခေါင်းနှင့် တိုက်လိုက်ရာ မြေပြင်၌ သွေးများ ဖြာခနဲ စွန်းထင်းသွား၏။ သူ့မျက်လုံးထဲရှိ မျက်ရည်များက သွေးတို့ ဖြစ်လာပြီး သူက ကျယ်လောင်စွာ ငိုကြွေးနေတော့သည်။ “မွေးစားအဖေ၊ ကျွန်တော် မွေးစားအဖေ သေတာကို မမြင်ချင်ပါဘူးဗျာ… မွေးစားအဖေ ဂိုဏ်းသခင်ကို အနိုင်မယူနိုင်ဘူးဗျ… ဂိုဏ်းသခင်နဲ့ ပူးပေါင်းပြီး အခု တောင်ကောင်းကင်ဆီ စစ်တပ်တွေ စေလွှတ်ပေးမယ်ဆိုရင် အသက်ရှင်နိုင်လိမ့်မယ်…”
ကောင်းကင်နတ်အရှင်လုံရှောင်မှာ ဒေါသူပုန်ထသွားသည်။ သူက ဧကရာဇ်ပလ္လင်ပေါ်မှ ထရပ်၍ ခက်ထန်စွာ ပြောလိုက်သည်။ “လုံပိ၊ မင်း ရူးသွားပြီပဲ… ကောင်းကင်နတ်အရှင်မူနဲ့ ပူးပေါင်းလိုက်လို့ ငါ ဘာအကျိုးအမြတ်ရမှာမလို့လဲ.. သူက ငါ့ကို ကောင်းကင်နတ်အရှင်ရာထူး ပေးနိုင်လို့လား…. ဒါမှမဟုတ် ထာဝရတည်ရှိနိုင်မယ့် ဂုဏ်သတင်းနဲ့ ကြွယ်ဝချမ်းသာမှုတွေ ပေးနိုင်လို့လား… သူ ငါ့ကို ဘာမှမပေးနိုင်ဘူး… ကောင်းကင်နတ်ဧကရာဇ်ဟောင်က ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက တစ်ပါး ဖြစ်တဲ့ ရာထူးကို ငါ့ကို ပေးခဲ့ပြီးပြီ…. သားရဲကမ္ဘာရဲ့ ကြီးကျယ်ခမ်းနားတဲ့ စွမ်းအားကလည်း ငါ့လက်ထဲမှာ ရှိနေပြီးသား… ကောင်းကင်နတ်အရှင်မူ အောင်မြင်သွားခဲ့ရင် အနာဂတ်မှာ သားရဲကမ္ဘာရဲ့ အာဏာက ငါ့လက်ထဲမှာ ရှိပါတော့မလား”
သူ၏အမိန့်ပေးမှုကြောင့် သားရဲသိုင်းပညာရှင်တချို့က ရှေ့သို့ တက်လာကြပြီး နဂါးချီလင်ကို ချုပ်ထားလိုက်သည်။
“မင်းသားလုံပိ အသိစိတ်ဝင်သွားအောင် အချုပ်ခန်းထဲ ထည့်ထားလိုက်”
ကောင်းကင်နတ်အရှင်လုံရှောင်က အင်္ကျီလက်စကို ခါလိုက်သည်။ “အခြေအနေတွေ တည်ငြိမ်သွားရင် ပြန်လွှတ်ပေးလိုက်”
နဂါးချီလင်မှာ ဆွဲခေါ်ခံသွားရသည့်ကြားက အော်ဟစ်လိုက်၏။ “မွေးစားအဖေ၊ ဂိုဏ်းသခင်နဲ့ သစ္စာပြုထားတာကို မေ့သွားတာလားဗျာ… သစ္စာဖောက်ရင် သေရလိမ့်မယ်.. ဂိုဏ်းသခင်ကို မွေးစားအဖေ အနိုင်မယူနိုင်ဘူး.. မွေးစားအဖေ၊ ကိုယ့်အသက်ကို မစွန့်လွတ်လိုက်ပါနဲ့ခင်ဗျာ”
လုံရှောင်မှာ အတော်လေး ဒေါသထွက်နေသည်။ ဝုန်းခနဲ မြည်သံကြီးနှင့်အတူ နဂါးချီလင်၏ နားထဲမှ သေးငယ်သောအရာလေးတစ်ခု ထွက်ကျလာ၏။ ၎င်းက ကျွဲခေါင်း၊ ကျားမျက်နှာ၊ လူသားခန္ဓာကိုယ်၊ နွားမြှီးဖြင့် မြေအောက်ဘုံအရှင်သခင်ပိစိလေး ဖြစ်လေသည်။
လုံရှောင်က မြေအောက်ဘုံအရှင်သခင်ပိစိလေးကို လက်ညှိုးထိုး၍ ဒေါသတကြီး ပြောလိုက်သည်။ “မင်း ပြောတဲ့ သစ္စာဆိုတာ ဒီကောင်လား… ကောင်းကင်နတ်အရှင်မူက ငါ့ကို လှည့်စားခဲ့တာ…. မင်းလည်း ငါ့ကို လှည့်စားခဲ့တာပဲ”
သူက မြေအောက်ဘုံအရှင်သခင်ပိစိလေးကို ကောက်ယူ၍ နဂါးချီလင်ဆီသို့ ပစ်ပေါက်လိုက်သည်။ “သူ့ကိုလည်း ချုပ်ထားလိုက်… ထွက်လာပြီး ပြဿနာရှာခွင့် မပေးနဲ့’’
ဝုန်း
နဂါးချီလင်မှာ အသိစိတ်အလျဉ်လှောင်အိမ်ထဲတွင် ချုပ်နှောင်ခံထားရသည်။ ကမ္ဘာဦးသားရဲကြီးများထဲ၌ အသန်မာဆုံး သားရဲကြီးများက လှောင်အိမ်အပြင်တွင် စောင့်ကြပ်ကာ သူတို့၏ အသိစိတ်အလျဉ်ဖြင့် ချိပ်ပိတ်ထားကြ၏။
မကြာမီ နဂါးချီလင်၏ ကလေးများလည်း ချုပ်နှောင်ခံလိုက်ရသည်။ သူတို့ လူ့ပြည်သို့ သွားရောက်၍ ချင်မူ့ထံ တိတ်တဆိတ် အကြောင်းကြားလိမ့်မည်ကို လုံရှောင် စိုးရိမ်နေခြင်း ဖြစ်ပေလိမ့်မည်။
နဂါးချီလင်၏ မျက်နှာမှာ ပြာမှုန့်များအလား သွေးဆုတ်ဖြူလျော့နေ၏။ မြေအောက်ဘုံအရှင်သခင်ပိစိလေးက သူ၏လက်မောင်းကြားထဲမှ တွယ်တက်လာပြီး တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် ကြည့်နေသည်။
နဂါးချီလင်က အကြည့်လွှဲထား၏။
“မူး...” မြေအောက်ဘုံအရှင်သခင်ပိစိလေးက အင်မတန် လေးနက်နေသော မျက်နှာအမူအရာဖြင့်ပြောသည်။
နဂါးချီလင်၏ မျက်ရည်များ စီးကျလာတော့၏။ “ငါ သိပါတယ်… ဒါပေမဲ့ မွေးစားအဖေကို ဒီလို သေမသွားစေချင်ဘူး”
“မူး...”
မြေအောက်ဘုံအရှင်သခင်ပိစိလေး၏ မျက်နှာအမူအရာက ပို၍ပင် တည်ကြည်လေးနက်လာပြီး ပါးစပ်ဟကာ စာချုပ်စာအုပ်ကို ထွေးထုတ်လိုက်သည်။
နဂါးချီလင်က တားဆီးရန် လက်မြှောက်လိုက်သော်လည်း ပြန်လည်ရုပ်သိမ်းလိုက်၏။
စာချုပ်စာအုပ်ထဲတွင် ချင်မူ လုံရှောင်နှင့် ချုပ်ဆိုခဲ့သော စာချုပ် ပါသည်။ လုံရှောင် သစ္စာမဖောက်ရန်နှင့် သစ္စာဖောက်ခဲ့ပါက သူ၏ဝိညာဉ်ကို မြေအောက်ဘုံအရှင်သခင်လေးက ခေါ်ဆောင်သွားလိမ့်မည်ဟု ပါရှိသည်။
ဤနေရာရှိ မြေအောက်ဘုံအရှင်သခင်လေးမှာ မြေအောက်ဘုံအရှင်သခင်ပိစိလေး မဟုတ်ဘဲ ချင်ဖုန်းကျင့် ဖြစ်၏။
မြေအောက်ဘုံအရှင်သခင်ပိစိလေးက ခွာကို မြှောက်၍ စာချုပ်စာအုပ်၏ စာရွက်များကို ခက်ခက်ခဲခဲ လှန်နေသည်။ နဂါးချီလင်၏ သားနှင့် သမီးက ရှေ့သို့တက်လာ၍ သူ့အား ကူညီကာ လှန်လျောပေးနေသည်။
မြေအောက်ဘုံအရှင်သခင်ပိစိလေးက ပါးစပ်ဟ၍ စာချုပ်စာအုပ်ထဲမှ စာလုံးများကို ရွတ်ဖတ်နေသည်။
နဂါးချီလင်က မျက်ရည်များ တသွင်သွင် စီးကျလျက် မျက်လုံးမှိတ်ထား၏။
မြေအောက်ဘုံအရှင်သခင်ပိစိလေး ရွတ်ဖတ်နေသည့် စာချုပ်မှာ လုံရှောင်၏ သေရမည့်မှတ်တမ်း ဖြစ်သည်ကို သူ သိထားသည်။ မြေအောက်ဘုံအရှင်သခင်ပိစိလေး ရွတ်ဖတ်ပြီးသည့်အချိန်၌ ချင်ဖုန်းကျင့် ဆင်းသက်လာပေလိမ့်မည်။
ဤသည်က လုံရှောင်ကို ရင်ဆိုင်ရန် ချင်မူကိုင်ထားသည့် နိုင်ဖဲတစ်ချပ် ဖြစ်၏။
နဂါးချီလင် သိထားသော်လည်း မတားဆီးနိုင်ပေ။
“ငါ ရပ်နေတဲ့နေရာက ယိုတုပဲ”
မြေအောက်ဘုံအရှင်သခင်ပိစိလေးက ယိုတုဘာသာစကားဖြင့် ရွတ်ဖတ်လိုက်ရာ သူ၏ ခန္ဓာကိုယ် လည်ပတ်သွားသည်။ လေးပေသာ ကျယ်ဝန်းသည့် ယိုတုပိစိလေးက သားရဲကမ္ဘာ၏ အသိစိတ်အလျဉ်လှောင်အိမ်ထဲတွင် ထွက်ပေါ်လာ၏။ ဤယိုတုက ကမ္ဘာဦးဘုံ၏ ယိုတုနှင့် ချိတ်ဆက်နေချေသည်။