ချန်ယိ၏ အကြောင်းပြချက်
Vol. 144 Ch. 2055
ကျန်းယွဲ့လီက လီချန်ရှန်းနှင့် အခြားလူများကို သူမ၏ လှပသော မျက်ဝန်းများနှင့် ကြည့်လိုက်သည်။ သူမက အတွေးများ ပို့လွှတ်ကာ ပြန်ဖြေလိုက်၏။ "ဘာမှမဖြစ်ပါဘူး။"
သူမက သူတို့ကိုယ်စား ပြောပေးရသည့် အကြောင်းပြချက်မှာ ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် လင်းရှောင်နန်းတော်ကသာ ပြဿနာကို စတင်သူများဖြစ်ကြောင်း မြင်လိုက်ရ၍ ဖြစ်သည်။ သူမက တစ်ဖက်အဖွဲ့မှ လူများ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များအား လိုက်ဖမ်းနေသည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ယခု တစ်ဖက်လူများ အသတ်ခံလိုက်ရသည့်အခါမှ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ တန်ခိုးရှင်များ အပြစ်ပေးခံရပါက ၎င်းက မျှတလိမ့်မည် မဟုတ်ပေ။
ထိုလူများအားလုံးက ရီဖူရှင်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပုံရသည်။ သူက တစ်ယောက်တည်းနှင့် မည်သို့ စွမ်းဆောင်ခဲ့သနည်း။
ထိုအငြင်းပွားမှုက အလွန် ပြင်းထန်သည့်အတွက် တန်ခိုးရှင်များမှာ တိုက်ပွဲအကြောင်း မေ့သွားပုံရလေသည်။ ရီဖူရှင်းက လင်းဟယ်နှင့် ယန်တုန်းရန်ကို မည်သို့ သတ်ပစ်ခဲ့သနည်း။ တစ်ဖက်အဖွဲ့မှ အစွမ်းထက်ရန်ဟောင်များ၏ ကာကွယ်မှု ရှိနေခဲ့သည်။ သို့သော်လည်း သူတို့အားလုံးက အသတ်ခံခဲ့ရပေသည်။
ဂရုတစိုက် တွေးကြည့်လျှင် ရီဖူရှင်း၏ တိုက်ပွဲစွမ်းရည်က အတိအကျမည်မျှ ထိတ်လန့်ဖွယ် ကောင်းသနည်း။
သူက မည်မျှ ဖုံးကွယ်ထားသနည်း။
မည်သူမှ မသိပေ။ မည်သူကမှ ထိုတိုက်ပွဲကို မမြင်တွေ့ခဲ့ကြချေ။ ရီဖူရှင်း တိုက်ခိုက်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့သူများက အသတ်ခံလိုက်ရပြီ ဖြစ်လေသည်။ ထိုသေဆုံးခြင်းများကြောင့် လင်းရှောင်နန်းတော်နှင့် ရှေးဟောင်းတော်ဝင် ယန်မိသားစုတို့က ရီဖူရှင်းအား အလွယ်တကူ လွှတ်ပေးလိမ့်မည် မဟုတ်ပေ။ ထို့ပြင် ယန်တုန်းရန်နှင့် လင်းဟယ်သည်လည်း သေဆုံးသွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ အင်အားစုနှစ်ခုလုံးက ရီဖူရှင်းအား သတ်ဖြတ်လိမ့်မည်မှာ အသေအချာပင် ဖြစ်သည်။
နယ်မြေသခင်က ရီဖူရှင်းဘက်၌ ရပ်တည်ပေးလျှင် အကောင်းဆုံး ဖြစ်လိမ့်မည်။ သို့သော် နင်ဟွာ၏ သဘောထားကို ကြည့်လျှင် ထိုသို့ဖြစ်လာရန် ခက်ခဲလိမ့်မည်။ သူတို့က ဤလျှို့ဝှက်နယ်မြေမှ ထွက်သွားသည့်အခါ ပြင်းထန်သောတိုက်ပွဲတစ်ခု သေချာပေါက် ဖြစ်ပွားလိမ့်မည် ဖြစ်သည်။ ရီဖူရှင်းက အန္တရာယ်များသည့် အခြေအနေတွင် ရှိနေ၏။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အတွက်ပင် သူ့ကို ကာကွယ်ရန် ခက်ခဲပေလိမ့်မည်။
ရှေးဟောင်းတော်ဝင် ယန်မိသားစုက ယခုအဖြစ်အပျက် မတိုင်ခင်ကပင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ဆန့်ကျင်နေခဲ့သည်။ ရီဖူရှင်း လုပ်ခဲ့သည့်အရာမှာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်တွင် ကျင့်ကြံရန် ဝင်ရောက်ခဲ့ပြီး ဤနေရာသို့ လိုက်ပါလာခြင်းသာ ဖြစ်သည်။
"လျှို့ဝှက်နယ်မြေက ထွက်သွားပြီးရင် မင်းတို့ရဲ့ ပြစ်ဒဏ်ကို စောင့်နေလိုက်။" နင်ဟွာက လီချန်ရှန်းနှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များကို ကြည့်ကာ အမိန့်ပေးလိုက်သည်။ သူ၏ လေသံက လွှမ်းမိုးနိုင်ကာ သူတို့အား နားကလောစေသည့် စကားလုံးများ အသုံးပြုသွားသည်။
သူတို့၏ ပြစ်ဒဏ်ကို စောင့်နေလိုက်တဲ့လား။ နင်ဟွာက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များကို ပြစ်ဒဏ်အား စောင့်ဆိုင်းနေရမည့် အပြစ်သားများသဖွယ် တွေးထင်ထားသည်။
လီချန်ရှန်းနှင့် ကျုံးချန်သည်လည်း နင်ဟွာက မည်သူဖြစ်ကြောင်း နားလည်ထားသည်။ အမှန်တကယ်ပင် သူတို့က အပြစ်ဒဏ်ကို စောင့်ဆိုင်းရမည် ဖြစ်သည်။ နယ်မြေသခင်နင်က ဤကိစ္စ၌ ပါဝင်နေကတည်းက သူသည် ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် လင်းရှောင်နန်းတော်တို့ဘက်မှ ရပ်တည်မည်မှာ သံသယဝင်ရန်ပင် မလိုပေ။ ထိုသို့ဆိုလျှင် သူက သူတို့အနေအထားမှ မည်သို့ စဥ်းစားပေးလိမ့်မည်နည်း။ သူတို့က ဤနေရာမှ ထွက်ခွာသွားပြီးနောက် အခက်အခဲနှင့် ရင်ဆိုင်ရပေလိမ့်မည်။
သတင်းပို့ပြီးနောက် ဆေးအင်ပါယာက သူတို့ကို လျှို့ဝှက်နယ်မြေအတွင်း တတ်နိုင်သမျှ ကြာကြာနေပြီး အပြင်လောကသို့ ပြန်ထွက်မည့်အချိန်ကို နှောင့်နှေးစေရန် ညွှန်ကြားခဲ့သည်။ ဆေးအင်ပါယာက ပြင်ဆင်မှုများ ပြုလုပ်နေခြင်း ဖြစ်နိုင်သည်။ သို့သော် ထိုသို့လုပ်လျှင် ဆေးအင်ပါယာက နယ်မြေသခင်အား ကိုယ်တိုင် ဆန့်ကျင်လာသကဲ့သို့ ဖြစ်ပေလိမ့်မည်။
ဤပြဿနာများတွင် နယ်မြေသခင်က ပါဝင်ပတ်သတ်နေခဲ့ရာ သူသည် ထိုနေ့က တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ သေခြင်း၌ ပါဝင်ပတ်သတ်နေနိုင်ချေများသည်။ ထိုသို့ဖြစ်လျှင် နယ်မြေသခင်နှင့် ဆေးအင်ပါယာတို့က သေချာပေါက် ပဋိပက္ခ ဖြစ်ပွားလိမ့်မည်။ နယ်မြေသခင်က ကောင်းကောင်း ဖုံးကွယ်ထားခဲ့ခြင်းသာ ဖြစ်သည်။
သူတို့သည် ဆေးအင်ပါယာက တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ သေဆုံးခြင်းကို အမြဲ အကြောင်းစုံ ချင်နေခဲ့ကြသည်။ သို့သော်လည်း ယခုကြည့်ရသည်မှာ သူတို့က အမှန်တရားနှင့် နီးကပ်လာပြီး ပို၍ အန္တရာယ်များသော အခြေအနေသို့ ရောက်ရှိသွားခဲ့ပုံရလေသည်။
လီချန်ရှန်းနှင့် အခြားလူများက မည်သည့်စကားမှ မပြောပေ။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များ၏ မျက်လုံးထဲတွင် အေးစက်မှုတို့ ရှိနေခဲ့၏။ သူတို့က ပြင်းထန်သော ဒေါသတို့အား ဖိနှိပ်နေရသည်။ သို့သော် ဤနေရာက နယ်မြေသခင်အိမ်တော်၏ ပိုင်နက်ဖြစ်သည်။ တစ်ဖက်လူမှာလည်း ဒုနယ်မြေသခင်ဖြစ်လေသည်။ သူတို့က ပြဿနာထဲ ရောက်နေသည်ဖြစ်ရာ မည်မျှဒေါသထွက်နေပါစေ အခုချိန်၌ မျိုသိပ်ထားရဦးမည်သာ ဖြစ်သည်။
"ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ တန်ခိုးရှင်တွေက ယန်ပြည်ထောင်ရဲ့ မင်းသားတစ်ပါးကို သတ်ဖြတ်ခဲ့တယ်။ ဒုနယ်မြေသခင်က စီရင်ချက်ချတဲ့အထိ စောင့်နိုင်ပေမယ့် ကျုပ်တို့ ယန်ပြည်ထောင်က မစောင့်နိုင်ဘူး။ ဒုနယ်မြေသခင် နားလည်ဖို့ မျှော်လင့်ပါတယ်။" အေးစက်သည့်အသံတစ်ခုက သတ်ဖြတ်လိုစိတ်အပြည့်နှင့် ပြောလိုက်သည်။ ထိုစကားပြောလာသူမှာ ယန်ပြည်ထောင် အိမ်ရှေ့စံ ယန်ဟန်ရှင်း ဖြစ်သည်။
နင်ဟွာက ယန်ဟန်ရှင်းအား တစ်ချက်ကြည့်ကာ ပြန်လှည့်ထွက်သွားသည်။ ထိုကိစ္စမှာ သူနှင့် မသက်ဆိုင်သကဲ့သို့ပင်။
…
အခြားတစ်ဖက်တွင် တောင်ကြောတလျှောက် အလင်းတန်းတစ်ခု လင်းလက်သွားပြီးနောက် တစ်နေရာတွင် ရပ်တန့်သွားကာ ပုံရိပ်နှစ်ခု ပေါ်ပေါက်လာသည်။ သူတို့ထဲမှ တစ်ယောက်မှာအဖြူရောင်ဆံပင်နှင့် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုသူမှာ တိုက်ပွဲကြီးတွင် ပါဝင်ခဲ့သည့် ရီဖူရှင်းဖြစ်သည်။
သူက ဘေးမှလူကို ကြည့်လိုက်သည်။ ထိုသူမှာ ယခင်က သူနှင့် တွေ့ဆုံဖူးပြီး သူနှင့်ပင် ဆန့်ကျင်တိုက်ခိုက်ခဲ့ဖူးသည်။ ချန်ယိက တုန်းဟွာကောင်းကင်တွင် ဒဏ္ဍာရီပုဂ္ဂိုလ်တစ်ဦးအဖြစ် ကျော်ကြားသူ ဖြစ်၏။ သူ့အကြောင်း ပုံပြင်များစွာ ရှိသည်။ သူက အလွန် အစွမ်းထက်သော စွမ်းရည်ကို ပိုင်ဆိုင်ထားပြီး အလင်းဓားကို ကျွမ်းကျင်သည်။ သူ့အရှိန်နှင့် သတ်ဖြတ်ခြင်းစွမ်းအားက ကြောက်မက်ဖွယ်ဖြစ်သည်။ သူက အမှန်တကယ်ပင် နင်ဟွာ၏ ဖမ်းချုပ်မှုမှ ရီဖူရှင်းကို ကယ်တင်နိုင်ခဲ့သည်။ သူ၏ အရှိန်က မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သိနိုင်သည်။
ရီဖူရှင်းသည် ချန်ယိက သူ့အား မည်သည့်အတွက် ကူညီကြောင်း စဥ်းစားမရပေ။
ချန်ယိသည် ရီဖူရှင်းအား ကယ်တင်ခဲ့သည့်အတွက် နင်ဟွာကို ဆန့်ကျင်မိခဲ့သည်။
သူတို့က တုန်းဟွာကောင်းကင်တွင် ရှိနေပြီး နင်ဟွာက ဤနေရာ၌ မြင့်မားသော အဆင့်အတန်းရှိ၏။ နင်ဟွာ၏ လက်မှတစ်စုံတစ်ယောက်ကို လုယူခဲ့ခြင်းမှာ သေချာပေါက် ဉာဏ်ရှိသော လုပ်ရပ်မဟုတ်ပေ။ ထို့ပြင် ချန်ယိက သူ့လက်အောက်၌ ရှုံးနိမ့်ခဲ့သူတစ်ယောက် ဖြစ်ပြီး သူတို့က သေချာပေါက် အဆက်အစပ်မရှိကြပေ။
ထို့ကြောင့် ရီဖူရှင်းက ဇဝေဇဝါ ဖြစ်သွားသည်။ သူက ချန်ယိအား ကြည့်ကာ ပြောလိုက်၏။ "ကျေးဇူးအများကြီးတင်ပါတယ်။ ဒါပေမယ့် ကျုပ်ကို ဘာလို့ ကူညီခဲ့တာလဲ။"
ချန်ယိက ရီဖူရှင်းကို ကြည့်လိုက်သည်။ သူက ပြုံးကာ ပြောလိုက်၏။ "ငါတို့ မိတ်ဆွေကောင်းတွေ ဖြစ်လာမယ်ဆိုတာ ယုံကြည်မိလို့ဆိုပြီး ပြောရင် မင်း ငါ့ကို ယုံမှာလား။"
"ကျုပ် မယုံဘူး။" ရီဖူရှင်းက ချက်ချင်း ပြန်ဖြေလိုက်သည်။ ချန်ယိက မျက်တောင်ခတ်လိုက်၏။ ထို့နောက် သူက ပြုံးကာ ပြောလိုက်သည်။ "ငါက တစ်ချိန်လုံး အရှုံးဆိုတာ မရှိခဲ့ဘူး။ ရှုံးနိမ့်ဖူးတဲ့ တစ်ကြိမ်က တုန်းဟွာအခမ်းအနားမှာ မင်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အချိန်ကပဲ။ မင်းသာ နင်ဟွာကြောင့် ဒုက္ခိတဖြစ်သွားတာတို့ အသတ်ခံလိုက်ရတာတို့ ဖြစ်သွားခဲ့ရင် ငါ့ရဲ့ ဂုဏ်သိက္ခာကို ဘယ်လို ပြန်ဆယ်ရမလဲ။ ဒါကြောင့် မင်း အသက်ရှင်နေဖို့ လိုတယ်။"
"အဲဒီလိုလား။" ရီဖူရှင်းက ချန်ယိအား သံသယဝင်စွာ ကြည့်လိုက်သည်။ ဤတစ်ကြိမ်၌ ချန်ယိက နင်ဟွာအား ဆန့်ကျင်ခဲ့သည်။ အခြားမည်သူက ထိုသို့ လုပ်ရဲလိမ့်မည်နည်း။
ချန်ယိက ရီဖူရှင်းနှင့် နောက်တစ်ခါ တိုက်ခိုက်ကာ သူ့သိက္ခာကိုယ် ပြန်ဆယ်ချင်ရုံမျှနှင့် ထိုသို့ လုပ်ဆောင်ခဲ့သည်လား။
"မင်း ခုထိ ငါ့ကို မယုံသေးဘူးလား။" ချန်ယိက ရီဖူရှင်း၏ မျက်လုံးများထဲမှ အကြည့်ကို မြင်သောအခါ ပြောလိုက်သည်။ "ဒါဆို ငါက ရှေးဟောင်းတော်ဝင် ယန်မိသားစုနဲ့ လင်းရှောင်နန်းတော်ရဲ့ လုပ်ရပ်တွေကို သည်းမခံနိုင်တော့လို့ ဖြစ်မယ်။ သူတို့ကပဲ အရင်စတိုက်ပြီး အသတ်ခံလိုက်ရတော့မှ ဆန့်ကျင်ဘက်တွေ ပြောနေတာ။ နယ်မြေသခင်အိမ်တော်ကလည်း ရောက်လာတာနဲ့ မင်းကို အချုပ်ထဲ ထည့်ဖို့ ကြိုးစားနေတာ။ ငါ တကယ် သည်းမခံနိုင်ဘူး။ နောက်ကွယ်က အကြောင်းတရားက ဘယ်မှာလဲ။"
ရီဖူရှင်းက မည်သည့်စကားမှ မဆိုခဲ့ပေ။ ချန်ယိပေးသော အကြောင်းပြချက်တိုင်းက သဘာဝမကျသော်လည်း အရေးကြီးဆုံးမှာ တစ်ဖက်လူက သူ့အား သူ လွတ်မြောက်ရန် ကူညီပေးခဲ့ခြင်း ဖြစ်သည်။ ရီဖူရှင်း၌ အသက်ရှင်ရန် အခွင့်အရေး ရှိနေဆဲပင် ဖြစ်သည်။
ရီဖူရှင်းက အဝေးသို့ ကြည့်လိုက်ပြီး ချန်ယိအား ဆက်လက်၍ မေးခွန်းမထုတ်တော့ပေ။ ရီဖူရှင်းအား ချန်ယိ ကူညီခဲ့သည့် အကြောင်းပြချက်မှာ မည်သည့်အကြောင်းပင်ဖြစ်စေ အရေးမကြီးပါချေ။
ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ လူများ အန္တရာယ် ရှိလိမ့်မည်လားဟု ရီဖူရှင်းက တွေးလိုက်သည်။ သူက လင်းဟယ်နှင့် ယန်တုန်းရန်အား သတ်ခဲ့၏။ နင်ဟွာက လှုပ်ရှားချင်လျှင်ပင် နယ်မြေသခင်အိမ်တော်၏ ပုံရိပ်ကို ထိန်းသိမ်းရန် လိုအပ်နေသေးသည်။ သူသည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ကျင့်ကြံသူများကို အကြောင်းပြချက်မရှိဘဲ သတ်ဖြတ်၍ မရပေ။ သူတို့ အသက်များက လုံခြုံနိုင်သေးသည်။ သို့သော် ယခုတွင် ရီဖူရှင်းက အနာဂတ်၌ မည်သို့ဖြစ်လာမည်ကို မမြင်နိုင်သလို မည်သို့သော အလှည့်အပြောင်းဖြစ်လာမည်ကိုလည်း မသိရှိပေ။
"လက်ရှိမှာ မင်းက အင်အားစုနှစ်ခုရဲ့ မျက်လုံးထဲက အမှိုက်ဖြစ်နေတယ်။ နင်ဟွာကလည်း မင်းကို အချုပ်ထဲပဲ ထည့်ချင်နေတာ။ ကြည့်ရတာ မင်းသွားစရာ မရှိတော့ပုံပဲ။ ဘာဆက်လုပ်ဖို့ စီစဥ်ထားလဲ။" ချန်ယိက ရီဖူရှင်းကို မေးလိုက်သည်။
ရီဖူရှင်းက ခေါင်းယမ်းလိုက်၏။ သူက အရှုံးကြီးရှုံးနိမ့်ခဲ့သည်။ ယခင်က သူသည် နယ်မြေသခင် အိမ်တော်သို့ ဝင်ရောက်ရန် တုန်းဟွာအခမ်းအနားတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့ အဆုံးသတ်သွားလိမ့်မည်ဟု မည်သူက သိပါမည်နည်း။
နယ်မြေသခင်က အမှန်တကယ် ကြိုးကိုင်သူ ဖြစ်နေခဲ့သည်။ ရီဖူရှင်းက တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ အမွေအနှစ်ကို ဆက်ခံခဲ့သည်ဖြစ်ရာ သူက နယ်မြေသခင်နှင့် ဆန့်ကျင်ဘက်တွင် ရပ်တည်ရန် ကြမ္မာဖန်လေသည်။
"ငါ့မှာ အကြံတစ်ခုရှိတယ်။" ချန်ယိက ပြောလိုက်သည်။
"ဘာများလဲ။" ရီဖူရှင်းက မေးလိုက်၏။
"မိစ္ဆာနတ်ဘုရားမျှော်စင်" ချန်ယိက ရှင်းပြလိုက်သည်။ "မိစ္ဆာနတ်ဘုရားမျှော်စင်မှာ အရှုပ်အထွေးတွေ ဖြစ်နေပြီး နတ်ဆိုးသားရဲတွေ အားလုံးကလည်း အဲဒီမှာ စုဝေးနေကြတယ်။ ဒီလျှို့ဝှက်နယ်မြေထဲမှာ လျှို့ဝှက်ချက်အချို့ရှိမှာ သေချာသလောက်ပဲ။ တုန်းဟွာနယ်မြေသခင်အိမ်တော်ကတောင် ဒီလျှို့ဝှက်ချက်တွေကို ဖြေရှင်းဖို့ မတတ်နိုင်ခဲ့ဘူး။ ငါတို့ အဲဒီကိုသွားပြီး ဘာလို့ ကံမစမ်းကြည့်ရမှာလဲ။ မတော်တဆ အကျိုးအမြတ်တချို့ ရလာနိုင်မလား ဘယ်သူသိမှာလဲ။"
ရီဖူရှင်းက မျက်မှောင်ကြုတ်လိုက်သည်။ တန်ခိုးရှင်များက ထိုနေရာ၌ စုဝေးနေကြသည်။ သူတို့က ထိုနေရာသို့ သွားလျှင် သူတို့က အခြားကျင့်ကြံသူများ၏ အာရုံစိုက်မှုကို ချက်ချင်း ခံကြရလိမ့်မည် မဟုတ်ပါလား။
သူ၏ လက်ရှိအခြေအနေနှင့် ၎င်းက မသင့်တော်သလို ထင်မှတ်ရပေသည်။
***