← Chapters

ပေါင်တစ်ထောင်စွမ်းအား

Vol. 2 Ch. 24

ပေါင်တစ်ထောင်စွမ်းအား

Vol. 2 Ch. 24

ပေါင်တစ်ထောင်စွမ်းအားကို တစ်အိုးစွမ်းအားဟုလည်း ခေါ်ဆိုကြပြီး ပေါင်တစ်ထောင်ရှိသော ဧရာမအိုးကြီးအား အလွယ်တကူ ပင့်မြှောက်နိုင်သည်မှာ သာမန်ဘဝဖြတ်ကျော်အဆင့်တစ်ရှိသူများ၏ အရေးပါသော အမှတ်အသားဖြစ်ပေသည်။

လော့ချန်က ခန္ဓာသန့်စင်မှုအဆင့်တွင် ပေါင်တစ်ထောင်စွမ်းအားသို့ ရောက်ရှိနိုင်မည်လားဆိုသည်ကို စမ်းသပ်ကြည့်ရန် ဆန္ဒရှိနေသည်။

“ခန္ဓာသန့်စင်မှုအဆင့်မှာ အခြေခံကို သေသေချာချာ တည်ဆောက်ထားရင် အနာဂတ်မှာ ခန္ဓာကိုယ်သန်မာမှုနဲ့ တိုက်ပွဲစွမ်းအားက ပိုပြီးအားကောင်းလာမယ်... ဒီလိုလုပ်မှပဲ ကျိယွမ်ဟောင်နဲ့ ယှဉ်ပြိုင်နိုင်မှာ... အကုန်လောင်းပြီး ကြိုးစားကြည့်ရမယ်...”

အကောင်းဆုံး လေ့ကျင့်မှုရလဒ်ရရှိရန်အတွက် လော့ချန်က သူ့ထံတွင် ကျန်ရှိနေသော ကြယ်နှစ်ပွင့်ဝိညာဉ်ဆေးဖြစ်သည့် ခရမ်းရောင်ကြယ်သီးကို ထုတ်ယူလိုက်သည်။ ခရမ်းရောင်ကြယ်သီးကို သန့်စင်ပြီးနောက် လော့ချန်က ဆေးလုံးနှစ်လုံးရရှိခဲ့သည်။

ဆေးလုံးတစ်လုံးကို မျိုချလိုက်ပြီး လော့ချန်က ချက်ချင်းပင် ကျင့်ကြံခြင်းကိုစတင်လိုက်သည်။ ကျင့်ကြံခြင်းကိုစတင်လိုက်သည်နှင့် လော့ချန်က ထူးခြားမှုတစ်ခုကို ခံစားမိလိုက်သည်။

သူ၏ခန္ဓာကိုယ်က အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုကဲ့သို့ ခရမ်းရောင်ကြယ်သီးဆေးလုံး၏ ဆေးစွမ်းအင်ကို အဆက်မပြတ် စုပ်ယူနေပေသည်။

အချိန်တစ်ရက်အတွင်း၌ပင် ဆေးလုံးတစ်လုံး၏ ဆေးစွမ်းအင်က လုံးဝကုန်ခမ်းသွားသည်။ ထိုအချိန်တွင် လော့ချန်၏ စွမ်းအားက အံ့အားသင့်ဖွယ် ပေါင်ကိုးရာအထိ ရောက်ရှိသွားသည်။ လော့ချန်က ထိုပြောင်းလဲတိုးတက်မှုကို ခန္ဓာသန့်စင်မှုအထွတ်အထိပ်အဆင့်ကြောင့် ဖြစ်ပေါ်လာသည်ဟု ခန့်မှန်းမိလိုက်သည်။

ခန္ဓာသန့်စင်မှုအထွတ်အထိပ်သို့ တက်လှမ်းခြင်းက ခန္ဓာသန့်စင်မှုအဆင့်၏ ကန့်သတ်ချက်ကို ဖြတ်ကျော်ခြင်းဖြစ်ပြီး ခန္ဓာကိုယ်သန်မာမှုနှင့် အင်အားကို မြှင့်တင်နိုင်ခြင်းဖြစ်သည်။

လော့ချန်က တွန့်ဆုတ်မနေဘဲ ဒုတိယဆေးလုံးကို မျိုချလိုက်သည်။

ထိုညတွင် လော့ချန်က တောင်ခွင်းလက်သီးစွမ်းရည်ကို လေ့ကျင့်နေစဉ် သူ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ရင်လာသည်။

ဘုန်း...

ရုတ်တရက် လော့ချန်၏ ခန္ဓာကိုယ်ထဲတွင် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး၏ အရိုးအဆစ်များပင် တုန်ရင်သွားပေသည်။

ထိုအခိုက်အတန့်တွင် လော့ချန်က ပိုးအိမ်လေးထဲမှ ထွက်ပေါ်လာသော လိပ်ပြာငယ်လေးကဲ့သို့ ခံစားမိလိုက်သည်။

သူ၏ခန္ဓာကိုယ်က တစစီအက်ကွဲသွားပြီးမှ ပြန်လည်ပေါင်းစည်းလာသကဲ့သို့ ခံစားလိုက်ရပြီး သူက လျှို့ဝှက်ဆန်းကြယ်သော နယ်မြေသစ်တစ်ခုထဲသို့ ရောက်ရှိသွားသည်။

ရောင်စဉ်ကိုးသွယ်မှော်အလင်းက တောက်ပလျက်ရှိပြီး လော့ချန်၏ သိုင်းဝိညာဉ်က ရုတ်တရက် ထွက်ပေါ်လာကာ ခန္ဓာကိုယ်တစ်ခုလုံးတွင် အဆုံးမရှိသော စွမ်းအင်များ ပြည့်နှက်နေသကဲ့သို့ပင်။ တောင်တစ်လုံးကို မြှောက်နိုင်သည့်အလား ခံစားလိုက်ရခြင်းဖြစ်၏။

“မြေသိမ့်တုန်လက်သီး...”

“တောင်ဖြိုလက်သီး...”

ထိုစဉ် လော့ချန်က တောင်ခွင်းလက်သီးစွမ်းရည်ကို စတင်လေ့ကျင့်လိုက်သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ သူက စွမ်းရည်နှစ်ခုကို တပြိုင်နက်အသုံးပြုလိုက်ပြီး ဘယ်ဘက်လက်ဖြင့် တောင်ခွင်းလက်သီးစွမ်းရည်၏ ပထမပုံစံဖြစ်သည့် မြေသိမ့်တုန်လက်သီးကို အသုံးပြုကာ ညာဘက်လက်ဖြင့် ဒုတိယပုံစံဖြစ်သည့် တောင်ဖြိုလက်သီးကို ထိုးချလိုက်သည်။

ဘုန်း...

လက်သီးရိုက်ချက်အသံက မိုးခြိမ်းသံကဲ့သို့ထွက်ပေါ်လာပြီး ခန္ဓာသန့်စင်မှုအဆင့်ရှိသူများ လေ့ကျင့်ရန်အသုံးပြုသော သိုင်းလေ့ကျင့်တိုင်မှာ ပေါက်ကွဲထွက်သွားကာ အစအနများအဖြစ် လွင့်စဉ်သွားသည်။

လော့ချန်က မျက်လုံးများဖွင့်လိုက်ပြီး ပြိုကွဲကျသွားသော သိုင်းလေ့ကျင့်တိုင်ကို ကြည့်လျက် အံ့အားသင့်မှုများဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။

ထိုသိုင်းလေ့ကျင့်တိုင်က ခန္ဓာသန့်စင်မှုအဆင့်ရှိသူများ လေ့ကျင့်ရန်အတွက် ဖန်တီးထားခြင်းဖြစ်သည့်အတွက် ထိုတိုင်၏ခုခံနိုင်သည့် အင်အားကန့်သတ်ချက်မှာ ပေါင်တစ်ထောင်သာဖြစ်ပေသည်။

လော့ချန်၏ စိတ်ထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာသည်။

ခန္ဓာသန့်စင်မှုအဆင့်တွင် ပေါင်တစ်ထောင်စွမ်းအားသို့ ရောက်ရှိသူများအကြောင်း သူ တစ်ခါမှ မကြားဖူးခဲ့ပေ။ တာယွဲ့မင်းဆက်တစ်ခုလုံးတွင်ပင် ဒုတိယလူတစ်ဦးကို ရှာဖွေရန် ခက်ခဲလိမ့်မည်ပင်။

စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားပြီးနောက် လော့ချန်က အစောပိုင်းကဖြစ်ပွားခဲ့သော အဖြစ်အပျက်ကို ပြန်လည်သုံးသပ်ကြည့်ကာ မယုံမကြည်နိုင်သော မျက်လုံးများဖြင့် လက်နှစ်ဖက်ကို ထပ်မံလှုပ်ရှားလိုက်သည်။

ဘုန်း... ဘုန်း...

တောင်ခွင်းလက်သီးစွမ်းရည်၏ ပုံစံနှစ်ခုကို တပြိုင်နက် ထုတ်ဖော်လိုက်သည်။ မည်သည့် ကန့်သတ်ချက်မှ ရှိမနေသည်မှာ မယုံနိုင်ဖွယ်ရာပင်။

“လူနဲ့သိုင်းပညာ တစ်သားတည်းပေါင်းစည်းပြီး သိုင်းပညာက ပြောင်းလဲမှုအဆင့်ကို ရောက်ရှိသွားပြီလား...”

လော့ချန်က လေးနက်စွာ အသက်ရှူသွင်းလိုက်သည်။

သိုင်းပညာက အထွတ်အထိပ်သို့ ရောက်ရှိပြီး ပြောင်းလဲမှုအဆင့်သို့ တက်လှမ်းသွားမှသာ ထိုကဲ့သို့ စွမ်းအင်နှစ်မျိုးသုံးနိုင်သည့် အခြေအနေသို့ ရောက်ရှိကာ စိတ်ဆန္ဒအလျောက် လှုပ်ရှားနိုင်မည်ဖြစ်သည်။

“အခု ငါ့ရဲ့အင်အားက သာမန်ဘဝဖြတ်ကျော်အဆင့်တစ်ရှိသူတွေနဲ့ ယှဉ်ပြိုင်နိုင်လောက်ပြီထင်တယ်...”

သိုင်းသမားတစ်ဦးက သာမန်ဘဝဖြတ်ကျော်အဆင့်တစ်သို့ ရောက်ရှိသည်နှင့် ပေါင်တစ်ထောင်စွမ်းအားကို ရရှိပေသည်။

လော့ချန်ကိုယ်တိုင်တွင် ပေါင်တစ်ထောင်စွမ်းအား ရှိပြီးဖြစ်ကာ ပြောင်းလဲမှုအဆင့်သို့ ရောက်ရှိထားသော တောင်ခွင်းလက်သီးစွမ်းရည်ကို ပေါင်းစပ်လိုက်လျှင် ထွက်ပေါ်လာသော စွမ်းအားသည် သာမန်ဘဝဖြတ်ကျော်အဆင့်တစ်ရှိသူများနှင့် ယှဉ်ပြိုင်နိုင်မည်ပင်။

“မနက်ဖြန်ဆို အမဲလိုက်ပြိုင်ပွဲရောက်ပြီ... လင်မိသားစုနဲ့ချီမိသားစုက ဒီအခွင့်အရေးကို အသုံးချပြီး ငါတို့လော့မိသားစုကို တိုက်ခိုက်ဖို့ ကြံစည်နေတာ... မနက်ဖြန်ဆို သူတို့ကို ငါ ဆုကြီးတစ်ခု ပေးလိုက်ရမယ်...”

လော့ချန်က အေးစက်စွာ ပြုံးလိုက်ပြီး သူ၏ မျက်လုံးများက လျှပ်စီးကဲ့သို့ တောက်ပသွားသည်။ လော့ချန်က ဆက်လက်မကျင့်ကြံတော့ပဲ တစ်ညလုံး အနားယူကာ အမဲလိုက်ပြိုင်ပွဲအတွက် စွမ်းအင်အပြည့်ဖြင့် ရင်ဆိုင်ရန် ပြင်ဆင်လိုက်သည်။

ဒုတိယရက်နံနက်တွင် ကောင်းကင်ယံက အနည်းငယ်သာ ပွင့်လင်းလာသည်။ ထိုနေ့တွင် ချီရှန်မြို့တစ်ခုလုံးမှာ ဆူညံပွက်လောရိုက်နေပေသည်။ ငါးနှစ်တစ်ကြိမ်ကျင်းပသော အမဲလိုက်ပြိုင်ပွဲက ချီရှန်မြို့၏ အကြီးမားဆုံး ပွဲတော်တစ်ခုဖြစ်ပေသည်။ ထို့အပြင် ယခုနှစ်၏ အမဲလိုက်ပြိုင်ပွဲတွင် တာယွဲ့မင်းဆက်၏ ရှစ်ယောက်မြောက်မင်းသားနှင့် မြို့စားအိမ်တော်၏ သမီးတော်တို့ပင် လာရောက်ကြည့်ရှုမည်ဖြစ်ရာ လူအားလုံးက ထိုပွဲတော်ကို မျှော်လင့်လျက်ရှိနေကြသည်။

ချီရှန်မြို့အနီးတစ်ဝိုက်ရှိ ထင်ရှားသူများအားလုံး ရောက်ရှိလာကြသည်။

လော့ချန်က စောစောထကာ ရိုးရှင်းစွာ ဆေးကြောသန့်စင်ပြီးနောက် ဆွေးနွေးရေးခန်းမကြီးသို့ စုဝေးရန် ပြင်ဆင်လိုက်သည်။

ခြံဝင်းတံခါးမှ ထွက်လာချိန်တွင် လော့ချန်က ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ခြံဝင်းအပြင်ဘက်တွင် လူနှစ်ဦး၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး စောင့်ဆိုင်းနေကြသည်ကို မြင်တွေ့လိုက်ခြင်းကြောင့်ပင်။

ဘယ်ဘက်တွင် သိမ်မွေ့ပြီး တည်ငြိမ်သည့်အမူအရာရှိသော အစိမ်းရောင်ဝတ်ရုံဝတ်ထားသည့် မိန်းကလေးတစ်ဦးရှိပြီး သူမ၏ဘေးတွင် အားကျပြည့်စုံသော ဝတ်စုံဖြင့် တင့်တယ်ခန့်ညားပြီး သူရဲကောင်းဟန်ရှိသော လူငယ်တစ်ဦးရပ်နေပေသည်။

လော့ချန်က သူတို့နှစ်ဦးကို မှတ်မိလိုက်ပြီး သူတို့က သူနှင့်အတူ အမဲလိုက်ပြိုင်ပွဲတွင် ပါဝင်မည့် လော့ချင်းဝမ်နှင့် လော့ချီရှင်တို့ဖြစ်ပေသည်။

လော့ချီရှင်က စကားမပြောဘဲ လော့ချန်ကို စိုက်ကြည့်နေပြီး ခဏကြာမှ အေးစက်စွာ ပြောလိုက်သည်။

“လော့ချန်... စစ်သားတွေက ခေါင်းဆောင်မရှိရင် မလှုပ်ရှားနိုင်သလို မြွေက ဦးခေါင်းမရှိရင် မလှုပ်နိုင်ဘူး... အမဲလိုက်ပြိုင်ပွဲမှာ အငြင်းပွားမှုတွေ မဖြစ်ပေါ်အောင် ခေါင်းဆောင်ကို အရင်ဆုံး သတ်မှတ်ထားရမယ်... အဲဒီအခါကျရင် အားလုံး ခေါင်းဆောင်ရဲ့အမိန့်ကို နားထောင်ရမယ်...”

သလင်းပြာလောင်းကစားရုံဖြစ်ရပ်ပြီးကတည်းက မိသားစုအတွင်းတွင် သူ၏စွမ်းအားက လော့ချန်ထက် နိမ့်ကျသည်ဟူသော ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။

သူက အသုံးမကျသည့်သိုင်းဝိညာဉ်ကို နိုးထခဲ့သူတစ်ဦးထက် နိမ့်ကျမည်လား...။ လော့ချီရှင်က ထိုကောလာဟလများအား မည်မျှအဓိပ္ပာယ်မရှိသည်ကို ကိုယ်တိုင်သက်သေပြလိုသည်။

“ကြည့်နေလိုက်...”

လော့ချီရှင်က လော့ချန်ကို တစ်ချက်ကြည့်လိုက်ပြီး တောင်ပုံစံပြုလုပ်ထားသော ကျောက်တုံးတစ်ခုရှေ့သို့ လျှောက်သွားကာ အသက်တစ်ချက်ရှူသွင်းလိုက်ပြီး လက်သီးတစ်ချက်ထိုးလိုက်သည်။

ဘုန်း...

“အခု မင်းအလှည့်...”

လော့ချီရှင်က လှည့်ကြည့်လိုက်ပြီး လော့ချန်ကို မာန်တက်စွာ ကြည့်နေသည်။

လော့ချန်က တည်ငြိမ်သော အကြည့်များဖြင့် ရှေ့သို့ လျှောက်သွားပြီး စွမ်းအားစုစည်းရန် ပြင်ဆင်ခြင်းမပြုဘဲ လက်သီးတစ်ချက်ကို တိုက်ရိုက်ထိုးထုတ်လိုက်သည်။

ဘုန်း...

လူတစ်ဦးထက် မြင့်မားသော ကျောက်တုံးများက ပေါက်ကွဲထွက်သွားကာ ကျောက်စကျောက်နများအဖြစ် လွင့်စင်ထွက်သွားသည်။

လော့ချင်းဝမ်က တည်ငြိမ်မှုကို ထိန်းထားနိုင်ခြင်း မရှိတော့ဘဲ မျက်လုံးများ ပြူးကျယ်သွားသည်။

လော့ချီရှင်က ပို၍ပင် ဗလာကျင်းနေသော မျက်လုံးများဖြင့် လော့ချန်ကို အံ့အားသင့်စွာ ကြည့်ကာ ခေတ္တတိတ်ဆိတ်နေပြီး နှုတ်ခမ်းလှုပ်လာသည်။

“မင်း... မင်း ခန္ဓာသန့်စင်မှုအဆင့်ကိုးကို တက်လှမ်းသွားပြီလား...”

လော့ချန်က သိုင်းဝိညာဉ်နိုးထချိန်မှာ တစ်လခွဲသာ ရှိသေးပြီး ထိုအချိန်တိုအတွင်းတွင် ခန္ဓာသန့်စင်မှုအဆင့်လေးမှ အဆင့်ကိုးသို့ တက်လှမ်းသွားခြင်းမှာ အထင်ကြီးစရာပင် မဟုတ်ပါလား။

သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့မဟုတ်ခဲ့ပါက လုံးဝယုံကြည်နိုင်မည်မဟုတ်ပေ။ ဘေးနားတွင်ရှိသော လော့ချင်းဝမ်က သတိပြန်ဝင်လာကာ သိမ်မွေ့စွာ ပြုံးလျက် ပြောလိုက်သည်။

“ဒီတစ်ခေါက်ဆို ငါတို့မှာ လင်မိသားစုနဲ့ချီမိသားစုနှစ်ခုကို ယှဉ်ပြိုင်နိုင်မယ့် စွမ်းအားရှိလာပြီ... သွားကြစို့... ဆွေးနွေးရေးခန်းမကြီးကို သွားပြီးမှ ထွက်ခွာရမယ်...”

All Chapters