မီးနှင့်ရေကဲ့သို့ ရန်လိုမှု။ နက်ရှိုင်းသော သန်မာသူ။
Vol. 2 Ch. 26
အသံကြားလိုက်ရသည့်အခါ လော့မင်ရှန်နှင့် တခြားသူများ၏ မျက်ခုံးများ တွန့်ကွေးသွားကာ လှည့်ကြည့်လိုက်ကြသည်။
လူတစ်စုက ခန်းမကြီးထဲသို့ တအုံးအုံးနှင့် ဝင်ရောက်လာကြ၏။
ရှေ့ဆုံးတွင် ပိုးသားထည်ဝတ်ရုံဖြင့် ဆံပင်နှင့် မုတ်ဆိတ်ဖြူရော်နေသော သက်ကြီးရွယ်အိုတစ်ဦး လျှောက်လှမ်းလာပြီး သူ၏ဘေးတွင် လင်ယွမ်၊ လင်ရှောင်တို့ ပါရှိသည်။
လော့ချန်က အကြည့်တစ်ချက်ဖြင့် လှမ်းကြည့်လိုက်ရာ သူ၏မျက်လုံးထဲတွင် ထူးခြားသော အရောင်အဝါတစ်ခု ဖြတ်ပြေးသွားသည်။
လင်ယွမ်၏ဘယ်ဘက်တွင် အရပ်ရှည်ရှည် ပုံပန်းသွယ်လျသော ယောက်ျားတစ်ဦးရှိပြီး ထိုသူသည် ပိုးသားထည်ဝတ်ရုံဖြင့် တင့်တယ်သော အရှိန်အဝါရှိသူ ဖြစ်သည်။ သူသည် နတ်ဆိုးတောအုပ်တွင် တွေ့ဖူးခဲ့သော တာယွဲ့မင်းဆက်၏ အဋ္ဌမမင်းသားဖြစ်သူ ကျင်းမင် ဖြစ်နေသည်။
အဋ္ဌမမင်းသား ကျင်းမင်ကလည်း လော့ချန်ကို သတိထားမိသွားပြီး မမျှော်လင့်ထားသည့်အခါတွင် သူ၏အေးစက်သော မျက်နှာပေါ်တွင် အနည်းငယ်မကောင်းသော အပြုံးတစ်ခု ဖြတ်ပြေးသွားသည်။
ထိုလူတစ်စုက လော့မိသားစုရှိရာ ဦးတည်ချက်သို့ တန်းတန်းမတ်မတ် လျှောက်လှမ်းလာကြသည်။
“လော့မင်ရှန် မင်းတို့ ဒီလောက်စောစောရောက်လာပြီး နောက်ဆုံးမှာ လော့မိသားစုက အဆုံးနေရာကျသွားရင် ဟာသဖြစ်သွားမှာပေါ့...”
ထိုသက်ကြီးရွယ်အိုက လင်မိသားစု၏ အိမ်တော်သခင် လင်ချန်လန်ဖြစ်ပြီး သူ၏အသက်အရွယ်မှာ လော့မင်ရှန်နှင့် တူညီပုံရသည်။ သို့သော် သူ၏ နက်ရှိုင်းစွာ နစ်မြုပ်နေသော မျက်လုံးများက အေးစက်လှပြီး လော့မင်ရှန်ကို စိုက်ကြည့်ကာ ကျေနပ်စွာ အော်ရယ်လိုက်၏။
လော့မင်ရှန်က အေးစက်စွာ ဟွှမ်းခနဲ အသံထွက်လိုက်သည်။
“ပြိုင်ပွဲရလဒ်က အသံကြယ်တိုင်း အနိုင်ရတာ မဟုတ်ပါဘူး...”
လင်ချန်လန်က ရယ်မောလိုက်ပြန်သည်။
“အသံကျယ်တာက မဆိုးပါဘူး... အဆုတ်သန်ပြီး သွေးစွမ်းအင်ပြည့်တယ်ဆိုတာ ပြတာပဲ... တချို့လူတွေကျတော့ အသံကျယ်ကျယ်အော်ဖို့တောင် အားမရှိဘူး...”
လော့မင်ရှန်သည် ကျိမိသားစု၏ သန်မာသူတစ်ဦးထံမှ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့်ကိစ္စမှာ ချီရှန်မြို့တွင် တစ်မြို့လုံးသိရှိထားပြီး ဖြစ်သည်။ လင်ချန်လန်က ထိုအခွင့်အရေးကို အသုံးချကာ လှောင်ပြောင်လိုက်ခြင်း ဖြစ်သည်။
“ဟိုမှာကြည့်စမ်း... လော့မင်ရှန်နဲ့ လင်ချန်လန်တို့ ထပ်ပြီး စကားများနေပြန်ပြီ...”
အနီးအနားရှိလူများ၏ အာရုံများက ထိုဖြစ်ရပ်ကို ဆွဲဆောင်လိုက်ပြီး များစွာသောသူများက ထိုအရာကို ထူးဆန်းမှုမရှိဟု ယူဆကြသည်။
မိသားစုသုံးစုအနက် လော့မိသားစုနှင့် လင်မိသားစုက အချင်းချင်း အလွန်ရန်ဖြစ်လေ့ရှိပြီး ၎င်းတို့၏ ရန်ငြိုးများမှာ ကမ္ဘာမကျေ ဖြစ်နေကြသည်။
လော့မင်ရှန်နှင့် လင်ချန်လန်တို့သည် တစ်ချိန်က ချီရှန်မြို့၏ မျိုးဆက်တူ ထူးချွန်သူများဖြစ်ခဲ့ကြပြီး အပေါ်ယံတွင်ရော နောက်ကွယ်တွင်ပါ အနှစ်ငါးဆယ်ကျော် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြသည်။ တွေ့ဆုံတိုင်း မီးနှင့်ရေကဲ့သို့ ရန်လိုမှုများသာ ဖြစ်ပေါ်လေ့ရှိသည်။
လင်ချန်လန်၏ လှောင်ပြောင်မှုကို ကြားလိုက်ရသည့်အခါ လော့မိသားစုမှ လူများအားလုံး၏ မျက်လုံးများထဲတွင် ဒေါသမီးလျှံများ ထွက်ပေါ်လာသည်။
သို့သော် လင်ချန်လန်ကမူ လုံးဝဂရုမစိုက်ဘဲ လော့ချန်အပါအဝင် လူငယ်သုံးဦးကို အကြည့်တစ်ချက်ဖြင့် လှမ်းကြည့်ကာ ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
“ဒီလူငယ်သုံးယောက်ကပဲ မင်းတို့ လော့မိသားစုကိုယ်စား အမဲလိုက်ပြိုင်ပွဲမှာ ပါဝင်မယ့်သူတွေလား... ဒီလိုဆိုရင် ငါတို့အနိုင်ရတာ သိပ်မတရားသလို ဖြစ်နေမှာပဲ...”
ဘေးတွင်ရှိသော လင်ယွမ်က လော့ချန်ကို ကြည့်ရင်း မထီမဲ့မြင်ပြုသည့်အမူအရာဖြင့်… “လော့မိသားစုမှာ လူမရှိတော့ဘူးလား... အသုံးမကျတဲ့ သိုင်းဝိညာဉ်နိုးထတဲ့ အသုံးမကျသူကိုတောင် ထုတ်သုံးရလောက်တယ်ဆိုတော့...”
ထို့နောက် လင်ယွမ်က ဘေးရှိ ကျင်းမင်ကို လှမ်းကြည့်ကာ ပြုံးရင်းဆို၏။
“အဋ္ဌမမင်းသား မင်းသား သိချင်နေတဲ့ ကျိမိသားစုရဲ့ သွေးသားရင်းနှီးမှုရှိပေမဲ့ ကြယ်တစ်ပွင့်မှမရှိတဲ့ မပြည့်စုံတဲ့ဝိညာဉ်စွမ်းအားနိုးထတဲ့ အသုံးမကျသူက ဘယ်သူလဲဆိုတာ မသိဘူးမဟုတ်လား... သူက ဒီလူပဲ...”
ထိုအချိန်အတွင်း ကျင်းမင်သည် လင်မိသားစု၏ စားသောက်ဆိုင်တွင် တည်းခိုနေထိုင်ခဲ့ပြီး လင်မိသားစုက သူ့ကို အကောင်းဆုံး ဧည့်ဝတ်ကျေပွန်စွာ ဆက်ဆံရင်း အနည်းငယ် ရင်းနှီးမှု ရရှိခဲ့ကြသည်။
“အို့...”
လင်ယွမ်၏စကားကို ကြားလိုက်ရသည့်အခါ ကျင်းမင်က ထီမထင်သလိုအပြုံးဖြင့် လော့ချန်ကို စိုက်ကြည့်ရင်း အံသြဟန်ဖြင့် ဆို၏။ “ဒါကတော့ မထင်မှတ်ထားမိဘူး...”
“လင်ယွမ် မင်းပါးစပ်ကို သန့်သန့်ရှင်းရှင်းထားစမ်းပါ...” လော့ချီရှင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
စိတ်ထားကောင်းမွန်သည့် လော့ချင်းဝမ်ပင်လျှင် ဒေါသတကြီး အကြည့်များဖြင့် စိုက်ကြည့်နေသည်။
“ငါပြောတာ အမှန်တရားပဲလေ...”
လင်ယွမ်က အေးစက်စွာ ရယ်ကာ ဆက်ဆိုသည်။
“ကြယ်တစ်ပွင့်မှမရှိတဲ့ အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးထထားတဲ့သူကို အသုံးမကျသူလို့ ခေါ်တာတောင် ချီးကျူးပြီးသား ဖြစ်နေပြီ...”
လော့ချန်က မျက်နှာအမူအရာ တည်တည်ငြိမ်ငြိမ်ဖြင့် လင်ယွမ်ကိုကြည့်ရင်း ခပ်တည်တည် တုံ့ပြန်၏။
“မင်း အတော်လေး ယုံကြည်မှုရှိပုံပဲ... ယုံကြည်မှုရှိတာက ကောင်းတယ်... ဒါပေမဲ့ အဲ့ဒီယုံကြည်မှုနဲ့ လိုက်ဖက်တဲ့ စွမ်းအားမရှိရင်တော့ မျက်နှာပြောင်ပြီး အရှက်ရစရာပဲ ဖြစ်လိမ့်မယ်...”
လင်ယွမ်၏ မျက်နှာအရောင်မှာ အနည်းငယ် မည်းမှောင်သွားသည်။
“မင်းက ငါ့ကို စိန်ခေါ်နေတာလား...”
လော့ချန်က ပြန်ပြောလိုက်၏။
“စိန်ခေါ်တာဆိုရင်ရော... ငါနဲ့ အလောင်းအစားလုပ်ချင်နေတာမဟုတ်ဘူးလား... ဒီအမဲလိုက်ပြိုင်ပွဲမှာ ဘယ်သူက ပထမရမလဲဆိုတာ ငါတို့ လောင်းကြတာပေါ့... ”
“လော့မိသားစုက ပထမရရင် မင်းက ငါ့ကို ငွေကျပ်သုံးသိန်းရှစ်သောင်းပေးရမယ်... လင်မိသားစုက ပထမရရင် ငါက မင်းကို ငွေကျပ်သုံးသိန်းရှစ်သောင်းပေးမယ်... အဲဒါ့အပြင် ထပ်ထည့်မယ့်အချက်ကတော့ ရှုံးသွားတဲ့သူက လူအားလုံးရှေ့မှာ ကိုယ့်ကိုယ်ကို အသုံးမကျသူလို့ ဝန်ခံရမယ်...”
“လော့မိသားစုက ပထမရမယ်...”
လင်ယွမ်က အံ့အားသင့်စွာ ကြားလိုက်ရသည်။
အနီးအနားရှိ တခြားသူများကလည်း ထိတ်လန့်သွားကြပြီး လော့ချန်က ထိုမျှအထိ ရဲတင်းစွာ လင်ယွမ်ကို စိန်ခေါ်ရဲလိမ့်မည်ဟု မထင်မှတ်ထားကြပေ။
"ဒီငွေကြေးရှုံးတာက သေးသေးလေးပဲ... လူအားလုံးရှေ့မှာ ကိုယ့်ကိုယ်ကို အသုံးမကျသူလို့ ဝန်ခံရမယ်ဆိုရင် ချီရှန်မြို့မှာ နောက်ထပ် တစ်သက်လုံး ခေါင်းမော့လို့ မရနိုင်တော့ဘူး..."
ဘေးရှိ လင်ချန်လန်က ရယ်မောရင်း တစ်ချက်စွလိုက်သည်။
“လင်ယွမ် တစ်ယောက်ယောက်က မင်းကို ငွေပေးဖို့ လာပြောနေပြီ... ဘာကို စောင့်နေသေးလဲ...”
လင်ယွမ်က သတိပြန်ဝင်လာပြီး အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
“ကောင်းပြီ... ဒီအလောင်းအစားကို ငါလက်ခံတယ်...”
“လော့မင်ရှန် ငွေတွေ အဆင်သင့်ပြင်ထားလိုက်စမ်းပါ...”
လင်ချန်လန်က အပိုင်တွက်ထားသည်။
လော့မင်ရှန်ကတော့ အေးစက်စွာပင်။
“ပြိုင်ပွဲတောင် မစသေးဘူး... အခုကတည်းက ဒီလိုပြောနေတာ မတော်လှဘူး... နောက်ဆုံးမှာ ဘယ်သူအနိုင်ရမလဲဆိုတာ စောင့်ကြည့်လိုက်ပါအုံး...”
“ဟား... ဟား... ဟား... မကြာခင် ရလဒ်ထွက်လာလိမ့်မယ်...”
လင်ချန်လန်သည် စိတ်ခံစားမှု အလွန်ကောင်းမွန်နေပြီး ရယ်မောကာ လင်ယွမ်နှင့် တခြားသူများကို ခေါ်ဆောင်ပြီး ရှေ့သို့ ဆက်လှမ်းသွားသည်။
လင်မိသားစုလူများ ထွက်ခွာသွားသည်နှင့် လော့မိသားစုဘက်တွင် အုတ်အော်သောင်းတင်း ဖြစ်သွားကြ၏။
လော့ချင်းဝမ်က စိုးရိမ်နေသည်။
“လော့ချန် မင်း အရမ်းအလျင်လိုလွန်းတယ်... ငါကြားတာတော့ လင်ယွမ်က လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ခန္ဓာသန့်စင်မှုအဆင့်ကိုးကို ဖြတ်ကျော်ခဲ့ပြီး ကြယ်ခြောက်ပွင့်အဆင့်ဝိညာဉ်စွမ်းအားဖြစ်တဲ့ ကင်းမြီးကျားကိုလည်း နိုးထထားတယ်တဲ့... ငါတို့က ဒုတိယနေရာအတွက် ယှဉ်ပြိုင်ရင်တောင် မျှော်လင့်ချက်ရှိသေးတယ်... ဒါပေမဲ့ ပထမနေရာဆိုတော့…”
လော့မင်ရှန်က လက်မြှောက်ပြီး လူအားလုံးကို တားလိုက်ကာ လော့ချန်ကို ကြည့်ရင်း တည်တည်ငြိမ်ငြိမ်မေးသည်။
“ချန်လေး မင်း ဒီပြိုင်ပွဲမှာ ပထမနေရာကို ယှဉ်ပြိုင်နိုင်မယ်လို့ တကယ်ယုံကြည်လား...”
“အဘိုး စိတ်ချပါ...” လော့ချန်က ယုံကြည်ချက်အပြည့်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီ... အဘိုး မင်းကိုယုံတယ်...”
လော့မင်ရှန်က လော့ချန်၏ပုခုံးကို ပုတ်လိုက်သည်။
ထို့နောက် သူ၏စကားကတော့ ထိုသို့ ပြောနေသော်လည်း လော့မင်ရှန်၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ရှိနေဆဲပင်... သို့သော် မြားက လေးကြိုးပေါ်တွင် တင်ပြီးသားဖြစ်သည့်အတွက် ထိုကိစ္စမှာ သေချာသွားပြီဖြစ်ပြီး လော့ချန်ကို ယုံကြည်ရုံမှတစ်ပါး တခြားနည်းလမ်း မရှိတော့ချေ။
အမဲလိုက်ပြိုင်ပွဲသည် နေ့လယ်တွင်မှ စတင်မည်ဖြစ်သည့်အတွက် အနည်းငယ် အချိန်ကျန်ရှိသေးသည်။ လူအားလုံးကထိုင်ပြီး အနားယူနေကြ၏။
ကျင်းမင်သည် ယွမ်မန်လီရှိရာ အနီးသို့ တိုက်ရိုက်ရောက်ရှိလာပြီး ထိုင်ကာ ပြုံးရင်း ဆို၏။
“မန်လီ ငါ တစ်ခုခုကြားလာတယ်... မင်း သိရဲ့လား မသိဘူးလားတော့ မပြောတတ်ဘူး...”
ယွမ်မန်လီက စကားမပြောဘဲ တိတ်ဆိတ်နေ၏။
ကျင်းမင်က လော့ချန်ရှိရာ ဦးတည်ချက်ကို လှမ်းကြည့်ပြီးပြုံးရင်း… “မင်း သိလား... အဲ့ဒီ လော့ချန်ဆိုတဲ့သူက ဘယ်လိုသိုင်းဝိညာဉ်နိုးထထားလဲဆိုတာ... သူက ကြယ်တစ်ပွင့်မှမရှိတဲ့ မပြည့်စုံတဲ့ဝိညာဉ်စွမ်းအားကို နိုးထထားတာ...”
“ဟဲ... ဟဲ... ကြယ်တစ်ပွင့်မှမရှိတဲ့ မပြည့်စုံသောဝိညာဉ်စွမ်းအား... ဒီလိုညံ့ဖျင်းတဲ့ အရည်အချင်းမျိုးကို ငါ တစ်ခါမှမကြားဖူးဘူး... ငါတို့ ရွှမ်ယွမ်ဂိုဏ်းရဲ့ အောက်ခြေအလုပ်သမားတစ်ယောက်ယောက်ရဲ့ အရည်အချင်းတောင် သူ့ထက် ရာဆယ်ဆ ထောင်ဆလောက် သာလွန်နေသေးတယ်...”
ယွမ်မန်လီက အေးစက်စွာ ပြောလိုက်၏။
“ဒါက ဘာမှပြဿနာရှိတာ မဟုတ်ဘူး... ငါတို့ ရွှမ်ယွမ်ဂိုဏ်းမှာလည်း အရည်အချင်းသာမန်ဖြစ်ပေမဲ့ ရုတ်တရက် ထူးချွန်လာတဲ့သူတွေ ရှိခဲ့ဖူးတယ်...”
ထိုစကားကို ကြားလိုက်ရသည့်အခါ ကျင်းမင်၏ မျက်နှာအရောင်မှာ အလွန်ဆိုးရွားသွားပြီး လက်သီးကို မသိမသာ ဆုပ်ထားလိုက်သည်။
သိုင်းဝိညာဉ်သည် သိုင်းသမားတစ်ဦး၏ အခြေခံအုတ်မြစ်ဖြစ်သည်မှာ လူသိများ၏။ ယွမ်မန်လီ၏ ထိုစကားက လော့ချန်ကို ဘက်လိုက်ပြောနေခြင်းမှာ သိသာလှသည်။ ထိုအရာထက်မက ယခင်ကထက် ယွမ်မန်လီ၏ သူ့အပေါ် ဆက်ဆံမှုမှာ လုံးဝပြောင်းလဲသွားပြီး စကားတစ်ခွန်းတိုင်းနှင့် အမူအရာ တစ်ခုခုတိုင်းက သူ့ကို စိမ်းကားသလို ဖြစ်နေ၏။
“အားလုံးက အဲ့ဒီကောင်ကြောင့်ပဲ...”
ကျင်းမင်၏ မျက်လုံးများထဲတွင် ဒေါသမီးလျှံများ ထွက်ပေါ်လာပြီး လော့ချန်ကို ထိုအရာအားလုံး၏ အပြစ်ရှိသူအဖြစ် သတ်မှတ်လိုက်သည်။
ထို့နောက် အချိန်သည် နေ့လယ်သို့ တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ ချီရှန်မြို့ အနီးတစ်ဝိုက်မှ အဆင့်အတန်းရှိသူများက အားလုံးနီးပါး ရောက်ရှိလာကြသည်။
ရုတ်တရက် ခန်းမကြီးထဲတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး လူအများစု၏ အကြည့်များက တစ်နေရာတည်းသို့ ဦးတည်သွားကြသည်။ နောက်ထပ် လူသုံးဦး ရောက်ရှိလာသည်။
အလယ်တွင်ရှိသော အမျိုးသမီးမှာ မီးနီရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သွယ်လျလှပစွာ လျှောက်လှမ်းလာသည်။ သူမ၏ လက်မောင်းများမှာ ဖြူဝင်းလှပြီး ခြေထောက်များမှာ ရှည်လျားလှသည်။ အသားအရေမှာ သိုးမွှေးကျောက်စိမ်းကဲ့သို့ ပြည့်ဖြိုးတောက်ပလျက် ရှိသည်။ သူမ၏ စကားတစ်ခွန်းတိုင်းနှင့် အမူအရာတစ်ခုခုတိုင်းက မယှဉ်နိုင်သော ဆွဲဆောင်မှုတစ်ခုကို ထုတ်ဖော်ပြသလျက်ရှိပြီး လူငယ်ထူးချွန်များစွာတို့၏ မျက်လုံးများကို စွဲမက်ထိန်းသိမ်းထားနိုင်ခဲ့၏။
သူမသည် လင်ယွမ်ပြတိုက်၏ ခေါင်းဆောင်သစ်ဖြစ်သူ လော့ယောင် ဖြစ်သည်။ လော့ယောင်၏ ဘယ်ဘက်တွင် အိမ်တော်ထိန်းရှူးရှိပြီး ညာဘက်တွင် ကိုယ်ခန္ဓာပိန်လှီသော သက်ကြီးရွယ်အိုတစ်ဦး ပါရှိ၏။
လော့ယောင်၏ ရောက်ရှိလာမှုက လူအားလုံးကို အံ့အားသင့်စေခဲ့သည်။
ဤလင်ယွမ်ပြတိုက်၏ ခေါင်းဆောင်သစ်သည် နဂါးတစ်ကောင်ကဲ့သို့ အစမမြင် အဆုံးမမြင် လျှို့ဝှက်ဆန်းကြယ်သူဖြစ်ပြီး ပုံမှန်အချိန်တွင် တစ်ခါတွေ့ရန်ပင် ခက်ခဲလှသည်။ ယခုအကြိမ်တွင် အမဲလိုက်ပြိုင်ပွဲကို ကိုယ်တိုင်လာရောက်ကြည့်ရှုခြင်းသည် မထင်မှတ်ထားသော အံ့အားသင့်စရာ ဖြစ်သည်။
ယွမ်မန်လီနှင့် ကျင်းမင်တို့လည်း ထိုဦးတည်ချက်ကို လှမ်းကြည့်လိုက်ကြ၏။
သို့သော် ကျင်းမင်က လော့ယောင်ကို ကြည့်ရင်း သူ၏မျက်လုံးများထဲတွင် အံ့သြဖွယ်အလှတရားကို တွေ့မြင်နေရသည်။
ယွမ်မန်လီကမူ လော့ယောင်၏ ညာဘက်တွင်ရှိသော ပိန်လှီသော သက်ကြီးရွယ်အိုကို သတိပြုမိလိုက်သည်။
ထိုသူ၏ အသက်ရှူသံမှာ အလွန်လျှို့ဝှက်နက်ရှိုင်းနေသော်လည်း သူမအား မမြင်နိုင်သော ဖိအားတစ်ခုကို ယူဆောင်လာပေး၏။
သူမ၏ အလိုလိုသိစိတ်က ထိုသူသည် နက်ရှိုင်းမဖြည့်နိုင်သော သန်မာသူတစ်ဦးဖြစ်သည်ဟု ပြောပြလာသည်။ ချီရှန်မြို့လေးထဲတွင် ထိုမျှအထိ ထူးခြားသည့်ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွက်လာမည်ဟု မထင်မှတ်ထားခဲ့ပေ။