← Chapters

မင်းတိုက်ချင်တယ်ဆိုရင် ငါလည်း တိုက်မယ်… ပေါက်ကွဲသွေးဆေးလုံး…

Vol. 2 Ch. 30

မင်းတိုက်ချင်တယ်ဆိုရင် ငါလည်း တိုက်မယ်… ပေါက်ကွဲသွေးဆေးလုံး…

Vol. 2 Ch. 30

“ချီရှင်…”

“ချင်းဝမ်…”

လော့ချန်တို့ သုံးဦးက စင်မြင့်မြင့်ပေါ်သို့ ရောက်ရှိလာသည်နှင့် လော့မင်ရှန်တို့သည် ချက်ချင်း အပြေးအလွှား ရောက်လာကြသည်။

လော့ချီရှင်နှင့် လော့ချင်းဝမ်တို့၏ ဒဏ်ရာများကို မြင်လိုက်ရသည့်အခါ အနီးအနားရှိလူများက အံ့အားသင့်သွားကြပြီး လခြမ်းကွေးတောင်ကြားထဲတွင် ဘာတွေဖြစ်ပျက်ခဲ့သလဲဟု ခန့်မှန်းကြသည်။

“ချန်ရာ… ဒါ ဘာဖြစ်သွားတာလဲ…”

လော့မင်ရှန်၏ မျက်နှာအရောင်က အေးစက်သွားသည်။

သူ၏ အတွေ့အကြုံများဖြင့် တစ်ချက်ကြည့်ရုံဖြင့် လော့ချင်းဝမ်နှင့် လော့ချီရှင်တို့၏ ဒဏ်ရာများသည် နတ်ဆိုးသားရဲများကြောင့် မဟုတ်ကြောင်း သိရှိလိုက်သည်။

လော့ချန်သည် လင်မိသားစုရှိရာဘက်သို့ တစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါလျက်… “အဘိုး… အရင်ဆုံး သူတို့ဒဏ်ရာကို ကုသပေးလိုက်ပါဦး…”

“အေးအေး…”

လော့မင်ရှန်သည် ချက်ချင်း လူများကို စီစဉ်ပြီး လော့ချင်းဝမ်နှင့် လော့ချီရှင်တို့အား ကုသပေးရန် လုပ်ဆောင်လိုက်သည်။

ထိုအချိန်တွင် စင်မြင့်မြင့်ပေါ်တွင် အော်ဟစ်သံများ ထွက်ပေါ်လာပြီး နောက်ထပ် လူတစ်စုပြန်လာပြီဖြစ်သည်။

“လင်မိသားစုကလူတွေပဲ…”

“အို့… လင်မိသားစုကလူတွေလည်း အခြေအနေသိပ်မကောင်းဘူးပဲ…”

လူအားလုံးက အံ့အားသင့်သွားကြသည်။

မြင်ကွင်းထဲတွင် လင်ယွမ်သည် လက်နှစ်ဖက်ဖြင့် လင်မိသားစုမှ သားတစ်ဦးစီကို ဆွဲထားပြီး သူ၏ဝတ်ရုံသည် သွေးများဖြင့် ပေကျံနေသည်။

ယခင်က တည်ငြိမ်အေးဆေးနေသော လင်မိသားစု၏ အိမ်တော်သခင် လင်ချန်းလန်က ရုတ်တရက် ထရပ်လိုက်ပြီး မျက်ခုံးတွန့်လျက်… “သူတို့ကို နတ်ဆိုးသားရဲတွေက ဒဏ်ရာရအောင် လုပ်လိုက်တာလား…”

ထိုအချိန်တွင် ထူးထူးခြားခြား အပြောင်းအလဲတစ်ခု ထပ်မံဖြစ်ပေါ်လာသည်။

ချီမိသားစုမှ အစောင့်တစ်ဦးသည် စင်မြင့်ပေါ်သို့ အလျင်အမြန် ပြေးတက်လာပြီး ချီမိသားစု၏ အိမ်တော်သခင် ချီဖုံးဆုန်းထံသို့ သတင်းပို့သည်။

“အိမ်တော်သခင်… သခင်မလေးက ဒီအမဲလိုက်ပြိုင်ပွဲရဲ့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို စွန့်လွှတ်လိုက်ပါတယ်လို့ ပြောခိုင်းလိုက်ပါတယ်…”

“ဘာ…”

ချီဖုံးဆုန်းသည် အလွန်အမင်း အံ့အားသင့်သွားပြီး ပရိသတ်ထိုင်ခုံများထဲမှ ချက်ချင်း ပြေးဆင်းလာသည်။

“အမဲလိုက်ပြိုင်ပွဲရဲ့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို စွန့်လွှတ်လိုက်တယ်ဟုတ်လား… ဒါ တကယ်ပဲ သခင်မလေးကိုယ်တိုင် ပြောတာလား…”

ချီမိသားစုမှ အစောင့်သည် အနည်းငယ် တုံ့ဆိုင်းပြီးနောက် ထပ်မံပြောကြားလိုက်သည်။

“သခင်မလေးက ဒဏ်ရာအတော်လေး ပြင်းထန်နေပါတယ်… ချီဖေ့တို့လည်း ဒဏ်ရာပြင်းထန်ပြီး သတိပြန်မရသေးပါဘူး… သူတို့အားလုံး မိသားစုထံ အရင်ပြန်သွားကြပါပြီ…”

ချီဖုံးဆုန်းသည် မိုးကြိုးပစ်ခံရသည့်အလား ခံစားလိုက်ရသည်။

“တကယ်ပဲ ဘာဖြစ်သွားတာလဲ…”

ချီမိသားစုမှ အစောင့်က ခေါင်းခါလျက်… “အသေးစိတ်အကြောင်းကို သခင်မလေးက မပြောပါဘူး… အိမ်တော်သခင်ကို အမြန်ပြန်လာဖို့ပဲ ပြောလိုက်ပါတယ်…”

ချီထင်သည် မာန်အလွန်အမင်း ထိခိုက်ခံစားရပြီး မျက်နှာတစ်ခုလုံးကို လော့ချန်က ဝက်ခေါင်းသဖွယ် ရိုက်နှက်ခဲ့သည်။ သူမတွင် အမဲလိုက်ပြိုင်ပွဲတွင် ဆက်လက်ပါဝင်ရန် မျက်နှာမရှိတော့ဘဲ လခြမ်းကွေးတောင်ကြားမှ တခြားတစ်ဖက်လမ်းကြောင်းမှ ထွက်ခွာသွားခဲ့သည်။

“သွားမယ်…”

ချီဖုံးဆုန်းတွင် ဘာစိတ်ခံစားချက်မှ မရှိတော့ဘဲ ချီမိသားစုမှလူများကို ခေါ်ဆောင်ပြီး အလျင်အမြန် ထွက်ခွာသွားသည်။

ထိုမြင်ကွင်းက လူအားလုံးကို အံ့အားသင့်စေခဲ့သည်။

အမဲလိုက်ပြိုင်ပွဲတစ်ခုတွင် မိသားစုကြီးသုံးခုမှ လူများအားလုံး ဒဏ်ရာပြင်းထန်နေကြသည်။

ချီမိသားစုဆိုလျှင် ယခင်က မရှိခဲ့ဖူးသည့် ပြိုင်ပွဲဝင်ရောက်ခွင့်ကို စွန့်လွှတ်လိုက်သည်အထိပင်…။

ထိုအချိန်တွင် လင်ယွမ်သည် စင်မြင့်ပေါ်သို့ တက်လာသည်။

“လင်ယွမ်…”

ဘာဖြစ်နေမှန်း မသိရှိဘဲ ဆွံ့အမိနေသော လင်ချန်းလန်သည် လှမ်းသွားပြီး ဒဏ်ရာပြင်းထန်နေသော လင်ချန်နှင့် လင်ကုန်းညီအစ်ကိုနှစ်ဦးကို သတိပြုမိသွားပြီး မျက်နှာအရောင်မှာ အနည်းငယ် မည်းမှောင်သွားသည်။

“ဘာဖြစ်သွားတာလဲ…”

လင်ချန်နှင့် လင်ကုန်းတို့သည် သေချာပေါက် လူတစ်ဦးဦးက ဒဏ်ရာရအောင် လုပ်ထားခြင်းဖြစ်သည်။

သူသည် အကြံအစည်အားလုံး အဆင်ပြေချောမွေ့သွားပြီး အမဲလိုက်ပြိုင်ပွဲ၏ ပထမနေရာသည် လင်မိသားစုရဲ့ လက်ထဲတွင် ရှိပြီးဖြစ်သည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် မထင်မှတ်ထားခဲ့သည်မှာ ထူးထူးခြားခြား အပြောင်းအလဲများ ဆက်တိုက်ဖြစ်ပေါ်လာသည်။

“လော့ချန်ပဲ…”

လင်ယွမ်၏ မျက်နှာအရောင်သည် သံသတ္တုကဲ့သို့ မည်းမှောင်နေပြီး ဒေါသအမျက်ထွက်နေသော အကြည့်များဖြင့် လော့ချန်ကို ကြည့်လျက် ရက်စက်သော အပြုံးတစ်ခုကို ပြသလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“လော့ချန်… မင်းဆိုတဲ့ အသုံးမကျတဲ့ကောင် ကံကောင်းလို့ ငါ့လက်ထဲကနေ လွတ်သွားတာပဲ… မင်းလည်း နတ်ဆိုးသားရဲတွေ အမဲလိုက်မထားဘူးလို့ ထင်ရတယ်… စကားအပိုတွေ မပြောတော့ဘူး… မင်းနဲ့ငါ တစ်ယောက်ချင်း တိုက်ကြမယ်… အနိုင်ရတဲ့သူက ဒီအမဲလိုက်ပြိုင်ပွဲရဲ့ ပထမနေရာကိုရမယ်… ဘယ်လိုလဲ…”

လင်ယွမ်၏ ရုတ်တရက် အော်ဟစ်သံကြောင့် လူအားလုံး ဆွံ့အသွားပြီး အကြည့်များက လော့ချန်ထံသို့ ချက်ချင်း စုစည်းရောက်ရှိသွားသည်။

“မင်းလည်း ကံကောင်းသွားတာပဲ…”

လော့ချန်က အေးစက်စွာ ပြုံးလိုက်သည်။

“မင်းတိုက်ချင်တယ်ဆိုတော့လည်း မင်းဆန္ဒကို ဖြည့်ပေးရမှာပေါ့…”

သူသည် လော့ချီရှင်နှင့် လော့ချင်းဝမ်အတွက် လက်စားချေလိုနေသည်။

လင်ယွမ်က သူ့ကို မရှာလျှင်တောင် သူကသာ လင်ယွမ်ကို သွားရှာမည် ဖြစ်၏။

လော့ချန်က လက်ခံလိုက်သည်ကို ကြားလိုက်ရသည့်အခါ စင်မြင့်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။

လင်ယွမ်သည် လင်မိသားစုမှ လူငယ်မျိုးဆက်ထဲတွင် ပထမဆုံး ထူးချွန်သူအဖြစ် အသိအမှတ်ပြုခံထားရပြီး ကြယ်ခြောက်ပွင့်သိုင်းဝိညာဉ် ဦးခေါင်းကျားကို နိုးကြားထားသူ ဖြစ်သည်။ သူသည် ခန္ဓာသန့်စင်မှုအဆင့်ကိုးသို့ ရောက်ရှိထားပြီးဖြစ်ပြီး လူသာမန်ဘဝဖြတ်ကျော်အဆင့်သို့လည်း သိပ်မဝေးတော့ပေ။

လော့ချန်သည် ကြယ်တစ်ပွင့်မှမရှိသည့် မပြည့်စုံသောသိုင်းဝိညာဉ်ကို နိုးကြားထားသူဖြစ်ပြီး ချီရှန်မြို့၏ ပထမဆုံး အသုံးမကျသူအဖြစ် အသိအမှတ်ပြုခံထားရသူ ဖြစ်သည်။ ထိုနှစ်ဦးက ရင်ဆိုင်တိုက်ခိုက်မည်ဖြစ်ပြီး လော့ချန်ကပင် လက်ခံလိုက်သည်။

တစ်ခဏအတွင်း လူများစွာသည် လော့ချန်က ရူးသွပ်သွားပြီလားဟု သံသယဝင်လာကြသည်။

လော့ချန်သည် စကားအလွန်အကျွံ မပြောဘဲ စင်မြင့်အလယ်သို့ တလှမ်းစီ တက်လှမ်းသွား၏။

စင်မြင့်တစ်ခုလုံးသည် ပတ်လည်ရှိ ပရိသတ်ထိုင်ခုံများမှလွဲ၍ အလယ်တွင် အလျားအနံ မီတာတစ်ရာကျော်ရှိသော ကွင်းပြင်တစ်ခု ရှိနေပြီး ၎င်းသည် သဘာဝကျသော ယှဉ်ပြိုင်ရာကွင်းတစ်ခုသဖွယ်ပင်…။

“မင်း အတော်လေး ယုံကြည်မှုရှိနေပုံပဲ…”

လော့ချန်က သူ့ကို လုံးဝဂရုမစိုက်သည်ကို မြင်လိုက်ရသည့်အခါ လင်ယွမ်က အေးစက်စွာ ပြုံးလိုက်သည်။

“မင်း ဒီလောက်ယုံကြည်မှုရှိနေတာဆိုတော့… ငါတို့ရဲ့အလောင်းအစားကို နည်းနည်းထပ်ထည့်ရင် ဘယ်လိုလဲ… ဒီတိုက်ပွဲမှာ မင်းရှုံးသွားရင် ချီရှန်မြို့ရဲ့ တောင်ဖက်ဈေးကွက်တစ်ခုလုံးကို ငါတို့ လင်မိသားစုကို ပေးရမယ်…”

ထို့နောက် မြေခွေးအမြီးက နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့သည်။

လော့ချန်က မျက်ခုံးတစ်ဖက်ကို ပင့်တင်လိုက်ပြီး အေးစက်စွာ လိုက်သည်။

“ဒါဆို မင်းရှုံးသွားရင်ရော…”

“ငါရှုံးမယ်ဟုတ်လား…”

လင်ယွမ်သည် ကမ္ဘာ့အကြီးဆုံး ဟာသတစ်ခုကို ကြားလိုက်ရသည့်အလား… သူသည် တစ်ခါမှ ရှုံးမည်ဟု မတွေးခဲ့ဖူးပေ။ သူက ဘယ်လိုလုပ်ပြီး ရှုံးနိုင်မည်နည်း။

“ငါရှုံးသွားရင် ငါတို့လင်မိသားစုရဲ့ မြောက်ဖက်ဈေးကွက်တစ်ခုလုံးကို မင်းတို့ လော့မိသားစုကို ပေးမယ်…”

“ကောင်းပြီ…”

လော့ချန်က ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည့်အခါ နေရာထိုင်ခင်းရှိ လူများအားလုံးက အနည်းငယ် ထိတ်လန့်သွားကြသည်။

လူတိုင်းသိသည်မှာ တောင်ဖက်နှင့် မြောက်ဖက်ဈေးကွက်များသည် လော့မိသားစုနှင့် လင်မိသားစုတို့၏ အခြေခံအုတ်မြစ်များ ဖြစ်ကြသည်။

ထိုနှစ်ဦးသည် ၎င်းတို့ကို အလောင်းအစားအဖြစ် ထားရှိလိုက်သည်။

လင်ချန်းလန်ပင်လျှင် အံ့အားသင့်သွားပြီး မကြာမီမှာပင် မျက်လုံးများထဲတွင် ဝမ်းမြောက်ဝမ်းသာမှုတစ်ခု ဖြတ်ပြေးသွားသည်။ အကယ်၍ တောင်ဖက်ဈေးကွက်ကို ရရှိခဲ့ပါလျှင် လော့မိသားစုက လုံးဝဆုတ်ယုတ်သွားမည်ဖြစ်ပြီး လင်မိသားစုသည် ချီရှန်မြို့၏ စစ်မှန်သော ပထမမိသားစုဖြစ်လာမည် ဖြစ်သည်။ ရှုံးနိမ့်မှုကို လင်ချန်းလန်သည် တစ်ခါမှ မတွေးခဲ့ဖူးပေ။

လင်ယွမ်၏ စွမ်းအားသည် ခန္ဓာသန့်စင်မှုအဆင့်ရှိ သိုင်းသမားများကို အကုန်လုံး ကျော်လွှားနိုင်လောက်သည်။

လော့ချန်ဆိုသည့် အသုံးမကျသူတစ်ဦးက ဘယ်လိုလုပ်ပြီး အနိုင်ရမည်နည်း။

“လော့မင်ရှန်… ဒါက မင်းရဲ့ဆုံးဖြတ်ချက်လား…”

လင်ချန်းလန်က လော့မင်ရှန်ကို ကြည့်လျက်… သူသည် လော့မင်ရှန်အား လူအများရှေ့တွင် ဝန်ခံစေလိုပြီး နောက်မှ အငြင်းပွားမှုများ မဖြစ်ပေါ်စေရန် ဖြစ်သည်။

လော့မင်ရှန်သည် မျက်ခုံးများကို အနည်းငယ်တွန့်လိုက်ပြီး တုံ့ဆိုင်းနေသည်။

ဤအလောင်းအစားသည် အလွန်အမင်း ကြီးမားလွန်းပြီး လော့မိသားစုတစ်ခုလုံးကို အလောင်းအစားထားသည့်အလားပင်…။

“အဖေ… ဒါထားလိုက်ပါတော့… ဒီအမဲလိုက်ပြိုင်ပွဲရဲ့ ပထမနေရာကို လင်မိသားစုကို ပေးလိုက်လည်း ရပါတယ်…” လော့ဟိန်းသည် ခဏမျှ တုံ့ဆိုင်းပြီးနောက် အကြံပေးပြောဆိုလိုက်သည်။

တကယ်လို့ အလွယ်တကူ အရှုံးပေးလိုက်လျှင် မျက်နှာပျက်ပြီး ဂုဏ်သိက္ခာထိခိုက်မှုရှိမည်ဖြစ်သော်လည်း တောင်ဖက်ဈေးကွက်နှင့် နှိုင်းယှဉ်လျှင် ထိုအရာသည် ဘာမှမဟုတ်ပေ။ တခြားသော လော့မိသားစုမှလူများလည်း တုံ့ဆိုင်းနေကြသည်။ တောင်ဖက်ဈေးကွက်က အလွန်အမင်း အရေးကြီးလွန်းလှသည်။

“အိမ်တော်သခင်…”

အနည်းငယ် ပြန်လည်သက်သာလာသော လော့ချင်းဝမ်သည် ရုတ်တရက် စကားပြောလိုက်ပြီး လော့မင်ရှန်၏ နားနားသို့ကပ်ကာ တစ်စုံတစ်ခု တိုးတိုးတိတ်တိတ် ပြောလိုက်သည်။

လော့မင်ရှန်၏ မျက်လုံးများထဲတွင် စွမ်းအင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး လင်ချန်းလန်ကို စိုက်ကြည့်လျက် ကျယ်လောင်စွာ ပြောလိုက်သည်။

“ကောင်းပြီ… ဒီအလောင်းအစားကို ငါတို့ လော့မိသားစုက လက်ခံတယ်…”

လော့ဟုန်နှင့် လော့ဟိန်းတို့၏ အမူအရာများက တုန်လှုပ်သွားပြီး လော့မင်ရှန်က တိုက်ပွဲဝင်ရန် ရွေးချယ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

“ဝါး…”

လော့မင်ရှန်၏ စကားသံပြီးဆုံးသွားသည်နှင့်အမျှ စင်မြင့်တစ်ခုလုံး၏ အခြေအနေက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

ဤတိုက်ပွဲသည် လော့ချန်နှင့် လင်ယွမ်တို့၏ ရင်ဆိုင်တိုက်ခိုက်မှုတစ်ခုသာမက မိသားစုကြီးနှစ်ခု၏ ထွန်းကားမှုနှင့် ဆုတ်ယုတ်မှုတို့နှင့်လည်း သက်ဆိုင်နေပြီး ချီရှန်မြို့၏ အနေအထားကို လုံးဝပြောင်းလဲပစ်မည် ဖြစ်သည်။

ထိုအချိန်တွင် အဋ္ဌမမင်းသား ကျင်းမင်သည် လင်ယွမ်ဘေးသို့ ရောက်ရှိလာပြီး လော့ချန်ကို စိုက်ကြည့်လျက် တိုးညင်းစွာပင်… “လင်ယွမ်… ငါ့အတွက် သူ့ကို သေသေချာချာသင်ခန်းစာပေးလိုက်… သူဘယ်တော့မှ ပြန်လည်ထူထောင်လို့မရအောင် လုပ်ပစ်လိုက်…”

လင်ယွမ်သည် အနည်းငယ် အံ့အားသင့်သွားပြီး လော့ချန်က မည်သည့်အချိန်တွင် အဋ္ဌမမင်းသားကို ပြစ်မှားခဲ့သလဲဟု မသိရှိပေ…။ သို့သော် ထိုအရာသည် သူ့အတွက် ကောင်းမွန်သောအခွင့်အရေး ဖြစ်သည်။ သူက လိုလားစွာ ခေါင်းညိတ်လိုက်သည်။

“အဋ္ဌမမင်းသား စိတ်ချပါ… ဒီနေ့ပြီးသွားရင် သူက တကယ့်အသုံးမကျသူတစ်ယောက် ဖြစ်သွားလိမ့်မယ်…”

ကျင်းမင်သည် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ပစ္စည်းနှစ်ခုကို အသံမထွက်စေဘဲ လင်ယွမ်၏လက်ထဲသို့ ထည့်ပေးလိုက်သည်။ ၎င်းတို့မှာ ကျောက်စိမ်းပြားတစ်ခုနှင့် ဆေးလုံးတစ်လုံးဖြစ်သည်။

“ဒါက ဘာတွေလဲ…”

လင်ယွမ်သည် မျက်လုံးများထဲတွင် သံသယများ ပြည့်နှက်လာသည်။

ကျင်းမင်က… “ဒါက ငါ့ရဲ့အထောက်အထားတံဆိပ်ပြားပဲ… ဒီအထောက်အထားအပြားကို ကိုင်ဆောင်ထားရင် မင်းဟာ နောက်ပိုင်းမှာ ရွှမ်ယွမ်ဂိုဏ်းရဲ့ ပြင်ပဂိုဏ်းသားတစ်ဦး ဖြစ်လာနိုင်တယ်…”

"ရွှမ်ယွမ်ဂိုဏ်း…"

လင်ယွမ်သည် အလွန်အမင်း ဝမ်းမြောက်သွားပြီး စိတ်လှုပ်ရှားစွာဖြင့်… “ဆရာအစ်ကိုကြီး ကျေးဇူးတင်ပါတယ်…”

ကျင်းမင်သည် အနည်းငယ် ခေါင်းညိတ်လိုက်၏။ လင်ယွမ်သည် ကြယ်ခြောက်ပွင့်သိုင်းဝိညာဉ်ကို နိုးကြားထားသူဖြစ်ပြီး ရွှမ်ယွမ်ဂိုဏ်း၏ ပြင်ပဂိုဏ်းသားတစ်ဦးဖြစ်လာရန် အရည်အချင်း ရှိသည်။ သူသည် ရေစီးအလျောက် လူကောင်းလုပ်ပေးလိုက်ရုံသာ ဖြစ်သည်။

“ဒီဆေးလုံးကိုတော့ ပေါက်ကွဲသွေးဆေးလုံးလို့ ခေါ်တယ်… ဒါက မင်းရဲ့စွမ်းအားကို ခဏတာအတွင်း အဆင့်တစ်ခုထိ ပေါက်ကွဲတက်လှမ်းစေနိုင်ပြီး လူသာမန်ဘဝဖြတ်ကျော်အဆင့်သို့ ရောက်ရှိစေနိုင်တယ်…”

လင်ယွမ်က ရက်စက်စွာ ပြုံးလျက်… “အသုံးမကျတဲ့ကောင်တစ်ကောင်ပဲလေ… လက်တစ်ဖက်နဲ့တင် သူ့ကို ညှစ်သတ်လို့ရတယ်… ဒါမျိုးကို လုံးဝမလိုအပ်ဘူး…”

“ဘာပဲဖြစ်ဖြစ် ကြိုတင်ပြင်ဆင်ထားတာကောင်းတယ်…”

ကျင်းမင်သည် အနည်းငယ် ခေါင်းခါလိုက်ပြီး အကြည့်များကို ဝေးကွာသောနေရာရှိ ယွမ်မန်လီထံသို့ ပစ်လိုက်ကာ အေးစက်စွာဖြင့်…

“မှတ်ထား… အရှုံး‌ပေးနေရင်တောင် ပိုပြီး ရက်စက်အောင် လုပ်ပစ်လိုက်…”

All Chapters