ချိပ်ပိတ်ခံထားရသော လေဟာနယ်
Vol. 145 Ch. 2056
ချန်ယိက ရီဖူရှင်း၏ တွေဝေနေမှုအား သတိပြုမိကာ ပြောလိုက်သည်။ "စိတ်မပူနဲ့။ မိစ္ဆာနတ်ဘုရားမျှော်စင်က တောင်တန်းထဲက တားမြစ်နေရာမှာ တည်ရှိတာ။ နယ်မြေသခင်တောင်မှ အဲဒါကို ဘာမှမလုပ်နိုင်ဘူး။ တားမြစ်နေရာကိုလည်း ဘယ်သူမှ မချဥ်းကပ်နိုင်ဘူး။ နတ်ဆိုးသားရဲတွေ အားလုံးလည်း အဲဒီမှာ ရှိနေတာမို့ တော်ဝင်ယန်နဲ့ လင်းရှောင်နန်းတော်က လူတွေ သတိမမူဘဲ လှုပ်ရှားရဲမှာ မဟုတ်ဘူး။ ပြီးတော့လည်း အန္တရာယ်နဲ့ တွေ့ခဲ့ရင်တောင် ငါ ဘေးကင်းကင်းနဲ့ ပြန်ထွက်လာနိုင်တယ်။"
ရီဖူရှင်းက အလင်းဒြပ်စင်မှော်လက်နက်ကို ပိုင်ဆိုင်ထားပုံပေါ်သော ပြိုင်ဘက်ကင်း အရှိန်နှင့် ချန်ယိကို ကြည့်လိုက်သည်။
"မိစ္ဆာနတ်ဘုရားမျှော်စင်နဲ့ ပတ်သတ်ပြီး နယ်မြေသခင် ဘာမှ မလုပ်နိုင်ဘူးဆိုတာ ခင်ဗျား ဘယ်လိုသိတာလဲ” ရီဖူရှင်းက ချန်ယိကို မေးလိုက်သည်။ ချန်ယိက သိသင့်သည်ထက် ပိုသိနေပုံပေါ်သည်။
"နယ်မြေသခင်သာ အဲဒီမိစ္ဆာနတ်ဘုရားမျှော်စင်ကို ဘယ်လိုအသုံးပြုမယ်မှန်းသိရင် ဒါက ဘာလို့ လျှို့ဝှက်နယ်မြေထဲ ရှိနေဦးမှာလဲ။ သူက အဲဒါကို လုယက်လာတာ အချိန်အကြာကြီးတောင် ရှိနေတော့မယ်။ နယ်မြေသခင်က လူကောင်းလို့တော့ မင်း ယုံကြည်နေတာ မဟုတ်ဘူးမလား။" ချန်ယိက ပြောလိုက်သည်။ "ကောင်းကင်ဒေသအတွင်းက နယ်မြေ ၁၈ ခုရဲ့ နယ်မြေသခင်တွေက အချိန်အကြာကြီး အသက်ရှင်လာတဲ့ အစွမ်းထက်ဆုံး မိစ္ဆာအိုကြီးတွေပဲ။ သူတို့က ကောင်းကင်လမ်းစဥ်ရဲ့ ကန့်သတ်ချက်ကနေ လွတ်မြောက်ပြီး အမြင့်ဆုံး ကျင့်ကြံဆင့်ကို တက်လှမ်းနိုင်ဖို့ ရည်ရွယ်ချက်ရှိသလို အံ့သြစရာကောင်းလောက်အောင် လွှမ်းမိုးမှုလည်း ရှိကြတယ်။ သူတို့က ကျင့်ကြံခြင်းအတွက် အကျိုးရှိစေမယ့်အရာဆို အသုံးပြုလိုက်ဖို့ တွေဝေနေမှာ မဟုတ်ဘူး။"
"သူတို့ကို ဆွဲဆောင်နိုင်တဲ့ အရာက လောကကြီးထဲမှာ နည်းနည်းပဲ ရှိတယ်။ သူတို့က အထွတ်အထိပ် လမ်းစဥ်အကြောင်းပဲ အာရုံစိုက်ကြတာ။"
ရီဖူရှင်းက ခေါင်းညိတ်သဘောတူလိုက်သည်။ ချန်ယိ၏ စကားက ဖြစ်နိုင်သည်။ ထို့အပြင် ရီဖူရှင်းသည် သူ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်မှ နေ၍ နယ်မြေသခင်နင်က ပရိယာယ်ကြွယ်ပြီး စဥ်းလဲကာ အငှားလက်နှင့် လူသတ်နိုင်သော အန္တရာယ်များသူဖြစ်ကြောင်း ပြောနိုင်ပေသည်။ ထိုမိစ္ဆာအိုကြီးများက လူကောင်းများ မဟုတ်သည်မှာ သေချာပေသည်။
သို့သော် ချန်ယိက ကောင်းမွန်သော လမ်းညွှန်မှု ပြုလုပ်ခဲ့လျှင်ပင် ရီဖူရှင်းက တိတ်ဆိတ်စွာ သံသယဝင်နေဆဲ ဖြစ်၏။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက တုန်းဟွာနယ်မြေ၏ ဒဏ္ဍာရီပုဂ္ဂိုလ်ဖြစ်လာခဲ့သော ထို ထင်ရှားသည့်လူက ရီဖူရှင်းကို လျှို့ဝှက်ဆန်းကြယ်သည့် ခံစားချက်အား ပေးစွမ်းပေသည်။ ရီဖူရှင်းက ချန်ယိ၏ အတွေးများကို အလွယ်တကူ မဖော်ထုတ်နိုင်ပေ။
"ဆက်တွေးနေစရာမလိုတော့ဘူး။ မင်းကို ထိခိုက်စေချင်တဲ့ ရည်ရွယ်ချက်ရှိရင် မင်းကို ဘာလို့ ကူညီရမှာလဲ။ တုန်းဟွာနယ်မြေမှာ ငါ လေးစားထိုက်တဲ့သူ လူအနည်းငယ်ပဲ ရှိတယ်။ မင်းက သူတို့ထဲက တစ်ယောက်ပဲ။ ငါတို့ ပူးပေါင်းရင် ကောင်းကင်ဒေသထဲမှာ ဘယ်နေရာမဆို သွားနိုင်လိမ့်မယ်။" ချန်ယိက အပြုံးနှင့် ပြောလိုက်သည်။ ရီဖူရှင်းလည်း တွေဝေနေခြင်းကို ရပ်တန့်ကာ ပြောလိုက်သည်။ "သွားကြစို့။"
ထို့နောက်တွင် သူတို့က မိစ္ဆာနတ်ဘုရားမျှော်စင်ရှိရာ တောင်တန်းသို့ ပြေးထွက်သွားခဲ့ကြသည်။ ထိုအချိန်အတွင်း ရီဖူရှင်းက စစ်မူယင်ယွင်ကြေးမုံကို ထုတ်ယူကာ ရှားရှင်းယွန်နှင့် ဆက်သွယ်လိုက်သည်။ သူက သူမကို လုံခြုံအောင် နေထိုင်၍ အန္တရာယ်ရှိသော နေရာများအား မသွားရန် ပြောခဲ့သည်။
သူတို့က ထိုနေရာသို့ ချဥ်းကပ်လာသည်နှင့် စည်းချက်ညီသော နှလုံးခုန်သံကို ခံစားမိလိုက်ကြသည်။ ရီဖူရှင်းနှင့် ချန်ယိသည် သူတို့၏ ရင်ဘတ်ထဲမှ လာသော နှလုံးခုန်သံကိုပင် ကြားနေကြရသည်။ သူတို့က ရည်ရွယ်ထားသော နေရာနှင့် နီးကပ်လာပြီ ဖြစ်ကြောင်း သိရှိလိုက်သည်။
"မိစ္ဆာနတ်ဘုရားမျှော်စင်က ဘယ်လိုနေရာမျိုးလဲ။ ဘာလို့ ကျုပ်တို့ရဲ့ နှလုံးခုန်သံကို မြန်လာစေတာလဲ။" ရီဖူရှင်းက ချန်ယိ မိစ္ဆာနတ်ဘုရားမျှော်စင်နှင့် ပတ်သတ်၍ မည်မျှ သိထားသည်ကို သိလိုသဖြင့် စမ်းသပ်ရန် ရည်ရွယ်ကာ မေးလိုက်သည်။
"မင်းက ငါ့ကို မေးနေတာလား။" ချန်ယိက ပြန်လှည့်ကာ သူ့အား အပြုံးနှင့် ကြည့်လိုက်သည်။ ရီဖူရှင်းက အဖြေရရန် သူ့ကို တွန်းအားမပေးခဲ့ပေ။
"ဟိုကို သွားစစ်ကြည့်ကြရအောင်။" ချန်ယိက သူတို့ရှေ့မှ တောင်ကို လက်ညှိုးညွှန်ကာ ပြောလိုက်သည်။ ထို့နောက် သူတို့က တောင်ထိပ်သို့ တက်ပြီး အဝေးကို ကြည့်လိုက်သည်။ မိစ္ဆာနတ်ဘုရားမျှော်စင်က အနက်ရောင်တောင်တန်းများ ဝန်းရံထားသည့် မြေရိုင်းလွင်ပြင်၌ ရှိနေသည်။ ၎င်း၏ အကွာအဝေးက နီးနေပြီဟု ထင်ရသော်လည်း ၎င်းက အစစ်အမှန်မဟုတ်ဘဲ ဖမ်းဆုပ်ရခက်ခဲသည့် တံလျှပ်ကဲ့သို့ပင်။ မြောက်မြားလှစွာသော နတ်ဆိုးသားရဲတို့က နက်ရှိုင်းသော အော်မြည်သံများ ထုတ်လွှတ်ကာ မျှော်စင်သို့ ချဥ်းကပ်ရန် အပြင်းအထန် ကြိုးစားနေကြသည်။ သူတို့၏ ခန္ဓာကိုယ်များက ပြောင်းလဲနေကာ သွေးများက ဆူပွက်နေကြသည်။ မျက်လုံးများက အနီရောင်တောက်ပနေကြပြီး နှလုံးသားများက ပြင်းထန်စွာ ခုန်လှုပ်နေကာ သူတို့သည် မိစ္ဆာနတ်ဘုရားမျှော်စင်နှင့် နီးကပ်ရန် အသည်းအသန် ကြိုးစားနေကြသည်။
သိမ်းငှက်နက်လေးကလည်း နတ်ဆိုးသားရဲများကြား ရှိနေခဲ့သည်။ ၎င်းက ရီဖူရှင်း ရှိနေသော အဝေးမှ တောင်များဆီ တစ်ချက်လှမ်းကြည့်လိုက်သည်။
"သခင်၊ မိစ္ဆာနတ်ဘုရားမျှော်စင်မှာ မိစ္ဆာသားရဲတွေကို တိုးတက်လာပြီး အသွင်ပြောင်းအောင် လုပ်ပေးနိုင်တဲ့ နတ်ရတနာတချို့ ရှိနိုင်တယ်။ နီးကပ်တဲ့နေရာကို မရောက်သေးတာတောင် ကြီးမားတဲ့ သက်ရောက်မှုကို ခံစားမိနိုင်တယ်။" အတွေးတစ်ခု သူ့ဆီ ဝင်ရောက်လာသည့်အခါ ရီဖူရှင်း၏ မျက်လုံးများက တောက်ပလာသည်။ အစွမ်းထက် နတ်ဆိုးအင်ပါယာများသည်လည်း မိစ္ဆာနတ်ဘုရားမျှော်စင်ဆီသို့ ရွေ့လျားနေကြသည်။ သို့သော် သူတို့အားလုံးက သတိကြီးကြီးနှင့် ပြုမူနေကြပြီး သူတို့က မျှော်စင်သို့ နီးကပ်လာလေ သူတို့၏ ခြေလှမ်းများက နှေးကွေးလာကာ သူတို့၏ နတ်ဆိုးချီများက ပို၍ အားကောင်းသန်မာလာသည်။
"ဂရုစိုက်" ရီဖူရှင်းက သိမ်းငှက်နက်လေးဆီသို့ အသံပို့လွှတ်ကာ ပြောလိုက်သည်။ သူက နတ်ဆိုးအင်ပါယာများနှင့် ရန်ဟောင်များ စုဝေးနေသော အနက်ရောင်တောင်တန်းများဆီသို့ ကြည့်လိုက်သည်။ တိုက်ပွဲက မဖြစ်ပွားသေးသော်လည်း လျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်လာသော လူသားတန်ခိုးရှင်များက ဤနေရာ၌ ရှိနေဆဲ ဖြစ်လေသည်။
ထို့အပြင် ယခင်က သူတို့အား တိုက်ခိုက်ခဲ့သည့် ထူးဆန်းသော လူငယ်ကိုလည်း မြင်တွေ့ခဲ့သည်။
ရီဖူရှင်းသည် ကျောရိုးတလျှောက် အေးစိမ့်သွားမှုအား ခံစားမိလိုက်သည်။ ကြည့်ရသည်မှာ ထိုတိုက်ခိုက်မှုသည် တစ်စုံတစ်ယောက်မှ စီစဥ်ထားခြင်း ဖြစ်နိုင်ပေသည်။
နယ်မြေသခင်အိမ်တော်သာလျှင် ထိုသို့ လုပ်ဆောင်နိုင်စွမ်း ရှိသည်။
ထိုသည်မှာ ရီဖူရှင်းနှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ အခြားကျင့်ကြံသူများကို သတ်ဖြတ်ရန် စီစဥ်ထားခြင်း ဖြစ်သည်။ ရီဖူရှင်းသာ ခွန်အားအပြည့် မထုတ်ဖော်ခဲ့ပါလျှင် လင်းဟယ်၊ ယန်တုန်းရန်နှင့် အခြားလူများ လက်ချက်ဖြင့် သူတို့်အားလုံး သေနေလိမ့်မည် ဖြစ်သည်။
ရီဖူရှင်း၏ နတ်အာရုံသိစိတ်က ထိုနေရာအတွင်း အလွန်ဝေးကွာသော နေရာထိ ဖြန့်ကျက်နိုင်ခြင်း မရှိပေ။ ၎င်းက နှလုံးခုန်သံစည်းချက်ကြောင့် ပြိုကွဲသွားရပေသည်။ ရီဖူရှင်းက သူ၏ မျက်လုံးများပေါ်၌သာ မှီခိုနိုင်တော့သည်။
"ဒီလျှို့ဝှက်နယ်မြေထဲမှာ နတ်ဆိုးသားရဲတွေ ဘာလို့ ဒီလောက်များနေလဲ သိလား။" ရီဖူရှင်းက ချန်ယိကို မေးလိုက်သည်။ သူက ချန်ယိ နယ်မြေသခင်အိမ်တော်နှင့် လျှို့ဝှက်နယ်မြေအကြောင်း မည်မျှ သိထားသလဲ သိချင်မိသည်။
"ငါနည်းနည်းတော့ ကြားဖူးတယ်။" ချန်ယိက ပြောလိုက်သည်။ "ကောလာဟလတွေအရ လျှို့ဝှက်နယ်မြေဆိုတာ တုန်းဟွာနယ်မြေရဲ့ နယ်မြေသခင်အိမ်တော်က ကျင့်ကြံသူတွေအတွက် စမ်းသပ်မှုကျော်ဖြတ်ရတဲ့နေရာထက် ပိုတယ်တဲ့။ ဒါက ချိပ်ပိတ်ခံထားရတဲ့ ကုန်းမြေကြီးတစ်ခုပဲ။ ဒါပေမယ့် ဒီနေရာမှာ တိတိကျကျ ဘာကို ချိပ်ပိတ်ထားလဲဆိုတာ မရှင်းဘူး။ ဒီနတ်ဆိုးသားရဲတွေကိုလည်း ဖြစ်နိုင်တယ်။ လျှို့ဝှက်နယ်မြေက သူတို့ရဲ့ အကျဥ်းထောင် ဖြစ်လာပြီး ဒီနေရာမှာ ထိန်းသိမ်းထားကြတယ်။"
'လျှို့ဝှက်နယ်မြေမှာ တစ်ခုခု ချိပ်ပိတ်ထားတာလား။' ရီဖူရှင်းက တွေးလိုက်သည်။ ထိုစဥ် အရှေ့ဘက်တစ်နေရာ၌ မချိတင်ကဲခံစားနေရသော အော်သံကြီးတစ်ခု ထွက်ပေါ်လာသည်။ ရန်ဟောင်အဆင့်မှ တန်ခိုးရှင်တစ်ယောက်က အံ့အားသင့်ဖွယ်ကောင်းစွာ ပေါက်ကွဲထွက်သွားပေသည်။ သွေးများ နေရာအနှံ့ ပျံ့နှံ့သွားသည့် မြင်ကွင်းက ထိတ်လန့်အံ့အားသင့်ဖွယ် ကောင်းပြီး ကြောက်ရွံ့ဖွယ်လည်း ကောင်းပေသည်။ ကြည့်ရသည်မှာ ထိုရန်ဟောင်က ထိုတုန်ခါသံစည်းချက်ကို မခံနိုင်တော့၍ ပေါက်ကွဲထွက်သွားပုံရလေသည်။
"အရမ်းကြောက်စရာကောင်းတာပဲ။" ရီဖူရှင်းက သူ၏ မျက်လုံးများကို ကျဥ်းမြောင်းလိုက်သည်။ သူက အဝေးမှ အညှာအတာ ကင်းမဲ့သော နှလုံးခုန်သံစည်းချက်ကို ခံစားမိပေသည်။ သူ အလွန် နီးကပ်သွားခဲ့လျှင် သူ့ ခန္ဓာကိုယ်က အမှန်တကယ် ပေါက်ကွဲထွက်သွားတော့မလိုပင်။
"နတ်ဆိုးသားရဲတွေရဲ့ သွေးစွမ်းအားက ပိုပြီး သန်မာအားကောင်းတာမို့ ကောင်းကောင်းခုခံနိုင်တယ်။ မိစ္ဆာနတ်ဘုရားမျှော်စင်ကို ချဥ်းကပ်ဖို့က လူသားတန်ခိုးရှင်တွေအတွက် ခက်ခဲလိမ့်မယ်။" ချန်ယိက ရီဖူရှင်းကို ရှင်းပြလိုက်သည်။ ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ နတ်ဆိုးသားရဲများက သွေးစွမ်းအားက သန်မာပြီး လူသားများနှင့် တူညီသော အဆင့်မှာ ရှိလျှင်ပင် နတ်ဆိုးသားရဲများက ပို၍ အားကောင်းပေသည်။ သို့သော် သူတို့၏ နားလည်သဘောပေါက်နိုင်မှုစွမ်းရည်က သိသိသာသာ နိမ့်ကျပြီး သူတို့၏ ပင်ကိုဗီဇပေါ် မူတည်ပေသည်။
လူသားတန်ခိုးရှင်တစ်ယောက်က မိစ္ဆာနတ်ဘုရားမျှော်စင်နှင့် နီးကပ်လာသည်။ ၎င်းက ပျက်စီးခြင်းနတ်နန်းတော်မှ “ပျက်စီးခြင်း’ ပင် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အနီးတွင် ကြောက်မက်ဖွယ် အနက်ရောင်စွမ်းအားများ စီးဆင်းနေသည်။ သူ ခြေလှမ်းလိုက်သမျှ မြေပြင်က တုန်ခါနေခဲ့သည်။ ရှေ့သို့ ဆက်လှမ်းသွားစဥ် သူ့နှလုံးသားက လျင်မြန်စွာ ခုန်လှုပ်လာပြီး သူ့သွေးများက ဆူပွက်နေကာ သူ့ခန္ဓာကိုယ်ထဲမှ ပြေးထွက်လာတော့မတတ် အော်မြည်နေခဲ့သည်။
အနီးဝန်းကျင်ရှိ နတ်ဆိုးသားရဲကြီးများက မိစ္ဆာနတ်ဘုရားမျှော်စင်ကို ကြည့်နေကြသည်။ မိစ္ဆာနတ်ဘုရားမျှော်စင်အတွင်း မည်သည့်အတွက်ကြောင့် ပုံမှန်မဟုတ်သော ပြောင်းလဲမှုများ ဖြစ်လာရသနည်း။
သူတို့အတွက် ဤသည်က အခွင့်အရေးတစ်ခု ဖြစ်နိုင်သလား။
သူတို့က နှစ်ပေါင်းများစွာ ဤနေရာရှိ အမှောင်ထုအတွင်း အကျဥ်းချခံထားရပြီး လူသားကျင့်ကြံသူများ၏ တိုးတက်မှုအတွက် ချနင်းခြင်းကို ခံနေခဲ့ကြရသည်။ သူတို့က ချိပ်စည်းကို ချိုးဖျက်ပြီး ထွက်ပြေးရန် လမ်းမရှိပေ။
ရီဖူရှင်း၏ နှလုံးသားများက လျင်မြန်စွာ ခုန်လှုပ်နေဆဲ ဖြစ်သည်။ တောင်ထိပ်တွင် ရပ်နေရင်း သူသည် ထိုလျှို့ဝှက်နယ်မြေက သာမန်မဟုတ်သည်ကို ခံစားမိလာသည်။ ထိုသို့တွေးရင်း သူက သူ့ခန္ဓာကိုယ်မှ မဟာလမ်းစဥ် စွမ်းအင်လှိုင်းများကို ထုတ်လွှတ်ကာ အဆုံးမဲ့ လေဟာနယ်ကို ဖြန့်ကျက်လိုက်သည်။ သူ့မျက်လုံးများကလည်း ထူးဆန်းကာ ခြောက်ခြားဖွယ်ပင် ဖြစ်သည်။ ချက်ချင်းပင် သူ့မြင်ကွင်းအတွင်း ထိတ်လန့်တုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး သူ့ရင်ဘတ်အတွင်း နှလုံးခုန်သံက ပြင်းထန်စွာ ခုန်လှုပ်လာခဲ့သည်။
"အဲဒါက... " ရီဖူရှင်းက အံ့သြထိတ်လန့်သွားခဲ့သည်။ ရှေ့တည့်တည့်သို့ ကြည့်သည့်အခါ သူက ခမ်းနားထည်ဝါသော မြင်ကွင်းကို မြင်လိုက်ရသည်။ လောကတစ်ခုလုံးက မဟာလမ်းစဥ်နှင့် ဖန်တီးထားသော အတုအယောင် ဖြစ်ပုံရလေသည်။ လောကအတွင်း စီးဆင်းနေသော စွမ်းအားမှာ မဟာလမ်းစဥ် ချိပ်စည်းစွမ်းအားပင် ဖြစ်သည်။ ချိပ်စည်းနတ်အလင်းများက တောက်ပစွာ စီးဆင်းနေပြီး မရေတွက်နိုင်သော ချိပ်စည်းသင်္ကေတများကို မြင်နိုင်လာပေသည်။
သူသည် ကောင်းကင်မှ ရှင်းလင်းသော မြင်ကွင်းကို မမြင်ရပေ။ သို့သော် ၎င်းက နတ်ရတနာတစ်ခု ဖြစ်ပုံရလေသည်။ လျှို့ဝှက်နယ်မြေတစ်ခုလုံး၏ လေဟာနယ်က ချိပ်ပိတ်ခံထားရပြီး မဟာလမ်းစဥ် ချိပ်စည်း ကန့်သတ်နယ်မြေတစ်ခု ဖြစ်နေပုံရပေသည်။
မိစ္ဆာနတ်ဘုရားမျှော်စင်က ပို၍ ထိတ်လန့်အံ့သြဖွယ်ပင် ဖြစ်သည်။ ရီဖူရှင်း ယခင်က တွေးခဲ့သည်မှာ မိစ္ဆာနတ်ဘုရားမျှော်စင်က နတ်ဆိုးကလန် အပိုင်ဟူ၍ ဖြစ်သည်။ သို့သော် ယခုတွင် သူသည် မိစ္ဆာနတ်ဘုရားမျှော်စင်အား ချိပ်စည်းနတ်အလင်းတို့နှင့် ဝန်းရံခံထားရသည်ကို မြင်တွေ့လိုက်ရပေသည်။ မဟာလမ်းစဥ်သင်္ကေတများ ရောယှက်ထားသလို မဟာလမ်းစဥ် ချိပ်စည်းစွမ်းအားတို့က မိစ္ဆာနတ်ဘုရားမျှော်စင်ပါး ဗဟိုပြုကာ နေရာတစ်ခုလုံးကို ချိပ်ပိတ်ထားခဲ့သည်။
ယင်းကို သူ၏ မျက်လုံးအစစ်ဖြင် မြင်ရန်မှာ အလွန် မှုန်ဝါးနေသည်။ သူ၏ နတ်မျက်ဝန်းများဖြင့်သာ မြင်နိုင်စွမ်းရှိပေသည်။
ထိုသည်မှာ ပြီးပြည့်စုံသော မဟာလမ်းစဥ်ဖြစ်သည်ဟု ရီဖူရှင်းက တွေးလိုက်သည်။ ပြီးပြည့်စုံသော မဟာလမ်းစဥ်က အကြွင်းမဲ့ မဟာလမ်းစဥ် နယ်မြေကို ဖြစ်တည်လာစေပြီး လေဟာနယ်ကို ပိုင်းခြားကာ ထူးခြားသော်လည်း သာမန်အတိုင်းသာ မြင်ရစေသည်။ တူညီသော ကျင့်ကြံခြင်းအဆင့်မှ လူများသာလျှင် ၎င်း၏ တည်ရှိမှုကို ခံစားနိုင်ပေလိမ့်မည်။
ရီဖူရှင်းက ၎င်းကို သိမြင်ခံစားနိုင်စွမ်း ရှိပေသည်။
ဒုတ်.. ဒုတ်.. ဒုတ်... မိစ္ဆာနတ်ဘုရားမျှော်စင်အတွင်းမှ စည်းချက်က ပိုမို အားကောင်းပြီးရင်း အားကောင်းလာခဲ့သည်။ ထိုသည်က တန်ခိုးရှင်များ၏ နှလုံးသားကို ပြင်းထန်စွာ ခုန်လာအောင် ပြုလုပ်နေသည်။
"သတိထား" ရန်ဟောင်တစ်ပါးက အပြာရောင်သွေးကြောများ ထောင်ထလာပြီး သူ့သွေးများက အပြင်သို့ ထိုးထွက်တော့မလို ဖြစ်လာသည်ကို မြင်သည့်အခါ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။ သို့သော် ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်မှ သွေးများက ပန်းထွက်လာသည်။ သူက နာကျင်စွယ အော်ဟစ်လိုက်ပြီးနောက် သွေးအိုင်တစ်ခုအဖြစ် ပြောင်းလဲသွားတော့၏။
"ဒါက..." အနီးရှိလူတိုင်းက ကြောက်ရွံ့တုန်လှုပ်သွားကြသည်။ ရီဖူရှင်း၏ မျက်လုံးများက ချိပ်ပိတ်ခံထားရသော နတ်မျှော်စင်ပေါ်တွင် ကျရောက်တည်မြဲနေခဲ့သည်။ ထိုမျှော်စင်အတွင်း မည်သည်တို့ ဖြစ်နေသနည်း။
***