အလောင်အစားနှင့် လက်သီးတစ်ချက်
Vol. 3 Ch. 31
လူတိုင်း၏အာရုံက ကျင်းမင်နှင့် လင်ယွမ်တို့ထံသို့ ရောက်မနေခဲ့ပေ။
ထိုအချိန်တွင် မြင့်မားသော စင်မြင့်ပေါ်ရှိ လူအုပ်ကြီးတစ်ခုလုံး၏ အာရုံစူးစိုက်မှုက အခြားတစ်ဖက်သို့ လုံးလုံးလျားလျား ရောက်ရှိသွားသည်။
လင်ယွမ်ပြတိုက်က ဤအချိန်မျိုးတွင် လောင်းကစားတစ်ခုကို ဖွင့်လှစ်လိုက်သည်။
လော့ချန်နိုင်လျှင် ၁ ဆ လောင်း ၃ ဆ ရမည်။
လင်ယွမ်နိုင်လျှင် ၁၀ ဆ လောင်း ၁၃ ဆ ရမည်။
ဤလောင်းကစား နှုန်းထားများကိုကြည့်ပြီး လူအများက အနည်းငယ် အံ့အားသင့်သွားကြသည်။
လင်ယွမ်နိုင်မည်ဆိုပါက တစ်ဆယ်လောင်း တစ်ဆယ့်သုံးဆ ရမည်ဆိုသည့် နှုန်းထားမှာ အလွန်ပင် နည်းလွန်းလှ၏။ သို့ရာတွင် လူအများစုအတွက် ဤတိုက်ပွဲတွင် အနိုင်အရှုံးကို ကြိုတင်သိရှိထားပြီးသားပင်။ လော့ချန်တွင် အနိုင်ရရန် မျှော်လင့်ချက် မရှိသလောက် ဖြစ်သည်။ ထို့ကြောင့် လင်ယွမ်အတွက် တစ်ဆယ်လောင်း တစ်ဆယ့်တစ်ဆပင် သင့်လျော်မည်ဖြစ်ရာ ယခုအခါ တစ်ဆယ်လောင်း တစ်ဆယ့်သုံးဆ ဖြစ်နေသည်မှာကပင် မနည်းလှပေ။
ထို့ကြောင့် လူအုပ်ကြီးမှာ စိတ်အားထက်သန်လာကာ အလောင်းအစားများ တစ်လှည့်စီ ထည့်လိုက်ကြသည်။ အများစုမှာ လင်ယွမ်နိုင်မည်ဟု လောင်းနေကြ၏။ ဤသို့ ငွေရှာရန် အခွင့်အရေးကို မည်သူမျှ လက်လွတ်မခံလိုကြချေ။
လော့ချန်ဘက်ကိုမူ လော့မိသားစုမှ လူအနည်းငယ်သာ လောင်းကြပြီး အခြားမည်သူမှ စိတ်ဝင်စားခြင်း မရှိခဲ့ပေ။ သို့သော် တစ်ဦးတည်းသော ခြွင်းချက်တစ်ခု ရှိ၏။
“လော့ချန်ဘက်က… ငွေတစ်သိန်းလောင်းမယ်…”
ယွမ်မန်လီက ငွေတစ်ရွက်ကို ရှူးကွမ်ရှီထံ လှမ်းပေးလိုက်သည်။
“လော့ချန်နိုင်မယ်ထင်ပြီး လောင်းမလို့လား…”
လော့ယောင်က လှပသောမျက်လုံးများဖြင့် ယွမ်မန်လီကို စူးစိုက်ကြည့်လိုက်သည်။
သူမသည် ယွမ်မန်လီ၏ ကြယ်ဆယ်ပွင့်သိုင်းဝိညာဉ်နိုးကြားမှုအကြောင်း ကြားဖူးထား၏။ သူမမှာ ရွှမ်ယွမ်ဂိုဏ်း၏ ထွန်းလင်းလာသော ကြယ်တစ်ပွင့်ဖြစ်ပြီး အရှေ့ပိုင်းတောထဲတွင်ပင် နာမည်အနည်းငယ် ထွက်ပေါ်နေသူ ဖြစ်သည်။
ယွမ်မန်လီက ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။
ကျင်းမင်သည် ထိုအချိန်တွင် ပြန်လည်ရောက်ရှိလာပြီး ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် မျက်ခုံးထောင့်များ တွန့်သွားကာ ဆိုလိုက်၏။
“မန်လီ… မင်း ဘယ်တုန်းက ဒီလိုကိစ္စတွေကို စိတ်ဝင်စားလာတာလဲ…”
“ငါလည်း ရုတ်တရက် စိတ်ဝင်စားမိလို့ပါ…”
ယွမ်မန်လီက အေးဆေးစွာ ပြန်ဖြေသည်။
ကျင်းမင်သည် ဒေါသတစ်ခုကို မနည်းထိန်းချုပ်ထားရင်း ပြုံးလျက်ဆိုသည်။ “ဒါဆို ငါလည်း ကစားကြည့်မယ်… ငွေတစ်သန်း… လင်ယွမ်နိုင်မယ်လို့ လောင်းမယ်…”
တစ်သန်း...
ထိုစကား ထွက်လာသည်နှင့် ပတ်ဝန်းကျင်ရှိ လူများအားလုံးက အံ့အားသင့်သွားကြသည်။ ဤသည်မှာ မသေးသိမ်သော ပမာဏတစ်ခုပင်ဖြစ်သည်။
ရှူးကွမ်ရှီက လော့ယောင်ကို လှမ်းကြည့်လိုက်သည်။
လော့ယောင်၏ မျက်လုံးများမှာ အနည်းငယ်ကွေးညွတ်သွားပြီး ကျက်သရေရှိသော အပြုံးတစ်ခုဖြင့် ဆို၏။ “အဋ္ဌမမင်းသားက ဒီလောက်စိတ်အားထက်သန်နေရင် သူ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့… ဒီအလောင်းအစားကို ကျွန်မတို့ လင်ယွမ်ပြတိုက်က လက်ခံပါတယ်…”
ကျင်းမင်ထံတွင် ဤမျှလောက် ငွေစက္ကူများ မရှိသဖြင့် အကြွေးစာချုပ်တစ်စောင်သာ ထားခဲ့သည်။
“တစ်သန်းဆိုတာ မင်းအတွက် မသေးသိမ်တဲ့ပမာဏပဲ… အကြွေးစာချုပ်ကို ပြန်သိမ်းထားလိုက်ရင် ပိုကောင်းမယ်လို့ ငါအကြံပေးတယ်…”
ယွမ်မန်လီက ကျင်းမင်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ဆိုသည်။
ကျင်းမင်က ကွင်းထဲရှိ လင်ယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး မာန်တက်စွာဖြင့် ဆိုလိုက်၏။
“ဒီတိုက်ပွဲမှာ လင်ယွမ်က သေချာပေါက်နိုင်မှာပဲ…”
“ဟိ... ဟိ… နှစ်ယောက်စလုံးကို ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်…”
လော့ယောင်၏ မျက်လုံးများတွင် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုဖြင့် အကြွေးစာချုပ်ကို လက်ခံလိုက်ပြီး ထွက်သွားသည်။
ထို့နောက် အနားတွင်လိုက်ပါလာသော ပိန်ကပ်ကပ် လူအိုကြီးက ဆိုသည်။
“တကယ်လို့ လော့ချန်ရှုံးသွားရင် လျော်ရမယ့်ပမာဏက မနည်းဘူးနော်… မင်းက အဲ့ဒီလော့ချန်ကို ဒီလောက်ယုံကြည်နေတာလား…”
လော့ယောင်က သာမန်အပြုံးတစ်ခုဖြင့် ဆိုလိုက်၏။ “ကျွန်မက သူ့ကို ယုံကြည်တာ မဟုတ်ပါဘူး… သူ့နောက်ကွယ်ကလူကို ယုံကြည်တာပါ… ဆေးဘုရင်တစ်ပါးဆိုတာ အဆိပ်ကို ရွှေဖြစ်အောင် ပြောင်းလဲနိုင်တဲ့သူပဲ…”
“ဆေးဘုရင်ဆိုတာ ဘယ်လောက်တောင် ဂုဏ်သရေရှိသလဲ… အသုံးမကျတဲ့ သိုင်းဝိညာဉ်နိုးကြားတဲ့ အသုံးမကျသူတစ်ယောက်ကို တပည့်အဖြစ်လက်ခံမယ်လို့ ထင်လို့လား… ဒီကိစ္စမှာ တစ်ခုခု မူမမှန်တာရှိတယ်လို့ ငါမြင်တယ်…”
ပိန်ကပ်ကပ် လူအိုကြီးက ခေါင်းခါလိုက်ပြီး မျက်လုံးရှည်ကျဉ်းကျဉ်းများဖြင့် လော့ချန်ကို လှမ်းကြည့်လိုက်သည်။ သူ၏မျက်လုံးများတွင် လျှပ်စီးကဲ့သို့ စူးရှသော အလင်းတန်းများ ဖြတ်ပြေးသွားသည်။
“ဒါလည်း ကောင်းသားပဲ… ဒီကိစ္စရဲ့ အမှန်တရားကို ငါ ကြည့်ကြည့်လိုက်ဦးမယ်… သူ့ဆရာက ငါ့အတွက် ဆေးသန့်စင်ပေးနိုင်တဲ့ အရည်အချင်းရှိမရှိ ကြည့်ရအောင်…”
လော့ချန်သည် ဆူညံပြောဆိုနေသော ပရိသတ်ထိုင်ခုံများကိုကြည့်ရင်း မေးရိုးကို သပ်လိုက်ပြီး တီးတိုးရေရွတ်နေသည်။
“ဒါဆို ငါရှုံးသွားရင် မနည်းလျော်ရမှာပဲ… လော့ယောင်က ငါ့ကို ဒီလောက်ယုံကြည်နေတာလား…”
လော့ချန်က အစမှအဆုံးအထိ လော့ယောင်ရှေ့တွင် သူ၏စွမ်းအားကို တစ်ခါမှ ထုတ်ဖော်ပြသခဲ့ဖူးခြင်း မရှိခဲ့ပေ။ သူမ၏လုပ်ဆောင်ပုံမှာ သူ့ကို ယုံကြည်သည်မဟုတ်ဘဲ သူ၏နောက်ကွယ်ရှိသူအား ယုံကြည်ခြင်း ဖြစ်သည်။
လော့ချန်က မည်သည့်အခါမျှ သူ၏ဆရာကို ဆေးဘုရင်တစ်ပါးအဖြစ် လိမ်ညာပြောဆိုခဲ့ဖူးသည်ဟု မထင်ခဲ့ဖူးပေ။ သို့သော် လော့ယောင်ကမူ သူ့ကို ဆေးဘုရင်၏တပည့်အဖြစ် မှတ်ယူထားပြီးပြီ ဖြစ်၏။ ထို့နောက် ခေါင်းခါလိုက်ပြီး လော့ချန်က လင်ယွမ်ဘက်သို့ အကြည့်လွှဲလိုက်သည်။
“လင်ယွမ်… မင်း ဆင်းမလာသေးဘူးလား…”
ထို့နောက် စင်မြင့်တစ်ခုလုံး တိတ်ဆိတ်မှုထဲသို့ နစ်မြောသွားသည်။
လူအားလုံး၏ အကြည့်များက လော့ချန်နှင့် လင်ယွမ်တို့ထံသို့ စုစည်းရောက်ရှိသွားသည်။
လင်ယွမ်သည် ကျောက်စိမ်းတံဆိပ်ပြားနှင့် ဆေးလုံးကို သိမ်းဆည်းလိုက်ပြီး ကွင်းထဲသို့ တစ်လှမ်းချင်း လျှောက်လာသည်။
“လော့ချန်… မင်းကိုငါ ကျေးဇူးတင်တယ်… မင်းရဲ့ မာန်တက်နေတာမဟုတ်ရင် ငါ့ရဲ့အိပ်မက်က ဒီလောက်မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘူး…”
ထိုအိပ်မက်သည် ကြိုတင်အကောင်အထည် ဖော်နိုင်ခဲ့ရုံသာမက အဋ္ဌမမင်းသားနှင့်ပါ ရင်းနှီးမှု ရရှိခဲ့သည်။
လော့ချန်ရှေ့တွင် ရပ်လိုက်ပြီး လင်ယွမ်သည် မေးစေ့ကို အနည်းငယ်မော့ကာ မာန်တက်စွာဖြင့် ဆိုသည်။
“မင်က ငါ့ရဲ့ထွန်းကားလာမယ့်လမ်းကြောင်းမှာ ပထမဆုံး ခြေနင်းတုံးတစ်ခု ဖြစ်လာမယ်…”
လော့ချန်က အေးဆေးစွာဖြင့် ဆိုသည်။ “ဘယ်သူက ဘယ်သူ့ရဲ့ ခြေနင်းတုံးဖြစ်မလဲဆိုတာ မသိရသေးဘူးလေ…”
“ဒီအချိန်ထိရောက်နေတာတောင် မင်းက ပါးစပ်မထိန်းနိုင်သေးဘူးလား… ဒါဆိုရင် မင်းနဲ့ငါ ဘယ်လောက်ကွာခြားတယ်၊ ဘယ်လောက်စိတ်ပျက်စရာကောင်းတယ်ဆိုတာ မင်းကိုငါပြမယ်… သုံးချက်အတွင်း မင်းကို အနိုင်ယူပြမယ်…”
လင်ယွမ်က အေးစက်စွာ ဟစ်ကြွေးလိုက်ပြီး ခြေတစ်လှမ်းကို အားပြင်းစွာ နင်းချလိုက်သည်။ မြေပြင်ပေါ်တွင် အက်ကွဲရာများ ဖြစ်ပေါ်သွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ဓားတစ်ချောင်းကဲ့သို့ လော့ချန်ဘက်သို့ အရှိန်ပြင်းစွာ ထိုးဖောက်ဝင်ရောက်လာသည်။ လက်ဖဝါးတစ်ဖက်နှင့် ရက်စက်စွာ လှမ်းရိုက်လိုက်သည်။
"ဝှစ်…"
ထိုလက်ဖဝါးတစ်ချက်မှာ အလွန်မြန်ဆန်လွန်းသဖြင့် လေထဲတွင် သိမ်မွေ့သော ဆူညံသံများ ထွက်ပေါ်လာသည်။
လော့ချန်သည် နေရာတွင် မလှုပ်မယှက်ပုံစံဖြင့်ပင် လက်ဖဝါးတစ်ဖက်ကို ရှေ့သို့ ရုတ်ချည်းလှမ်းဆန့်လိုက်သည်။
"ဘုန်း…"
သာမာန်သူများ မခုခံနိုင်သော လင်ယွမ်၏ လက်ဓားတစ်ချက်ကို လော့ချန်က တင်းတင်းကျပ်ကျပ် ဖမ်းဆုပ်လိုက်သည်။
“ခွမ်း…”
လင်ချန်လန်သည် ထိုင်နေရာမှ ရုတ်တရက် ထရပ်လိုက်ပြီး သူ၏လက်ထဲရှိ လက်ဖက်ရည်ခွက်မှာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသည်။
သူက ဤမျှအံ့အားသင့်သွားခြင်းမှာ မထူးဆန်းချေ။ လင်ယွမ်မှာ ခန္ဓာသန့်စင်မှုအထွတ်အထိပ်အဆင့်၏ တိုက်ခိုက်ရေးစွမ်းအားရှိသူ ဖြစ်သည်။ သူ၏မျက်လုံးများထဲတွင် အသုံးမကျသူတစ်ယောက်က လင်ယွမ်၏ ရိုက်ချက်တစ်ချက်ကို လုံးဝခံနိုင်မည်မဟုတ်ဟု ထင်မှတ်ထားခဲ့သည်။ ယခုမူ လော့ချန်က အေးဆေးစွာ ပိတ်ဆို့နိုင်ခဲ့သည်။
“ချန်လေးက ခန္ဓာသန့်စင်မှုအဆင့်ကိုးသို့ တက်လှမ်းနိုင်ပြီးပြီ…” လော့ဟုန်က အံ့အားသင့်စွာဖြင့် ဆိုသည်။
လော့မင်ရှန်က မုတ်ဆိတ်ကိုသပ်ရင်း ပြုံးလျက်ဆိုသည်။
“ဆက်ကြည့်လိုက်ရုံပဲ…”
“တစ်ချက်ပြီးသွားပြီ…”
လော့ချန်က လင်ယွမ်ကို အေးဆေးစွာ ကြည့်လိုက်သည်။
လင်ယွမ်လည်း အလွန်အံ့အားသင့်သွားသည်။ သူ၏ စွမ်းအားကို သူကိုယ်တိုင် ကောင်းကောင်း သိထားပြီးဖြစ်သည်။ သို့ရတွင် သူမသိလိုက်သည်မှာ လော့ချန်၏ အင်အားပင်။
ထိုလက်ဖဝါးတစ်ချက်တွင် သူ၏စွမ်းအား ခုနစ်ပုံရှစ်ပုံခန့်ထည့်ထားခဲ့သည်ပင်လျှင် လော့ချန်ကို ငြိမ်သက်သွားအောင် မလုပ်နိုင်ခဲ့ချေ။
မျက်နှာပေါ်တွင် ရှက်ရွံ့ဒေါသဖြစ်မှုများ ဖြတ်ပြေးသွားပြီး လင်ယွမ်သည် စွမ်းအားအားလုံးကို စုစည်းကာ လက်ဖဝါးကို ဓားသဖွယ်ထောင်လိုက်သည်။
“ရှုံးစမ်း… လှိုင်းခွဲစွမ်းရည်…”
ဒေါသတကြီး အော်ဟစ်လိုက်ပြီး လင်ယွမ်၏ညာလက်သည် တောင်ဖွင့်ဟန်ဖြင့် လော့ချန်ထံသို့ ခေါင်းတည့်တည့် လှမ်းရိုက်ချလိုက်သည်။
ဤသည်မှာ လင်မိသားစု၏ ကြယ်သုံးပွင့်သိုင်းပညာ လှိုင်းခွဲလက်ဖဝါး ဖြစ်သည်။ လင်ယွမ်သည် ၎င်းကို ကြီးကျယ်သော အောင်မြင်မှုအဆင့်သို့ လေ့ကျင့်ပြီးဖြစ်ပြီး လက်ဝါးစောင်းမှ ထွက်ပေါ်လာသော လေပြင်းလှိုင်းများက လော့ချန်၏ဆံပင်များကို လွင့်ထွက်စေသည်။
လော့ချန်၏ အကြည့်များက အေးဆေးတည်ငြိမ်နေပြီး လှိုင်းထန်သောပင်လယ်ထဲရှိ ကျောက်ဆောင်တစ်ခုကဲ့သို့ တည်ကြည်စွာပင် လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်သည်။
ဘုန်းခနဲ အသံတစ်ခုနှင့်အတူ လင်ယွမ်၏ မနှိမ်နင်းနိုင်သော လက်ဓားတစ်ချက်ကို လော့ချန်က တည်ငြိမ်စွာ ဖမ်းဆုပ်လိုက်ပြီး သူက တစ်လက်မတောင် ရွှေ့လျားမသွားခဲ့ချေ။
“ထပ်ပြီး ပိတ်ဆို့နိုင်ပြန်ပြီ…”
ထိုနေရာရှိ လူအားလုံးက မျက်လုံးပြူးမျက်ဆန်ပြူး ဖြစ်သွားကြသည်။
တစ်ဖက်သတ် အနိုင်ရမည်ဟု ထင်ထားခဲ့သော တိုက်ပွဲသည် ယခုမှာ မှုန်ဝါးဝါး ဖြစ်လာခဲ့သည်။
“ဒါ မဖြစ်နိုင်ဘူး…”
လင်ယွမ်၏ မျက်လုံးများသည် ပြူးကျယ်လာပြီး ခေါင်းထဲတွင် ဗလာကျင်းနေသည်။ သူ၏လှိုင်းခွဲလက်ဖဝါးတစ်ချက်ကို ဤမျှလွယ်ကူစွာ ပိတ်ဆီးနိုင်လိမ့်မည်ဟု မယုံကြည်နိုင်ချေ။
“မင်းကို အခွင့်အရေးပေးပြီးပြီ... အခု ငါ့အလှည့်ပဲ... ရော့... ငါ့လက်သီးတစ်ချက်ကို ခံကြည့်လိုက်စမ်းပါဦး…”
လော့ချန်၏အကြည့်များက လျှပ်စီးကဲ့သို့ စူးရှလျက် ရိုးရှင်းစွာဖြင့် လက်သီးတစ်ချက်ကို ထိုးထွက်လိုက်သည်။
“လာစမ်း…”
လင်ယွမ်သည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး၏ စွမ်းအားအားလုံးကို ဘယ်လက်ဖဝါးထဲသို့ စုစည်းကာ အားပြင်းစွာ ရင်ဆိုင်ရိုက်ချလိုက်သည်။
"ဂျွပ်…"
ပြတ်သားစွာ အရိုးကျိုးသံတစ်ခု ထွက်ပေါ်လာပြီး လင်ယွမ်က နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ လေးငါးမီတာခန့် လွင့်ထွက်သွားပြီး ဘယ်လက်မှာ ထူးဆန်းစွာ ကွေးညွတ်လျက် ပခုံးမှ တွဲလျောင်းကျသွားသည်။ အရိုးဖြူဖြူများကိုပင် မြင်နိုင်လောက်သည်။
“ဟင်း… လင်ယွမ်ရှုံးသွားပြီ…”
“မယုံနိုင်စရာပဲ… လော့ချန်က လက်သီးတစ်ချက်နဲ့တင် အနိုင်ယူလိုက်တယ်… လင်ယွမ်က လက်သီးတစ်ချက်တောင် မခံနိုင်ဘူး…”
“လင်ယွမ်က ခန္ဓာသန့်စင်မှုအဆင့်ကိုးရှိသူလေ… ပြီးတော့ ကြယ်ခြောက်ပွင့်သိုင်းဝိညာဉ်လည်း နိုးကြားထားတာလေ… ဘယ်လိုလုပ် ဒီလောက်အားမရှိရတာလဲ… လော့ချန်က လူသာမန်ဘဝဖြတ်ကျော်အဆင့်ကို ရောက်နှင့်ပြီလား…”
လင်ယွမ်သည် လက်သီးတစ်ချက်ဖြင့် လွင့်ထွက်သွားသည်ကို မြင်လိုက်ရသဖြင့် စင်မြင့်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။
လူအားလုံးက အံ့အားသင့်သွားကြပြီး သူတို့၏မျက်လုံးများကို မယုံကြည်နိုင်ကြချေ။ သူတို့၏မျက်မှောက်ရှိ မြင်ကွင်းသည် မယုံနိုင်စရာပင်ဖြစ်သည်။
“မိုက်မဲလိုက်တဲ့ကောင်…”
ရုတ်တရက် ဒေါသတကြီး အော်ဟစ်သံတစ်ခုက ကွင်းထဲတွင် ပေါက်ကွဲထွက်ပေါ်လာသည်။
လင်ချန်လန်သည် ဆံပင်များနှင့် မုတ်ဆိတ်များ ထောင်ထလာပြီး လော့ချန်ကို ဒေါသတကြီး စူးစိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။
“ကောင်လေး… မင်းက လူသာမန်ဘဝဖြတ်ကျော်အဆင့်ကို ရောက်နှင့်ပြီးမှန်း သိပြီးသားနဲ့ အဆင့်ကို ဖုံးကွယ်ထားပြီး အမဲလိုက်ပြိုင်ပွဲကို ဝင်ပြိုင်ရဲတယ်ပေါ့… ငါတို့လင်မိသားစုကို လှောင်ပြောင်လို့ရမယ်လို့ ထင်နေလား…”
"ဘုန်း…"
လင်ချန်လန်သည် စကားများများမပြောဘဲ ခန္ဓာကိုယ်ကို လှမ်းထိုးကာ လက်ဖဝါးတစ်ချက်ဖြင့် လော့ချန်ထံသို့ အားပြင်းစွာ ရိုက်ချလိုက်သည်။