လုပ်ကြံမှု၊ လူသာမန်ဘဝဖြတ်ကျော်အဆင့်သို့ ထိုးဖောက်ခြင်း
Vol. 3 Ch. 37
မင်လင်၏စကားကို ကြားလိုက်ရသောအခါ လော့ချန်က ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ပြောလိုက်သည်။
“ခင်ဗျား မယုံဘူးဆိုရင် ဘာလို့ ကျွန်တော့ကိုလာရှာနေသေးလဲ...”
ရှူးအိမ်တော်ထိန်းက အလျင်စလို ဝင်ပြောလိုက်သည်။
“မှင်အကြီးအကဲ... ဒီကိစ္စက တကယ်ကိုအမှန်ပါ... နဂါးအကြေးသီးကို သန့်စင်ပြီး သိပ်မကွာတဲ့ ပြည့်စုံမှုအဆင့်ထိ ရောက်အောင် လုပ်ထားတာကို ကျွန်တော်ကိုယ်တိုင် တွေ့ခဲ့ပါတယ်...”
“မင်းက ဘယ်လိုအဆင့်မျိုးလဲ... ဘယ်လိုမျက်လုံးမျိုးနဲ့ ကြည့်နေတာလဲ... သန့်စင်မှုပြည့်စုံတဲ့ နဂါးအကြေးသီးဆိုတာ ငါတောင် မမြင်ဖူးသေးဘူး... ငါ့ရဲ့ဒီဝိညာဉ်ဆေးတွေက အနည်းနဲ့အများ ဆင်းရဲဒုက္ခပေါင်းစုံခံစားပြီး စုဆောင်းထားရတာ... တစ်ခုခုမတော်တဆ ဖြစ်သွားရင် မင်း တာဝန်ယူနိုင်မလား...”
မင်လင်က မာန်တက်စွာ အကြည့်တစ်ချက်ပေးလိုက်ပြီး ရှူးအိမ်တော်ထိန်းကို လုံးဝ မမှုပေ။
“ဒါက...” ရှူးအိမ်တော်ထိန်းက ထပ်မံပြောဆိုရန် မဝံ့မရဲ ဖြစ်သွားသည်။
သူသည် ဆေးသန့်စင်ရာတွင် တစ်ဝက်တစ်ပျက်သာ ကျွမ်းကျင်သူဖြစ်ပြီး လင်ယွမ်ပြတိုက်တွင် အနိမ့်ဆုံးအဆင့်ရှိသူ ဖြစ်သည်။ လော့ယောင် မရှိခဲ့လျှင် မင်လင်ရှေ့တွင် စကားပြောရန် အခွင့်အရေးပင် ရမည်မဟုတ်ပေ။
လော့ယောင်က လှပသောမျက်လုံးများကို အနည်းငယ် လှည့်ပတ်ကြည့်ရှုပြီး ဖျန်ဖြေလိုက်သည်။
“မှင်အကြီးအကဲ... ဒီလိုလုပ်ကြည့်ရင်ရော ဘယ်လိုလဲ... အရင်ဆုံး ဝိညာဉ်ဆေးတစ်ပင်ကို စမ်းသပ်ကြည့်လိုက်ပါလား... ဒီလိုဆိုရင် သန့်စင်မှု မအောင်မြင်ခဲ့ရင်တောင် ဆုံးရှုံးမှုကြီးကြီးမားမား မရှိဘူးလေ... လော့ချန်... မင်း ဘယ်လိုထင်လဲ...”
လော့ချန်သည် အကျိုးအမြတ်များများ ရယူလိုရုံသာ ရည်ရွယ်ထားပြီး ဤကိစ္စကို ဖျက်ဆီးပစ်လိုသည့် ရည်ရွယ်ချက် မရှိပေ။ ထို့ကြောင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ရတယ်... ဒါပေမဲ့ ငါ့ဆရာသခင်ရဲ့ စည်းကမ်းတစ်ခုက အရင်ဆုံး ဝန်ဆောင်ခကို ဦးစွာပေးရမယ်...”
“စည်းကမ်းက တော်တော်များတာပဲ...”
မင်လင်က ဟွန့်ခနဲ အသံထွက်လာပြီး လက်ခလယ်ကို လက်စွပ်ပေါ်တွင် အနည်းငယ် ပွတ်သပ်လိုက်ကာ လက်တစ်လုံးအရွယ်ရှိသော ဝိညာဉ်မြက်တစ်ပင်ကို ထုတ်ယူလိုက်သည်။
ထိုဝိညာဉ်မြက်သည် ဖန်ကဲ့သို့ တောက်ပနေပြီး ၎င်းပေါ်တွင် ကြယ်အလင်းများ စီးဆင်းနေကာ ဝိညာဉ်စွမ်းအင် အပြည့်အဝ ဖြစ်ပေါ်နေသည်။
“ဒါက ကြယ်လေးပွင့်အဆင့်မြင့်ဝိညာဉ်ဆေး ကြယ်တစ်ထောင်ဝိညာဉ်မြက်ပဲ... ဒါကို ငါ တစ်နှစ်ကျော်လောက် အချိန်ယူပြီး အန္တရာယ်များတဲ့ နေရာပေါင်းများစွာကို ဖြတ်သန်းပြီးမှ ရှာတွေ့ခဲ့ရတာ... တန်ဖိုးက ၁၅ သန်း ကျော်လောက်ရှိတယ်...”
မင်လင်က ကြယ်တစ်ထောင်ဝိညာဉ်မြက်ကို ဂရုတစိုက် ကိုင်စွဲထားရင်း လော့ချန်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။ “၁၀ သန်းကို ငါ အရင်ဆုံး ပေးနိုင်တယ်... ဒါပေမဲ့ မင်းက ငါ့ရဲ့ဝိညာဉ်ဆေးကို ပျက်စီးအောင် လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ...”
မင်လင်သည် ကြယ်ခုနစ်ပွင့်ဆေးသန့်စင်သူတစ်ဦးဖြစ်ပြီး ကြယ်လေးပွင့်ဝိညာဉ်ဆေးကို သန့်စင်မှုရာခိုင်နှုန်း ခြောက်ဆယ် ခုနစ်ဆယ်အထိသာ ရောက်ရှိနိုင်သည်။
သူ၏အမြင်တွင် ကြယ်လေးပွင့်ဝိညာဉ်ဆေးကို ပြည့်စုံမှုအဆင့်နီးပါးထိ သန့်စင်နိုင်သည်ဆိုခြင်းသည် မဖြစ်နိုင်သည့် အိပ်မက်တစ်ခုသာ ဖြစ်သည်။
လော့ချန်၏နောက်ကွယ်တွင် ဆေးဘုရင်တစ်ပါး အမှန်တကယ်ရှိနေမှသာ ဖြစ်နိုင်မည် ဖြစ်သည်။ အကယ်၍ ဆင်ခြင်တုံတရားဖြင့် စဉ်းစားကြည့်လျှင် ဤချီရှန်မြို့လေးထဲတွင် ဆေးဘုရင်တစ်ပါး ရှိနေရန် မဖြစ်နိုင်ပေ။
ဆေးဘုရင်တစ်ပါးသည်လည်း အသုံးမကျသိုင်းဝိညာဉ် နိုးထထားသူတစ်ဦးကို တပည့်အဖြစ် လက်ခံမည် မဟုတ်ပေ။ သို့သော် ဆင်ခြင်တုံတရားက ဆင်ခြင်တုံတရား ဖြစ်နေသော်လည်း မင်လင်သည် ဝိညာဉ်ဆေးသန့်စင်မှုပြည့်စုံမှု ပြဿနာကြောင့် ဆေးလုံးပြုလုပ်ရာတွင် နှစ်ကြိမ်ဆက်လက် မအောင်မြင်ခဲ့ပေ။ ၎င်းအတွက် နှလုံးသားအားထုတ်မှုနှင့် ငွေကြေးများစွာ ကုန်ကျခဲ့ရသည်။
ထို့ကြောင့်ပင် လော့ယောင်၏ သတင်းစကားကို ရရှိသည်နှင့် ချီရှန်မြို့သို့ မိုင်ပေါင်းများစွာ ခရီးနှင်ပြီး ကိုယ်တိုင်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
လော့ချန်က ရောင်စဉ်ကိုးသွယ်ရတနာအပေါ် ယုံကြည်မှုအပြည့်ရှိပြီး ပြောလိုက်သည်။
“သန့်စင်မှု မအောင်မြင်ရင် ငါ့ဆရာသခင်က နှစ်ဆ ပြန်လျော်ပေးမှာ...”
လော့ချန်၏ ပြတ်သားသော သဘောထားကို မြင်လိုက်ရသောအခါ မင်လင်၏ မျက်လုံးများထဲတွင် အံ့သြသံသယဖြစ်မှုများ ပေါ်ထွက်လာသည်။
"တကယ်ပဲ သူ့နောက်ကွယ်မှာ ဆေးဘုရင်တစ်ပါး ရှိနေတာလား..."
“ကောင်းပြီ...”
စိတ်ထဲရှိသည့် သံသယများကို ဖိနှိပ်ထားလိုက်ပြီး မင်လင်က ကျောက်စိမ်းသေတ္တာကို လော့ချန်ထံသို့ လွှဲပြောင်းပေးလိုက်သည်။
လော့ယောင်က ၁၀ သန်း ဖိုးရှိသော ငွေတစ်ရွက်များကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ပြီး ၎င်းတို့ကို လော့ချန်ထံ လှမ်းပေးလိုက်သည်။ “လော့သခင်လေး... ဒါက ၁၀ သန်း ပါ...”
လော့ချန်က ခေါင်းယမ်းလိုက်သည်။ “ဝိညာဉ်ဆေးတွေနဲ့ လဲလှယ်လို့ရမလား... ကြယ်သုံးပွင့်ဝိညာဉ်ဆေးတွေဆိုရင် ပိုကောင်းမယ်...”
“အို့...”
လော့ယောင်၏ လှပသော မျက်လုံးများက မျက်တောင်ဖွင့်ပိတ်လုပ်လိုက်ပြီး တွေးတောဟန်ဖြင့် ပြောလိုက်သည်။ “ကြယ်သုံးပွင့်ဝိညာဉ်ဆေးတွေက တန်ဖိုးက နှစ်သန်းခွဲလောက်ရှိတယ်.. ပြတိုက်ထဲမှာ အခုလောလောဆယ် ကြယ်သုံးပွင့်ဝိညာဉ်ဆေးသုံးပင်ပဲ ရှိတယ်... ကျန်တာတွေကို ကြယ်နှစ်ပွင့်ဝိညာဉ်ဆေးတွေနဲ့ အစားထိုးလို့ ရမလား...”
“ရတယ်...”
ထို့နောက် မကြာမီမှာပင် လော့ယောင်က ရှူးအိမ်တော်ထိန်းအား ဝိညာဉ်ဆေးများ ယူလာစေသည်။ စုစုပေါင်း ကြယ်သုံးပွင့်ဝိညာဉ်ဆေးသုံးပင်နှင့် ကြယ်နှစ်ပွင့်ဝိညာဉ်ဆေးလေးပင် ဖြစ်သည်။
ထိုဝိညာဉ်ဆေးများကို မြင်လိုက်ရသောအခါ လော့ချန်၏ မျက်လုံးများထဲတွင် ဝမ်းသာမှုအလင်းတန်းများ ဖြတ်ပြေးသွားသည်။ ထိုဝိညာဉ်ဆေးများနှင့်ဆိုလျှင် သူသည် လူသာမန်ဘဝဖြတ်ကျော်အဆင့်သို့ ထိုးဖောက်နိုင်ပြီ ဖြစ်သည်။
လော့ယောင်က ပြုံးကာ မေးလိုက်သည်။
“လော့သခင်လေး... ကြယ်တစ်ထောင်ဝိညာဉ်မြက်ကို ဘယ်တော့ သန့်စင်ပြီးမြောက်မလဲ...”
“သုံးရက်အတွင်း...”
လော့ချန်သည် လေ့ကျင့်ရန် မစောင့်နိုင်တော့သည့်အလား ဝိညာဉ်ဆေးများအားလုံးကို သေချာထုပ်ပိုးပြီး ချက်ချင်း နှုတ်ဆက်ထွက်ခွာလိုက်သည်။
လော့ယောင်က ပြောလိုက်သည်။ “ရှူးအိမ်တော်ထိန်း... လော့သခင်လေးကို ပြန်ပို့ပေးလိုက်ပါ...”
“ဟုတ်ကဲ့... လော့သခင်လေး ဒီဘက်ကို လိုက်ခဲ့ပါ...”
ရှူးအိမ်တော်ထိန်းက ရိုသေစွာ ရှေ့မှလျှောက်လှမ်းကာ လမ်းပြသွားသည်။
“ထူးဆန်းလိုက်တာ... တကယ်ကို ထူးဆန်းတယ်...”
သူတို့နှစ်ဦး ထွက်ခွာသွားသည်ကို ကြည့်ရင်း မင်လင်က ခေါင်းယမ်းကာ မျက်ခုံးများတွန့်ချိုးပြီး တွေးတောနေသည်။
လော့ယောင်က ထူးဆန်းသလို မေးလိုက်သည်။
“မှင်အကြီးအကဲ... ဘာဖြစ်လို့လဲ...”
မင်လင်က တွေးတောဟန်ဖြင့် ပြောလိုက်သည်။ “သူက ကြယ်တစ်ထောင်ဝိညာဉ်မြက်ကို သန့်စင်ပေးမယ်လို့ ကြီးကြီးမားမား ကတိပေးရဲတာ တစ်ခုခုကို အားကိုးနေတာတော့ သေချာတယ်... ဒါပေမဲ့ သူ့နောက်ကွယ်မှာ ဆေးဘုရင်တစ်ပါး တကယ်ရှိနေရင် ဝိညာဉ်ဆေးတွေ ဘာလို့ လိုအပ်နေရမှာလဲ...”
လော့ယောင်ကလည်း ယခုလေးတင် ထိုအချက်ကို တွေးမိခဲ့ပြီးပြုံးကာ ပြောလိုက်သည်။
“တကယ်ကို စိတ်ဝင်စားစရာပဲ... ဘယ်လိုဖြစ်မလဲဆိုတာ သုံးရက်ကြာရင် သိရမှာပါ...”
မင်လင်က ခေါင်းညိတ်ပြပြီး အကြည့်များက နက်ရှိုင်းလာသည်။ “ငါ ခရီးပြင်းနှင်လာခဲ့ရတာ အလဟဿဖြစ်မယ်လို့တော့ မမျှော်လင့်မိဘူး... တကယ်လို့ ငါ့ကို လှည့်စားဖို့ ရဲရဲဝံ့ဝံ့ လုပ်လာရင်တော့... ဟွန့်...”
လော့ချန်နှင့် ရှူးအိမ်တော်ထိန်းတို့သည် ဘေးဘက်အိမ်တော်မှ ထွက်လာချိန်တွင် ရှေးဟောင်းဆန်ဆန် လှည်းတစ်စီးက ထိုနေရာတွင် ရပ်စောင့်နေသည်။
“လော့သခင်လေး... လိုက်ခဲ့ပါ...”
ရှူးအိမ်တော်ထိန်းက ရှေ့သို့လျှောက်သွားပြီး လှည်းတံခါးကို ဖွင့်ပေးလိုက်သည်။
လော့ယောင်က ဤမျှအထိ သေသေချာချာ စီစဉ်ပေးထားမည်ဟု လော့ချန်က မထင်မှတ်ထားခဲ့ပေ။ ယခုအခါ သူသည် ဝိညာဉ်ဆေးများစွာကို သယ်ဆောင်ထားရသဖြင့် တစ်ဦးတည်း ပြန်သွားရန် အဆင်မပြေပေ။
ရှူးအိမ်တော်ထိန်းက လော့ချန်အတွက် လှည်းကို ကိုယ်တိုင်မောင်းနှင်ပြီး လော့မိသားစုအိမ်တော်ဆီသို့ ဦးတည်သွားသည်။
ဘေးဘက်အိမ်တော်အပြင်ဘက်ရှိ လူသူကင်းမဲ့သော လမ်းကျဉ်းတစ်ခုထဲတွင် လူရိပ်နှစ်ခုက အရိပ်ထောင့်တစ်နေရာတွင် ရပ်တည်နေပြီး ရှေ့မှဖြတ်သွားသော လှည်းကို စူးစိုက်ကြည့်ရှုနေသည်။
“မိုက်မဲလိုက်တာ... အဲ့ဒီ သနားစရာကောင်လေးက တစ်ယောက်တည်း ပြန်မသွားဘူး...”
ထိုအထဲမှ အရပ်ရှည်ပိန်ပိန်လူငယ်တစ်ဦးက မျက်နှာအမူအရာများ ညှိုးငယ်လာပြီး နောက်လူတစ်ဦးကိုလှည့်ကာ ပြောလိုက်သည်။ “လင်ရှန်... လှုပ်ရှားမှာလား...”
လင်ရှန်သည် အသက်နှစ်ဆယ်ခန့်ရှိပြီး အပြာရောင်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားသည်။ ကျောပေါ်တွင် သံမဏိလေးတစ်ချောင်းကို ထမ်းထားပြီး အကြည့်များက အလွန်စူးရှသည်။
လှည်းကို တစ်ချက်ကြည့်ပြီးနောက် လင်ရှန်က ခဏမျှ တွေးတောလိုက်ပြီး ခေါင်းယမ်းကာ ပြောလိုက်သည်။ “ရှူးအိမ်တော်ထိန်းကလည်း လူသာမန်ဘဝဖြတ်ကျော်အဆင့်ရှိတဲ့ သိုင်းသမားတစ်ယောက်ပဲ... သူရှိနေရင် လော့ချန်ကို အသံတိတ်သတ်ဖြတ်ဖို့ ခက်ခဲလိမ့်မယ်... အဲဒါအပြင် လင်ယွမ်ပြတိုက်နဲ့ပါ ရန်ဘက်ဖြစ်သွားစေလိမ့်မယ်... လင်ယွမ်ပြတိုက်က ငါတို့လင်မိသားစုအနေနဲ့ ရန်ဘက်ဖြစ်နိုင်တဲ့ အဖွဲ့အစည်းမဟုတ်ဘူး...”
ထိုနှစ်ဦးသည် လင်မိသားစုမှ လူငယ်မျိုးဆက်ထဲတွင် ထူးချွန်သူများ ဖြစ်ကြသည်။ အရပ်ရှည်ပိန်ပိန်လူငယ်မှာ လင်ယန်ဖြစ်ပြီး လူသာမန်ဘဝဖြတ်ကျော်အဆင့်တစ်ကို ရောက်ရှိထားသူ ဖြစ်သည်။
လင်ရှန်သည် လင်ယွမ်၏ ဝမ်းကွဲအစ်ကိုဖြစ်ပြီး လူသာမန်ဘဝဖြတ်ကျော်အဆင့်နှစ်ကို ရောက်ရှိထားသူ ဖြစ်သည်။
လော့ချန်သည် လော့မိသားစုအိမ်တော်မှ ထွက်ခွာသွားသည်ကို သိရှိလိုက်ရသောအခါ သူတို့နှစ်ဦးသည် လော့ချန်ကို လုပ်ကြံရန် အခွင့်အရေး ရှာဖွေရန် ပြင်ဆင်ခဲ့ကြသည်။ သို့သော် လော့ချန်သည် အစမှအဆုံး ရှူးအိမ်တော်ထိန်းနှင့်အတူ ရှိနေသဖြင့် လှုပ်ရှားရန် အခွင့်အရေး မရခဲ့ပေ။
“ဒါဆိုရင် သူ့ကိုကို နှစ်ရက်လောက် ထပ်အသက်ရှင်ခွင့်ပေးထားလိုက်ပေါ့... သူ လော့မိသားစုအိမ်တော်ကနေ ထွက်လာတာနဲ့ သူ့ရဲ့ သေမင်းနေ့ရောက်ပြီပဲ...”
လင်ယန်က နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ပြီး သတ်ဖြတ်လိုစိတ်များ ပြည့်လျှံနေသည်။
လင်ရှန်က အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ခေါင်းယမ်းကာ ပြောလိုက်သည်။ “တကယ်ကို မထင်မှတ်ထားခဲ့ဘူး... ငါတို့လင်မိသားစုက အဲ့ဒီကောင်လေးလက်ထဲမှာ ဒီလိုမျိုး အရေးနိမ့်သွားရလိမ့်မယ်လို့...”
“အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးထထားတဲ့ အသုံးမကျသူတစ်ယောက်က ခန္ဓာသန့်စင်မှုအထွတ်အထိပ်အဆင့်ထိ ရောက်သွားနိုင်မယ်လို့ ဘယ်သူထင်ထားမှာလဲ...”
လင်ယန်က မျက်နှာမညှိုးငယ်စွာ မေးလိုက်သည်။ “တကယ်ပဲ မြောက်ဖက်ဈေးကွက်ကို လော့မိသားစုကို လွှဲပေးရမှာလား...”
“မသိဘူး... အခုလောလောဆယ် အိမ်တော်သခင်တို့လည်း ဒီကိစ္စကို ဆွေးနွေးနေတုန်းပဲ...” လင်ရှန်က ခေါင်းယမ်းပြီး စကားလမ်းကြောင်းပြောင်းကာ ပြုံးလိုက်သည်။ “ဒါပေမဲ့ ငါတို့က လော့ချန်ကို သတ်ဖြတ်ပြီး ဒီကိစ္စကို ချီမိသားစုအပေါ် အပြစ်ပုံချလိုက်ရင် သူတို့နှစ်ဖွဲ့ မီးနဲ့ရေလို ရန်လိုကြလိမ့်မယ်... အဲ့ဒီအခါကျရင် ဘယ်သူက ငါတို့နဲ့ ယှဉ်ပြိုင်ရဲမှာလဲ...”
“ဟီး... ဟီး... နှစ်ဖွဲ့ရန်ဖြစ်ကြရင် ငါတို့က ဘေးကနေ အသာလေးထိုင်စောင့်ပြီး အခွင့်အရေးကို ရယူလိုက်ရုံပဲ... ဒါကိုတွေးရုံနဲ့တင် စိတ်လှုပ်ရှားစရာပဲ...” လင်ယန်က အေးစက်စွာ ပြုံးလိုက်သည်။
'လော့မိသားစုအိမ်တော်'
“ရှူးအိမ်တော်ထိန်း... လော့ယောင်အစ်မကို ကျေးဇူးတင်တယ်လို့ ပြောပေးပါ...”
လှည်းမရပ်တန့်မီ လော့ချန်က မစောင့်နိုင်တော့သည့်အလား လှည်းပေါ်မှ ခုန်ဆင်းသွားသည်။ သူ၏ခြံဝင်းထဲသို့ ပြန်ရောက်လာသောအခါ လော့ချန်က ခြံတံခါးကို ပိတ်လိုက်ပြီး သိုင်းလေ့ကျင့်ကွင်းသို့ တန်းတန်းမတ်မတ် ရောက်ရှိလာကာ ဝိညာဉ်ဆေးများကို တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်သည်။
“ကြယ်သုံးပွင့်ဝိညာဉ်ဆေးသုံးပင်နဲ့ ကြယ်နှစ်ပွင့်ဝိညာဉ်ဆေးလေးပင်ဆိုရင် လုံလောက်မှာပဲ...”
သူ့ရှေ့တွင် စီစဉ်ထားသော ဝိညာဉ်ဆေးခုနစ်ပင်ကိုကြည့်ရင်း လော့ချန်က မျက်နှာပေါ်တွင် ပြုံးရွှင်မှုများ ပေါ်ထွက်လာသည်။ ထို့နောက် ကြယ်သုံးပွင့်ဝိညာဉ်ဆေးတစ်ပင်ကို ဆုပ်ကိုင်လိုက်ပြီး သန့်စင်မှု စတင်လိုက်သည်။ ရောင်စဉ်ကိုးသွယ်မှော်အလင်းသည် ဝိညာဉ်ဆေးကို တဖြည်းဖြည်း ပတ်ပတ်လည် ဝိုင်းဖွဲ့လိုက်သည်။
ခန္ဓာသန့်စင်မှုအထွတ်အထိပ်အဆင့်ကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်သည့်အတွက်ကြောင့်လား မသိပေ။ လော့ချန်သည် တစ်ချက်တည်းနှင့် ကြယ်သုံးပွင့်ဝိညာဉ်ဆေးသုံးပင်ကို သန့်စင်ပြီးမြောက်ခဲ့ပြီး ထိုအခါမှသာ အနည်းငယ် ပင်ပန်းသလို ခံစားလိုက်ရသည်။
ကြယ်သုံးပွင့်ဝိညာဉ်ဆေးသုံးပင်က သူ့အတွက် ကြယ်သုံးပွင့်ဆေးလုံးခုနစ်လုံးကို ထောက်ပံ့ပေးခဲ့သည်။
တစ်နာရီခန့် အနားယူပြီးနောက် လော့ချန်က ကျန်ရှိသော ကြယ်နှစ်ပွင့်ဝိညာဉ်ဆေးလေးပင်ကိုလည်း တစ်ပင်ပြီးတစ်ပင် သန့်စင်လိုက်ပြီး ကြယ်နှစ်ပွင့်ဆေးလုံးဆယ်လုံးကို ရရှိခဲ့သည်။
“လူသာမန်ဘဝဖြတ်ကျော်အဆင့်ကို ထိုးဖောက်နိုင်ပြီ...”
စိတ်ဝိညာဉ်စွမ်းအင်ကို ပြည့်မီအောင် ပြန်လည်ဖြည့်တင်းပြီးနောက် လော့ချန်က သိုင်းဝိညာဉ်ကို ဆင့်ခေါ်လိုက်ပြီး ကြယ်နှစ်ပွင့်ဆေးလုံးနှစ်လုံးကို ထုတ်ယူကာ တစ်ခါတည်း မျိုချလိုက်သည်။