လက်သီးတစ်ချက်နှင့် လူတစ်ယောက်သေသည်
Vol. 3 Ch. 42
“လော့မိသားစုက လော့ချန်... မင်းဒီကို ဘယ်လိုလုပ်ပြီး ရောက်လာရဲတာလဲ... မင်းကိုယ်မင်း သေမင်းတံခါးဝရောက်အောင် လာတာပဲ... သတ်...”
လော့ချန်သည် လင်မိသားစု၏ မြောက်ဖက်ဈေးကွက်သို့ ရောက်ရှိလာသည်နှင့် သိုးသူငယ်တစ်ကောင် ကျားဂူထဲသို့ ဝင်ရောက်လာသကဲ့သို့ ပတ်ဝန်းကျင်ရှိ လင်မိသားစုဝင်များက သူ့ထံသို့ ဒလဟောပြေးလာကာ တိုက်ခိုက်လာကြသည်။
လော့ချန်ကလည်း လုံးဝမညှာတာပေ။ ထို လင်မိသားစုများအားလုံးကို လက်သီးတစ်ချက်စီဖြင့် ရိုက်သတ်ပစ်သည်။ တခဏအတွင်းမှာပင် သူ၏လက်ဖြင့် လူဆယ်ဦးကျော် အသက်ထွက်သွားသည်။ လက်သီးတစ်ချက် လူတစ်ယောက်နှုန်းပင်။ ဤအကြိမ်တွင် လော့ချန်သည် စစ်မှန်သော ဒေါသတရားကို ခံစားနေရသည်။
လင်မိသားစုက မြောက်ဖက်ဈေးကွက်ကို လက်လွှတ်ပေးရန် မရည်ရွယ်ထားသည်ကို သူသိသည်။ ထိုကိစ္စတွင် သူသည် လော့ယောင်အား အကူအညီတောင်းကာ လင်မိသားစုကို အခက်တွေ့အောင် ဖိအားပေးရန်သာ ရည်ရွယ်ခဲ့သည်။ သို့သော် လင်မိသားစုက သူ့ကိုလုပ်ကြံရန် လူလွှတ်ခဲ့သည်။ သူ၏ကံကြမ္မာ ကောင်းမွန်မှုကြောင့်သာ ယခုအချိန်ထိ အသက်ရှင်နေရခြင်း ဖြစ်သည်။ အကျိုးကိုအကျိုးဖြင့် ပြန်ပေးသလို ရန်ငြိုးကိုလည်း ရန်ငြိုးဖြင့် ပြန်ပေးရမည် ဖြစ်သည်။ ရန်သူက သူ့ကို သေစေရန် ကြံစည်ထားသည်ဖြစ်ရာ လော့ချန်ကလည်း လုံးဝမညှာတာတော့ပေ။
လင်မိသားစုဝင်တစ်ဦးက ထွက်ပြေးရန်ပင် အခွင့်မရလိုက်ဘဲ လော့ချန်၏လက်သီးတစ်ချက်ကြောင့် သွေးအန်ကာ အသက်ထွက်သွားသည်။
လော့ချန်သည် နောက်ထပ်တစ်ဦးကို သတ်ရန် လှည့်လိုက်စဉ် ထိုသူက အသက်ကယ်ဆေးရလိုက်သည့်အလား အနီးရှိ စားသောက်ဆိုင်တစ်ခုဆီသို့ ပြေးဝင်သွားသည်။
“ယုံလျန်သခင်လေး... ကျွန်တော့ကိုကယ်ပါ...”
လော့ချန်က အေးစက်စွာ လှည့်ကြည့်လိုက်သည်။ သူ၏ခြေထောက်များက အားထည့်လှမ်းနင်းလိုက်ရာ သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် အရှိန်မြှင့်သွားပြီး လက်သီးတစ်ချက်ကို ထွက်ပြေးသူ၏နောက်ကျောသို့ ရိုက်ချလိုက်သည်။
“ဘုန်း...”
ထိုလင်မိသားစုဝင်က သွေးတစ်ပွက်အန်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး လွင့်ထွက်သွားကာ စားသောက်ဆိုင်ရှေ့တွင် ပြင်းထန်စွာ ပြိုလဲကျသွားသည်။ သူ၏ခန္ဓာက အားအင်ကုန်ခမ်းကာ အသက်ထွက်သွား၏။
ထိုစဉ် လူငယ်တစ်ဦးက စားသောက်ဆိုင်ထဲမှ ထွက်ပေါ်လာသည်။ ထိုလူငယ်သည် အသက် တစ်ဆယ့်ခုနှစ်၊ တစ်ဆယ့်ရှစ်နှစ်ခန့်ရှိပြီး အနက်ရောင်ဝတ်ရုံဖြင့် တင့်တယ်စွာ ဝတ်ဆင်ထားသည်။ သူ၏မျက်နှာသည် အေးစက်ပြီး မျက်လုံးများက ရှည်လျားသည်။ ခါးတွင် ရတနာဓားတစ်လက်ကို တွဲလျှောင်ထားပြီး သူ၏အသွင်အပြင်က စူးရှလှသည်။
“ဒါက လင်မိသားစုရဲ့ ထူးချွန်သူ လင်ယုံလျန်ပဲ...”
“လင်ယုံလျန်... သူ ခရမ်းရောင်တိမ်ဂိုဏ်းမှာ သိုင်းပညာသင်မနေဘူးလား... ဘယ်လိုလုပ်ပြီး ပြန်ရောက်လာတာလဲ...”
“လင်မိသားစုမှာ ဒီလောက်ကြီးမားတဲ့ ကိစ္စဖြစ်နေတာ... အမဲလိုက်ပြိုင်ပွဲမှာ ရှုံးနိမ့်ပြီး မြောက်ဖက်ဈေးကွက်ကိုပါ ဆုံးရှုံးလိုက်ရတာဆိုတော့ သူပြန်လာတာ မဆန်းပါဘူး...”
“လော့ချန် အန္တရာယ်ကြီးပြီ... လင်ယုံလျန်က လူသာမန်ဘဝဖြတ်ကျော်အဆင့်နှစ်ကို ရောက်ရှိနေပြီ... ခရမ်းရောင်တိမ်ဂိုဏ်းမှာ သိုင်းပညာသင်ယူထားတာ... သူ့ရဲ့စွမ်းအားက ဘယ်လောက်ထိ သန်မာနေမလဲ မသိဘူး...”
လင်ယုံလျန် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ လူအုပ်ကြီးက ထိုသတ်ဖြတ်မှုသည် ဤတွင် ရပ်တန့်သွားတော့မည်ဟု ယူဆလိုက်ကြသည်။
လင်ယုံလျန်သည် စားသောက်ဆိုင်ထဲမှ ထွက်လာပြီး မြေပေါ်ရှိ အလောင်းကို တစ်ချက်ကြည့်လိုက်သည်။ သူ၏မျက်လုံးများက မျက်ခုံးတစ်ဖက်ကဲ့သို့ သေးကျဉ်းသွားပြီး အေးစက်သော အကြည့်များဖြင့် လော့ချန်ကို စူးစိုက်ကြည့်လိုက်သည်။
“မင်းက လော့မိသားစုရဲ့လော့ချန်လား...”
လင်ယုံလျန်၏ အကြည့်များက မည်းနက်လာပြီး သူ၏အသံက အေးစက်လှသည်။
“ငါ့ရှေ့မှာ လူသတ်ရဲတယ်ပေါ့... မင်းက အတော်လေး မာနကြီးတာပဲ... ဒါပေမဲ့ မာနကြီးတဲ့လူတွေက သက်တမ်းတိုတတ်တယ်... ငါ မင်းရဲ့ဦးခေါင်းကို ဖြတ်ယူပြီး မြောက်ဖက်ဈေးကွက်ရဲ့ ဝင်ပေါက်မှာ ချိတ်ဆွဲထားမယ်... သတိပေးတဲ့အနေနဲ့ပေါ့...”
လော့ချန်က အေးစက်စွာ ပြန်ဖြေသည်။
“ဟုတ်လား... ဒါဆိုလည်း မင်းမှာ အဲဒီလောက်စွမ်းအားရှိမရှိ ကြည့်ရသေးတာပေါ့...”
လင်ယုံလျန်၏ မျက်လုံးများထဲတွင် ဒေါသမီးလျှံများ တောက်လောင်လာသည်။ သူက အေးစက်စွာ မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည်။
“အမဲလိုက်ပြိုင်ပွဲမှာ နည်းနည်းလောက် ထင်ပေါ်လိုက်ရလို့ ဘယ်သူ့ကိုမှ မျက်လုံးထဲ မထည့်တော့ဘူးပေါ့... အပြင်ကမ္ဘာက ဘယ်လောက်ကြီးမားလဲဆိုတာ မင်းသိလား... မင်းရဲ့ဒီလောက်စွမ်းအားလေးက ဘယ်လောက်ထိ သေးသိမ်လဲဆိုတာ မင်းသိလား... ရေတွင်းထဲက ဖားတစ်ကောင်လို ငါ မင်းကို လက်ဖဝါးတစ်ချက်နဲ့ သတ်ပစ်မယ်...”
စကားသံမဆုံးခင်မှာပင် လင်ယုံလျန်၏ ခန္ဓာကိုယ်က လျှပ်စီးတစ်ခုကဲ့သို့ လော့ချန်ဆီသို့ အရှိန်ဖြင့် ခုန်ဝင်လာသည်။ သူ၏ဘယ်လက်က လက်ဖဝါးပုံစံဖြစ်လာပြီး စူးရှသောလေသံဖြင့် လော့ချန်၏ဦးခေါင်းကို ပြင်းထန်စွာ ရိုက်ချလာသည်။
အနီးတဝိုက်ရှိ လူအုပ်ကြီးက မျက်လုံးများပြူးကျယ်လျက် လော့ချန်၏ဦးခေါင်းသည် ဤလက်ဖဝါးတစ်ချက်ဖြင့် ပြီးဆုံးသွားတော့မည်ဟု ထင်မှတ်လိုက်ကြသည်။ သို့သော် လော့ချန်သည် မြေပေါ်တွင် တည်ငြိမ်စွာ ရပ်နေရင်း အားစုစည်းထားသော လက်သီးတစ်ချက်ကို ပြင်းထန်စွာ ထိုးထုတ်လိုက်သည်။
“ဘုန်း...”
ပေါက်ကွဲသံတစ်ခုနှင့်အတူ အရိုးကျိုးသံတစ်ခု ထွက်ပေါ်လာပြီး လင်ယုံလျန်သည် ညည်းတွားလိုက်ကာ သူ၏ခန္ဓာကိုယ်က အလျင်စလို နောက်ဆုတ်သွားသည်။
ပွဲကြည့်လူအုပ်ကြီးက အံ့ဩထိတ်လန့်စွာ မျက်လုံးများ ပြူးကျယ်သွားကြသည်။ လင်ယုံလျန်သည် လော့ချန်၏ လက်သီးတစ်ချက်ဖြင့် နောက်ဆုတ်သွားရမည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။
“မင်း... မင်းရဲ့အင်အားက ဘယ်လိုလုပ်ပြီး ဒီလောက်သန်မာနိုင်ရတာလဲ...”
သူမြင်ရသည်မှာ လော့ချန်သည်လည်း သွေးစွမ်းအင်အရိုးထဲသို့ စိမ့်ဝင်ပြီး လူသာမန်ဘဝဖြတ်ကျော်အဆင့်နှစ်သို့သာ ရောက်ရှိနေသည်။ သို့သော် ယခုလက်သီးတစ်ချက်၏ အင်အားသည် သူ့ကို လုံးဝဖိနှိပ်လိုက်သည်။
လော့ချန်က မျက်နှာအမူအရာမရှိဘဲ လင်ယုံလျန်ကို တစ်ချက်ကြည့်လိုက်သည်။
“ဒီလောက်နဲ့ အံ့ဩသွားပြီလား... ဒါဆို ရေတွင်းထဲကဖားက မင်းပဲဖြစ်ရမယ်...”
လင်ယုံလျန်သည် ဒေါသတကြီးဖြစ်သွားပြီး နဖူးပေါ်ရှိ သွေးကြောများပင် ထောင်ထွက်လာသည်။
တစ်ချိန်တည်းမှာပင် ရွှမ်းခနဲအသံနှင့်အတူ သူ၏ခါးတွင်တွဲလျှောင်ထားသော ဓားကို ဆွဲထုတ်လိုက်ပြီး သူ၏သိုင်းဝိညာဉ်ကို ဆင့်ခေါ်လိုက်သည်။ ၎င်းသည် ကြယ်ငါးပွင့်ငှက်သိုင်းဝိညာဉ်တစ်ခု ဖြစ်သည်။
“ခရမ်းရောင်တိမ်အလင်းစီးကြောင်း...”
ထို့နောက် အေးစက်စွာ အော်ဟစ်လိုက်ပြီး လင်ယုံလျန်သည် လော့ချန်ဆီသို့ အလျင်စလို ပြေးဝင်လာကာ အေးစက်သော ဓားအလင်းသည် လျှပ်စီးတစ်ခုကဲ့သို့ လော့ချန်၏ရင်ဘတ်ကို ထိုးစိုက်လာသည်။
လော့ချန်၏မျက်ဆံများက သေးကျဉ်းသွားပြီး သွေးစွမ်းအင်ကို လည်ပတ်ကာ လက်သီးတစ်ချက်ကို ဓားသွားပေါ်သို့ ထိုးထုတ်လိုက်သည်။
“ဘုန်း...”
ဓားသွားက တုန်ခါသွားပြီး လင်ယုံလျန်သည် ဓားကို ဆုပ်ကိုင်ထားရန် မဖြစ်နိုင်လုနီးပါး ဖြစ်သွားသည်။ အံ့ဩထိတ်လန့်မှုကို ဖြတ်ကျော်ကာ သူသည် သွားများကိုကြိတ်ရင်း အားအင်အားလုံးကို စုစည်းကာ ထပ်မံစောင်းထိုးလိုက်သည်။
“ခရမ်းရောင်တိမ်အထွတ်အထိပ်...”
“ချီ...”
အေးစက်သော ဓားရှည်သည် စောင်းဖြတ်ထွက်လာပြီး လော့ချန်၏လည်ပင်းကို ဖြတ်တောက်ရန် ရည်ရွယ်လာသည်။
လော့ချန်၏အကြည့်များက စူးရှလာပြီး တောင်တန်းတစ်ခုကဲ့သို့ သြဇာကြီးမားသော အရှိန်အဟုန်တစ်ခုက သူ၏ခန္ဓာကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
“မြေသိမ့်တုန်လက်သီး...”
“ဘုန်း...”
လက်သီးတစ်ချက်က ဓားသွားကို ထိမှန်လိုက်ရာ ဓားရှည်က လွင့်ထွက်သွားသည်။
“ဟင်...”
လင်ယုံလျန်သည် ထိတ်လန့်အံ့ဩစွာ အော်ဟစ်လိုက်သည်။ လော့ချန်၏အင်အားက သူ၏စိတ်ကူးထက် ကျော်လွန်လှသည်။ သူ၏ညာလက်တစ်ခုလုံးသည် မီးပွားလောင်ကျွမ်းနေသလို နာကျင်မှုကို ခံစားလိုက်ရပြီး အရိုးများပင် ကျိုးပဲ့သွားသည်။
သို့သော် လော့ချန်သည် ရပ်တန့်မနေဘဲ ဘယ်လက်ဖြင့် လက်သီးကိုဆုပ်ကာ လင်ယုံလျန်၏ရင်ဘတ်ကို ပြင်းထန်စွာ ထိုးထုတ်လိုက်သည်။
လင်ယုံလျန်သည် သနားစရာ အော်သံတစ်ခုနှင့်အတူ သွေးတစ်ပွက်အန်ကာ သူ၏ခန္ဓာကိုယ်က ကြယ်တံခွန်ကဲ့သို့ လွင့်ထွက်သွားပြီး သူပြုတ်ကျသွားသည့် မြေပေါ်တွင် အက်ကွဲရာများကို ဖြစ်ပေါ်စေသည်။
“ဟာ...”
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးက အံ့ဩစွာ အသက်ရှုသံများ ထုတ်လွှတ်လိုက်ကြသည်။
လက်သီးနှစ်ချက်ဖြင့် လင်ယုံလျန်က ပြင်းထန်စွာ ဒဏ်ရာရသွားသည်။
လင်ယုံလျန်သည် လူသာမန်ဘဝဖြတ်ကျော်အဆင့်နှစ်ရှိသော သိုင်းသမားဖြစ်ပြီး ခရမ်းရောင်တိမ်ဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်သည်။
ဂိုဏ်းသားများ၏ စွမ်းအားသည် တူညီသောအဆင့်ရှိ သိုင်းသမားများထက် ပိုမိုသာလွန်သည်မှာ လူသိများသည်။ သို့သော် လင်ယုံလျန်က ရှုံးနိမ့်သွားသည်။ သူက လုံးဝ ပြန်လည်ခုခံနိုင်စွမ်းမရှိဘဲ ရှုံးနိမ့်သွားသည်။
ထိုအချိန်တွင် လူအုပ်ကြီးက လော့ချန်ကို နတ်ဆိုးသားရဲတစ်ကောင်ကို ကြည့်နေသလို အကြည့်များဖြင့် ကြည့်နေကြသည်။
လင်ယုံလျန်သည်လည်း အံ့ဩထိတ်လန့်စွာ ငေးကြောင်နေသည်။ သူက ဤရှုံးနိမ့်မှုကို လက်ခံနိုင်စွမ်း မရှိပေ။
လော့ချန်သည် သူ၏လက်မောင်းကို ငုံ့ကြည့်လိုက်သည်။ ထိုနေရာတွင် ဓားရာတစ်ခုက မထင်မရှား ရှိနေသည်။
လူသာမန်ဘဝဖြတ်ကျော်အဆင့်ရှိ သိုင်းသမားများသည် သာမန်ဓားများကို မကြောက်ရွံ့သော်လည်း ရန်သူသည် တူညီသော အဆင့်ရှိသူဖြစ်နေလျှင်တော့ သတိထားရပေမည်။
လော့ချန်သည် မြေပေါ်ရှိ ဓားရှည်ကို ကောက်ယူလိုက်ပြီး လင်ယုံလျန်ဆီသို့ တစ်လှမ်းချင်း လှမ်းလျှောက်လာသည်။
လင်ယုံလျန်၏မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။
“မင်း... ဘာလုပ်တာလဲ...”
လော့ချန်က အေးစက်စွာ ပြန်ဖြေသည်။
“မင်းကို သတ်ဖို့ပေါ့...”
လင်ယုံလျန်၏ မျက်ဆံများက တုန်လှုပ်သွားပြီး မည်းနက်သော မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
“မင်း သတ်ရဲလား... ငါ့ကို သတ်လိုက်ရင် မြောက်ဖက်ဈေးကွက်ကနေ မင်း ဘယ်လိုမှ ထွက်သွားလို့ ရတော့မှာမဟုတ်ဘူး... ငါ့ဆရာက မင်းကို လုံးဝမလွှတ်ပေးဘူး...”
သူသည် လင်မိသားစု၏ ထိပ်တန်းထူးချွန်သူဖြစ်ပြီး ခရမ်းရောင်တိမ်ဂိုဏ်း၏ တပည့်တစ်ဦးဖြစ်သည်။ လော့ချန်သည် လူအများရှေ့တွင် သူ့ကို သတ်ရဲလိမ့်မည်ဟု သူက မယုံကြည်ပေ။
လော့ချန်က အေးစက်စွာ ပြုံးလိုက်သည်။
“မင်းတို့ လင်မိသားစုက ငါ့ကို လုပ်ကြံဖို့ လူလွှတ်ခဲ့တယ်... အဲဒါကိုတောင် ငါက မင်းကို လွှတ်ပေးမယ်လို့ မင်း ရိုးရိုးသားသား ထင်နေတုန်းလား...”
လော့ချန်ထံမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုစိတ်ကို ခံစားမိသည့်အခါ လင်ယုံလျန်က ထိတ်လန့်သွားပြီး အလျင်စလို အော်လိုက်သည်။
“ငါ... ငါ အရှုံးပေးပါတယ်... ငါ့ကို မသတ်ပါနဲ့...”
လော့ချန်က အာရုံမထားဘဲ ဓားရှည်ကို မြှောက်လိုက်သည်။
“ရပ်စမ်း...”
ထိုအချိန်တွင် လမ်းမကြီး၏ တစ်ဖက်စွန်းမှ မိုးကြိုးသံကဲ့သို့ ဒေါသတကြီး အော်သံတစ်ခု ထွက်ပေါ်လာသည်။
ဦးဆောင်နေသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လော့ချန်က လင်ယုံလျန်ကို သတ်ရန်ပြင်နေသည်ကို မြင်လိုက်ရသဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။
“လူယုတ်မာ... မင်း သူ့ကိုသတ်လိုက်ရင် ငါ မင်းကို မသေမရှင် အရေခွံစုတ်ပစ်မယ်...”
လင်ယုံလျန်သည် ထိုအမျိုးသားကို မြင်လိုက်ရသည့်အခါ ကြီးမားသော လွတ်မြောက်မှုကို ခံစားလိုက်ရပြီး ဝမ်းမြောက်စွာ အော်လိုက်သည်။ ထိုအမျိုးသားသည် လင်မိသားစု၏ ဒုတိယအိမ်တော်သခင် လင်ယုံလျန်၏ ဖခင်ဖြစ်သူ လင်ချီဖုန်း ဖြစ်သည်။
“ဖေဖေ... ကျွန်တော့်ကို မြန်မြန်ကယ်ပါ... ဒီကောင်ကို သတ်...”
“ရွှပ်...”
လင်ယုံလျန်သည် စကားပင် ဆုံးအောင် မပြောခဲ့လိုက်ရချေ။ သူ့ဖခင်အား အကူအညီလှမ်းတောင်းနေရင်း တန်းလန်းမှာပင် တမလွန်သို့ ကူးပြောင်းရောက်ရှိသွားချေတော့၏။
လော့ချန်သည် မျက်နှာအမူအရာ မပြောင်းလဲဘဲ ဓားတစ်ချက်ကို ရုတ်ချည်း ဝှေ့ယမ်းခုတ်ဖြတ်လိုက်ခြင်းပင်။
ဓားအလင်းတစ်ခု ဖြတ်သန်းသွားပြီး လင်ယုံလျန်၏အသံသည် ရုတ်တရက် ရပ်တန့်သွားကာ သူ၏ဦးခေါင်းသည် တစ်ဖက်သို့ လှိမ့်ထွက်သွားပြီး မျက်လုံးများက ပြူးကျယ်နေသည်။
လင်ချီဖုန်း၏ မျက်လုံးများက ရုတ်တရက် နီမြန်းလာပြီး လော့ချန်ကို ဒေါသတကြီး စူးစိုက်ကြည့်ရင်း မျက်လုံးထဲမှ မျက်ရည်များ ပြည့်နှက်နေသည်။
“လူယုတ်မာကောင်... ငါ မင်းကို အပိုင်းပိုင်းဖြတ်ပြီး အရိုးအမှုန့်ဖြစ်အောင် ကြိတ်ပစ်မယ်...”
ထို့နောက် သူက ဒေါသတကြီး အော်ဟစ်လိုက်ပြီး လော့ချန်ရှေ့သို့ ချက်ချင်း ရောက်ရှိလာကာ သူ၏လက်ချောင်းငါးချောင်းပေါ်မှ အပြာရောင်ခြစ်ကွက်စွမ်းအင်များ ထွက်ပေါ်လာကာ လော့ချန်၏ဦးခေါင်းကို ပြင်းထန်စွာ ရိုက်ချလာသည်။