အခန်း (၁၄၂၉)
Vol. 103 Ch. 1429
ဟန်မူယဲ့ လက်လှမ်းလိုက်သည်နှင့် ကျားငယ်လေးက သူ့လက်ဖဝါးထက်သို့ ကျရောက်လာသည်။
အလင်းရောင်ဖျော့ဖျော့လေးက ကျားဖြူလေးကို ဖုံးအုပ်ထားသည်။
မရေမတွက်နိုင်သည့် အမှတ်ရစရာများက ဟန်မူယဲ့စိတ်ထဲ လွှမ်းခြုံမြင့်တက်လာသည်။
သူမျှော်လင့်ထားသလို ဖြစ်လုနီးပေပြီ။
ရှေးခေတ် ထိပ်တန်းအဆင့်လက်နက်များ၏ စွမ်းအားရှင်များက သာမန်စကြာဝဠာအဆင့်ထက်ပင် ပိုမိုကြီးမားသောစွမ်းအားကို ပြသနိုင်ကြသည်။
မရေမတွက်နိုင်သည့်တိုက်ပွဲများနှင့် နှစ်ပေါင်းများစွာ ရောနှောဖြတ်သန်းခဲ့ရပြီးနောက် ထိုအရာက ဤကျားဖြူအနှစ်သာရကို ဖြစ်ပေါ်စေခဲ့သည်။
ထိုအရာက ဝိညာဉ်သတ္ထုတစ်ခု မဟုတ်ပေ။ သို့သော် အနှစ်သာရတစ်ခုဖြစ်ပြီး နတ်သားရဲများ၏ တည်ရှိမှုနှင့် ညီမျှသည်။
ထိုအရာက သဘာဝ၏ ဖန်တီးမှုမဟုတ်သော်လည်း လက်နက်သန့်စင်ခြင်းတွင် အထွတ်အထိပ်နည်းပညာတစ်ခု ဖြစ်သည်။
“အဆုံးမဲ့ကောင်းကင်မီးတောက်ထဲမှာပါတဲ့ စွမ်းအားကြောင့်သာမဟုတ်ရင် ဒီကျားဖြူအနှစ်သာရက ကြာရှည်မခံဘဲ ပျောက်ကွယ်သွားမှာပဲ”
“ရှစ်ဆယ်ဘီလီယံတန်တဲ့ ဝိညာဉ်သတ္ထုတွေက နည်းနည်းတော့ မလုံလောက်သေးဘူး၊ သူ့ရဲ့စွမ်းအားတည်ငြိမ်ဖို့နဲ့ မိုးနဲ့မြေကိုကျော်ဖြတ်ပြီး ကောင်းကင်နတ်ဘုရားသားရဲအဖြစ် ကြီးထွားခွင့်ပြုဖို့က အနည်းဆုံး ဝိညာဉ်သတ္ထုတွေ အဆပေါင်းများစွာ လိုအပ်နေသေးတယ်”
ဟန်မူယဲ့က ကျားဖြူအနှစ်သာရကို ပြန်ပေးလိုက်ပြီး ပေါ့ပါးစွာ ရယ်မောလိုက်သည်။
“ဒါက ရွှေမျိုမယ့်သားရဲပဲ...”
ထိုစကားက လုကျီရှု၏ မျက်နှာကို တောင့်တင်းသွားစေသည်။
သူက ရှစ်ဆယ်ဘီလီယံနီးပါး သုံးစွဲထားပြီးဖြစ်ရာ ယခု ၎င်းကို ဆက်လက်ထိန်းသိမ်းရန် ဝိညာဉ်သတ္ထုများ အဆပေါင်းများစွာ ထပ်မံသုံးစွဲရပေဦးမည်။
သူမည်သို့တတ်နိုင်မည်နည်း။
အနားတွင်ရှိနေသော လီချန်းယွင်မှာ မနာလိုဖြစ်မိသလို ရယ်လည်းရယ်ချင်သွားမိသည်။
ထိုသို့သော ရတနာပစ္စည်းမျိုး ရရှိခဲ့သဖြင့် လုကျီရှုကို မနာလိုဖြစ်မိပြီး ထိုပစ္စည်းကိုထိန်းသိမ်းရန် လုကျီရှု မတတ်နိုင်သောကြောင့် ရယ်ချင်သွားရခြင်း ဖြစ်၏။
လုကျီရှုမှာ ကျားငယ်လေးကို လက်ထဲတွင် ကိုင်ထားပြီး တုံ့ဆိုင်းလျှက်ရှိသည်။
“သခင်လေးလု... ဒီကိစ္စဆွေးနွေးရအောင်၊ ကောကျင်းထန်က ဒီကျားဖြူလေးကို ဝယ်ချင်နေပါတယ် ၊ မင်း ဘယ်လိုသဘောရလဲ”
စင်္ကြံလမ်းအနောက်ဘက်မှ ကောကျင်းထန်အသံ ထွက်ပေါ်လာသည်။
ဝယ်မယ်တဲ့...။
ဆရာကောက ဝယ်ချင်နေသည်လား။
ကနဦးစျေးနှုန်းဖော်ပြမထားသော်လည်း သူက ဝယ်ယူလိုသည်ဟု တိုက်ရိုက်ပြောဆိုလိုက်သည့်အဓိပ္ပါယ်မှာ လုကျီရှုကျေနပ်စေမည့် စျေးနှုန်းကို ပေးဆောင်လိုကြောင်း အဓိပ္ပါယ်သက်ရောက်သည်။
“သခင်လေးလု... ကျုပ်လည်း ဒီရတနာပစ္စည်းကို လေ့လာချင်တယ်၊ စျေးနှုန်းသတ်မှတ်ဖို့ ဖိတ်ခေါ်ချင်ပါတယ်”
အခြားစင်မြင့်တစ်ခုမှ နောက်ထပ်အသံတစ်သံ ထွက်ပေါ်လာသည်။
ရုတ်တရက်ပင် များပြားလွန်းသည့်စင်မြင့်များနှင့် စင်္ကြံလမ်းအောက်ဘက်မှ ဝိညာဉ်အလင်းတန်းများက စင်မြင့်ထက်သို့ ပျံသန်းသွားကြသည်။
လုကျီရှု မျက်နှာအမူအရာပြောင်းလဲသွားပြီး ဘေးနားတွင်ရှိနေသော ဟန်မူယဲ့ကို လှမ်းကြည့်လိုက်သည်။
ဟန်မူယဲ့ ခပ်ပါးပါးပြုံးလိုက်သော်လည်း တိတ်ဆိတ်နေဆဲပင်။
လီချန်းယွင်သည်လည်း အနည်းငယ်မျက်မှောင်ကျုံ့ကာ တိတ်ဆိတ်နေခဲ့သည်။
ထိုအချိန် ဆုံးဖြတ်ချက်မှာ လုကျီရှုလက်ထဲတွင်ရှိနေပြီး ကိစ္စရပ်များအတွက် သူ၏ ချဉ်းကပ်ပုံနှင့် သူ၏ အမြင်ကို စမ်းသပ်နေသည်။
ခဏမျှစဉ်းစားပြီးနောက် လုကျီရှုက သူ့လက်ထဲမှ ကျားငယ်လေးကို ကြည့်လိုက်သည်။ သူ့မျက်နှာထက် နာကျင်သည့်အရိပ်အယောင်များ ထွက်ပေါ်လာပြီး နောက်ဆုံးတော့ ဆုံးဖြတ်ချက်ကျဟန်ဖြင့် လည်ချောင်းတစ်ချက် ရှင်းလိုက်သည်။
စင်မြင့်ထက်မှ ထွက်ပေါ်လာသည့် ဝိညာဉ်အလင်းတန်းတစ်ခုက ကျားငယ်လေး၏ ခန္ဓာကိုယ်အား ဖုံးအုပ်သွားပြီး ရှန့်ကွမ်းအိမ်တော်ရှိရာ စင်မြင့်ဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။
“သခင်မလေးယုချင်... ကျုပ်ချေးထားတဲ့ သုံးဆယ်ဘီလီယံတန်ဖိုးရှိတဲ့ ဝိညာဉ်သတ္ထုတွေအတွက် ဒီကျားလေးနဲ့ ပြန်ဆပ်ခွင့်ပြုပါ၊ ဒီကျားလေးက အရမ်းချစ်စရာကောင်းပြီး မင်းနဲ့လည်း လိုက်ဖက်ပါတယ်”
ပြန်ဆပ်ခြင်း...။
ဝိညာဉ်သတ္ထု (၃၀)ဘီလီယံအတွက်...။
လုကျီရှုက နှစ်ဆပြန်ဆပ်မည်ဟု ယခင်ကပြောခဲ့ဖူးသည်ဖြစ်ရာ (၆၀)ဘီလီယံဖြစ်သင့်လေသည်။
ဤပစ္စည်းတန်ဖိုးက (၆၀)ဘီလီယံထက် အဆပေါင်းများစွာ တန်ဖိုးကြီးသည်။
စင်မြင့်များစွာထက်တွင် လူအများ ပါးစပ်အဟောင်းသားဖြင့် မယုံကြည်နိုင်ဖြစ်သွားကြသည်။
“ဒီလူက ပစ္စည်းရဲ့တန်ဖိုးကို တကယ်မသိဘူးလား၊ ဆရာကောက ဝယ်ချင်တယ်လို့ ပြောထားပြီးသားပဲ...”
လူတစ်ယောက်က စိတ်ရှုပ်ထွေးမှု၊ မနာလိုမှုများပြည့်နေသည့် မျက်ဝန်းများဖြင့် ပြောလိုက်သည်။
“မိန်းကလေးတစ်ယောက် ပြုံးအောင်လုပ်ဖို့ ဘီလီယံတစ်ရာ အကုန်ခံတယ်တဲ့၊ ဒီကောင့်ဦးနှောက် မြင်းကန်တာခံလိုက်ရပြီလား”
လူတစ်ယောက်က လှောင်ပြောင်သလို ပြောလိုက်သော်လည်း သူ့ဘေးမှတစ်ယောက်က ခေါင်းခါယမ်းလိုက်သည်။
“သူတို့က စေ့စပ်ထားပြီးပြီလေ... ဒီရတနာပစ္စည်းက သူတို့အိုးထဲက အသားပဲပေါ့”
“ပြီးတော့ ဒီလိုအပြုအမူမျိုးကို ရှန့်ကွမ်းမိသားစုကလည်း တိုက်ရိုက်လက်ခံမှာ မဟုတ်ဘူး”
ဟုတ်ပေသည်။
ရှန့်ကွမ်းမိသားစုမှ ရှန့်ကွမ်းဟုန်က လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းသေတ္တာတစ်ခု ပျံသန်းထွက်လာသည်။
“သခင်လေးလုရဲ့ လက်ဆောင်ကို ကျုပ်တူမ’ယုချင်’ က လက်ခံလိုက်ပါပြီ၊ ဒါက ကျုပ်တို့ ရှန့်ကွမ်းမိသားစုရဲ့ တန်ပြန်လက်ဆောင်ပါ”
တန်ပြန်လက်ဆောင်...။
တန်ပြန်လက်ဆောင်ဆိုသည်မှာ လက်ခံရရှိသော လက်ဆောင်ထက် တန်ဖိုးမနည်းတတ်ပေ။
ဤကျောက်စိမ်းသေတ္တာထဲတွင်ပါရှိသော ရတနာပစ္စည်းက ကျားဖြူထက် တန်ဖိုးမနည်းသော ရတနာပစ္စည်း ဖြစ်ရပေမည်။
လုကျီရှုက သေတ္တာကို လက်လှမ်းဖမ်းယူပြီး အဖုံးကိုဖွင့်လိုက်ပြီးနောက် နှုတ်ခမ်းများတွန့်ကွေးသွားသည်။
“မူလဒင်္ဂါး (၁၅၀)ဘီလီယံနဲ့ညီမျှတဲ့ ဝိညာဉ်သတ္ထုနဲ့ လက်မှတ်တွေပဲ၊ တကယ်ပဲ ရှန့်ကွမ်းမိသားစုလို့ ခေါ်ထိုက်ပါတယ်”
ပမာဏက အလွန်အကျွံမဟုတ်သော်လည်း များပြားပေသည်။
လုကျီရှုသည် သိသာထင်ရှားသည့် ဆုံးရှုံးမှုမခံစားရဘဲ ရှန့်ကွမ်းမိသားစုထံမှ မျက်နှာသာပေးခြင်းကို ရရှိခဲ့သည်။
“အစ်ကိုလုက တကယ် ဉာဏ်ကောင်းတာပဲ”
ဖြစ်စဉ်တစ်ခုလုံးအား လေ့လာပြီးနောက် လီချန်းယွင် မျက်နှာထက် အပြုံးတစ်စဖြင့် ပြောလိုက်သည်။
လုကျီရှုလက်ထဲတွင် ကျန်ခဲ့မည်ဆိုလျှင် ဤကျားငယ်လေးက ရွှေမျိုသည့်သားရဲနှင့် နောက်ဆက်တွဲရှင်းရန် ခက်ခဲသည့်ကိစ္စတစ်ရပ် ဖြစ်လာပေမည်။
ဥပမာအားဖြင့် ဆရာကောက ၎င်းကိုဝယ်ရန် စဉ်းစားမည်ဖြစ်ပြီး အခြားသူများစွာကလည်း ၎င်းကိုစောင့်ကြည့်လိုမည်ဖြစ်သည်။
ဤပစ္စည်းကြောင့် လူအနည်းငယ်နှင့် ဆက်ဆံရေးတိုးမြှင့်နိုင်သော်လည်း ပြဿနာများက ပိုမိုကြီးမားလာပေမည်။ ထိုပစ္စည်းကို ရှန့်ကွမ်းမိသားစုသို့ ပေးလိုက်သည်က ပိုကောင်းပေသည်။
ရှန့်ကွမ်းမိသားစုက ထိပ်တန်းမိသားစု(၃)ခုတွင် ပါဝင်ပြီး လက်ဆောင်ကို လက်ခံရရှိသူဖြစ်လေရာ၊ ရှန့်ကွမ်းမိသားစုနှင့် ရင်းနှီးသောဆက်ဆံရေးမရှိဘဲ ထိုပစ္စည်းကို လေ့လာကြည့်ရှုရန် တောင်းဆိုမည်ဆိုပါက လုံးဝ အရှက်ရစေမည် ဖြစ်သည်။
ယခုတော့ ကောင်းပြီ။
ပစ္စည်းက ရှန့်ကွမ်းမိသားစုထံ ရောက်ရှိသွားပြီး အခက်အခဲများကို ဖယ်ရှားလိုက်နိုင်သည့်အပြင် ရှန့်ကွမ်းမိသားစု၏ မျက်နှာသာပေးမှုကိုပင် အပြန်အလှန်ရရှိပြီး သူတို့က သတ္တဝါလေးကိုလည်း ဂရုစိုက်ပေးကြပေမည်။
ရှန့်ကွမ်းမိသားစုက သေချာပေါက် ထိုပစ္စည်းကိုသုတေသနပြုပြီး ၎င်းကို ပြုစုပျိုးထောင်ရန် နည်းလမ်းများရှာဖွေပေမည်။
အရေးကြီးသည်မှာ ရှန့်ကွမ်းယုချင်က လုမိသားစုတွင်လက်ထပ်ပြီး လုကျီရှု၏ တာအိုလက်တွဲဖော်ဖြစ်လာပါက သေချာပေါက် ဤပစ္စည်းလေးအား ခန်းဝင်ပစ္စည်းတစ်စိတ်တစ်ပိုင်းအဖြစ် ယူဆောင်လာမည်ဖြစ်သည်။
လုကျီရှု၏ လုပ်ရပ်က မဆင်မခြင်လုပ်ဟန်ရှိသော်လည်း ပြောင်မြောက်သော တွက်ချက်နည်းဗျူဟာရှိသည်ဟု လီချန်းယွင် ခံစားလိုက်ရသည်။
ရောင်းသည်ဖြစ်စေ၊ မိသားစုသို့လွှဲပြောင်းပေးသည်ဖြစ်စေ၊ ကိုယ်တိုင်ကိုယ်ကျသိမ်းဆည်းထားသည်ဖြစ်စေ ကျားငယ်လေးအား ရှန့်ကွမ်းမိသားစုထံ ပေးကမ်းခြင်းကဲ့သို့ ကုန်ကျစရိတ်သက်သာခြင်း မရှိနိုင်ပေ။
ထိုအချိန်တွင် လီချန်းယွင်သာမက စင်မြင့်ထက်တွင်ရှိနေသည့် အခြားသူများ၊ များပြားလှစွာသော ရတနာပစ္စည်းအကဲဖြတ်ဆရာများမှာ လုကျီရှု ကျားဖြူကိုပေးအပ်လိုက်ခြင်းနောက်ကွယ်မှ ဉာဏ်ပညာကို ပိုင်းခြားသိမြင်လာကြသည်။
ဤလှုပ်ရှားမှုက ရတနာပစ္စည်းဖွင့်လှစ်ခြင်းတွင် ဘီလီယံတစ်ရာနီးပါး ရိုက်ခတ်ခဲ့သည်။
ဒါက သာမန်လူတစ်ယောက် လောင်းကြေးထပ်ရဲသည့်အရာ မဟုတ်ပေ။
လောင်းကြေးထပ်ရဲသည်၊ ရဲရဲဝံ့ဝံ့စွန့်လွှတ်ရဲသည်။
ဤသည်က စိတ်ဓာတ်နှင့် အမြင်ရှိခြင်းပင် ဖြစ်၏။
လုကျီရှု စင်မြင့်ထက်သို့ ပြန်ကြည့်လိုက်သည့်အခါ လူပေါင်းများစွာ၏ အမြင်များက ပြောင်းလဲနေပေပြီ။
ဤလုကျီရှုက ယခင်က ထင်ထားသကဲ့သို့ စိတ်မြန်ပုံမပေါ်တော့ဘဲ သူ၏ လုပ်ရပ်များက အလွန်ပင် သာလွန်သည်။
ဘီလီယံ (၁၀၀) ကို စွန့်လွှတ်လိုက်သည့် သူ၏အမူအရာက သာမန်လူများမယှဉ်နိုင်သော ခမ်းနားမှုကို ပြသခဲ့သည်။
ရတနာအကဲဖြတ်ပွဲ ပြန်လည်စတင်ခဲ့ပြီး များပြားလှစွာသော ရတနာပစ္စည်းများ စင်မြင့်ထက်တွင် ပြသခဲ့သည်။
ကံထူးခဲ့ပြီဖြစ်သော လုကျီရှုက စိတ်ကျေနပ်နေခဲ့ပြီး ထိုရတနာပစ္စည်းများကို သိပ်စိတ်မဝင်စားတော့ပေ။
ဘီလီယံ(၁၀၀) ရရှိခဲ့ပြီးနောက် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် သန်းအနည်းငယ် သို့မဟုတ် မီလီယံအနည်းငယ်မျှသော မူလဒင်္ဂါး ကမ်းလှမ်းချက်များက ထိုင်းမှိုင်းနေပြီး ပျင်းရိငြီးငွေ့စွာ သမ်းဝေလိုက်ရန်ပင် ကောင်းနေသည်။
ရတနာပစ္စည်းများက ရံဖန်ရံခါ အလင်းရောင်များ ထွက်လာသော်လည်း ဖြစ်စဉ်ကတော့ အကန့်အသတ်များ ရှိသည်။
မကြာခဏဆိုသလို ရတနာပစ္စည်းဖွင့်လှစ်ပြီးနောက် လက်ဗလာရလဒ်သာရှိပြီး အထီးကျန်မှုကို ထုတ်ဖော်ပြသကြသည်။
အထူးသဖြင့် လုကျီရှုက နှစ်ပွဲဆက်တိုက် ဘီလီယံ(၁၀၀) ရရှိခဲ့သောကြောင့် ရတနာအကဲဖြတ်ပွဲ၏ လေထုက ပေါက်ကွဲသွားခြင်း ဖြစ်၏။
အပိုင်းအားလုံးမှ လေလံဆွဲမှုများမှာ တဖြည်းဖြည်း စိတ်ပိုင်းဆိုင်ရာ တက်ကြွလှုပ်ရှားလာပြီး လောင်းကစားလိုခြင်းများ ဖြစ်ပေါ်လာသည်။
ရလဒ်အနေဖြင့် လုတုန်ကျုးမျက်နှာထက်မှအပြုံးက ပိုပြီးတောက်ပလာသည်။
ရတနာပစ္စည်းအကဲဖြတ်ဆရာများကလည်း တစ်လှည့်ပြီးတစ်လှည့် အကြံဉာဏ်ပေးခြင်း၊ အမြင်များပြောဆိုခြင်းတို့ ပိုမိုများပြားလာသည်။
ကောကျင်းထန်မျက်နှာသည်လည်း ကြည်လင်သွားပြီး ဝမ်းသာအားရဖြင့် တောက်ပနေသည်။
အမျိုးမျိုးသောရတနာပစ္စည်းများကို ဆက်လက်တင်ပြ ထုတ်ဖော်ပြသရင်း ခန်းမအနှံ့ အံ့အားသင့်မှုများနှင့် ရယ်မောသံများ ပျံ့နှံ့နေသည်။
ရတနာအကဲဖြတ်ပွဲက အနားယူခြင်းမရှိဘဲ စုစုပေါင်း (၁၀)ရက်နှင့် (၁၀)ည ကြာမြင့်ခဲ့သည်။
ပါဝင်ဆင်နွှဲသူများအတွက် (၁၀)ရက်ဆိုသည်က (၁၀)နှစ် သို့မဟုတ် အနှစ်တစ်ရာနှင့် ကွဲပြားခြင်း မရှိပေ။
မျက်စိတစ်မှိတ်အတွင်း (၁၀)ရက် ကုန်ဆုံးသွားခဲ့သည်။
ဤ (၁၀)ရက်အတွင်း ကောကျင်းထန်သည် တစ်ခုလျှင် (၅၀၀)မီလီယံတန်ဖိုးရှိသော များပြားလှစွာသည့် ရတနာပစ္စည်းများကို အကဲဖြတ်ပေးခဲ့သည်။
တခြားဆရာနှစ်ဦးကလည်း ကောင်းမွန်သောစွမ်းရည်ကို ပြသခဲ့ကြသည်။
ဟုတ်ပေ၏။
ဤသည်က လုမိသားစု၏ ယွင်ထန်းရတနာစံအိမ်တွင် ကျင်းပပြုလုပ်သည့် ရတနာအကဲဖြတ်ပွဲမှ စစ်မှန်သည့် ရတနာပစ္စည်းများကြောင့်လည်း ဖြစ်သည်။
လုကျီရှု၏ ကျားဖြူလေးနှင့် ယုထန်ရွှေခြင်ဆီအပြင် ကျန်အရာများကို ထိပ်တန်းအဆင့် ရတနာပစ္စည်းများအဖြစ် သတ်မှတ်မထားသော်လည်း မူလဒင်္ဂါး သန်းတစ်ရာ သို့မဟုတ် သန်းဆယ်ဂဏန်းရှိသော ရတနာပစ္စည်းများအဖြစ် ထည့်တွက်ရမည်ပင်။
“ဆရာဟန် ရှိနေမယ်ဆိုတာသာ ကျုပ်တို့သိခဲ့ရင် ကျုပ်တို့လုမိသားစုက သင့်လျော်တဲ့ရတနာပစ္စည်းအချို့ သေချာပေါက် ပြင်ဆင်ထားမှာပဲ”
လုမိသားစု၏ များပြားလှစွာသော ဘိုးဘေးများနှင့် မိသားစုအကြီးအကဲ’လုချန်းယွဲ့’ တို့ထိုင်နေသည့် လုမိသားစု အကြံပေးအဖွဲ့ခန်းမထဲမှ လုလင်ယွိဟု အမည်ရသော အကြီးအကဲက ပြောလိုက်သည်။
ဟန်မူယဲ့ပြန်လည်ပြုပြင်ထားသော စစ်ပွဲသားရဲကို ကိုင်ဆောင်ထားသည့် အကြီးအကဲ လုလင်ယွိက လုမိသားစုတွင် ရှေ့တန်းအဆင့်သတ်မှတ်ခံရပြီး စကြာဝဠာနယ်မြေတွင် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
စစ်ပွဲသားရဲကို ပြန်လည်ပြုပြင်ရာတွင် ဟန်မူယဲ့က ဝင်ရောက်စွက်ဖက်ပြီး လုမိသားစုအား အပိုထပ်လောင်းပေးခြင်းများမရှိပါက သူ့တွင်ကိုယ်ပိုင်တစ်ခု ရှိလာမည်မဟုတ်ပေ။
ထို့ကြောင့် အကြီးအကဲ လုလင်ယွိက ဟန်မူယဲ့အပေါ် မျက်နှာသာပေးသည်မှာ သဘာဝကျသည်။
“အခုမှပြောတာက စိတ်ကူးပဲဖြစ်လိမ့်မယ်”
လုချန်းယွဲ့က နောင်တရသောအရိပ်အမြွက်ဖြင့် ခေါင်းယမ်းလိုက်သည်။
ဆရာဟန်အား ရတနာပစ္စည်းတစ်ခု ခွဲခြမ်းစိတ်ဖြာခိုင်းပြီး ထိုအရာကို ချောမွေ့စွာ ရယူခြင်းက သူ့ကိုမျက်နှာသာပေးရန်အတွက် သတိပညာရှိသောနည်းလမ်းတစ်ခုဖြစ်သည်။
“ဒီဆရာဟန်ရဲ့ ထိုးထွင်းသိမြင်မှုက ကောကျင်းထန်ထက်တောင် အများကြီးသာတယ်”
တစ်ချိန်က အလင်းတန်းကုန်းမြေတွင် ဟန်မူယဲ့နှင့် ရင်ပေါင်တန်းတိုက်ခိုက်ခဲ့ဖူးသူဖြစ်သော အကြီးအကဲ လုကျူလင်းက ပြုံးလျှက် ခပ်တိုးတိုးပြောလိုက်သည်။
ကျားဖြူဓားမော့အတွက် ရတနာပစ္စည်းအဖွင့်နည်းလမ်းမှာ ဟန်မူယဲ့၏ လက်ရာဖြစ်ကြောင်း သံသယဝင်စရာမရှိပေ။
မဟုတ်ပါက လုကျီရှုက သူ၏ ကံကြမ္မာတစ်ခုလုံးကို လောင်းကြေးထပ်ရန် ဝံ့ရဲမည် မဟုတ်ပေ။
“ဝူး... ဝူး...”
တိုးလျသည့်အသံတစ်သံ ထွက်ပေါ်လာပြီး အလင်းတန်းစီးကြောင်းတစ်ခုက လုချန်းယွဲ့ရှေ့သို့ ရောက်ရှိလာသည်။
လုချန်းယွဲ့မျက်နှာထက် ထူးဆန်းသောအမူအရာတစ်ခုဖြတ်ပြေးသွားပြီး လက်ကိုဆန့်တန်းကာ ထိုအလင်းတန်းစီးကြောင်းကို အသက်သွင်းလိုက်သည်။
“ဆရာဟန် လှုပ်ရှားလိုက်ပြီ”
ယခု ရတနာအကဲဖြတ်ပွဲ ပြီးဆုံးရန် နီးကပ်လာပေပြီ။
ခန်းမအတွင်းမှ လူအတော်များများသည်လည်း စိတ်ဝင်စားမှု လျော့နည်းလာကြသည်။
သို့သော် လက်ရှိ စင်မြင့်ထက်တွင် လေလံဆွဲရင်း ထိပ်တိုက်ရင်ဆိုင်နေသူများ၏ မျက်နှာများတွင်တော့ အပြုံးများဝေလျှက် ရှိ၏။
လုမိသားစု၏ စင်မြင့်တွင်ရှိနေသော ပန်းပဲဆရာတစ်ယောက်က လှုပ်ရှားမှုတစ်ခု လုပ်လိုက်သည်။
ယခု သူက မီးပြင်းဖိုစင်မြင့်ခန်းဆောင်၊ စွန်းအိမ်တော်မှ စွန်းမန်နှင့်အတူပါလာသူကို တန်ပြန်ကာ စျေးတစ်ခု ကမ်းလှမ်းလိုက်၏။
စင်ပေါ်တွင် အရှည် (၁၁)ပေ (၉)လက်မရှိသော မီးခိုးနက်ရောင် လေးကိုင်းတစ်ခု ရှိနေသည်။ ကြည့်ရသည်မှာ ရှေးခေတ်အမွေအနှစ် လေးတစ်လက် ဖြစ်ဟန်တူသည်။
မည်သို့ပင်ဆိုစေကာမူ ရှေးခေတ်အချိန်ကတည်းက ကြယ်စင်စုစကြာဝဠာတွင် လေးလက်နက်များကဲ့သို့ အဖိုးတန်လက်နက်များပိုင်ဆိုင်ထားသည့် ကြီးမားသောဂိုဏ်းကြီးများအကြောင်း မကြားခဲ့ဖူးသလို သူတို့ကြားတွင် လေးမြားပစ်ခတ်ခြင်းပညာနှင့်ပတ်သက်ပြီး အမွေဆက်ခံခြင်းလည်း မရှိခဲ့ပေ။
ဤသို့ထည့်သွင်းစဉ်းစားလျှင် ဤပစ္စည်းက ထူးခြားအဖိုးထိုက်တန်သည့် အရာတစ်ခု မဖြစ်နိုင်ပေ။
ယခု မီးပြင်းဖိုစင်မြင့်ခန်းဆောင်မှ အနက်ရောင်ဝတ် စီနီယာအစ်ကို၏ လေလံဆွဲမှုက သန်း(၃၀)မှ သန်း(၃၀၀)အထိ မြင့်တက်လာခဲ့သည်။
လုကျီရှု၏ စင်မြင့်ထက်တွင် ကမ်းလှမ်းမှုက အဆက်မပြတ်မြင့်တက်နေသည်။
စွန်းမန်က အံကိုတင်းတင်းကြိတ်ပြီး လက်သီးများကို တင်းတင်းကျပ်ကျပ် ဆုပ်ထားသည်။
သူ့ဘေးနားတွင်ရှိနေသော အနက်ရောင်ဝတ်စီနီယာအစ်ကို၏ အတွေးများက ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသည်။
“ဒါက တကယ်ပဲ မီးပြင်းဖိုစင်မြင့်ခန်းဆောင်က လျှို့ဝှက်ကျမ်းစာတွေထဲမှာ ဖော်ပြထားတဲ့ ‘ကောင်းကင်တုန်လှုပ်လေး’ လား”
စွန်းမန်က အသံကိုနှိမ့်ကာ ခပ်တိုးတိုးပြောရင်း အနက်ရောင်ဝတ် စီနီယာအစ်ကိုကို လှမ်းကြည့်လိုက်သည်။
အနက်ရောင်ဝတ်စီနီယာအစ်ကိုက ခေါင်းညိတ်လိုက်ပြီး သူ့မျက်လုံးများထဲ တုံ့ဆိုင်းသည့်အမူအရာ အရိပ်အမြွက်ပေါ်လာသည်။
“သူ့ပုံစံကိုကြည့်လိုက်ရင်တော့ သေချာပေါက်ဆင်တူတယ်၊ ရှေးခေတ်လေးလက်နက် အများကြီးမရှိနိုင်ပေမယ့် ဒီလေးက ကောင်းကင်တုန်လှုပ်လေးဖြစ်မယ်လို့ သိပ်တော့မသေချာဘူး”
ဒီလိုတိုက်ဆိုင်မှုမျိုး တကယ်ဖြစ်နိုင်ပါသလား။
မီးပြင်းဖိုစင်မြင့်ခန်းဆောင်၏ လျှို့ဝှက်ကျမ်းစာများတွင် ရှေးခေတ်အချိန်မှ ထိပ်တန်းရတနာပစ္စည်း (၇)ပါးရှိကြောင်း မှတ်တမ်းတင်ထားသည်။ တစ်ခုချင်းစီက ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနိုင်စွမ်းရှိကြပြီး လောကကိုလှည်းကျင်းပစ်နိုင်သည့် စွမ်းအားကြီးမားသော လက်နက်များဖြစ်ကြသည်။
မီးပြင်းဖိုစင်မြင့်ခန်းဆောင်က ၎င်း၏ အမွေအနှစ်နှင့် ဇစ်မြစ်ကြောင့် ထိုသို့သောရတနာပစ္စည်းများကို ရှာဖွေဖျက်ဆီးရန် အမြဲတမ်းကြိုးစားခဲ့သည်။
ရှေးခေတ်ကျမ်းစာများအရ ဤသို့ ကမ္ဘာဖျက်နိုင်သော ရတနာပစ္စည်းများကို ဖျက်ဆီးပစ်သင့်သည်ဟု ဆိုသည်။
မီးပြင်းဖိုစင်မြင့်ခန်းဆောင်ရှိ ဘိုးဘေးအချို့က စကြာဝဠာအဆင့်ရတနာပစ္စည်းများကိုပင် ဖျက်ဆီးပစ်လိုကြသည်။
မီးပြင်းဖိုစင်မြင့်ခန်းဆောင်၏ အမွေအနှစ်အရ ဤသို့ စွမ်းအားကြီးမားသည့်လက်နက်များကို ဖျက်ဆီးပစ်နိုင်မှသာ ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားနိုင်ပေမည်။
“အဲဒါက ကောင်းကင်တုန်လှုပ်လေး ဟုတ် မဟုတ် မရှင်းလင်းသေးပေမယ့် လုကျီရှုဖိတ်ကြားထားတဲ့ ပန်းပဲဆရာက လေလံဆွဲတယ်ဆိုတော့ တစ်ခုခုတော့တစ်ခုခုပဲ...”
စွန်းမန်က ရေရွတ်ရင်း မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။
အနက်ရောင်ဝတ်စီနီယာအစ်ကိုက ခေါင်းညိတ်လိုက်ပြီး လှုပ်ရှားရန်အတွက် လက်ကိုမြှောက်လိုက်သည်။
အောက်ဘက်ရှိ မျက်နှာပြင်ထက်တွင် နံပါတ်အစုံပေါ်လာသည်။
“(၁၀) ဘီလီယံ...” “(၁၀)ဘီလီယံ”
လေလံသုံးဆ။
ဤကိန်းဂဏန်းက နေရာတွင်ရှိနေသူတိုင်းကို တုန်လှုပ်စေသည်။
အရင်လေလံများတွင် လုကျီရှုဖမ်းဆုပ်မိသည့်အခွင့်အရေးကြောင့် လှုံ့ဆော်ခံရပြီး သူနှင့် မီးပြင်းဖိုစင်မြင့်ခန်းဆောင်တို့ အပြိုင်အဆိုင်ရှိခဲ့ကြသည်။
သို့သော် ယခုကမ်းလှမ်းမှုက ပြိုင်ဆိုင်မှုတစ်ခု မဟုတ်ပါ။ ရတနာပစ္စည်းကို သိမ်းယူရန်ကြိုးပမ်းမှု အစစ်အမှန် ဖြစ်သည်။
“စိတ်ဝင်စားစရာပဲ... မီးပြင်းဖိုစင်မြင့်ခန်းဆောင်က အဓိကသန့်စင်ခြင်းဂိုဏ်းတစ်ခုပဲ၊ သူတို့ တစ်ခုခု ခြေရာခံမိလို့လား”
စင်မြင့်ထက်မှ ရတနာအကဲဖြတ်ဆရာတစ်ယောက်က အပြုံးတစ်ချက်ဖြင့် ရေရွတ်လိုက်သည်။
သူ့စကားက ခန်းမအတွင်းမှ လူတိုင်း၏ စိတ်နှလုံးကို နှိုးဆွပေးလိုက်သည်။
ယခု လူအများအပြား ဆွဲဆောင်ခံလိုက်ရသည်။
လေလံပွဲဆက်လုပ်နေသမျှ အချိန်မရွေး ကမ်းလှမ်းမှုတစ်ခု ပြုလုပ်နိုင်သည်။
သို့သော် မေးခွန်းက လုကျီရှုလုပ်သလို လောင်းကြေးထပ်မည်လားဆိုသော မေးခွန်းဖြစ်၏။
ထိုအချိန် လုကျီရှုက သိလိုစိတ်ဖြင့် ဟန်မူယဲ့ကို ခေါ်င်းလှည့်ကြည့်လိုက်သည်။
ဤသည်က ဆရာဟန်၏ တစ်ခုတည်းသော လေလံဆွဲခြင်း ဖြစ်သည်။
ဒီပစ္စည်းက ဘယ်လိုရတနာမျိုးလဲ...။