အခန်း (၁၄၃၀)
Vol. 103 Ch. 1430
“ဦးလေး ဒီပစ္စည်းကို ကျွန်တော်တို့ ယူသင့်လား”
ရှန့်ကွမ်းမိသားစု၏ ခန်းဆောင်တွင် ပင်မမိသားစုဝင်တစ်ယောက်ဖြစ်သည့် လူငယ်တစ်ယောက်က ခပ်မတ်မတ်ထိုင်နေရင်းမှ စကားပြောလိုက်သည်။
အခြားသူများကလည်း အနည်းငယ်လှုပ်ရှားသွားပြီး ရှန့်ကွမ်းဟုန်ကို လှမ်းကြည့်လိုက်ကြသည်။
သူ့စကားကြားတော့ ရှန့်ကွမ်းဟုန်၏ မျက်နှာထက် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ပေါ်လာသည်။
“မင်း အဲဒါကို လုယူနိုင်မယ်ထင်လား”
သူ့စကားဆုံးသွားသည်နှင့် အောက်ဘက်တွင် နောက်ထပ် ဂဏန်းအစုံလိုက် ထွက်ပေါ်လာသည်။
“(၁၀)ဘီလီယံနှင့် သန်း(၁၀၀)”
တစ်ကြိမ်တည်းဖြင့် သန်း(၁၀၀) ထပ်တိုးပြီး (၁၀)ဘီလီယံကို ဖိနှိပ်လိုက်သည်။
စွန်းမန်ရှေ့မှ အနက်ရောင်ဝတ် စီနီယာအစ်ကိုက သူ့လက်ကို ထပ်မြှောက်လိုက်သည်။
(၂၀) ဘီလီယံ။
ထို့နောက် အခြားသော ကိန်းဂဏန်းက (၂၀)ဘီလီယံနှင့် သန်း(၁၀၀) သို့ ပြောင်းလဲသွားသည်။
“စီနီယာအစ်ကို...”
စန်းမန်၏ မျက်လုံးများက စူးရှတောက်ပနေသည်။
“လောင်းကြေးထပ်လိုက်ရအောင်...”
အနက်ရောင်ဝတ် စီနီယာအစ်ကိုက လက်မြှောက်ပြီး ပြောလိုက်သည်။
(၁၀၀) ဘီလီယံ။
ခဏချင်းပင် နောက်ထပ် ကိန်းဂဏန်းက (၁၀၀)ဘီလီယံနှင့် သန်းတစ်ရာဖြစ်သွားသည်။
ရတနာအကဲဖြတ်ပွဲ နေရာတစ်ခုလုံး အုံးအုံးကြွက်ကြွက် ပေါက်ကွဲထွက်သွားတော့သည်။
လုကျီရှုက ခေါင်းခါယမ်းပြီး ရေရွတ်လိုက်သည်။
“ဘာလို့ ဆရာဟန်နဲ့များ စိတ်ရှုပ်ခံပြီး ကြွယ်ဝချမ်းသာမှုကို ယှဉ်ပြိုင်ချင်ရသေးတာလဲ”
ခန်းမရှိ အစေခံများက ဟန်မူယဲ့ကို အာရုံစိုက်လိုက်ကြပြီး သူတို့မျက်နှာများထက် စူးစမ်းလိုစိတ်များ ပြည့်နေကြလေသည်။
(၁၀)ဘီလီယံထက် ကျော်လွန်သော လေလံက ဤရတနာအကဲဖြတ်ပွဲအတွက် အမြင့်ဆုံးကိန်းဂဏန်း ဖြစ်နေပေပြီ။
စွန်းမန်နှင့် မီးပြင်းဖိုစင်မြင့်ခန်းဆောင်မှကျင့်ကြံသူ သို့မဟုတ် လုကျီရှုနှင့် သူ၏အဖော် ပန်းပဲဆရာများဖြစ်ပါစေ စျေးနှုန်းကို ဤအဆင့်အထိ တွန်းပို့ခြင်းမှာ ယှဉ်ပြိုင်မှုစိတ်ဓာတ်အခြေခံမရှိဘဲ ဖြစ်နိုင်ချေမရှိပေ။
သူတို့ တစ်ခုခုကို မြင်ထားသောကြောင့်ဖြစ်ရမည်။
စင်မြင့်ထက်မှ ရတနာအကဲဖြတ်ဆရာများသည်လည်း တည်ကြည်လေးနက်လာကြသည်။
သူတို့ မှားယွင်းအကဲဖြတ်ခဲ့ကြပါသလား။
လွန်ခဲ့သည့်(၁၀)ရက်အတွင်း မီးပြင်းဖိုစင်မြင့်ခန်းဆောင်မှ ကျင့်ကြံသူက လုကျီရှုနှင့် အသေအကျေယှဉ်ပြိုင်ခဲ့ခြင်းအပါအဝင် သူ၏ အသေးစိတ် ထက်ရှသောမျက်လုံးကို ပြသခဲ့သည်။
လုကျီရှုနှင့် သူ့အဖော်ကတော့ မည်သည့်စကားမှ မပြောနိုင် ဖြစ်သွားသည်။
သူတို့မျက်လုံးများက ဘယ်လောက်ပိုင်းခြားနိုင်သည်ဆိုခြင်းအား စိတ်ကူးကြည့်၍ပင်မရပေ။
သူ၏ နတ်အာရုံ အဆက်မပြတ်ရောယှက်သွားရာ ခဏအကြာတွင် မီးပြင်းဖိုစင်မြင့်ခန်းဆောင်မှ အနက်ရောင်ဝတ် “စီနီယာအစ်ကို” မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။
သူက မီးပြင်းဖိုစင်မြင့်ခန်းဆောင်မှ ဤမျိုးဆက်၏ ပထမဆုံးတိုက်ရိုက်တပည့်ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းအတွင်း ထိပ်တန်းလက်ရွေးစင်တပည့်အဖြစ် လူသိများသော ‘လော့ထျန်းဟယ်’ ဖြစ်သည်။
ဤသူသည် မီးပြင်းဖိုစင်မြင့်ခန်းဆောင်တွင် အလွန်မြင့်မားသော ဂုဏ်ဒြပ်ကို ကိုင်စွဲထားသည်ဟုဆိုကြပြီး နောက်ထပ် ဒုတိယခန်းဆောင်သခင် (၁၃)ယောက်တွင် တစ်ယောက်ဖြစ်လာမည့် အဓိက ကိုယ်စားလှယ်လောင်းလည်း ဖြစ်သည်။
ထိုသို့သော လူတစ်ယောက်အတွက် သူ၏ ပိုင်းခြားသိမြင်မှုကို သံသယရှိရန် မလိုအပ်ပေ။
ဟန်မူယဲ့၏ အထောက်အထားနှင့်ပတ်သက်ပြီး စိတ်ဝင်စားသူများကလည်း ချင်းနင်းစစ်ဆေးခဲ့ကြသည်။
ပန်းပဲပညာရှင်အစည်းအရုံး၏ (၁၉)ယောက်မြောက် မဟာအကြီးအကဲ။
ပန်းပဲပညာရှင်အစည်းအရုံး၏ (၁၉)ယောက်မြောက် မဟာအကြီးအကဲအဖြစ် သူ၏ အဆင့်အတန်းကို ထုတ်ဖော်နိုင်ရုံသာမက ထျန်ရှန်းမြို့နှင့် ရေခဲလမြို့၏ မြို့သခင်အဖြစ်လည်း ထွက်ပေါ်လာသည်။
သူ၏ ကြွယ်ဝမှုက အတိုင်းအတာတစ်ခုအထိ ကြီးမားလွန်းလှသည်။
ငွေခေတ်၏ အစပြုသူ။
မရေမတွက်နိုင်သော မူပိုင်ခွင့်ပိုင်ရှင်။
သူ၏ ကြွယ်ဝချမ်းသာမှုအရည်အသွေးက စကြာဝဠာနယ်မြေမှ အဓိကအင်အားစုကြီးများနှင့် မယှဉ်နိုင်သော်လည်း အရေအတွက်အားဖြင့်ဆိုလျှင် စကြာဝဠာနယ်မြေမှ မိသားစုကြီးများပင်လျှင် သူနှင့်မယှဉ်နိုင်ပေ။
ဤသတင်းက ချက်ချင်းပဲ ပရိတ်သတ်များကြား စိတ်လှုပ်ရှားစရာ ဖြစ်စေခဲ့သည်။
ဒါက ရိုးရှင်းစွာပင် ကမ္ဘာ့အချမ်းသာဆုံး လူတစ်ယောက်ဖြစ်သည်။
စကြာဝဠာနယ်မြေတွင် ဟန်မူယဲ့၏ လုပ်ဆောင်ချက်များကိုပင် လူအများသိရှိလာကြသည်။
သူက ကွန်ဖြူးရှပ်တာအိုနှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိပြီး မိစ္ဆာတို့၏ တောရိုင်းမြေအတွင်း နက်ရှိုင်းစွာ စွန့်စားဝင်ရောက်ကာ တောရိုင်းမြေမှ အနန္တလောကယဇ်ပလ္လင်နှင့်ပတ်သက်သော ကိစ္စအချို့တွင် ပါဝင်ခဲ့သူ ဖြစ်သည်။
နောက်ပိုင်း ဘာဖြစ်သွားသည်လဲတော့ မသိရပေ။
လုမိသားစုရဲ့ အလင်းတန်းကုန်းမြေမှ လုပ်ဆောင်ချက်များ ဒါမှမဟုတ် လျှို့ဝှက်ကောင်းကင်မြို့အတွင်းမှ ဖြစ်ရပ်အားလုံးမှာ အဖွဲ့အစည်းအသီးသီးမသိရှိအောင် ဖုံးကွယ်ထားခြင်းခံခဲ့ရသည်။
ကျီယန်မြို့အတွင်း ဖြစ်ပျက်ခဲ့သည်များကို မည်သူမှ မသိရှိခဲ့ကြပေ။
ဤအရာများက မိသားစုကြီး (၇)ခု၏ ထိပ်တန်းအင်အားစုများနှင့်ပတ်သက်သည့် ကိစ္စများဖြစ်လေရာ အလွယ်တကူ သတင်းပျံ့နှံ့နိုင်ခြင်း မရှိပေ။
လျှို့ဝှက်ကောင်းကင်မြို့မှ ဘိုးဘေးတစ်ယောက်ကဲ့သို့ အကြောင်းအရာများကို အပြင်လူများက မည်သို့သိရှိနိုင်မည်နည်း။
သို့သော် လုံလောက်ပေသည်။
ဤသတင်းအချက်အလက်တစ်ခုတည်းကပင် စင်မြင့်အသီးသီးမှ လူအများက ဟန်မူယဲ့နှင့် သူ၏ စင်မြင့်ကို ပိုပြီးလေးနက်သောအမူအရာဖြင့် ရှုမြင်စေခဲ့သည်။
လေလံစင်မြင့်ထက်တွင် ပန်းပဲပညာရှင်အစည်းအရုံးမှ အကြီးအကဲဖန်းသည်လည်း မျက်နှာထက် အပြုံးရိပ်ဆင်မြန်းထားသည်။
မမျှော်လင့်ဘဲ ဤနေရာတွင် သူတို့အဖွဲ့အစည်းမှ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်နှင့် ကြုံတွေ့ခဲ့ရသည်။
“စီနီယာအစ်ကို... ဟန်မူယဲ့ရဲ့ ကြွယ်ဝချမ်းသာမှုကို ကျုပ်တို့မယှဉ်နိုင်မှာ စိုးရိမ်မိတယ်”
စွန်းမန်က အခက်တွေ့နေသည့်မျက်နှာထားဖြင့် သူ၏ စီနီယာအစ်ကိုကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
လော့ထျန်းဟယ်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ခေါင်းညိတ်ရင်း လက်ကိုမြှောက်ကာ မူလဒင်္ဂါး (၂၀)ဘီလီယံသို့ တိုက်ရိုက် လေလံဆွဲလိုက်သည်။
(၂၀)ဘီလီယံက လေလံမြှင့်တင်ရန် သူ၏ ကန့်သတ်ချက် ဖြစ်သည်။
သူ့မှာ မူလဒင်္ဂါးများ မရှိတော့သောကြောင့် မဟုတ်သော်လည်း ဟန်မူယဲ့နှင့် ယှဉ်နိုင်မည်ဟု မထင်သောကြောင့် ဖြစ်သည်။
အကယ်၍ ဟန်မူယဲ့နှင့် ကြွယ်ဝချမ်းသာမှု အမှန်တကယ် ယှဉ်ပြိုင်မည်ဟု စိတ်ကူးပါက လော့ထျန်းဟယ်အနေဖြင့် ရှုံးနိမ့်မှုကိုသာ ဝန်ခံရပေမည်။
လော့ထျန်းဟယ် လေလံဆွဲလိုက်သည်နှင့် ဟန်မူယဲ့က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
(၂၀၀) ဘီလီယံ။
အရင်က အပြင်လူများက ဟန်မူယဲ့မည်သူမှန်း မသိကြသဖြင့် သူက အပျော်တမ်းသဘောသာ လေလံတင်ခဲ့သည်။
သို့သော် ယခုတော့ လူတိုင်းက သူ့အကြောင်းသိရှိသွားပြီဖြစ်ရာ ဖုံးကွယ်ထားရန် မလိုတော့ပေ။
သူ့ဖဲချပ်များကို စားပွဲပေါ်တင်ဖို့ အချိန်တန်ပြီ။
လေလံစျေး ဆယ်ဆတိုးလာသည်။
အနိုင်ရရန် အစွမ်းကုန်အသုံးပြုမည်ဟု စိတ်ပိုင်းဖြတ်ထားမှုကို ပြသခြင်းပင်။
စင်မြင့်ထက်တွင်ရှိနေသည့် လုကျီရှုနှင့် လီချန်းယွင်တို့နှစ်ယောက်လုံး နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကြသည်။
ထိုသို့သော ကြွယ်ဝချမ်းသာမှုက အမှန်တကယ်ပင် ပြင်းထန်ပြီး လွှမ်းမိုးနိုင်စွမ်းမြင့်မားသည်။
မြို့ထဲမှ လုမိသားစုပင်မခန်းဆောင်သို့ ပြန်ရောက်လာသည့်အခါ လုချန်းယွဲ့နှင့်အခြားသူများက ရတနာအကဲဖြတ်ပွဲမှ အဖြစ်အပျက်အားလုံးကို ဆုပ်ကိုင်မိထားပြီး ဖြစ်သည်။
“အာ... ဒီဖြစ်ရပ်ပြီးရင်တော့ ဆရာဟန်က သူ့ရဲ့ အထောက်အထားကို ဖုံးကွယ်ထားမှာ မဟုတ်တော့ဘူး”
ဘိုးဘေးတစ်ဦးက လွမ်းဆွတ်တမ်းတစွာ မြည်တမ်းလိုက်သည်။ စကားပြောနေစဉ် သူ့မျက်နှာအမူအရာက နောင်တရဟန်ပင် ဖြစ်ပေါ်နေသည်။
ဒါကိုကြားတော့ လုကျူလင်းက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး...
“ဆရာဟန်ရဲ့ နာမည်ကို ဖုံးကွယ်ထားဖို့ မလိုပါဘူး၊ ကျုပ်တို့က သူနဲ့ ဆက်ဆံရေးခိုင်မာနေဖို့ပဲ လိုတယ်”
“ကျုပ်တို့ လုမိသားစုက ဦးဆောင်နေရာကို ရပြီးနေပြီပဲလေ”
အားသာချက်ရရှိရန်အတွက် အခြားမိသားစုများ မည်မျှပင် ဇာတ်လမ်းဆင်အကြံထုတ်ပါစေ လုမိသားစုကဲ့သို့ မည်သူမှ မရင်းနှီးနိုင်ပေ။
အခြားဘိုးဘေးများကလည်း သဘောတူညီစွာ ခေါင်းညိတ်ကြသည်။
“အဟက်... ဒီလိုပွဲမျိုးမှာ ဆရာဟန်ကို မျက်စိကျအောင်လုပ်နိုင်တဲ့ ထိပ်တန်းရတနာပစ္စည်းဆိုတာ ခပ်ရှားရှားပဲ”
လုချန်းယွဲ့က အခြားသူများကို လှမ်းကြည့်ရင်း ပြောလိုက်သည်။
သူက လက်တစ်ဖက်ကိုမြှောက်လိုက်ရာ ဝိညာဉ်အလင်းတန်းက များပြားလှစွာသော သင်္ကေတများအဖြစ် သူ၏ လက်ဖဝါးထက်တွင် ပြောင်းလဲသွားသည်။
ဤသင်္ကေတများက ကြီးမားသော လေးတစ်လက်နှင့်တူသည့် ပုံစံတစ်ခုကို ဖော်ပြသည်။
“ရှေးခေတ်က ကြယ်တွေကြွေကျပြီး အဲဒီကြယ်တွေထဲက တစ်လုံးပေါ်မှာ ဒီရှည်လျားတဲ့လေးကို ရှာတွေ့ခဲ့တာ”
“ဒါက ကြယ်စင်စုစကြာဝဠာအပြင်ဘက်က ကျင့်ကြံရေးအမွေအနှစ်တစ်ခုက ရတနာပစ္စည်းဖြစ်တယ်လို့ သံသယရှိပေမယ့် သက်သေအထောက်အထားတော့ မရှိဘူး”
“စစ်ဆေးပြီးတဲ့နောက်မှာ ရတနာအကဲဖြတ်ဆရာတွေအားလုံးက သူ့ရဲ့တန်ဖိုး ဆုံးရှုံးသွားပြီလို့ သဘောတူခဲ့ကြတယ်”
“သူ့ရဲ့စွမ်းအားတုံ့ပြန်ချက်ကလည်း ဘယ်တန်ခိုးစွမ်းအားကိုမှ ထိန်းသိမ်းမထားနိုင်ဘူးလို့ ခံစားရတယ်”
အချက်အလက်များအားလုံး စုပေါင်းသွားပြီး ခန်းမကြီးထဲမှ လူတိုင်း တိတ်ဆိတ်နေကြသည်။
ဤအချက်အလက်များအရဆိုလျှင် ဤပစ္စည်းက အမှန်တကယ် အသုံးမဝင်ပေ။
သို့သော် လက်ရှိတွင် ဆရာဟန်က ထိုပစ္စည်းကိုရယူရန် (၂၀၀)ဘီလီယံ သုံးစွဲဖို့ ဆန္ဒရှိနေလေရာ ထိုပစ္စည်းမှာ ရှေးခေတ် ထိပ်တန်းရတနာပစ္စည်းတစ်ခုဖြစ်မည်မှာ သေချာသည်။
“(၂၀၀)ဘီလီယံက ဘာမှမဖြစ်ပါဘူး၊ နောက်မှ ဆရာဟန်ကို ပြန်ပေးတာပေါ့”
လုချန်းယွဲ့က ရက်ရောစွာပင် ပြောသည်။
“ဒီရတနာပစ္စည်းကတော့... ရတနာအကဲဖြတ်ပွဲရဲ့ သဘောသဘာဝအရ ဒီလောက်ကြီးမားတဲ့ ကံကောင်းခြင်းက နောင်နှစ်ပေါင်းတစ်သိန်းအထိ ချီးကျူးခံရလိမ့်မယ်”
လုချန်းယွဲ့က ကြီးကျယ်ခမ်းနားစွာ ပြောဆိုလိုက်သည်။
ယွင်ထန်းရတနာစံအိမ်၏ လုပ်ငန်းသည်လည်း ဤအဖြစ်အပျက်ကြောင့် ပို၍ပင် ထွန်းကားလာပုံရသည်။
လုမိသားစုအတွက် အလင်းတန်းကုန်းမြေတွင် ဟန်မူယဲ့ ယူဆောင်လာသော လုပ်ဆောင်ချက်တန်ဖိုးက (၂၀၀) ဘီလီယံမက တန်ဖိုးရှိနေပြီး ဖြစ်သည်။
နောက်ပိုင်းတွင် သူတို့က ဆရာဟန်ကို စကြာဝဠာအဆင့် ရတနာပစ္စည်းများ ပြုပြင်ပေးရန် တောင်းဆိုခဲ့သည်။
ထိုဝန်ဆောင်မှု၏ တန်ဖိုးက (၂၀၀)ဘီလီယံဖြင့် တန်ဖိုးဖြတ်မရပေ။
ထိုအခါမှာတော့ ရတနာအကဲဖြတ်ပွဲရင်ပြင်တွင်ရှိနေသည့် မီးပြင်းဖိုစင်မြင့်ခန်းဆောင်မှ လော့ထျန်းဟယ်က လေလံဆွဲခြင်းမှ နုတ်ထွက်ရန် ရွေးချယ်လိုက်တော့သည်။
သူက ဟန်မူယဲ့၏ ကြွယ်ဝချမ်းသာမှုနှင့် မယှဉ်နိုင်ပေ။
သူက ဟန်မူယဲ့၏ ကြွယ်ဝချမ်းသာမှုအား အပိုင်းတစ်ပိုင်းကိုပင် ယှဉ်နိုင်မည် မဟုတ်ပေ။
“ဒီပစ္စည်းက တကယ်ပဲ ကောင်းကင်တုန်လှုပ်လေး ဟုတ် မဟုတ် ကြည့်ချင်ပါတယ်... တကယ်လို့ ဟုတ်နေမယ်ဆိုရင်...”
လော့ထျန်းဟယ်၏ မျက်လုံးများမှ စူးရှတောက်ပသော အလင်းရောင်တစ်ချက် လင်းလက်လာလေသည်။
လုတုန်ကျူးက လေလံပွဲပြီးဆုံးကြောင်း ကြေညာလိုက်သည့်အခါ စံအိမ်ထဲမှ လူများအားလုံးက ဟန်မူယဲ့ ရတနာပစ္စည်း ထုတ်ဖော်ပြသမည်ကို စောင့်မျှော်နေကြသည်။
လုကျီရှုနှင့် လီချန်းယွင်တို့လည်း မတ်တတ်ထရပ်လိုက်ကြသည်။
တန်ဖိုး (၂၀၀) ဘီလီယံဖြင့် တိုက်ရိုက်လေလံအောင်ထားသော ရတနာပစ္စည်းက မည်သည့်အဆင့် ဖြစ်နိုင်မည်နည်း။
စကြဝဠာအဆင့် ရတနာတစ်ခုလား။
ရှေးခေတ်တွင် ထိုကဲ့သို့စကြဝဠာအဆင့် ‘လေး’ တစ်စင်း ရှိခဲ့ဖူးသလား။
ဟန်မူယဲ့ စင်မြင့်ထက်သို့ တက်လာသည်။
သူမည်သူမည်ဝါဖြစ်ကြောင်း သိထားပြီးဖြစ်သော လုတုန်ကျူးက ပြုံးရွှင်စွာဖြင့် လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်သည်။
ထိုနေရာတွင်ရှိနေသည့် ကောကျင်းထန်နှင့် အကြီးအကဲ’ဖုန်းချန်း’ တို့ကလည်း မတ်တတ်ထရပ်လိုက်ပြီး ပြုံးရွှင်စွာဖြင့် လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်ကြသည်။
အခြားကျွမ်းကျင်သူများလည်း တရိုတသေဖြင့် ထရပ်လိုက်ကြသည်။
ဤသည်မှာ ဟန်မူယဲ့ ယခုရရှိထားသော သြဇာလွှမ်းမိုးမှုပင် ဖြစ်၏။
စကြာဝဠာနယ်မြေအတွင်း သူ၏ ထူးခြားသော အောင်မြင်မှုများကို ဘေးဖယ်ထားလျှင်ပင် ကြယ်စင်စုစကြာဝဠာ၏ ငွေခေတ်ကို ဦးဆောင်ခဲ့သော သူ၏ ကြိုးစားအားထုတ်မှုတစ်ခုတည်းကပင် လေးစားဖွယ်ရာ ဖြစ်နေပေပြီ။
ဟန်မူယဲ့ကလည်း လက်နှစ်ဖက်ဆုပ်ဂါရဝပြုပြီး ပြန်လည်နှုတ်ဆက်လိုက်သည်။
ကောကျင်းထန်က ပြုံးလျှက်...
“ဆရာဟန်... ဒီပစ္စည်းက ဘာပစ္စည်းများလဲ...”
ရတနာအကဲဖြတ်ပွဲတွင် သူက နတ်အာရုံကိုပြသခဲ့ပြီး မှန်ကန်သော ထင်မြင်ချက်များ ၊ ထိုးထွင်းသိမြင်မှုများဖြင့် ထင်ရှားစေခဲ့သည်။
လက်ရှိတွင် ဟန်မူယဲ့အား မေးမြန်းရန်မှာ သူကဲ့သို့ ဂုဏ်သိက္ခာရှိသူတစ်ယောက်တွင်သာ အခွင့်အရေးရှိသည်။
သူ၏ မေးခွန်းက လူတိုင်းသိလိုသည့်အရာလည်း ဖြစ်၏။
ဟန်မူယဲ့အကြည့်က လေးဆီသို့ ဦးတည်သွားပြီး သူ၏ မျက်ဝန်းများထဲတွင် အလင်းရောင်တစ်ချက် ဖြတ်သန်းသွားသည်။
သူက ဖြည်းညှင်းစွာ ချဉ်းကပ်လာပြီး တိုးညင်းစွာ ပြောလိုက်သည်။
“ရှေးခေတ်အချိန်တုန်းက ကြယ်စင်စုစကြာဝဠာမှာ ‘သိုးကျောင်းသားကြယ်မျိုးနွယ်’ လို့ခေါ်တဲ့ ဂိုဏ်းတစ်ခု ရှိခဲ့တယ်”
“ရှုကျီယန်ရဲ့ စိတ်ကူးဉာဏ်ကို ဖြည့်ဆည်းပေးခဲ့ပြီး နောက်ပိုင်း လေဟာနယ်မြို့တွေရဲ့ ခေတ်ကို ဦးတည်သွားစေခဲ့တဲ့ သိုးကျောင်းသားကြယ်မျိုးနွယ်လား”
ကောကျင်းထန်က ပါးစပ်အဟောင်းသားဖြင့် မျက်လုံးပြူးကာ ဆိုလိုက်သည်။
“သိုးကျောင်းသားကြယ်မျိုးနွယ်ရဲ့ သိုးကျောင်းသားကြယ်ပစ္စည်း... ကျုပ် ဘာလို့ အဲဒါကို မတွေးခဲ့မိပါလိမ့်”
အခြားသော ရတနာအကဲဖြတ်ဆရာတစ်ယောက်က ရင်ဘတ်ကို ထုရိုက်ရင်း တီးတိုးရေရွတ်လိုက်သည်။
“အဲ့ဒီရတနာပစ္စည်းဖြစ်တယ်ဆိုတာ ကြိုသိခဲ့ရင် ဘယ်လောက်ကုန်ကျပါစေ ကျုပ် လေလံဆွဲမိမှာပဲ”
သူတစ်ယောက်တည်း မဟုတ်ပေ။
အခြားသူများစွာ၏ မျက်နှာများပေါ်တွင်လည်း စိတ်လှုပ်ရှားမှုနှင့် နောင်တများကို ပြသနေကြသည်။
စင်မြင့်များထဲမှ လူပေါင်းများစွာမှာ စိတ်အနှောက်အယှက်ဖြစ်နေပုံရသည်။
“သိုးကျောင်းသားကြယ်မျိုးနွယ်ဆိုတာ ကြယ်စွမ်းအားကိုပိုင်ဆိုင်ထားပြီး ကြယ်စွမ်းအားကို စုစည်းနိုင်သူတွေ ဖြစ်တယ်”
“ပြောကြတာကတော့ ကောင်းကင်နဲ့မြေကြီး ပြိုကွဲသွားချိန်မှာ သိုးကျောင်းသားကြယ်မျိုးနွယ်က ရှေ့ထွက်လာခဲ့ပြီး သူတို့မျိုးနွယ်စုတစ်ခုလုံးရဲ့ စွမ်းအားနဲ့ မရေမတွက်နိုင်တဲ့ ကြယ်တွေကို ဖန်ဆင်းပြီး ကြယ်စင်စုစကြာဝဠာရဲ့ သက်ရှိတွေကို သယ်ဆောင်လာခဲ့တယ်၊ နောက်ဆုံး သူတို့စွမ်းအားတွေ ကုန်ခမ်းသွားပြီး မျိုးနွယ်စုတစ်ခုလုံး မှေးစက်အိပ်ပျော်ခြင်းကို ရောက်ရှိသွားတယ်”
“အဲဒီအချိန်တုန်းက သိုးကျောင်းသားကြယ်မျိုးနွယ်တွေ ဖန်ဆင်းခဲ့တဲ့ ကြယ်မြစ်ကို အစွဲပြုပြီး ကြယ်စင်စုစကြာဝဠာလို့ နာမည်ပေးခဲ့တာပဲ”
စင်မြင့်အတွင်းမှ ပိုးသားဝတ်စုံဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်က မတ်တတ်ထရပ်လိုက်ပြီး ရှေ့သို့ခြေတစ်လှမ်းတိုးကာ ဟန်မူယဲ့နှင့် သူ့အရှေ့မှ ‘လေး’ ကို စူးစိုက်ကြည့်လိုက်သည်။
“ဒီပစ္စည်းက သိုးကျောင်းသားကြယ်မျိုးနွယ်တွေရဲ့ ပစ္စည်းဆိုရင် ရှေးဟောင်းသိုးကျောင်းသားကြယ်မျိုးတွေရဲ့ အိပ်စက်နေတဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော်နိုင်မယ် ထင်တယ်”
ထိုသို့သော အင်အားကြီးမျိုးနွယ်တစ်ခုကို နိုးထစေခြင်း (သို့မဟုတ်) ၎င်းတို့၏ အမွေအနှစ်ကိုရယူခြင်းသည် မယုံနိုင်လောက်အောင် ကြီးမားသော အခွင့်အလမ်းတစ်ခုဖြစ်သည်။
ထိုလူငယ်၏ စကားကြောင့် လူအများစု၏ မျက်ဝန်းများတွင် တောက်ပသောအလင်းရောင် လင်းလက်သွားကြသည်။
ရတနာပစ္စည်းများဆိုသည်က လူတို့၏ စိတ်ကို လှုပ်ခတ်စေသည် မဟုတ်လား။
“ဟမ်...”
ခပ်တိုးတိုးအသံတစ်ချက်နှင့်အတူ ရွှေရောင်အလင်းတန်း အရံအတားတစ်ခုက မြင့်မားသော စင်္ကြံအား ဖုံးလွှမ်းသွားသည်။
လုတုန်ကျူးက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး စိတ်ရင်းမှန်သော မျက်နှာထားဖြင့်...
“ကျန်းရွှီမီ... ဒါက ရတနာအကဲဖြတ်ပွဲဆိုတာ မမေ့နဲ့၊ ဒီနေရာမှာ သတ်မှတ်တဲ့စျေးနှုန်းက အပြီးသတ်ပဲ၊ နောက်ပြန်လှည့်လို့မရဘူး”
သူ၏ စကားက လူတိုင်းကို သတိပြန်ဝင်လာစေခဲ့သည်။
ဟုတ်ပေ၏။
ဤပစ္စည်းက ရတနာပစ္စည်းတစ်ခုဖြစ်သော်လည်း ဤနေရာက ရတနာအကဲဖြတ်ပွဲ ဖြစ်သည်။
ဤနေရာတွင် ရတနာပစ္စည်း၏ ပိုင်ရှင်ကို သတ်မှတ်ပြီးသားဖြစ်သည်။
တစ်ယောက်ယောက်က ဤပစ္စည်းကို လုယူလိုသည်ဆိုပါက သူတို့အနေဖြင့် ယွင်ထန်းရတနာစံအိမ်မှ ထွက်ခွာနိုင်မည်လားဆိုသည်ကို အရင်စဉ်းစားရပေမည်။
“ဒါက ရှေးဟောင်းရတနာ ကောင်းကင်တုန်လှုပ်လေး မဟုတ်ဘူးလား”
စွန်းမန်ရှေ့တွင်ရပ်နေသည့် လော့ထျန်းဟယ်က သံသယဖြင့် မေးခွန်းထုတ်လိုက်သည်။
သူမှားသွားခဲ့ပြီလား...။
ရတနာအကဲဖြတ်ပွဲတွင် နှစ်ကြိမ်တိုင်တိုင် သူအမှားလုပ်မိပြီး အကျိုးအမြတ်များက လုကျီရှု၏ စံအိမ်ဆီသို့ ရောက်ရှိသွားခဲ့သည်။
ယခုက တတိယအကြိမ် ဖြစ်သည်။