အခန်း (၁၄၃၁)
Vol. 103 Ch. 1431
အားလုံး၏ မျက်လုံးများက ဟန်မူယဲ့ကို စူးစိုက်ကြည့်နေကြသည်။
သူက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး သူ၏ လက်ကို အဝါရောင်နှင့်အစိမ်းရောင် ကျောက်တုံးဖြင့်ဖုံးအုပ်ထားသော လေးထက်သို့ တင်လိုက်သည်။
မှိန်ဖျော့သည့် ဝိညာဉ်အလင်းရောင်က လေးပေါ်သို့ လွှမ်းခြုံသွားသည်။
အဆုံးမရှိသောမြင်ကွင်းများ၊ ကောင်းကင်နှင့်မြေကြီးပြိုကျသွားသည့် စွမ်းအား၊ အဆုံးမရှိသော ကြယ်များက မြစ်များအလား တောက်ပစွာ လင်းထိန်နေသည်။
မိုးနှင့်မြေ ပြိုကျသည့် တန်ခိုးစွမ်းအားနှင့်အတူ အဆုံးမရှိသည့် ကြယ်များက မြစ်များအလား တောက်ပလင်းထိန်နေသည့် အဆုံးမဲ့မြင်ကွင်းများ...
မရေမတွက်နိုင်သော မြင်ကွင်းများ စုစည်းသွားပြီး အရပ် ပေထောင်ပေါင်းများစွာ မြင့်မားသော လူများက သူတို့၏ ခြေထောက်များကို လေဟာနယ်ထဲတွင် ရပ်ထားပြီး သူတို့ထဲမှ တစ်ယောက်က ရွှေရောင်လေးတစ်လက် ကိုင်ဆောင်ထားကာ အခြားသူများကို ဦးဆောင်နေသည်။
သူတို့က ကောင်းကင်နှင့်မြေကြီးကြား ပျံ့နှံ့နေသော အင်အားများကိုစုစည်းကာ ကြယ်များအဖြစ်သို့ ပြောင်းလဲခဲ့ကြသည်။
ထိုဧရာမလူကြီးများ၏ အနောက်တွင် ကြယ်များ ပိုမိုများပြားလာပြီး နဂါးငွေ့တန်းတစ်ခု ဖြစ်တည်လာသည်။
သို့သော် ကြယ်များကို စုစည်းနေစဉ်မှာပင် ထိုလူကြီးများ၏ စွမ်းအားက အားနည်းလာခဲ့သည်။
“အံ့ဖွယ်ကိုးပါးတောင်ထွတ်ရဲ့ သခင်က ပြောခဲ့ဖူးတယ်၊ စွန့်လွှတ်အနစ်နာခံမှုကသာ ထာဝရတည်မြဲတယ်တဲ့”
“ငါတို့က တောင်သခင် ဖန်တီးထားတဲ့သူတွေဖြစ်တယ်၊ တကယ့် လူသားအစစ်တွေမဟုတ်ပေမယ့် တကယ့်ဘဝပုံစံ ပြောင်းလဲမှုတွေကို ဖြတ်သန်းကြရမယ်”
“ယနေ့ စွန့်လွှတ်အနစ်နာခံမှုက အနာဂတ်မှာ ပြန်လည်မွေးဖွားလာဖို့အတွက်ပဲ”
လေးကိုင်ထားသူက အော်ဟစ်ပြောဆိုပြီးနောက် လေးကို အခြားသူတစ်ယောက်ထံ ပေးအပ်လိုက်ပြီး သူကိုယ်တိုင် ကြယ်တစ်လုံးအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်က ကြယ်နှင့်ပေါင်းစပ်သွားပြီး ကြယ်ထဲတွင် သက်ဝင်လှုပ်ရှားသည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။
ကြီးမားသောပုံရိပ်ကြီးများ တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ ချီတက်လာကြပြီး သူတို့၏ စွမ်းအားများ ကုန်ခမ်းသွားသည်အထိ သူတို့ကိုယ်သူတို့ ကြယ်များအတွင်း ဝင်ရောက်လိုက်ကြသည်။
ကြီးမားသောလူရိပ်ကြီးများ တဖြည်းဖြည်း အရေအတွက် လျော့နည်းသွားပြီး သူတို့၏ နောက်ဘက်မှ ကြယ်များကတော့ ပိုမိုများပြားလာသလို ပို၍လည်းတောက်ပလာကြသည်။
နောက်ဆုံးကျန်ရှိသည့် ကြီးမားသောလူရိပ်ကြီးက လေးကို ကိုင်ဆောင်ထားပြီး လေဟာနယ်အစွန်းတွင် မတ်တတ်ရပ်နေသည်။
သူက လက်ကိုမြှောက်ပြီး လေးကို တင်လိုက်ရာ (၃)ပေရှည်သည့် ရွှေရောင်ဓားတစ်လက်ပေါ်လာပြီး ရှေ့သို့ပစ်လွှတ်လိုက်သည်။
ကောင်းကင်နှင့်မြေကြီး ထိုးခွင်းခံရပြီး လေးကိုင်ထားသောလူရိပ်က အနောက်သို့လှည့်ကာ လေးကိုချလိုက်ပြီး အရှေ့ဆီသို့ ခြေတစ်လှမ်းလှမ်းလိုက်၏။
“အံ့ဖွယ်ကိုးပါးတောင်သခင် ပြောဖူးတယ်... လေဟာနယ်အဆုံးထိ လျှောက်လှမ်းရမယ်၊ လျှောက်လှမ်းထွက်ခွာရမယ်၊ နောက်ပြန်မကြည့်ရဘူးတဲ့...”
ထို့နောက် လေးက ကြယ်တစ်စင်းထက်သို့ ကျရောက်သွားပြီး လေနှင့်သဲများ တဖြည်းဖြည်း ဖုံးအုပ်သွားခဲ့သည်။
သိုးကျောင်းသားကြယ်မျိုးနွယ်၏ လေး...။
သိုးကျောင်းသားကြယ် “လေး” ...။
ဤအရာဝတ္ထုသည် အမှန်တကယ်ပင် သိုးကျောင်းသားကြယ် ‘လေး’ ဖြစ်ခဲ့သည်။
သို့ပေသိ ဤအရာဝတ္ထုတွင် အခြားအမည်တစ်ခု ရှိသေးသည်။
ကောင်းကင်တုန်လှုပ်လေး…။
ထိုလေးက ကောင်းကင်နှင့်မြေကြီး စွမ်းအားကို ကြောက်ရွံ့စေပြီး ကောင်းကင်နှင့်မြေကြီး စွမ်းအားကို စုစည်းပေးသည်။
ယခု ဟန်မူယဲ့လက်ထဲတွင် အံ့ဖွယ်ကိုးပါးတောင်သခင်၏ စိတ်ဝိညာဉ်ကိုယ်ခွဲက သန့်စင်ထားသော ရတနာ(၇)ခုအနက် (၂)ခု ရှိနေပြီ ဖြစ်သည်။
လောကနတ်ဘုရားမီးတောက်များကို မွေးမြူပေးနိုင်သည့် “ခရမ်းနေမင်းမီးပြင်းဖို”။
မရေမတွက်နိုင်သော လောကရတနာပစ္စည်းများစွာကို စည်းတံဆိပ်ခတ်နိုင်စွမ်းရှိသော “ကောင်းကင်ရေခဲတူ”။
မူလက ကောင်းကင်ရေခဲတူ၏ မှတ်ဉာဏ်များထဲတွင် ဧရာမလူကြီးတစ်ယောက်က တူကိုကိုင်ကာ နေရာတိုင်းမှ ဝိညာဉ်ရတနာပစ္စည်းများကို တံဆိပ်ခတ်နေကြောင်း ဟန်မူယဲ့တွေ့မြင်ခဲ့ရသည်။
ယခုတစ်ကြိမ်မှာတော့ သူနားလည်သွားခဲ့သည်။
ထိုဧရာမလူကြီးက သူကိုယ်တိုင် ပကတိ အံ့ဖွယ်ကိုးပါးတောင်ထွတ်တွင် ဖန်တီးထားသည့် သက်ရှိနှင့်ဆင်တူသော အရာတစ်ခု ဖြစ်သည်။
ယင်းသည် သိုးကျောင်းသားကြယ်မျိုးနွယ်စု၏ ဒဏ္ဍာရီ ဖြစ်ခဲ့သည်။
သိုးကျောင်းသားကြယ်မျိုးနွယ်စုကို သူ၏ကိုယ်ပိုင် ပကတိမှ ဖန်ဆင်းခဲ့ခြင်း ဖြစ်သည်။
“အဟက်... မူလခန္ဓာက ကောင်းကင်တုန်လှုပ်လေးကို ဒီလောက်မြန်မြန် ရှာတွေ့သွားမယ်လို့ ဘယ်သူက ထင်မှာလဲ”
ဟန်မူယဲ့စိတ်ထဲ အသံတစ်သံ ထွက်ပေါ်လာသည်။
“ကောင်းကင်တုန်လှုပ်လေးနဲ့ဆိုရင် နှစ်ထောင်ပေါင်းများစွာ အိပ်စက်နေတဲ့ သိုးကျောင်းသားကြယ်မျိုးနွယ်စုကို ပြန်နှိုးနိုင်ပြီ”
“သူတို့က နဂါးငွေ့တန်းကို ထိန်းချုပ်ထားတဲ့အတွက် မင်းလည်း ကြယ်တွေရဲ့သခင် ဖြစ်လာလိမ့်မယ်”
“ဒီလိုအောင်မြင်မှုရဖို့ ငါ ရင်းမြစ်တွေအများကြီး သုံးလိုက်ရတယ်”
“မူလခန္ဓာ... မင်း ဘာပြောမလဲ၊ ဒီစိတ်ဝိညာဉ်ကိုယ်ခွဲကို ထည့်သွင်းစဉ်းစားခဲ့တယ် မဟုတ်လား”
အသံများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ဟန်မူယဲ့ရှေ့ရှိ လေးထက်မှ အစိမ်းရောင်နှင့်အဝါရောင်ကျောက်တုံးက စတင်ပြိုကွဲသွားသည်။
ထိုအချိန် မရေမတွက်နိုင်သော မျက်လုံးများက ဟန်မူယဲ့ကို စိတ်ဝင်တစား စူးစိုက်ကြည့်နေကြပြီး အသက်ပင်မရှူရဲကြပေ။
လော့ထျန်းဟယ်က အံတင်းတင်းကြိတ်လိုက်ပြီး လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
“ဝုန်း...”
အစိမ်းရောင်နှင့်အဝါရောင် ကျောက်တုံးများအားလုံး ပြုတ်ကျသွားသည့်အခါ အနည်းငယ်ကြီးမားသည့် လေးတစ်လက် သို့မဟုတ် သစ်သားတုတ်တစ်ချောင်းနှင့်ဆင်တူသော ပုံသဏ္ဌန်ရှိသည့် အရာတစ်ခု ထွက်ပေါ်လာသည်။
သို့သော် ထိုအရာက ရုတ်တရက် အက်ကွဲသွားသည်။
ဖွင့်လိုက်သည်နှင့် အခြားရတနာများကဲ့သို့ပင် ထိုလေးသည်လည်း လုံးဝပျက်စီးသွားပြီး ဘာမှမကျန်ရှိတော့ပေ။
တစ်ခဏအတွင်း မည်သည့်တည်ရှိမှုမှ မရှိတော့ပေ။
လူတိုင်း စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်ကြသည်။
ဤသည်မှာ မူလဒင်္ဂါး(၂၀၀)ဘီလီယံတန်ဖိုးရှိသော ရတနာတစ်ခုဖြစ်သည်။
“အဲဒါက သိုးကျောင်းသားကြယ် ‘လေး’ မဟုတ်ဘူးလား”
ကောကျင်းထန်၏ မျက်နှာထက် အံ့သြမှုအနည်းငယ် ထင်ဟပ်နေသည်။
“ဘယ်လိုလုပ် ဟုတ်မှာလဲ၊ ဒီလိုရတနာပစ္စည်းမျိုးက သေချာပေါက် အချိန်ရဲ့ တိုက်စားမှုကို ခံနိုင်ရည်ရှိမှာပေါ့”
ဘေးနားမှ အကြီးအကဲတစ်ယောက်က ခေါင်းခါယမ်းရင်း ခပ်တိုးတိုးအသံဖြင့် ပြောလိုက်သည်။
အပျက်အစီးအပိုင်းအစများ ပြန့်ကျဲသွားသည်။
(၂၀၀) ဘီလီယံက ထိုသို့ပင် အလဟသ ဖြစ်သွားသည်။
မည်သူမှ စကားမပြောကြပေ။
ဤသို့သောအချိန်တွင် အကျည်းတန်ဆုံးသူမှာ ဟန်မူယဲ့ဖြစ်နိုင်သည် မဟုတ်ပါလား။
“ဆရာဟန်တောင် အမှားလုပ်မိနိုင်တာလား”
ဆိုသောစကားက လုမိသားစု၏ ခန်းမကြီးထဲတွင် ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
ထိုစကားကို လုကျီရှုက ပြောလိုက်ခြင်း ဖြစ်သည်။
“ဆရာဟန်လည်း အမှားလုပ်မိနိုင်တာပေါ့၊ ဒါက ပုံမှန်ပဲလေ”
“ရတနာအကဲဖြတ်ပွဲဆိုတာ ဒီလိုပွဲမျိုးပဲပေါ့”
ဤသည်က လူအားလုံး၏ အတွေး ဖြစ်သည်။
“စီနီယာအစ်ကို... အဲဒါက သိုးကျောင်းသားကြယ်လေးလည်း မဟုတ်သလို ကောင်းကင်တုန်လှုပ်လေးလည်း မဟုတ်ဘူး”
စွန်းမန်က မျက်နှာထက် အပြုံးရိပ်တစ်စွန်းတစ်စဖြင့် လော့ထျန်းဟယ်ကို ပြောလိုက်သည်။
“အဟက်... သူက သူ့ကိုယ်သူ ဒီလောက်သန်မာတယ်လို့ ထင်ခဲ့တာကိုး”
စွန်းမန်က မထီမဲ့မြင်စွာ ပြောလိုက်သည်။
ထို့နောက် သူက သူများဒုက္ခရောက်သည်ကို ဝမ်းမြောက်စွာဖြင့် ဆက်ပြောလိုက်သည်။
“ဘီလီယံ(၂၀၀)က ရေထဲပစ်ချလိုက်သလို ဖြစ်သွားတာပေါ့၊ ဒီကိစ္စက ရတနာအကဲဖြတ်ပွဲရဲ့ အကြီးမားဆုံးဟာသပဲ”
လော့ထျန်းဟယ်က စကားမပြောပေ။
သူ့အကြည့်များက ဟန်မူယဲ့ထံ စူးနစ်ဝင်ရောက်နေသည်။
ဟန်မူယဲ့က ခေါင်းခါယမ်းလိုက်ပြီး သူ၏ စင်မြင့်ဆီသို့ ပြန်လှည့်သွားကာ ထိုင်ချလိုက်ပြီး လှုပ်ရှားခြင်းမရှိတော့ပေ။
လုကျီရှုနှင့် လီချန်းယွင်တို့နှစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြသော်လည်း မည်သည့်စကားမှမပြောကြပေ။
ဖြစ်နိုင်သည်ကတော့ အထောက်အထားမှားယွင်းပြီး မူလဒင်္ဂါး (၂၀၀)ဘီလီယံဆုံးရှုံးသွားပါက မည်သူမဆို စိတ်အနှောင့်အယှက်ဖြစ်မည်သာပင်။
ထိုအချိန် မည်သူမှ မသိခဲ့ကြသည်မှာ ဟန်မူယဲ့ တရားထိုင်နေစဉ် သူ၏ စိတ်နယ်ပယ်ထဲဝယ် ထိပ်တန်းရတနာပစ္စည်း(၃)ခုက အပြန်အလှန်တုန်ခါနေပြီး တောက်ပသော နတ်ဘုရားအလင်းက ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေသည်။
ရွှေရောင်စစ်ပွဲလေးတစ်လက်...။
၎င်း၏ ရောင်ခြည်စက်ဝန်းက ခရမ်းနေမင်းမီးပြင်းဖို၊ ကောင်းကင်ရေခဲတူတို့နှင့် ထိပ်တိုက်ပင် ရိုက်ခတ်သွားသည်။
ကောင်းကင်တုန်လှုပ်လေး...။
လေးက (၃၂)ပေ ရှည်လျားပြီး ရွှေရောင်အလင်းတန်းတစ်ခုစီက တောက်ပနေသော ဝိညာဉ်သင်္ကေတများ ဖြစ်ကြသည်။
ဝိညာဉ်သင်္ကေတ (၁၀၀) ဆိုလျှင် စကြာဝဠာအဆင့်ဟု သတ်မှတ်ခံရမည် ဖြစ်သည်။ ဤရှည်လျားသောလေးတွင် အနည်းဆုံး ဝိညာဉ်သင်္ကေတတစ်ထောင်ခန့် ယှက်နွယ်ထားသည်။
သင်္ကေတတစ်ခုစီက အဆုံးမရှိသောစွမ်းအားဖြင့် တက်ကြွလှုပ်ရှားနေသည်။
ဤစွမ်းအားက ဟန်မူယဲ့၏ စိတ်နယ်ပယ်အတွင်းမှ စွမ်းအားများနှင့် ရိုက်ခတ်မိသွားသည်။ ထိုစွမ်းအားများထဲတွင် ခရမ်းနေမင်းမီးပြင်းဖိုအတွင်းရှိ နတ်ဘုရားမီးတောက်စွမ်းအားနှင့် ကောင်းကင်ရေခဲတူအတွင်းမှ ရေခဲအေးစက်စွမ်းအားတို့ ပါဝင်သည်။
ဤရိုက်ခတ်မှုက စိတ်နယ်ပယ်တွင်ရှိသော မူလဝိညာဉ်ဓား(၃)လက်ကိုပင် တုန်လှုပ်သွားစေသည်။
ဟန်မူယဲ့၏ ကျင့်စဉ်စွမ်းအားက အလွန်သန်မာသည့်အဆင့်သို့ တိုးတက်ခြင်းမရှိသေးပါက ဤရိုက်ခတ်မှုတစ်ခုတည်းဖြင့်ပင် သူ၏ စိတ်နယ်ပယ်က အပိုင်းပိုင်းကွဲထွက်သွားနိုင်၏။
ရှည်လျားသောလေးထက်တွင် ရွှေရောင်ပေါက်ကွဲမှုစွမ်းအားတစ်ခု မြင့်တက်လာသည်။
ဤသည်မှာ ကောင်းကင်တုန်လှုပ်လေးအတွင်းမှ “ကောင်းကင်ချိုးဖျက်စွမ်းအား” ဖြစ်သည်။
ထိပ်တန်းရတနာပစ္စည်း (၇)ပါး တစ်ခုချင်းစီတွင် ၎င်းတို့၏ ကိုယ်ပိုင်စွမ်းအားပိုင်ဆိုင်ထားပြီး ကိုယ်ပိုင်လျှို့ဝှက်ချက်များကိုလည်း ဖုံးကွယ်ထားသည်။
ကောင်းကင်တုန်လှုပ်လေး၏ စွမ်းအားသည် အဆုံးစွန်သော အဖျက်တရားနှင့်သက်ဆိုင်ပြီး တစ်ချိန်တည်းမှာပင် သိုးကျောင်းသားကြယ်မျိုးနွယ်အကြောင်း လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားသည်။
ရတနာအကဲဖြတ်ပွဲ ဆက်လက်ပြုလုပ်နေဆဲဖြစ်သော်လည်း လူတိုင်းက သိပ်ပြီး စိတ်ဝင်စားမှု မရှိတော့ပေ။
မူလဒင်္ဂါး(၂၀၀)ဘီလီယံ အချည်းနှီးဖြစ်သွားခြင်းက လူတိုင်း စကားပြောဆိုစရာ ခေါင်းစဉ်ဖြစ်လာသည်။
လုတုန်ကျူးမှာ ရွေးချယ်စရာမရှိဘဲ ရတနာပစ္စည်းအသစ်များကို တင်ပြရာတွင် လိုက်လျောမှုများစွာ ပြုလုပ်ခဲ့ရပြီး ကောကျင်းထန်ကဲ့သို့သော ဆရာသခင်များကို ပစ္စည်းများ အခမဲ့ အကဲဖြတ်ပေးပါရန် ဖိတ်ကြားခဲ့ရသည်။
မဟုတ်ပါက ရတနာအကဲဖြတ်ပွဲ နောက်ဆုံးနေ့တစ်ဝက်အထိ ဆက်လက်ကျင်းပနိုင်တော့မည် မဟုတ်ပေ။
နောက်ဆုံး ရတနာပစ္စည်းတစ်ခုကို ထုတ်ဖော်ပြသပြီးသည့်နောက် လုတုန်ကျူး သက်ပြင်းချလိုက်ပြီး ရတနာအကဲဖြတ်ပွဲ ပြီးဆုံးကြောင်း ကျယ်လောင်စွာ ကြေညာလိုက်တော့သည်။
ဤရတနာအကဲဖြတ်ပွဲတွင် အကြီးမားဆုံးဝင်ငွေရရှိသူက ယွင်ထန်းရတနာစံအိမ်ဖြစ်သည်။ နောက်တစ်ယောက်ကတော့ သိသိသာသာ အမြတ်အစွန်းရခဲ့သော လုကျီရှု ဖြစ်သည်။
အကြီးမားဆုံး ဆုံးရှုံးသူအကြောင်းပြောရလျှင်တော့ လုကျီရှုနှင့်အတူလိုက်လာသည့် ဟန်မူယဲ့၊ ဆရာဟန်ပင် ဖြစ်သည်။
သူက တစ်ကြိမ်တည်းဖြင့် မူလဒင်္ဂါး(၂၀၀) ဘီလီယံကို လောင်းကြေးထပ်ခဲ့ပြီး အားလုံး အလဟသဖြစ်သွားခဲ့သည်။
ဤသည်က ဟန်မူယဲ့နှင့် ရင်းနှီးလိုသူများကို သူ့အနားချဉ်းကပ်ရန် ရှက်ရွံ့သွားစေခဲ့သည်။
စွန်းမန်နှင့် လော့ထျန်းဟယ်တို့မှာလည်း ဟန်မူယဲ့တို့အုပ်စု နေထိုင်သည့် အခန်းကို သူတို့ရှာဖွေတွေ့ရှိချိန်တွင် ထိုနေရာ၌ မည်သူမှမရှိတော့ပေ။
“အစ်ကို... ဒီလူ အကဲဖြတ်တာ ကြောက်စရာကောင်းလောက်အောင် မှားယွင်းတဲ့အပြင် မူလဒင်္ဂါး(၂၀၀)ဘီလီယံကို မိုက်မိုက်မဲမဲ လောင်းကြေးထပ်လိုက်သေးတယ်၊ သူ့ကို ဘာလို့ ထပ်တွေ့ချင်နေတာလဲ”
စွန်းမန်က မျက်နှာတစ်ခုလုံး မည်းမှောင်နေသည့် လော့ထျန်းဟယ်ကို လှမ်းကြည့်ရင်း မေးလိုက်သည်။
လော့ထျန်းဟယ်က ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး တည်ကြည်လေးနက်သော မျက်နှာထားဖြင့် တိုးညင်းစွာ ပြောလိုက်သည်။
“ဒီကိစ္စက ရိုးရှင်းမှုမရှိဘူးလို့ ခံစားနေရတယ်”
သူက ဆက်ပြောသည်။
“ကောင်းကင်တုန်လှုပ်လေးကို သူမှတ်မိလား မမှတ်မိဘူးလားဆိုတာ ငါ အဖြေရှာဖို့ လိုတယ်”
သူ့မျက်ဝန်းထဲ သတ်ဖြတ်လိုသည့်အငွေ့အသက် အနည်းငယ်ယှက်သမ်းသွားပြီး...
“ငါတို့ဂိုဏ်းရဲ့ လျှို့ဝှက်သင်ကြားချက်တွေအရ ရှေးဟောင်းရတနာပစ္စည်းတွေနဲ့ ဆက်စပ်နေတဲ့ လူတိုင်း၊ အင်အားစုတိုင်းကို ဖျက်ဆီးပစ်ရမယ်”
ဟန်မူယဲ့ သူနေထိုင်ရာသို့ ပြန်ရောက်လာသည့်အခါ လုမိသားစုအကြီးအကဲ ရောက်ရှိနေကြောင်းတွေ့ရပြီး သူနှင့်အတူ ရတနာပစ္စည်းများစွာလည်း ယူဆောင်လာလေသည်။
သူက မူလဒင်္ဂါးများအစား ရတနာပစ္စည်းများ ယူဆောင်လာပြီး ၎င်းတို့၏ တန်ဖိုးမှာ မူလဒင်္ဂါး (၂၀၀)ဘီလီယံထက် မနည်းပေ။
ဟန်မူယဲ့၏ ဆုံးရှုံးမှုများအတွက် လျော်ကြေးပေးခြင်းဖြစ်ကြောင်း သိသာစွာ ထုတ်မပြောသော်လည်း သူ၏ လုပ်ရပ်က သိသာထင်ရှားလှသည်။
ဤသည်က လုမိသားစု ဦးဆောင်ပြုလုပ်သည့် အခမ်းအနားအတွက် ယဉ်ကျေးသည့်အပြုအမူသာပင်။
“ဆရာဟန်... ဒါက လုမိသားစုရဲ့ သေးငယ်တဲ့ သိတတ်မှုလေးပါ...”
လုချန်းယွဲ့က ဟန်မူယဲ့ရှေ့တွင် ဝိညာဉ်သတ္ထုများ၊ ရတနာပစ္စည်းများ အပြည့်ထည့်ထားသော ကျောက်စိမ်းသေတ္တာတစ်လုံးကို ထားလိုက်ပြီး သူ့ကို ငြင်းဆိုခြင်းမပြုရန် အမူအရာဖြင့် တားဆီးလိုက်သည်။
“ဆရာဟန်က စကြာဝဠာအဆင့်တိုက်ခိုက်ရေးလက်နက်တွေကို ပြုပြင်နိုင်တယ်လို့ အရင်က ပြောဖူးတယ်နော်၊ အဲဒီကိစ္စကို စီစဉ်ပေးနိုင်မလား သိချင်ပါတယ်”
ဟန်မူယဲ့က အလင်းတန်းကုန်းမြေတွင် စကြာဝဠာအဆင့် စစ်ပွဲရုပ်သေးသံချပ်ကာများကို ပြုပြင်နိုင်ကြောင်း ပြောခဲ့ဖူးသော်လည်း ကုန်ကျစရိတ်အလွန်များပြီး ညှိနှိုင်းရန်လိုအပ်သော အချက်များရှိနေသည်။
နေကြတ်မြို့သို့ပြန်ရောက်သည့်အခါ ဟန်မူယဲ့နှင့် လုမိသားစုတို့အနေဖြင့် အလင်းတန်းကုန်းမြေသို့ သွားရောက်ခြင်းမှ ရရှိသောအမြတ်အစွန်းများကို ခွဲဝေစီမံရန် လိုအပ်သည်။
ထို့ကြောင့် စကြာဝဠာအဆင့် စစ်ပွဲရုပ်သေးသံချပ်ကာများ ပြုပြင်ရေးကိစ္စကို ယခုအချိန်ထိ ရွှေ့ဆိုင်းထားခဲ့ခြင်းပင်။
“ကျုပ် အရင်ကတည်းက လုမိသားစုကို ပြောခဲ့ပါတယ်၊ စကြာဝဠာအဆင့် ပြုပြင်ဖို့အတွက် ကုန်ကျစရိတ် အရမ်းများတယ်”
ဟန်မူယဲ့က လုမိသားစုထံသို့ အစီအစဉ်တစ်ခု ကနဦးတင်ပြခဲ့ပြီး မိသားစုအကြီးအကဲများက ဆွေးနွေးတိုင်ပင်ပြီးနောက် ဖြစ်နိုင်ခြေရှိသည်ဟု သုံးသပ်ခဲ့ကြသည်။
ထိုအစီအစဉ်က အမှန်ပင် ကုန်ကျစရိတ်များလွန်းသည်။
သို့သော် ထိုအစီအစဉ်တွင် လေဟာနယ်မြို့များနှင့် လေဟာနယ်ထဲရှိ ကြယ်များ၏ စွမ်းအားကို အသုံးပြုပြီး စကြာဝဠာအဆင့် တိုက်ခိုက်ရေးလက်နက်များကို ဖန်တီးနိုင်ရန်ဆိုသည့်အချက် ပါဝင်သည်။
လေဟာနယ်မြို့များနှင့်ပတ်သက်လျှင်၊ ဆိုလိုသည်မှာ ပျက်စီးနေသော စကြာဝဠာအဆင့် တိုက်ခိုက်ရေးလက်နက်များကို ဖျက်သိမ်းပြီး ထိုအရာကို လက်နက်ပြုလုပ်ရန် တာဝန်ယူထားသော နတ်သားရဲ၏ ခန္ဓာကိုယ်ထဲတွင် ပြုစုပျိုးထောင်ရန် ဖြစ်သည်။
နတ်သားရဲများ၏ စွမ်းအားကိုအသုံးပြုပြီး တိုက်ခိုက်ရေးလက်နက်များကို ပြုပြင်ခြင်းက ထိုလက်နက်များကို တခြားကမ္ဘာများသို့ ပို့ဆောင်ခြင်းထက် ပိုမိုကောင်းမွန်သလို စကြာဝဠာနယ်မြေ၏ စည်းမျဉ်းပျက်စီးမှုကိုလည်း နည်းပါးစေသည်။
တကယ်တော့ ထိုသို့ပြုလုပ်နေသည့် အင်အားစုများလည်း အများအပြားရှိနေသည်ပင်။
စကြာဝဠာနယ်မြေရှိ မြို့ကြီးများတွင် စကြာဝဠာအအဆင့် ရတနာပစ္စည်းများကို ကာကွယ်ရေးပစ္စည်းများအဖြစ် အသုံးပြုနေခဲ့ကြသည်။
သို့သော် ဤသည်က ပြီးပြည့်စုံသည့် စကြာဝဠာအဆင့် ပစ္စည်းများဖြစ်သည်။
ဟန်မူယဲ့၏ အစီအစဉ်က ပျက်စီးနေသော စကြာဝဠာအဆင့်ပစ္စည်းများအား နတ်သားရဲဖြင့် အပြည့်အဝပေါင်းစပ်ရန်ဖြစ်လေရာ မတူကွဲပြားသည်။
ဟန်မူယဲ့၏ အစီအစဉ်အရ စကြာဝဠာအဆင့်ပစ္စည်း (၂)ခုအနက် တစ်ခုကို နတ်သားရဲ၏ ခန္ဓာကိုယ်အား အာဟာရဖြည့်ရန်အသုံးပြုပြီး ကျန်တစ်ခုကိုတော့ အဆုံးသတ်ထုတ်ကုန်ပစ္စည်းအဖြစ် ဆက်လက်ထားရှိမည် ဖြစ်သည်။
ထိုသို့ပြုလုပ်ခြင်းက အလွန်ပင် ကုန်ကျစရိတ်များပေသည်။
ပစ္စည်း(၂)ခုမှ တစ်ခုအဖြစ်သို့ လျော့ကျသွားသည့် နည်းလမ်း ဖြစ်သည်။
ဟန်မူယဲ့က...
“မူလအစီအစဉ်အပြင် ဒီနေ့ ရတနာအကဲဖြတ်ပွဲပြီးတဲ့နောက် ကျုပ် တခြားအတွေးတစ်ခု ရလာတယ်”
သူက မျက်လုံးများကို ကျဉ်းမြောင်းပြီး ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။
ကြယ်စင်စု...။
အဆုံးမရှိသည့် ကြယ်စင်စု...။
“ကြယ်စွမ်းအားကို အသုံးပြုပြီး ရတနာပစ္စည်းတွေ ပြုလုပ်ဖို့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အင်အားစုတွေ စဉ်းစားခဲ့ကြတယ်၊ ဒါပေမဲ့ ထိရောက်အောင် မလုပ်နိုင်ခဲ့ကြဘူး”
လုချန်းယွဲ့က ခေါင်းခါယမ်းရင်းဆိုသည်။
သူ၏ မျက်နှာထက်တွင်လည်း နောင်တရသည့် အရိပ်အမြွက်များ ရှိနေသည်။
“ကြယ်စွမ်းအားက ခမ်းနားပေမယ့် ပျံ့နှံ့နေတဲ့အတွက် အနှစ်သာရမရှိဘူး၊ ကြယ်တွေကြားမှာထားတဲ့ ရတနာပစ္စည်းတွေက နောက်ဆုံးမှာ ကြေမွသွားကြတာပဲ”
ဤသည်က အမှန်တရားပင်။
နှစ်များတစ်လျှောက် ကြယ်စင်စုစကြာဝဠာမှ အရည်အချင်းရှိသည့် မရေမတွက်နိုင်သော ပန်းပဲပညာရှင်များက ကြယ်စွမ်းအားကိုအသုံးပြုပြီး စကြာဝဠာအဆင့် ရတနာပစ္စည်းများပြုလုပ်ခြင်းအား မစဉ်းစားဘဲ မနေခဲ့ကြပေ။
“ဒါက အတိတ်တုန်းကပါ”
ဟန်မူယဲ့ ခေါင်းခါယမ်းရင်း လက်တစ်ဖက်ကို မြှောက်လိုက်သည်။
သူ၏ လက်ဖဝါးထက်တွင် ရွှေရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး ရှည်လျားသည့် ရွှေရောင်လေးတစ်လက် ပေါ်လာသည်။
“သိုးကျောင်းသားကြယ် ‘လေး’...”