အခန်း (၁၄၃၂)
Vol. 103 Ch. 1432
လုချန်းယွဲ့ မျက်လုံးများပြူးကျယ်သွားပြီး အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...။
ယနေ့ ရတနာအကဲဖြတ်ပွဲတွင် ထို ‘လေး’ က ကြေမွပျက်စီးသွားပြီ မဟုတ်ဘူးလား။
ဆရာဟန်၏ မူလဒင်္ဂါး (၂၀၀)ဘီလီယံ ဆုံးရှုံးသွားသည့်အတွက် သူတို့မိသားစုက မူလဒင်္ဂါး(၂၀၀)ဘီလီယံတန်ဖိုးရှိသည့် ဝိညာဉ်သတ္ထုများ ပြန်လည်ပေးအပ်ရန်ပင် ဆုံးဖြတ်ခဲ့ကြသည်။
သို့သော် ယခု ဟန်မူယဲ့လက်ထဲတွင်ရှိနေသည်က ကြယ်စွမ်းအားနှင့်တောက်ပပြီး လေးမြတ်လောက်စရာ စွမ်းအားများပြည့်ဝနေသော ‘လေး’ တစ်လက်ဖြစ်သည်။
ထို ‘လေး’က မမှားယွင်းစွာပင် ဒဏ္ဍာရီလာ ရတနာပစ္စည်းတစ်ခုဖြစ်သော သိုးကျောင်းသားကြယ် “လေး” ဖြစ်၏။
“ဒါက တကယ်ပဲ သိုးကျောင်းသားကြယ် “လေး” ပါပဲ၊ ဒါပေမဲ့ မြင်ရသလောက်လည်း အံ့သြစရာကောင်းလောက်အောင် ထူးခြားတာ မရှိပါဘူး”
ပြောပြီးသည်နှင့် ဟန်မူယဲ့က လက်ကိုမြှောက်ကာ “လေး” ကို လုချန်းယွဲ့ထံသို့ ကမ်းပေးလိုက်လေသည်။
လုချန်းယွဲ့ သတိလက်လွတ်ဖြင့်ပင် “လေး” ကို လက်ခံယူလိုက်ပြီး သူ့မျက်နှာထက် စိတ်လှုပ်ရှားမှုတို့ ထင်ဟပ်နေသည်။
“ဆရာဟန်က တကယ်ပဲ စိတ်ကူးဉာဏ်ထူးခြားတဲ့သူပဲ”
ဟန်မူယဲ့က ဤသို့သောရတနာပစ္စည်းမျိုးကို အခြားသူတစ်ယောက်ဆီ လွယ်လွယ်ပင် လက်ကမ်းပေးလိုက်နိုင်သည်။ သာမန်လူဆိုလျှင် ထိုသို့လုပ်နိုင်ပါမည်လား။
လက်ထဲမှ ရှည်လျားသော “လေး” ထဲတွင် ပါဝင်သည့်စွမ်းအားကို အာရုံခံမိသည်နှင့် လုချန်းယွဲ့ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
ထို့နောက် သူက အနည်းငယ် ခေါင်းညိတ်ရင်း...
“မအံ့သြတော့ပါဘူး...”
ရှည်လျားသည့် “လေး”ထဲတွင် ပါဝင်သည့်စွမ်းအားက ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးပစ်နိုင်လောက်အောင် ပြင်းထန်သော်လည်း ဖိနှိပ်ထားခြင်း ခံရသည်။
ထိုစွမ်းအားအလွန်တွင် အသက်ဓာတ်စွမ်းအားနှောင်ကြိုးများနှင့် ဆက်စပ်လျှက် ရှိသည်။
သိုးကျောင်းသားကြယ် “လေး”၏ အဖျက်စွမ်းအားများက အသက်ဓာတ်စွမ်းအားဖြင့် ပျိုးထောင်ပေးခြင်းခံရပြီး ကြယ်များသည်လည်း စေခိုင်းသည့်အတိုင်း လိုက်နာလျှက်ရှိသည်။
ပေါင်းစည်းရန် မလိုလားသည့် ကြယ်များကတော့ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားကြသည်။
ဆုပေးဒဏ်ပေးစနစ် နှစ်မျိုးစလုံးကို သုံးခြင်းသာပင်။
ကြယ်များကို ဖိနှိပ်နိုင်စွမ်းရှိသည့် ဤသို့သောရတနာမျိုးကို ရှေးခေတ်မှာသာလျှင် တွေ့ရှိနိုင်သည်။
သိုးကျောင်းသားကြယ် “လေး” အတွင်းမှ စွမ်းအားကို ခံစားမိပြီးနောက် လုချန်းယွဲ့က ဆရာဟန်၏ “အံ့သြစရာကောင်းလောက်အောင် ထူးခြားတာ မရှိပါဘူး” ဆိုသည့်စကားကို နားလည်သွားသည်။
ယခင်နေ့ရက်များတွင် သိုးကျောင်းသားကြယ်မျိုးနွယ်တစ်ခုလုံးက သူတို့၏ စွမ်းအားကို တစ်စုတစ်စည်းတည်း အသုံးပြုခဲ့ကြသည်။
သူတို့တစ်ဦးချင်းစီတွင် ကြယ်များကို ထိန်းချုပ်နိုင်သော နည်းလမ်းကို ပိုင်ဆိုင်ကြပြီး ထိုနည်းလမ်းက တိုက်ခိုက်မှုစွမ်းရည်ပင် ဖြစ်သည်။
သို့သော် ယခုအချိန်မှာတော့ သိုးကျောင်းသားကြယ်မျိုးနွယ်က ရေတွင်းထဲမှငါးပမာ ငြိမ်သက်နေပေပြီ။
ထိုမျှအစွမ်းထက်လှသည့် သိုးကျောင်းသားကြယ်မျိုးနွယ်သည်ပင် ကြယ်စင်စုကို ပေါင်းစည်းပြီးနောက် နောက်ဆုံးတွင် ငြိမ်သက်စွာ အိပ်မောကျသည့်အဖြစ်သို့ ရောက်ရှိသွားသည်။
လူသားမျိုးနွယ်ကျင့်ကြံသူတစ်ယောက်ဆိုလျှင်တော့ ပြောနေစရာ မလိုတော့ပေ။
သိုးကျောင်းသားကြယ် “လေး” က စွမ်းဆောင်ရည်ထက် သင်္ကေတတစ်ခုအနေဖြင့် ပိုပြီးအရေးပါသည်ဟု ဆိုနိုင်သည်။
ခဏမျှစဉ်းစားပြီးနောက် လုချန်းယွဲ့က သိုးကျောင်းသားကြယ် “လေး”ကို ဆရာဟန်ထံ ပြန်ပေးလိုက်၏။
သူက ဆရာဟန်ကိုကြည့်ရင်း...
“ဆရာဟန် ဆိုလိုတာက ဒီသိုးကျောင်းသားကြယ် “လေး”ထဲက စွမ်းအားနဲ့ ကြယ်စွမ်းအားကိုလှုံ့ဆော်ပြီး စကြာဝဠာအဆင့်လက်နက်တွေနဲ့ ပေါင်းစပ်ချင်တာလား”
ဆရာဟန်က ခေါင်းညိတ်လိုက်ပြီး ရွှေရောင် “လေး” ကို ပြန်သိမ်းရင်း စကားဆိုသည်။
“ဒီလိုနည်းလမ်းအသုံးပြုလည်း ကုန်ကျစရိတ်ကတော့ ရှိမှာပဲ၊ ကြယ်တွေကို ပျိုးထောင်ပေးဖို့ ရင်းမြစ်ပစ္စည်းတွေ သုံးရလိမ့်မယ်၊ မဟုတ်ရင် ကြယ်တွေပျက်စီးသွားလို့ကတော့ ရတနာပစ္စည်းလည်း အပိုင်းပိုင်းပြတ်သွားလိမ့်မယ်”
“ပြီးတော့ ပိုလည်း အချိန်ကြာမယ်”
“ဒါပေမဲ့ နတ်သားရဲတစ်ကောင်နဲ့ ပစ္စည်းတစ်ခု အသုံးပြုတာနဲ့ယှဉ်ရင် ဒီနည်းလမ်းက ဝိညာဉ်သတ္ထုပစ္စည်း သိပ်အများကြီးမလိုအပ်ဘူး”
ကြယ်များ၏ တောင်းဆိုမှုက သိပ်မများလှပေ။
ထိုသို့ပြောပြီးနောက် ဆရာဟန်က စကားဆက်မပြောတော့ဘဲ တည်ငြိမ်စွာပင် ရှိနေသည်။
လုချန်းယွဲ့က ခဏမျှစဉ်းစားပြီးနောက် ခေါင်းညိတ်ရင်း...
“ကျုပ် မိသားစုဘိုးဘေးတွေနဲ့ ပြန်ပြီးတိုင်ပင်လိုက်ဦးမယ်”
နှစ်များတစ်လျှောက် လုမိသားစုမှ ဆုံးရှုံးခဲ့ရသော စကြာဝဠာအဆင့်လက်နက်များ၏ အရေအတွက်မှာ အပြင်လူများ စိတ်ကူးမယဉ်နိုင်လောက်အောင် များပြားသည်။
အကုန်အကျများစွာဖြင့် ပြန်လည်ပြုပြင်မည်လား သို့မဟုတ် စည်းမျဉ်းကျိုးပျက်ချိန်ကို စောင့်ဆိုင်းပြီး သူတို့ကို ပြုပြင်ရန်အတွက် အခြားကမ္ဘာများသို့ ပို့ဆောင်မည်လား။
ကြယ်စင်စုစကြာဝဠာတစ်ခုလုံး၊ အထူးသဖြင့် စကြာဝဠာနယ်မြေတွင် အင်အားစုအများစု၏ စကြာဝဠာအဆင့် ရတနာပစ္စည်းများ အရေအတွက် ဆက်တိုက်လျော့နည်းလာပါက နောက်ဆုံးတွင် စည်းမျဉ်းချိုးဖျက်ရမည်ဖြစ်ကြောင်း အမှန်တကယ် သိရှိကြသည်။
သို့သော် ယခု ဟန်မူယဲ့အဆိုပြုသည့် ပြန်လည်ပြုပြင်ရေးနည်းလမ်းက စကြာဝဠာနယ်မြေရှိ ဖွဲ့စည်းပုံတစ်ခုလုံးကို ပြောင်းလဲနိုင်သည်။
လုမိသားစုပင်မခန်းဆောင်သို့ ရောက်သည်နှင့် လုချန်းယွဲ့က မိသားစုအကြီးအကဲများနှင့် ဘိုးဘေးများကို စုဝေးစေပြီး ဟန်မူယဲ့နှင့်ဆွေးနွေးခဲ့သော ကိစ္စများကို ပြန်လည်ပြောပြသည်။
ဟန်မူယဲ့ သိုးကျောင်းသားကြယ် “လေး” ကို တကယ်ရရှိသွားသည့်အတွက် အကြီးအကဲများမှာ အားကျရုံသာ တတ်နိုင်ခဲ့သည်။
“နတ်သားရဲတွေကို အသုံးပြုပြီး လက်နက်ပြုပြင်တာပဲဖြစ်ဖြစ်၊ ကြယ်စွမ်းအားနဲ့ လက်နက်ပြုပြင်တာပဲဖြစ်ဖြစ် ဒီနည်းလမ်းနှစ်ခုလုံးက စကြာဝဠာနယ်မြေမှာ အရင်က မကြားဖူးတဲ့ နည်းလမ်းတွေချည်းပဲ”
လုကျူလင်းက လုချန်းယွဲ့အား လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့ ငါတို့ ဒီနည်းလမ်းအတိုင်း လိုက်မယ်ဆိုရင် အင်အားစုတွေက ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုလည်း ထည့်သွင်းစဉ်းစားရမယ်”
လုမိသားစုက နတ်သားရဲများနှင့် ကြယ်များကို ပြုပြင်ရေးကိရိယာအဖြစ် စတင်အသုံးပြုပါက အချိန်တိုအတွင်း စကြာဝဠာအဆင့် စစ်ပွဲရုပ်သေးသံချပ်ကာများ အများအပြား ထွက်ပေါ်လာမည်ဖြစ်ပြီး လုမိသားစု၏ အင်အားသည်လည်း လျှင်မြန်စွာ တိုးတက်လာပေမည်။
အလင်းတန်းကုန်းမြေတွင် ဖြစ်ပေါ်ခဲ့သော အဓိကရုဏ်းမှုတွင် လုမိသားစုက အခြားမိသားစုများ ထင်မထားခဲ့သော စွမ်းအားကို ပြသခဲ့ပြီး စစ်ပွဲသားရဲများဖြင့် အင်အားစုတစ်ခုလုံးကို ထိန်းထားနိုင်ခဲ့သည်။
ယခု လုမိသားစုက သူတို့၏ စွမ်းအားကို ထပ်မံတိုးမြှင့်မည်ဆိုပါက ထိပ်တန်းမိသားစုကြီး(၃)ခုကို တိုက်ရိုက် ပစ်မှတ်ထားနိုင်ဖွယ် ရှိသည်။
စကြာဝဠာနယ်မြေတွင် မိသားစုများနှင့် အင်အားစုများကြား အင်အားဟန်ချက်ညီမှုသည် နှစ်ပေါင်းသန်းနှင့်ချီသည့်တိုင် ပြောင်းလဲခြင်း မရှိခဲ့ပေ။
လုမိသားစု ဤမျှလျှင်မြန်စွာ တိုးတက်လာပါက ချက်ချင်းပင် နေရာအနှံ့မှ ဖိအားများဖြစ်ပေါ်လာနိုင်သလို ဖျက်ဆီးမှုသည်ပင် ဖြစ်ပေါ်လာနိုင်သည်။
လုကျူလင်း ဖော်ပြသည့် စိုးရိမ်မှုများက မိသားစုကြီးတစ်ခုအနေဖြင့် ထည့်သွင်းစဉ်းစားရမည့်အရာ ဖြစ်သည်။
လူဆိုသည်က မိမိ၏ စွမ်းရည်နှင့် ချမ်းသာကြွယ်ဝမှုကို ဖုံးကွယ်ထားနိုင်မှ ပညာရှိဖြစ်မည်။
“ရှန့်ကွမ်းမိသားစုက ရှန့်ကွမ်းဟုန်လည်း နေကြတ်မြို့မှာ ရှိနေတယ်၊ တကယ်လို့ ရှန့်ကွမ်းမိသားစုသာ ငါတို့ဘက်က ရပ်တည်ပေးရင် ငါတို့ လုမိသားစု အောင်မြင်နိုင်ခြေ ပိုများလာမှာပဲ”
လုချန်ယွဲ့က တည်ငြိမ်စွာ ဆိုသည်။
ရှန့်ကွမ်းမိသားစု တစ်ခုတည်းသာ မဟုတ်ပေ။ စကြာဝဠာနယ်မြေတစ်ခုလုံးမှ မိသားစုကြီး(၇)ခုကိုလည်း အကြောင်းကြားရမည် ဖြစ်သည်။
ကြယ်များ၊ နတ်သားရဲများကို ပြုပြင်ရေးကိရိယာအဖြစ် အသုံးပြုသည့်နည်းလမ်း စတင်လိုက်သည်နှင့် ထိုသတင်းက စကြာဝဠာနယ်မြေတစ်ခုလုံးသို့ မလွဲမရှောင်သာ ပျံ့နှံသွားမည်ပင်။ ထို့နောက် လေဟာနယ်မြို့များအားလုံးတွင် လူပြောသူပြော များလာပေမည်။
ထို့ပြင် အခွင့်အရေးကို ဆုပ်ကိုင်နိုင်သော အင်အားစုအနည်းငယ်သာ အကြီးမားဆုံး အကျိုးအမြတ်ရမည်ဖြစ်သည်။
ဆိုလိုသည်မှာ ထိုနည်းလမ်းများက စကြာဝဠာနယ်မြေတွင် လက်နက်ပြိုင်ဆိုင်မှုတစ်ခုကို စတင်လှုံ့ဆော်ပေးမည်ဖြစ်သော်လည်း အဆုံးသတ်မှာတော့ အင်အားစုအနည်းငယ်သာ အကြီးမားဆုံး အကျိုးအမြတ်ရရှိမည်ဖြစ်ကာ အခြားအင်အားစုများကတော့ မဖြစ်မနေပါဝင်ရန် ဖိအားပေးခံရပေမည်။
လေဟာနယ်မြို့များဆိုလျှင် ကြီးမားသော ဆုံးရှုံးမှုများကိုပင် ခံစားရနိုင်သည်။
တိုက်ပွဲလက်နက်များကို နတ်သားရဲများဖြင့် ပြုပြင်ခြင်းက နောက်ဆုံးမှာ နတ်သားရဲများ၏ ခန္ဓာကိုယ် ပြိုကျပျက်စီးသွားခြင်းသို့ ဦးတည်မည်လား မည်သူမှ မပြောရဲကြပေ။
“အကြီးအကဲတို့... ဆရာဟန်က ကျုပ်တို့ လုမိသားစုနဲ့ ဆက်ဆံရေးကောင်းမွန်တယ်ဆိုတာ မေ့မထားပါနဲ့”
လုကန်းဟုန်က ထိုင်ရာမှထလာပြီး လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း ပြောလိုက်သည်။
“ပြီးတော့ ကျုပ်သိသလောက် ဆရာဟန်က ရွှင်မိသားစု၊ ကျန်းမိသားစု၊ ရှန့်ကွမ်းမိသားစုတို့နဲ့လည်း ဆက်ဆံရေးကောင်းမွန်တယ်”
ကျန်းယောင်ရန်က ဆရာဟန်အား အလွန်ရိုသေလေးစားပြီး သူ့ထက်ပိုပြီး ရိုသေလေးစားသူမှာ ရွှင်မိသားစု၏ ဘိုးဘေး ‘ရွှင်ခွန်း’ ဖြစ်သည်။
ထိုမိသားစုများက ဆရာဟန်ထံ အကူအညီတောင်းပါက ဆရာဟန်က ငြင်းဆန်မည်ဟု အတည်မပြုနိုင်ပေ။
“တကယ်တော့ တချို့ကိစ္စတွေက မတွန့်ဆုတ်သင့်ဘူး”
လုချန်းယွဲ့ မတ်တတ်ရပ်လိုက်ပြီး ခန်းမထဲမှ လူများကိုကြည့်ကာ နက်ရှိုင်းသည့် လေသံဖြင့် ပြောလိုက်သည်။
“ငါတို့ လုမိသားစု စကြာဝဠာနယ်မြေမှာ နောက်တစ်ဆင့်တက်လှမ်းနိုင်ဖို့ဆိုတာ ဆရာဟန်က စကြာဝဠာအဆင့်လက်နက်တွေကို ဘယ်လိုပြင်ဆင်ပေးမလဲဆိုတဲ့အပေါ် မူတည်တယ်”
***
မျက်စိတစ်မှိတ်အတွင်း (၆)လဆိုသောအချိန် ကုန်လွန်သွားခဲ့သည်။
ထို(၆)လအတွင်း ဟန်မူယဲ့က သူရရှိထားသော "ကောင်းကင်တုန်လှုပ်လေး" ကို လေ့လာနေခဲ့သည်။
ထို့ပြင် ရှည်လျားသောလေးအတွင်းမှ စွမ်းအားကိုအသုံးပြုကာ "ကောင်းကင်ချိုးဖျက်စွမ်းအား"ကို မည်သို့အသက်သွင်းရမည်ကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။
(၆)လဆိုသည့်အချိန်က လုမိသားစုအတွက် မဟာမိတ်အချို့နှင့် သဘောတူညီမှုရယူရန် လုံလောက်သောအချိန်လည်း ဖြစ်လေသည်။
ဤအကြောင်းအရာတွင် ရှန့်ကွမ်းမိသားစုနှင့် လုမိသားစု၏ မဟာမိတ်ဖွဲ့ လက်ထပ်ပွဲကိစ္စများလည်း ပါဝင်သည်။
လုကျီရှုအပါအဝင် လုမိသားစုအဆက်အနွယ်များနှင့် ရှန့်ကွမ်းယုချင်အပါအဝင် ရှန့်ကွမ်းမိသားစု၏ လူငယ်မျိုးဆက်များက တာအိုလက်တွဲဖော်များ ဖြစ်လာကြသည်။
သို့သော် ဤသို့သော ကိစ္စမျိုးက ညတွင်းချင်း မပြီးနိုင်ပေ။ အနည်းဆုံး နှစ်ပေါင်းတစ်ထောင်ခန့် အချိန်လိုသည်။
ဥပမာပြောရလျှင် လုကျီရှုနှင့် ရှန့်ကွမ်းယုချင်တို့၏ မင်္ဂလာပွဲကို နောက်အနှစ်(၈၀၀)တွင် ကျင်းပရန် စီစဉ်ထားသည်။
***
စကြာဝဠာနယ်မြေနှင့် ဝေးကွာသည့် လေဟာနယ်တစ်နေရာ...။
ပျံ့ကျဲနေသည့် လေဟာနယ်မြို့များက ဘေးပတ်ဝန်းကျင်မှ ကြယ်စင်များနှင့်အပြိုင် လင်းလက်တောက်ပနေကြသည်။
“ဆရာဟန်၊ ဒီတိမ်ယံမြို့က ကျုပ်တို့ လုမိသားစုရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိပါတယ်”
လုချန်းယွဲ့က ပြောသည်။
လုမိသားစုမှ ဘိုးဘေး(၃)ဦး အနည်းဆုံးပါဝင်ပြီး အကြီးအကဲများစွာလည်း ရှိနေသည်။
အခြားဘက်တွင် ရှန့်ကွမ်းဟုန်နှင့် အခြားမိသားစုများမှ အရေးကြီးပုဂ္ဂိုလ်များ ရှိနေသည်။
အလယ်တွင်ရှိနေသူကတော့ ‘ဟန်မူယဲ့’ ဖြစ်၏။
သခင်မ “မူယွဲ့” ကတော့ ဤဖြစ်စဉ်တွင် ပါဝင်ခြင်းမရှိဘဲ နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်နှင့်အတူ ထျန်ရှန်းမြို့သို့ ပြန်သွားပေပြီ။
ဤသည်က ဟန်မူယဲ့၏ ညွှန်ကြားချက်ဖြစ်ပြီး ဤကမ္ဘာမှ သူထွက်ခွာသွားလျှင် လူအချို့နှင့် ရတနာပစ္စည်းများ ယူဆောင်သွားရန် လိုအပ်သည်။
“ဒါက မူလနတ်သားရဲဖြစ်တဲ့ ‘ခွေသားရဲမြွေ’ တစ်ကောင်ပဲ၊ အတောင်တွေနဲ့ ရှည်လျားတဲ့ ခန္ဓာကိုယ်ရှိတယ်၊ ကောင်းကင်နဲ့မြေကြီးကို ဝါးမျိုနိုင်စွမ်း ရှိတယ်”
ကြီးမားသည့်မြို့ကို ထောက်ပံ့ပေးထားသည့် နတ်သားရဲကိုကြည့်ရင်း ဟန်မူယဲ့ ရေရွတ်လိုက်သည်။
ဤသည်က မူလနတ်သားရဲတစ်ကောင် ဖြစ်သည်။
“စလိုက်ကြတာပေါ့”
သူ၏ မျက်ဝန်းများက နက်ရှိုင်းနေသည်။
အမှန်တကယ် ခေတ်သစ်တစ်ခု အစပြုခြင်းပင်။
လုချန်းယွဲ့ ခေါင်းညိတ်လိုက်ပြီး ကျိုးနေသော လှံရှည်နှစ်လက်ကို ဟန်မူယဲ့ထံ ကမ်းပေးလိုက်သည်။
ဤလှံရှည်နှစ်လက်က တစ်ခေတ်တစ်ခါက ရန်သူကို အံ့သြဖွယ်ရာအရှိန်အဟုန်ဖြင့် သတ်ဖြတ်နိုင်ခဲ့သည့် စကြာဝဠာအဆင့် တိုက်ပွဲလက်နက်များ ဖြစ်သည်။
ယခု ဤလက်နက်များက အများစုပျက်စီးသွားပြီး စွမ်းအား အနည်းငယ်သာ ကျန်တော့သည်။
“ဟင်...”
ဟန်မူယဲ့၏ လက်မှ ဝိညာဉ်အလင်းက တိုက်ပွဲလက်နက်နှစ်ခုကို ရစ်ပတ်သွားပြီး လျှင်မြန်စွာပင် ၎င်းတို့၏ မှတ်ဉာဏ်များကို ရယူလိုက်သည်။
သူက ခြေတစ်လှမ်းတည်းဖြင့် မြို့ကြီးတစ်မြို့ ထိပ်ဖျားသို့ ရောက်ရှိသွားသည်။
ထိုခဏတွင် မြို့ထဲမှ လူများအားလုံး တိတ်ဆိတ်ငြိမ်သက်နေကြသည်။
ဟန်မူယဲ့ထံမှ သွေးမျိုးဆက်စွမ်းအားမြင့်တက်လာပြီး နတ်မြွေသားရဲအောက်ခြေသို့ အပြင်းအထန် ဝင်ရောက်သွားသည်။
ငိုက်မြည်းနေသော နတ်သားရဲက တဖြည်းဖြည်း မျက်လုံးများ ဖွင့်လာသည်။
ထို့နောက် ဟန်မူယဲ့က လက်ကိုမြှောက်ပြီး အောက်ဘက်ရှိ ကြီးမားသောမြို့ကြီးကို ညွှန်ပြလိုက်၏။
မြို့ကြီးက ရွှေရောင်အလင်းများတောက်ပလာပြီး စိတ်ဝိညာဉ်ဝင်္ကပါအစီအရင်တံဆိပ်ပြား လှုံ့ဆော်ခံရကာ နတ်သားရဲ၏ မှတ်ညာဏ်များ ပြန်လည်နိုးထလာသည်။
“ဂရား...”
ပြန်လည်နိုးထလာသော မြွေသားရဲက ဟိန်းဟောက်သံ ထုတ်လွှတ်လိုက်သည်။
ဟန်မူယဲ့သည် ခေါင်းညိတ်လိုက်ပြီး လက်နှစ်ဖက်ဆန့်ထုတ်လိုက်ရာ တိုက်ပွဲလက်နက်နှစ်ခုပေါ်ရှိ မရေမတွက်နိုင်သော အလင်းစီးကြောင်းများက ပြိုကွဲပျက်စီးစပြုလာသည်။
မူလက လက်တစ်ဖက်ဖြင့် ကိုင်ဆွဲနိုင်သော အရွယ်အစားရှိသည့် လက်နက်နှစ်ခုသည် ယခုအခါ ကြီးမားသောပုံစံသို့ ပြောင်းလဲသွားပြီး ငွေရောင်သံချပ်ကာအပိုင်းအစများအဖြစ် ဖျက်သိမ်းခံလိုက်ရသည်။
ဟန်မူယဲ့က သံချပ်ကာအပိုင်းများကို ဖိချလိုက်ပြီး မြွေသားရဲ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေါင်းစပ်လိုက်သည်။
ဤလုပ်ငန်းစဉ်အတွင်း မြွေသားရဲ၏ ခန္ဓာကိုယ်က အဆုံးမရှိသော ဝေဒနာကို ခံစားနေရသည့်နှယ် တုန်ယင်နေသည်။
(၃)ရက်အကြာတွင် တိုက်ပွဲလက်နက်အကြွင်းအကျန်အားလုံးကို နတ်သားရဲ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ပြီးစီးသွားပြီဖြစ်သည်။ မြွေသားရဲက မျက်လုံးများပြန်မှိတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထက်တွင် ဝိညာဉ်အလင်းတစ်ခု ဖြတ်ပြေးလျက်ရှိသည်။
လှမ်းကြည့်နေကြသော လုချန်းယွဲ့အပါအဝင် အခြားသူများ၏ မျက်နှာထက် ဝမ်းမြောက်ဝမ်းသာဖြစ်မှုများ ထင်ဟပ်နေသည်။
အောင်မြင်သွားပြီ။
ဟန်မူယဲ့က မူလနေရာသို့ ပြန်လည်ရောက်ရှိလာပြီး တည်ငြိမ်စွာဖြင့်...
“သွားရအောင်၊ နောက်တစ်ခုက ကြယ်စွမ်းအားပြုပြင်ရေးကိရိယာပဲ”
အုပ်စုလိုက်ထွက်ခွာသွားကြပြီး တိတ်ဆိတ်နေသော မြို့တော်ကြီးသာလျှင် ကျန်ရစ်ခဲ့သည်။
အသက်ဝိညာဉ်ဝင်္ကပါအုတ်မြစ်တွင် လမ်းကြောင်းတစ်ခု ဖွင့်လှစ်လိုက်ကြောင်းကို ဟန်မူယဲ့မှလွဲပြီး မည်သူမှ မသိခဲ့ပေ။ ဤနည်းဖြင့် နတ်သားရဲ၏ ဝိညာဉ်က သူ၏ ခန္ဓာကိုယ်ထဲသို့ တိတ်တဆိတ် ပြန်ရောက်ရှိလာနိုင်သည်။
သူက ပြန်လည်နိုးထလာသော နတ်သားရဲနှင့်လည်း ဆက်သွယ်ခဲ့သည်။
စကြာဝဠာအဆင့် တိုက်ပွဲလက်နက်များကို ပြုပြင်ခြင်းဆိုသည်က တိုက်ပွဲလက်နက်များကို နတ်သားရဲ၏ ရုပ်ခန္ဓာနှင့် ပေါင်းစပ်ရုံသာ ဖြစ်သည်။
အရင်က အရှင်သခင်မရှိသော စကြာဝဠာအဆင့် တိုက်ပွဲလက်နက်များကို ပြုပြင်ချိန်တွင် ထိုနတ်သားရဲများက သူတို့၏ အရှင်သခင် ဖြစ်လာပေမည်။
ဤသည်မှာ ဟန်မူယဲ့၏ နောက်ဆုံးအဆင့်ဖြစ်ပြီး ကြယ်စင်စုစကြာဝဠာတွင် နှစ်ပေါင်းများစွာ ဒုက္ခဆင်းရဲခံခဲ့ရသော နတ်သားရဲများအား စကြာဝဠာအဆင့် တိုက်ပွဲလက်နက်များ၏ စွမ်းအားကို ထိန်းချုပ်သူများအဖြစ် တိတ်တဆိတ်ဖြစ်လာစေရန် ဖြစ်သည်။
ဤဖြစ်စဉ်ပြီးဆုံးသည်နှင့် ကြယ်စင်စုစကြာဝဠာ၌ စွမ်းအားအကြီးဆုံးအင်အားစုမှာ စကြာဝဠာနယ်မြေမဟုတ်တော့ဘဲ စကြာဝဠာအဆင့် တိုက်ပွဲလက်နက်များ၏ စွမ်းအားကို ပိုင်ဆိုင်သော ဤနတ်သားရဲများ ဖြစ်လာပေမည်။
အဏုကြည့်မျက်လုံး။
ရုပ်သေးစစ်သည်များစုဝေးမှု။
နတ်သားရဲပြုပြင်ရေးကိရိယာ။
ကြယ်စင်စုစကြာဝဠာတစ်ခုလုံး၏ လေ့ကျင့်ရေးစနစ်တစ်ခုလုံး ပြောင်းလဲခံလိုက်ရပြီ ဖြစ်လေ၏။