အခန်း (၁၄၃၃)
Vol. 103 Ch. 1433
လေဟာနယ်ကြယ်စင်စု။
အဆုံးမရှိကျယ်ပြန့်သော လေဟာနယ်ထဲတွင် မရေမတွက်နိုင်သောကြယ်များ ထူထဲစွာ ပြန့်ကျဲနေသည်။
ထိုကြယ်များက မြစ်တစ်စင်းကို ဖြစ်ပေါ်စေပြီး ကြယ်စင်စုစကြာဝဠာ၏ မူလအစကို မွေးဖွားပေးခဲ့သည်။
ထရီလီယံချီသော ကြယ်များသည် အဆုံးမဲ့လေဟာနယ်ကို ဖြတ်သန်းသွားသည့် မြစ်တစ်စင်းအတွင်း စီးဝင်သွားကြသည်။
ကြယ်စင်စုထဲသို့ ခြေချလိုက်သည်နှင့် ထိုနှစ်များက သိုးကျောင်းသားကြယ်မျိုးနွယ်အဖွဲ့ဝင်တစ်ယောက် လေဟာနယ်အဆုံးသို့ ရောက်ရှိရန် မည်မျှဝေးကွာစွာ ခရီးနှင်ခဲ့ရကြောင်း ဟန်မူယဲ့ မသိနိုင်ပေ။
လုချန်းယွဲ့နှင့်အခြားသူများက ဟန်မူယဲ့နောက်သို့ တိတ်ဆိတ်စွာ လိုက်ပါလာကြသည်။
စကြဝဠာအဆင့်လက်နက်များကို ကြယ်စွမ်းအားပြုပြင်ရေးကိရိယာထဲသို့ ပေါင်းစပ်ရန်မှာ သာမန်အားဖြင့်လွယ်ကူသည် မဟုတ်ပေ။
မည်သည့်ကြယ်များက လက်နက်များကိုပြုပြင်နိုင်ပြီး မည်သည့်ကြယ်များက မပြုပြင်နိုင်ကြောင်းကို ဆုံးဖြတ်ရမည်။
လက်နက်ပြုပြင်ခြင်းက သိမ်မွေ့သည်ဆိုလျှင် အောင်မြင်မှုရရန် အချိန်မည်မျှကြာမည်၊ ရွေးချယ်ထားသောကြယ်ကို မည်သို့ဖုံးကွယ်ရမည် စသည်တို့ကို ထည့်သွင်းစဉ်းစားရမည်။
ဤသည်မှာ နတ်သားရဲပြုပြင်ရေးကိရိယာဖြင့် ပြုပြင်ခြင်းထက် ပိုမိုခက်ခဲသည်။ တစ်ခုတည်းသော အကျိုးကျေးဇူးမှာ ကုန်ကျစရိတ်သက်သာခြင်းဖြစ်၏။
ဟန်မူယဲ့၏ မျက်လုံးများက ကြယ်စင်စုထဲတွင် ရှာဖွေနေရင်း သူ့လက်ထဲတွင် ရွှေရောင်အလင်းတန်းတစ်ခု တောက်ပလာသည်။
သိုးကျောင်းသားကြယ် “လေး”။
ရှည်လျားသော သိုးကျောင်းသားကြယ် “လေး”မှ တောက်ပသော အလင်းစက်ဝန်းတစ်ခု ထွက်ပေါ်လာသည်။
ကြယ်စင်စုအတွင်းပိုင်းမှ ဝိညာဉ်အလင်းမျှင်များ တုန်ခါသွားပြီး သိုးကျောင်းသားကြယ် “လေး” နှင့် ပဲ့တင်ထပ်မှု ထွက်ပေါ်လာသည်။
ဟန်မူယဲ့၏ ပုံရိပ်က အလင်းစီးကြောင်းအဖြစ် ပြောင်းလဲသွားပြီး ကြယ်တစ်စင်းဆီသို့ ဦးတည်ထွက်ခွာသွားသည်။
လုချန်းယွဲ့နှင့်အခြားသူများက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး အနောက်မှ လိုက်သွားကြသည်။
ခဏမျှ လွတ်လပ်စွာ ရွေ့လျားပြီးနောက် မိုင်ပေါင်းတစ်သိန်းကျော် ကောင်းကင်လေဟာနယ်ကိုဖြတ်ကျော်ကာ ဟန်မူယဲ့ပုံရိပ်က အချင်းမိုင်တစ်သောင်းထက်မပိုသော ကြယ်တစ်လုံးထက်သို့ ဆင်းသက်လိုက်သည်။
ဤလေဟာနယ်တွင် အချို့သောကြယ်များက အလွန်ကြီးမားပြီး အချို့ကတော့ မြူမှုန်မျှသာ ရှိသည်။
ကြယ်အများစုကတော့ အချင်းမိုင်တစ်သောင်းအတွင်း ရှိကြသည်။
ယခု ဟန်မူယဲ့ရပ်နေသောကြယ်က သိုးကျောင်းသားကြယ် “လေး” ၏ စွမ်းအားနှင့် ပဲ့တင်ထပ်သည်ဟု ခံစားရသည့် ကြယ်ပင် ဖြစ်သည်။
“ဒီကြယ်က သိုးကျောင်းသားကြယ် “လေး”နဲ့ ပဲ့တင်ထပ်နိုင်တဲ့အတွက် စကြဝဠာအဆင့်လက်နက်တွေကို ပြုပြင်နိုင်တယ်”
ဟန်မူယဲ့က ဘေးနားမှ လူများကိုရှင်းပြပြီး လက်ဖဝါးတစ်ဖက်ကို ရှေ့သို့ဖြန့်လိုက်သည်။
အဆုံးမရှိသော ဝိညာဉ်အလင်း မြင့်တက်လာပြီး ပတ်ဝန်းကျင်မှ ကောင်းကင်နှင့်မြေကြီးဆီသို့ လှိုင်းလုံးကြီးများအဖြစ် စီးဆင်းသွားကာ များပြားလှစွာသော ဝိညာဉ်သတ္ထုများက ဘာတန်ဖိုးမှမရှိသည့်ပမာ မိုးရွာသလို ရွာကျလာသည်။
အနည်းဆုံး မူလဒင်္ဂါး (၁၀)ဘီလီယံရှိသော ဝိညာဉ်သတ္ထုများကို ကြယ်ပေါ်တွင် မြှုပ်နှံလိုက်ရာ၊ ထိုကြယ်မှ တောက်ပသော ရတနာရောင်ဝါများ ထွက်ပေါ်လာသည်။
ဟန်မူယဲ့က နောက်ထပ်လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်သည်။
တောက်ပသည့် ရွှေရောင်မီးတောက်တစ်ခုမြင့်တက်လာပြီး ချီစွမ်းအားကို လောင်ကျွမ်းစေကာ မီးတောက်ယဇ်ပလ္လင်တစ်ခု ဖြစ်တည်လာသည်။
သူက လုချန်းယွဲ့ဆီ လှမ်းကြည့်လိုက်သည်။။
လုချန်းယွဲ့က ခေါင်းညိတ်ပြီး ရွှေရောင်စစ်ပွဲဓားတစ်လက်ကို ထုတ်ယူလိုက်၏။
ဓားက နှစ်ပိုင်းကျိုးနေလေသည်။
ဓားကျိုးနှစ်ပိုင်းလုံးက လွင့်စင်သွားပြီး မီးတောက်ယဇ်ပလ္လင်ထက်သို့ ကျရောက်သွားသည်။ မီးတောက်များက ဓားကျိုးနှစ်ပိုင်းကို ရစ်ပတ်လိုက်ပြီးနောက် တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဟန်မူယဲ့လက်ထဲမှ ရွှေရောင်အင်းသင်္ကေတများက မီးတောက်များနှင့်ပေါင်းစပ်သွားပြီး ရွှေတံဆိပ်ပြားတစ်ခု ဖြစ်တည်လာကာ သူ၏ လက်ထဲတွင် ကိုင်ဆောင်ထားလိုက်သည်။
သူက ထိုတံဆိပ်ပြားကို လုချန်းယွဲ့ထံ လက်ဆင့်ကမ်းလိုက်သည်။
လုချန်းယွဲ့က တံဆိပ်ပြားကို လက်ခံယူပြီး နတ်အာရုံဖြင့် စစ်ဆေးကြည့်ကာ ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူ၏ စွမ်းအားများ စီးထွက်လာပြီး အောက်ဘက်မှကြယ်၏ စွမ်းအင်နှင့် ပေါင်းစပ်သွားသည်။ မျက်ဝါးထင်ထင်မြင်ရသည်မှာ ထိုကြယ်သည် တဖြည်းဖြည်း ဖုံးကွယ်သွားပြီး နောက်ဆုံး လုံးဝပျောက်ကွယ်သွားခြင်းပင်။
လုချန်းယွဲ့ မျက်နှာထက် ပြုံးရိပ်ပေါ်လာသည်။
ယခု ဤကြယ်က သူ၏ ထိန်းချုပ်မှုအောက် ရောက်သွားပြီး အပြင်ဘက်မှ မည်သူမှ ရှာတွေ့နိုင်တော့မည် မဟုတ်ပေ။
ကြယ်ထဲတွင် ပြုပြင်ထားသည့် “ကျယ်ပြန့်ဓား” ကိုလည်း သူတစ်ယောက်တည်းသာ ခံစားသိရှိနိုင်ပေမည်။
ဤသို့ပြုပြင်သည့်နည်းလမ်းက အချိန်ကြာမြင့်စွာ စောင့်ရခြင်းမှလွဲ၍ အခြားပြဿနာမရှိပေ။
“ကောင်းတယ်... ပြုပြင်ရေးကိရိယာတစ်ခုလုပ်ဖို့ နှစ်ပေါင်းထောင်ချီစောင့်ရရင်တောင် ဒီလို ကြယ်စွမ်းအားနဲ့ ပြုပြင်တဲ့နည်းလမ်းက ပြီးပြည့်စုံလုနီးပါးပဲ”
လုချန်းယွဲ့က ရွှေတံဆိပ်ပြားကို လက်ဖဝါးထဲထည့်ရင်း ရေရွတ်လိုက်သည်။
ဘေးမှ ရှန့်ကွမ်းဟုန်က ပြုံးရယ်လိုက်ရင်း...
“နှစ်ပေါင်းထောင်ချီဆိုတာ စကြာဝဠာနယ်မြေမှာ သိပ်မကြာလှပါဘူး”
ဟုတ်ပေသည်။ နှစ်ပေါင်းထောင်ချီဆိုသည်က သိပ်မကြာလှပေ။
စကြာဝဠာနယ်မြေတွင် ကျင့်ကြံခြင်းအဆင့် အဆင့်(၉)ထက်ကျော်လွန်သူများအတွက် နှစ်ပေါင်းထောင်ချီဆိုသည်က ခဏတာမျှသာ ဖြစ်၏။
လုမိသားစုမှ ဘိုးဘေးအကြီးအကဲများ စိတ်သက်သာရာရဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ဤပြုပြင်ခြင်းကိရိယာအောင်မြင်ပါက စကြာဝဠာနယ်မြေတွင် လုမိသားစု အထွတ်အထိပ်သို့ ရောက်သွားမည်မှာ သေချာသည်။
“ဆရာဟန်... ကျုပ်တို့ သဘောတူထားတဲ့အတိုင်း ခင်ဗျားကို ပုံမှန်အခကြေးငွေရဲ့ (၅)ဆပေးဖို့ ပြင်ဆင်ထားပါတယ်”
လုချန်းယွဲ့က ဟန်မူယဲ့ကိုကြည့်ရင်း တည်ကြည်လေးနက်စွာဆိုသည်။
(၅)ဆဆိုသည်က များပြားလှသော်လည်း ရရှိမည့်အကျိုးအမြတ်နှင့်ယှဉ်လျှင် မပြောပလောက်ပေ။
စကြာဝဠာအဆင့် ရတနာပစ္စည်းတစ်ခု၏ တန်ဖိုးကို အဆင့်နိမ့် ဝိညာဉ်သတ္ထုများဖြင့် တိုင်းတာ၍ မရပေ။ ဤသည်က လုမိသားစုတစ်ခုလုံး၏ အင်အားကို တည်မြဲစေသည့် အခြေခံဖြစ်သည်။
နတ်သားရဲပြုပြင်ရေးကိရိယာဖြင့်ဖြစ်စေ၊ ကြယ်များဖြင့်ဖြစ်စေ ဟန်မူယဲ့ အတော်လေး ကုန်ကျခံထားရကြောင်း သူတို့တွေ့မြင်ခဲ့သည်ပင်။
သင့်တင့်သော အခကြေးငွေမပေးပါက ဟန်မူယဲ့အနေဖြင့် ဤကဲ့သို့ကုန်ကျမှုမျိုးကို တတ်နိုင်မည်မဟုတ်ပေ။
“(၅)ဆ မလိုပါဘူး၊ ပုံမှန်ရဲ့ (၃)ဆဆိုရင် လုံလောက်ပါတယ်”
ဟန်မူယဲ့က ခေါင်းခါယမ်းလျက် လက်ကာပြရင်း ပြောလိုက်သည်။
“ဒါပေမဲ့ ကျုပ်လိုချင်တာက ကမ္ဘာဦးအဆင့်ရတနာပစ္စည်းတွေနဲ့ ဝိညာဉ်သတ္ထုတွေပဲ”
သူက တည်ငြိမ်သော မျက်နှာအမူအရာဖြင့် အဝေးဆီမှ ကြယ်စင်ကောင်းကင်ကို လှမ်းကြည့်ရင်း...
“ကျုပ်အတွက် အဆင့်နိမ့်ဝိညာဉ်သတ္ထုတွေနဲ့ ရတနာပစ္စည်းတွေက အခု သိပ်အသုံးမဝင်တော့ဘူး”
ဤသည်မှာ အမှန်ပင်ဖြစ်သည်။
စကြာဝဠာအဆင့် စစ်ပွဲရုပ်သေးသံချပ်ကာများကို ပြုပြင်နေသော ဆရာဟန်အတွက် အဆင့်နိမ့်လက်နက်များသုံး၍ အချိန်ဖြုန်းရန် မလိုအပ်ပေ။
လုချန်းယွဲ့နှင့် ရှန့်ကွမ်းဟုန်တို့အတွက်တော့ ဟန်မူယဲ့၏ တောင်းဆိုချက်က မျှတသည်ဟု ထင်ရသည်။
ဆရာဟန်အနေဖြင့် ရှေးကတည်းက အဆင့်နိမ့်လက်နက်များကို စွန့်လွှတ်ပြီး ကမ္ဘာဦးအဆင့်နှင့်အထက်ရှိ ရတနာပစ္စည်းများကိုသာ အာရုံစိုက်သင့်သည်။
“ဟဲဟဲ... ဆရာဟန်က ပေါင်းစပ်စစ်ပွဲရုပ်သေးတွေကို သုတေသနလုပ်နေတယ်ဆိုတာ ကျုပ်သိပါတယ်၊ အဲဒါတွေက စကြာဝဠာအဆင့်ထက် ကျော်လွန်တဲ့ ရတနာပစ္စည်းတွေပါပဲ”
ရှန့်ကွမ်းဟုန်က ရယ်မောရင်း ပြောလိုက်သည်။
ဤသည်က ပျော်ရွှင်ဖွယ်ရာ ဖလှယ်မှုတစ်ခုပင်။
စကြာဝဠာအဆင့် စစ်ပွဲရုပ်သေးသံချပ်ကာများ ပြုပြင်ပေးခြင်းအတွက် လုမိသားစုနှင့် ရှန့်ကွမ်းမိသားစုက ဟန်မူယဲ့အား အခကြေးငွေ(၃)ဆပေးအပ်မည် ဖြစ်သည်။
ဤအခကြေးငွေတွင် အနည်းဆုံး ကမ္ဘာဦးအဆင့်ရတနာပစ္စည်းများနှင့် ဝိညာဉ်သတ္ထုများက (၇၀)ရာခိုင်နှုန်း ဖြစ်ရမည်။
ယခု လုမိသားစုက စကြာဝဠာအဆင့်ရတနာများကို ပြုပြင်လျက်ရှိပြီး၊ သူတို့အနေဖြင့် အလုံးစုံအားစိုက်ထုတ်ရန် ရွေးချယ်ထားသည်။
(၃)နှစ်အတွင်း ဟန်မူယဲ့က လုချန်းယွဲ့တို့အုပ်စုနှင့်အတူ လေဟာနယ်မြို့ (၃၂)မြို့သို့ သွားရောက်ခဲ့ပြီး ကြယ်ပေါင်း(၅၀)ကျော်ကို ရှာဖွေတွေ့ရှိခဲ့သည်။
လုမိသားစု၏ ပျက်ဆီးနေသော စကြာဝဠာအဆင့် ရတနာပစ္စည်းပမာဏက ဟန်မူယဲ့ကိုပင် အံ့အားသင့်စေသည်။
ဟုတ်ပေ၏။
စကြာဝဠာနယ်မြေသာမက အခြားစကြာဝဠာကမ္ဘာများတွင်ပင် ဤဖြစ်ရပ်က ထူးဆန်းသည် မဟုတ်ပေ။
အမြင့်ဆုံးအဆင့် ရင်းမြစ်ပစ္စည်းများသည် အမြဲတမ်း လူနည်းစုလက်ထဲတွင်သာ ရှိနေခဲ့သည်။
(၃)နှစ်အကြာမှာတော့ သဘောတူထားသည့်အတိုင်း ဟန်မူယဲ့က ရှန့်ကွမ်းမိသားစုထံသွားပြီး စကြာဝဠာအဆင့် စစ်ပွဲလက်နက်များကို ပြုပြင်ပေးရပေမည်။
လေဟာနယ်ထဲတွင် သင်္ဘောပျံတစ်စီးက မိုင်သန်းပေါင်းများစွာကို ဖြတ်ကျော်ပျံသန်းလျှက် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။
သင်္ဘောပျံအခန်းထဲတွင် ဟန်မူယဲ့က ခြေချိတ်ထိုင်နေပြီး လုမိသားစုမှ အကြီးအကဲ(၃)ယောက်လည်း ရှိနေသည်။
ဤခရီးတွင် သူတို့က ပျက်စီးနေသော စကြာဝဠာအဆင့် လက်နက်တစ်ခုကို ပြုပြင်ပြီးနောက် ရှန့်ကွမ်းမိသားစုထံ ဦးတည်ရမည်ဖြစ်သည်။
ရှန့်ကွမ်းမိသားစုအကြီးအကဲများက ကြယ်စင်စုထဲတွင် စောင့်ဆိုင်းနေကြပြီဖြစ်သော်လည်း စည်းမျဉ်းအရ အနားကပ်မလာခဲ့ကြပေ။
လက်နက်ပြုပြင်ရန် အသုံးပြုလိုက်သည်နှင့် ထိုကြယ်က ၎င်း၏ မူလနေရာမှ ပျောက်ကွယ်သွားပြီး အပြင်လူများ သိရှိတော့မည်မဟုတ်သော်လည်း ရှန့်ကွမ်းမိသားစုမှ လူများက အနားသို့ ကပ်မလာကြပေ။
လုချန်းယွဲ့နှင့်အခြားသူများကတော့ နေကြတ်မြို့သို့ ပြန်သွားခဲ့ကြပေပြီ။
ဟန်မူယဲ့က ကြယ်စွမ်းအားနှင့် နတ်သားရဲပြုပြင်ရေးကိရိယာကို အသုံးပြုပြီး ပြုပြင်မှုများပြုလုပ်သည်ကို ကြည့်ရှုလေ့လာရင်း အလွန်အံ့သြထိတ်လန့်ကြပြီး ပညာများစွာရခဲ့သော်လည်း၊ ထိုသို့သောမြင်ကွင်းများကို မကြာခဏကြည့်ရှုလျှင် လုချန်းယွဲ့တို့အုပ်စုအနေဖြင့် ထုံပေပေဖြစ်သွားနိုင်သည်။
အထူးသဖြင့် ဟန်မူယဲ့၏ ရေစီးကဲ့သို့ ချောမွေ့စွာ လုပ်ဆောင်နေပုံ၊ ဝင်္ကပါအစီအရင်များ ပြောင်းလဲသွားပုံ၊ သူ၏ လက်ဖျားတွင် ရွှေကျီးကန်းမီးတောက် လင်းလက်နေပုံ၊ ဝိညာဉ်သတ္ထုများ ရေစီးဆင်းသည့်ပမာ ပြန့်ကျဲသွားပုံတို့ကို တွေ့မြင်ရသည့်အခါတွင် ဖြစ်သည်။
သူတို့ရင်ထဲတွင် နာကျင်မှုမရှိဟုဆိုလျှင် လိမ်ညာရာကျလိမ့်မည်။
ဤအရာများသည် လုမိသားစု နှစ်ထောင်ပေါင်းများစွာ စုစည်းထားသည့် ဥစ္စာပစ္စည်းများ ဖြစ်သည်။
“ဟမ်...”
လေဟာနယ်ထဲတွင် ပျံသန်းနေသောယာဉ်က ရုတ်တရက် တုန်ခါသွားသည်။
“ဘာဖြစ်တာလဲ၊ ရောက်ပြီလား”
လုမိသားစု၏ အကြီးအကဲတစ်ဦးက မျက်မှောင်ကျုံ့လျက် မေးလိုက်သည်။
ဟန်မူယဲ့ ကျင့်ကြံနေခြင်းကို ရပ်တန့်ကာ မတ်တတ်ရပ်ပြီး ရှေ့သို့လှမ်းလိုက်သည်။ ကမ္ဘာဦးအဆင့် စစ်ပွဲသံချပ်ကာက သူ၏ ခန္ဓာကိုယ်တွင် ပေါ်လာသည်။
“ဘုန်း...”
အဝေးဆီမှ ဓားအလင်းတန်းတစ်ခု ထိန်းမနိုင်သိမ်းမရ တောက်လောင်လျှက် လေဟာနယ်ထဲ ဖြတ်ဝင်လာသည်။
သင်္ဘောပျံရှေ့မှ အချင်းမိုင်ရာပေါင်းများစွာရှိသော ကြယ်တစ်လုံးမှာ ထိုဓား၏ ခုတ်ပိုင်းမှုအောက်တွင် နှစ်ပိုင်းကွဲသွားသည်။
ဓားအလင်းတန်းက မှေးမှိန်မသွားဘဲ အလင်းစက်ဝိုင်းများဝဲနေပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် သင်္ဘောပျံအား ခုတ်ပိုင်းချလိုက်သည်။
အနက်ရောင်သံချပ်ကာဝတ် စစ်ပွဲရုပ်သေး(၃)ခုက ဧရာမပုံစံ ပြောင်းလဲသွားပြီး ဟန်မူယဲ့ရှေ့တွင် ရပ်လိုက်ကြသည်။
ထိုရုပ်သေးတစ်ခုစီက ကမ္ဘာဦးအဆင့် ဖြစ်၏။
ဤအရာများက လုမိသားစုအကြီးအကဲသုံးဦး၏ အသက်နှင့်ချိတ်ဆက်ထားသော စစ်ပွဲရုပ်သေးများဖြစ်ပြီး ထိပ်တန်းကမ္ဘာဦးအဆင့် ဖြစ်သည်။
သူတို့တွင် စကြဝဠာအဆင့်ရုပ်သေးရုပ်များရှိသော်လည်း လက်ရှိတွင် အမြန်ဆုံး ခေါ်ယူနိုင်သည့်အရာမှာ အသက်နှင့်ချိတ်ဆက်ထားသည့် ဤစစ်ပွဲရုပ်သေးများသာ ဖြစ်သည်။
“ဘုန်း...”
ဓားအလင်းတန်းက စစ်ပွဲရုပ်သေးများနှင့် ရိုက်ခတ်မိသွားပြီး၊ ရုပ်သေးရုပ်များမှ စူးစူးဝါးဝါးအသံ ထွက်ပေါ်လာကာ နောက်သို့ဆုတ်သွားရသည်။
ဟန်မူယဲ့ရှေ့တွင် ရပ်နေသော လုမိသားစုအကြီးအကဲတစ်ယောက်က မျက်နှာပျက်သွားသည်။
သူက အော်ဟစ်လိုက်၏။
“”ဆရာဟန်... ပြေးတော့၊ ဒါက ဝူလင်ခန်းမက စည်းတံဆိပ်ဝိညာဉ်တစ်ဖက်သွားဓားပဲ”
ဝူလင်ခန်းမဆိုသည်က စကြာဝဠာနယ်မြေမှ မိသားစုကြီး(၇)ခုပြီးလျှင် ဒုတိယလိုက်သည့် အင်အားကြီးအုပ်စုတစ်ခု ဖြစ်သည်။
ဝူလင်ခန်းမမှ စည်းတံဆိပ်ဝိညာဉ်တစ်ဖက်သွားဓား၊ အလုံးစုံဝိညာဉ်တစ်ဖက်သွားဓားနှင့် ဝိညာဉ်ခွဲတစ်ဖက်သွားဓားတို့မှာ စကြာဝဠာအဆင့် လက်နက်များအားလုံးအပေါ် လွှမ်းမိုးနိုင်စွမ်းရှိသည်။
“ဝူလင်ခန်းမက လုမိသားစုနဲ့ တကယ်ပဲ တိုက်ခိုက်ချင်တာလား”
လုမိသားစုမှ အကြီးအကဲတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ အနောက်ဘက်တွင် အနက်ရောင်စစ်ပွဲလှံရှည်တစ်လက် ဖြည်းဖြည်းချင်း ပေါ်လာသည်။
ဤစစ်ပွဲလှံရှည်က နတ်သားရဲပြုပြင်ရေးကိရိယာဖြင့် လုမိသားစု ပထမဆုံးပြုပြင်ထားသည့် စကြဝဠာအဆင့်လက်နက်ဖြစ်သည်။
ဤလက်နက်က နတ်သားရဲစွမ်းအားဖြင့် ပြည့်နက်နေပြီး စိတ်ကူးမယဉ်နိုင်သော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသည်။
“အဟက်... အတော်ရဲတင်းတဲ့စကားပဲ”
လေထုထဲမှ ပေါ့ပါးသော ရယ်သံတစ်သံ ထွက်ပေါ်လာပြီး ထို့နောက် ပုံရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
သူတို့၏ ပုံပန်းသဏ္ဌန်က ကွဲပြားသော်လည်း တူညီသည့်အချက်မှာ သူတို့တစ်ယောက်ချင်းစီမှ ထုတ်လွှတ်နေသော တန်ခိုးစွမ်းအားက နက်ရှိုင်းလွန်းခြင်းပင်။
အနည်းဆုံး သူတို့အားလုံးက ကမ္ဘာဦးအဆင့် ဖြစ်ကြသည်။
“ဝူလင်ခန်းမ၊ ကောင်းကင်တစ်သောင်းမြို့၊ လရောင်လေရိပ်တောင်ထွတ်၊ ပြီးတော့ ကျောက်သလင်းမြို့...”
လုမိသားစု အကြီးအကဲက ပြောလိုက်သည်။
ထိုအင်အားစုများ၏ နာမည်များကို ပြောလိုက်စဉ် သူ၏ မျက်နှာက မှောင်မဲလျက် ရှိသည်။
ဤအင်အားစုများက စကြာဝဠာနယ်မြေမှ မိသားစု(၇)ခုထက် အနည်းငယ်သာ အားနည်းသည်။ ယခု သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုက ရည်ရွယ်ချက်ရှိရှိ ကြိုတင်စီစဉ်ထားခြင်းဖြစ်သည်။
“စိတ်မပူပါနဲ့... ကျုပ်တို့က ဆရာဟန်ကို ကျုပ်တို့နဲ့ ခရီးတစ်ခု လိုက်ခဲ့စေချင်တာပါ”
“လုမိသားစုတစ်ခုတည်းက ကံကောင်းခြင်းတွေအားလုံးကို သိမ်းပိုက်ထားတာ မမျှတဘူးလေ”
လေထုတစ်ခုလုံး တည်ငြိမ်သည့်အသံဖြင့် ပြည့်နှက်သွားသည်။
ထိုခဏတွင် ရွှေရောင်တစ္ဆေလက်သည်းတစ်ခု ထွက်ပေါ်လာပြီး ဟန်မူယဲ့၏ ဦးခေါင်းထက်သို့ ဖမ်းယူရန် ဆန့်ထွက်လာသည်။
“ဆရာဟန်... အခုပြေးတော့...”
ဟန်မူယဲ့ရှေ့တွင် ရပ်နေသော လုမိသားစုမှ အကြီးအကဲတစ်ယောက်က အော်ဟစ်လိုက်ပြီး သူ၏ စွမ်းအားက လေထုထဲတွင် ပေါက်ကွဲသွားပြီး တုန်ခါမှုတစ်ခု ဖြစ်သွားသည်။
အနက်ရောင်စစ်ပွဲလှံရှည်က ရှေ့သို့ထိုးဖောက်သွားပြီး စစ်ပွဲရုပ်သေးရုပ်(၃)ရုပ်က အားအင်အပြည့်ဖြင့် ခံနိုင်စွမ်းအားကိုအသုံးပြုကာ အရှေ့ရှိလေဟာနယ်ကို ထိုးဖောက်ဖွင့်လှစ်ရန် ကြိုးစားလိုက်သည်။
ဟန်မူယဲ့မျက်လုံးများထဲတွင် အလင်းတစ်ခုဖြတ်ပြေးသွားပြီး ပေါက်ကွဲပျက်စီးသွားသည့် လေဟာနယ်ထဲသို့ ခြေလှမ်းလိုက်သည်။
သူ့ပုံရိပ်က မူလနေရာမှ ပျောက်ကွယ်သွားပြီး ဝိုင်းထားသည့် ပုံရိပ်များက သူ့ကိုမီအောင် မလိုက်နိုင်ခဲ့ပေ။
လုမိသားစု၏ အကြီးအကဲ(၃)ယောက်မျက်နှာထက် စိတ်ပူပန်ဟန်များ ထင်ဟပ်လာသည်။
ဤနေရာမှ အင်အားကြီးရန်သူများ သူ့နောက်လိုက်မသွားခြင်းမှာ အခြားနေရာတွင် ထောင်ချောက်တစ်ခု ကြိုတင်စီစဉ်ထားသည်ဟု ဆိုနိုင်သည်။
“ဘန်း...”
ဟန်မူယဲ့ ကြယ်တစ်လုံးထက်သို့ ဆင်းသက်လိုက်ချိန် ရွှေရောင်အလင်းတန်းတစ်ခုက သူ့အပေါ်သို့ ပြိုကျလာသည်။
ဤသည်က အစိမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသည့် ကျင့်ကြံသူတစ်ယောက် ကိုင်ဆောင်ထားသော ရွှေရောင်စစ်ပွဲတူတစ်လက် ဖြစ်သည်။
စကြာဝဠာနယ်မြေတွင် ဤသို့သောလက်နက်များ အသုံးပြုတိုက်ခိုက်သည့် ကျင့်ကြံသူများ ရှိကြသည်။
စကြာဝဠာနယ်မြေအပြင်ဘက် ကြယ်စင်စုစကြာဝဠာ၏ အမွေအနှစ်ကတော့ စစ်ပွဲရုပ်သေးရုပ်များနှင့် သံချပ်ကာများ ဖြစ်ကြသည်။
ဟန်မူယဲ့က ကြယ်တစ်လုံးထက်တွင် မတ်တတ်ရပ်နေပြီး သူ၏ မျက်လုံးများက ဝိညာဉ်အလင်းတန်းများဖြင့် နက်ရှိုင်းစွာ လှုပ်ရှားနေသည်။
ဤစစ်ပွဲတူပေါ်တွင် ထွင်းထုထားသော စည်းမျဉ်းများက အင်အားနှင့်ခိုင်မာမှုအကြောင်းဖြစ်ပြီး ထိုအရာဖြင့် ရိုက်နှက်မခံရမီမှာပင် အလေးချိန် ပေါင်သန်းပေါင်းများစွာသော ဖိအားက သူ့ထက်သို့ ဖိစီးလာသည်။
အခြားသော ရုပ်သေးသခင် သို့မဟုတ် ချပ်ဝတ်သခင်ဖြစ်ခဲ့လျှင် ဤမျှကြီးမားသော ဖိအားအောက်တွင် သူတို့၏ပုံစံ ပြိုကျပျက်စီးသွားပြီ ဖြစ်သည်။
“ဝှစ်...”
ဟန်မူယဲ့၏ ခန္ဓာကိုယ်ထက်တွင် ရွှေရောင်ချပ်ဝတ်တစ်ခုပေါ်လာပြီး သူက လက်သီးတစ်ချက် ထိုးချလိုက်သည်။
သူ၏ လက်သီးအရိပ်က ဟိန်းဟောက်နေသော ခြင်္သေ့ရိုင်းအဖြစ် ပြောင်းလဲသွားပြီး ရွှေရောင်တူကြီးကို ထိပ်တိုက်ရင်ဆိုင်လိုက်ရာ ထိုတူကြီး အဝေးသို့ လွင့်စင်ထွက်သွားရသည်။
လက်သီးတစ်ချက်၏ စွမ်းအားက စကြာဝဠာတစ်ဝက်အဆင့် စစ်ပွဲလက်နက်နှင့် ယှဉ်နိုင်လောက်အောင် စွမ်းအားကြီးမားသည်။
တူပိုင်ရှင်ကျင့်ကြံသူက စိတ်ရှုပ်ထွေးစွာဖြင့် လေဟာနယ်ထဲတွင်ရပ်နေပြီး ဘာဆက်လုပ်ရမှန်း မသိတော့ပေ။
“ဆရာဟန်ရဲ့ စွမ်းအားက တကယ့်ကို အံ့မခန်းပါပဲဗျာ၊ ပန်းပဲဆရာတစ်ယောက်က ဒီလောက်ကြီးမားတဲ့ စွမ်းအားကိုပြနိုင်မယ်လို့ ဘယ်သူထင်မှာလဲ”
လေထုထဲတွင် ပုံရိပ်တစ်ခုပေါ်လာပြီး သူ၏ အသံမှာလည်း ခံစားချက်အပြည့်ဖြင့် ဖြစ်သည်။
ထိုပုဂ္ဂိုလ်၏ ပနောက်တွင် အနည်းဆုံး လူ(၁၀)ယောက်ကျော် ထပ်မံထွက်ပေါ်လာသည်။
"စွန်းမိသားစု၊ မီးပြင်းဖိုစင်မြင့်ခန်းဆောင်"
ဟန်မူယဲ့ စိတ်ထဲမှ ရေရွတ်လိုက်သည်။
“လော့ထျန်းဟယ်က ဆရာဟန်ကို ဂါရဝပြုပါတယ်”