အခန်း (၁၄၃၅)
Vol. 103 Ch. 1435
ဤအခိုက်အတန့်မှာ မည်သည့်ခွန်အားကမှ စွမ်းအင်လှိုင်းများ ပျံ့နှံ့ခြင်းကို မတားဆီးနိုင်ပေ။
အချင်းမိုင်ပေါင်းသန်းတစ်ထောင် ကျယ်ဝန်းသော ဧရိယာအတွင်းမှ ကြယ်များက ထိုစွမ်းအင်လှိုင်းများကို ပဲ့တင်ပြန်နေကြသည်။ ဤသည်မှာ ယင်းတို့က ဝမ်းမြောက်ဝမ်းသာစွာ ကခုန်နေကြသည့်အလားပင်။
မရေမတွက်နိုင်သော ကြယ်များ၏ ပဲ့တင်ပြန်မှုနှင့် တုန်ခါမှုက အချင်းမိုင်ပေါင်းသန်းတစ်ထောင် ကျယ်ဝန်းသော ဧရိယာအတွင်းမှ မိုးနှင့်မြေကို ဆူနာမီလှိုင်းလုံးများသဖွယ် လှုပ်ခတ်သွားစေသည်။
ဟန်မူယဲ့ လက်ဝှေ့ယမ်းလိုက်လေရာ အချင်းမိုင်ပေါင်းသန်းတစ်ထောင် ကျယ်ဝန်းသော ဧရိယာအတွင်းမှ တုန်ခါမှုစွမ်းအားက သူ့အရှေ့မှာ စုစည်းသွားပြီး ဝေဝါးသော တုတ်ရှည်တစ်လက်ကို ဖွဲ့စည်းသွားသည်။
ယင်းက သိုးကျောင်းသားကြယ်တုတ် ဖြစ်သည်။
ကြယ်တုတ်က အချင်းမိုင်ပေါင်းသန်းတစ်ထောင် ကျယ်ဝန်းသော ဧရိယာအတွင်းမှ ကြယ်အားလုံး၏ စွမ်းအားဖြင့် ဖွဲ့စည်းသွားသောအရာဖြစ်ပြီး ကြယ်များကို ထိန်းချုပ်နိုင်စွမ်း ရှိသည်။
“ ကြယ်စွမ်းအားကို အသုံးပြုပြီး ကိရိယာတွေကို ပြုပြင်ချင်တယ်… အဲ့ဒီတာဝန်ကို ငါ့ကိုယ်စား ဆောင်ရွက်ပေးဖို့ တစ်စုံတစ်ယောက်ကို လိုအပ်တယ် ”
ဟန်မူယဲ့က သစ်သားတုတ်ကို ပစ်ပေးလိုက်သည်။
ရှင်းရီ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ကြည်လင်လာပြီး ရွှေရောင်ချပ်ဝတ်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းက သစ်သားတုတ်ကို ဖမ်းယူလိုက်ပြီး ဒူးထောက်လိုက်သည်။
“ သခင် အမိန့်သာပေးလိုက်ပါ… ရှင်းရီ တာဝန်ထမ်းဆောင်ဖို့ အသင့်ရှိပါတယ် ”
သိုးကျောင်းသားကြယ်မျိုးနွယ်ကို အံ့ဖွယ်ကိုးပါးတောင်သခင်က ဖန်ဆင်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ အသက်က မပြည့်စုံကြချေ။ သို့ဖြစ်၍ ၎င်းတို့က နှစ်ရှည်လကြာအိပ်စက်ခြင်းနှင့် ကြယ်စွမ်းအားကို လိုအပ်ကြသည်။
ယခု အချင်းမိုင်ပေါင်းသန်းတစ်ထောင် ကျယ်ဝန်းသော ဧရိယာအတွင်းမှ ကြယ်စွမ်းအားက ဟန်မူယဲ့ကြောင့် သိုးကျောင်းသားကြယ်တုတ်အဖြစ် ပြောင်းလဲသွားသည်။ ထိုကြယ်တုတ်ကို ကိုင်ဆောင်ထားသောကြောင့် ရှင်းရီက စစ်မှန်သော သက်ရှိတစ်ကောင် ဖြစ်လာသည်။ ထို့ပြင် ၎င်းက စကြာဝဠာအဆင့်ထက် သာလွန်သော ထာဝရသက်ရှိတစ်ကောင် ဖြစ်သည်။
ဟန်မူယဲ့သည် အံ့ဖွယ်ကိုးပါးတောင်၏ ဝိညာဉ်ကိုယ်ပွားထက် သာလွန်သော စွမ်းအားကို မပိုင်ဆိုင်ထားပေ။ သို့သော်လည်း သူက ကောင်းကင်တုန်လှုပ်လေး၏ အံ့ဖွယ်စွမ်းအားနှင့် အချိန်စွမ်းအားကို ချေးငှားနိုင်ပေသည်။
ဟန်မူယဲ့၏ ခန္ဓာကိုယ်က ဝှစ်ခနဲ ရွေ့လျားသွားသည်။ သူက စကြာဝဠာအဆင့် ချပ်ဝတ်များကို လိုက်လံသိမ်းဆည်းလိုက်သည်။ ထို့နောက် သူက ပုံရိပ်တစ်ခု၏ အရှေ့သို့ ရောက်ရှိသွားသည်။
လော့ထျန်းဟယ်… ။
ဤအခိုက်အတန့်မှာ လော့ထျန်းဟယ်၏ မျက်လုံးများက သွေးယိုစီးနေပြီး သူ၏ သွေးအနှစ်သာရက မြန်ဆန်စွာ ခမ်းခြောက်သွားနေသည်။ ယခု သူက သေအံ့ဆဲဆဲအခြေအနေမှာ ရှိ၏။
မီးပြင်းဖိုစင်မြင့်ခန်းဆောင်မှ ကျွမ်းကျင်သူအားလုံးက အမြစ်ဖြတ်ဖျက်ဆီးခံလိုက်ရပြီး သူတစ်ယောက်တည်းသာ ကျန်ရှိခဲ့သည်။
စွန်းမိသားစု၏ ကျွမ်းကျင်သူများသည်လည်း တစ်ယောက်မှ အသက်မရှင်နိုင်ခဲ့ပေ။
ဟန်မူယဲ့ လက်မြှောက်လိုက်လေရာ စိမ်းပြာရောင်အင်မော်တယ်ချီက လော့ထျန်းဟယ်ကို လွှမ်းခြုံသွားသည်။
အသက်တစ်ရာရှူချိန်ကြာပြီးနောက် လော့ထျန်းဟယ်က မျက်လုံးပြန်ဖွင့်လိုက်သည်။ သို့သော် သူ၏ မျက်လုံးများက ယခင်ကဲ့သို့ ကြည်လင်မနေဘဲ အရောင်မှိန်ဖျော့နေသည်။
“ ဘာလို့လဲ… မင်းဘာလို့ ငါ့ကို မသတ်တာလဲ ”
သူက မျက်ကန်းဖြစ်သွားသော်လည်း အစွမ်းထက် ကျွမ်းကျင်သူတစ်ယောက်ဖြစ်လေရာ ဟန်မူယဲ့ကို အာရုံခံရန် မျက်လုံးတစ်ခုတည်းကို မှီခိုစရာမလိုပေ။
“ မင်းရဲ့ မီးပြင်းဖိုစင်မြင့်ခန်းဆောင်ရဲ့ ရည်ရွယ်ချက်က ကြယ်စင်စုစကြာဝဠာရဲ့ အင်အားကို ဖိနှိပ်ဖို့ဖြစ်တယ်… အဓိကကတော့ မိုးမြေမဟာတာအိုထက် သာလွန်တဲ့ စွမ်းအားတွေကို ဖျက်ဆီးပစ်ဖို့ ဖြစ်တယ်… ငါပြောတာ မှန်တယ်မလား ”
ဟန်မူယဲ့၏ အသံက တည်ငြိမ်သည်။
ယင်းက မီးပြင်းဖိုစင်မြင့်ခန်းဆောင်နှင့် စွန်းမိသားစုမှ ကျွမ်းကျင်သူအားလုံးကို တစ်ချက်တည်းဖြင့် သုတ်သင်ရှင်းလင်းပစ်ခဲ့သော ထိုမိစ္ဆာ၏ တည်ငြိမ်သော အသံလည်း ဖြစ်သည်။
ထိုအသံကြောင့် လော့ထျန်းဟယ်က ကျောချမ်းသွားပြီး ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။
စကြာဝဠာနယ်မြေထဲတွင် မီးပြင်းဖိုစင်မြင့်ခန်းဆောင်၏ တာဝန်က ကြီးမားသော လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။
“ အမှန်တိုင်းပြောရရင် ကြယ်စင်စုစကြာဝဠာရဲ့ အင်အားကို ဖိနှိပ်ဖို့ ငါလည်းပဲ တွေးမိတယ် ”
ဟန်မူယဲ့က ပြောသည်။
“ မင်းတို့ရဲ့ အမြင်အရပြောရရင်… အဲ့ဒါက လောကရဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းချင်တာပဲ ”
သူက ထပ်ပေါင်း ပြောသည်။
ဟန်မူယဲ့၏ အသံ ပဲ့တင်ထပ်သွားသည့်အခါ လော့ထျန်းဟယ်က ခေါင်းမော့လိုက်သည်။ သူ၏ ဗလာမျက်လုံးက ဟန်မူယဲ့၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။
သူမယုံပေ။
ဤသန့်စင်သူက ကြယ်စင်စုစကြာဝဠာ၏ လက်နက်သန့်စင်ခြင်းကို သူတစ်ယောက်တည်းအားဖြင့် ပြန်လည်အသက်ဝင်စေခဲ့ပြီး ငွေခေတ်သို့ ကူးပြောင်းစေခဲ့သည်။ ထိုသို့လူက ကြယ်စင်စုစကြာဝဠာ၏ အင်အားကို ဖိနှိပ်ချင်သည်ဟု ပြောသည့်အခါ မည်သို့ သူယုံကြည်နိုင်မည်နည်း။
“ မင်းမယုံဘူးလား ”
ဟန်မူယဲ့ လက်မြှောက်လိုက်သည့်အခါ အဏုကြည့်မျက်လုံးတစ်လုံးက ပျံသန်းထွက်လာသည်။
အဏုကြည့်မျက်လုံးက ကြယ်စင်စုစကြာဝဠာ၏ မြို့ကြီးများထဲမှာ တွင်ကျယ်စွာ ပျံ့နှံနေပြီ ဖြစ်၏။ အဆင့်ကိုးအောက်မှ မည်သည့်သန့်စင်သူမဆို သူတို့၏ မျက်လုံးထဲမှာ အဏုကြည့်မျက်လုံးတစ်လုံး ရှိကြသည်။
သို့သော်လည်း စကြာဝဠာနယ်မြေတွင် ထိုအဏုကြည့်မျက်လုံးများက အလွန်အမင်း ရှားပါးသည်။
စကြာဝဠာနယ်မြေတွင် အစွမ်းထက် ကျွမ်းကျင်သူများသာရှိကြပြီး အဆင့်နိမ့်သန့်စင်သူများ မရှိကြပေ။ သို့ဖြစ်၍ ထုံးစံအားဖြင့် သူတို့က အဏုကြည့်မျက်လုံးကို သိပ်မလိုအပ်ကြချေ။
လော့ထျန်းဟယ်က အဏုကြည့်မျက်လုံးကို လက်ခံပြီးနောက် ယင်းကို သူ၏ မျက်လုံးထဲသို့ ထည့်သွင်းလိုက်သည်။ ထို့နောက် သူ၏ မျက်နှာက အနည်းငယ် တွန့်ရှုံ့သွားသည်။
“ ဒီအကြောင်းကို ငါကြားဖူးပေမဲ့ အများကြီး မတွေးခဲ့ဘူး… ဒါပေမဲ့ အခုတော့ အဲ့ဒါကို ငါစမ်းသပ်ကြည့်ရမယ်… ”
လော့ထျန်းဟယ်က ဒယိမ်းဒယိုင် မတ်တတ်ရပ်လိုက်သည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ အထက်ပုဂ္ဂိုလ်တွေကို အဆင့်နိမ့်ကျင့်ကြံသူတွေ ဖြုတ်ချတာက စကြာဝဠာတိုင်းရဲ့ စည်းမျဉ်းတစ်ခုပဲ ”
“ အလယ်အဆင့်နဲ့ အထက်အဆင့်အတွက်တော့ ငါ့မှာ ကိုယ်ပိုင်နည်းလမ်းရှိတယ် ”
“ ဥပမာ နတ်သားရဲပြုပြင်ရေးကိရိယာနဲ့ ကြယ်စွမ်းအားပြုပြင်ရေးကိရိယာတွေ ”
ဟန်မူယဲ့က စိတ်ကူးယဉ်ပန်းချီကားတစ်ချပ်ကို သိမ်မွေ့စွာ ရေးဆွဲလိုက်သည်။
နတ်သားရဲများ၏ ကိုယ်တွင်းထဲမှ တိုက်ပွဲလက်နက်အားလုံး အပြင်ထုတ်ခံလိုက်ရသည့်အခါ ကြယ်စင်စုစကြာဝဠာထဲမှ အင်အားစုများကြားတွင် ပထမလောကစစ်ပွဲ စတင်လာလိမ့်မည်။
ထိုစစ်ပွဲက အင်အားစုအားလုံးနီးပါးကို ဖျက်ဆီးပစ်လိမ့်မည်။
ထို့နောက် ကြယ်များ၏ အတွင်းပိုင်းထဲမှ တိုက်ပွဲလက်နက်များ ပြန်ကောင်းမွန်သွားသည်နှင့် ဒုတိယလောကစစ်ပွဲ အစပျိုးလာလိမ့်မည်။
နှစ်ပေါင်းအတော်ကြာ စစ်ပွဲဖြစ်ပြီးနောက် အစွမ်းထက် တိုက်ပွဲလက်နက်အားလုံးက နောက်ဆုံးမှာ အမြစ်ဖြတ်ဖျက်ဆီးခံရလိမ့်မည်။
“ အရင်ဆုံး ဖျက်ဆီးမခံရဘဲ ဘာကိုမှ တည်ဆောက်လို့ မရဘူး… ကြယ်စင်စုတစ်ဝက်ခန့်နဲ့ မြို့ကြီးတွေ ဖျက်ဆီးခံရတဲ့အခါ ကြယ်စင်စုစကြာဝဠာထဲက အင်အားစုအားလုံး အားနည်းသွားကြလိမ့်မယ် ”
“ နောက်ဆုံးမှာ သေမျိုးတွေနဲ့ အဆင့်နိမ့်ကျင့်ကြံသူတွေက လောကရဲ့ အုပ်ချုပ်သူတွေ ဖြစ်လာကြလိမ့်မယ် ”
“ သေမျိုးတွေက လောကကို အုပ်ချုပ်မယ်… အဲ့ဒါက မီးပြင်းဖိုစင်မြင့်ခန်းဆောင် လိုချင်တဲ့ ဒီလောကရဲ့ ငြိမ်းချမ်းမှုပဲ မဟုတ်ဘူးလား ”
လက်စသတ်တော့ သူ့အရှေ့မှ ပုဂ္ဂိုလ်က သူနှင့် အမှန်တကယ် အမြင်တူသောလူ ဖြစ်သည်။
လော့ထျန်းဟယ်က ခေါင်းမော့လိုက်ပြီး အဏုကြည့်မျက်လုံးမှတဆင့် ဟန်မူယဲ့ကို စစ်ဆေးလေ့လာလိုက်သည်။
“ အဲ့ဒါဆိုရင် မင်းဘာလို့ သူတို့အားလုံးကို သတ်ပစ်လိုက်တာလဲ… ”
သူက နောက်ထပ် ဆက်မေးရန် တုံ့ဆိုင်းနေသည်။
သူတို့အားလုံးက ဟန်မူယဲ့ကို ဝိုင်းရံသတ်ပစ်ရန် ဤနေရာသို့ ရောက်လာခဲ့ကြသည်။ သို့သော်လည်း သူတို့က ဟန်မူယဲ့၏ တန်ပြန်သတ်ဖြတ်ခြင်းကိုသာ ခံလိုက်ကြရသည်။
“ မင်းကို ငါလိုအပ်တယ်… မင်းကို ငါ့ကိုယ်စား မီးပြင်းဖိုစင်မြင့်ခန်းဆောင်ကို အုပ်ချုပ်စေချင်တယ် ”
ဟန်မူယဲ့က တည်ငြိမ်သော အမူအရာဖြင့် ပြောသည်။
“ ဒီလောကကို ငြိမ်းချမ်းစေဖို့အတွက် တာဝန်အားလုံး ပြီးမြောက်အောင် မင်းငါ့ကို ကူညီပေးရမယ် ”
ဟန်မူယဲ့က လော့ထျန်းဟယ်ကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
ထို့နောက် သူက လူ့ဘီလူးတစ်ကောင်နှယ် အရွယ်အစားကြီးမားသော ရှင်းရီကို ဆင့်ခေါ်လိုက်သည်။ ရှင်းရီက သိုးကျောင်းသားကြယ်တုတ်ကို ကိုင်ဆောင်လျက် ရောက်လာသည်။
“ သူက မင်းကို မီးပြင်းဖိုစင်မြင့်ခန်းဆောင်ရဲ့ လက်ထောက်ခန်းမသခင်အနေနဲ့ ကူညီပေးလိမ့်မယ်… ပြီးတော့ သူက အင်အားစုအားလုံးရဲ့ စကြာဝဠာအဆင့် စစ်ချပ်ဝတ်အားလုံးကို ပြုပြင်ပေးလိမ့်မယ် ”
မီးပြင်းဖိုစင်မြင့်ခန်းဆောင်၏ လက်ထောက်ခန်းမသခင်… ။
လော့ထျန်းဟယ်က ရှင်းရီကို ကြည့်လိုက်သည်။ ထို့နောက် သူက ဟန်မူယဲ့ကို ပြန်လှည့်ကြည့်လိုက်သည်။
သူတို့ထဲမှ မည်သူမဆို မီးပြင်းဖိုစင်မြင့်ခန်းဆောင်တစ်ခုလုံးကို အလွယ်တကူ အမြစ်ဖြတ်သုတ်သင်ပစ်နိုင်သည်။
“ မင်းကို ငါကူညီပေးရင် ကြယ်စင်စုစကြာဝဠာက တကယ်ငြိမ်းချမ်းလာမှာလား ”
လော့ထျန်းဟယ်က တစ်ခဏ နှုတ်ဆိတ်နေပြီးနောက် ရုတ်တရက် မေးသည်။
“ အင်း… ငါတို့သာ သေချာကြိုးစားမယ်ဆိုရင် ငြိမ်းချမ်းမှုကို သေချာပေါက် ရရှိလိမ့်မယ် ”
ဟန်မူယဲ့က စကားပြောပြီးနောက် ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်သည်။ ယင်းထဲမှာ စကြာဝဠာအဆင့် တိုက်ပွဲလက်နက်များကို ပြုပြင်ရန် ယင်းတို့ကို နတ်သားရဲများနှင့် ကြယ်များထဲသို့ မည်သို့ထည့်သွင်းသင့်သလဲဟူသော နည်းလမ်းများ ပါဝင်သည်။
သူက ငြီးငွေ့စရာကောင်းသော ထိုတာဝန်ကို လော့ထျန်းဟယ်နှင့် မီးပြင်းဖိုစင်မြင့်ခန်းဆောင်သို့ လက်လွှဲပေးလိုက်သည်။
မှန်ပေ၏။ ဆုလာဘ်များက ဟန်မူယဲ့၏ လက်ထဲသို့ သေချာပေါက် ရောက်လာလိမ့်မည်။
သို့သော်လည်း ဟန်မူယဲ့က ကြယ်စင်စုစကြာဝဠာထဲမှာ သူ့ကိုယ်စား ပြောရေးဆိုခွင့်ရှိသူကို ချန်ထားရန် စဉ်းစားထားပြီးပြီ ဖြစ်သည်။
“ ဗုန်း ”
ရှင်းရီက လက်သီးထိုးလွှတ်လိုက်လေရာ ဂိတ်တံခါးတစ်ခုက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။
“ ဆရာသခင်ဟန်… လောကငြိမ်းချမ်းရေးအတွက် ကျုပ်အရိုအသေပေးပါတယ် ”
လော့ထျန်းဟယ်က ဟန်မူယဲ့ကို ဦးညွတ်လိုက်သည်။ ထို့နောက် သူက ဂိတ်တံခါးထဲသို့ ဝင်ရောက်သွားသည်။
ရှင်းရီသည်လည်း မထွက်သွားခင် ဟန်မူယဲ့ကို အရိုအသေပေးလိုက်သည်။
သူ၏ အရှေ့၌ ဖြည်းညင်းစွာ ပျောက်ကွယ်သွားနေသော ဂိတ်တံခါးကို ကြည့်နေရင်း ဟန်မူယဲ့က ခေါင်းယမ်းလိုက်သည်။
မီးပြင်းဖိုစင်မြင့်ခန်းဆောင်မှ လူများသည် ပြင်ပဘုံမှ ကျူးကျော်သူများ၏ လှည့်စားခြင်းခံနေကြရသည်။
အမှန်မှာ မီးပြင်းဖိုစင်မြင့်ခန်းဆောင်က ကန်အန်းစကြာဝဠာ၏ လေ့ကျင့်ပေးခြင်းခံထားရသော ရုပ်သေးရုပ်တစ်ခုထက် မပိုပေ။
ဤနှစ်များတွင် သူတို့က သူတို့ကိုယ်သူတို့ ကြယ်စင်စုစကြာဝဠာထဲမှ အစွမ်းထက်ရတနာအားလုံးကို ဖျက်ဆီးပစ်ရန် တည်ရှိနေခြင်းဖြစ်သည်ဟု အစွန်းရောက်ယုံကြည်နေကြသည်။ သူတို့က မိုးမြေကို မည်သည့်အရာကမှ မနှောင့်ယှက်နိုင်မည့် ငြိမ်းချမ်းသော စကြာဝဠာတစ်ခုကို ဖန်တီးချင်ကြသည်။
သို့သော်လည်း ကြယ်စင်စုစကြာဝဠာထဲမှ အစွမ်းထက်ရတနာအားလုံး ဖျက်ဆီးခံရသည့်အခါကျလျှင် ကန်အန်းမျိုးနွယ်က ဤစကြာဝဠာအား ကျူးကျော်သိမ်းပိုက်လိမ့်မည်ကို သူတို့က မသိကြချေ။
ထိုအချိန်ကျလျှင် ကြယ်စင်စုစကြာဝဠာထဲမှ သက်ရှိအားလုံးက ကန်အန်းမျိုးနွယ်၏ ကျေးကျွန်များ ဖြစ်သွားကြလိမ့်မည်။
“ မတူညီတဲ့ မျိုးနွယ်စုတွေမှာ မတူညီတဲ့ နှလုံးသားတွေ ရှိတယ် ”
ယခု ဟန်မူယဲ့က မီးပြင်းဖိုစင်မြင့်ခန်းဆောင်ကို သူ့အတွက် အလုပ်လုပ်ပေးရန် လှည့်စားနိုင်ခဲ့သည်။
နောက်ဆုံးရလဒ်သည်တော့ စကြာဝဠာအဆင့်အစွမ်းရှိသော နတ်သားရဲများ၏ အရေအတွက် တိုးပွားလာသည်နှင့်အမျှ ကြယ်စင်စုစကြာဝဠာက အစွမ်းထက် အင်အားစုကြီးများအပေါ် နောက်ထပ် ထိန်းချုပ်နိုင်တော့မည် မဟုတ်ချေ။
ထို့ပြင် ရှင်းရီက စကြာဝဠာအဆင့် ရတနာအပျက်အစီးများကို ပြုပြင်ရန် လော့ထျန်းဟယ်ကို သိုးကျောင်းသားကြယ်မျိုးနွယ် အိပ်စက်နေသော နေရာဆီသို့ လမ်းညွှန်ပေးလိမ့်မည်။
အမှန်မှာ ယင်းက ပြုပြင်ခြင်း မဟုတ်ပေ။ ယင်းအစား ရတနာများကို သိုးကျောင်းသားကြယ်မျိုးနွယ်အား စားသုံးစေပြီး ၎င်းတို့အား စကြာဝဠာအဆင့် ရတနာများကို သန့်စင်စေလိမ့်မည်။
သိုးကျောင်းသားကြယ်မျိုးနွယ် သန့်စင်ပေးလိုက်သည်နှင့် တိုက်ပွဲလက်နက်များက မူလအခြေအနေသို့ ပြန်ရောက်သွားလိမ့်မည်။ သို့သော်လည်း ထိုတိုက်ပွဲလက်နက်များမှာ သခင်အသစ်ရှိလာလိမ့်မည်။
ထိုနည်းလမ်းမှတဆင့် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာညောင်းပြီးသည့်နောက် ကြယ်စင်စုစကြာဝဠာထဲမှ ထိပ်တန်းရတနာအားလုံးက လက်လွှဲပေးခြင်းခံရလိမ့်မည်။
ထိုရတနာများကို ကိုင်ဆောင်နိုင်သည့် အင်အားစုများက ကြယ်စင်စုစကြာဝဠာ၏ စစ်မှန်သော အုပ်ချုပ်သူများ ဖြစ်လာကြလိမ့်မည်။
မှန်ပေ၏။ ထိုလုပ်ငန်းစဉ်အတွင်းမှာ ဟန်မူယဲ့က သူ့ကိုယ်သူ ဖုံးကွယ်ထားရန် ရည်ရွယ်ထားသည်။
“ ဗုန်း ”
ရုပ်သေးသခင်တစ်ဦးက သူ၏ အနောက်တွင် ဆင်းသက်လာသည့်အခါ ကျယ်လောင်သော မြည်သံက ဟိန်းထွက်သွားသည်။
“ ဆရာဟန် ”
“ ဆရာဟန် ”
ရှန့်ကွမ်းဟုန်နှင့် ရှန့်ကွမ်းမိသားစုမှ ကျွမ်းကျင်သူများက အမြန်ဆင်းသက်လာကြသည်။
ဟန်မူယဲ့က ပေါ့ပါးစွာ ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ အခု အားလုံးအဆင်ပြေသွားပါပြီ ”
ရှန့်ကွမ်းမိသားစုနှင့် ထွက်ခွာသွားပြီးနောက် ဟန်မူယဲ့က ရှန့်ကွမ်းမိသားစုထဲမှာ အချိန်ကြာကြာ မနေခဲ့ပေ။
စကြာဝဠာအဆင့် လက်နက်ဒါဇင်ခန့်ကို ကိုယ်တိုင်ပြုပြင်ပေးပြီးနောက် သူက တခြားစကြာဝဠာအဆင့် ရတနာများကို အသစ်ပြန်လည်ဖွဲ့စည်းထားသော မီးပြင်းဖိုစင်မြင့်ခန်းဆောင်ဆီသို့ လက်လွှဲပေးရန် အကြံပြုထောက်ခံခဲ့သည်။
လော့ထျန်းဟယ်၏ နည်းလမ်းများက ဟန်မူယဲ့ကဲ့သို့ မပြည့်စုံသော်လည်း မီးပြင်းဖိုစင်မြင့်ခန်းဆောင်၏ တည်ရှိမှုက ဟန်မူယဲ့၏ လုပ်ငန်းကိစ္စများကို ပိုပြီးလွယ်ကူသက်သာစေသည်။ ရှန့်ကွမ်းမိသားစုက မီးပြင်းဖိုစင်မြင့်ခန်းဆောင်မှာ လက်နက်ပြုပြင်မည်ဆိုလျှင် တခြားအင်အားစုများ၏ အန္တရာယ်ကို စိုးရိမ်စရာလိုတော့မည် မဟုတ်ချေ။
ဟန်မူယဲ့အပေါ် လက်တလော တိုက်ခိုက်မှုက အင်အားစုကြီးများ၏ လက်ချက်ဖြစ်သည်။
မီးပြင်းဖိုစင်မြင့်ခန်းဆောင်၏ ကိုယ်ပိုင်ခွန်အားက အားမနည်းသလို သူတို့၏ အဆက်အသွယ်များက အင်အားစုကြီးများနှင့် ချိတ်ဆက်နေသည်။ သို့ဖြစ်၍ သူတို့က တိုက်ခိုက်ခံရမည့် အန္တရာယ်ကို စိုးရိမ်စရာမလိုပေ။
တစ်နှစ်ကြာပြီးနောက် စကြာဝဠာနယ်မြေထဲမှ အင်အားစုအသီးသီးထံသို့ သွားရောက်လည်ပတ်ပြီးသောအခါ ဟန်မူယဲ့က ထျန်ရှင်းမြို့သို့ ပြန်သွားသည်။
ထျန်ရှင်းမြို့သို့ ပြန်ရောက်ပြီး ရက်တစ်ရာကြာပြီးနောက် ဟန်မူယဲ့၏ ပုံရိပ်က ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။
သူက လက်မြှောက်လိုက်သည့်အခါ ရွှေရောင်လွန်းပျံတစ်စင်း ထွက်ပေါ်လာသည်။
ယင်းက လွတ်မြောက်ယာဉ်ရတနာတစ်မျိုးဖြစ်ပြီး အရူးလော့ သန့်စင်ထားသော လွန်းပျံနှင့် ဆင်တူသည်။ သို့သော်လည်း ဤရွှေရောင်လွန်းပျံက မြို့ကြီးများကိုသာ သယ်ဆောင်နိုင်သည်။ ယင်းက စကြာဝဠာတစ်ခွင် ဖြတ်သန်းသွားလာနိုင်သော အရူးလော့၏ လွန်းပျံကဲ့သို့ အံ့ဖွယ်အစွမ်းကို မပိုင်ဆိုင်ထားပေ။
သို့သော်လည်း ဟန်မူယဲ့အတွက်တော့ ထိုရွှေရောင်လွန်းပျံက ထျန်ရှင်းမြို့ကို သယ်ဆောင်ရန် လုံလောက်ပေသည်။