အခန်း (၁၄၃၇)
Vol. 103 Ch. 1437
ယခု ဟန်မူယဲ့၏ ဂုဏ်သတင်းက စကြာဝဠာနယ်မြေထဲမှာ အတော်လေး ကျော်ကြားနေသည်။ အင်အားစုအားလုံးက သူ့ကို ဖူးမျှော်နိုင်ရန် မျှော်လင့်နေကြသည်။
တောရိုင်းမြေထဲမှာပင် သူ၏ ဒဏ္ဍာရီများကို ကြားနိုင်ပေသည်။
သူက တစ်ယောက်တည်းအင်အားဖြင့် ကြယ်စင်စုစကြာဝဠာ၏ ကုန်းမြေကို ပြောင်းလဲပစ်ခဲ့သည်။
သူက ကြယ်စင်စုစကြာဝဠာ၏ ကျင့်ကြံခြင်းကို အထွတ်အထိပ်သို့ မြှင့်တင်ပေးခဲ့သည်။
“ ငါအသင့်ဖြစ်ပြီ ”
ဟန်မူယဲ့က ညင်သာစွာ ပြောသည်။
သူက မူလစကြာဝဠာဆီသို့ ပြန်သွားရန် အသင့်ဖြစ်နေချေ၏။
ဤတစ်ကြိမ်တွင် သူက အမှန်တကယ် အသင့်ဖြစ်နေလေပြီ။
ထိုက်ယင်က ခေါင်းညိတ်လိုက်သည်။ ၎င်းက လူတိုင်းကို တောရိုင်းမြေ၏ အလယ်ဗဟိုဆီသို့ ခေါ်ဆောင်သွားသည်။
ဤအခိုက်အတန့်မှာ အနယ်နယ်အရပ်ရပ်မှ လက်ရွေးစင်များက တောရိုင်းမြေပေါ်မှာ စုဝေးရှိနေကြသည်။
ပုံမှန်အားဖြင့် လောကတစ်သောင်းယှဉ်ပြိုင်ပွဲတွင် အင်အားစုအသီးသီးမှ လူငယ်လက်ရွေးစင်များက ပါဝင်ကြလေ့ရှိသည်။
ယင်းက သူတို့အတွက် ကိုယ်ပိုင်အင်အားကို မြှင့်တင်နိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်သည်။
စစ်မှန်သော ကျွမ်းကျင်သူများသည်တော့ သူတို့က ဤသို့ပြိုင်ပွဲများကို စိတ်မဝင်စားကြချေ။ အကယ်၍ သူတို့သာ လောကတစ်သောင်းနယ်မြေထဲသို့ ဝင်ရောက်မည်ဆိုလျှင် လူငယ်လက်ရွေးစင်များ၏ အမဲလိုက်ခြင်းခံရလိမ့်မည်။
စစ်မှန်သော လက်ရွေးစင်များက ထိုအထွတ်အထိပ် ကျွမ်းကျင်သူများထက် အများကြီး အားမနည်းကြချေ။
လူငယ်လက်ရွေးစင်တစ်သန်းက ဤနေရာမှာ စုဝေးရှိနေကြလေရာ အလွန်သိပ်သည်းသော စွမ်းအင်အရှိန်အဝါက ကောင်းကင်ပေါ်ထိ မြှောက်တတ်သွားသည်။
အနည်းဆုံး သူတို့က စကြာဝဠာတစ်ဝက်အဆင့်မှာ ဖြစ်ကြသည်။
စကြာဝဠာနယ်မြေတွင် လက်ရွေးစင်များက မရှားပါးပေ။
“ ဆရာဟန် ”
“ အဲ့ဒါ ဆရာဟန်ပဲ ”
“ နောက်ဆုံးတော့ ဆရာဟန်ကို ငါမြင်ဖူးပြီ ”
အံ့ဩသော အာမေဋိတ်သံများက ပျံ့လွင့်သွားသည်။ သူတို့က လမ်းဖယ်ပေးနေရင်း ဟန်မူယဲ့ကို အရိုအသေပေးလိုက်ကြသည်။
ကြီးမြတ်သော ပန်းပဲဆရာသခင်တစ်ဦးက သူတို့နှင့်အတူ လောကတစ်သောင်းယှဉ်ပြိုင်ပွဲထဲမှာ ပါဝင်မည်ဖြစ်ကြောင်း သိလိုက်ရသောအခါ လူတိုင်းက အံ့ဩဝမ်းသာသွားကြသည်။
ဟန်မူယဲ့မှာ မဟာမိတ်များစွာရှိကြောင်း ထင်ရှားပေသည်။
သူ့နောက်သို့ လိုက်မည်ဆိုလျှင် ရတနာများ ပြတ်တောက်သွားမည်ကို စိုးရိမ်စရာမလိုတော့သလို ရုပ်သေးရုပ်များ ရှားပါးသွားမည်ကိုလည်း စိုးရိမ်စရာလိုတော့မည် မဟုတ်ချေ။ ထို့ပြင် သူတို့၏ ရတနာများ ထိခိုက်ပျက်စီးသွားမည်ကိုလည်း ကြောက်စရာမလိုတော့ပေ။
တစ်ခုသိထားရမည်မှာ လောကတစ်သောင်းယှဉ်ပြိုင်ပွဲ၏ ကြာချိန်က တစ်သတ်မတ်တည်း မရှိပေ။ တစ်ခါတစ်ရံ နှစ်တစ်ထောင်ကြာနိုင်ပြီး တစ်ခါတစ်ရံ နှစ်တစ်သောင်းပင် ကြာနိုင်သည်။ ထိုကာလအတွင်းမှာ ထိပ်တန်းပန်းပဲပညာရှင်များဖြင့် တွေ့ဆုံနိုင်မည့် အခွင့်အရေးက အလွန်နည်းပါးသည်။
ပန်းပဲပညာရှင်အများစုသည် တိုက်ပွဲစွမ်းအားမှာ မထူးချွန်သောကြောင့် ဤသို့လက်ရွေးစင်ပြိုင်ပွဲမှာ ပါဝင်ကြလေ့မရှိပေ။
ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
သူက ရှန့်ကွမ်းဟုန်၊ လုကျီရှုနှင့် စကြာဝဠာနယ်မြေ၏ မိသားစုကြီးခုနစ်ခုမှ တခြားလူငယ်လက်ရွေးစင်များကို မြင်တွေ့သွားသည်။
အတိတ်တွင် တောရိုင်းမြေထဲမှာ သူရှိနေခဲ့စဉ်က စကြာဝဠာနယ်မြေမှ လူငယ်လက်ရွေးစင်များဖြင့် တွေ့ဆုံခဲ့ပြီး သူတို့ကို ကယ်တင်ပေးခဲ့သည်။
လီချန်းယွင်နှင့် တခြားလူများသည်လည်း ဟန်မူယဲ့ကို ခေါင်းညိတ်ပြလိုက်ကြသည်။
“ ဝုန်း ”
ကောင်းကင်နှင့် မြေပြင်ကြားတွင် ဧရာမဝဲကတော့တစ်ခု ဖွဲ့စည်းသွားသည်။
လူတိုင်း၏ လက်ထဲမှ သရုပ်သင်္ကေတက စတင်တောက်ပလာသည်။
သရုပ်သင်္ကေတများက ကြယ်စင်စု၏ အလင်းစီးဆင်းမှုသဖွယ် ထွန်းလင်းသွားသည်နှင့် ပုံရိပ်အားလုံးက ဝဲကတော့ထဲသို့ ဝင်ရောက်သွားကြသည်။
ဤအခိုက်အတန့်မှာ ကြယ်စင်စုစကြာဝဠာ၏ လက်ရွေးစင်တစ်သန်းသည် မရေမတွက်နိုင်သော စကြာဝဠာများမှ လက်ရွေးစင်များဖြင့် ယှဉ်ပြိုင်တိုက်ခိုက်မည့် တိုက်ပွဲနယ်မြေဆီသို့ ဦးတည်သွားကြသည်။
ထိုနေရာက စကြာဝဠာအားလုံး၏ မူလဇစ်မြစ်ဖြစ်သည်ဟု ပြောကြသည်။
ကြယ်စင်စုစကြာဝဠာ၏ အနန္တလောကယဇ်ပလ္လင် ပွင့်သွားသည့်အခိုက် စကြာဝဠာအသီးသီးထံမှ လက်ရွေးစင်များ စုဝေးနေကြသော နေရာများက အပြင်းအထန် တုန်ယင်သွားကြသည်။
အရွယ်အစား အလွန်ကြီးမားသော ဝင်္ကပါအစီအရင်တစ်ခုက ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး စတင်လှည့်ပတ်သွားသည်။ ထို့နောက် ယင်းက လက်ရွေးစင်များရှိကြသော ကုန်းမြေများကို လွှမ်းခြုံသွားသည်။
“ ဟိုးကို ကြည့်စမ်း… လောကတစ်သောင်းယှဉ်ပြိုင်ပွဲ စတင်နေပြီ ”
“ အဲ့ဒါက တခြားစကြာဝဠာအသီးသီးက လက်ရွေးစင်တွေကို ကြယ်စင်စုစကြာဝဠာရဲ့ ကျွမ်းကျင်သူတွေက ဓားသွေးကျောက်လို အသုံးပြုမယ့် စမ်းသပ်မှုပဲ ”
“ အနန္တလောကရဲ့ အမှောင်နေ့ရက်တွေ နောက်ထပ် ရောက်လာတော့မယ်… အဲ့ဒါက အဆုံးမဲ့သတ်ဖြတ်ပွဲတော်ကြီး… ”
…..
မူလစကြာဝဠာထဲမှ ကောင်းကင်စက်ဝန်းစစ်မြေပြင်၏ တောရိုင်းမြေပေါ်တွင်လည်း ရွှေရောင်အလင်း ထွက်ပေါ်လာသည်။
မရေမတွက်နိုင်သော လက်ရွေးစင်များက ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြသည်။
“ မွေးစားအဖေပြောတဲ့ လောကတစ်သောင်းယှဉ်ပြိုင်ပွဲက တကယ်ရောက်လာပြီ ”
ဟွမ်ကျစ်ဟူက အနီရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားလျက် တည်ကြည်လေးနက်စွာ ပြောသည်။ သူ၏ အနောက်တွင် အနက်ရောင်စစ်ပွဲရုပ်သေးတစ်ရုပ် ရှိသည်။
၎င်းက ကမ္ဘာဦးအဆင့်မှာ ဖြစ်သည်။
ထိုကမ္ဘာဦးအဆင့် စစ်ပွဲရုပ်သေးရုပ်ကြောင့် သူက ဤကောင်းကင်တောရိုင်းမြေထဲမှာ လူသိများထင်ရှားသည်။
ဟွမ်ကျစ်ဟူ စကားပြောလိုက်သည်နှင့် သူ၏ ဘေးပတ်ဝန်းကျင်မှ လူတိုင်းနီးပါးက နှုတ်ဆိတ်သွားကြသည်။
“ ဟား ဟား… ငါ ကောင်းကင်နင်းခြေအင်မော်တယ်ဘုရင်က ဒီတစ်ခေါက် လောကတစ်သောင်းယှဉ်ပြိုင်ပွဲကို လွှမ်းမိုးတော့မယ် ”
ဟွမ်ခြောက်က ရက်စက်ကြမ်းတမ်းသော မျက်နှာထားဖြင့် ပြောလိုက်လေရာ တိုက်ပွဲစိတ်ဆန္ဒက သူ၏ ခန္ဓာကိုယ်အတွင်းမှ ပေါ်လျှိုးလာသည်။
ရှေးဦးကောင်းကင်ဘုံမြေဆီသို့ ရောက်လာပြီးကတည်းက ကောင်းကင်နင်းခြေအင်မော်တယ်ဘုရင်၏ နာမည်က မိုင်တစ်သောင်းအထိ ပျံ့နှံ့သွားခဲ့သည်။
အထူးသဖြင့် ဟွမ်ကျစ်ဟူခေါ်ဆောင်လာသော စစ်ကူတပ်သားများ ရောက်ရှိလာပြီးကတည်းက အင်အားစုအသီးသီးသည် သူတို့ကို လျော့မတွက်ဝံ့ကြတော့ချေ။
ဤနှစ်များမှာ ကောင်းကင်ဘုံကုန်းမြေမှ အထောက်အပံ့များကြောင့် အံ့ဖွယ်ကိုးပါးမျိုးဆက်မှ ဓားကျင့်ကြံသူများက ဤနေရာသို့ အောင်မြင်စွာ ရောက်ရှိလာခဲ့ကြသည်။
သို့ဖြစ်၍ အနည်းဆုံး ဓားကျင့်ကြံသူတစ်သန်းက ရှေးဦးကောင်းကင်ဘုံမြေထဲမှာ စုဝေးရှိနေကြပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအသစ်ကို ဖွဲ့စည်းခဲ့ကြသည်။
“ ဝုန်း ”
ဟင်းလင်းပြင်ထဲတွင် ယာဉ်ပျံတစ်စင်းပြီးတစ်စင်းက ရှေးဦးကောင်းကင်ဘုံမြေထဲသို့ အလျှင်အမြန် ဝင်ရောက်လာကြသည်။
ယင်းကို မြင်သောအခါ ဟွမ်ခြောက်က တံတွေးထွေးလိုက်ပြီး ခေါင်းလှည့်လိုက်သည်။
သူတို့က ကောင်းကင်စက်ဝန်းစစ်မြေပြင်မှ အင်အားစုအသီးသီး၏ လူငယ်လက်ရွေးစင်များ ဖြစ်ကြသည်။
သူတို့ထဲမှာ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်၏ အနောက်မှ တာအိုကျင့်ကြံသူအုပ်စုက အသန်မာဆုံး ဖြစ်သည်။ သူတို့က အစွမ်းထက် ကျင့်ကြံသူတစ်သိန်းနှင့်တကွ ရောက်ရှိလာကြသည်။
အင်မော်တယ်ဘုရင်အဆင့် အစွမ်းထက်ကျင့်ကြံသူများက ရှေးဦးကောင်းကင်ဘုံမြေပေါ်သို့ မြန်ဆန်စွာ ဆင်းသက်လာကြသည်။
“ မူလစကြာဝဠာက ကျင့်ကြံသူအားလုံး အမိန့်နားထောင်ကြမယ်… လောကတစ်သောင်းယှဉ်ပြိုင်ပွဲအတွင်း အမိန့်မနာခံတဲ့ လူတွေက နေရာမှာတင် အမြစ်ဖြတ်ဖျက်ဆီးခံရမယ် ”
ကျယ်လောင်သော စကားသံက ပဲ့တင်ထပ်သွားသည်။
အင်မော်တယ်ဘုရင်အဆင့် ပုဂ္ဂိုလ်များက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အပေါ်မှာ ထွက်ပေါ်လာကြသည်။
“ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း… အညံ့ခံမလား ဒါမှမဟုတ် ဖျက်ဆီးခံမလား ”
ရွှေရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လေသံမာမာဖြင့် ပြောသည်။ သူ၏ အသံက ကုန်းမြေတစ်လျှောက် ပျံ့လွင့်သွားသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ရှေးဦးကောင်းကင်ဘုံမြေထဲမှ အင်အားအကြီးမားဆုံး သူပုန်အင်အားစု ဖြစ်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ဖိနှိပ်ပြီး ရှေးဦးကောင်းကင်ဘုံမြေထဲမှ အင်အားစုအားလုံးကို စုစည်းကာ လောကတစ်သောင်းနယ်မြေထဲမှ တခြားအင်အားစုများကို တွန်းလှန်ခြင်းသည် ဗျူဟာမြောက်သော နည်းလမ်းတစ်ခု ဖြစ်သည်။ ယင်းကို ကောင်းကင်စက်ဝန်းစစ်မြေပြင်ထဲမှ အင်အားစုအားလုံးက ထောက်ခံသဘောတူကြသည်။
“ အညံ့ခံရမယ်… ”
ဟွမ်ခြောက်က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက လက်မြှောက်လိုက်ပြီး လက်သီးဆုပ်လိုက်သည်။
“ မင်းမေကြီးတော်ကို အညံ့ခံပါလား ”
“ ဗုန်း ”
ဟွမ်ခြောက် လက်သီးမထိုးခင်မှာ စိမ်းပြာရောင်ဓားအလင်းက သူ၏ အနောက်မှ ပျံသန်းထွက်လာသည်။
ဓားကိုင်ထားသော ထိုပုဂ္ဂိုလ်က အရပ်ရှည်ပြီး ခန္ဓာကိုယ်ထွားကြိုင်းသည်။ သူက တောင်တစ်လုံးနီးပါး လေးလံသော သုံးပေဓားရှည်ကို လက်ထဲမှာ ဆုပ်ကိုင်ထားသည်။ သူဓားခုတ်လိုက်သည့်အခါ တောင်တန်းများက ပေါက်ကွဲသွားဟန် ရ၏။
သူက ဓားကို အကြိမ်ရေတစ်သန်း လွှဲခုတ်လိုက်သည်။
ကျောက်တုံးအက်ကွဲခြင်း…
တောင်အက်ကွဲခြင်း…
သူက အံ့ဖွယ်ကိုးပါးဓားစံအိမ်၏ ဓားအစောင့်အရှောက်လင်းရှန် သို့မဟုတ် နည်းပြဆရာလင်း ဖြစ်သည်။
ဓားအလင်း ထွက်ပေါ်လာသည်နှင့် ဟင်းလင်းပြင်ထဲမှ တောင်တန်းများက ပြိုကျအက်ကွဲသွားကြသည်။
တောင်ပြိုကျအက်ကွဲသံ ထွက်ပေါ်လာသော ဟင်းလင်းပြင်ထဲတွင် အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားကြသော ပုံရိပ်ဒါဇင်ကျော်က ဖရိုဖရဲ ကျွမ်းပြန်သွားကြသည်။ ရွှေရောင်သွေးက ဟင်းလင်းပြင်ထဲမှာ ပြန့်ကျဲသွားသည်။
“ ဗုန်း ”
ဓားရှည်အရိပ်က ဟင်းလင်းပြင်ကို ဖြတ်တောက်သွားပြီး လေဟာနယ်ကို အပိုင်းပိုင်း အက်ကွဲသွားစေသည်။ ထို့နောက် လွယ်လွယ်နှင့် ပြန်မကောင်းမွန်နိုင်သော အနက်ရောင်အက်ကွဲကြောင်းတစ်ခုက ဟင်းလင်းပြင်ထဲမှာ ကျန်နေခဲ့သည်။
ဓားတစ်လက်၏ စွမ်းအားက ကောင်းကင်နှင့် မြေပြင်ကို အက်ကွဲသွားစေသည်။
ယင်းက ကျောက်တုံးအက်ကွဲခြင်းနှင့် တောင်အက်ကွဲခြင်းကို အကြိမ်ရေတစ်သန်းပြည့်အောင် လွှဲခုတ်ရသော ဓားနည်းစနစ်တစ်ခု ဖြစ်သည်။ ယခု ထိုဓားနည်းစနစ်က အာကာသဟင်းလင်းပြင်ကိုပင် အမှုန့်ချေနိုင်သော စွမ်းအားကို ပိုင်ဆိုင်သွားချေ၏။
နည်းပြဆရာလင်းက သူ၏ ဓားရှည်ကို ဆုပ်ကိုင်လျက် ဓား၏ အစွန်းတစ်ဖက်ကို အပေါ်သို့ ညွှန်လိုက်သည်။ ဤအခိုက်အတန့်မှာ အလွန်အားကောင်းသော တိုက်ပွဲစိတ်ဆန္ဒက သူ့အား အပြည့်အဝ လွှမ်းခြုံထားသည်။
“ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း… မင်းတို့က ငါတို့ရဲ့ မူလစကြာဝဠာကို သစ္စာဖောက်ဖို့ တကယ် ဆန္ဒရှိတာလား ”
စကားပြောလိုက်သူသည် စိမ်းပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းထက်တွင် ကျောက်စိမ်းသရဖူဆောင်းထားသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ သူက လက်ထဲတွင် အဆစ်ကိုးဆစ်ပါသော တင်းပုတ်ရှည်ကို ကိုင်ထားပြီး သူ၏ မျက်နှာပေါ်မှာ ဒေါသဖြင့် ပြည့်နှက်နေသည်။
ကောင်းကင်စက်ဝန်းစစ်မြေပြင်မှ တခြားလက်ရွေးစင်များသည်လည်း ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြသည်။ သူတို့က အလွန်အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် အောက်သို့ ငုံ့ကြည့်လိုက်ကြသည်။
ထိုသူ၏ တုံ့ပြန်မှုက နောက်ထပ် သည်းမခံနိုင်တော့သော ဟွမ်ခြောက်၏ လက်သီးဖြင့် တွေ့ဆုံသွားသည်။
“ တရားမျှတမှုကို အကြောင်းပြပြီး တခြားလူတွေကို အနိုင်ကျင့်ချင်တာ တော်လိုက်တော့ ”
ရွှေရောင်လက်သီးက နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားပြီး ကျယ်လောင်စွာ မာန်ဖီဟိန်းဟောက်လိုက်သည်။ နဂါး၏ ဧရာမခန္ဓာကိုယ်က ကောင်းကင်ပေါ်သို့ ပျံတတ်သွားပြီး ၎င်း၏ အမြှီးရှည်ဖြင့် ကောင်းကင်စက်ဝန်းစစ်မြေပြင်မှ လက်ရွေးစင်များကို ရိုက်ချလိုက်သည်။
ကောင်းကင်နင်းခြေအင်မော်တယ်ဘုရင် ဟွမ်ကျန်းရှုံးထံမှ လက်သီးတစ်ချက်ကို မည်သူမှ မတောင့်ခံနိုင်ကြချေ။
ဟွမ်ကျန်းရှုံးမှာ လွှမ်းမိုးဖိနှိပ်သော ခွန်အားမရှိလျှင် မည်သို့ကြောင့် သူက ဤနှစ်များမှာ ရှေးဦးကောင်းကင်ဘုံမြေထဲ၌ အထိန်းအချုပ်မဲ့စွာ ဗိုလ်ကျနိုင်လိမ့်မည်နည်း။
သူ၏ လက်သီးတစ်ချက်ကြောင့် မိုင်တစ်ထောင်ပတ်လည်အတွင်းမှ ဟင်းလင်းပြင်က ဗလာဖြစ်သွားသည်။ လူတစ်ဦးမဆိုထားနှင့် ငှက်တစ်ကောင်ပင် အသက်ရှင်ကျန်မနေခဲ့ပေ။
“ တိုက်ချင်ရင် တိုက်လိုက် သောက်စကားမများစမ်းနဲ့ ”
ဟွမ်ခြောက်က ကျိန်ဆဲလိုက်ပြီး သူ၏ ဘေးမှ ဟွမ်ကျစ်ဟူကို လှည့်ကြည့်လိုက်သည်။
“ ကျစ်ဟူ… ဂိုဏ်းကိစ္စတွေကို နင့်ကို ငါလွှဲခဲ့မယ်… နင့်စိတ်ကြိုက်သာချ…. ဒီအဖိုးကြီးက နင့်ကို ပံ့ပိုးပေးမယ် ”
ဟွမ်ခြောက်က ပြုံးလိုက်သည်။ ထို့နောက် မဟာမိစ္ဆာ၏ မဟူရာရွှေအလင်းက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွန်းလင်းလာသည်။
ဟွမ်ကျစ်ဟူက သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက ဟင်းလင်းပြင်ထဲမှ ချီတတ်လာနေကြသော ပုံရိပ်များထံသို့ အကြည့်ရွှေ့ပြောင်းလိုက်သည်။
ဤတိုက်ခိုက်မှုတွင် ဦးဆောင်လာသူများက အနည်းဆုံး အင်မော်တယ်ဘုရင်များ ဖြစ်ကြသည်။ သူတို့က ကောင်းကင်စက်ဝန်းစစ်မြေပြင်ထဲတွင် အားကောင်းသော နောက်ခံနှင့် ကိုယ်ပိုင်စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။
ရှေးဦးကောင်းကင်ဘုံမြေမှ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းထဲတွင် ဓားကျင့်ကြံသူတစ်သန်းရှိသော်လည်း သူတို့က ကောင်းကင်စက်ဝန်းစစ်မြေပြင်မှ အစွမ်းထက်ကျွမ်းကျင်သူများကို အမှန်တကယ် မရင်ဆိုင်နိုင်ကြချေ။
သို့သော်လည်း ဟွမ်ကျစ်ဟူသည် မည်သည့်အခါကမှ ထိုဓားကျင့်ကြံသူတစ်သန်းပေါ်မှာ မှီခိုအားမထားပေ။
သူက ဓားရှည်ကို မြှောက်လိုက်သည်။ သူ၏ အနောက်မှ အနက်ရောင်စစ်ပွဲရုပ်သေးရုပ်က အရှေ့သို့ ချက်ချင်း ထွက်လျှောက်လာသည်။
“ ဝီး ”
ရုပ်သေးရုပ်က ပေတစ်ထောင်ရှည်လျားသွားပြီး တောင်ကြီးတစ်တောင်နှယ် ကြီးမားသွားသည်။
ထို့နောက် ကမ္ဘာဦးအဆင့် ထိုစစ်ပွဲရုပ်သေးရုပ်က လှုပ်ရှားလိုက်သည်။
ထိုအခါ တခြားစစ်ပွဲရုပ်သေးရုပ်များက ပျံသန်းထွက်လာကြပြီး တိုက်ပွဲဝင်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။
“ အဲ့ဒါတွေက ကြယ်စင်စုစကြာဝဠာရဲ့ စစ်ပွဲရုပ်သေးရုပ်တွေပဲ ”
ကောင်းကင်စက်ဝန်းစစ်မြေပြင်မှ ကျွမ်းကျင်သူတစ်ယောက်က ထိုစစ်ပွဲရုပ်သေးရုပ်များကို မှတ်မိသွားပြီး အလန့်တကြား အော်ပြောလိုက်သည်။
“ သူတို့ဆီမှာ ကြယ်စင်စုစကြာဝဠာရဲ့ နောက်ခံရှိတာလား ”
အစောနက အရှေ့ချီတတ်သွားရန် စိတ်အားထက်သန်နေကြသော လက်ရွေးစင်များက ယခု တုံ့ဆိုင်းသွားကြသည်။ သူတို့က နောက်ထပ် အရှေ့မတတ်ဝံ့ကြတော့ချေ။
ကြယ်စင်စုစကြာဝဠာမှ စစ်ပွဲရုပ်သေးရုပ်များက လောကတစ်သောင်းနယ်မြေထဲမှာ အတော်လေး နာမည်ကျော်ကြားသည်။ ၎င်းတို့၏ အထွတ်အထိပ်ကာလမှာ မူလစကြာဝဠာသည်ပင် ထိုစစ်ပွဲရုပ်သေးရုပ်များကြောင့် ထိခိုက်ဆုံးရှုံးခဲ့ဖူးသည်။
လက်ရှိမူလစကြာဝဠာက ကြယ်စင်စုစကြာဝဠာ၏ ထိန်းချုပ်မှုအောက်မှာ ဆက်မရှိတော့သော်လည်း ကြယ်စင်စုစကြာဝဠာအပေါ် ကြောက်ရွံ့မှုက အင်အားစုကြီးများထဲမှာ ကြွင်းကျန်ရှိနေဆဲပင်။
ကောင်းကင်စက်ဝန်းစစ်မြေပြင်၏ ဒဏ္ဍာရီများအရ ကြယ်စင်စုစကြာဝဠာ၏ စစ်ပွဲရုပ်သေးရုပ်များက ပြိုင်ဘက်ကင်းတည်ရှိမှုများ ဖြစ်ကြသည်။
အထူးသဖြင့် ကမ္ဘာဦးအဆင့် စစ်ပွဲရုပ်သေးရုပ်များ ဖြစ်ကြသည်။ ၎င်းတို့၏ တိုက်ပွဲစွမ်းအားက သာမန်အင်မော်တယ်ဘုရင်များထက် သာလွန်ကြသည်။ ကောင်းကင်စက်ဝန်းစစ်မြေပြင်မှ ထိပ်တန်းကျွမ်းကျင်သူ အနည်းစုသာလျှင် ၎င်းတို့ကို ယှဉ်ပြိုင်နိုင်ကြသည်။
၎င်းတို့က ရှေးခေတ်ကာလမှာ ရှေးဟောင်းအမွေအနှစ်များကို ဖျက်ဆီးပစ်ခဲ့သော ကမ္ဘာဦးအဆင့် စစ်ပွဲရုပ်သေးရုပ်များ မဟုတ်ကြပါလော။
“ သွားကြစို့… လောကတစ်သောင်းယှဉ်ပြိုင်ပွဲစတင်လို့ သူတို့တွေ လူစုကွဲသွားတဲ့အခါ ဒီအကြွေးကို ငါတို့ရှင်းမယ် ”
သက်လတ်ပိုင်းအမျိုးသားက အမိန့်ပေးလိုက်ပြီး ထွက်သွားရန် အနောက်လှည့်လိုက်သည်။
အကယ်၍ သူတို့က ရှေးဦးကောင်းကင်ဘုံမြေမှ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို မသိမ်းသွင်းနိုင်လျှင်ပင် တခြားအင်အားစုများကို ဖိနှိပ်နိုင်သေးသည်။
သူတို့က တခြားအင်အားစုများဖြင့် အရင်ဦးစွာ မဟာမိတ်ဖွဲ့ပြီး လောကတစ်သောင်းယှဉ်ပြိုင်ပွဲအတွင်းမှာ အတူတကွ ပူးပေါင်းရန် သဘောတူညီမှု ရယူလိုကြသည်။