← Chapters

အခန်း (၁၄၃၈)

Vol. 103 Ch. 1438

အခန်း (၁၄၃၈)

Vol. 103 Ch. 1438

ဖြစ်အံ့ဆဲဆဲတိုက်ပွဲက ထိုသို့ဖြင့် ပြီးဆုံးသွားသည့်အခါ မြို့ထဲမှ မရေမတွက်နိုင်သော ဓားကျင့်ကြံသူများက အော်ဟစ်ချီးမြှောက်လိုက်ကြသည်။

ယင်းက ဓားကျင့်ကြံသူတစ်သန်း စုဝေးနေထိုင်ကြသော မြို့ကြီးတစ်မြို့ ဖြစ်သည်။ ယင်းက စစ်မှန်သော ဓားကျင့်ကြံသူမြို့တော် ဖြစ်သည်။

“ လောကတစ်သောင်းယှဉ်ပြိုင်ပွဲ တရားဝင် စတင်တဲ့အခါ လူတိုင်းက သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်ပေါ် မူတည်ပြီး နေရာရွှေ့ပြောင်းခံရလိမ့်မယ်လို့ ငါပြောသံကြားဖူးတယ် ”

ဟွမ်ကျစ်ဟူက ခေါင်းလှည့်လိုက်ပြီး သူ့အနောက်မှ မြို့ကြီးကို ကြည့်လိုက်သည်။ သံသယအရိပ်အယောင်က သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ ကြယ်စင်စုစကြာဝဠာရဲ့ ကျင့်ကြံသူတွေက ကိုယ်ပိုင်ခွန်အား နည်းပါးကြပြီး စစ်ပွဲရုပ်သေးရုပ်တွေနဲ့ ချပ်ဝတ်တွေပေါ်မှာ မှီခိုကြတယ်… ဒီတော့ သူတို့က အဆင့်နိမ့်နေရာဆီ ရောက်သွားကြလောက်တယ် ”

“ ငါတို့ဓားစံအိမ်ရဲ့ တပည့်အများစုက အဆင့်နိမ့်ကျင့်ကြံခြင်းမှာပဲ ရှိသေးတယ်… သူတို့တွေ ကြယ်စင်စုစကြာဝဠာက အစွမ်းထက်ကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံသွားမှာ ငါစိုးရိမ်တယ် ”

စစ်ပွဲရုပ်သေးရုပ်များ၏ စွမ်းအားက သူတို့၏ ကိုယ်ပိုင်ကျင့်ကြံခြင်းနယ်ပယ်ကို ကိုယ်စားမပြုပေ။ သို့ဖြစ်၍ ကြယ်စင်စုစကြာဝဠာမှ ကျင့်ကြံသူများက ဤလောကတစ်သောင်းယှဉ်ပြိုင်ပွဲမှာ ကြီးမားသော အားသာချက်ကို ရရှိထားကြသည်။

သူတို့က ထိပ်ဆုံးသို့ သွားရောက်ရန် အဆင့်နိမ့်နယ်မြေမှစတင်၍ လမ်းတစ်လျှောက်မှ အတားအဆီးမှန်သမျှကို ဖြတ်ကျော်ကြရလိမ့်မည်။

“ ငါတို့ဓားကျင့်ကြံသူတွေက ဘယ်စိန်ခေါ်မှုကိုမှ မကြောက်ဘူး ”

ဟွမ်ကျစ်ဟူ၏ အနောက်မှာ ရပ်နေသော လီသုံးက ပျင်းရိစွာ ပြောသည်။ သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သေရည်ဘူးသီးခြောက်ကို သူ၏ ခါးပေါ်မှာ ချိတ်ဆွဲထားသည်။

သို့တိုင် သူ့ထံမှ ထုတ်လွှတ်နေသော ဓားစိတ်ဆန္ဒက အလွန်ထက်ရှသည်။

“ ဒေါ်လေးပြောတာ မှန်ပါတယ် ”

ဟွမ်ကျစ်ဟူက ခေါင်းညိတ်လိုက်ပြီး အဝေးမှ ကောင်းကင်ဆီသို့ ကြည့်လိုက်သည်။

ထိုနေရာတွင် မရေမတွက်နိုင်သော လောကများက မြန်ဆန်စွာ ချဉ်းကပ်လာနေကြောင်း မည်သူမဆို မြင်နိုင်ပေသည်။

“ ဒီဘဝမှာ ကျင့်ကြံခွင့်ရပြီး ဒီလိုစိန်ခေါ်မှုတွေနဲ့ တွေ့ကြုံရတာက ဘယ်လောက် စိတ်လှုပ်ရှားဖို့ကောင်းလိုက်လဲ ”

အဝေးမှ ဂိုဏ်းချုပ်တောက်ရန်က စိတ်အားထက်သန်စွာ ပြောသည်။

သူ၏ ကျင့်ကြံခြင်းအဆင့်က မမြင့်မားပေ။ သူက အင်မော်တယ်အရှင်သခင်အဆင့်သို့ပင် မရောက်ရှိသေးပေ။ ယခု သူက ကောင်းကင်ဘုံအဆင့်၏ အထွတ်အထိပ်မှာသာ ဖြစ်သည်။

ထိုကျင့်ကြံခြင်းအဆင့်က ရှေးဦးကောင်းကင်ဘုံမြေ၏ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းထဲတွင် အလယ်အလတ်တန်းစားမျှသာ ဖြစ်သည်။

ဤနှစ်များမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အရပ်မျက်နှာအဘက်ဘက်တွင် စစ်ပွဲဆင်နွှဲခဲ့ပြီး ကောင်းကင်ကုန်းမြေနှင့် အင်မော်တယ်သင်္ချိုင်းမြို့၏ အထောက်အပံ့များကို ရရှိခဲ့သည်။ ထို့ကြောင့် သူတို့က နှစ်ပေါင်းများစွာကြာပြီးနောက် အရင်းအမြစ်အများအပြားကို စုဆောင်းနိုင်ခဲ့သည်။ ယင်းက သာမန်ကျင့်ကြံခြင်းအဆင့်မှ ကျင့်ကြံသူများကို ကောင်းကင်ဘုံအဆင့် ဓားကျင့်ကြံသူများဖြစ်လာအောင် ထောက်ပံ့ပေးနိုင်ခဲ့သည်။

သူတို့ထဲတွင် သန်မာသူများက အင်မော်တယ်အရှင်သခင်အဆင့်သို့ ရောက်ရှိနေကြပြီး အင်မော်တယ်ဘုရင်ကျင့်ကြံသူတချို့ပင် ရှိကြသည်။

ကောင်းကင်ကမ္ဘာနှင့် နတ်ဘုရားကမ္ဘာက ပေါင်းစည်းသွားသည့်အခါ ကောင်းကင်ကုန်းမြေက ဤလောကထဲမှာ အထူးခြားဆုံးအင်အားစု ဖြစ်လာသည်။ မရေမတွက်နိုင်သော တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူများက ကောင်းကင်ကုန်းမြေသို့ ဝင်ရောက်ရန် ဆန္ဒရှိကြသည်။

အစတွင် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းမှ ဓားကျင့်ကြံသူများက ကောင်းကင်ကုန်းမြေသို့ ဝင်ရောက်ခဲ့ကြသည်။ နောက်ပိုင်းတွင် အရေအတွက်များပြားသော လက်ရွေးစင်များက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းထဲသို့ ဝင်ရောက်လာကြသည်။

ထိုကောင်းကင်ဘုံဓားကျင့်ကြံသူများအတွက်တော့ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းဖြစ်စေ သို့မဟုတ် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဖြစ်စေ အရေးမကြီးပေ။ သူတို့ဦးညွတ်သော ဘိုးဘေးက တိမ်မြူဓားအင်မော်တယ် ဟန်မူယဲ့ဖြစ်နေသရွေ့ အဆင်ပြေသည်။

ယခု တိမ်မြူဓားအင်မော်တယ်ဟူသော နာမည်က ဓားကျင့်ကြံသူအားလုံး လိုက်ရှာဖွေနေကြသော အန္တိမရည်မှန်းချက် ဖြစ်လာသည်။

သူက တစ်ယောက်တည်းအင်အားဖြင့် ကောင်းကင်နှင့်မြေပြင်ကို သုတ်သင်ရှင်းလင်းခဲ့ပြီး ကောင်းကင်ဘုံကျင့်ကြံသူအားလုံးအတွက် ကြီးမြတ်သော လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ပေးခဲ့သည်။

သူက ဓားတစ်လက်တည်း၏ အစွမ်းဖြင့် အင်မော်တယ်ကမ္ဘာနှင့် နတ်ဘုရားကမ္ဘာကြားမှ ကန့်သတ်ချက်အားလုံးကို ချိုးဖြတ်ခဲ့ပြီး ယင်းတို့နှစ်ခုကြားမှ ခြားနားမှုများကို ဖယ်ရှားခဲ့သည်။

သို့ဖြစ်၍ လက်ရှိ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အံ့ဖွယ်ကိုးပါးတောင်ပေါ်မှ ဓားဂိုဏ်းနှင့် မတူတော့ပေ။

သန်းချွန်းကန်းနှင့် တခြားလူများဖြစ်စေ သို့မဟုတ် တောက်ရန်နှင့် ကောင်းချန်ကုန်းဖြစ်စေ အစရှိသော ထိုအကြီးအကဲများကို ရှေးဦးကောင်းကင်ဘုံမြေမှ လက်ရှိ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းထဲတွင် ဆရာသခင်များအဖြစ် မသတ်မှတ်နိုင်တော့ပေ။

“ ဝီး ”

ဟင်းလင်းပြင်ထဲတွင် ရွှေရောင်အလင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ အဝေး၌ လောကများက ဖြည်းညင်းစွာ စတင်ပေါင်းစည်းနေကြသည်။ တစ်ချိန်တည်းမှာ ပြင်ပဘုံတချို့မှ ကျင့်ကြံသူများက ရှေးဦးကောင်းကင်ဘုံမြေဆီသို့ ရောက်လာကြသည်။

ရှေးဦးကောင်းကင်ဘုံမြေထဲတွင် ကျင့်ကြံသူအများစုက နောက်ထပ် မစောင့်နိုင်တော့ဘဲ ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြသည်။

ဤအခိုက်အတန့်မှာ ကြယ်စင်စုစကြာဝဠာ၏ စကြာဝဠာနယ်မြေထဲမှ ကျွမ်းကျင်သူများသည် သူတို့ရွေးချယ်ထားသော လောကများဆီသို့ အသီးသီး ပျံသန်းသွားကြသည်။

မတူညီသော လောကများ ပေါင်းစည်းနေသည့်အချိန်ကို အခွင့်ကောင်းယူ၍ သူတို့က တခြားအင်အားစုများ၏ ခွန်အားကို စမ်းသပ်ချင်ကြသည်။ ပေါင်းစည်းမှု ပြီးမြောက်သွားသည့်အခါ လူတိုင်းက သူတို့၏ ကျင့်ကြံခြင်းအဆင့်နှင့် တိုက်ပွဲစွမ်းအားပေါ်မူတည်၍ နေရာရွှေ့ပြောင်းသွားကြလိမ့်မည်။ အကယ်၍ တစ်စုံတစ်ယောက်က နေရာတစ်နေရာမှ အခြားတစ်နေရာသို့ သွားရောက်ချင်သည်ဆိုလျှင် ဆက်တိုက် သတ်ဖြတ်ခြင်းနှင့် ရန်သူများကို တိုက်ခိုက်အနိုင်ယူရန် လုပ်ဆောင်ရလိမ့်မည်။ သို့မှသာ သူတို့က အဆင့်မြှင့်တင်နိုင်ကြလိမ့်မည်။

“ ဟန်မူယဲ့… နင်ပြောတဲ့ ခွန်းဝူကို ငါမြင်ချင်တယ် ”

ဟန်မူယဲ့၏ ဘေးမှ ထိုက်ယင်က ပြောသည်။ လွမ်းဆွေးတမ်းတသော အရိပ်အယောင်က သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

မတူညီသော လောကများ၏ ပေါင်းစည်းမှုကြာချိန်က အလွန်တိုတောင်းသည်။ ထိုအတောအတွင်းမှာ ထိုက်ယင်က အနန္တလောကတိုက်ပွဲနယ်မြေထဲမှ ထွက်ခွာသွားနိုင်သည်။

သူ့ကဲ့သို့ အစွမ်းထက် တည်ရှိမှုအတွက် လောကတစ်သောင်းယှဉ်ပြိုင်ပွဲက သိပ်အရေးမကြီးပေ။

သူ့အနောက်မှ လိုက်ပါလာကြသော နတ်ဘုရားသားရဲအများအပြားသည်လည်း မူလစကြာဝဠာဆီသို့ ပြန်သွားရန် ဆန္ဒရှိကြသည်။ ခွန်းဝူဆီသို့ စွန့်စားခရီးထွက်ခြင်းက သူ့အတွက် ပိုပြီးစိတ်လှုပ်ရှားစရာကောင်းသည်။

“ ဟား ဟား… ငါကတော့ ထျန်ရွှမ်းဆီ သွားလည်ချင်တယ် ”

ခုန်းကျုံးချူးက ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး သူ့အရှေ့မှ ပုံရိပ်ယောင်ကုန်းမြေကို ကြည့်လိုက်သည်။

စကြာဝဠာနယ်မြေ၏ ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်အနေဖြင့် သူက ကွန်ဖြူးရှပ်တာအိုကို အတည်ပြုရန် မူလစကြာဝဠာဆီသို့ ရောက်လာခဲ့သည်။

ထျန်ရွှမ်းကမ္ဘာက ကွန်ဖြူးရှပ်တာအိုကို ပိုင်ဆိုင်ထားပြီး ထိုကမ္ဘာထဲမှာ ဟွမ်ထင်ရှုနှင့် တခြားလူများကဲ့သို့ ကြီးမြတ်သော ကွန်ဖြူးရှပ်ပညာရှင်များလည်း ရှိကြသည်။ အတိတ်မှာ ဟန်မူယဲ့ထုတ်ပြခဲ့သော သူတို့၏ လက်ရေးစာများက ခုန်းကျုံးချူးကို အတော်လေး သွေးဆောင်နိုင်ခဲ့သည်။

“ ခွန်းဝူဆီ သွားရောက်ဖို့ ငါမင်းကို ကူညီပေးနိုင်တယ်… ပြီးသွားရင် ပြန်လာခဲ့ပါ ”

ဟန်မူယဲ့၏ ဘေးမှာ မတ်တတ်ရပ်နေသော အနက်ရောင်ချပ်ဝတ်နှင့် ဟွင်းသွမ်းက နူးညံ့စွာ ပြောသည်။

ဟွင်းသွမ်းမှာ အချိန်နှင့် လေဟာနယ်ကို ထိန်းချုပ်နိုင်စွမ်း ရှိသည်။ သူက ဟန်မူယဲ့ကို ခွန်းဝူဆီသို့ ပို့ဆောင်ပေးနိုင်သည်။

ခွန်းဝူဆီသို့ ထိုက်ယင်နှင့်အတူ သွားရောက်ခြင်းက ဟန်မူယဲ့အတွက် အခက်အခဲတစ်ခု မဟုတ်ပေ။ တကယ့်အခက်အခဲက ပြန်သည့်အပိုင်း ဖြစ်သည်။ ခွန်းဝူမှ လောကတစ်သောင်းယှဉ်ပြိုင်ပွဲဆီသို့ ပြန်သွားခြင်းက ဟန်မူယဲ့အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်သည်။

သို့သော်လည်း ဟွင်းသွမ်းက ထိုသို့အခိုင်အမာ ပြောကြားနေမှတော့ မည်သည့်ပြဿနာမှ မရှိနိုင်ပေ။

“ ငါလည်းပဲ ရွှေကျီးကန်းတွေ အိပ်စက်နေတဲ့ ကုန်မြေဆီ သွားလည်ချင်တယ် ”

ဟွင်းသွမ်းက တိုးညင်းစွာ ပြောသည်။

သူက ဤနေရာသို့ မလာမီ ကျီယန်မြို့သို့ သွားရောက်ခဲ့ပြီး မြို့ကို အဝေးသို့ ဆွဲခေါ်သွားနေသော ရွှေကျီးကန်းနှစ်ဆယ့်ကိုးကောင်ကို ခေါ်ဆောင်ခဲ့သည်။

ရှုကျီယန်က မူလစကြာဝဠာဆီသို့ သူကိုယ်တိုင် သွားရောက်ချင်သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း လောလောဆယ်မှာ သူက ဟန်မူယဲ့၏ လက်နက်သန့်စင်ခြင်းအစီအစဉ်ကို ထမ်းဆောင်နေရသည်။ သူက အနာဂတ်မှာ အခွင့်အရေးရလျှင် မူလစကြာဝဠာဆီသို့ ရောက်လာလိမ့်မည်။

သူ့ကဲ့သို့ အစွမ်းထက်ကျွမ်းကျင်သူအတွက် ဤနေရာသို့ လာခြင်းက ခက်ခဲသောအရာ မဟုတ်ပေ။

ထို့ပြင် ခရီးအတွက် ကုန်ကျစရိတ်ကို သူတတ်နိုင်သည်။

“ ငါက ရှေးဦးကောင်းကင်ဘုံမြေဆီ သွားမယ် ”

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က စကားပြောလိုက်သည့်အခါ ရွှေရောင်အလင်းက ၎င်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ရေမှင်စာက ထိုနေရာမှာ ရှိလောက်သည်။

ရေမှင်စာက ကြီးကြီးမားမား ခွန်အားလျော့ကျသွားလေရာ ရှေးဦးကောင်းကင်ဘုံမြေဆီသို့ သေချာပေါက် သွားရောက်ပြီး သူ့ကိုယ်ပိုင်ခွန်အားကို ပြန်လည်ကုစားရန် လောကတစ်သောင်းယှဉ်ပြိုင်ပွဲကို အသုံးချလိမ့်မည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ရွှေရောင်ကျောက်စိမ်းသေတ္တာတစ်လုံးကို နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်ဆီသို့ ပေးကမ်းလိုက်သည်။

“ ဒီသေတ္တာကို ဟွမ်ကျစ်ဟူဆီ လွှဲပြောင်းပေးဖို့ အကြီးအကဲကိုပဲ ဒုက္ခပေးရတော့မယ် ”

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ခေါင်းညိတ်လိုက်သည်။

ရွှေရောင်အလင်းစီးကြောင်းများက ထွန်းလင်းလာသည့်အခါ လေဟာနယ်ဝဲကတော့များက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာကြသည်။

ဟွင်းသွမ်းက ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“ ခွန်းဝူဆီ ငါတည်နေရာချိန်ထားပြီးပြီ ”

ဟန်မူယဲ့က ခေါင်းလှည့်လိုက်ပြီး ခုန်းကျုံးချူးနှင့် တခြားလူများကို အရိုအသေပေးလိုက်သည်။ ထို့နောက် သူက လေဟာနယ်ဝဲကတော့တစ်ခုထဲသို့ ဝင်ရောက်သွားသည်။

ထိုက်ယင်နှင့် တခြားနတ်ဘုရားသားရဲများသည်လည်း ဝဲကတော့အသီးသီးဆီသို့ ခုန်ဝင်သွားကြသည်။

…..

ရှေးဦးကောင်းကင်ဘုံမြေ… ။

ဟင်းလင်းပြင်အတွင်းမှ ပြင်းထန်သော တိုက်ပွဲများက ပြင်ပဘုံမှ အစွမ်းထက်ကျွမ်းကျင်သူတစ်ယောက်က မည်မျှသန်မာကြောင်း ရှေးဦးကောင်းကင်ဘုံမြေထဲမှ ကျင့်ကြံသူအားလုံးကို သေချာနားလည်သွားစေသည်။

ကြယ်စင်စုစကြာဝဠာမှ အစွမ်းထက် ကျင့်ကြံသူများဖြစ်ကြသော ရုပ်သေးသခင်များနှင့် ချပ်ဝတ်သခင်များဖြစ်စေ သို့မဟုတ် တခြားစကြာဝဠာများမှ မျိုးနွယ်ခြားကျင့်ကြံသူများဖြစ်စေ ၎င်းတို့အားလုံးက မူလစကြာဝဠာမှ ကျင့်ကြံသူများထက် သာလွန်သော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

မူလစကြာဝဠာထဲတွင် ကျင့်ကြံသူအနည်းစုသာလျှင် ထိုအစွမ်းထက် ကျွမ်းကျင်သူများကို ယှဉ်ပြိုင်နိုင်ကြသည်။

မှန်ပေ၏။ ပြိုင်ပွဲမစတင်ကတည်းက တခြားလောကများဆီသို့ စောစီးစွာ ခြေချဝံ့ကြသည့် ထိုကျင့်ကြံသူများက အလွန်အမင်း သန်မာကြောင်း သူတို့သိထားကြသည်။ သို့သော်လည်း ဟင်းလင်းပြင်ထဲမှ ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲများက ရှေးဦးကောင်းကင်ဘုံမြေထဲမှ ကျင့်ကြံသူအများအပြားကို ထိတ်လန့်ချောက်ချားစေခဲ့သည်။

သူတို့က ကျင့်ကြံခြင်းအဆင့်ကို လျစ်လျူရှုထားကြသည်။ ဤနေရာမှာ အရေးကြီးဆုံးက တိုက်ပွဲစွမ်းအား ဖြစ်သည်။

သန္ဓေပြောင်းသားရဲများအသွင်ရှိသော အစွမ်းထက် မျိုးနွယ်ခြားများဆီမှာ ထူးဆန်းသော ရွေ့လျားနိုင်စွမ်း ရှိကြသည်။ ၎င်းတို့၏ အလျင်နှင့် ခွန်အားက မူလစကြာဝဠာထဲမှ အဆင့်တူကျင့်ကြံသူများထက် အများကြီး သာလွန်သည်။

အနက်ရောင်ချပ်ဝတ်များနှင့် စစ်ပွဲရုပ်သေးရုပ်များသည်တော့ ၎င်းတို့က အဆင့်တူသော ကျင့်ကြံသူသုံးလေးယောက်ကို တစ်ယောက်တည်း ရင်ဆိုင်နိုင်ကြသည်။

ဤအခိုက်အတန့်မှာ ရှေးဦးကောင်းကင်ဘုံမြေထဲမှ ကျင့်ကြံသူများက စိတ်မသက်မသာ ခံစားမိသွားကြသည်။

အကယ်၍ ထိုသို့တိုက်ပွဲများကို သူတို့မရှောင်လွှဲနိုင်လျှင် အဆင့်တူသော နယ်မြေဆီသို့ ဝင်ရောက်သည့်အခါ သူတို့အားလုံးက တိုက်ရိုက် သုတ်သင်ရှင်းလင်းခံရလိမ့်မည် မဟုတ်ပေဘူးလော။

ကံကောင်းသည်မှာ ထိုအစွမ်းထက် ကျွမ်းကျင်သူများက သတ်ဖြတ်ရန်သက်သက် ရှေးဦးကောင်းကင်ဘုံမြေဆီသို့ ရောက်လာကြခြင်း မဟုတ်ချေ။

၎င်းတို့က အဆင့်တူကျင့်ကြံသူများကို ၎င်းတို့၏ လက်အောက်ခံအဖြစ် သိမ်းသွင်းချင်ကြသည်။ ယင်းက အနာဂတ်၌ အဆင့်တူသော နယ်မြေထဲမှာ နောက်တစ်ဆင့်သို့ ၎င်းတို့တတ်လှမ်းနိုင်ရန် အခြေခံအုတ်မြစ် ဖြစ်လာလိမ့်မည်။

ထို့ကြောင့် ကောင်းကင်စက်ဝန်းစစ်မြေပြင်၏ အမျိုးမျိုးသော သဘောတူညီမှုများအရ တစ်ပေါင်းတစ်စည်းတည်း စည်းလုံးသွားခဲ့သော ရှေးဦးကောင်းကင်ဘုံမြေက ယခု တဖန် ကွဲထွက်သွားသည်။

ကျင့်ကြံခြင်းလောကတွင် ခွန်အားသည်သာ အရာရာ ဖြစ်၏။ တစ်စုံတစ်ယောက်မှာ အလုံအလောက် ခွန်အားမရှိလျှင် သူက မည်မျှစိတ်အားထက်သန်ပါစေ အချည်းနှီးသာ ဖြစ်လိမ့်မည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အစောနက ကောင်းကင်စက်ဝန်းစစ်မြေပြင်မှ လက်ရွေးစင်များကို မည်သို့ကြောင့် လျစ်လျူရှုထားခဲ့ကြောင်း ယခု ရှေးဦးကောင်းကင်ဘုံမြေထဲမှ အင်အားစုအသီးသီးက နားလည်သဘောပေါက်သွားကြသည်။

အမှန်တကယ်ပင် သူတို့ကို ဂရုစိုက်စရာ မလိုပေ။ တခြားစကြာဝဠာများမှ အစွမ်းထက်မျိုးနွယ်ခြားများဖြင့် ရင်ဆိုင်ရသည့်အခါ ထိုလက်ရွေးစင်များက ဘာမှမဟုတ်ကြတော့ချေ။

သို့သော်လည်း စောစီးစွာ အညံ့ခံသွားခဲ့သော ထိုအင်အားစုများသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက မည်သည့်အင်အားစုဆီမှာ အညံ့ခံသွားမည်ကို စူးစမ်းသိလိုကြသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ကြယ်စင်စုစကြာဝဠာမှ စစ်ပွဲရုပ်သေးရုပ်များကို ပိုင်ဆိုင်ထားလေရာ သူတို့က ကြယ်စင်စုစကြာဝဠာနှင့် အပြည့်အဝ ပူးပေါင်းရန် ကြံစည်နေခြင်းများလော။

ကြယ်စင်စုစကြာဝဠာမှ ကျင့်ကြံသူများက ဤရှေးဦးကောင်းကင်ဘုံမြေဆီသို့ ရောက်လာကြသော်လည်း သူတို့ထဲမှာ အစွမ်းထက်ကျွမ်းကျင်သူများက အနည်းငယ်သာ ပါဝင်ကြသည်။

အဘယ့်ကြောင့်ဆိုသော် ရှေးဦးကောင်းကင်ဘုံမြေက ထိုအတွက် ထိုက်တန်မှုမရှိပေ။

အနန္တလောကထဲတွင် ရှေးဦးကောင်းကင်ဘုံမြေ၏ အင်အားက ကြယ်စင်စုစကြာဝဠာထဲမှ အစွမ်းထက်ကျွမ်းကျင်သူများ၏ စိတ်အာရုံကို ဖမ်းစားနိုင်ရန် မလုံလောက်ပေ။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် လပေါင်းများစွာ တိတ်ဆိတ်နေပြီးနောက် ရှေးဦးကောင်းကင်ဘုံမြေ၏ အာရုံစိုက်စရာပစ်မှတ်တစ်ခု ဖြစ်လာခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် ရှေးဦးကောင်းကင်ဘုံမြေ၏ အင်အားအကြီးမားဆုံး မဟာမိတ်ဖြစ်သော ဘုံကိုးဘုံမဟာမိတ်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို သူတို့လက်အောက်သို့ ဝင်ရောက်ရန် ဖိတ်ကြားခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။

တစ်ခုသိထားရမည်မှာ ဘုံကိုးဘုံမဟာမိတ်ကို တခြားနယ်မြေရှစ်ခုမှ အစွမ်းထက်ကျွမ်းကျင်သူများဖြင့် စုပေါင်းဖွဲ့စည်းထားခြင်း ဖြစ်သည်။

ဘုံကိုးဘုံမဟာမိတ်၏ ဖွဲ့စည်းမှုက ကောင်းကင်စက်ဝန်းစစ်မြေပြင်မှ လက်ရွေးစင်များသည်ပင် မနာလိုဖြစ်ရသည်အထိ အလွန်အင်အားကြီးမားသည်။ သူတို့က ဘုံကိုးဘုံမဟာမိတ်ထဲသို့ ဝင်ရောက်နိုင်ရန် စိတ်အားထက်သန်နေကြသည်။

အကယ်၍ သူတို့က ဝင်ရောက်ခွင့်အတွက် တန်ကြေးတစ်ခု ပေးရမည်ဆိုလျှင်ပင် ဆန္ဒရှိကြသည်။

သို့သော်လည်း ယခု အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဘုံကိုးဘုံမဟာမိတ်၏ ဖိတ်ကြားမှုကို ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့လေရာ ယင်းက ဘုံကိုးဘုံမဟာမိတ်ကို တိုက်ရိုက် စော်ကားလိုက်ခြင်းနှင့် မခြားပေ။

ဘုံကိုးဘုံမဟာမိတ်၏ ဖိတ်ကြားမှုကို အံ့ဖွယ်ကိုးပါးဓားဂိုဏ်း ငြင်းဆန်ခဲ့ပြီး နောက်တစ်နေ့တွင် ရှေးဦးကောင်းကင်ဘုံမြေမှ ကျင့်ကြံသူငါးသန်းပါဝင်သော စုပေါင်းမဟာမိတ်တပ်ဖွဲ့သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဌာနေဖြစ်သော အံ့ဖွယ်ကိုးပါးမြို့ဆီသို့ ချီတတ်သွားကြသည်။

ဘုံကိုးဘုံမဟာမိတ်၏ ဆုကြေးထုတ်ပြန်မှုအရ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ဓားကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်နိုင်လျှင် အကျိုးပြုအမှတ်များကို ရရှိလိမ့်မည်။ ထိုအကျိုးပြုအမှတ်များကို အနန္တလောကကောင်းကင်ပုတီးစေ့များဖြင့် လဲလှယ်နိုင်သည်။

အနန္တလောကကောင်းကင်ပုတီးစေ့များသည် အနန္တလောကများ၏ အတူတကွ ပေါင်းစည်းမှုစွမ်းအားမှ ဖြစ်ပေါ်လာသော ထိပ်တန်းအဆင့် အရင်းအမြစ်များ ဖြစ်ကြသည်။

All Chapters