← Chapters

အခန်း (၁၄၄၁)

Vol. 103 Ch. 1441

အခန်း (၁၄၄၁)

Vol. 103 Ch. 1441

နတ်ဘုရားသတ်လှံ… ။

ယင်းက အံ့ဖွယ်ကိုးပါးတောင်သခင် သန့်စင်ထားသော ရတနာ(၇)မျိုးအနက် တစ်မျိုးဖြစ်သည်။

အထွတ်အမြတ် ရတနာ(၇)မျိုးထဲမှ မည်သည့်ရတနာမဆို တမူထူးခြားချက်ရှိသည်။ ထို့ပြင် ယင်းတို့ထဲမှာ အစွမ်းထက်အင်အားများ ကိန်းအောင်းနေသေးသည်။

ဥပမာ ခရမ်းနေမင်းမီးပြင်းဖိုထဲတွင် မီးလျှံမျိုးစေ့ ရှိသည်။

ကောင်းကင်ရေခဲတူက အဆုံးမဲ့ကြွယ်ဝချမ်းသာမှုဖြင့် ဆက်စပ်နေသည်။

ကောင်းကင်တုန်လှုပ်လေးက သိုးကျောင်းသားကြယ်မျိုးနွယ်နှင့် ပတ်သက်နေသည်။

ဟန်မူယဲ့က သူ၏ အရှေ့မှ လှံရှည်ကို ဆုပ်ကိုင်လိုက်သည်။

“ ဝှီး ”

ရွှေရောင်အလင်းက အပြင်းအထန် တုန်ခါသွားသည်။ ဤသည်မှာ ရွှေရောင်တောက်ပသော တိမ်တိုက်များက တလိပ်လိပ် လွင့်မျောနေသည့်အလားပင်။

ဤအခိုက်အတန့်မှာ ခွန်းဝူတစ်ခုလုံး စတင်တုန်လှုပ်သွားသည်။ မရေမတွက်နိုင်သော တောင်ထွတ်များက ပြိုကျပျက်စီးသွားကြပြီး ပင်လယ်များက လှိုင်းတဝုန်းဝုန်းထသွားကြသည်။

ခွန်းဝူအတွင်းမှ နတ်သားရဲများက သွေးမျိုးဆက်ဖိနှိပ်မှုကို ခံစားလိုက်ကြရပြီး တုန်လှုပ်ချောက်ချားသွားကြသည်။

ထိုက်ယင်က ခေါင်းလှည့်လိုက်ပြီး ဟန်မူယဲ့ ထွက်ခွာသွားသော ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။

“ အဲ့ဒါ သွေးမျိုးဆက်ဖိနှိပ်မှုပဲ… ဘယ်လိုသွေးမျိုးဆက်မို့လို့ ရှေးဦးတောရိုင်းမြေတစ်ခုလုံးကို ဖိနှိပ်နိုင်တာလဲ ”

ထိုက်ယင်က လက်ဆန့်ထုတ်လိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ လက်ဖဝါးက အနည်းငယ် တုန်ယင်နေသည်။

ကမ္ဘာဦးအုပ်ချုပ်သူတစ်ပါးဖြစ်သော သူသည်ပင် သွေးမျိုးဆက်ဖိနှိပ်မှုကို ခံစားနေရသည်။

“ ဖြစ်နိုင်တာက အဲ့ဒါက ရှေးခေတ်တုန်းက ရတနာတစ်ခုများလား… ဘယ်အချိန်တုန်းက ရှေးဦးတောရိုင်းမြေထဲမှာ အဲ့ဒီလိုရတနာ ထွက်ပေါ်လာတာလဲ ”

မိုးမြေဝိညာဉ်ရတနာများသည် ကောင်းကင်နှင့် မြေပြင်၏ မွေးဖွားမှုနှင့် ဆက်နွယ်မှုရှိကြသည်။

ယင်းတို့ကို မိုးမြေနှင့်အတူ မွေးဖွားလာသည်ဟုဆိုလျှင် မသင့်တော်ပေ။

ထိုမိုးမြေဝိညာဉ်ရတနာများသည် အစက စကြာဝဠာများ ဖြစ်ကြသည်။ သို့သော်လည်း ယင်းတို့၏ စွမ်းအားက သိပ်သည်းသွားသောကြောင့် ယင်းတို့က ကောင်းကင်နှင့် မြေကြီး၏ ဟင်းလင်းပြင်အဖြစ် အသွင်မပြောင်းလဲနိုင်ကြချေ။ သို့ဖြစ်၍ ယင်းတို့က ပုံသဏ္ဍာန်အမျိုးမျိုးရှိသော ရတနာများအဖြစ် ဒြပ်ထည်ဖွဲ့စည်းသွားကြသည်။

ရှေးဦးတောရိုင်းမြေထဲတွင် ထိုသို့ရတနာများက အနည်းစုသာ ရှိကြသည်။ ထိုသို့ရတနာတစ်ခု အပြင်မှာ ထွက်ပေါ်လာမည်ဆိုလျှင် တောရိုင်းမြေတစ်ခုလုံး ဖိနှိပ်ခံရလိမ့်မည်။

သို့သော်လည်း နောက်ပိုင်းတွင် ထိုရတနာများက မည်သည့်သဲလွန်စမှမကျန်ဘဲ ပျောက်ကွယ်သွားကြသည်။

ဤအခိုက်အတန့်မှာ ဟန်မူယဲ့၏ လက်ထဲမှ လှံရှည်အတွင်းဝယ် သတင်းစကားများက ပုံရိပ်များအဖြစ် ပြောင်းလဲသွားကြပြီး သူ၏ အသိစိတ်ထဲမှာ ထွက်ပေါ်လာကြသည်။

ကမ္ဘာဦးရွှေကြာပန်း၏ ရိုးတံ… ။

ထိုရိုးတံက ဤလှံရှည်၏ အနှစ်သာရ ဖြစ်သည်။ ရိုးတံက အပြင်ဘက်တွင် ဖြောင့်တန်းပြီး အတွင်းဘက်တွင် ဟောင်းလောင်းပေါက် ရှိသည်။ ထိုဟောင်းလောင်းပေါက်ထဲတွင် မရေမတွက်နိုင်သော စွမ်းအင်ချည်မျှင်များက ယှက်ထွေနေကြသည်။

မူလစကြာဝဠာ၏ အထွတ်အမြတ် ရတနာတစ်ပါးဖြစ်သော ကမ္ဘာဦးရွှေကြာပန်း၏ ရိုးတံက လှံ၏ ကိုယ်ထည်ဖြစ်ပြီး အလွန်ရှားပါးသော အသွင်တစ်သောင်းနတ်ဝိညာဉ်သံမဏိက လှံထိပ်ဖျား ဖြစ်သည်။

ထိုအထွတ်အမြတ် ရတနာနှစ်ခု၏ ပေါင်းစည်းမှုက ဤသို့စစ်ပွဲလှံတစ်လက်ကို ဒြပ်ထည်ဖွဲ့စည်းစေခဲ့သည်။

ထိုလှံရှည်က ဤလောက၏ အသန်မာဆုံး ဝိညာဉ်အင်အားစုများကို အမြစ်ဖြတ်သုတ်သင်ပစ်နိုင်စွမ်း ရှိသည်။

ထိုအကြောင်းအရင်းကြောင့် ကမ္ဘာဦးနဂါးမီကျောင်း၏ ဦးခေါင်းခွံက ဤနေရာမှာ ဖိနှိပ်ခံထားရခြင်း ဖြစ်သည်။

“ ဟား ဟား… မူလခန္ဓာကိုယ်က မူလခန္ဓာကိုယ်ဆိုတဲ့အတိုင်းပါပဲ… နတ်ဘုရားသတ်လှံကိုတောင် ဒီလောက်မြန်မြန် ရှာတွေ့သွားတယ် ”

စိတ်ခံစားမှုတစ်စွန်းတစ်စပါသော အသံက ပဲ့တင်ထပ်လာသည်။

ထိုလူက သူ၏ ဝိညာဉ်ကိုယ်ပွားဖြစ်ကြောင်း ဟန်မူယဲ့ သိသည်။ တစ်ဖက်လူက ဤလှံရှည်ထဲမှာ သူ့အတွက် သတင်းစကား ချန်ထားခဲ့ခြင်း ဖြစ်သည်။

ဟန်မူယဲ့က သူ၏ စိတ်ထဲမှ ပုံရိပ်များကို အာရုံစိုက်လိုက်သည်။ ထိုပုံရိပ်များထဲတွင် သူ၏ ဝိညာဉ်ကိုယ်ပွားက ရှေးဟောင်းရတနာနှစ်ခုကို အတူတကွ ပေါင်းစည်းနေသည်။ ထိုမှတဖန် သူက ယင်းတို့ကို အသင်္ချေနတ်သားရဲများ၏ စိတ်ဝိညာဉ်များနှင့် သွေးအနှစ်သာရများဖြင့် ထပ်လောင်း ပေါင်းစပ်လိုက်သည်။

စစ်ပွဲလှံ ဒြပ်ထည်ဖွဲ့စည်းသွားသည့်အခိုက် ကောင်းကင်နှင့်မြေပြင်က ပရမ်းပတာ လှုပ်ခတ်သွားသည်။ အကန့်အသတ်မဲ့သော လေနှင့် တိမ်တိုက်များက ကောင်းကင်နှင့် မြေပြင်ကြားမှာ စုဝေးသွားကြသည်။

မိုးခြိမ်းသံက ဂျိန်းခနဲ မြည်ဟိန်းသွားပြီး လျှပ်စီးက ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားသည်။ ယင်းက ရက်တစ်ထောင်ပြည့်သည်အထိ ဆက်တိုက် ဖြစ်ပျက်ခဲ့သည်။

အသင်္ချေနတ်သားရဲများ၏ စိတ်ဝိညာဉ်များသည် လှံရှည်အတွင်းမှာ တစ်ကောင်ပြီးတစ်ကောင် ချုပ်နှောင်ခံလိုက်ကြရသည်။ ထို့နောက် ၎င်းတို့က လှံရှည်၏ လက်နက်ဝိညာဉ်များ ဖြစ်လာကြသည်။

ယင်းက နတ်ဘုရားသတ်လှံ၏ ထူးခြားချက်ဖြစ်သည်။

ထိုလှံက သတ်ဖြတ်ခြင်းကို ကိုယ်စားပြုရုံသာမက လှံတစ်ချက် ဝှေ့ယမ်းလိုက်တိုင်း လှံထဲမှာ ချုပ်နှောင်ခံထားရသော စိတ်ဝိညာဉ်များကို အပြင်သို့ ထုတ်လွှတ်နိုင်သည်။

စိတ်ဝိညာဉ်က စစ်ပွဲလှံကို အသက်သွင်းလိုက်သည်နှင့် ယင်း၏ ကိုယ်ထည်အတွင်းမှာ ချုပ်နှောင်ခံထားရသော နတ်သားရဲတစ်ကောင်၏ ဝိညာဉ်က အပြင်သို့ ထွက်လာလိမ့်မည်။

ထိုဝိညာဉ်က လွတ်လပ်မှုပြန်ရရန်အလို့ငှာ စာချုပ်ကို ဖြည့်ဆည်းပေးရန် လုပ်ဆောင်လိမ့်မည်။ ထို့နောက် ၎င်းက ပြန်လည်မွေးဖွားခြင်း သို့မဟုတ် ပြန်လည်ဖွဲ့စည်းခြင်းကို ရွေးချယ်လိမ့်မည်။

သို့ဖြစ်၍ ဤနတ်ဘုရားသတ်လှံကို ဝိညာဉ်လွှတ်လှံဟူ၍လည်း ခေါ်နိုင်သည်။

လှံရှည်ကို သူ၏ လက်ထဲမှာ ဆုပ်ကိုင်ထားစဉ် ဟန်မူယဲ့က လှံကိုယ်ထည်အတွင်းမှ နတ်ဝိညာဉ်အရေအတွက်ကို မှန်းဆနိုင်သွားသည်။

အနည်းဆုံး ဝိညာဉ်တစ်သန်း ရှိသည်။ ထို့ပြင် ဝိညာဉ်တစ်ကောင်စီက ကမ္ဘာဦးနတ်သားရဲအဆင့်မှာ ဖြစ်ကြသည်။

၎င်းတို့ထဲမှာ ကမ္ဘာဦးအုပ်ချုပ်သူထက် တစ်ဆင့်နိမ့်သော ဝိညာဉ်များက အနည်းဆုံး အရေအတွက်တစ်သောင်း ရှိသည်။

အရေအတွက်တစ်ရာရှိသော နတ်ဝိညာဉ်များက ဤလှံရှည်၏ အဓိကအမြူတေဖြစ်ပြီး ၎င်းတို့က အသူရာချောက်နက်နှင့် ဆင်တူကြသည်။

ထိုဝိညာဉ်တစ်ရာသည် လက်ရှိဟန်မူယဲ့ အသက်သွင်းနိုင်သောအရာ မဟုတ်ပေ။

ကမ္ဘာဦးအုပ်ချုပ်သူ… ။

ဝိညာဉ်တစ်ရာက ကမ္ဘာဦးအုပ်ချုပ်သူအဆင့်မှာ ဖြစ်ကြသည်။

သို့ဖြစ်၍ ဤနတ်ဘုရားသတ်လှံ၏ စွမ်းအားအပြည့်အဝကို ထုတ်လွှတ်လိုက်မည်ဆိုလျှင် ယင်းက မည်မျှကြောက်စရာကောင်းလိမ့်မည်နည်း။

“ ဟား ဟား… အဲ့ဒါက တာအိုအစောင့်အရှောက်ရတနာတစ်ခုပဲ… အဲ့ဒါက ကောင်းကင်နဲ့မြေပြင်ရဲ့ ကုသိုလ်စွမ်းအား စုဝေးမှုလည်း ဟုတ်တယ် ”

လှံရှည်ကို ဆုပ်ကိုင်ထားစဉ် ဟန်မူယဲ့၏ မျက်လုံးက တလက်လက် ဝင်းလက်သွားသည်။

ဝိညာဉ်တစ်ကောင်ကို ပြန်လွှတ်ပေးခြင်းက ကောင်းကင်နှင့် မြေပြင်ကို အာဟာရဖြည့်ပေးခြင်း ဖြစ်သည်။ ယင်းက သက်ရှိတစ်ကောင်ကို သံသရာစက်ဝန်းဆီသို့ ပြန်ပို့ဆောင်ခြင်းဖြစ်လေရာ ကုသိုလ်ရသော အပြုအမူတစ်ခု မဟုတ်ပါလော။

သို့သော်လည်း လှံရှည်၏ နောက်ထပ် ထူးခြားချက်တစ်ခုမှာ ယင်းက မိုးမြေနှင့်အတူ မွေးဖွားလာခဲ့သော ရတနာတစ်ပါးမှ ဒြပ်ထည်ဖွဲ့စည်းသွားသောအရာဖြစ်ပြီး ကမ္ဘာဦးရွှေကြာပန်း၏ ရိုးတံထဲတွင် ဟောင်းလောင်းပေါက်(၇၂)ခု ရှိကြသည်။ ထူးခြားချက်မှာ ထိုအပေါက်(၇၂)ခုစလုံးတွင် နတ်ဝိညာဉ်များက ၎င်းတို့ဘာသာ ကျင့်ကြံနေကြသည်။ ၎င်းတို့၏ ကျင့်ကြံမှုက စွမ်းအင်မကုန်ဆုံးစေသည့်အပြင် လှံရှည်အတွင်းမှ စွမ်းအားကို ပိုပြီးသိပ်သည်းစေသည်။ တစ်ချိန်တည်းမှာ ၎င်းတို့၏ ကိုယ်ပိုင်ကျင့်ကြံခြင်းအဆင့်က သိသာစွာ မြင့်တတ်လာသည်။

သို့ဖြစ်၍ ယခု ကမ္ဘာဦးအုပ်ချုပ်သူအဆင့် နတ်ဝိညာဉ်တစ်ရာက ရင့်ကျက်နေကြပြီ ဖြစ်၏။

“ ဒီစကြာဝဠာရဲ့ အပြင်ဘက်က တခြားလေဟာနယ်ထဲမှာ မတူညီတဲ့ စည်းမျဉ်းတွေရှိမယ်လို့ ငါသံသယဖြစ်မိတယ် ”

“ ဓားနတ်ဘုရားလုယွဲ့က စကြာဝဠာအပြင်ကို ခြေချခဲ့ပြီး ဘယ်တော့မှ ပြန်ရောက်မလာဘူး ”

“ တကယ်လို့ ငါ့မှာ အခွင့်အရေးရှိမယ်ဆိုရင် အဲ့ဒီကို ငါ့ဘာသာ သွားကြည့်ချင်တယ် ”

အံ့ဖွယ်ကိုးပါးတောင်သခင်က သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက ကောင်းကင်ကို မော့ကြည့်လိုက်သည်။

“ တာအိုအစောင့်အရှောက်လက်နက်ဖြစ်တဲ့ နတ်ဘုရားသတ်လှံရယ် တခြားရတနာတွေနဲ့ဆိုရင် မူလစကြာဝဠာနဲ့ ကြယ်စင်စုစကြာဝဠာဆီက လောကတစ်သောင်းကျင့်ကြံခြင်းစကြာဝဠာရဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းနိုင်လိမ့်မယ်လို့ ငါထင်တယ် ”

ထိုပုံရိပ် ပျောက်ကွယ်သွားသည့်အခါ ဟန်မူယဲ့၏ လက်ထဲမှ လှံရှည်က အနည်းငယ် တုန်ခါသွားသည်။

ရွှေရောင်အလင်းက လှံ၏ ကိုယ်ထည်တစ်လျှောက် မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။

ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲမှ နတ်သားရဲသွေးမျိုးဆက်စွမ်းအားက လှံအတွင်းသို့ စီးဆင်းသွားသည်။ ထိုအခါ လှံက အစိမ်းရောင်အလင်းဖျော့ဖျော့ကို ထုတ်လွှတ်လိုက်သည်။

ထို့နောက် သူက နဂါးမီကျောင်း၏ ဦးခေါင်းပေါ်မှ လှံရှည်ကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သည်။

လှံရှည်ကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သည်နှင့်ချက်ချင်း ရွှေရောင်အလင်းက နဂါးမီကျောင်းဦးခေါင်းခွံကို ဖုံးလွှမ်းထားသော သွေးနီရောင်ဝင်္ကပါပေါ်မှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။

အဆုံးမဲ့သော သွေးစွမ်းအားက ပေါ်လျှိုးလာသည်။

ခွန်းဝူတစ်ခုလုံးက ပိုပြီးပရမ်းပတာ လှုပ်ခတ်သွားသည်။

ဤသည်မှာ လောကတစ်ခုလုံးက ပြိုကွဲပျက်စီးတော့မည့်အလားပင်။

အလွန်နက်ရှိုင်းသော ဟိန်းသံက ကောင်းကင်နှင့် မြေပြင်ကြားမှာ ပဲ့တင်ထပ်သွားသည်။

“ ရှေးဟောင်းနဂါးမီကျောင်း… ”

ထိုက်ယင်က စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ရေရွတ်လိုက်သည်။

သူ၏ အနောက်မှ နတ်သားရဲများသည်လည်း တည်ကြည်လေးနက်သွားကြသည်။

ရှေးခေတ်ကာလမှ ကမ္ဘာဦးအုပ်ချုပ်သူငါးပါးထဲတွင် နဂါးမီကျောင်းက အကြမ်းကြုတ်ဆုံးသားရဲ ဖြစ်သည်။

ထိုက်ယင်ဖြစ်စေ သို့မဟုတ် ထိုက်ယန်ဖြစ်စေ သို့မဟုတ် တခြားအုပ်ချုပ်သူနှစ်ပါးဖြစ်စေ ၎င်းတို့အားလုံးက ကမ္ဘာဦးနတ်သားရဲများကြားမှ ချစ်ခင်ကြင်နာမှုကို အနည်းနှင့်အများ ဂရုစိုက်ကြသည်။

သို့သော်လည်း နဂါးမီကျောင်းသည် ၎င်းထက် အဆင့်နိမ့်သော နတ်သားရဲများအားလုံးကို အထင်သေးရှုံ့ချသည်။ ထို့ပြင် ၎င်းက သတ်ဖြတ်ခြင်းကို အထူးနှစ်သက်သည်။

ထို့ကြောင့် ၎င်းက ကြယ်စင်စုစကြာဝဠာ၏ ဝိုင်းဝန်းတိုက်ခိုက်ခံနေရသည့်အချိန်မှာ မည်သူမှ ၎င်းကို လာမကယ်ကြခြင်း ဖြစ်သည်။

အကယ်၍ နဂါးမီကျောင်းသာ ခွန်းဝူမှာ ပြန်ပေါ်လာမည်ဆိုလျှင် ၎င်းက နောက်ထပ် အမြစ်ဖြတ်သုတ်သင်ခြင်းကို သေချာပေါက် လုပ်ဆောင်လိမ့်မည်။

ရှေးခေတ်ကာလမှ အစွမ်းထက် နတ်သားရဲများသည် အပြင်းအထန် ဒဏ်ရာရရှိထားလျှင် သတ်ဖြတ်ခြင်းနှင့် ဝါးမျိုခြင်းကို လုပ်ဆောင်၍ ဒဏ်ရာပြန်ကုသလေ့ ရှိကြသည်။

သို့သော်လည်း ကံကောင်းသည်မှာ ထိုက်ယင်က ဤနေရာမှာ ရှိနေသည်။ မည်သို့ဖြစ်ပါစေ သူက အုပ်ချုပ်သူတစ်ပါး မဟုတ်ပါလော။

ထိုက်ယင်က ရှေးခေတ်ကာလမှာ သူ၏ တိုက်ပွဲစွမ်းအားကြောင့် နာမည်မကျော်ကြားသော်လည်း ယခု သူက အထွတ်အထိပ် တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားဆဲပင်။ ယင်းက အကြွင်းအကျန်ခန္ဓာကိုယ်သာ ကျန်ရှိတော့သော နဂါးမီကျောင်းကို သေချာပေါက် ဖိနှိပ်နိုင်ပေသည်။

“ ဗုန်း ”

ဟင်းလင်းပြင်ထဲတွင် မိုးခြိမ်းသံသဖွယ် ကျယ်လောင်သော မြည်သံက ပေါ်ထွက်လာသည်။

ရှေးဟောင်းနဂါးမီကျောင်း၏ ပုံရိပ်က ဒြပ်ထည်ဖွဲ့စည်းသွားသည်။

၎င်း၏ ခန္ဓာကိုယ်က ပေသန်းပေါင်းများစွာ ရှည်လျားပြီး တစ္ဆေမီးအလင်းရောင်က ၎င်း၏ ဧရာမဦးခေါင်းပေါ်မှ အကြေးခွံများပေါ်မှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။

၎င်း၏ ချွန်ထက်သော အစွယ်များက ကောင်းကင်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်နိုင်ဟန် ရ၏။

၎င်းက ခေါင်းမော့လိုက်ပြီး ခွန်းဝူအပေါ်မှ ကောင်းကင်ကို ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

ထိုဟိန်းသံကြောင့် ကောင်းကင်ပေါ်မှ ထူထဲသော မိုးကြိုးတိမ်တိုက်များက ပရမ်းပတာ လှုပ်ခတ်သွားကြသည်။ တစ်ချိန်တည်းမှာ ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းလုံးများက ကောင်းကင်အလွန်ဆီသို့ ဆက်လက် ဦးတည်သွားပြီး ခွန်းဝူ၏ ဘေးပတ်ပတ်လည်မှာ ပြန့်ကျဲနေကြသော မျိုးနွယ်ခြားများကို ရိုက်ခတ်သွားသည်။

ကန်အန်းမျိုးနွယ်မှ လက်လေးဖက်မျိုးနွယ်ဝင်များဖြစ်စေ သို့မဟုတ် ပုံသဏ္ဍာန်ကွဲပြားသော တခြားသန္ဓေပြောင်းသားရဲများဖြစ်စေ ၎င်းတို့အားလုံးက အသံလှိုင်းလုံးများနှင့် မိုးကြိုးတိမ်တိုက်များ၏ တိုက်ခိုက်မှုကြောင့် အပိုင်းပိုင်းအစစ သုတ်သင်ခံလိုက်ကြရသည်။

ဟင်းလင်းပြင်ထဲတွင် အနီရောင်သွေးစွမ်းအားက စုဝေးသွားပြီး ခွန်းဝူ၏ အလယ်ဗဟိုဆီသို့ ကျဆင်းလာသည်။ ထို့နောက် သွေးစွမ်းအားက နဂါးမီကျောင်း၏ ဧရာမခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။

ထိုအခါ မူလက ဝေဝါးနေသော နဂါးမီကျောင်း၏ ခန္ဓာကိုယ်က အနည်းငယ် ကြည်လင်ထင်ရှားလာသည်။

သို့သော်လည်း ထိုမျှနည်းပါးသော သွေးစွမ်းအားပမာဏက မလုံလောက်သေးကြောင်း ထင်ရှား၏။ သို့ဖြစ်၍ နဂါးမီကျောင်းက ဖြည်းညင်းစွာ ခေါင်းငုံ့လိုက်သည်။

မြေပြင်ပေါ်တွင် ဟန်မူယဲ့က လှံရှည်ကို လက်ထဲမှာ ဆုပ်ကိုင်ထားလျက် တည်ငြိမ်စွာ ရပ်နေသည်။

သူ၏ အနောက်တွင် ရှေးဟောင်းနဂါးမီကျောင်း၏ နောက်ထပ် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

“ ဂရောင်း ”

ဤအခိုက်အတန့်မှာ ဟိန်းသံက ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်သွားစေသည်။

ရှေးဟောင်းနဂါးမီကျောင်း၏ ပုံရိပ်နှစ်ခုက အပြန်အလှန် ဝင်ဆောင့်လိုက်ကြသည်။

ခွန်းဝူအတွင်းမှ နတ်သားရဲအားလုံးက တုန်လှုပ်ချောက်ချားသွားကြပြီး ခေါင်းငုံ့လိုက်ကြသည်။

ယင်းက သွေးမျိုးဆက်စွမ်းအားဖိနှိပ်မှု ဖြစ်သည်။

ရှေးခေတ်ကာလမှ ကမ္ဘာဦးအုပ်ချုပ်သူများ၏ သွေးမျိုးဆက်က အလွန်သန်မာလေရာ ခွန်းဝူကို တိုက်ရိုက် ဖိနှိပ်နိုင်စွမ်း ရှိသည်။

“ ဘန်း ”

ဧရာမပုံရိပ်နှစ်ခု ထိပ်တိုက် တွေ့ဆုံသွားသည်နှင့် ဟန်မူယဲ့၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ ဤသည်မှာ သူ၏ ခန္ဓာကိုယ်က ပြိုကွဲသွားတော့မည့်အလားပင်။

သို့သော်လည်း သူ့ခန္ဓာကိုယ်၏ အပြင်ဘက်တွင် ရွှေရောင်အလွှာတစ်လွှာ၊ သွေးနီရောင်ချပ်ဝတ်တစ်ထည်နှင့် လျှပ်စီးအကာအကွယ်အလွှာက ဖွဲ့စည်းသွားကြသည်။

ယင်းတို့က သွေးမိစ္ဆာဝင်္ကပါနှင့် ခွေသားရဲ၏ စွမ်းအား ဖြစ်သည်။

ဟန်မူယဲ့၏ အခြေခံအုတ်မြစ်က နဂါးမီကျောင်း၏ စွမ်းအားပေါ်မှာ အခြေခံသည်။ သို့သော်လည်း ယင်းက သူ၏ အခြေခံစွမ်းအားက နဂါးမီကျောင်းဖြစ်သည်ဟု မဆိုလိုပေ။

သူ၏ အစစ်အမှန်အခြေခံအုတ်မြစ်က အမြဲတမ်း ဓားကျင့်ကြံခြင်းဖြစ်ပြီး အရာအားလုံးကို သူ့ကိုယ်ပိုင်တာအိုထဲသို့ ပေါင်းထည့်ခြင်း ဖြစ်သည်။

ယခု သူ၏ ဦးခေါင်းထက်မှာ နဂါးမီကျောင်း၏ ဧရာမပုံရိပ်နှစ်ခုက အပြန်အလှန် တိုက်ခိုက်နေကြစဉ် ဟန်မူယဲ့၏ အကြည့်က သူ့အရှေ့မှ နဂါးမီကျောင်းဦးခေါင်းခွံပေါ်သို့ ကျရောက်သွားသည်။

နဂါးမီကျောင်း၏ ဦးခေါင်းခွံထဲမှ မျက်လုံးများက အဆုံးမဲ့သော ရက်စက်ကြမ်းကြုတ်မှုကို ထုတ်လွှတ်နေသည်။

အကယ်၍ သာမန်နတ်သားရဲများက ထိုမျက်လုံးများကို တိုက်ရိုက် ကြည့်ရှုမည်ဆိုလျှင် ၎င်းတို့၏ စိတ်ဝိညာဉ်က တိုက်ရိုက် ပြိုကွဲပျက်စီးသွားလိမ့်မည်။

ဤအခိုက်အတန့်မှာ ဟန်မူယဲ့က နတ်ဘုရားသတ်လှံကို လက်ထဲမှာ ဆုပ်ကိုင်ထားစဉ် သူ၏ ဦးခေါင်းပေါ်မှာ ရွှေရောင်ဓားရှည်သုံးလက် ထွက်ပေါ်လာကြသည်။

ဝိညာဉ်ဓား… ။

ယင်းက ဓားကို အသုံးပြု၍ ဝိညာဉ်ကို ငြိမ်သက်စေသော နည်းလမ်း ဖြစ်သည်။

သူက အခြားဗလာလက်တစ်ဖက်ကို နဂါးမီကျောင်း၏ ဦးခေါင်းခွံပေါ်သို့ ဖိချလိုက်သည်။

ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါက သူ၏ စိတ်နယ်ပယ်ထဲသို့ တိုက်ရိုက် တိုးဝင်လာသည်။

ရှေးဟောင်းအုပ်ချုပ်သူတစ်ပါး၏ မွေးရာပါ ရက်စက်ကြမ်းကြုတ်မှုက သူ၏ စိတ်နယ်ပယ်ထဲမှာ ချက်ချင်း ပြည့်နှက်သွားသည်။

ထိုအရှိန်အဝါက ဟန်မူယဲ့၏ မျက်လုံးကို ချက်ချင်း နီရဲသွားစေသည်။

All Chapters