အခန်း (၁၄၄၂)
Vol. 103 Ch. 1442
ထိုအခိုက်အတန့်မှာ နဂါးမီကျောင်း၏ ဦးခေါင်းခွံကို ဖိနှိပ်ထားသော သွေးမိစ္ဆာဝင်္ကပါက ရွှေရောင်အင်းကွက်များကို ထုတ်လွှတ်လိုက်သည်။ ထိုအင်းကွက်များက ဟန်မူယဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ယင်းက ဟန်မူယဲ့ စောင့်ဆိုင်းနေသောအရာ ဖြစ်၏။
သွေးမိစ္ဆာဝင်္ကပါ အသက်ဝင်လာသည့်အခါ သူ၏ ချပ်ဝတ်မှ သွေးမိစ္ဆာစွမ်းအားက နှိုးဆော်ခံလိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ယင်းက သွေးမိစ္ဆာဝင်္ကပါမှ စွမ်းအားနှင့် ပေါင်းစပ်သွားသည်။
ယင်းက တူညီသော ဇစ်မြစ်ထံမှ ဆင်းသက်လာသော စွမ်းအားဖြစ်သည်။ ထို့နောက် ယင်းက ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်။
သွေးမိစ္ဆာစွမ်းအားသည် နဂါးမီကျောင်းကို စည်းတံဆိပ်ခတ်ကာ ဖိနှိပ်ထားသော စွမ်းအား ဖြစ်သည်။ ယခု ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲမှာ သွေးမိစ္ဆာစွမ်းအားက စုဝေးသွားသည့်အခါ သူက နဂါးမီကျောင်းအား ဖိနှိပ်နိုင်သော စွမ်းအားကို အလိုအလျောက် ပိုင်ဆိုင်သွားသည်။
သူ၏ လက်ဖဝါးက နဂါးမီကျောင်း၏ ဦးခေါင်းခွံကို ဖိထားစဉ် သွေးနီရောင်ရောင်ခြည်စက်ဝန်းတစ်ခုက စတင်ကျယ်ပြန့်သွားသည်။
ရောင်ခြည်စက်ဝန်းဖြင့် ဖုံးလွှမ်းခံလိုက်ရသည့်အခါ သူ၏ ဦးခေါင်းပေါ်မှ နဂါးမီကျောင်း၏ ခန္ဓာကိုယ်က သက်ရောက်ခံလိုက်ရသည်။
ဟန်မူယဲ့၏ စိတ်နယ်ပယ်ထဲတွင် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါက ပရမ်းပတာ လှုပ်ခတ်သွားသည်။ ဤသည်မှာ ယင်းက သူ၏ စိတ်နယ်ပယ်ကို အပိုင်းပိုင်း ဖျက်ဆီးပစ်တော့မည့်အလားပင်။
သို့သော်လည်း ဟန်မူယဲ့၏ ဦးခေါင်းပေါ်မှ ဓားသုံးလက်က သူ၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို တည်ငြိမ်စေရန် ပံ့ပိုးပေးနေသည်။ သို့ဖြစ်၍ သူ၏ စိတ်နယ်ပယ်က ပရမ်းပတာ လှုပ်ခတ်နေသော်လည်း အက်ကွဲရာတစ်ခုပင် မထွက်ပေါ်လာချေ။
ထိုမျှသာ မဟုတ်ပေ။ သူ၏ စိတ်နယ်ပယ်အတွင်းမှ စွမ်းအင်အမျိုးမျိုးက အပြန်အလှန် ယှက်ထွေနေကြပြီး ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါကို တွန်းလှန်နေကြသည်။
“ ဟူး… ”
အချိန်ကြာလာသည်နှင့်အမျှ သွေးနီရောင်စစ်ချပ်ဝတ်မှ သွေးမိစ္ဆာစွမ်းအားက ပိုပြီးအားကောင်းလာပြီး သူ့အရှေ့မှ နဂါးမီကျောင်း၏ ဦးခေါင်းခွံကို ကြီးကြီးမားမား ဖိနှိပ်နိုင်သွားသည်။ ယင်းက ဦးခေါင်းခွံကို တဖြည်းဖြည်း ဝေဝါးသွားစေသည်။
ယခင်တစ်ခေါက်က သွေးချောက်ကမ်းပါးပေါ်မှာ နဂါးမီကျောင်း၏ အမြှီးကို သူသန့်စင်ခဲ့ခြင်းနှင့် နှိုင်းယှဉ်လျှင် ဤတစ်ကြိမ်က အများကြီး ပိုအဆင်ချောသည်။
ထို့ပြင် ဤတစ်ကြိမ်မှာ ဟန်မူယဲ့က နဂါးမီကျောင်း၏ ဦးခေါင်းခွံကို မြန်ဆန်စွာ သန့်စင်နိုင်ရုံသာမက ဦးခေါင်းခွံထဲမှာ ကိန်းအောင်းနေသော ဝိညာဉ်စွမ်းအားကိုလည်း အာရုံခံမိသွားသည်။
နဂါးမီကျောင်း၏ ဝိညာဉ်က နတ်ဘုရားသတ်လှံအတွင်းသို့ ဆွဲထုတ်ခံထားရပြီးပြီ ဖြစ်၏။ သို့သော်လည်း အကြွင်းအကျန် ဝိညာဉ်စွမ်းအားတချို့က နဂါးမီကျောင်း၏ ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေဆဲပင်။
ယခု ဟန်မူယဲ့က နဂါးမီကျောင်း၏ ဦးခေါင်းခွံကို သန့်စင်လိုက်သည့်အခါ ထိုအကြွင်းအကျန်ဝိညာဉ်စွမ်းအားက အပြင်သို့ ဆွဲထုတ်ခံလိုက်ရသည်။ ထိုအကြွင်းအကျန်ဝိညာဉ်စွမ်းအားက လေထဲမှာ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော အကြီးအကဲတစ်ယောက်အဖြစ် ဖွဲ့စည်းသွားသည်။ သူ၏ မျက်နှာထားက တင်းမာခက်ထန်ပြီး မောက်မာထောင်လွှားမှုဖြင့် ပြည့်နှက်နေသည်။
ထိုပုံရိပ်သည် အတိတ်မှ တုံထျန်းအင်မော်တယ်ဘုရင်နှင့် အတော်လေး ဆင်တူသည်။
“ မင်းက ငါ့ရဲ့ အမွေအနှစ်စွမ်းအားကို ရရှိခဲ့တဲ့လူပဲ ”
အကြီးအကဲက ဟန်မူယဲ့ကို ကြည့်လိုက်သည်။ သူက အေးတိအေးစက် အမူအရာဖြင့် မထူးမခြားနား ပြောသည်။
“ တုံထျန်းကို မင်းမြင်ပြီးပြီလား ”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။
“ သူက ငါ့ရဲ့ ပြန်လည်မွေးဖွားမှု မဟုတ်ဘူး… သူက ငါ့ဝိညာဉ်ကနေ ခွဲထွက်သွားတဲ့ မကောင်းတဲ့ အတွေးတစ်မျှင်ဖြစ်ပြီး ပြင်ပဘုံရဲ့ ထိန်းချုပ်မှုကြောင့် ရိုင်းစိုင်းနေတယ် ”
အကြီးအကဲ၏ အမူအရာက လုံးဝ မပြောင်းလဲသွားပေ။
“ မင်းက ငါ့ရဲ့ ခန္ဓာကိုယ်ကို သန့်စင်နိုင်တယ်ဆိုမှတော့ အဲ့ဒါကို ငါမင်းကို ပေးလိုက်မယ်… ဒါပေမဲ့ တစ်နေ့မှာ တုံထျန်းနဲ့ မင်းတွေ့ဆုံတဲ့အခါ သူ့ကို သတ်ပစ်ပါ့မယ်လို့ ငါ့ကို ကတိပေးရမယ် ”
ယင်းက တုံထျန်းအင်မော်တယ်ဘုရင်ကို သတ်ပစ်ခိုင်းခြင်း ဖြစ်သည်။
တုံထျန်းအင်မော်တယ်ဘုရင်သည် နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ထဲမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် အကျဉ်းချခံထားရသည်။
သို့သော်လည်း ယခု ကြည့်ရသည်မှာ ထိုအကျဉ်းချမှုက မြင်ရသလောက် မရိုးရှင်းဟန် ရ၏။
တုံထျန်းအင်မော်တယ်ဘုရင်၏ စွမ်းအားအရ သူက နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ထဲမှ အလွယ်တကူ ထွက်သွားနိုင်ပေသည်။
အကယ်၍ သူက မထွက်သွားဘူးဆိုလျှင် သူ့မှာ သေချာပေါက် တခြားရည်ရွယ်ချက်များ ရှိနေနိုင်သည်။
မူလစကြာဝဠာထဲမှာ တစ်ခါမှ မထွက်ပေါ်လာဖူးသော ကန်အန်းမျိုးနွယ်က ခွန်းဝူအပေါ် တိုက်ခိုက်လာခြင်းကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် တုံထျန်းအင်မော်တယ်ဘုရင်က ကန်အန်းမျိုးနွယ်ကို ရှေးဦးတောရိုင်းမြေဆီသို့ ခေါ်ဆောင်လာခဲ့သော အသန်မာဆုံးတည်ရှိမှု ဖြစ်နိုင်လောက်၏။
ယင်းက ယုတ္တိရှိသည်။ တုံထျန်းအင်မော်တယ်ဘုရင်က သူ၏ သင်ကြားမှုများကို လက်ဆင့်ကမ်းပေးရန် အဘယ့်ကြောင့် အချိန်မြစ်ကို အသုံးပြုခဲ့သနည်း။ အဘယ့်ကြောင့် သူက ဟန်မူယဲ့ကို မရေမတွက်နိုင်သော လောကများအား တစ်ယောက်တည်း ချိုးဖြတ်စေခဲ့ပြီး ကောင်းကင်စက်ဝန်းနတ်ဘုရားကမ္ဘာ၏ စွမ်းအားကို ဖျက်ဆီးရန် ခွင့်ပြုပေးခဲ့သနည်း။
“ တကယ်လို့ တုံထျန်းအင်မော်တယ်ဘုရင်နဲ့ နောက်တစ်ခါ တွေ့ဆုံဖြစ်ရင် သူ့ကို ရှင်းရှင်းလင်းလင်း ကျုပ်မေးမယ် ”
ဟန်မူယဲ့က သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။
အကယ်၍ သူ၏ ခန့်မှန်းမှုအားလုံး မှန်ကန်နေမည်ဆိုလျှင် တုံထျန်းအင်မော်တယ်ဘုရင်ကို သူအလွတ်ပေးမည် မဟုတ်ချေ။
သူ့အရှေ့မှ ဝတ်စုံနက်နှင့် အကြီးအကဲက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ရွှေရောင်အလင်းစီးကြောင်းများက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။
“ အင်မော်တယ်ဘုရင်အနေနဲ့ ငါက ကမ္ဘာဦးသားရဲတွေပေါ်မှာ ဘာကုသိုလ်မှ မလုပ်ဆောင်ခဲ့ဘူး… အခု ငါ့ရဲ့ အကြွင်းအကျန်ဝိညာဉ်က ခွန်းဝူဆီ ပြန်ရောက်လာပြီဆိုတော့ ဒီဟာကို နောက်ဆုံးအနေနဲ့ ငါလုပ်ဆောင်ခဲ့မယ် ”
သူ၏ စကားသံ ပျံ့လွင့်သွားသည့်အခါ နဂါးမီကျောင်းဦးခေါင်းခွံ၏ အကြွင်းအကျန်ဝိညာဉ်က ဗလာနတ္ထိအဖြစ် လွင့်ပြယ်သွားသည်။ ထို့နောက် သူ၏ နောက်ဆုံးစွမ်းအားက အစိမ်းရောင်လေပွေအဖြစ် သိပ်သည်းသွားပြီး ခွန်းဝူနယ်မြေတစ်လျှောက် ပျံ့နှံ့သွားသည်။
ထိုအစိမ်းရောင်လေပွေထဲမှာ ရှေးခေတ်ကာလမှ သူ၏ ဇစ်မြစ်စွမ်းအားက ကိန်းအောင်းနေသည်။ ဤအခိုက်အတန့်မှာ လေပွေက ခန်းဝူကို အကြမ်းပတမ်း တိုက်ခတ်သွားပြီး ခွန်းဝူနယ်မြေအတွင်းမှ စွမ်းအင်ကို သန့်စင်ပေးလိုက်သည်။
မှန်ပေသည်။ သူ၏ ဇစ်မြစ်စွမ်းအား ကုန်ခမ်းသွားသည့်အခါ လေပွေက တဖြည်းဖြည်း အားနည်းသွားပြီး ပျောက်ကွယ်သွားသည်။
ဟန်မူယဲ့က ဖြည်းဖြည်းချင်း အားနည်းသွားနေသော လေပွေကို ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာ သူ့အရှေ့မှ နဂါးမီကျောင်းဦးခေါင်းခွံက ဖြည်းဖြည်းချင်း အရည်ပျော်သွားပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
အလွန်အားကောင်းသော သွေးအနှစ်သာရက ပေါ်လျှိုးလာသည့်အခါ ရွှေရောင်အလင်းလွှာတစ်ခုက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ပေါက်ကွဲသွားသည်။
လျှပ်စီးကြောင်းများက သူ၏ သွေးနီရောင်ချပ်ဝတ်ပေါ်မှာ ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားမှသာ ဟန်မူယဲ့က သူ၏ ခန္ဓာကိုယ်ကို ပြန်ချုပ်ထိန်းနိုင်သွားသည်။
သူ၏ ဦးခေါင်းထက်တွင် နဂါးမီကျောင်းပုံရိပ်နှစ်ခုက တစ်သားတည်း ပေါင်းစပ်သွားပြီး ကောင်းကင်ထံသို့ ဟိန်းဟောက်လိုက်သည်။
ဟန်မူယဲ့၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းစက်ဝန်းကိုးခုက အတူတကွ ယှက်ထွေသွားကြပြီး သူ၏ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားကြသည်။ ထို့နောက် ယင်းတို့က သူ၏ နောက်ကျောတွင် ရွှေရောင်မဟာသူရိန်မီးတောက်ပုံရိပ်တစ်ခုအဖြစ် စုစည်းသွားကြသည်။
အစစ်အမှန်ဝိညာဉ်… နဝမအသွင်ပြောင်းလဲမှု… ။
ယင်းက မဟာတောရိုင်းမြေထဲမှ ဆင်းသက်လာသော ကျင့်ကြံခြင်းနည်းစနစ်၏ အမြင့်ဆုံးအဆင့် ဖြစ်သည်။ အတိတ်မှာ ထိုအဆင့်သို့ မည်သူမှ အမှန်တကယ် မရောက်နိုင်ခဲ့ပေ။
ထို့ပြင် ဤကျင့်ကြံခြင်းနည်းစနစ်က နဝမမြောက်အဆင့်ထိ ရောက်ရှိနိုင်ကြောင်း မည်သူမှ အတည်မပြုနိုင်ခဲ့ပေ။
သို့သော်လည်း ယခု ဟန်မူယဲ့က အစစ်အမှန်ဝိညာဉ်၏ နဝမမြောက်အသွင်ပြောင်းလဲမှုဆီသို့ ခြေချနိုင်သွားလေရာ ဤကျင့်ကြံခြင်းနည်းစနစ်က သွေးမျိုးဆက်အား ရှေးခေတ်ကာလမှ တည်ရှိမှုအဆင့်သို့ ပြန်ရောက်သည်အထိ အမှန်တကယ် သန့်စင်ပေးနိုင်ကြောင်း သက်သေပြသွားခဲ့လေပြီ။
ဤအခိုက်အတန့်မှာ အစစ်အမှန်ဝိညာဉ်၏ နဝမမြောက်အသွင်ပြောင်းလဲမှုစွမ်းအားက ကမ္ဘာဦးရှေးခေတ်၏ အုပ်ချုပ်သူတစ်ပိုင်းအဆင့်သို့ ရောက်ရှိသွားသည်။
ထိုစွမ်းအားက စကြာဝဠာအားလုံးကို ကပြောင်းကပြန် ပြုလုပ်နိုင်ပေသည်။
တစ်စုံတစ်ယောက်သည် အစစ်အမှန်ဝိညာဉ်၏ နဝမမြောက်အသွင်ပြောင်းလဲမှု စွမ်းအားသက်သက်ဖြင့် ရှေးခေတ်ဂုဏ်ကျက်သရေများကို ပြန်လည်ဖော်ဆောင်နိုင်လိမ့်မည်။
ဟန်မူယဲ့က ညင်သာစွာ မျက်လုံးမှိတ်လိုက်လေရာ စူးရှသော အလင်းက သူ၏ မျက်ဝန်းထဲမှာ ဖြတ်ပြေးသွားသည်။
သူ၏ လက်ထဲတွင် အဆုံးမဲ့သော အလင်းစီးကြောင်းများက ပေါ်လျှိုးလာပြီး ဘေးပတ်ဝန်းကျင်မှ လေဟာနယ်ထဲသို့ လွင့်မျောသွားသည်။
ယင်းက အစစ်အမှန်ဝိညာဉ်ကိုးကြိမ်ပြောင်းလဲမှု ကျင့်ကြံခြင်းနည်းစနစ် ဖြစ်သည်။
သူ၏ ပြုပြင်မွမ်းမံမှုအောက်မှာ ထိုကျင့်ကြံခြင်းနည်းစနစ်က ခွန်းဝူနယ်မြေအတွင်းမှ မျိုးနွယ်စုအားလုံးဖြင့် သဟဇာတဖြစ်သွားသည်။
ထိုက်ယင်က လက်ဆန့်ထုတ်လိုက်ပြီး အလင်းစီးကြောင်းတစ်ခုကို ဖမ်းယူလိုက်သည်။ သူ၏ အရှိန်အဝါက ပရမ်းပတာ လှုပ်ခတ်သွားသည့်အခါ ဝမ်းနည်းသော အရိပ်အမြွက်က သူ၏ မျက်ဝန်းထဲမှာ ထွက်ပေါ်လာသည်။
“ အဲ့ဒါက အစစ်အမှန်ဝိညာဉ်ကျင့်ကြံခြင်းနည်းစနစ်ပဲ… အတိတ်မှာ အကိုကြီးက တစ်ခါပြောခဲ့ဖူးတယ်… ရှေးခေတ်က ကျင့်ကြံခြင်းနည်းစနစ်တွေကို ပြန်လည်ဖော်ထုတ်တာက ကမ္ဘာဦးသားရဲတွေအတွက် လွတ်လမ်းတစ်ခုကို ရှာတွေ့စေလိမ့်မယ်တဲ့ ”
ထိုက်ယင်က သူ၏ လက်ထဲမှ အလင်းစီးကြောင်းကို ဖျစ်ညှစ်လိုက်သည်။ ထို့နောက် သူက အဝေးမှ ဟန်မူယဲ့ကို ကြည့်လိုက်သည်။
ဟန်မူယဲ့၏ အနောက်တွင် မဟာနေမင်းရွှေကျီးကန်း၏ ပုံရိပ်က တဖြည်းဖြည်း ကြည်လင်ထင်ရှားလာသည်။ ယင်းက ထိုက်ယန်၏ အစွမ်းဖြစ်သည်မှာ သံသယရှိရန် မလိုပေ။
အစစ်အမှန်ဝိညာဉ်ကိုးကြိမ်ပြောင်းလဲမှု… ကမ္ဘာဦးရှေးခေတ်ဆီသို့ ပြန်ခြင်း…
ထိုက်ယန်က ၎င်း၏ စွမ်းအားကို မဟာရှေးဦးအပျက်အစီးလောကထဲသို့ တိတ်တဆိတ် ပေါင်းထည့်ခဲ့သည်။
ဟန်မူယဲ့က ခေါင်းလှည့်လိုက်ပြီး ထိုက်ယင်၏ ဦးတည်ရာဆီသို့ ခေါင်းညိတ်ပြလိုက်သည်။
အစစ်အမှန်ဝိညာဉ်ကိုးကြိမ်လှည့်ပတ်မှုမှတဆင့် သူက အတိတ်ကာလမှ တစ်စုံတစ်ရာကို ခံစားမိသွားသည်။
ထိုက်ယန်က ၎င်း၏ ကိုယ်ပိုင်စွမ်းအားကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြု၍ မဟာနေမင်းရွှေကျီးကန်းအသွင် ပြောင်းလဲခဲ့ကာ မဟာရှေးဦးအပျက်အစီးလောကကို ကာကွယ်ပေးခဲ့သည်။
ဒီတော့ မဟာရှေးဦးအပျက်အစီးလောကရဲ့ လမ်းဆုံးက အတိတ်မှာ ငါခြေမချရဲခဲ့တဲ့ နေရာလား… အဲ့ဒီမှာ ဘာရှိတာလဲ…
“ မြန်မြန် သွားကြစို့… လောကတစ်သောင်းက ပေါင်းစပ်ပြီးနေပြီ… တကယ်လို့ အခုချိန်မှ မင်းမသွားဘူးဆိုရင် အဲ့ဒီကို မင်းဝင်ရောက်နိုင်တော့မှာ မဟုတ်ဘူး ”
ခေးအော့၏ အသံက ထွက်ပေါ်လာသည်။
ထို့နောက် ရွှေရောင်နတ်ဘုရားအလင်းက ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်ကို အလွှာအထပ်ထပ် လွှမ်းခြုံသွားသည်။ တဖြည်းဖြည်း ရွှေရောင်အလင်းလွှာထဲမှ အရာအားလုံးက ပျောက်ကွယ်သွားသည်။
“ ဗုန်း ”
ရွှေရောင်လျှပ်စီးတန်းများက ဟန်မူယဲ့၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာသည်။
“ ငါ့ရဲ့ စွမ်းအားက မလုံလောက်ဘူး… ဒါကြောင့် မင်းကို ဘယ်နေရာဆီ ငါပို့လိုက်လဲ ငါမသိဘူး ”
ခေးအော့၏ အားအင်ချည့်နဲ့သော အသံက တိုးညင်းစွာ ထွက်ပေါ်လာသည်။
ဟန်မူယဲ့ မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ သူက စွန့်ပစ်မြက်ခင်းကုန်းမြေတစ်ခုပေါ်မှာ ရှိနေကြောင်း ရှာတွေ့သွားသည်။
ဤနေရာက လောကတစ်သောင်းယှဉ်ပြိုင်ပွဲအတွက် တိုက်ပွဲနယ်မြေဖြစ်သည်။ သို့သော်လည်း သူက မည်သည့်အဆင့်မှာရှိနေကြောင်း မသိပေ။
“ အညံ့ခံမလား ဒါမှမဟုတ် အသတ်ခံမလား ”
အော်သံတစ်သံက သူ၏ အနောက်မှ ထွက်ပေါ်လာသည်။
ကြယ်စင်စုစကြာဝဠာ၏ အဆင့်ငါးချပ်ဝတ်သခင်နှင့် နှိုင်းယှဉ်နိုင်သော တည်ရှိမှုတစ်ခု သို့မဟုတ် မူလစကြာဝဠာ၏ ကောင်းကင်ဘုံအဆင့်ထက် သာလွန်သော စွမ်းအားက ဟန်မူယဲ့၏ အနောက်မှ ထွက်ပေါ်လာသည်။
နက်ပြာရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော ဆယ်ပေရှည်လျားသည့် ဧရာမပုံရိပ်တစ်ခုက ဟန်မူယဲ့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေသည်။ သူက လက်ထဲမှာ လှံရှည်တစ်လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
မီးခိုးရောင်အလင်းက ထိုစစ်ပွဲလှံကို ရစ်သိုင်းခြုံထားသည်။
ဟန်မူယဲ့က ခေါင်းယမ်းလိုက်သည်။
တစ်ဖက်လူက မျိုးနွယ်ခြားတစ်ဦး ဖြစ်သည်။
သူ့ကဲ့သို့ပင် တစ်ဖက်လူ၏ အရှိန်အဝါက ဤနယ်မြေနှင့် အကျွမ်းတဝင်မရှိဘဲ သူစိမ်းဆန်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ဤနယ်မြေ၏ အသိအမှတ်ပြုမှုကို ရရှိပြီး အနန္တလောကကောင်းကင်ပုတီးစေ့များအတွက် ယှဉ်ပြိုင်ရန် နည်းလမ်းနှစ်ခု ရှိသည်။
ပထမတစ်နည်းက အင်အားစုတစ်ခုကို ဖိနှိပ်ရန် သို့မဟုတ် သိမ်းသွင်းရန် ဖြစ်သည်။ အခြားတစ်နည်းသည်တော့ တစ်ဖက်အင်အားစုကို အမြစ်ဖြတ်သုတ်သင်ရန် ဖြစ်သည်။
ဟန်မူယဲ့ လက်မြှောက်လိုက်လေရာ အစိမ်းရောင်ဓားအလင်းတစ်ခုက ဖြတ်ခနဲ ဝင်းလက်သွားသည်။
သူက ဤကုန်းမြေမှာ ဓားတာအိုအမွေအနှစ်၏ အေးစက်ထက်ရှသော အကြွင်းအကျန်တစ်စွန်းတစ်စရှိနေကြောင်း အာရုံခံမိသွားသည်။
သူ၏ အထင်က မှန်ကန်သည်။
ဓားချီပျံသန်းထွက်လာသည့်အခိုက် ကောင်းကင်နှင့် မြေပြင်ကြားမှ ဖိနှိပ်မှုစွမ်းအားက အနည်းငယ် လျော့နည်းသွားသည်။
“ ဝှစ် ”
ဓားချီက သူ့အနောက်မှ လေဟာနယ်ကို ဖောက်ထွင်းသွားပြီး လှံရှည်ကိုင်ထားသော မျိုးနွယ်ခြား၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ဖောက်ထွင်းသွားသည်။
ဓားအလင်း ဖြတ်သန်းသွားသည်နှင့် သူ့ကိုယ်ပေါ်မှ ဖိအားက အနည်းငယ် လျော့နည်းသွားကြောင်း ဟန်မူယဲ့ ခံစားမိလိုက်သည်။ ထို့ပြင် သန့်ရှင်းလတ်ဆတ်သော လေညင်းက သူ၏ ဘေးပတ်ပတ်လည်မှာ အစားထိုး ထွက်ပေါ်လာသည်။
ယင်းက ကောင်းကင်နှင့်မြေပြင်၏ တုံ့ပြန်မှု သို့မဟုတ် အခြားတစ်နည်းဆိုရသော် ယင်းက အသိအမှတ်ပြုမှု ဖြစ်သည်။
ထိုသို့အသိအမှတ်ပြုမှုသည် တစ်စုံတစ်ယောက်က ဤလောကနှင့် မည်မျှမြန်မြန် လိုက်လျောညီထွေဖြစ်နိုင်သလဲ ဆိုသည့်အပေါ်မှာ မူတည်သည်။ သို့မှသာ သူတို့က ကောင်းကင်ပုတီးစေ့များကို ရရှိနိုင်ကြလိမ့်မည်။
ဟန်မူယဲ့က ခန္ဓာကိုယ်ကို ပေါ့ပါးစွာ ရွေ့လျားလိုက်ပြီး အစောနက သူအာရုံခံမိခဲ့သော ဓားဆန္ဒ၏ တည်နေရာဆီသို့ ပျံသန်းသွားသည်။
သူ၏ အနောက်တွင် လှံရှည်ကိုင်ထားသော ပုဂ္ဂိုလ်က တုန်ယင်သွားသည်။ ထို့နောက် လှံရှည်က ကျိုးပဲ့သွားပြီး သူ၏ ခန္ဓာကိုယ်က ကွဲထွက်သွားသည်။
အစမှအဆုံးထိ ဟန်မူယဲ့က ထိုပုဂ္ဂိုလ်ကို တစ်ခါမှ လှည့်မကြည့်ခဲ့ပေ။
သူတို့က အဆင့်မတူကြပေ။
သို့ဖြစ်၍ သူက တစ်ဖက်လူ၏ အမျိုးအနွယ်နှင့် သူ့ထံမှ ထူးခြားသော စွမ်းအားများကိုပင် စိတ်မဝင်စားပေ။
လီတစ်ရာ ပျံသန်းပြီးနောက် ဟန်မူယဲ့က သူ၏ အလျင်ကို လျော့ချလိုက်သည်။
ဓားအလင်းတန်းတစ်ခုက သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။
“ အပြင်လူ… အဲ့ဒီနေရာမှာ ရပ်လိုက်စမ်း… ဒီနေရာက လင်းရှောင်ဓားဂိုဏ်းရဲ့ ပိုင်နက်ပဲ ”