( အရှင့်ရဲ့ ငယ်သား ကျွန်တော်မျိုး လီလင်ပုက တရှားကို တိုးတက်အောင် လုပ်ပါ့မယ်!)
Vol. 1 Ch. 4
တော်ဝင် နန်းတော်အတွင်းမှာတော့..
ကျူးကော့လုံရဲ့ နှိုင်းယှဉ်မရတဲ့ မျက်နှာထားနဲ့ ကွဲပြားလှစွာ..
ရှကျိုးယွီတစ်ယောက် ဒုက္ခလှလှ တွေ့နေသည်။
“အရှင်မင်းကြီး နောက်ကျနေပါပြီ။ အနားယူသင့်ပြီ”
“အင်း”
ရှကျိုးယွီ အကြောဆန့်လိုက်ပြီး တော်ဝင် အိပ်ဆောင်သို့ ပြန်ရန် ပြင်လိုက်သည်။
ဒါပေမဲ့မထင်ထားစွာဖြင့် မိန်းမစိုး ကျောက်ကောင်းက လင်ဗန်းတစ်ခုကို သယ်ဆောင် လာပြီး
“အရှင်မင်းကြီး ဒီနေ့ည ဘယ်သူ့ဆီ သွားမှာပါလဲ?”
ထိုလင်ဗန်းပေါ်တွင်.သစ်သားပြားလေးများကို တန်းစီထားသည်။
မိဖုရား၊ ကိုယ်လုပ်တော်ကျန်း၊ ကိုယ်လုပ်တော်လီ၊ ကိုယ်လုပ်တော်ချန်း..
ဒီလိုနဲ့ ကိုယ်လုပ်တော်တွေရဲ့ မျက်နှာလှလှလေးတွေကို ရှကျိုးယွီ မြင်ယောင်သွားသည်။
ဒါပေမဲ့ ထို မိန်းမလှလေးများသည် အများစုအားဖြင့် တိုင်းပြည်အရေးအတွက်သာ လက်ထပ်ယူခဲ့တာဖြစ်ပြီး ကြင်နာမှုလဲ မရရှိခဲ့ကြပေ။ အထိတောင်မခံရသည်မှာ မိဖုရား အပါအဝင် ဖြစ်သည်။
ဒါပေမဲ့!
ထိုမိန်းကလေးတွေရဲ့ အလှက သွားရှုတ်လို့ မရဘူး!
အခုတော့
ဒါတွေအားလုံးက ရှကျိုးယွီ ခေါင်းပေါ် ကျလာခဲ့ပြီ။
ဒီလိုဆိုမှတော့ ငါက ငြင်းစရာလား?
ပြောရရင် ငါ့ရဲ့မစ်ရှင်က တိုင်းပြည်ကို ဖျက်ဆီးဖို့မလား? ဒီတော့ အနောက်ဆောင်က ငါ့မိန်းမတွေရဲ့ အသဲကျော်ပဲလှော်လေး ဖြစ်လာဖို့ကလဲ မစ်ရှင်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ။
ဒီတော့ ငါ ရှကျိုးယွီ ပျော်ပျော်ကြီး ရွေးပေးမယ်။
ဒါပေမဲ့
ဒီလောက်များတဲ့ ငါ့မိန်းမတွေထဲက ငါဘယ်လို ရွေးရတော့မလဲ?
ဟူး..ဘုရင်တစ်ယောက်ရဲ့ ဒုက္ခက ဒါပါလား?
ဟူး… ရွေးချယ်ရတာ နှမြောဖို့ ကောင်းလိုက်တာ။
အချိန်ခဏကြာသည်အထိ တွေဝေပြီးနောက်မှာ..
ရှကျိုးယွီ နောက်ဆုံးတော့ မိဖုရားရဲ့ သစ်သားပြားကို လှန်လိုက်သည်။
မိဖုရားက နန်းတော်ထဲ ရောက်မလာခင်တုန်းက တရှားရဲ့ အလှဆုံးမိန်းမပျိုတဲ့။
လှတာ မလှတာက အဲ့လောက် အရေးမကြီးဘူး။ အရေးကြီးတာက ငါက ဘုရင်ဖြစ်ပါရက်နဲ့ ကိုယ့်မိဖုရားကိုယ် အခုထိ မမြင်ရသေးတာပဲ။
အချိန်ကူးပြောင်းလာတဲ့ အရှေ့ငါးရက်ကလဲ တိုင်းပြည်ကိစ္စတွေကြောင့် အချိန်မရလို့ မသွားခဲ့ရဘူး!
ဒါပေမဲ့..
အခုငါက တိုင်းပြည်ကို ဖျက်ဆီးဖို့ ဆုံးဖြတ်ပြီးမှတော့ အဲ့ဒီအရေးမပါတဲ့ တိုင်းပြည်အရေးတွေကို ဂရုစိုက်စရာလား? ငါ့မိန်းမတွေဆီပဲ သွားမှာပေါ့!
အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်ရပြီမလို့ ကျောက်ကောင်း လျင်မြန်စွာ စီစဥ်လိုက်သည်။
“ အရှင်မင်းကြီး ဒီနေ့ ဖူယွဲ့ အဆောင်မှာ နေမယ်”
ဖူယွဲ့က မိဖုရားရဲ့ နာမည်ပဲ။
သိပ်မကြာခင်မှာ.. ရှကျိုးယွီ ဖူယွဲ့ အဆောင်ကို ရောက်လာခဲ့သည်။
တစ်ချိန်ထဲမှာပဲ ရှကျိုးယွီတစ်ခါမှ မမြင်ဖူးခဲ့သော မိဖုရားကို တွေ့လိုက်ရလေပြီ။
“အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်”
မိဖုရားဖူယွဲ့မှ လေးစားစွာ နှုတ်ဆက်လာသည်။
သူမက မနေနိုင်စွာ မျက်ဝန်းထောင့်မှ ခိုးကြည့်လိုက်သေး၏။
သူမလဲ အရှင်မင်းကြီးကို မတွေ့ဖူးသေးဘူးလေ။
“မိဖုရား ငါကိုယ်တော်ကို ခွင့်ပြုပါ”
“ကိုယ်တို့အထဲဝင်ပြီး စကားပြောကြရအောင်”
.
ရှကျိုးယွီသည် လက်တစ်ဖက်ယမ်းကာ အရင်ဆုံး စကားစထားလိုက်သည်။ သူ့ရဲ့ စိတ်ထဲမှာတော့ တော်တော်လေး အူမြူးနေပြီ။
ဒီမိဖုရား.ဖူယွဲ့က တရှားရဲ့ အလှဆုံးဆိုတဲ့ဂုဏ်ပုဒ်နဲ့ တစ်ကယ် ထိုက်တန်တယ်!
နောက်တစ်နေ့ မနက်မှာ
မနက်ခင်း ညီလာခံ ဖျက်သိမ်းကြောင်း အမိန့်တော်က ဖူယွဲ့နန်းဆောင်မှ စတင်ပြီး ပျံ့နှံ့လာခဲ့သည်။
အမတ်တွေအားလုံး အံ့သြ ကုန်လေ၏။
ညီလာခံရဲ့ အမတ်တွေမှတစ်ဆင့် ပြည်သူတွေအထိ ရှကျိုးယွီအား တိုင်းပြည်အရေးကို ဂရုမစိုက်ဘဲ အနောက်ဆောင်မှာ ပျော်မွေ့နေသည့်အတွက် ကျိန်ဆဲကြတော့သည်။
“အသုံးမကျတဲ့ ဘုရင်ကြောင့် တရှားပြည်ကြီး အန္တရာယ်ကျတော့မယ်!”
ဒါပေမဲ့ ရှကျိုးယွီကတော့ စနစ်ရဲ့ လက်ဆောင်တွေကို ပျော်ရွှင်စွာ လက်ခံနေခဲ့သည်။
(ဒင်!)
( ပိုင်ရှင်က မနက်ခင်းညီလာခံ ဖျက်သိမ်းပြီး တိုင်းပြည်အရေးကို လျစ်လျုရှုခဲ့တယ်)
( ကံကြမ္မာအမှတ် တစ်မှတ်လျော့ပါတယ်။ ဆုလာဘ်အနေနဲ့ ဘုရင့်ဓားတော် ချန်းယင်ဓားကို လက်ခံစေ)
စနစ်ရဲ့ အသံကြောင့် ရှကျိုးယွီ နိုးသွားပြီး…
ဖူယွဲ့နန်းဆောင်ရဲ့ သလွန်ပေါ်မှ အိပ်ချင်မူးတူး ထထိုင်လိုက်သည်။
ချက်ချင်းပဲ စနစ်က ပေးထားတဲ့ သိုလှောင်နေရာကို မြင်လိုက်ရသည်။
ထို နေရာမှာ ဓားရှည်တစ်ချောင်း ရှိနေသည်။
ဓားရှည်က ၃ ပေ ၆ လက်မလောက်နီးနီး ရှိပြီး ကိုယ့်မျက်နှာကိုယ် ပြန်မြင်ရလောက်အောင် ပြောင်ချောကာ ငွေရောင်လက်နေသည်။
တစ်ချိန်ထဲမှာပဲ ဘုရင်တစ်ယောက်ရဲ့ လွှမ်းမိုးနိုင်တဲ့အရှိန်အဝါကို ထုတ်ပေးနေလေ၏။
ဓားရဲ့ လွှမ်းမိုးနိုင်စွမ်းကို ကြည့်နေရင်း မနေနိုင်တော့တာမို့ ရှကျိုးယွီ အမိန့်ပေးလိုက်သည်။
“ထွက်ခဲ့!”
နောက်တစ်စက္ကန့်မှာ
ဟင်းလင်းပြင်ကို ကျော်ဖြတ်ပြီး..
ချန်းယင်ဓားပေါ်ထွက်လာခဲ့သည်။
အေးစက်တဲ့အရှိန်အဝါနဲ့အတူ.လွှမ်းမိုးဖွယ် အာဏာကို အပြည့်အဝ ဖော်ထုတ်လိုက်လေ၏။
“ကောင်းလိုက်တဲ့ဓား!”
ထိုအချိန်မှာ အိပ်နေဆဲဖြစ်သော မိဖုရားဖူယွဲ့ နိုးလာခဲ့သည်။
ဖူယွဲ့က သူမရဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းကို စောင်နဲ့ဖုံးအုပ်လိုက်ပြီး လှပတဲ့ဟန်ပန်ကို ထိန်းသိမ်းရင်း ထိတ်လန့်စွာ မေးလိုက်သည်။
“အရှင်မင်းကြီး အဲ့ဒါဘာလဲ?”
ရှကျိုးယွီ ဓားကို ဓားအိမ်ထဲ ပြန်ဝင်စေလိုက်ရင်း တည်ငြိမ်စွာဖြင့်
“ မိဖုရား ဒီဓားကို ချန်းယင်ဓားလို့ခေါ်တယ်။ မကြောက်ပါနဲ့”
လက်တစ်ချက် လှုပ်ရှားလိုက်သည်နှင့် ချန်းယင်ဓားက လေဟာနယ်ထဲ ဝင်ရောက် ပျောက်ကွယ်သွားသည်။
ပြီးတာနဲ့ ရှကျိုးယွီက အိပ်ယာပေါ် ပြန်တက်လိုက်သည်။
ညတာကတိုပြီး နေထွက်ချိန်မြန်တယ်။.အခုကစပြီး ဒီ အရှင်မင်းကြီးက မနက်အစော ညီလာခံ မတက်တော့ ဘူးကွ!
ထင်တဲ့အတိုင်းပဲ
ဒီရှေးခတ်က ငါ့ကို စိတ်မပျက်စေခဲ့ဘူး။
ဒီလိုနဲ့ပဲ ရှကျိုးယွီသည် တစ်ဖန်ပြန်လည်ကာ နူးညံ့မှုထဲ စီးမြောလိုက်တော့သည်!
ညနေရောက်မှသာ ဖူယွဲ့အဆောင်မှ ပြန်ထွက်လာခဲ့သည်။
“ကျောက်ကောင်း အမတ်ချုပ်ကြီး သွားပြီလား?”
တော်ဝင် စာဖတ်ခန်းထဲမှာ ရှကျိုးယွီ ပုံမှန်လိုပဲ မေးလိုက်သည်။
“ အရှင်မင်းကြီး.. အမတ်ချုပ်က ဒီမနက် အစောကပဲ နယ်စပ်ကို ထွက်သွားခဲ့ပါတယ်”
ရှကျိုးယွီ အနည်းငယ် ခေါင်းညိတ်လိုက်သည်။
“ ဋ္ဌာနကြီးခြောက်ခုရဲ့ အမတ်တွေနဲ့ ဒုတိယ အမတ်ချုပ် လီလင်ပုကို တော်ဝင်စာဖတ်ခန်းမှာ လာတွေ့ဖို့ အမိန့်ထုတ်လိုက်!”
စာဖတ်ခန်းရဲ့ စားပွဲပေါ်ရှိ ပုံအောနေသော စာလိပ်ပုံကိုကြည့်နေရင်း ရှကျိုးယွီ စိတ်မပါတော့ပေ။
“ဒီငယ်သား နာခံပါတယ်!”
ကျောက်ကောင်း သတိကြီးစွာ ဖြေကြားပြီးသည်နှင့် အတွေးစတော့သည်။
ကြည့်ရတာ အရှင်မင်းကြီးက အတည်လုပ်တော့မဲ့ပုံပဲ။
အရှင်မင်းကြီးက ညီလာခံမှာ ဖြေရှင်းဖို့ မတွေးခဲ့ဘဲ ကိုယ်တိုင်ကိုယ်ကျ စီရင်ဖို့ ကြံနေတာပဲ။
လီလင်ပု တော့ ဒုက္ခရောက်ပြီ။
သက်ပြင်းတစ်ချက် ချပြီးနောက်မှာ ကျောက်ကောင်းသည် အမှောင်ထုကြား.ပျောက်ကွယ် သွားခဲ့သည်။
ကျောက်ကောင်းက လုပ်ရည်ကိုင်ရည်ရှိသည်။
နာရီဝက်အတွင်းမှာပဲ..
အမတ်ခြောက်ယောက်နဲ့ လီလင်ပု တို့ တော်ဝင်စာဖတ်ခန်းသို့ ရောက်လာခဲ့သည်။
အမတ်ချုပ် ကျူးကော့လုံ မရှိတော့သည့်အတွက် ဒီဋ္ဌာနခြောက်ခုရဲ့ အမတ်ကြီးခြောက်ယောက်နဲ့ ဒုတိယအမတ်ချုပ် လီလင်ပု သည် လက်ရှိမှာ မြို့တော်ရဲ့ အသန်မာဆုံးပင်။
“အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်!”
အကုန်လုံး ညီညာစွာ အရိုအသေ ပေးလိုက်ကြသည်။
ရှကျိုးယွီ ခေါင်းတစ်ချက် ညိတ်ပြပြီး
“ထိုင်ကြပါ”
အမတ်တွေ အချင်းချင်း အကြည့်ဖလှယ်လိုက်သည်။ ဒီအရှင်မင်းကြီး ဘာတွေစဉ်းစားနေလဲ သတိထားနေကြလေ၏။
ကံကောင်းစွာဖြင့်
ရှကျိုးယွီကလဲ သူတို့နဲ့ ရူးချင်ယောင် ဆောင်တိုင်း မဆော့ချင်နေဘူး။
“ အမတ်ကြီးတို့ အားလုံးက ဋ္ဌာနတိုင်းရဲ့ ခေါင်းဆောင်အမတ်တွေဖြစ်ပြီး တိုင်းပြည်ရဲ့ ထောက်တိုင်လို့ ပြောလို့ရတယ်”
“ ဒီနေ့ ညပိုင်းကြီး နောက်ကျမှ ခေါ်လိုက်ရတာက အရေးကြီးကိစ္စ ရှိနေလို့ပဲ။ ဒီစာလိပ်တွေကို အမတ်တို့ ကူညီပေးမယ်လို့ ငါကိုယ်တော် မျှော်လင့်မိတယ်”
ရှကျိုးယွီက စားပွဲပေါ်က စာလိပ်ပုံကြီးကို လက်ညိုးထိုးရင်း ပြောလိုက်တာပင်။
အမတ်တွေအကုန် လန့်သွားကြသည်။
အထူးသဖြင့် အမတ်တွေထဲက အသက်အကြီးဆုံးနဲ့ အတွေ့အကြုံအရှိဆုံး ဖြစ်တဲ့ ဝတ်ပြုမှုပိုင်းဋ္ဌာနရဲ့ ခေါင်းဆောင် အမတ်ကြီး ယောင်ဖန်း ပဲ။
“အရှင်မင်းကြီး မဖြစ်ပါဘူး!”
“စာလိပ်တွေကို ဖတ်ရှုရတာက အရှင်မင်းကြီးရဲ့ လုပ်ပိုင်ခွင့်အာဏာပါ။ ကျွန်တော်မျိုးတို့လို အမတ်တွေက ဘယ်လိုများ စည်းကျော်ရဲမှာလဲ?”
“ကျွန်တော်မျိုးတို့ရဲ့ ဘိုးဘေးတွေကလဲ တားမြစ်ထားခဲ့တယ်! ညီလာခံရဲ့ ဥပေဒကလဲ ခွင့်မပြုထားပါဘူး! အရှင်မင်းကြီး ကျေးဇူးပြုပြီး ပြန်စဉ်းစားပေးပါ!”
မုတ်ဆိတ်မွှေး ဖြူများနဲ့ ယောင်ဖန်းရဲ့ ပုံစံသည် အကြောက်တရားကင်းမဲ့ပုံရှိသည်။
ရှကျိုးယွီ အရှေ့မှ ခေါင်းမာတဲ့အဖိုးကြီးကို ကူကယ်ရာမဲ့စွာ စိုက်ကြည့်လိုက်တော့သည်။
“ဒါဆို အမတ်ကြီးတို့ကော ဘယ်လိုထင်လဲ?”
ရှကျိုးယွီက ယောင်ဖန်းကို ချက်ချင်း ပြဿနာရှာဖို့ မလောခဲ့ပေ။ ထိုအစား ကျန်တဲ့သူတွေကို လှည့်မေးလိုက်သည်။
ကျန်တဲ့အမတ်ငါးယောက်က အသံမထွက်ကြဘူး။ ဒါပေမဲ့ လီလင်ပုက မတ်တပ်ရပ်လိုက်ပြီး
“အရှင်မင်းကြီးရဲ့ဆုံးဖြတ်ချက်က သေချာ တွေးတောခဲ့မယ်လို့ ကျွန်တော်မျိုး.ယုံကြည် တယ်”
“အရှင်မင်းကြီးက အရာအားလုံးကို.ပိုင်စိုးတဲ့ သူပဲ။ ဒီကျယ်ပြောတဲ့ တရှားတိုင်းပြည်ကြီးမှာ နေ့စဉ်တင်ပြချက်ကလဲ သေချာပေါက် များပြားမှာ။ အကယ်လို့ အရှင်မင်းကြီးကပဲ အကုန်လုံးကို ဖြေရှင်းနေရမယ်ဆိုရင် ကျွန်တော်မျိုးတို့က ဘယ်မှာ အသုံးကျတော့မှာလဲ?”
ရှကျိုးယွီ ကျေနပ်စွာ ခေါင်းတစ်ညိတ်ညိတ် လုပ်လိုက်သည်။
ငါမင်းကို ချစ်သွားပြီ လီလင်ပု.. သောက်ကျိုးနည်း! မင်းက သစ္စာမရှိတဲ့အပြင် အရှက်ပါမရှိဘူးပဲ.. ဟဟ ငါဒါမျိုးမှ ကြိုက်တာ!
“ ဒုအမတ်ချုပ်လီက တစ်ကယ်ကို တိုင်းပြည်နဲ့ ပြည်သူအပေါ် သစ္စာရှိပြီး တွေးတောပေး တတ်တယ်။ ငါကိုယ်တော် အထူးကျေနပ်မိတယ်!”
“မင်းတို့အခု အမတ်လီကို ကြည့်လိုက်ကြ။ ကိုယ့်ကိုယ်ကို မရှက်ဘူးလား?”
ရှကျိုးယွီရဲ့ စူးရှတဲ့အကြည့်က အမတ် တစ်ယောက်ချင်းဆီပေါ်ကို ကျရောက်သွားသည်။
ဒါပေမဲ့
ကျန်အမတ်တွေက ရှက်ရွံ့မှု ထုတ်မပြလာဘဲ လီလင်ပု ကိုပဲ စိုက်ကြည့်နေကြသည်။
သူတို့ရဲ့ အတွေးထဲမှာတော့ လီလင်ပုကို အပိုင်းပိုင်း ဆုတ်ဖြဲခွင့်ရဖို့ ဆုတောင်းနေကြလေရဲ့။
ဒီ ကျက်သရေမရှိတဲ့ သစ္စာဖောက်က အာဏာရှင်ကို ဘယ်လို ဖိနပ်လျပ်ရမလဲ ကောင်းကောင်းသိတာပဲ!
“အမတ်တို့အားလုံး ငြင်းဆိုချင်တာမရှိဘူး ဆိုမှတော့ ဒီကိစ္စကို အခုလို ဆုံးဖြတ်လိုက်ပြီ”
ရှကျိုးယွီက ငြင်းဆိုခွင့်ပင် မပေးတော့ဘဲ အဆုံးသတ်ပေးလိုက်သည်။
ပြီးတာနဲ့ လှည့်ထွက်သွားသည်။
ဒါပေမဲ့ မကြာခင်မှာ ပြန်လှည့်လာပြန်ပြီး
“ ကျူးကော ငါကိုယ်တော် အမိန့်ပြောမယ်!”
“လီလင်ပု ကို ဒီဝမ်ယွမ် နန်းဆောင်ရဲ့ လက်ထောက်အဖြစ် သတ်မှတ်လိုက်တယ်။ အခုကစပြီး မင်းက ဒီနန်းဆောင်ထဲမှာရှိတဲ့ စာလိပ်တွေကို ငါကိုယ်တော်အတွက် ကိုင်တွယ် ပေးရမယ်။ ဖတ်ကြည့်ရမလား ပယ်ချမလားက မင်းရဲ့လုပ်ပိုင်ခွင့်ပဲ”
“ မင်းတို့ကတော့ မဖတ်ချင်ဘူးဆိုမှတော့။ မနေနဲ့တော့ သွားတော့”
အခုလို သေချာအမိန့်ထုတ်ပြီးချိန်မှပဲ ရှကျိုးယွီ တစ်ကယ်ထွက်သွားခဲ့သည်။
ဒါပေမဲ့
နန်းဆောင်တစ်ခုလုံးကတော့ လုံးဝကို တိတ်ဆိတ်နေလေ၏။
အချိန်အကြာကြီးနေပြီးနောက်မှာ အမတ်ယောင်ဖန်းသည် ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းချလိုက်သည်။
“ပြီးသွားပြီ”
“ပြီးသွားပြီ!”
“လုံးဝပြီးသွားပြီ!”
“အမတ်ချုပ်က မရှိတော့တဲ့အပြင် အခုဆို သစ္စာမရှိတဲ့ အမတ်က အာဏာရသွားပြီ!”
“တရှား တိုင်းပြည်တော့ သွားပြီ!”
ကျန်တဲ့ အမတ်ငါးယောက်လဲ တိတ်ဆိတ်မှုဖြင့် သဘောတူလိုက်ကြသည်။
ဒါပေမဲ့ သူတို့ကတော့ ထုတ်မပြောရဲပါချေ။
သူတို့အနေနဲ့ လီလင်ပုကို ပြောနိုင်တာဆိုလို့..
“သခင်ကြီးလီ ဂုဏ်ပြုပါတယ်!”
“ဒုအမတ်ချုပ်လီ ဂုဏ်ပြုပါတယ်!”
“....”
ဒါပေမဲ့
လီလင်ပုကတော့ တည်ငြိမ်ဟန် ဆောင်နေရင်း
“ အမတ်တို့ လုပ်စရာမရှိတော့ရင် သွားကြပါတော့။ ငါ အရှင်မင်းကြီးရဲ့ စာလိပ်တွေကို ကူညီပေးဖို့ လိုသေးတယ်”
လီလင်ပုရဲ့ ထေ့ငေါ့တဲ့ အပြုအမူကြောင့် ကျန်တဲ့သူတွေ လည်ချောင်းနင်ကာ ထွက်သွားကြတော့သည်။
အကုန်လုံး ထွက်သွားမှသာ လီလင်ပု စိတ်သက်သာစွာ သက်ပြင်းချလိုက်ပြီး
“ နောက်ဆုံးတော့!”
“ငါ.လီလင်ပု ဒီနေ့ကို စောင့်နေခဲ့တာ ကြာပြီကွ!”
“ဆရာပြောခဲ့တာ မှန်တယ်။ ဒီတရှားတိုင်းပြည်က ကျွန်တော် လီလင်ပု အထက်ကို တက်လှမ်းနိုင်မဲ့နေရာပဲ!”
“အရှင်မင်းကြီး စိတ်ချလက်ချနေပါ! ကျွန်တော်မျိုး ဒီတရှားပြည်ကို ကောင်းမွန်စွာကြည့်ရှုပေးမယ်!”
ရှကျိုးယွီ ထွက်သွားပြီဖြစ်ပေမဲ့ လီလင်ပုကတော့ ရိုသေစွာဖြင့် ထွက်ပေါက်ဘက်လှည့်ကာ ဦးညွတ်လိုက်သည်။
ဒီ ဉာဏ်များတဲ့ ဒုအမတ်ချုပ်လီက အခုလိုမျိုး.ရည်မှန်းချက် ကြီးမယ်ဆိုတာ ဘယ်သူ သိခဲ့မှာလဲ?
အမှန်တော့ သူ ဉာဏ်များခဲ့တာတွေကလဲ အထက်ကို တက်လှမ်းနိုင်ဖို့အတွက်ပဲ!
……………