အခန်း (၈)
Vol. 1 Ch. 8
(တိုက်ပွဲသတင်းပို့ချက်… ဘာ! ကံကြမ္မာအမှတ်က ထပ်တက်လာပြန်ပြီလား!)
“ ဒြပ်စင်ငါးမျိုး စုတ်တံ?”
“ တာအိုရတနာတဲ့လား? အဲ့ဒါဘာကြီးလဲ?”
ရှကျိုးယွီ အနည်းငယ် ခေါင်းရှုတ်သွားပြီ။
သူဘယ်လိုမှ ဉာဏ်မှီမနေသလိုပဲ။
တော်သေးလို့ စနစ်က အမြန်ရှင်းပြပေးလာလို့ပင်။
( ဒြပ်စင်ငါးမျိုးစုတ်တံဖြစ်တဲ့ တာအိုရတနာက ဒြင်စင်ငါးမျိုးကို သတ်မှတ်နိုင်သလို တောင်ငါးခုကို ပိုင်းဖြတ်နိုင်တယ်!)
( ဒါပေမဲ့ သုံးချင်ရင် တာအိုသိုင်းပညာ တတ်ကျွမ်းမှဖြစ်မယ်)
ရှကျိုးယွီ ချက်ချင်းပဲ စိတ်မဝင်စားတော့ဘူး။
တာအို သိုင်းပညာတဲ့လား?
ငါသိတာတစ်ခုမှ မရှိဘူး!
“ မဟုတ်သေးဘူး”
“ အခုငါအစောက ရထားတဲ့ ယင်ယန်ရွှေသိုင်းက တာအိုသိုင်းလို့ သတ်မှတ်လို့ရတယ်မလား?”
ရှကျိုးယွီရဲ့ မျက်နှာထားက ချက်ချင်း ထူးဆန်းသွားသည်။
ဒါပေမဲ့ ချက်ချင်းပဲ ခေါင်းပြန်ခါလိုက်ပြီး ထူးဆန်းတဲ့ အတွေးကြီးကို လက်လျော့လိုက်တော့သည်။
“ ထားပါ ငါအခု သုံးလို့မရသေးပေမဲ့ ရတနာဆိုမှတော့သိမ်းထားလိုက်မယ်”
ရှကျိုးယွီ ကျောက်ကောင်းကို ခေါ်လိုက်ကာ
“ ကျောက်ကောင်း ဒီဒြပ်စင်ငါးမျိုးစုတ်တံကို တော်ဝင်စာဖတ်ခန်းထဲ ယူသွားချည်”
ဒီလိုနဲ့ ကျောက်ကောင်း ထွက်သွားပြီး ရှကျိုးယွီက ဖူယွဲ့နန်းဆောင်မှာ နေရစ်ခဲ့သည်။
တိုင်းပြည်အရေးကို ကိုင်တွယ်ဖို့လား?
မဖြစ်နိုင်တာ!
မိဖုရားက ဆွဲဆောင်မှုမရှိလို့ ငါက တိုင်းပြည်ကို သွားကြည့်ရှုပေးရမှာလား? ဒီ ယင်ယန်သိုင်းက စိတ်ဝင်စားဖို့မကောင်းလို့ ငါက တိုင်းပြည်ကိစ္စကို သွားအာရုံစိုက်ပေးရမှာလား?
ဘုရင်ဖြစ်ရတာ အရမ်းမိုက်တယ်လို့ လူတွေ ထင်ကြတယ်။ ဒါဆို ဘုရင်ဆိုးဖြစ်ရတာ သောက်ရမ်းမိုက်တယ်ဆိုတာ သိကြရဲ့လား?
အထူးသဖြင့် အခုလိုမျိုး ပြည်ဖျက်ရင်းနဲ့ ဆုလာဘ်ထိုင်ရမဲ့ အခွင့်အရေးမျိုး ရှိရင်လေ!
ရှကျိုးယွီကတော့ လက်ရှိ အခြေအနေကို အရမ်းစွဲလန်းနေလေ၏။
ယင်ယန်ရွှေသိုင်းကို ရရှိပြီးနောက်မှာ ရှကျိုးယွီရဲ့ ဖူယွဲ့နန်းဆောင်မှာ နေတဲ့ကြာချိန်က ပိုမိုမြင့်တက်လာခဲ့သည်။
တစ်ညကနေ စတင်လိုက်တာက.. သုံးရက် သုံးည ကြာသည်အထိ မထွက်လာသေးဘူး။
ဒီလိုနဲ့ မျက်စိတစ်မှိတ်အတွင်းမှာ ငါးရက်ကုန်သွားသည်။
“ အရှင်မင်းကြီး အိပ်ယာထချိန်ရောက်ပြီ”
မိဖုရားဖူယွဲ့ရဲ့ နူးညံ့တဲ့ စကားသံနဲ့ နှိုးခြင်းခံရတဲ့ နောက်ထပ် မနက်ခင်းတစ်ခုပဲ။
“ ဘာတွေလောနေတာလဲ?”
“ ငါကိုယ်တော် ညီလာခံ တက်ဖို့မှ မလိုတော့တာ။ ပြီးတော့ တိုင်းပြည်အရေးကို လီလင်ပု ကိုင်တွယ်လိမ့်မယ်”
ရှကျိုးယွီရဲ့ ပျင်းရိတဲ့လေသံအပြီးမှာ သူ့ရဲ့လက်တစ်ဖက်က စောင်အောက်ကို တိုးဝင်သွားသည်။
“ အို့!”
“ အရှင်မင်းကြီး!”
“ ဟွန့် မုန်းလိုက်တာ!”
ရှကျိုးယွီရဲ့ လက်ကို မိဖုရားဖူယွဲ့က ညင်သာစွာ တွန်းဖယ်လာရင်း
“ အရှင်မင်းကြီး ကျွန်တော်မျိုးမ ပြောချင်တာ ရှိတယ်”
“ ပြောချင်တာ?”
“ ဆိုပါအုံး။ ငါကိုယ်တော်နဲ့ မိဖုရားရဲ့ကြားက သာယာမှုထက် ဘာကများ အရေးကြီးနေတာလဲ?”
အခုချိန်မှာ ရှကျိုးယွီရဲ့ပုံစံက ရှေးခတ်ရဲ့သမိုင်းဝင် မင်းဆိုးမင်းညစ်တွေ ပြန်ဝင်စားထားသလိုမျိုး ဖြစ်နေသည်။
“ အရှင်မင်းကြီး အခုလို နေနေလို့ မရဘူးလေ”
“ အရှင်မင်းကြီးက ကျွန်တော်မျိုးမရဲ့ အဆောင်မှာ တစ်နေ့လုံး နေနေတော့.. ညီလာခံက အမတ်တွေအကုန် ကျွန်တော်မျိုးမရဲ့လှပမှုကို အပြစ်တင်နေကြပြီ”
“ ပြီးတော့ နယ်စပ်က အမတ်ချုပ်ကြီးထံကနေ တိုက်ပွဲသတင်းပို့ချက် ပို့ထားတာလဲရှိတယ်။ အဲ့ဒီစာစောင်ကလဲ ဒီစားပွဲပေါ်မှာ ရောက်နေတာ နှစ်ရက်ရှိပြီ။ ဖောက်တောင်မကြည့်ရသေးဘူး”
ထိုစကားကိုကြားမှ ရှကျိုးယွီ သတိဝင်လာသည်။
“ တိုက်ပွဲသတင်းပို့ချက်?”
“ ဘာကြောင့်လဲ?”
“ ငါကိုယ်တော် ကျူးကော့လုံကို နယ်စပ်ပို့လိုက်တာ အလျော်ကိစ္စ ဆွေးနွေးဖို့လေ”
“ ဘယ်လိုကြောင့် တိုက်ပွဲသတင်းပို့ချက် ဖြစ်လာရတာလဲ?”
ရှကျိုးယွီ စိတ်ပူနေတာမြင်တော့ ဖူယွဲ့က အဝတ်မပါတာကိုပင် ဂရုမစိုက်တော့ပေ။ အမြန် သလွန်ပေါ်မှထလိုက်ပြီး အိပ်ခန်းအပြင်က စာစောင်ကို သွားယူလိုက်သည်။
ဖူယွဲ့ စာစောင်ယူလာပေးတဲ့အချိန်မှာ
“ ငါကိုယ်တော်ကို ဖတ်ပြပေး”
သူမ အနည်းငယ် အံ့သြသွားပေမဲ့ ဖတ်ပြလိုက်ပါသည်။
“ ချင်းရို့မြို့မှ သတင်း- ဒီငယ်သား ကျူးကော့လုံက အရှင်မင်းကြီး စေခိုင်းတဲ့အတိုင်း ဝေ့တိုင်းပြည်နဲ့ ကောင်းမွန်စွာ အလျော်ကိစ္စ ဆွေးနွေးဖို့ ကြိုးစားခဲ့ပါတယ်”
“ ဒါပေမဲ့ ဝေ့တိုင်းပြည်က ယုတ်ညံ့တယ်။ အရှင်မင်းကြီးကို စော်ကားတဲ့စကားတွေ မပြတ်ပြောဆိုခဲ့တယ်”
“ အဆုံးမှာ ကျွန်တော်မျိုး ရွေးစရာမရှိတော့ဘဲ ဝေ့တိုင်းပြည်ဘက်က လွှတ်တဲ့ သံတမန်ကို သတ်ပစ်လိုက်ရတယ်”
“ ကျွန်တော်မျိုးလဲ မထူးတော့ပြီမို့ လက်ရွေးစင် တပ်သား သုံးထောင်ကို ခေါ်ယူပြီး အနောက်မြောက် လွင်ပြင်ဒေသကို ဦးတည်ရင်း လမ်းတစ်လျှောက်က ရန်သူတွေကို နှိမ်နှင်းခဲ့ပါတယ်!”
“ အရှင်မင်းကြီးရဲ့ ဂုဏ်သိက္ခာမညိုးနွမ်းစေရဖို့ ဒီငယ်သား ကျူးကော့လုံက အသက်ကိုရင်းပြီး တရှားတိုင်းပြည်ကို အလုပ်အကျွေး ပြုပ့ါမယ်။ ကျွန်တော်မျိုး မသေမချင်း အနိုင်တိုက်သွားမယ်!”
ရှကျိုးယွီရဲ့ မျက်လုံးတွေက မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်လာတဲ့အပြင် အသက်ရှုသံလဲ မြန်နေသည်။
“ အနောက်မြောက်ဘက်ကို ဦးတည်ပြီး ဝေ့စစ်တပ်ကို အနိုင်ယူမယ်ဟုတ်လား?”
ရှကျိုးယွီရဲ့ကမ္ဘာကြီး ဇောက်ထိုးမိုးမျှော် ဖြစ်သွားသလိုပဲ။
“ တပ်သားသုံးထောင်ထဲနဲ့ တစ်တိုင်းပြည်လုံးကို ကျူးကျော်စစ်တိုက်ဖို့ ဘယ်ကောင်သူ့ကို သတ္တိတွေ ပေးလိုက်တာလဲ?”
“ ဘယ်လိုတောင်..!”
“ ဘယ်လိုတောင် လုပ်ရဲရတာလဲ!”
“ သူက ပြည်တွင်းရေး အရာရှိတစ်ယောက်လေ! စစ်တပ်က မဟုတ်ဘူး!!”
ရှကျိုးယွီ အံကြိတ်လိုက်ပြီး စနစ်ရဲ့ အတွင်းစာမျက်နှာကို ဝင်ကြည့်လိုက်သည်။
ထင်တဲ့အတိုင်းပဲ။
စနစ်ရဲ့ အတွင်းစာမျက်မှာ အပေါ်ဆုံးမှာ တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ကို ဖော်ပြ ပေးထားသည်။
မူလက ၉၉၄၈ ရောက်နေတဲ့ အမှတ်က ငါးရက်လောက် ဖူယွဲ့နန်းဆောင်မှာပဲ အချိန်ကုန်ပြီးနောက်မှာ ၉၂၀၀ထိကို ရောက်နေခဲ့ပြီးသားပဲ။
အခုတော့!
အခုတော့ ၁၀၃၀၀ ထိ ပြန်ထိုးတက်သွားတယ်!
ရှကျိုးယွီ ခါးသက်စွာ ပြောလိုက်လေသည်။
“ လီလင်ပုကို တော်ဝင်စာဖတ်ခန်းထဲမှာ တွေ့ဖို့ ပြောလိုက်”
တံခါးအပြင်ဘက်က ကျောက်ကောင်းက အမိန့်ကြားသည်နှင့် ချက်ချင်း ဆောင်ရွက်လိုက်သည်။
“ အမတ်ချုပ်ကြီးရဲ့ နယ်စပ်က အောင်မြင်မှုကြောင့် အရှင်မင်းကြီး ပျော်ရွှင် နေသင့်တာမလား?”
“ အရှင်မင်းကြီး.ဘာလို့ ပျော်နေပုံ မပေါက်တာလဲ?”
ရှကျိုးယွီကို အင်္ကျီ ကူဝတ်ပေးနေရင်းဖြင့် သူမက မေးလာသည်။
“ ပျော်ရမယ်!”
“ ငါကိုယ်တော် သေချာပေါက် ပျော်တာပေါ့”
ရှကျိုးယွီ ပြုံးပြလိုက်သည်။
ဒါပေမဲ့ ငိုပြတာထက်ပင် အကျဥ်းတန်နေလေ၏။
တော်ဝင်စာဖတ်ခန်းထဲသို့…
လီလင်ပုနဲ့ ကျောက်ကောင်း ဝင်ရောက်လာခဲ့သည်။
“ ကျွန်တော်မျိုး လီလင်ပု နှုတ်ဆက်ပါတယ် အရှင်မင်းကြီး”
.
တော်ဝင်စာဖတ်ခန်းထဲရှိ စားပွဲရှေ့မှာ ခမ်းနားစွာ ထိုင်နေတဲ့ အရှင်မင်းကြီးကို လီလင်ပု ဝင်လာတာနဲ့ အရိုအသေ ပေးလိုက်သည်။
ရှကျိုးယွီ ဘာမှပြန်မပြောဘဲ တိုက်ပွဲသတင်းပို့ချက်ကို စားပွဲပေါ် ပစ်တင်လိုက်လေ၏။
“ ဘာတွေ ဖြစ်နေတာလဲ? ဘာကိစ္စ အမတ်ချုပ်က ဝေ့တိုင်းပြည်ကို စစ်စရတာလဲ? ဝေ့တိုင်းပြည်ရဲ့ အနောက်မြောက် လွင်ပြင်ဒေသကိုပါ သိမ်းပိုက်လိုက်သေးတယ်?”
ရှကျိုးယွီရဲ့ အကြည့်က အေးစက်နေခဲ့သည်။
“ အဲ့ဒါက အရှင်မင်းကြီးရဲ့ ဆိုလိုရင်း မဟုတ်ဘူးလား?”
လီလင်ပုရဲ့ မျက်နှာထားကလဲ ရှုတ်ထွေးနေသည်။
“ ငါ့ရဲ့ဆိုလိုရင်း?”
“ ငါကိုယ်တော်က အမတ်ချုပ်ကို ဒီတိုင်း အလျော်ပေးဖို့ လွှတ်လိုက်တာပဲ။ ဘယ်လိုလုပ် အခုလို ဖြစ်သွားရတာလဲ?”
အရှင်မင်းကြီးက မသိချင်ယောင် ဆောင်နေတယ်လို့ လီလင်ပု ထင်သွားသည်။
“ မှန်ပါတယ် အရှင်မင်းကြီး။ အခုကိစ္စကို အကုန်သိအောင် လုပ်လို့မဖြစ်ပါဘူး”
“ ဒါပေမဲ့ အမတ်ချုပ်က တော်တော်လေး ထူးချွန်တာတော့ ကျွန်တော်မျိုး ဝန်ခံရမယ်။ အရှင်မင်းကြီးရဲ့ရည်ရွယ်ချက်ကို နားလည်တဲ့အပြင် ပြီးပြည့်စုံစွာ အကောင်အထည် ဖော်နိုင်သေးတယ်”
“ ချင်းရို့မြို့က အသုံးမဝင်တဲ့မြို့ပဲ။ ဒီတော့ အလွယ်တကူ ထုတ်ပေးလိုက်တာနဲ့ ပတ်သတ်ပြီး ဝေ့တိုင်းပြည်ဘက်က သတိထားနေမှာ မဟုတ်တော့ဘူး”
“ ပြီးတော့ အချိန်ကျတာနဲ့ ရန်သူကို အသိမပေးဘဲ အရင်စတိုက်ပစ်လိုက်တယ်!”
“ အဆုံးမှာ အနောက်မြောက် လွင်ပြင်ဒေသကို ယူနိုင်ခဲ့တယ်!”
“ အရှင်မင်းကြီးက ဉာဏ်ပါရမီ ထူးချွန်လှပါတယ်!”
ရှကျိုးယွီ အလွန်အံ့အားသင့်သွားသည်။
“ အမတ်ချုပ်ကို အနောက်မြောက်ဒေသကို ငါကိုယ်တော်လိုချင်တယ်လို့ ဘယ်တုန်းက ပြောခဲ့လို့လဲ?”
ရှကျိုးယွီ ငြင်းနေပေမဲ့ လီလင်ပုကတော့ ချီးကျူးမြဲချီးကျူးဆဲပင်။
“ အရှင်မင်းကြီးရဲ့ ပြီးပြည့်စုံတဲ့ စစ်ဗျူဟာ စကေးနဲ့ အုပ်ချုပ်မှု အရည်အချင်းကို ကျွန်တော်မျိုး မျက်မြင်တွေ့လိုက်ရပါပြီ”
“ အရှင်မင်းကြီး ထုတ်မပြောတာတောင်မှ အမတ်ချုပ်ကြီးကလဲ အပြည့်အဝ အကောင်အထည် ဖော်နိုင်ခဲ့တယ်”
“ အမတ်ချုပ်ကြီးကို ဆုတော်ချီးမြှင့်သင့်တယ်”
လီလင်ပုရဲ့ ပြုံးနေတဲ့မျက်နှာကို မြင်တော့ ရှကျိုးယွီ စိတ်ထဲမှ ရုန်းကန်နေတာတွေကို အဆုံးသတ်လိုက်သည်။
“ ဆုတော်?”
“ ဟုတ်တယ်။ အမတ်လီပြောတာ မှန်တယ်”
“ အမတ်ချုပ်ကျူးကော့လုံကို စစ်တိုက်တာ ရပ်ပြီး မြို့တော်ပြန်လာဖို့ အမိန့်ထုတ်လိုက်”
လီလင်ပု ချက်ချင်းပဲ သဘောပေါက်ကာ ဒူးထောက်ချလိုက်ရင်း
“ ကျွန်တော်မျိုး အမိန့်နာခံပါတယ်”
သူ့ရဲ့နှလုံးသားထဲမှာ အရှင်မင်းကြီးကို အထင်ကြီးလေးစားစိတ်တို့ ပြည့်လျှံလာခဲ့သည်။
အရှင်မင်းကြီးက မြို့တော်ထဲမှာ ရှိနေပေမဲ့ အရှေ့မိုင်များစွာကို ကြိုမြင်နိုင်ပြီး အောင်မြင်မှုတွေ အရယူနိုင်ခဲ့တယ်!
အမတ်ချုပ်ရဲ့ ဝေ့စစ်တပ်ကို ထိုးဖောက်တဲ့ အရည်အချင်းက အံ့မခန်းဆိုပေမဲ့ အချိန်အကြာကြီး စစ်ပွဲဆင်နွှဲထားရတော့ အခုလောက်ဆို ရိက္ခာပြတ်ပြီး စစ်သားတွေလဲ ခံနိုင်တော့မှာ မဟုတ်ဘူး။
ဆက် တိုက်နေရင် ဝေ့စစ်တပ်ရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရလိမ့်မယ်။
အထင်ကြီးဖွယ်ပဲ!
တစ်ကယ်ကို အထင်ကြီးစရာကောင်းတယ်!
ဒါပေမဲ့ ရှကျိုးယွီက ဆက်ပြောလိုက်သေးသည်။
“ ကျူးကော့လုံကို မြို့တော်ပြန်လာဖို့ အမိန့်ထုတ်တဲ့ စာလိပ်ကို ဆယ့်နှစ်လိပ်တိတိ ရေး”
“ ပြန်မလာရင် မင်းမိန့်မနာခံဘဲ တိုင်းပြည်ကိုပုန်ကန်တဲ့ အပြစ်ဒဏ်သက်ရောက်မယ်ဆိုတာ တစ်ခါထဲ သိသာပါစေ!”
ရှကျိုးယွီ စကားဆုံးတာနဲ့ စနစ်ရဲ့ အသံကို ကြားလိုက်ရသည်။
( ပိုင်ရှင်က အောင်မြင်မှုရနေတဲ့ စစ်ပွဲကနေ စစ်တပ်ကို အတင်းအကျပ်ကြီး မြို့တော်ပြန်လာဖို့ အမိန့်ထုတ်ခဲ့တယ်!)
(အခုလို မပြည့်စုံတဲ့ လုပ်ရပ်ကြောင့် တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ် ၁၀၀ လျော့သွားပြီး တောတောင်ရေမြေ မြေပုံ ဆုလာဘ်အနေနဲ့ ရရှိမယ်)
………………….