(ဒီလီလင်ပုက ယုံရရဲ့လား?)
Vol. 1 Ch. 9
“တောတောင်ရေမြေ မြေပုံ?”
ရှကျိုးယွီ နားမလည်ခဲ့ဘူး။
ဒါပေမဲ့ စိတ်ထဲမထားတော့ဘဲ သာမာန် စာလိပ်တစ်ခုအဖြစ်သာ သတ်မှတ်လိုက်သည်။
ဒါကြောင့် စနစ်က ပေးတဲ့ ထိုမြေပုံနဲ့ပတ်သတ်တဲ့ အချက်အလက်တွေကိုတောင် မဖတ်ကြည့်တော့ဘူး။
အခုချိန်မှာ သတင်းကောင်းတစ်ချို့ပဲ သူ ကြားချင်နေသည်။
နှစ်ကြိမ်ဆက်တိုက် ချင်မင်းသားနဲ့ ကျူးကော့လုံဆီကနေ နောက်ကျောဓားထိုး ရပြီးနောက်မှာ သူ့ရဲ့ ဘုရင်ဆိုးလုပ်ရမဲ့ လမ်းကြောင်းကိုပင် မေးခွန်း ပြန်ထုတ်ချင် နေပြီလေ။ ရှရှ မပျော်တော့ဘူး…!
စားပွဲခုံမှာထိုင်နေရင်း ရှကျိုးယွီ ကြာတော့ ပျင်းရိလာသည်။
“ လီလင်ပု ပြောပါအုံး.. ဒီရက်ပိုင်း အမတ်တွေထဲ အခြေအနေ ဘယ်လိိုရှိလဲ?”
အရှင်မင်းကြီး နောက်ဆုံးတော့ အရေးစိုက်တာ လီလင်ပု မြင်လိုက်ရသည်။.ထို့ကြောင့် သူ.ဘာကိုမှ မဖုံးကွယ်ရဲပေ။
“အရှင်မင်းကြီး”
“ရှေ့ရက်တွေမှာ အစိုးရအဖွဲ့ကို စီမံဖို့နဲ့ အရာရှိငယ် သုံးဆယ့်ငါးယောက်ကို ကြီးကြပ်ဖို့အတွက် ကျွန်တော်မျိုး.လူသုံးယောက်ကို ရာထူး တိုးပေးထားတယ်”
“ ပြီးတော့ စွမ်းဆောင်ရည်ရှိတဲ့ အရာရှိငယ် နှစ်ဆယ်ကိုလဲ ရာထူးတိုးပေးထားပါသေးတယ်”
“တော်ဝင်စာလိပ် သုံးထောင်ကိုလဲ အရှင်မင်းကြီးပြန်ကြည့်နိုင်အောင် ကျွန်တော်မျိုး အကျဉ်းချုံးပြီး ပြန်ရေးပေးထားပါတယ်”
ရှကျိုးယွီ အနည်းငယ် အံ့သြသွားကာ
“အဲ့လောက်ကြီးတောင်?”
အရှင်မင်းကြီး နားလည်မှုလွဲသွားမှာ စိုးတဲ့အတွက် လီလင်ပုက စာလိပ်တစ်ခုကို ကမ်းပေးလာရင်း
“ အရှင်မင်းကြီး အချက်အလက် အတိအကျတွေက ဒီစာလိပ်ထဲမှာပါ”
ရှကျိုးယွီ အကြည့်တစ်ချက်.ပြလိုက်သည်နှင့် ကျောက်ကောင်းက နားလည်စွာ စာလိပ်ယူလိုက်လေ၏။
ထို့နောက်မှာ သူ ဖွင့်ဖတ်ကြည့်လိုက်သည်။
“အသစ်ခန့်တဲ့ အရာရှိတွေကော၊ ရာထူးတိုးပေးလိုက်တဲ့ ဒုစစ်ဗိုလ်ချုပ်ကြီး ကောကျီရှင်းနဲ့ စစ်ဆေးရေးအရာရှိ တိရန် ကောက အဆင်ပြေတယ်”
“ ကောကျီရှင်းက စစ်သားဟောင်း ဆိုပေမဲ့ အဲ့ဒီရာထူးအတွက် သင့်တော်တယ်”
“ဒါပေမဲ့ နန်းတော်စစ်ရေးလေ့ကျင့်ရေး ခေါင်းဆောင်ဆရာ ကျူးအန် ကို ရာထူးတိုးပေးလိုက်တာကြတော့ရော?”
“ ဆရာတစ်ယောက်က တိုင်းပြည်ရေးကို ကိုင်တွယ်နိုင်ပါ့မလား?”
ရှကျိုးယွီ မေးခွန်းထုတ်နေပေမဲ့ စိတ်ထဲမှာ တော်တော်လေး ပျော်ရွှင်နေလေသည်။
တော်တယ် လီလင်ပု!
ဒါပေမဲ့..
လီလင်ပုကတော့ အရှင်မင်းကြီး သူ့ကို အပြစ်တင်တယ် ထင်သွားပြီး အမြန် ဒူးထောက်ချလိုက်ကာ
“အရှင်မင်းကြီး.. ကျူးအန်က နန်းတွင်းလေ့ကျင့်ရေးရဲ့ ဆရာတစ်ယောက်ဆိုပေမဲ့ သူက…”
ဒါပေမဲ့ သူပြောလို့ မပြီးခင်မှာပဲ ရှကျိုးယွီ ဆက်ပြောလိုက်သည်။
“ အမတ်လီ ရှင်းပြဖို့ မလိုပါဘူး။ ငါကိုယ်တော် မင်းကို လုံးဝယုံကြည်တယ်”
လီလင်ပု ချက်ချင်းပဲ ရင်ထဲထိသွားလေ၏။
“ အရှင်မင်းကြီး စိတ်အေးလက်အေး နေပါ! ကျွန်တော်မျိုး အရှင်မင်းကြီးကို စိတ်မပျက် စေရပါဘူး”
ရှကျိုးယွီ လက်နဲ့အချက်ပြလိုက်ကာ လီလင်ပုကို မတ်တပ်ပြန်ထခိုင်းလိုက်သည်။
“ဒူးထောက်ဖို့ မလိုဘူး!”
“ ညီလာခံထဲက သူတွေအားလုံးထဲမှာ ငါကိုယ်တော် မင်းကို အယုံကြည်ဆုံးပဲ”
“ မင်းက တစ်ကယ်ကို ထိုက်တန်တယ်!”
လီလင်ပုရဲ့ လုပ်ဆောင်ချက်တွေကို သူ တော်တော် သဘောကျနေလေရဲ့။
ဒီလူက ပြီးပြည့်စုံတဲ့ သောက်ကျင့်မကောင်းတဲ့ ကာရိုက်တာ တစ်ယောက်ပဲ။ ပြည်ဖျက်ဖို့ ငါ လုပ်သမျှအကွက်တွေထဲက အကောင်းဆုံး ရွေးချယ်မှု!
“ အရှင်မင်းကြီးရဲ့ ယုံကြည်ပေးမှုကို ကျေးဇူးတင်ပါတယ်။ ဒီငယ်သားက မထိုက်တန်ပါဘူး!”
“တစ်ကယ်တော့ အရာရှိတွေထဲမှာ လုပ်ဆောင်ရည် ရှိတဲ့သူတွေ အများကြီး ရှိကြတယ်။ သူတို့က သင့်တော်တဲ့ အခွင့်အရေးနဲ့ ရာထူးကို မရကြသေးလို့ပါ အရှင်မင်းကြီး”
ရှကျိုးယွီကတော့ နားထောင်လေလေ ကျေနပ်လေလေပဲ။
လီလင်ပုက သူ့ရဲ့ဘက်တော်သား အရာရှိ တွေအတွက်ပါ ရာထူးတိုးပေးဖို့ တောင်းဆိုပေးနေတာပဲ။
“ ငါကိုယ်တော် မင်းကို စိတ်တိုင်းကျ လုပ်နိုင်ဖို့ အခွင့်အရေး မပေး ထားဘူးလား? ရာထူးတိုးတာကော၊ ရာထူးလျော့တာကော မင်းစိတ်ကြိုက် လုပ်နိုင်တယ်”
“ မင်း ဘာပဲလုပ်လုပ် ယုံကြည်ချက်ရှိရှိ လုပ်။ ငါကိုယ်တော် မင်း နောက်မှာရှိတယ်”
ရှကျိုးယွီ အူးမြူးစွာ ပြောလိုက်သည်။
“ကျေးဇူးပါ အရှင်မင်းကြီး”
“ဒါဆို ကျွန်တော်မျိုး အရှင်မင်းကြီးကိုယ်စား ညီလာခံကို ရှင်းလင်းပေးပြီး အရည်အချင်း ရှိတဲ့ လူသစ်တွေကို ခန့်အပ်လိုက်ပါ့မယ်!”
လီလင်ပုက ထိန်းချုပ်မရတဲ့ အပြုံးနဲ့အတူ စာဖတ်ခန်းမှ ထွက်သွားလေ၏။
ရှကျိုးယွီ အနည်းငယ် တွေဝေသွားသည်။
“ အကျင့်ပျက် အရာရှိတွေက ဒီခေတ်မှာ အလုပ်ကြိုးစားကြတာလား?”
“ ကြည့်ရတာ ငါလဲ အလုပ်ကြိုးစားသင့်ပြီ ထင်တယ် ဟားဟား”
ရှကျိုးယွီ ဖူယွဲ့နန်းဆောင်ကို ပြန်ပြေးချင်နေသည်။
ပြောရရင် မိဖုရားလေးနဲ့ အလုပ်ကြိုးစားရမယ်မလား?
“ အရှင်မင်းကြီး.. အမတ်ချုပ်ရဲ့သားနဲ့ သခင်မလေးက တွေ့ခွင့်တောင်းနေပါတယ်”
ရှကျိုးယွီ ထိုလူနှစ်ယောက်ကို ပြန်စဉ်းစားဖို့ တော်တော်လေး အချိန် ယူလိုက်ရသည်။
“ သူတို့ဘာလို့ ရောက်နေတာလဲ?”
သူ့ရဲ့မှတ်ဉာဏ်ထဲမှာ ထိုနှစ်ယောက်က တော်တော်ဝေးနေသည်။
ငယ်ငယ်တုန်းကတော့ အတူ ကစားဖူးကြသည်။
ဒေါသကြီးတဲ့ ကောင်မလေး ကျူးကော့ချင်းအာကို မှတ်မိသေးသည်။
အချိန်ကူးပြောင်းလာတယ် ဆိုပေမဲ့…
အရင်မှတ်ဉာဏ်တွေက ရှိနေဆဲနေမယ်။
ခဏ တွေးပြီးနောက်မှာ ရှကျိုးယွီ တည်ငြိမ်စွာ ပြောလိုက်သည်။
“ ဝင်ခိုင်းလိုက်”
ကျောက်ကောင်း ချက်ချင်း ထွက်သွားသည်။
လက်ဖက်ရည် တစ်ဝက်လောက် သောက်နိုင်မဲ့ အချိန်ကြာပြီးနောက်မှာ….
ကျူးကော့ချင်းအာနဲ့ ကျူးကော့ချန်ချင်းတို့ ဝင်ရောက် လာခဲ့သည်။
“အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်”
ထိုနှစ်ယောက်က ယဉ်ကျေးစွာ ဦးညွတ်လိုက်သည်။
ရှကျိုးယွီကတော့ ကျူးကော့ချင်းအာကို စိတ်ဝင်တစား ကြည့်နေလေရဲ့။
မတွေ့တာ ကြာတော့ ပုံစံပြောင်းသွားတာပဲ။
အထူးသဖြင့် တာအိုပညာရှင် တစ်ယောက်ရဲ့ အဖြူအမဲဝတ်စုံကြားမှာ သူမက တစ်ခြားကမ္ဘာက သူတစ်ယောက်အဖြစ် ပြောင်းသွားသလို ခံစားချက်ပေးနေသည်။
“ဘာလို့ရောက်လာတာလဲ?”
“ငါကိုယ်တော် ကြားတာ ကျူးကော့ချင်းအာ မင်းက တော်ဝင်ဆရာကြီးရှိတဲ့ တောင်ပေါ်သွားပြီး တာအိုပညာလေ့လာနေတာဆို။ မဟုတ်ဘူးလား?”
ရှကျိုးယွီက ခပ်ပြုံးပြုံးဖြင့် မေးနေတာပင်။
“ အရှင်မင်းကြီး ကျွန်တော်မျိုးမ ကျင့်ကြံနေတာကနေ ပြန်ရောက်တာ မကြာသေးပါဘူး။ အခု နန်းတော်ထဲ ရောက်လာတာလဲ အထူးတောင်းဆိုချက် လုပ်ချင်လို့ပါ”
ကျူးကော့ချင်းအာက နူးညံ့တဲ့အသံဖြင့် ဖြေကြားလိုက်သည်။
“အရှင်မင်းကြီး ကျွန်တော်မျိုးမရဲ့ အဖေကို ပြန်လာခွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်”
“ ဝေ့တိုင်းပြည်ထဲထိ အရမ်း ရောက်သွားရင် အန္တရာယ် များသွားပါလိမ့်မယ်”
ရှကျိုးယွီ ချက်ချင်း သဘောပေါက်သွားသည်။
“ မပူပါနဲ့။ ငါကိုယ်တော် ပြန်လာခိုင်းဖို့ အမိန့်ထုတ်ပြီးသွားပြီ”
ထိုအချိန်မှသာ အရှေ့က မောင်နှမ နှစ်ယောက် စိတ်သက်သာစွာ သက်ပြင်းချနိုင်သွားသည်။
“တစ်ကယ်လား? အရှင်မင်းကြီး”
ကျူးကော့ချန်ချင်း ချက်ချင်း ပျော်ရွှင်သွားကာ
“ အရမ်းကောင်းတယ်!”
“အဖေက အလွန်စွမ်းအားကြီးပြီး စစ်ဗျူဟာလဲ ကောင်းတယ်ဆိုပေမဲ့ ဆက်သွားနေရင် တစ်ကယ် အန္တရာယ်များမှာ။ ပြန်လာခိုင်းလိုက်တာ အကောင်းဆုံးပဲ”
ကျူးကော့ချန်ချင်းရဲ့ စကားကြောင့် ရှကျိုးယွီရဲ့ ရင်ထဲက သံသယတွေ ရှင်းသွားသည်။
ဒီလိုကိုး!
ကျူးကော့လုံက တိုင်းပြည်ရေးမှာ တော်ရုံတင်မကပဲ စစ်တိုက်တဲ့နေရာမှာလဲ ထူးချွန်တာကိုး။ ငါ မအံ့သြတော့ဘူး။
နယ်စပ်သွားခိုင်းလိုက်တာ ငါ မှားသွားတယ်ကွာ!
ရှကျိုးယွီ အချိန်လွန်မှ နောင်တရနေသည်။
ညီလာခံမှာ သူမတူအောင် ထူးချွန်တဲ့ တိုင်းပြည်ရေးရာ အမတ်အိုကြီးက စစ်တိုက်တဲ့နေရာမှာပါ သေလောက်အောင် တော်လိမ့်မယ်လို့ ဘယ်သူက တွေးမိခဲ့မှာလဲ!
ဒီလောက်ဆို ပြိုင်ဘက်ကင်း စစ်နတ်ဘုရား တက်လုပ်လို့ ရနေလောက်ပြီ။
အချိန်အကြာကြီးနေမှပဲ ရှကျိုးယွီ စိတ်တည်ငြိမ်အောင် ပြန်ထိန်းနိုင်သွား၏။
ဒါပေမဲ့ အရှေ့က လူငယ်လေး ကျူးကော့ချန်ချင်းကို ကြည့်နေရင်း အတွေးတစ်ခု ဝင်လာသည်။
ဒီကောင်လေးကိုလဲ.. အသုံးချလို့ ရနိုင်လောက်တယ်။
ထိုအချိန်မှာ ကျူးကော့ချင်းအာရဲ့ အကြည့်တွေက စားပွဲပေါ်က ရွှေရောင်စုတ်တံပေါ်ပဲ ကျရောက်နေခဲ့သည်။
“ ဒါ..ဒါက..”
“ အဲ့ဒါ ယင်ယန် ရွှေစုတ်တံမလား?”
“ အဲ့ဒါကဘယ်လိုလုပ် ဒီမှာရှိနေတာလဲ?”
ကျူးကော့ချင်းအာ အလွန်အမင်း အံ့သြနေသည်။
ဒီငတုံးဘုရင်က အဲ့ဒီစုတ်တံရှိလဲ ဘာလုပ်နိုင်မှာမို့လဲ? စားပွဲပေါ် တင်ထားလိုက်တာများ မသိရင် သုံးတတ်မှာကျလို့။
သူမက တိုက်ရိုက်ပဲ ထုတ်မေးလိုက်သည်။
“ အရှင်မင်းကြီး ဒီစုတ်တံကို.ဘယ်ကရခဲ့လဲ ကျွန်တော်မျိုးမ မေးလို့ရမလား?”
သူမက စိတ်ထဲမှာပဲ အရှင်မင်းကြီးကို ငတုံးလို့ ခေါ်ရဲတာလေ။ ဒါပေမဲ့ အရှေ့က စုတ်တံကို ကြည့်နေရင်း မနေနိုင်တာမို့ ထုတ်မေးလိုက်တာပဲ။
ဒါပေမဲ့ ရှကျိုးယွီက ဒေါသမထွက်ပါချေ။
“ ဘာမှားလို့လဲ?”
သူ ပုံမှန်လို ပြန်မေးလိုက်သည်။
အစောပိုင်းက အတွေးကြောင့် သူ စိတ်ကြည်နေသည်။
“ ဒီစုတ်တံက ထူးခြားကောင်းမွန်တယ် ထင်လို့ ကျွန်တော်မျိုးမ မေးလိုက်တာပါ”
ကျူးကော့ချင်းအာက နူးညံ့စွာဖြင့် အနည်းငယ် မလေးမစား ပြောလိုက်သည်။
ဒါပေမဲ့ သူမရဲ့ ထူးခြားတဲ့ အရှိန်အဝါကြောင့် တစ်ခြားသူတွေနဲ မတူညီဘဲ ချဥ်းကပ်ဖို့ ခဲယဥ်းတယ်လို့ ခံစားရစေသည်။
“ ထားတော့”
“ ငါကိုယ်တော် မင်းကို မစတော့ဘူး။ ဒါက ဒီတိုင်းစုတ်တံတစ်ခုပဲ။ မင်း လိုချင်တယ်ဆိုရင် ပေးလိုက်မယ်”
“ ဒါပေမဲ့ ငါကိုယ်တော်မှာ တောင်းဆိုချက်တစ်ခု ရှိတယ်”
ကျူးကော့ချင်းအာ ခဏလောက် ကြောင်အသွားသည်။
အံ့သြမှုတစ်ချက် ဖြတ်ပြေးသွားသလို သူမရဲ့ မျက်လုံးတွေလဲ လက်သွားလေရဲ့။
သူမ တည့်ပဲမေးလိုက်သည်။
“ တောင်းဆိုချက်ကဘာလဲ?”
ရှကျိုးယွီကလဲ ချက်ချင်း ပြန်ပြောလိုက်သည်။
“ မင်းတို့နှစ်ယောက်ကို အစိုးရ အရာရှိ ရာထူး ယူစေချင်တယ်!”
…………….