ဒုတိယရွေးချယ်မှု
Vol. 11 Ch. 154
"မာကျောမှုခန္ဓာကိုယ်၊ နဂါးပေါင်းစည်းခြင်းနဲ့ ပြဒါးစီး၀တ်ရုံရဲ့ လေ့ကျင့်မှုနှင့်အတူ၊ မင်းရဲ့လေ့ကျင့်မှုတွေက ခွန်အားကို အဆက်မပြတ် တိုးတက်လာနေတယ်။ မင်းရဲ့ ခွန်အားတိုးတက်မှုက အရမ်းကောင်းမွန်တယ်"
ယန်မန်လုံ က သူ့မေးစေ့ကို ပွတ်သပ်ကာ ခေါင်းညိတ်လျှက် "မင်းကို ဒီလောက်ကောင်းတဲ့ လေးကို ပေးတဲ့ ငါ့ကို စိတ်မပျက်ရစေနဲ့၊ ဒီလေးနဲ့ လေ့ကျင့်တာပဲဖြစ်ဖြစ် အနာဂတ်က အောင်မြင်မှုတွေ အတွက်တော့ အာမခံချက်တစ်ခု ရှိလိမ့်မယ်"
"ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်" ယီယွင် က လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လိုက်သည်။ ယီယွင်မှာ အကြောင်းအရာအား လုံလုံလောက်လောက် ထုတ်ဖော်ပြသထားမှန်း သိရှိလေသည်။ ယန်မန်လုံသည် မိမိအား ပြုစုပျိုးထောင်ရန် ကတိကဝတ် ပေးခဲ့သည်။
ယီယွင်မှာ ထိုက်ခန်း လေး ကိုနောက်ကျောတွင်လွယ်ကာ မြားကျည်တောက်ကို ယူလိုက်လေသည်။
ကျည်တောက်ထဲတွင် ထိုက်ခန်း လေး အတွက် အထူးပြုလုပ်ထားသည့် လေစီးမြား များဖြင့် ပြည့်နေသည်။ ၎င်းတို့ကို ရေခဲအေးသတ္တုဖြင့် ပြုလုပ်ထားပြီး မြားတံ၏နောက်ရှိ အမွေးအမှင်များကို ရှေးဟောင်းမျိုးစိတ် ဘီလူးငှက်တစ်ကောင်၏ ငှက်အမွေးများမှ ပြုလုပ်ထားသည်။ ထိုမြားများသည် ပြိုင်ဘက်ထံမှ ယွမ်ချီ စွမ်းအား များကြောင့် လမ်းကြောင်းမပြောင်းနိုင်ပေ။၎င်းတို့မှာ ထိပ်တန်းမြားများဖြစ်သည်။
ထိုကဲ့သို့ တန်ဖိုးကြီးသော မြားများကို ပစ်လွှတ်လိုက်ခြင်းသည် ဖြုန်းတီးရာပင်ဖြစ်လိမ့်မည်။ ကျွမ်းကျင်လေးသမားများသည် ယွမ်ချီ စွမ်းအားအချို့ကို မြားရိုးနှင့် ချိတ်ထားကာ ပစ်ခတ်ပြီးနောက် ၎င်းမြားကို ပြန်လည် ခေါ်ယူတတ်သည်။
မြားများနှင့် လေးများကို ရွေးချယ်ပြီးနောက်၊ နောက်တစ်ခုမှာ အနီးကပ်တိုက်ခိုက်ရေးလက်နက်ဖြစ်သည်။
ယီယွင် သည် နန်းမြို့တော်လက်နက်တိုက်တစ်ခုလုံးကို ပတ်၍ကြည့်လိုက်သည်။ သူ့ရွေးချယ်မှုကို ဆုံးဖြတ်ဖို့ လက်နက်တိုင်းကို ကိုင်ကြည့်လေသည်။
ယခုတစ်ကြိမ်တွင် ယန်မန်လုံ က ဘာမှ မပြောတော့ဘဲ ယီယွင်အား ကိုယ်တိုင် ရွေးချယ်ခွင့်ပေးထားလေသည်။
ယီယွင် က သေချာကြည့်ရှုလျှက်ရှိသည်။နှစ်နာရီကြာပြီးနောက် နောက်ဆုံးတွင် ကျောက်တုံးကြီးတစ်ခုရှေ့တွင် ရပ်နေလေသည်။
ထိုကျောက်တုံးကြီးထဲတွင် ဓားမောက်တစ်ချောင်း မြုပ်လျှက် ရှိနေလေသည်။
၎င်းမှာ ဓားမောက်မှာဖြစ်သော်လည်း လှံနှင့်တူလှသည်။
ဓားမောက်သည် အလျား ခြောက်ပေ၊ လက်ကိုင်မှာ တစ်ပေနှစ်လက်မဖြစ်ပြီး စုစုပေါင်းအရှည်မှာ ခုနစ်ပေနှစ်လက်မဖြစ်သည်။ ၎င်းသည် အရွယ်ရောက်ပြီးသော အမျိုးသားတစ်ဦး၏ အရပ်နှင့် ညီမျှကာ ယီယွင်ထက် များစွာမြင့်မားပေသည်။
ဓားမောက်ပေါ်တွင် ငွေမှင်လိုင်းများရှိသည်။ ထိုငွေမှင်လိုင်းများမှာ ဆောင်းရာသီတွင် ရေကန်တစ်ခုပေါ်တွင် ကွဲအက်နေသော ရေခဲများကဲ့သို့ လှပနေ၏။
ဓားမောက်သည် အလွန်ရှည်သော်လည်း အနံနှစ်လက်မသာရှိသည်။ ဓါး၏ကွေးကောက်မှုသည် အလွန်ညင်သာသည်။ ၎င်း၏အရှည်နှင့်အတူ၊ ဓားကို ဖြောင့်လုနီးပါးဖြစ်စေပြီး ဓားရှည်ကဲ့သို့ခံစားရသည်။
တစ်ချိန်တည်းမှာပင် ဓားမောက်နှင့်ဓားရှည် တပြိုင်တည်းတူလျှက်ရှိသည်။
ဓားမောက်အဖြစ် အသုံးပြုနိုင်ပြီး လှံအဖြစ်လည်း အသုံးပြုနိုင်သည်။
ထိုဓားရှည်မှာ ယခင်ကမြင်ဖူးခဲ့သော ကာတာနာဓား သို့မဟုတ် မီအိုဒါး ဓား (တဖက်သွားဓား) က ယီယွင် ကို အမှတ်ရစေသည်။ “ မီအို(မြောင်)” ဟူသော စကားလုံးသည် နိုင်ငံသားများအား ရည်ညွှန်းပြောဆိုခြင်းမဟုတ် သော်လည်း အညှောင့်ပေါက်သည့် အပင်ကဲ့သို့ သေးငယ်သော ဓါးနှင့် အရှည်ကို ဖော်ပြခြင်းသည်။
မီအိုဒါး ဓား(တဖက်သွားဓား)၊ ကာတာနာဓား သို့မဟုတ် ဆာမူရိုင်းဓားများနှင့် နှိုင်းယှဉ်ပါက ၎င်းတို့သည် ယီယွင်မြင်နေရသော ဓားမောက်ထက် များစွာတိုသည်။
ဓားသွားပိုရှည်လေ ကိုင်တွယ်ရ ပိုအားကောင်းလေဖြစ်ပြီး ဓားသွား ပိုကျဉ်းလေ ဓားမောက်မှာ လှုပ်ရှားရပိုမြန်လေဖြစ်သည်။
ထိုအချက်နှစ်ချက်ဖြင့် ကျွမ်းကျင်ဓားသမားများ၏ ဓားမှာ ရှည်လျားသွယ်လှလျှက် ရှိသည်။
သို့သော် ဓားမောက်မှာ ပိုကျဉ်းပြီး ပိုရှည်လေလေ ပျက်စီးဖို့ ပိုလွယ်လေဖြစ်သည်။ ပြိုင်ဘက်၏လက်နက်၊ ယွမ်ချီ စွမ်းအား ဖြင့်ပင် ကွဲသွားခြင်း သို့မဟုတ် အရိုးများကိုပင် ကျိုးသွားစေနိုင်သည်။
ကာတာနာဓား နှင့် ဆာမူရိုင်း ဓားများသည် ရှည်သည်ဟု ယူဆသော်လည်း တိုက်ပွဲအတွင်း ကျိုးပျက်သွားမည်ကို ကြောက်ရွံ့သောကြောင့် ၎င်းတို့ကို အရှည်ကြီး မပြုလုပ်ထားပေ။
ယခု သီးခြားကမ္ဘာရှိ၊ ကျွမ်းကျင်ဓားသမားပညာရှင်များသည် ကျဉ်းမြောင်းမှုနှင့် အရှည်ကို အပြည့်အဝ အသုံးပြုကာ ပြုလုပ်ထားလေသည်။
အဘယ်ကြောင့်ဆိုသော် ဓားသမားတို့သည် ၎င်းတို့ဖန်တီးထားသော ဓားမောက်များကို အကြွင်းမဲ့ယုံကြည်သောကြောင့်ဖြစ်သည်။
တကယ့်မြင်းခုတ်ဓားတစ်လက်ပါပဲ။ မြင်းတစ်ကောင်ကို နှစ်ပိုင်းခွဲနိုင်စေသည့် ၎င်း၏အရှည်ကြောင့် “မြင်းခုတ်ဓားမောက်”ဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။
ထို ဓားမောက်ဖြင့် ယီယွင် က မြင်းတစ်ကောင်ကို ဒေါင်လိုက် လုံး၀ ခွဲနိုင်စေသည်။ ရန်သူနှင့် သူ၏မြင်းကို ခေါင်းမှ ခြေဖျားအထိ တပြိုင်တည်း ခွဲစေနိုင်သည်။
“ ဒီဟာပဲ ” ယီယွင်က ဓားရိုးကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ကာ ဓားသွားကို ဆွဲထုတ်လိုက်သည်။
“၀မ်” ဓားသည် ကျောက်တုံးမှ ခွဲထွက်သွားသောအခါ၊ဓားသွားမှ တဝီဝီမြည်သံများထွက်လာသည်။ မြည်သံမှာ ပိတ်လှောင်ထားသည့် နဂါးတစ်ကောင် လွှတ်ထွက်လာသည်နှင့် တူလှသည်။ အအေးဓာတ်များလည်း တိုးလာလေသည်။
"ဓားကောင်းတစ်လက်" ယီယွင် ၏ မျက်လုံးများ တောက်ပလာကာ "ဆန်းကြယ်မှု ကိုးပါး ဓားကောင်းကင်သိုင်း" ကို သရုပ်ပြရန်အတွက် ဓားကို အသုံးပြုလေသည်။
၎င်းသည် ဓားမောက်တစ်လက်ဖြစ်သော်လည်း၊ ၎င်းသည် ဓားရှည်နှင့် သိပ်မကွာခြားသောကြောင့် ၎င်းမှာ "ဆန်းကြယ်မှု ကိုးပါး ဓားကောင်းကင်သိုင်း" နှင့် လိုက်ဖက်လှသည်။ တခဏချင်းမှာပင် ယီယွင်အား နှင်းမုန်တိုင်းကဲ့သို့ အလင်းတန်းများ ဖုံးလွှမ်းသွားသည်။
ယီယွင် ဓားသွားမှထုတ်ပေးသော လေအားကြောင့် နံရံများနှင့် ကြမ်းပြင်များပေါ်တွင် သေးငယ်သော ခြစ်ရာများ ကျန်ရစ်သွားစေသည်။
"လုံလောက်ပြီ၊ လှုပ်နေတာကို ရပ်ပါတော့ဟ" ယန်မန်လုံ က ယီယွင်အား ရင်တထိတ်ထိတ်နဲ့ ရပ်တန့်စေလိုက်သည် "တပ်တစ်ထောင် ဓားမောက်၊ မင်းမှာ သူခိုးမျက်လုံးတွေ ရှိမှာသေချာတယ်"
ထိုတပ်တစ်ထောင် ဓားမောက်ကိုလည်း သခင်တစ်ဦးမှ ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။ ထိုက်ခန်း လေး ထက် တန်ဖိုးနည်းသော်လည်း၊ ၎င်းသည် နန်းမြို့တော်လက်နက်တိုက် ၏ အကောင်းဆုံးလက်နက်များထဲမှ တစ်ခုဖြစ်သည်။
“တပ်တစ်ထောင် ဓားမောက်” ကို ရေခဲအေး သတ္တုဖြင့် ပြုလုပ်ထားသည်။ ရေခဲအေး သတ္တုပေါ်တွင်၊ အက်ကွဲနေသော ရေခဲမျက်နှာပြင်နှင့်တူသော လှပသောမျဉ်းများရှိသည်။ထိုမျဥ်းများသည် မူလတွင် မပါရှိသော်လည်း ခက်ခဲကြမ်းတမ်းလှသော သတ္တုအရည်ကြိုခြင်းလုပ်ငန်းစဉ်ကြောင့် ထွက်ပေါ်လာခြင်းဖြစ်သည်။
ရေခဲအေးသတ္တုသည် သဘာဝအတိုင်း အေးခဲနိုင်စွမ်းရှိသည်။ နွေရာသီတွင် ရေကန်ငယ်ထဲရှိ ရေများ အေးခဲသွားစေရန်အတွက် ဓားမောက်ကို ရေကန်ငယ်အတွက်သို့ နှစ်မြုပ်ကာ အသုံးပြုလေ့ရှိသည်။
တခြားလူများ၏ လက်နက်များကို ဖြတ်တောက်ရာတွင် ရွှံ့ကိုဖြတ်သကဲ့သို့ လွယ်ကူစေသည်။ သာမာန်လက်နက်များသာမက ယီယွင်၏ ယာ့ချီ ဓားမောက်ကိုပင် အနည်းငယ်မျှ ပိုင်းခုတ်ရုံဖြင့် တပ်တစ်ထောင်ဓားမောက် ကပျက်ဆီးစေနိုင်သည်။
"ထိုက်ခန်း လေး၊လေစီးမြှား၊ တပ်တစ်ထောင်ဓားမောက်၊ ကောင်လေး၊ မင်းသေချာပေါက် အချီကြီးပွသွားပြီ" ယန်မန်လုံသည် ယီယွင်၏ ထိုက်ခန်း လေး နှင့် တပ်တစ်ထောင်ဓား မောက်ကို ရွေးချယ်ခြင်းအတွက် ရင်ထဲတွင် နာကျင်နေလျှက်ရှိသည်။
ထိုလက်နက်နှစ်ခုနှင့် နှိုင်းယှဉ်ပါက ပျက်စီးခြင်းအရိုးခြင်ဆီမှာ တန်ဖိုးအားဖြင့် များစွာနိမ့်ကျလျှက်ရှိသည်။
"ကောင်လေး၊ မင်းဓားမောက်လောက်တောင် အရပ်မရှည်သေးဘဲ ငါ့ရဲ့ တပ်တစ်ထောင်ဓားမောက်ကို မင်းသိမ်းသွားပြီ" ယန်မန်လုံ ၏မျက်နှာမှာ စိတ်ပျက်နေပုံရသည်။ ယီယွင်သာမဟုတ်၊ တပ်တစ်ထောင်ဓားသည် ယန်မန်လုံ ထက်ပင် ရှည်လျားလျှက်ရှိသည်။
"ဗိုလ်ချုပ်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်" ယီယွင် စိတ်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လိုက်လေသည်။ ယန်မန်လုံ သည် ၎င်းကို နှုတ်ဖြင့် သာပြောဆိုခြင်းကို မုန်းတီးသော်လည်း ယီယွင် ကို ထိုက်ခန်း လေး နှင့် တပ်တစ်ထောင် ဓားမောက် ပေးရန်ရည်ရွယ်ထားလေသည်။ ထိုက်ခန်း လေး ကို ယီယွင်အားပေးရန်အတွက် တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ရွေးချယ်ခေါ်ဆောင်လာသူမှာ ယန်မန်လုံပင် ဖြစ်သည်။
“လက်နက်တွေ ရွေးထားတော့ ပျက်စီးခြင်း အရိုးဓာတ်တွေ က ပြဿနာ မဟုတ်တော့ဘူး။ အဲဒါပြီးရင် မင်းရဲ့မြေ ရှိသေးတယ်၊ သောက်၊ ဒီနေ့ ငါ တော်တော် ကုန်သွားပြီ” ယန်မန်လုံ က ကျိန်ဆဲလိုက်လေသည်။ ယီယွင် ကို အတည်ပြုပြီးနောက်တွင် ယန်မန်လုံမှာ ပို၍ စိတ်အေးလက်အေးဖြစ်ကာပေါ့ပေါ့ပါးပါး ပြောဆိုနေတော့သည်။ ရာထူးကြီးသည် ဟိတ်ဟန်များဖြင့် မနေတော့ပေ။
ယီယွင် က ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်ပြီး "ကျွန်တော်က အလယ်ပိုင်းလွင်ပြင်က ဒါဇင်လောက်ပဲရှိတဲ့လူနည်းနည်းနဲ့ ရောက်လာတာပါ မြေကွက်အကြီးကြီး မလိုဘူးပါဘူး သေးသေးလေးပဲ လုပ်မှာပေါ့"
တိုင်အာနတ်ပြည်ထောင် တွင် ဧကရာဇ်ဘုရင်သည် ကျယ်ပြန့်သော မြေကွက်ပေါ်တွင် အကြွင်းမဲ့ အုပ်ချုပ်ခဲ့သည်။ အုပ်ချုပ်မှုအောက်တွင် ပြည်နယ်ပေါင်း ၁၀၈ ပြည်နယ် ခန့်ပါ၀င်သည်။ ပြည်နယ်တစ်ခုစီကို နယ်စားတစ်ဦးစီ ထိန်းချုပ်ထားသည်။
ထို့နောက် နယ်စားသည် စစ်ဗိုလ်ချုပ်များနှင့် အခြားပြည်နယ် ၀န်ကြီးများထံသို့ နယ်မြေခွဲဝေပေးသည်။
ဗိုလ်ချုပ်သည် ၎င်းကို အိမ်ထောင်စု တစ်ထောင်နှင့် ပြည်ထောင်မြင်းစစ်သည်များကြားတွင် ဖြန့်ဝေမည်ဖြစ်သည်။
ယီယွင် သည် မှူးမတ်များထဲတွင် အနိမ့်ဆုံးဖြစ်သောကြောင့် ယန်မန်လုံ ၏ နယ်မြေထဲတွင်ဖြစ်သည်။
ယန်မန်လုံ က ယီယွင်၏ ပခုံးကို ပုတ်ပြီး "မင်းအနာဂါတ်မှာ တိုးတက်လာမှာပါ၊ မကြာခင် နန်းမြို့တော်ကနေ နယ်မြေတချို့ကို သိမ်းပိုက်တော့မှာမို့ ဒီမြေဟာ ငါ့လက်ထဲ ပြန်ရောက်လာလိမ့်မယ်"
"ဒါဆို မင်းကို မြေကွက်ကောင်းကောင်း ပေးမယ်။ မင်းလူတွေနဲ့ မင်းအစ်မရှေ့မှာ မင်းကို အထင်ကြီးလေးစားအောင် လုပ်ပေးမယ်"
ယန်မန်လုံသည် ယီယွင် ကို အလွန်ဂရုစိုက်လေသည်။
သူသည် တိရိစ္ဆာန်သားရေမြေပုံကို ထုတ်ကာ ယီယွင်အား ပေးမည့်မြေကို ကြည့်ရှုလိုက်လေသည်။
*ဘာသာပြန်သူ၏မှတ်ချက်- ဤနေရာတွင်အသုံးပြုသော အကွာအဝေးများသည် ရှေးခေတ်တရုတ်လူမျိုးများ၏ အတိုင်းအတာဖြစ်သည်။ တစ်ပေ ၂၃ စင်တီမီတာ၊ အရပ် ၁၀ ပေ၊ ၂ ဒသမ ၃ မီတာ ရှိသည်။ ယီယွင် ၏ တပ်တစ်ထောင်ဓားသွားသည် အရှည် ၆ ပေရှိပြီး ၁.၃၈ မီတာရှိသည်။ ဓားမောက် တစ်ခုလုံးသည် အရှည် ၇ ပေ ၂ လက်မရှိပြီး ၁.၆၅ မီတာရှိသည်။ ၎င်းသည် ဆယ့်နှစ်နှစ်အရွယ် ယီယွင် ထက် ပိုရှည်လျားလှသည်။