ရှေးကျသော သားရဲရုပ်ထုကြီး
Vol. 11 Ch. 163
ယီယွင်သည် ကျောက်တံခါး ခြောက်ပေါက်ကို ဖြတ်၍ ကြည့်လိုက်သည်။ ကျောက်တံခါး အားလုံးမှာ တူညီကြပြီး တံခါးများတွင် ရေးထွင်းထားသော အရာများသာ ကွဲပြားကြပါသည်။ ခေါင်းသုံးလုံးသားရဲများ၊ မြွေကြီးများ၊ ငှက်ရိုင်းများနှင့် ငါးမန်းကြီး တစ်ကောင်တို့ ရှိကြသည်။
ကျောက်တံခါးခြောက်ခုထဲမှ တစ်ခုခုကို ရွေးပါ။
ယီယွင်သည် ခေါင်းသုံးလုံးသားရဲ တံခါးဆီသို့ မသွားမီ ခတ္တမျှ တွေးလိုက်သည်။
ထိုအချိန်တွင် ကျိုးခွေ့သည်လည်း ခေါင်းသုံးလုံးသားရဲ တံခါးဆီသို့ လျှောက်သွားသည်ကို ယီယွင် သတိထားမိလိုက်သည်။
"ဟန့်။ အရိုင်းနယ်မြေ နတ်ခန်းမထဲမှာ ချီမယ်ရာ ကျောက်တံခါးက ဝင်ရအခက်ဆုံး ကျောက်တံခါးပဲ။" ကျိုးခွေ့သည် အရိုင်းနယ်မြေ နတ်ခန်းမနှင့် ပတ်သက်သည့် အချို့ အကြောင်းအရာများကို သိထားပုံရသည်။ သူ၏ စကားကြောင့် ယီယွင်မှာ စိတ်လှုပ်ရှားသွားသည်။
"အခက်အခဲတဲ့လား။"
ဤစိုက်ပျိုးမြေသည် ရိုးရှင်းသော နေရာတစ်ခုတော့ မဟုတ်ပေ။
"ဘယ်လိုလဲ။ မင်း ငါနဲ့ ပြိုင်ဖို့ သတ္တိရှိလား။ အရိုင်းနယ်မြေ နတ်ခန်းမက မင်းရဲ့ အရည်အချင်းစစ်မစစ် စမ်းသပ်တဲ့ နေရာပဲ။ ချောင်းမြောင်းတိုက်ခိုက်တာတွေက ဒီမှာ အသုံးမဝင်ဘူး။" ဟု ကျိုးခွေ့က ဆတ်ကနဲ လှည့်ကာ ရွဲ့စောင်းပြောလိုက်သည်။ မနေ့က ယီယွင်၏ ချောင်းမြောင်းတိုက်ခိုက်မှုကို သူသည် ရန်ငြိုးထားနေဆဲ ဖြစ်ကြောင်း သိသာသည်။
ကျိုးခွေ့သည် ယီယွင်လက်အောက်တွင် ရှုံးနိမ့်မှုကို ကြုံခဲ့ရသောကြောင့် ရှက်စရာကောင်းသည်ဟု ခံစားနေရသည်။ ချောင်းမြောင်း တိုက်ခိုက်ခံရမှုတွင် အရေးနိမ့်သွားသည်ကို အမှားအယွင်း တစ်ခုဟု သူထင်သည်။ အရိုင်းနယ်မြေ နတ်ခန်းမသို့ ဝင်ရောက်ခြင်းဖြင့် သူ၏ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်လိုသည်။
ရွှမ်းဝူစစ်တပ်မှ စစ်သည်တော်များသည် ကျိုးခွေ့၏ ဦးဆောင်မှု နောက်သို့ လိုက်ကြပြီး သူတို့သည် သူ၏ နောက်လိုက်များနှင့် ရဲဘော်ရဲဘက်များ ဖြစ်သည်။
စစ်သည်တော်များသည် ခေါင်းသုံးလုံးသားရဲ တံခါးဆီသို့ ဝင်ရန် အခြားနေရာ (၁၆) နေရာတွင် အမြန် နေရာယူလိုက်ကြသည်။
ယီယွင်မှလွဲ၍ ခေါင်းသုံးလုံးသားရဲ တံခါးထဲသို့ ဝင်ရန် ကြိုးစားသူများသည် ရွှမ်းဝူစစ်တပ်မှ ဖြစ်သည်။
ရွှမ်းဝူစစ်တပ်မှ အားကောင်းသည့် လူငယ်များသည် ယီယွင်ကို စူးစူးရဲရဲ ကြည့်နေလေသည်။ ဝံပုလွေအုပ်ထဲသို့ ကျသွားသည့် သိုးငယ်တစ်ကောင်ကို ဝိုင်းကြည့်နေသကဲ့သို့ ခံစားရသည်။
“အရိုင်းနယ်မြေ နတ်ခန်းမမှာ ရန်ပွဲတွေကို တားမြစ်ထားတယ်နော်။ ဖြစ်လာမယ့် အကျိုးဆက်တွေကို လက်ခံနိုင်ရင်တော့ လုပ်ကြ။” ဟု အချင်းချင်းကြား တင်းမာမှုကို သတိပြုမိသော ထိပ်ပြောင်လူကြီးက
တည်တည်ငြိမ်ငြိမ်နှင့် သတိပေးလိုက်သည်။
တိုင်အာအင်ပါယာတွင် ရန်ပွဲများ ဖြစ်လေ့ဖြစ်ထ ရှိသော်လည်း တားမြစ်ထားသည့် နေရာများတွင် မတိုက်ခိုက်သရွေ့ အခြားနေရာများတွင် အသေအပျောက် ဒဏ်ရာများ မပြင်းထန်ပါက တိုက်၍ ရပါသည်။
ထို့ကြောင့် ထိပ်ပြောင်လူကြီးသည် လေ့ကျင့်ရေးတပ်သားများကြားရှိ ရန်ပွဲများကို ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။
သူဦးဆောင်သော အဖွဲ့သည် အခြားသူများနှင့် တိုက်ခိုက်၍ အနိုင်ရပါက ဆုချီးမြှင့်ခံရမည် ဖြစ်ပြီး ရှုံးပါက အပြစ်ပေးခံရမည် ဖြစ်သည်။
"ဒီကောင်တွေက မင်းကို မျက်စိကျနေတဲ့ ယင်ကောင်တွေလိုပဲ။" ဟု ရှုကျန်းက ယီယွင်၏ နောက်မှနေ၍ လှမ်းပြောလိုက်သည်။
ယီယွင်မှာ ပုခုံးတွန့်၍ "ဘာပဲဖြစ်ဖြစ်" ဟု ပြန်ပြောလိုက်သည်။
ထိုသို့ ပြောနေစဉ်တွင် ယီယွင်သည် ခေါင်းသုံးလုံးသားရဲ တံခါးဆီသို့ ဦးတည်သွားနေပြီ ဖြစ်သည်။
ကျိုးခွေ့က ရယ်၍ နောက်က လိုက်သွားလေသည်။
ရွှမ်းဝူစစ်တပ်မှ အခြား တပ်သားများလည်း စုရုံးလာကြသည်။
“ဝူး"
ကျောက်တံခါး အပြည့်အဝ မပွင့်မီ အဖြူရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး ယီယွင်ကို စုပ်ယူလိုက်သည်။
"အိုး"
ယီယွင်၏ အမြင်အာရုံသည် ရုတ်တရက် မှုန်ဝါးသွားပြီး ထိုနောက်တွင် ကြည်လင်လာသည်။ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သူမသိခင် သူ၏ ဦးရေပြား ပူလောင်လာသည်ကို ခံစားလိုက်ရသည်။
ကြောက်စရာကောင်းသည့် တစ်စုံတစ်ခုက သူ့အား စိုက်ကြည့်နေသည်ဟု ခံစားရပြီး ထိုအရာသည် သူ့အပေါ်တွင် ပြင်းထန်သည့် ဖိအား သက်ရောက်နေသည်။
"ဘာဖြစ်တာလဲ။"
ယီယွင်သည် ထူးဆန်းစွာ လွှမ်းမိုးနေသော ဖိအားဆီသို့ ကြည့်လိုက်ရာ သူ၏ ရှေ့တွင် ကြီးမားသော ပျက်စီးခြင်း သားရဲရုပ်ထုကြီး ရှိနေသည်ကို အံ့သြစွာ တွေ့လိုက်ရသည်။
ဤရုပ်ထုသည် ပကတိ အနက်ရောင် ဖြစ်ပြီး တလက်လက် တောက်နေကာ ထိုရုပ်ထု၏ ခန္ဓာကိုယ်သည် ခြင်္သေ့လော ငှက်ကြီးလော ဖော်ပြရန် ခက်ခဲသည်။ ၎င်းတွင် တိရစ္ဆာန်ဦးခေါင်း သုံးခေါင်းရှိပြီး ရှုပ်ပွသော သားမွှေးများ ရှိသည်။ ဦးခေါင်းတစ်ခုစီတွင် ရှိသော မျက်လုံးများသည် ခရမ်းရောင် အလင်းတန်းများဖြင့် လင်းလက်နေသည်။ ၎င်း၏ နောက်ကျောတွင် ပေ (၃၀) ရှည်သော အတောင်ပံကြီး သုံးခုရှိ၍ မည်သည့် အချိန်တွင်မဆို ပျံသန်းသွားရန် အဆင်သင့် ဖြစ်နေသည်။
၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကို ကြည့်မိသည့် ယီယွင်အဖို့ ပြင်းထန်သော ဖိအားကို ခံစားလိုက်ရပြီး သိမ်ငယ်မှု ဖြစ်သွားသည်။
"ဘုန်း"
ထိုသားရဲရုပ်ထုကို ကြည့်နေစဥ် ယီယွင်၏ စိတ်ထဲတွင် ကျယ်လောင်သော မိုးခြိမ်းသံကို ရုတ်တရက် ကြားလိုက်သည်။ ရုတ်တရက် အခြေအနေကြောင့် ယီယွင်သည် ဘာမျှ မတတ်နိုင်သော်လည်း သူ၏ ခေါင်းကို မကြာခဏ ခါရမ်းနေမိသည်။ သူ၏ တစ်ကိုယ်လုံးသည် ပြင်းထန်သည့် ခံစားချက်ကို ခံစားလိုက်ရသည်။
ထိုအချိန်တွင် ယီယွင်၏ နားထဲသို့ အသံတစ်ခု ဝင်လာသည်။ "တိုင်အာအင်ပါယာကို အပြီး မတည်ဆောက်ရသေးခင် တိုင်အာမြို့တော်ရဲ့ ပထမဆုံး မြို့တော်ဝန်က ခေါင်းသုံးလုံး ချီမယ်ရာ ရုပ်ထုကို ဖန်တီးခဲ့တာ။ ဒီရုပ်ထုဟာ တကယ် ရှေးကျတဲ့ မျိုးစိတ်တစ်ခု ဖြစ်ပြီး ဒါကို ရွှေစင် အများကြီး သွန်းလောင်းပြီး ဖန်တီးထားတာ ဖြစ်တယ်။ ပြီးတော့ တိုင်အာမြို့တော်ရဲ့ ပထမဆုံး မြို့တော်ဝန်က
ဒီရုပ်ထုထဲမှာ စိတ်ဝိညာဉ်အစစ်ကို ထည့်သွင်းထားတယ်။"
ရုပ်ထု မပြုလုပ်ခင် ရှေးဦး သားရဲမျိုးစိတ်များ၏ ခန္ဓာကိုယ်အစစ်အား ရွှေရည်များ သွန်းလောင်းထားသည်လား။
မူရင်း ရုပ်ထုသည် ယီယွင်ကို ထိတ်လန့်စေခဲ့ပြီး ဤအရာမှာ အမှန်တကယ်ပင် ရှေးဦး သားရဲမျိုးစိတ် ဖြစ်သည်။ ထို့ကြောင့် ဤမျှ ပြင်းထန်သော ဖိအားတစ်ခု ရှိသည်မှာ အံ့သြစရာ မဟုတ်ပေ။
ဤချီမယ်ရာ ရုပ်ထုရှေ့တွင် ယီယွင်သည် အသက်ရှုရခက်လာသည်။ ရုပ်ထု၏ ပြင်းထန်သော ဖိအားက သူ့ကို မြေပြင်ပေါ် ဒူးထောက်လုနီးပါး ဖြစ်သွားစေသည်။
မတ်မတ်ရပ်နိုင်ရန် ယီယွင်သည် အံကြိတ်ကာ သူ၏ လေးလံသည့် ပြဒါးဝတ်ရုံကို လျှောချလိုက်သည်။
ထိုအချိန် ယီယွင်အနားတွင် အဖြူရောင် အလင်းများ ပေါ်ထွက်လာသည်။ ရွှမ်းဝူစစ်တပ်မှ တပ်သား
များကို တစ်ယောက်ပြီးလျှင် တစ်ယောက် ရုပ်ထုရှိရာသို့ စေလွှတ်လိုက်သည်။
ရုပ်ထုရှေ့ ပထမဆုံး ရောက်သွားသည့် တပ်သားမှာ ကျိုးခွေ့ ဖြစ်သည်။ ကျိုးခွေ့မှာ အစွမ်းအစ ရှိသည် ဟု ဆိုရမည်။ ချီမယ်ရာ ရုပ်ထု၏ ပြင်းထန်သောဖိအားရှေ့တွင် သူသည် မတ်မတ်ရပ်ရန် ကြိုးစားရင်း ခန္ဓာကိုယ် ခါရမ်းသွားရုံသာ ဖြစ်သည်။
အခြားသူများမှာမူ ပို၍ အခြေအနေ ဆိုးပါသည်။ သူတို့သည် အစွမ်းအစ မရှိကြချေ။ သူတို့သည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း ထိုကဲ့သို့ ပြင်းထန်သော ဖိအားများကို ရုတ်တရက် ခံစားလိုက်ရသောအခါ တုန်လှုပ်ချောက်ချား သွားကြသည်။ သူတို့သည် ဤဖိအားကို ခံနိုင်ရည် မရှိကြပေ။ တစ်ယောက်ပြီး တစ်ယောက် တုန်လှုပ်ချောက်ချား၍ မြေပေါ် လဲကျသွားသည်။
သူတို့သည် အပြင်လောကတွင် များစွာ ကြွားဝါခဲ့သော်လည်း သူတို့၏ အရည်အချင်းနှင့် ထိုက်တန်မှုကို စမ်းသပ်လိုက်သောအခါ အပြောနှင့် မလုံလောက်တော့ပေ။
"အမှိုက်လိုဟာတွေ။ ပျော့တိပျော့ဖတ် လုပ်မနေနဲ့။" ကျိုးခွေ့သည် ကျိန်ဆဲရန် ခွန်အား ရှိနေသေးသည်။ အမှန်တကယ်တွင်လည်း သူသည် အတော် သန်မာသည့် ခန္ဓာကိုယ် ရှိပြီး ဖိအားအောက်တွင် နေနိုင်ခြင်းက သူ၏ ခွန်အားပင် ဖြစ်သည်။
"လာ...ဘယ်သူက ပိုပြီး သန်မာလဲဆိုတာ ပြိုင်ရအောင်။" ဟု သူက ယီယွင်ကို ပြုံး၍ ပြောလိုက်သည်။
ကျိုးခွေ့မှာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် တဟားဟား ရယ်မောနေသည်။
ယီယွင်က ကျိုးခွေ့ကို တစ်ချက် ကြည့်လိုက်ပြီး ဘာမှ မတုံ့ပြန်လိုက်ပေ။ သူသည် အရိုင်းနယ်မြေ နတ်ခန်းမ အတွင်းရှိ အရာအားလုံးကို စူးစမ်းကြည့်နေမိသည်။
အရိုင်းနယ်မြေ နတ်ခန်းမသည် ရှေးဦး သားရဲမျိုးစိတ်များ၏ ဖိအားကို ခံနိုင်ရည်ရှိသည့် နေရာတစ်ခုထက် ပိုပါသည်။ ဤကျင့်ကြံရေး နယ်မြေတွင် တန်ဖိုးအရှိဆုံး အရာမှာ ရှေးဦး သားရဲရုပ်ထုအတွင်းရှိ ပညာရှင်၏ စိတ်ဝိညာဥ် အစစ်ကို နားလည်ရန် ဖြစ်သည်။
လူတစ်ဦးသည် ရှေးဦး သားရဲမျိုးစိတ်၏ ဖိအားကို ခံနိုင်ရည်ရှိပြီး ပညာရှင်၏ စိတ်ဝိညာဥ် အစစ်ကိုလည်း တစ်ချိန်တည်းတွင် နားလည်ရမည် ဖြစ်သည်။
ပညာရှင်၏ စိတ်ဝိညာဥ် အစစ်ကို သိရှိရန် မလွယ်ကူပေ။ ထို့အပြင် ဤကျင့်ကြံရေးသမားများသည် လူသစ်များ ဖြစ်ပြီး သူတို့တွင် ခွန်အားများစွာ မရှိသောကြောင့် ဖိအားများကို ခံနိုင်ရည်ရှိရန် မလွယ်ကူပေ။ ထို့မျှမကသေး ပညာရှင်၏ စိတ်ဝိညာဥ် အစစ်ကို ကျော်၍ တွေးတောရန်လည်း မလွယ်ကူပြန်ပေ။
ယီယွင်အတွက်ပင် မလွယ်ကူလှပေ။ ခဏကြာသော် သူ၏ နဖူးတွင် ချွေးများ စို့လာသည်။
ကျိုးခွေ့မှာမူ ယီယွင်ထက် ပိုသန်မာပုံ ရသည်။ သူ၏ နဖူးတွင် သွေးကြောများ ပေါ်လာပြီး အရိုးအဆစ်များမှာလည်း အက်ကွဲသံများ ထွက်လာသည်။ သူ၏ ခံနိုင်ရည်မှာ အလွန် အံ့သြစရာကောင်းလှသည်။
ကျိုးခွေ့က ယီယွင်ကို ကြည့်၍ "ဒီကလေးက ငါထင်ထားတာထက် ပိုသန်မာတာပဲ။ သူက ချောင်းမြောင်းတိုက်ခိုက်တတ်ရုံ မကဘဲ အရည်အချင်း တချို့လည်း ရှိတယ်။" ဟု တွေးလိုက်သည်။
ကျိုးခွေ့သည် ယီယွင်နှင့် ယှဉ်ပြိုင်ရန် သူ၏ ခွန်အားများကို စုစည်းထားသောကြောင့် ယီယွင်ကို စောင့်ကြည့်နေသည်မှာ သဘာဝကျပါသည်။ ကျိုးခွေ့သည် သူ၏ ခံနိုင်ရည်နှင့် ဇွဲကောင်းမှုကို အလွန် ယုံကြည်မှု ရှိသည်။ သူသည် အစတွင် ယီယွင်၏ စွမ်းအားကို အမှီမလိုက်နိုင်သော်လည်း အဆုံးတွင် ယီယွင်ကို အနိုင်ယူနိုင်လိမ့်မည်ဟု သူယုံကြည်ခဲ့သည်။ ထို့အပြင် သူသည် အစကတည်းက ယီယွင်ထက် များစွာ သန်မာနေသောကြောင့် အဆုံးတွင် အနိုင်ရရန် သေချာသည်။
ကျိုးခွေ့သည် အောင်မြင်မှုကို မျှော်လင့်ထားသောကြောင့် အပြောင်အပျက်လုပ်မည် မဟုတ်တော့ပေ။ ထိုအစား ယီယွင်၏ လုပ်နိုင်စွမ်း မည်မျှရှိသည်ကို သူကြည့်ချင်သည်။
သို့သော် ကျိုးခွေ့ မသိလိုက်သည်မှာ ယီယွင်က သူ့ကို ယှဉ်ပြိုင်ရန် အာရုံမရှိနေခြင်းပင် ဖြစ်သည်။ အမှန်တကယ်တွင် ယီယွင်သည် ကျိုးခွေ့ကို တွေ့စမှ ယခုအချိန်ထိ မရှိသလိုသာ သဘောထားခဲ့သည်။
ယီယွင်သည် ချီမယ်ရာရုပ်ထုကို သိချင်စိတ် တစ်ခုတည်းဖြင့် သေချာစွာ စစ်ဆေးကြည့်နေသည်။
ဤသည်မှာ ရှေးဦး သားရဲမျိုးစိတ် တစ်ကောင်မှ ချန်ထားရစ်သော ဖိအား ဖြစ်သည်။ ၎င်း၏ ခွန်အားသည် ဖန်တီးသူ မြို့တော်ဝန်ထက် ကျော်လွန်နေပြီး တိုင်အာအင်ပါယာမှ အကြီးအကဲများပင် ၎င်းကို မကိုင်တွယ်နိုင်ပေ။ အကယ်၍ ၎င်းသည် သေတတ်သောကမ္ဘာသို့ ရောက်ရှိသွားပြီး လူတို့သည် ရှေးဦး သားရဲမျိုးစိတ်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ရှေးဟောင်းပစ္စည်းအဖြစ် သိမ်းယူထားမည် ဆိုပါက သွေးချောင်းစီးလိမ့်မည် ဖြစ်သည်။ လူသားပညာရှိများပင်လျှင် ထိုသားရဲမျိုးစိတ်၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို သုံး၍ ၎င်းတို့၏ ခန္ဓာကိုယ်များကို စွမ်းအင် ဖြည့်တင်းချင်လိမ့်မည် ဖြစ်ပြီး ရှေးဦး သားရဲမျိုးစိတ်၏ အမွေအနှစ်များအတွင်း မြှုပ်နှံထားသော စည်းမျဥ်းများကို နားလည်ရန် ကြိုးစားလိမ့်မည် ဖြစ်သည်။
ဤရုပ်ထုသည် ရှေးဦး သားရဲမျိုးစိတ်ဟူသည့် နာမည်နှင့် ထိုက်တန်ပါသည်။
၎င်းအား ရွှေရည်လောင်းထားသော်လည်း ဤသည်မှာ ရှေးဦး သားရဲမျိုးစိတ်နှင့် ယီယွင်၏ ပထမဆုံး တွေ့ဆုံမှုပင် ဖြစ်သည်။
ယီယွင်သည် အရိုင်းနယ်မြေ နတ်ခန်းမထဲသို့ ဝင်ကတည်းက ချီမယ်ရာရုပ်ထုကို မြင်လိုက်သည်နှင့် သူ မနှိမ်နင်းနိုင်ဟု တွေးလိုက်မိသည်။ ဤအတွေးက သူ့အား အသက်ရှူ မြန်လာစေသည်။
သူသည် မျက်လုံးမှိတ်၍ အာရုံစူးစိုက် လိုက်သည်။ သူသည် အသိစိတ်ကပ်၍ သူ၏ စိတ်စွမ်းအားဖြင့် နှလုံးသားအတွင်းရှိ ခရမ်းရောင် သလင်းကျောက်ကို ချိတ်ဆက်လိုက်သည်။ ထို့နောက် ယီယွင်သည် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။
ယီယွင်၏ ရှေ့တွင် ခေါင်းသုံးလုံး သားရဲရုပ်ထုသည် အဖြူရောင် အလင်းတန်းများဖြင့် တောက်ပ
နေသည်။
ခရမ်းရောင် သလင်းကျောက်နှင့် ချိတ်ဆက်သွားသောအခါ သူ၏ စွမ်းအင်သည် သူ၏ ရှေ့တွင်ရှိသော ရှေးဦး သားရဲရုပ်ထုနှင့် ဆက်သွယ်မိပြီဟု ယီယွင် ခံစားလိုက်ရသည်။
သို့သော် ရှေးဦး သားရဲမျိုးစိတ်အား သွန်းလောင်းထားသည့် ရွှေစင်များသည် ထိုမျိုးစိတ်ဆီသို့ ယီယွင်၏ စိတ်စွမ်းအင် ချိတ်ဆက်မှုများကို တားဆီးနေသည်။
ယန်ဓါတ်နှင့် ပြုလုပ်ထားသော ဤရွှေသည် အံ့သြဖွယ်ကောင်းသော သတ္တုတစ်မျိုး ဖြစ်သည်။ ၎င်းသည် ကောင်းကင်အဆင့် ယွမ်ချီစွမ်းအားကို စုပ်ယူနိုင်သော သဘာဝပစ္စည်း တစ်ခုဖြစ်သည်။ ဤရွှေကို အသုံးပြု၍ ရှေးဦး သားရဲမျိုးစိတ်၏ ခန္ဓာကိုယ်အား သွန်းလောင်းထားခြင်းအားဖြင့် ရုပ်ထုထဲမှ ထိုမျိုးစိတ်၏ စွမ်းအင်များသည် နှစ်သန်းပေါင်းများစွာ ကြာသော်လည်း မလျော့ကျသွားဘဲ အဆက်မပြတ် တိုးလာမည့်အပြင် စွမ်းအင်မှာလည်း ပိုမို သန့်စင်လာမည် ဖြစ်သည်။
ချီမယ်ရာ၏ ခန္ဓာကိုယ်သည် တိုင်အာအင်ပါယာ ပထမဆုံး တည်ထောင်သည့် အချိန်ကထက်ပင် စွမ်းအင် ပိုများလာပြီး ၎င်းကို ထိန်းသိမ်းရသည့် ကုန်ကျစရိတ်သည်လည်း ပို၍ မြင့်လာခဲ့သည်။
အရိုင်းနယ်မြေ နတ်ခန်းမရှိ ရှေးဦး သားရဲရုပ်ထု ခြောက်ရုပ်သည် တိုင်အာအင်ပါယာ၏ အဖိုးတန် ရတနာများ ဖြစ်ကြသည်။
ဤအရာအားလုံးသည် ယန်ဓါတ်နှင့် ပြုလုပ်ထားသော ရွှေများ၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။ ၎င်း၏ သဘာဝအရ ထူးခြားမှုကြောင့် စွမ်းအင်များ ဝင်ရန် လွယ်ကူသော်လည်း ထွက်ရန်မူ ခက်ခဲသည်။ စွမ်းအင် ဝင်ရောက်မှုသာ လက်ခံသည်ဟု ဆိုရပေမည်။
ကံမကောင်းစွာဖြင့် ယန်ဓါတ်နှင့် ပြုလုပ်ထားသော ရွှေသည် ရှေးဦး သားရဲမျိုးစိတ်များ၏ ခန္ဓာကိုယ်ကို စွမ်းအင် ဖြည့်တင်းပေးနိုင်သော်လည်း အချိန်ကြာပါသည်။
နှစ်တစ်ထောင် (သို့မဟုတ်) နှစ်တစ်သန်း ကြာပြီးပြီးတိုင်း လူသား ပညာရှိများသည် အသက်ကြီး၍ မစောင့်နိုင်ဘဲ သေဆုံးသွားကြသည်။ တိုင်အာအင်ပါယာ ကဲ့သို့သော စွမ်းအားရှိသည့် အင်ပါယာသာ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းနိုင်ကြသည်။ တိုင်အာအင်ပါယာ၏ ခံတပ်ကြီးက ရှေးဦး သားရဲမျိုးစိတ်များ၏ ခန္ဓာကိုယ် အစစ်များ လုယူခံရခြင်းကို ကာကွယ်ပေးလိမ့်မည် ဖြစ်သည်။
သူသည် အာရုံအပြည့်အဝစိုက်၍ အသက်ရှူခြင်းကို ထိန်းညှိပြီးနောက် ယန်နှင့် ပြုလုပ်ထားသော ရွှေအတွင်းမှ စွမ်းအင်များကို တဖြည်းဖြည်း ဆွဲထုတ်ရန် ခရမ်းရောင် သလင်းကျောက်၏ စွမ်းအင်ကို အသုံးပြုလေသည်။
စွမ်းအင် ပို၍ စုမိလာသည်နှင့် အမျှ ခေါင်းသုံးလုံး သားရဲ၏ အလယ်ဦးခေါင်းသည် ပို၍ တောက်ပလာသည်။ ခေါင်းသုံးလုံး ရုပ်ထု၏ ထောင့်အားလုံးမှ စွမ်းအင်များသည် အခွံမှ ကွဲထွက်သွားသကဲ့သို့ ခေါင်းသုံးလုံး သားရဲ၏ အလယ်ဦးခေါင်းတွင် စတင်စုဝေးလာသည်။
စွမ်းအင်များ အလွန်မကျွံ မဖြစ်ရန် ပေါင်းစည်းလိုက်သောအခါတွင် ယန်နှင့် ပြုလုပ်ထားသော ရွှေမှ ခိုဥအရွယ်အစား အလင်းလုံးလေး တစ်လုံးသည် ခက်ခက်ခဲခဲနှင့် ထွက်လာသည်။ ထိုအလင်းလုံးလေးသည် ခရမ်းရောင် သလင်းကျောက်၏ လမ်းပြမှုအောက်တွင် တဖြည်းဖြည်း လွင့်မျောနေပြီး ယီယွင်ဆီသို့ ရွေ့သွားလေသည်။
ထိုအလင်းလုံးလေးအား မြင်လိုက်ရသောအခါ ယီယွင်မှာ အလွန် ဝမ်းသာသွားသည်။
"ငါလုပ်နိုင်ခဲ့ပြီ။"