ပညာရှင်၏ အမှန်တရား
Vol. 11 Ch. 164
ယီယွင်၏ စမ်းသပ်ချက်မှာ အောင်မြင်ခဲ့သည်။ ဤအရာသည် ယန်ဓါတ်နှင့် ပြုလုပ်ထားသော ရွှေဖြင့် သွန်းလောင်းထားသည့် ရှေးဦး သားရဲမျိုးစိတ် တစ်ကောင်မှ ရရှိသည့် စွမ်းအင် ဖြစ်သော်လည်း ခရမ်းရောင် သလင်းကျောက်သည် ၎င်းကို စုပ်ယူနိုင်ဆဲပင် ဖြစ်သည်။
ရွှေစွမ်းအင် ထုတ်ယူသည့် လုပ်ငန်းစဉ် ခက်ခဲရခြင်းမှာ ယီယွင်၏ စိတ်ဝိညာဉ်သည် အားနည်းနေသောကြောင့် ဖြစ်သည်။
ယန်ဓါတ်နှင့် ပြုလုပ်ထားသော ရွှေအတွင်းမှ ထုတ်ယူလိုက်သော စွမ်းအင်သည် ရှေးဦး သားရဲမျိုးစိတ်များ၏ စုပေါင်းစွမ်းအင်ထဲမှ အလွန်သေးငယ်သည့် အစိတ်အပိုင်း တစ်ခုမျှသာ ရှိသည်။
အကယ်၍ ယီယွင်၏ စိတ်စွမ်းအင်သာ အားကောင်းခဲ့မယ် ဆိုပါက ယန်ဓါတ်နှင့် ပြုလုပ်ထားသော ရွှေအတွင်းမှ စွမ်းအင်ကို စုပ်ယူရန် ပို၍ လွယ်ကူမည်ဖြစ်သည်။
ယီယွင်သည် ယခင်ကလည်း ခရမ်းရောင် သလင်းကျောက်ကို အသုံးပြု၍ သိပ်သည်းဆများသည့် အလင်းစက်များ ပုံစံရှိသော ပျက်စီးခြင်းအရိုးစွမ်းအင်ကို စုပ်ယူခဲ့သည်။ ယခုတွင်မူ ရှေးဦး သားရဲမျိုးစိတ်ဆီမှ စုပ်ယူလိုက်သော စွမ်းအင်သည် ခိုဥအရွယ်မျှသာ ရှိသော အလင်းလုံးလေးများ ဖြစ်သည်။
ဂရုတစိုက် ကြည့်ရှုစစ်ဆေးနေစဥ် အလင်းလုံးလေးများ အတွင်း၌ အလွန်သေးငယ်သော ချီမယ်ရာအရိပ်များကို တွေ့လိုက်ရသောအခါ ယီယွင်၏ မျက်လုံးများ တောက်ပလာသည်။
ဤခေါင်းသုံးလုံး သားရဲလေးသည် ခေါင်းနှစ်လုံး အပိုပါသော ခွေးပေါက်လေးနှင့် တူလှသည်။ ၎င်းသည် ချီမယ်ရာ ရုပ်တုကြီးထက် ကြမ်းတမ်းခက်ထန်မှု နည်းကာ ပို၍ပင် ချစ်စရာကောင်းနေသည်။
ဤသည်မှာ ချီမယ်ရာ သားပေါက်အရွယ် ပုံစံပင် ဖြစ်သည်။
"ရှေးဦး သားရဲမျိုးစိတ်ရဲ့ စွမ်းအင်ထဲမှာ တစ်ခုခုတော့ ရှိရမယ်။ ဒီစွမ်းအင်ရဲ့ ဖွဲ့စည်းပုံက သန့်စင်လွန်းတယ်။ မယုံနိုင်စရာပဲ။"
ခရမ်းကျောက်စိမ်းဂျင်ဆင်းကဲ့သို့ နှစ်ချို့ ဆေးဖက်ဝင် အပင်များသည် ဝဝဖိုင်းဖိုင်း ကလေးငယ် (သို့) ပိန်ပိန်သေးသေး ကလေးငယ် ပုံစံကဲ့သို့ အသွင်အပြင် ပြောင်းနိုင်သည်ကို ယီယွင် သိထားသည်။
ရှေးဦးမျိုးစိတ်မှ ထုတ်လိုက်သော စွမ်းအင်သည် သေးငယ်သော အလင်းလုံးတစ်လုံးတွင် ထို့သို့သော ပုံသဏ္ဍာန်များ ဖြစ်ပေါ်လာနိုင်သည်မှာ မယုံနိုင်စရာပင် ဖြစ်သည်။
ဤစွမ်းအင်ကို စုပ်ယူလိုက်ပါက မည်သို့ ခံစားရမည်နည်း။
ယီယွင်သည် သေးငယ်သော သားရဲအရိပ်လေး သူ့ဆီသို့ ရွေ့လာရန် ဂရုတစိုက် ထိန်းချုပ်နေသည်။
အနီးကပ် ကြည့်လိုက်သော် သားရဲငယ်လေးသည်
အလွန် ချစ်စဖွယ်ကောင်းသည်ကို သူတွေ့လိုက်ရသည်။ ၎င်းသည် ခိုဥ အရွယ်အစားသာ ရှိသော်လည်း ၎င်း၏ အတောင်ပံများ၊ ခြေသည်းလေးများနှင့် အရေပြားပေါ်မှ အကွက်လေးများကိုပင် ရှင်းလင်းစွာ မြင်ရသည်။
ယီယွင်မှာ ပါးစပ်ကို ဖွင့်လိုက်ပြီး ထိုစွမ်းအင် အလင်းလုံးလေးကို မျိုချလိုက်သည်။
ခဏအကြာတွင် ယီယွင်၏ ခန္ဓာကိုယ်အတွင်း နွေးထွေးသော စွမ်းအင်တစ်ခု တိုးဝင်လာပြီး သူ၏ စိတ်နှင့် သူ၏ ခန္ဓာကိုယ်ထဲရှိ ပင်မစွမ်းအင်ဆီသို့ ရောက်ရှိလာသည်။
ဤစွမ်းအင်သည် ယခင်က သူစုပ်ယူခဲ့သော စွမ်းအင်များနှင့် လုံးဝ ကွဲပြားသည်။ ၎င်းတွင် အလွန်သန့်စင်သော အသက်အဆီအနှစ် ပါရှိရုံသာမက ဝိညာဉ်စွမ်းအင် အချို့လည်း ပါရှိသည်။
ဤဝိညာဥ်စွမ်းအင်သည် ယီယွင်၏ စိတ်ထဲသို့ ဝင်ရောက်သွားပြီး သူ၏ ပတ်ဝန်းကျင်မှာ မှုန်ဝါးသွားသကဲ့သို့ ယီယွင် ခံစားလိုက်ရသည်။
အုံ့ဆိုင်းနေသော အဖြူရောင် အလင်းတန်းထဲတွင် သူ့ကိုယ်သူ ပျံသန်းနေ သကဲ့သို့ ခံစားလိုက်ရသည်။ ကျယ်ပြောလှသော တောအုပ်ကြီး၏ ကောင်းကင်ထက်၌ မီတာထောင်ပေါင်းများစွာ ပျံသန်းနေသလိုပင် ဖြစ်သည်။
ယီယွင်သည် ရှေးဦး သားရဲမျိုးစိတ် အဖြစ်သို့ ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။
ဤရှေးဦး သားရဲမျိုးစိတ်သည် လေထဲတွင် ပျံဝဲရင်း မြေပြင်ပေါ်သို့ ဆင်းသက်ကာ အခြားရှေးဦး သားရဲမျိုးစိတ်များနှင့် ယှဥ်ပြိုင်တိုက်ခိုက်၍ သားကောင်များကို အမဲလိုက်ကြသည်။ ဤပုံရိပ်များသည် ယီယွင်၏ စိတ်ထဲတွင် ပြတ်တောင်းပြတ်တောင်း ပေါ်လာသည်။
ဤမှုန်ဝါးဝါး မြင်ကွင်းများတွင် ယီယွင်သည် ကမ္ဘာအသစ်တစ်ခုကို ထိတွေ့သွားသလို ခံစားလိုက်ရပြီး ထိုပတ်ဝန်းကျင်ရှိ ကောင်းကင်အဆင့် ယွမ်ချီစွမ်းအားကိုလည်း ခံစားမိသွားသည်။ သူသည် ဤမျှ ရှင်းရှင်းလင်းလင်း မခံစားခဲ့ဖူးပေ။
"ဟုတ်တယ်။"
ယီယွင်၏ ခေါင်းထဲတွင် အတွေး လက်ကနဲ ဖြစ်သွားပြီး သူဖတ်ဖူးသည့် စာအုပ်မှ အကြောင်းအရာများကို ပြန်လည် တွေးနေမိသည်။ ရှေးဦး သားရဲမျိုးစိတ်များ၏ စွမ်းအင်တွင် ၎င်းတို့၏ အသက်အဆီအနှစ်များ ပါဝင်ရုံ သာမက ၎င်းတို့၏ အခြေခံနိယာလည်း ပါဝင်သည်။
ရှေးဦး သားရဲမျိုးစိတ်များ၏ ခန္ဓာကိုယ် အကြွင်းအကျန်များကို စားသုံးခြင်းဖြင့် ရှေးဦး သားရဲမျိုးစိတ်များ၏ အခြေခံနိယာမမှ သဲလွန်စ အမှတ်အသားများကို ရရှိနိုင်သည်။ ဤသည်မှာ ပြိုင်ဖက်ကင်း ပညာရှင်များ အိမ်မက်မက်ကြသည့် အရာတစ်ခုပင် ဖြစ်သည်။
ကိုယ်ခံပညာ သင်ယူရာတွင် ပို၍ အဆင့်မြင့်လာလေ အခြေခံနိယာမ အမှန်တရားများမှာ ပို၍ အရေးပါလာလေ ဖြစ်သည်။
အခြေခံနိယာမကို ပြီးမြောက်သောအခါ လူတစ်ယောက်သည် ကောင်းကင်အဆင့် ယွမ်ချီစွမ်းအင်ကို လွတ်လပ်စွာ ထိန်းချုပ်နိုင်မယ် ဖြစ်သည်။
အကယ်၍ ယီယွင်သည် ရှေးဦး သားရဲမျိုးစိတ်များ၏ အခြေခံနိယာမ အမှန်တရားများကို နားလည်နိုင်မည် ဆိုလျှင် သူ၏ ခွန်အားသည် မည်မျှ တိုးတက်လာလိမ့်မည်နည်း။
ယီယွင် နှလုံးခုန် မြန်လာသည်။ သူသည် သူ၏ အနာဂတ်အတွက် မျှော်လင့်ချက်များဖြင့် ပြည့်နေသည်။
ယခုမူ တစ်ခုတည်းသော ဤစွမ်းအင်အလင်းလုံးတွင် အခြေခံနိယာမ အမှန်တရားမှာ အနည်းငယ်သာပါရှိသည်။ ထို့ကြောင့် လုံလောက်မှု မရှိပေ။
ယီယွင်သည် သူ၏ မျက်လုံးကို မှိတ်၍ အာရုံစူးစိုက်လိုက်သည်။ သူသည် အံကြိတ်၍ သူ၏ စိတ်စွမ်းအင်ကို ခရမ်းရောင် သလင်းကျောက်ထဲသို့ တစ်ဖန် ဝင်ခွင့်ပြုလိုက်ပြီး ထိုခရမ်းရောင် သလင်းကျောက်ကို ထိန်းချုပ်ကာ ယန်ဓါတ်နှင့် ပြုလုပ်ထားသော ရွှေမှ စွမ်းအင်များကို တစ်စက်ပြီး တစ်စက် ထုတ်ယူနေသည်။
ခရမ်းရောင် သလင်းကျောက်သည် ရှေးဦး သားရဲမျိုးစိတ်၏ စွမ်းအင်ကို စုပ်ယူနိုင်သော်လည်း ၎င်း၏ ဖိအားသည် ယီယွင်၏ ခန္ဓာကိုယ်ပေါ်တွင် လွှမ်းမိုးနေဆဲ ဖြစ်သည်။
ထိုသို့သော အခြေအနေအောက်တွင် ရှေးဦး သားရဲမျိုးစိတ်၏ စွမ်းအင်ကို စုပ်ယူရန် မလွယ်ကူပေ။
ဆယ့်ငါးမိနစ်နီးပါး ကြာပြီးနောက် ယီယွင်သည် ယန်ဓါတ်နှင့် ပြုလုပ်ထားသော ရွှေအတွင်းမှ ဒုတိယမြောက် စွမ်းအင်အလင်းလုံး တစ်လုံးအား ထုတ်ယူနိုင်ခဲ့ပြီး ထိုအလင်းလုံးသည် သူ့ဆီသို့ ဖြည်းညှင်းစွာ ရွေ့လာသည်။
ရှေးဦး သားရဲမျိုးစိတ်များ၏ စွမ်းအင်သည် အားကောင်းသော်လည်း ခိုဥအရွယ် အလင်းလုံးတွင် စွမ်းအင်များစွာ မပါဝင်ပေ။ ယီယွင် ခံနိုင်ရည်ရှိသော အနေအထားပင် ဖြစ်သည်။
ဒုတိယ အလင်းလုံးကို ယီယွင် ထပ်၍ မျိုချလိုက်သည်။
မကြာမီတွင် နွေးထွေးမှုတစ်ခုက ယီယွင်၏ ခန္ဓာကိုယ်ထဲကို ဝင်လာပြန်သည်။ ရှေးဦး သားရဲမျိုးစိတ်၏ မှတ်ဉာဏ် ပုံရိပ်များသည်လည်း ပို၍ ရှင်းလင်းလာသည်။
ယီယွင်သည် သူ့ကိုယ်သူ ရှေးဦး သားရဲမျိုးစိတ်အဖြစ် ခံစားခဲ့ရပြီး အခြေခံ နိယာမများကိုလည်း အာရုံခံနိုင်ခဲ့သည်။
ထို့နောက် ကြီးမားသော ထိုအခက်အခဲများ အောက်တွင် ယီယွင်သည် တတိယနှင့် စတုတ္ထ အလင်းလုံးလေးများကို စုပ်ယူနိုင်ခဲ့သည်။
အလင်းလုံး လေးလုံးအား မျိုချလိုက်ပြီးနောက် ယီယွင်၏ ခေါင်းထဲရှိ ပုံရိပ်များသည် ပြီးပြည့်စုံသွားတော့သည်။ သူ့အား စိတ်လှုပ်ရှား တုန်လှုပ်သွားစေသည့် မြင်ကွင်းကို တဖြည်းဖြည်းနှင့် တွေ့လိုက်ရသည်။
တိမ်ရိုင်း နယ်မြေ၏ လွင်ပြင်ကျယ်ကြီးကို သူ မြင်လိုက်ရသည်။ လွင်ပြင်များအထက်ရှိ ကြီးမားကျယ်ပြန့်သော ကောင်းကင်ပြာကြီးပေါ်တွင် ချီမယ်ရာ တစ်ကောင် ပျံသန်းနေသည်။ ၎င်းသည် ၎င်း၏ ကြီးမားသော တောင်ပံသုံးခုကို ဖြန့်ကား၍ တိမ်များ ကို မိုင်ရာချီ လွှင့်စင်သွားအောင် တောင်ပံများဖြင့် ခတ်လိုက်သည်။
ချီမယ်ရာသည် ရွှေရောင် သံချပ်ကာဝတ်စုံ ဝတ်ထားသော ဆံပင်ရှည် အမျိုးသားတစ်ဦးနှင့် တိုက်ခိုက်နေသည်။
ရွှေရောင် သံချပ်ကာဝတ်စုံနှင့် လူသည် လှံကို ကိုင်ထားသည်။ အကြောက်အလန့်မရှိ မတ်မတ်ရပ်နေသော ထိုလူ၏ ဆံပင်ရှည်များသည် လေထဲတွင် ဝဲလွှင့်နေသည်။
သူ၏ လက်ထဲရှိ လေးမီတာ ရှည်သော လှံတစ်ချောင်းသည် လေထဲတွင် ဝှေ့ယမ်းလှုပ်ရှားနေပြီး ထိုမြင်ကွင်းကြောင့် သူ၏ ကိုယ်ရောင်ကိုယ်ဝါမှာ ပို၍ တောက်ပနေသည်။
ရွှေရောင် သံချပ်ကာဝတ်စုံနှင့် လူ တိုက်ခိုက်နေစဥ်တွင် ယီယွင်သည် ရှေးဦး သားရဲမျိုးစိတ်၏ ရှု့ထောင့်မှ ကြည့်နေမိသည်။
ထိုသို့ကြည့်နေစဥ် ယီယွင် ရုတ်တရက် သတိထားမိသွားသည်မှာ ထိုလူသည် တိုင်အာ အင်ပါယာ၏ ပထမဆုံး မြို့တော်ဝန်ပင် ဖြစ်သည်။ သူသည် ရှေးဦး သားရဲမျိုးစိတ် ခြောက်ကောင်ကို သတ်၍ ၎င်းတို့၏ ခန္ဓာကိုယ်များကို ယန်ဓါတ်နှင့် ပြုလုပ်ထားသော ရွှေဖြင့် ရုပ်ထု သွန်းလောင်းကာ အရိုင်းနယ်မြေ နတ်ခန်းမတွင် ပိတ်လှောင်ထားသော မြို့တော်ဝန် ဖြစ်သည်။
သူမြင်နေရသော မြင်ကွင်းများမှာ ချီမယ်ရာ၏ နောက်ဆုံးမှတ်ဥာဏ်များပင် ဖြစ်သည်။
တိုင်အာ အင်ပါယာ၏ ပထမဆုံး မြို့တော်ဝန် ဖြစ်ရသည်မှာ အဘယ်နည်း။
သူသည် တိုင်အာမြို့တော်၏ ပိရမစ် (၉၉) ဆင့်ရှိ ကျင့်ကြံရေး နယ်မြေတွင် စိတ်ကြိုက် လေ့ကျင့်နိုင်ပြီး တိုင်အာမြို့တော် အတွင်းရှိ အရင်းအမြစ်အားလုံးကို ခွဲဝေပေးနိုင်သည်။
တိုင်အာ အင်ပါယာတွင် အရှိန်အဝါ အကြီးဆုံး လူနှစ်ယောက် ရှိသည်။ တစ်ဦးမှာ တိုင်အာ အင်ပါယာ၏ ဘုရင်မင်းမြတ် ဖြစ်ပြီး နောက်တစ်ဦးမှာ တိုင်အာမြို့တော်၏ မြို့တော်ဝန်ပင် ဖြစ်သည်။
ဘုရင်မင်းမြတ်သည် အုပ်ချုပ်ရေးပိုင်းနှင့် စာချွန်လွှာများကို ကိုင်တွယ်ဖြေရှင်းရသော်လည်း မြို့တော်ဝန်မှာ ထိုအရာများကို လုပ်စရာ မလိုအပ်ပေ။ သူလေ့ကျင့်ချင်သည့် ကိုယ်ခံပညာများသာ လေ့ကျင့်နိုင်သည်။
သူတို့ နှစ်ယောက်၏ ခွန်အားကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် မြို့တော်ဝန်မှာ ပို၍ အားကောင်းသည်မှာ အသေအချာပင် ဖြစ်သည်။
ယီယွင်သည် တိုင်အာမြို့တော်၏ ပထမဆုံး မြို့တော်ဝန်ကို ကြည့်နေမိသည်။ သူသည် တိုင်အာအင်ပါယာတွင် နှစ်သန်းပေါင်း တစ်ရာ တည်ရှိနေခဲ့သော ထာဝရ ဇာတ်ကောင်ပင် ဖြစ်သည်။
သူ၏ ခွန်အားသည် ယီယွင် စိတ်ကူးမယဉ်နိုင်သော နယ်ပယ်တစ်ခုတွင် ရှိနေသည်။
တိုင်အာ မြို့တော်ဝန်သည် အရိုင်းနယ်မြေ နတ်ခန်းမတွင် ရှေးဦး သားရဲမျိုးစိတ် ရုပ်ထုခြောက်ခုကို သွန်းလုပ်နေသောအချိန်၌ ယီယွင်သည်လည်း ရုပ်ထုအတွင်းရှိ အခြေခံနိယာမများကို သူ၏ ကိုယ်ပိုင်အတွေးဖြင့် တွေးနေသည်။
ယခုမူ ယီယွင်သည် ရှေးဦး သားရဲမျိုးစိတ်၏ စွမ်းအင်ကို စုပ်ယူနေသည့် အချိန်တွင် စွမ်းအင်အတွင်းရှိ နိယာမများသည်လည်း ယီယွင်၏ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူခံလိုက်ရပြီ ဖြစ်သည်။
ထို့အပြင် ယီယွင်သည် ရှေးဦး သားရဲမျိုးစိတ်၏ ရှုထောင့်မှ နေ၍ ကြည့်နေသောကြောင့် မြို့တော်ဝန်နှင့် တိုက်ပွဲအတွေ့အကြုံများကို ခံစားနေရပြီး မြို့တော်ဝန်နှင့် အပြန်အလှန် တိုက်ခိုက်သကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် ယီယွင်သည် မြို့တော်ဝန်၏ အခြေခံနိယာမကို နားလည်ရန်အတွက် အပြည့်အဝ အတွေ့အကြုံ ရရှိခဲ့သည်။
ယီယွင်၏ သင်ယူလက်ခံနိုင်စွမ်းသည် အမြဲ ကောင်းသည်။ ဘဝနှစ်ခုနှင့် နေထိုင်ရသောကြောင် ယီယွင်၏ စိတ်ဝိညာဉ်စွမ်းအင်သည် ကြီးမားလှသည်။
သူ၏ သင်ယူလက်ခံနိုင်စွမ်းအား လင်ရှင်းထုံကပင် ချီးကျူးခဲ့ပြီး သူ့ကို အမြဲ အထင်အမြင်သေးသော အဖိုးစုပင်လျှင် ယီယွင်၏ သင်ယူလက်ခံနိုင်စွမ်းကို အသိအမှတ်ပြုခဲ့ရသည်။
သူ၏ မြင့်မားသော သင်ယူလက်ခံနိုင်စွမ်းနှင့် အတွေ့အကြုံ ပြည့်ဝမှုတို့ကြောင့် ယီယွင်သည်မြို့တော်ဝန်၏ ကိုယ်ခံပညာ လှုပ်ရှားမှုများတွင် ပါသော အနှစ်သာရကို တဖြည်းဖြည်း နားလည်လာသည်။
သူသည် အပြည့်အဝ နားမလည်သော်လည်း မထင်မရှား အယူအဆတစ်ခုကို ထုတ်နိုင်ခဲ့သည်။
"စစ်မှန်တဲ့ အခြေခံနိယာမဆိုတာ၊ ဒါဟာ စစ်မှန်တဲ့ အခြေခံနိယာမဆိုတာလား။"
ယီယွင်သည် သူ၏ ကိုယ်ပိုင်အတွေးအခေါ် အယူအဆဖြင့် ကောင်းကင်အဆင့် ယွမ်ချီစွမ်းအားကို သူ့အတွက် အသုံးပြုရန် လှုံ့ဆော်ပေးနိုင်သည်။ လုံလောက်သော ကျင့်ကြံရေးနယ်ပယ်သို့ ရောက်ရှိသောအခါ လူတစ်ဦးသည် အခြားလူတစ်ဦး အဖြစ်
သို့ ပုံစံပြောင်းနိုင်ပြီး ကောင်းကင်ဘုံနှင့် ကမ္ဘာမြေ၏ နိယာမများကို အချိန်တိုအတွင်းပင် ထိန်းချုပ်နိုင်သည်။
ရှေးဦး သားရဲမျိုးစိတ်များဆီမှ ထွက်ပေါ်လာသော အလင်းလုံးလေးများသည် ယီယွင်ဆီသို့ ရွေ့လျားသွားပြီး ဖြစ်သည်။ ဤအလင်းလုံးလေးများသည် ယီယွင်အတွက် လျှို့ဝှက်ဆန်းကြယ်သော တံခါးတစ်ချပ်ကို ဖွင့်ပေးလိုက်သလိုပင် ဖြစ်သည်။ ဖွင့်လိုက်သော ထိုတံခါးသည် ထင်သလောက် မရိုးရှင်းပေ။ ယီယွင်သည် မှော်ဆန်သော နယ်ပယ်သစ်တစ်ခုကို ထိတွေ့မိသွားသလို ခံစားလိုက်ရသည်။ ၎င်းသည် ယခင်က သူ တစ်ခါမှ မကြားဖူး၊ မမြင်ဖူးသည့် အရာတစ်ခု ဖြစ်သည်။
ယီယွင်သည် ဆာလောင်နေသူတစ်ဦး ကဲ့သို့ အရာအားလုံးကို နားလည်ရန် ကြိုးစားခဲ့သည်။ ဤသည်မှာ လောကကြီး၏ လျှို့ဝှက်ဆန်းကြယ်မှုများပင် ဖြစ်သည်။ လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် လွှမ်းခြုံထားသည့် အရာများကို လှစ်ဟလိုက်သောအခါ ယီယွင်ရှေ့တွင် ထွက်ပေါ်လာသည့် အရာသည် သူ့အား မက်မော အားကျသွားစေသည်။
ကိုယ်ခံပညာ လေ့ကျင့်ရာတွင် အချိန်အကန့်အသတ် ဆိုသည်မှာ မရှိပေ။ ယီယွင်သည် မည်မျှ ကြာမှန်းမသိသော အချိန်ကာလတစ်ခုအထိ မှော်ဆန်သည့်အခြေအနေတစ်ခုတွင် နှစ်မြုပ်နေခဲ့သည်။ သို့သော် ယီယွင် သတိမထားမိလိုက်သည့် အချိန်တွင် ကျိုးခွေ့သည် ယီယွင်နှင့် ယှဥ်ပြိုင်ရန် သူ၏ ပိုင်ဆိုင်မှု အားလုံးကို ပုံအပ်ထားဆဲပင် ဖြစ်သည်။
ကျိုးခွေ့၏ တပ်သားများသည် ရှေးဦး သားရဲမျိုးစိတ်၏ ဖိအားကို မခံနိုင်တော့ဘဲ အများစုမှာ ဒူးထောက်သူ ဒူးထောက်၊ လဲကျသူ လဲကျ ဖြစ်ကုန်ကြသည်။
ခန်းမအတွင်း လူအနည်းငယ်သာ ရပ်နေတော့သည်။
ကျိုးခွေ့မှာ ထိုလူများထဲမှ တစ်ယောက်ပင် ဖြစ်သည်။
"ဟန့်။ ဖိအားအောက်မှာ နေနိုင်တာက ငါ့ရဲ့ ခွန်အားပဲ။ ဖိအားတွေကို ခံနိုင်ရည်ရှိတဲ့ လူတွေကြားထဲမှာ ငါက ဒုတိယမြောက် လူပဲလို့ သတ်မှတ်လိုက်မယ်ဆိုရင် ဘယ်သူကမှ ပထမနေရာကို ယူရဲမှာ မဟုတ်ဘူး။ ဒီက လူတွေအားလုံးထက် သာအောင် ငါလုပ်ပြမယ်။
ကျိုးခွေ့မှာ ဤကဲ့သို့ ဂုဏ်ယူ ဝင့်ကြွားတတ်သည်။
ရှေးဦး သားရဲမျိုးစိတ်၏ ဖိအားမှာ ကြီးမားသော်လည်း ဘာဖြစ်သနည်း။
သူသည် လေတိုက်ဒဏ် ခံနိုင်သည့် တောင်တစ်တောင် ကဲ့သို့ သန်မာသည်။
မြစ်ကိုဖြစ်သည့် သံမဏိကြိုးကဲ့သို့ လွတ်လပ်သည်။
ဤသည်မှာ ကျိုးခွေ့၏ လက်ရှိ စိတ်အခြေအနေ ဖြစ်သည်။
ကျိုးခွေ့သည် ဖိအားကို ခံစားနေရပြီ ဖြစ်သည်။ သူသည် ခြေကုန်လက်ပန်းကျနေသော်လည်း သူကိုယ်သူ သတိမပြတ်အောင်နေကာ အလွန်ပျော်ရွှင်နေသော အခြေအနေသို့ ရောက်သွားသည်။ သူသည် အသန်မာဆုံး ဖြစ်ကြောင်းကို သူ့ကိုယ်သူ မသိစိတ်က ပြောပြနေသည်။ ထို့ကြောင့် သူ၏ ဖိအား ခံနိုင်ရည်ရှိမှုသည် နောက်တစ်ဆင့် တိုးလာသည်။
ကျိုးခွေ့၏ ခေါင်းတစ်ခေါင်းလုံးသည် ချွေးများဖြင့် စိုရွှဲနေပြီး သူ၏ ခန္ဓာကိုယ်ရှိ အရိုးများမှာ အက်ကွဲကုန်သည်။ သူသည် ယီယွင်ကို ခက်ခက်ခဲခဲ လှည့်ကြည့်လိုက်သည်။
သို့သော် မျက်နှာဖြူဖတ်ဖြူလျော်နှင့် မျက်လုံးမှိတ်ထားသော ယီယွင်ကို သူမြင်လိုက်ရသည်။ ယီယွင်သည် အိပ်မက်ဆိုးထဲတွင် ရောက်နေသကဲ့သို့ သူ၏ မျက်တောင်များသည် အဆက်မပြတ် လှုပ်ခတ်နေသည်။
"သူ့ရဲ့စိတ်အခြေအနေက မတည်မငြိမ် ဖြစ်နေတာပဲ။ သူ့ရဲ့ ခံနိုင်ရည်က အကန့်အသတ်ကို ရောက်နေပြီး။" ဤသည်မှာ ကျိုးခွေ့၏ အတွေးများ ဖြစ်သည်။ မှန်ပါသည်။ လက်ရှိအခြေအနေသည် ကျိုးခွေ့အတွက်လည်း မလွယ်ကူနေပေ။
ကျိုးခွေ့သည် ယီယွင် သတိလစ် လဲကျသွားသည့် မြင်ကွင်းကို မြင်ချင်သော်လည်း မြင်ရမည့်ကံ မပါလာခဲ့ပေ။
"ဒူး...။"
လူတိုင်း၏ နားထဲတွင် ကျယ်လောင်သော မောင်းတီးသံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။
"နှစ်နာရီကျော်နေပြီ။ ကျင့်ကြံသူအားလုံး အရိုင်းနယ်မြေ နတ်ခန်းမထဲက ထွက်ကြရမယ်။" အမိန့်ပေးသံတစ်သံသည် အခန်းခြောက်ခန်းအတွင်း ပဲ့တင်ထပ်သွားသည်။ ဤအသံသည် အရိုင်းနယ်မြေ နတ်ခန်းမ အတွင်း၌ ရုပ်ထုများကို မိတ်ဆက်ပေးခဲ့သော အသံနှင့် တူနေသည်။
"အချိန်ကုန်သွားပြီးလား။ နှမြောစရာပဲ။" ယီယွင်၏ စိတ်ဝိညာဉ်သည် ပျံ့လွှင့်နေဆဲပင် ဖြစ်သည်။ ယီယွင်သည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သောအခါ သူ၏ စိတ်ကူးကမ္ဘာမှ တရွေ့ရွေ့ ပြန်ရောက်လာသည်။