ကျွန်ုပ်တို့ အဆင်ပြေပါသည်
Vol. 11 Ch. 165
"အချိန်ပြည့်သွားပြီးလား။ လေ့ကျင်ချိန် နှစ်နာရီက အရမ်းတိုတာပဲ။" ဟု ယီယွင်သည် စိတ်ထဲတွင် ရေရွတ်နေမိသည်။
ယီယွင်မှာ နောင်တရသလို ခံစားလိုက်ရသည်။ သင်ယူနေသည့် အခြေအနေတွင် နှောင့်ယှက်ခံလိုက်ရခြင်းမှာ အလွန် အဆင်မပြေ ဖြစ်ရသည်။
သူသာ နောက်ထပ် နှစ်နာရီမျှ ကြာအောင် နေနိုင်ခဲ့ပါက များစွာ သင်ယူခွင့် ရလိမ့်မည် ဖြစ်သည်။
ထိုအရာကို တွေးမိသည့်အခါ နောက်ထပ် အပိုတစ်ရက် ရလျှင်တောင်မှ မလုံလောက်ပေ။
ယီယွင်သည် ခေါင်းသုံးလုံး သားရဲရုပ်တုကို စိတ်အားထက်သန်စွာ ကြည့်နေမိသည်။
ဤအရိုင်းနယ်မြေ နတ်ခန်းမသည် တိုင်အာမြို့တော်၏ ရတနာကဲ့သို့ အဖိုးတန်သည့် အခြေခံအုတ်မြစ် နေရာတစ်ခု အမှန်ပင် ဖြစ်သည်။
"ဒီကျင့်ကြံရေး ခန်းမထဲကို ငါ ဘယ်တော့ ပြန်ဝင်လို့ ရနိုင်မှာလဲ။"
"ကြည့်စမ်း။ နောက်ဆုံးတော့ ငါ ခံနိုင်ရည် ရှိခဲ့ပြီး။"
"လေ့ကျင့်ရေး အတွေ့အကြုံက ကောင်းတယ်။
ဒါပေမယ့် ဒီနှစ်နာရီကတော့ ဒုက္ခရောက်ခဲ့ရတယ်။
ယီယွင်ဘေးရှိ လူငယ် အများစုမှာလည်း ရေထဲမှ တက်လာသလိုပင် ချွေးများဖြင့် ရွှဲနေခဲ့သည်။
သူတို့ထဲမှ အချို့မှာ ခွန်အားမရှိတော့သောကြောင့် သူတို့၏ လက်ရှိအခြေအနေကို မစဥ်းစားနိုင်တော့ဘဲ မြေပြင်ပေါ်တွင် ပစ်လဲကုန်ကြသည်။
ဤမာနကြီးသော ကောင်းကင်နိုင်ငံသားများသည် ခွန်အားတစ်အောင်စ ရှိလျှင်ပင် မတ်တပ်ရပ်နိုင်သည့်သူများ ဖြစ်ကြသည်။
ခွေးသေကောင်ကဲ့သို့ မြေပြင်ပေါ်တွင် လှဲလျောင်းနေကြခြင်းမှာ သူတို့၏ ခံနိုင်ရည်အားသည် အကန့်အသတ်ကို ရောက်သွားသောကြောင့် ဖြစ်သည်။
လူများစွာသည် လမ်းခုလတ်တွင် အရှုံးပေးကာ အရိုင်းနယ်မြေ နတ်ခန်းမမှ ထွက်သွားချင်ကြသည်။ သို့သော် အရိုင်းနယ်မြေ နတ်ခန်းမအတွင်း လေ့ကျင့်ရန် အခွင့်အရေးသည် အလွန် အဖိုးတန်ကြောင်း သူတို့ သိကြသည်။ သူတို့သည် ဤနှစ်နာရီကို အလဟသ မဖြုန်းတီးနိုင်ပေ။ နောက်တစ်ကြိမ် ဤခန်းမထဲသို့ ဝင်ချင်ပါက မှော်နဂါးကြေးပြားများကို ပေးရမည်ဖြစ်သည်။
ဤအဖိုးအခမှာ စျေးသက်သာလိမ့်မည် မဟုတ်ပေ။
ဤအချက်မှာ သိသာပါသည်။ တိုင်အာမြို့တော်တွင် လူများစွာ ရှိသောကြောင့် ရှေးဦးမျိုးစိတ် ရုပ်ထုခြောက်ခုမှ သင်ယူလိုသူမှာ များပြားလှသည်။ လူများစွာ တန်းစီ၍ စောင့်ရမည်ဆိုပါက လူတစ်ယောက်သည် အချိန်မည်မျှ ရနိုင်မည်နည်း။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် လမ်းတစ်ဝက်တွင် လက်လျော့လိုက်ပါက မြို့တော်၏ ရတနာဖြစ်သည့် ဤရုပ်ထုများကို တန်ဖိုးနည်းသွားစေရုံသာမက ထိပ်ပြောင် လူကြီးမှာလည်း သူတို့ကို အထင်သေးသွားမည် ဖြစ်သည်။ သူတို့သည် အမည်ပျက်စာရင်းပင် သွင်းခံရနိုင်သည်။ ထို့ကြောင့် မည်မျှပင် အဆင်မပြေပါစေ သူတို့အားလုံးသည် သည်းခံထားရမည် ဖြစ်သည်။
ကျန်သောလူများနှင့် မတူသည်မှာ ယီယွင်၏ ခန္ဓာကိုယ်သည် သန့်စင်သော စွမ်းအင်များဖြင့် ပြည့်နေသည်။ ထိုစွမ်းအင်သည် ရှေးဦးမျိုးစိတ်များ၏ ရုပ်ထုမှ သဘာဝအတိုင်း ရလာခြင်း ဖြစ်သည်။
ဤမတိုင်ခင်လေးမှာပင် ယီယွင်သည် တရားထိုင်နေခဲ့သည်။ အပြင်းအထန် အာရုံစူးစိုက်ရသည့် အခြေအနေအောက်တွင် သူ၏ ခန္ဓာကိုယ်သည် ရှေးဦး သားရဲမျိုးစိတ်များမှ စွမ်းအင်အနည်းငယ်ကိုသာ စုပ်ယူနိုင်ခဲ့သည်။ မစုပ်ယူရသေးသည့် စွမ်းအင်များစွာ ကျန်နေသေးသည်။
ယီယွင်မှာ သူ၏ခေါင်းကို ခါယမ်းလိုက်သည်။ သူသည် သူသည် ထိုရုပ်ထုထဲမှ အခြေခံနိယာမကို သိရှိရန် ကြိုးပမ်းနေပြီး အခြားအရာများကို ဂရုမစိုက်နိုင်ခဲ့ပေ။ ရှေးဦးမျိုးစိတ်၏ စွမ်းအင်သည် သူ၏ ခန္ဓာကိုယ်ထဲတွင် အပြည့်အဝ နေရာယူရန် အချိန်နှင့် သူ၏ စိတ်စွမ်းအင်များ လိုအပ်သောကြောင့် သူသည် ထိုအရာအတွက် အချိန်မပေးနိုင်ခဲ့ပေ။ အကယ်၍ သူထိုသို့ လုပ်ခဲ့မည်ဆိုပါက အမြင်သစ်များ ရရှိရန် အချိန်ကျန်တော့မည် မဟုတ်ပေ။
အရိုင်းနယ်မြေ နတ်ခန်းမ၌ ရှိသောအချိန်သည် အလွန် တန်ဖိုးရှိလှသည်။ သူသည် ရှေးဦး သားရဲမျိုးစိတ်၏ စွမ်းအင်ကို မဝါးဘဲ မျိုချနိုင်ပြီး နောက်ပိုင်းတွင် ထိုအရာကို ချေဖျက်နိုင်သည်။
သို့သော် ယီယွင်သည် ထိုစွမ်းအင်ကို အပြည့်အ၀ မစုပ်ယူရသေးသောကြောင့် သူ၏ ခန္ဓာကိုယ်သည် နောက်ထပ် စုပ်ယူသော စွမ်းအင်၏ အာဟာရမှ ပို၍ သန်မာလာနိုင်သည်။
ဤအခိုက်အတန့်တွင် တပ်သားများစွာမှာ တုန်လှုပ်ခြောက်ခြားနေသော်လည်း ယီယွင်မှာမူ စွမ်းအင်ပြည့်နေ သကဲ့သို့ ခံစားရသည်။ သူသည် မျက်ခုံးမှ ချွေးများကို တိတ်တဆိတ် သုတ်လိုက်သည်။ ယီယွင်မှာ သင်ယူရန် အာရုံစူးစိုက်မှု အပြည့်ထားခဲ့သောကြောင့် ချွေးအလွန် ထွက်နေသည်။
"ဟဲဟဲ မင်းပူနေလို့လား ချွေးတွေ အရမ်းထွက်နေတာ။ ဒါပေမယ့် မင်းတော်တော် တောင့်ခံနိုင်တယ်လို့ ယူဆလို့ရတယ်။ မလဲကျဘဲ မင်း အဆုံးထိရပ်နေနိုင်လို့ ငါ အံ့သြသွားတယ်။" ယီယွင်သည် သူ၏ ချွေးများကို သုတ်နေစဥ် နောက်မှ အသံတစ်ခု ထွက်လာသည်။
ယီယွင် လှည့်ကြည့်လိုက်သောအခါ အသံစပြုသူမှာ ထုံးစံအတိုင်း ကျိုးခွေ့ ဖြစ်သည်။
ကျိုးခွေ့သည် အမှန်တကယ် စွမ်းအင်များစွာကို သုံးစွဲထားသော်လည်း ယွမ်ချီစွမ်းအားကို လုံလောက်စွာ စုဆောင်းထားသောကြောင့် သူ၏ အသွင်အပြင်နှင့် ကောင်းမွန်သည့် ပုံစံကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
ကျိုးခွေ့မှာ သူ၏ ကိုယ်ဟန်အနေအထားကို ပြန်ပြင်ရင်း “လွန်ခဲ့တဲ့ နှစ်နာရီက ငါ့အတွက် လွယ်ခဲ့တယ်” ဟု ပြောလိုက်သည်။
အမှန်တကယ်တွင် ကျိုးခွေ့အဖို့ ထိုကဲ့သို့သော သန်မာသည့်ပုံစံကို ထိန်းထားနိုင်ခြင်းသည့် အခြားသူများနှင့် ယှဉ်လျှင် အလွန် ကောင်းမွန်နေပြီ ဖြစ်သည်။
ယီယွင်အတွက်မူ ကျိုးခွေ့သည် အတင်းအကြပ် ဟန်ဆောင်ထားသည့် ပုံပေါက်နေပြီး အပြင်ပန်းသာ သန်မာသော်လည်း အတွင်းပိုင်းသည် ကျိုးကြေလွယ်သည်။
ယီယွင်သည် ကျိုးခွေ့အား ဆွံ့အစွာ စိုက်ကြည့်နေပြီး စိတ်အနှောင့်အယှက်လည်း မဖြစ်နိုင်တော့ကာ ကျိုးခွေ့ကို တုံ့ပြန်ရန် စိတ်ဝင်စားမှုလည်း မရှိတော့ပေ။
ဤသည်မှာ ယီယွင်သည် ကမ္ဘာကြီးနှင့် ဝေးကွာနေခြင်းကြောင့် မဟုတ်ဘဲ တိုင်အာမြို့တော်သို့ ရောက်ရှိလာပြီးကတည်းက ယွမ်အုတ်မြစ်ချ နယ်ပယ်မှ ပါရမီရှင်များကို မြင်လိုက်သောအခါ ယီယွင်၏ သင်ယူမှု နယ်ပယ်မှာ ကျယ်ပြန့်လာခဲ့သည်။
သူ၏ သင်ယူမှု နယ်ပယ် ကျယ်ပြန့်လာသည်နှင့်အမျှ ပို၍ ကျယ်ပြန့်သော ကမ္ဘာကြီးကို မြင်လိုက်ရသောကြောင့် ယီယွင်သည် ပို၍ပင် ရည်မှန်းချက် ကြီးလာခဲ့သည်။
ကျိုးခွေ့မှာ ယီယွင်အတွက် ပြိုင်ဘက် မဟုတ်တော့ပေ။
ယီယွင် ပစ်မှတ်ထားသည့် လူများမှာ တိုင်အာမြို့တော်တွင် သုံးနှစ်မှ လေးနှစ်ကြာ နေထိုင်ခဲ့ကြသူများ ဖြစ်သည်။
ထိုလူများမှာ ယန်းချန်၊ ယောင်တာအို၊ လော့ဟော်အာနှင့် နဲ့ ချင်ဟောက်ထျန်းတို့ ဖြစ်ကြသည်။
ယီယွင်၏ ရည်မှန်းချက်မှာ ဤလူများကို လိုက်ရှာရန်ဖြစ်ပြီး အချိန်တိုအတွင်း ယွမ်အုတ်မြစ်ချ နယ်ပယ်သို့ ဝင်ရောက်ရန် ဖြစ်သည်။
ယီယွင်သည် နတ်ခန်းမ၏ ပင်မတံခါးမှ ထွက်လာခဲ့သည်။ ဤနေရာသည် အလွန် အံ့ဩစရာကောင်းလှသည်။ ဤနေရာမှ ထွက်ခွာသွားသောအခါ ယီယွင်သည် နောင်တရသကဲ့သို့ ခံစားလိုက်ရသည်။
"အစ်ကိုယီ မင်း အဆင်ပြေရဲ့လား။" ဟု ယီယွင်သည် အရိုင်းနယ်မြေ နတ်ခန်းမမှ ထွက်လာသောအခါ ဘောင်းဘီတိုနှင့် ပိန်ပိန်ပါးပါး လူငယ်တစ်ယောက်က မေးလိုက်သည်။ ထိုလူငယ်မှာ ယီယွင် တိမ်ရိုင်းဒေသသို့ သွားရာလမ်းတွင် သိခဲ့သော ရှုကျန်းပင် ဖြစ်သည်။ ထိုအချိန်တွင် ယီယွင်၏ လက်နှစ်ဘက်လုံးမှာ ဒူးကို အားပြု၍ ကိုင်ထားပြီး မျက်နှာမှာလည်း ဖြူဖျော့နေလေသည်။ သူ့အား ကြည့်ရသည်မှာ စွမ်းအင်များစွာ ကုန်သွားသည့်ပုံပင် ဖြစ်သည်။
"ကျွန်တော် အဆင်ပြေပါတယ်" ဟု ယီယွင်က လက်ဝှေ့ယမ်းပြ၍ ပြောလိုက်သည်။ အမှန်တကယ်တွင် သူ၏ နားထင်ကြောများမှာ နာကျင်နေသည်။
သူ၏ ခန္ဓာကိုယ်တွင် စွမ်းအင်များ ပြည့်နှက်နေသော်လည်း ယီယွင်သည် သူ၏ စိတ်စွမ်းအင် အထောက်အပံ့များစွာကို အသုံးပြုခဲ့သည်။
ခရမ်းရောင် သလင်းကျောက်ကို အသုံးပြု၍ ရှေးဦး သားရဲရုပ်ထုမှ စွမ်းအင်များကို စုပ်ယူရန် မလွယ်ကူပါ။ ယန်ဓါတ်နှင့် ပြုလုပ်ထားသော ရွှေဖြင့် စည်းပိတ်ခြင်းနှင့် ယီယွင်၏ ကိုယ်ခံပညာအဆင့်မှာ အလွန် နိမ့်နေခြင်းတို့ကြောင့် ရှေးဦးမျိုးစိတ်များ၏ စွမ်းအင်ကို ကိုင်တွယ်ရန် ခက်ခဲလှသည်။ ကလေးတစ်ယောက်သည် တူကြီးကို ကိုင်၍ လှုပ်ယမ်းသည့်အခါ အနည်းငယ် လှုပ်ယမ်းရုံနှင့် သူ၏ လက်များ နာကျင်သွားသကဲ့သို့ ဖြစ်နေလိမ့်မည်။
ယီယွင်သည် နှစ်နာရီကြာအောင် ကြံ့ကြံ့ခံခဲ့သောကြောင့် သူသည် စိတ်စွမ်းအင် အထောက်အပံ့များစွာကို အသုံးပြုခဲ့ရသည်။
ပညာရှင်များမှ အမှန်တရားများကို နားလည်ရန်မှာ ယီယွင်၏ စိတ်ဝိညာဉ်အပေါ် စမ်းသပ်မှုကြီး တစ်ခုပင် ဖြစ်သည်။
"အစ်ကိုယီ မင်းကို ကြည့်ရတာ အဆင်ပြေတဲ့ပုံပဲ။ ပတ်ဝန်းကျင်ကိုလည်း ကြည့်လိုက်ပါဦး။" ဟုပြောရင်း ရှုကျန်းမှာ ယီယွင်၏ နောက်ကျောကို ပုတ်ရင်း ဘေးပတ်လည်ကို လက်ညိုး ထိုးပြလိုက်သည်။
တပ်သား တော်တော်များများမှာ အခြေအနေဆိုး နေကြသည်။
ဥပမာအားဖြင့် စုန့်ကျစ်ကျွင်းမှာ မျက်နှာဖြူဖျော့နေသည်။ ယခုအချိန်တွင် သူသည် ယီယွင်ကို မနှုတ်ဆက်နိုင်တော့ဘဲ သူ၏ အသက်ရှုခြင်းကို ကြိုးစား၍ ထိန်းညှိရန် တရားထိုင်နေလေသည်။
အခြားများစွာသော လူများသည်လည်း စုန့်ကျစ်ကျွင်း ကဲ့သို့သော အလားတူ အခြေအနေများကို ကြုံတွေ့နေရသည်။ ထို့ကြောင့် ရှုကျန်းသည်လည်း ခံနိုင်ရည်ရှိသည်ဟု ယူဆ၍ရသည်။
လူများမှာ သူတို့ကိုယ် သူတို့ စွမ်းအင် ပြန်လည် ထိန်းညှိနေသည်ကို ထိပ်ပြောင် လူကြီးက လက်ပိုက်၍ တိတ်ဆိတ်စွာဖြင့် စောင့်ပေးနေသည်။
သူတို့အားလုံး မောပန်းနွမ်းနယ်နေသော်လည်း အချို့မှာ စိတ်လှုပ်ရှားနေကြသည်။
အချို့တွင် ယွမ်ချီစွမ်းအင် အနည်းငယ် ရှိကြပြီး သူတို့၏ ခံနိုင်ရည်ရှိမှုကို သရုပ်ပြရန် အစောပိုင်းက သင်ယူရရှိခဲ့သည့် အရာများကို ဆွေးနွေးရန် အဖွဲ့များ ဖွဲ့ခဲ့ကြသည်။
"ဒါက တကယ့်ကို စိန်ခေါ်မှုကြီးပါ။ တိုင်အာမြို့တော်ရဲ့ ပထမဆုံး မြို့တော်ဝန် ဆောက်ထားတဲ့ ကျင့်ကြံရေးနယ်မြေက မျှော်လင့်ထားသလိုပါပဲ။ ကျင့်ကြံရေးလုပ်တဲ့ နှစ်နာရီအတွင်းမှာ ငါ့ရဲ့ စိတ်ဝိညာဥ်က အများကြီး အားကောင်းလာတယ်လို့ ခံစားရတယ်။" ဟု ရွှမ်းဝူစစ်တပ်မှ တပ်သားတစ်ဦးကပြောလိုက်သည်။ ခြေကုန်လက်ပန်းကျနေသော်လည်း သူ၏ မျက်နှာမှာ ပြုံးနေပြီး "ယှဥ်ပြိုင်ဖို့ ခွန်အားရှိသေးတယ်" အကြည့်မျိုး ပြနေသည်။
"ဟုတ်တယ်။ ငါ့ရဲ့ သွေးတွေလည်း ပျစ်လာတယ်လို့ ခံစားရတယ်။ ဖိအားက နာကျင်ပေမယ့် ငါ့သွေးကို အားကောင်းအောင် ထိန်းနိုင်ခဲ့တယ်။
အကျိုးကျေးဇူးတွေကတော့ အပြည့်ပဲ။"
"နတ်ခန်းမထဲကို ထပ်ဝင်ချင်တယ်။ နောက်ထပ် နှစ်နာရီ တောင့်ခံနိုင်မယ်လို့ မပြောရဲပေမယ့် တစ်နာရီလောက်တော့ တောင့်ခံနိုင်သေးတယ်။"
ဤလူသစ်များမှာ ကြွားဝါနေကြပြီး အချင်းချင်း ထိပ်တိုက်တိုးရန် ကြိုးစားနေကြသည်။
ထိုသို့ ပြောကြသူများမှာ ရွှမ်းဝူစစ်တပ်မှ တပ်ဖွဲ့ဝင်များ ဖြစ်သည်။ ရွှမ်းဝူစစ်တပ်မှာ ခွန်အားပိုင်းတွင် အထူး ကောင်းမွန်သောကြောင့် ဖိအားအောက်တွင်
ခံနိုင်ရည်ရှိမှုမှာ ကျင်းလုံဝေ့ အဖွဲ့ဝင်များထက် ပို၍ သန်မာသည်ဟု ဆိုရမည် ဖြစ်သည်။
ကျင်းလုံဝေ့ တပ်ဖွဲ့ဝင် တော်တော်များများမှာ စကားပြောရန် ခွန်အား မရှိကြသောကြောင့် လိုချင်သည့်အရာများကို ဟန်ဆောင်၍ပင် မရယူနိုင်ပေ။
ရွှမ်းဝူစစ်တပ်သည် တစ်ခဏမျှ အခြားသူများကို လွှမ်းမိုးသွားသည်။ သူတို့သည် သူတို့၏ ကိုယ်ပိုင် ခွန်အားများနှင့် ရွှမ်းဝူစစ်တပ်၏ အင်အားကို ထိပ်ပြောင်လူကြီးအား ရည်ရွယ်ချက်ရှိရှိဖြင့် ပြသလိုကြသည်။
ထိပ်ပြောင်လူကြီး အထင်ကြီးအောင် လုပ်နိုင်မည်ဆိုပါက သူတို့၏ အနာဂတ် တိုးတက်ရေးအတွက် အကျိုးကျေးဇူးများ ရှိလာမည် ဖြစ်သည်။
ဤဆယ့်သုံးနှစ်အရွယ် ကလေးများ၏ အပြုအမူကိုကြည့်ရင်း ထိပ်ပြောင်လူကြီးသည် သူ၏ မေးစေ့ကို ပွတ်ကာ ပြုံးနေသည်။
သူ၏ မျက်နှာတွင် သိသာထင်ရှားသော အမာရွတ်တစ်ခု ရှိပြီး သူ၏ အပြုံးကြောင့် အမာရွတ်မှာ တွန့်လိမ်နေသည့် မြွေငယ်လေး တစ်ကောင်နှင့် တူနေသည်။
ယီယွင်မှာ ထိုအရာကို သတိပြုမိပြီး သတိပေးသည့်အရိပ်အယောင်ကို ခံစားလိုက်ရသည်။ ဤထိပ်ပြောင်လူကြီး၏ အပြုံးမှာ ဆိုးသွမ်းပုံပေါ်သည်။
ပြုံးနေသည့်ကျား...
ယီယွင်မှာ တိတ်တဆိတ် အကဲဖြတ်လိုက်သည်။ ဤအပြုံးကို သူ ယခင်က မြင်ဖူးသလိုပင်။
သူ၏ ကမ္ဘာဟောင်းတွင် ကျောင်းတက်နေချိန်၌ ဤအပြုံးမျိုးနှင့် အတန်းပိုင် ဆရာမအချို့ ရှိနေလိမ့်မည်။
ထိုသို့သော အပြုံးကို မြင်တိုင်း လေ့ကျင့်ခန်းနှင့် အိမ်စာများစွာကို လုပ်ရမည်ဟု သိထားသောကြောင့် ယီယွင်မှာ အေးခဲသွားသည်ဟု ခံစားရသည်။
"လေ့ကျင့်ရေးက ကောင်းလား" ဟု ထိပ်ပြောင်လူကြီးက ပြုံး၍ မေးလိုက်သည်။
"ကျွန်တော်တို့ အဆင်ပြေကြောင်း ဆရာချင်ကို သတင်းပို့ပါတယ်" ဟု ကျိုးခွေ့က ဦးညွှတ်၍ နားစည်ကွဲမတတ် အားပြင်းသည့် အသံဖြင့် ပြန်ဖြေလိုက်သည်။
အခြား ရွှမ်းဝူတပ်ဖွဲ့ဝင်များကလည်း "အဆင်ပြေပါတယ်" ဟု တညီတညွတ်တည်း အော်ပြောကြသည်။
ရွှမ်းဝူ စစ်တပ်မှ လူများသည် တိုက်ခိုက်ရေးသမားများ ဖြစ်သောကြောင့် လက်ရှိ အင်အားကို သတင်းပို့ရန် တစ်ပြိုင်တည်းအော်ခြင်း (သို့မဟုတ်) အထက်လူကြီးများကို အကြောင်းပြန်သည့်အခါ အားပြင်းပြင်း အသံကျယ်ကျယ်ဖြင့် ပြုလုပ်ကြသည်။
သို့သော် ယီယွင် ခန့်မှန်းလိုက်သည်မှာ ထိုအားပြင်းသည့် အော်သံကြောင့် ကျိုးခွေ့ ယခင်က ပြန်လည်တွေ့ရှိခဲ့သော ယွမ်ချီစွမ်းအားမှာ လောင်ကျွမ်း ကုန်ဆုံးသွားသည်။
ယီယွင်မှာ ကျိုးခွေ့ကို စာနာစိတ်ဖြင့် ကြည့်လိုက်သည်။ ပြင်းထန်စွာ အော်ခြင်းကြောင့် ဤကလေး၏ ဦးနှောက်ကြွက်သားအတွက် မည်သည့် အရာက စောင့်ကြိုနေမှန်း သူမသိသေးချေ။
"စိတ်ဓာတ် သန်မာဆဲပါ။ အဆင်ပြေပါတယ်" ဟု အော်ပြောနေသော ရွှမ်းဝူတပ်ဖွဲ့ဝင်များကို ကြည့်၍ ထိပ်ပြောင်လူကြီးမှာ ခေါင်းညိတ်၍ ကျေနပ်နေပုံရသည်။ "ဒါဆို ထပြီး ငါနဲ့ လေ့ကျင့်ရေးကွင်း ကို လိုက်ခဲ့။"
"လေ့ကျင့်ရေးကွင်း ဟုတ်လား။" ကျိုးခွေ့က တစ်ခဏမျှ မှင်တက်သွားပြီး "ငါတို့က ဘာလို့ လေ့ကျင့်ရေးကွင်းကို သွားရမှာလဲ"
"ထွေထွေထူးထူး မဟုတ်ပါဘူး။ အလေးမတဲ့ လေ့ကျင့်ခန်း ကီ ထိုင်တာ၊ ဖားခုန်တာ၊ လှံစွပ်လေ့ကျင့်ခန်းတွေလိုမျိုး အခြေခံ လေ့ကျင့်ခန်းတချို့ လုပ်ဖို့ပဲ။ သက်တောင့်သက်သာပဲ လုပ်ရမှာပါ။" ဟု ထိပ်ပြောင်လူကြီးက ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ယီယွင်မှာ မျက်နှာပျက်သွားသည်။ "အခြေခံ လေ့ကျင့်မှု ဟုတ်လား။ သက်တောင့်သက်သာပေါ့လေ ဟုတ်လား"
"အိုး...အခြေခံ လေ့ကျင့်မှုပဲဆိုတော့ ကောင်းတာပဲ" ဟုပြောရင်း ကျိုးခွေ့မှာ ချက်ချင်း တုံ့ပြန်လိုက်သည်။ သူသည် ပင်ပန်းနွမ်းနယ်နေသော်လည်း အခြေခံလေ့ကျင့်မှု လုပ်ရန် ခွန်အား အနည်းငယ် ကျန်နေသေးသည်။
ကျိုးခွေ့၏ အခြေအနေမှာ ကောင်းနိုင်သေးသည်။ အခြားရွှမ်းဝူတပ်ဖွဲ့ဝင်များ အတွက်မှာမူ သူတို့အားလုံးသည် အသိစိတ်ကပ်၍ တံတွေးမျိုချနေကြသည်။
သူတို့၏ လက်ရှိအခြေအနေမှာ အခြေခံလေ့ကျင့်မှုလုပ်ရန် အတော် ခက်ခဲနေသည်။
"ကောင်းပြီ။ ငါတို့ထက် အခြေအနေ ပိုဆိုးတဲ့ လူတွေတောင် ရှိသေးတာပဲဟာ။" ဟု ပြောရင်း ရွှမ်းဝူစစ်တပ်မှ တပ်သားတစ်ဦးက ယီယွင်၊ စုန့်ကျစ်ကျွင်းနှင့် အခြားသူများကို ကြည့်လိုက်သည်။
"ကျင်းလုံဝေ့ စစ်တပ်ဟာ အပေါ်ယံပဲ ကောင်းတာ။ ခက်ခဲကြမ်းတမ်းတဲ့ လေ့ကျင့်ရေးသင်တန်းမှာ သူတို့တွေဟာ ငါတို့ထက် ပိုမကောင်းနိုင်ဘူး။ တခြား အောက်ခြေက လူတွေလိုပဲ စိုးရိမ်စရာ မရှိဘူး။ သူတို့ကို ကြည့်လိုက်။ လေ့ကျင့်ရေးကွင်း ထဲ လက်နက် သယ်လာဖို့တောင် အခက်အခဲ ရှိနေတာ။"
"လူတွေဟာ ကျားလိုက်ခံရတဲ့အခါ ကျားထက် ပိုမြန်အောင် ပြေးစရာ မလိုဘူး။ အနှေးဆုံးလူထက် ပိုမြန်အောင် ပြေးနိုင်ရင် လုံလောက်ပြီ။
"မှန်တယ်။ ငါတို့တွေဟာ သူတို့ထက် ပိုသန်မာဖို့ပဲ လိုတယ်။"
ဤအချက်ကြောင့် ရွှမ်းဝူ တပ်သားများသည် စိတ်သက်သာရာ ရသွားသည်။ သူတို့သည် တိုင်အာမြို့တော်၏ လေ့ကျင့်ကွင်း ဆီသို့ ဦးတည်ရန် အသင့်ဖြစ်နေပြီး ထိပ်ပြောင်လူကြီး နောက်သို့ လိုက်သွားကြသည်။