ကျွန်မအခုနားလည်ပြီထင်တယ်
Vol. 35 Ch. 496
....
ဖီလိုနာသည် သူမ၏ မျက်လုံးများကို မှိတ်ထားလိုက်သည်။
သူမ၏ နောက်ဆုံးအချိန်ဟု ခံစားမိနေသည့်တိုင် သူမ သေဆုံးတော့မည်ဖြစ်သည့်အတွက် အနည်းငယ်မျှပင် နောင်တမရခဲ့ပေ။
အာရန်သည် ဤဖြစ်ရပ်တွင် တိုက်ရိုက် ပါဝင်မပတ်သတ်ခဲ့သောကြောင့် သူမ အနေနှင့် ဝမ်းသာမိလိုက်သည်။
သူမသည် ဧကရာဇ်၏ ရန်သူတစ်ဦးအနေနှင့် အခန်းကဏ္ဍတွင် ဝင်ရောက် သရုပ်ဆောင်ခဲ့ခြင်းဖြစ်သောကြောင့် ဤပုဂ္ဂိုလ်သည် အာရန်အား ဒုက္ခပေးလိမ့်မည် မဟုတ်တော့ပေ။
သူမ သေဆုံးခြင်းဖြင့် အရာအားလုံးသည် ပြီးဆုံးသွားလိမ့်မည်ဖြစ်၏။
သူမ၏ နောက်ဆုံးအချိန်အခိုက်အတန့်တွင် အာရန်၏မျက်နှာကို သူမ၏စိတ်ထဲတွင် မြင်ယောင်မိလိုက်သဖြင့် ကြောက်ရွံ့နေမည့်အစား သူမမျက်နှာတွင် ပြုံးယောင်ပင် သန်းသွားခဲ့သည်။
ရုတ်တရက် ဖီလိုနာသည် သူမ၏ဆံနွယ်များပင် နောက်သို့ပျံ့လွင့်သွားစေသော လေပြင်းတိုက်ချက်တစ်ခုကို ခံစားလိုက်ရသည်။
သူမဆီသို့ ရုတ်တရက် အင်အားပြင်းထန်သော သက်ရောက်မှုတစ်ခု ရောက်ရှိလာသည့်အလား ခံစားလိုက်ရလေသည်။
သို့သော် အကြောင်းတစ်စုံတစ်ရာကြောင့် သူမသည် နာကျင်မှုအနည်းငယ်ကိုပင် မခံစားခဲ့ရပေ။
စိတ်ရှုပ်ထွေးစွာဖြင့် သူမသည် အဘယ်ကြောင့် အသက်ဆက်လက် ရှင်သန်နေသေးသည်ကို သိလို၍ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်မိ၏။
သူမသည် သူမ၏ မျက်လုံးများကို ဖွင့်လိုက်သည်နှင့် ရုတ်တရက် တုန်ယင်မှုတစ်ခု ဖြစ်သွားခဲ့လေသည်။
“ရှင် ..ရှင် ဘယ်လို...” သူမ၏အသံမှာ တုန်ယင်နေခဲ့သည်။
သူမသည် သူမ၏မျက်လုံးများကိုပင် မယုံကြည်နိုင်ဖြစ်နေဟန်ရလေသည်။
အကယ်၍ အာရန်သည်သာ ဤတိုက်ပွဲတွင် ကြားဝင်မပါခဲ့ပါက အရှင်သခင်ကဲ့သို့ သန်မာသော ဤလူနှင့် သူသည် ခိုက်ရန်ဖြစ်ပွားစရာမလိုအပ်ပေ။
ပုံမှန်သိစိတ်ရှိသူတိုင်းသည် ဤတိုက်ခိုက်မှုကို ရှောင်ရှားရန် ရွေးချယ်ကြမည်ဖြစ်ပြီး သူမအား စတေးခဲ့ကြပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ သူမ သေဆုံးခဲ့လျှင်ပင် အာရန်တွင် ယီလန်ရှိနေသေး၍ ဝိညာဥ်လောကတစ်ခုလုံးကို စိတ်ကြိုက်အမိန့်ပေးနိုင်စွမ်း ရှိနေသေး၏။
ဘိုးဘေးဝိညာဉ်တစ်ဦးကပင် သူ၏ အမိန့်အား နာခံနေချိန်တွင် သူမကဲ့သို့ သာမန်ဝိညာဉ်ဘုရင်မတစ်ဦးသည် သူ့အတွက် အရေးမပါတော့ပေ။
ဤအချိန်တွင် သူမ၏ရှေ့တွင် လာ၍ကာထားသော သူ၏ ကျောပြင်ကျယ်အား ငေးကြည့်နေမိခဲ့ကာ သူမ၏နှလုံးသားသည် ပြင်းထန်စွာ တုန်ယင်လာခဲ့သည်။
မြို့တစ်ဝက်ကိုပင် ဖျက်ဆီးနိုင်သည့် ပြင်းထန်သည့် တိုက်ခိုက်မှုကြီးတစ်ခု၏ ရှေ့တွင်ပင် ထိုအမျိုးသားသည် သူမကို ကာကွယ်ရန်အတွက် မပြိုပျက်နိုင်သော နံရံကြီးတစ်ခုသဖွယ် သူမရှေ့၌ မားမားမက်မက်ရပ်နေခဲ့လေသည်။
အာရန်သည် ထိုအမည်မသိပုဂ္ဂိုလ်၏ လက်သီးတစ်ဖက်ကို ဆုတ်ကိုင်ထားခဲ့သည်။
ထိုလူ၏ လက်သီးချက်ရှိ ပြင်းထန်သော စွမ်းအားသက်ရောက်မှုကို အာရန်သည် ဧကရာဇ်၏ ကောင်းချီးစွမ်းအင်များဖြင့် တန်ပြန် ခုခံနေခဲ့၏။
အာရန်၏ခန္ဓာကိုယ်ထဲသို့ အမည်မသိစွမ်းအင်တစ်မျိုး ဝင်ရောက်လာသည်နှင့် သူ၏သွေးကြောများ အနည်းငယ်ပိုမို နက်မှောင်လာသည်ဟုပင် ခံစားလိုက်ရသည်။
ထိုဖျက်ဆီးခြင်းစွမ်းအင်များဖြင့်ပြည့်နှက်နေသည့် အမျိုးအမည်မသိ စွမ်းအားတစ်မျိုးသည် သူ၏ခန္ဓာကိုယ်အား အတွင်းမှ လှိုက်စားကာ ဖျက်ဆီးနေသကဲ့သို့ သူ၏သွေးကြောများသည်ပိုမို၍ နက်မှောင်လာခဲ့၏။
အာရန်သည် သူ၏ခန္ဓာကိုယ်တွင်း အလွန်အမင်း နာကျင်နေသော်လည်း သူ၏ မျက်နှာအမူအရာများမှာ တည်ငြိမ်နေဆဲပင်။
သူသည် အနည်းငယ်မျှပင် မျက်မှောင်ကြုတ်ခြင်းမျိုး မရှိခဲ့ပေ။
“တစ်စုံတစ်ယောက်ရဲ့ အိမ်ကို လာလည်တဲ့အခါမှာ ယဉ်ကျေးမှုတော့ ရှိသင့်တယ် မဟုတ်လား” ဟု အာရန်က ထိုအမည်မသိလူအား မေးလိုက်လေသည်။
ပြင်းထန်သော အဖျက်စွမ်းအားတစ်မျိုးက သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းတွင် ဝင်ရောက်နှောက်ယှက် ဖျက်ဆီးနေခဲ့သော်လည်း သူသည် ခြေတစ်လှမ်းမျှပင် နောက်မဆုတ်ခဲ့ပေ။
ကံကောင်းထောက်မစွာဖြင့် သူ၏ခန္ဓာကိုယ်အတွင်းပိုင်းသည် မူလနဂါးအဖြစ် ပြောင်းလဲသွားခဲ့ပြီးကတည်းကများစွာ ပိုမို၍သန်မာလာခဲ့ပြီဖြစ်နေသည်။
သူသည် နဂါးတစ်ကောင်၏ ပုံစံတွင် ရှိမနေသည့်တိုင် သူ၏ ခွန်အားသက်သက်ပေါ်တွင် အခြေခံ၍ ဆက်လက် ရပ်တည်နေနိုင်သေး၏။
အကယ်၍ သူ၏ ယခင်ခန္ဓာသာဖြစ်ပါက ဤတိုက်ခိုက်မှုအတွင်း ရလဒ်သည် လုံးဝ ကွဲပြားသွားနိုင်လေသည်။
“မင်းက ယဉ်ကျေးမှုအကြောင်းကို ဂရုစိုက်နိုင်တဲ့အခြေအနေမှာ ရှိနေတယ်လို့ ထင်နေတာလား” ဟု ထိုလူက အာရန်အား ပြန်မေးလိုက်ရာ သူ၏အကြည့်သည် ခေတ္တမျှ အာရန်၏ လက်သို့ ရွေ့လျားသွားခဲ့သည်။
အာရန်၏အရေပြားသည် လုံးဝ နက်မှောင်သွားခဲ့ဟန်ရသည်။
အမည်မသိစွမ်းအားများသည် သူ၏ ခန္ဓာကိုယ်အတွင်းပိုင်း၌ ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေခဲ့သောကြောင့် သူ၏လက်မောင်းရှိ အရေပြားများ စတင်၍ ကွဲအက်လာခဲ့လေသည်။
“ဒီအမျိုးသမီးက သူမ မထိသင့်တဲ့ သူတစ်ယောက်ကို သွားထိဖို့ ကြိုးစားခဲ့တယ်။ မင်းသာ ဘေးဖယ်မနေဘူးရင် မင်းကို င့ါရဲ့ ရန်သူအဖြစ် သတ်မှတ်ရလိမ့်မယ်” ဟု ထိုလူက အာရန်အား ပြောလိုက်ရင်း သူသည် ဤခြိမ်းခြောက်မှုအပေါ် အလွန်အမင်း အလေးအနက်ထားနေပုံရ၏။
သူ၏ ပထမဆုံးတိုက်ခိုက်မှုသည် ဝိညာဉ်ဘုရင်မအား ပစ်မှတ်ထား၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အကယ်၍ သူရင်ဆိုင်နေရသော ရန်သူသည် ကွဲပြားသွားမည်ဆိုပါက ပို၍ အားကောင်းသော တိုက်ခိုက်မှုများပင် ပြုလုပ်လာနိုင်သည်မှာ ရှင်းလင်းနေ၏။
သို့သော် သူသည် အာရန်ကို ဘေးထွက်နေရန် သတိပေးနေဆဲဖြစ်သည်။
အာရန်အနေဖြင့် ဤပြင်းထန်သည့် အဖျက်စွမ်းအားများသည် မည်သည့်အရာမှ လာသည် ကို မသိနိုင်သော်လည်း ဤအခြေအနေမျိုးတွင် သူ သည် နောက်ဆုတ်၍ ရတော့မည်မဟုတ်ကြောင်း သိနေခဲ့သည်။
သူသာ ယခုအနေ ဘေးထွက်နေလိုက်ပါက ဖီလိုနာတစ်ယောက် မုချ သေဆုံးသွားတော့မည် ဖြစ်လေသည်။
“သင်က ငါကိုယ်တော်ကို ရန်သူအဖြစ် သတ်မှတ်လိုက်မယ်ဆို နောက်ဆက်တွဲ ဖြစ်လာမယ့် အရာတွေအတွက် အပြစ်မတင်တော့ဘူးလို့ မျှော်လင့်ပါတယ်”
အာရန်သည် ထိုလူနှင့် အလားတူ ခြိမ်းခြောက်ဟန်ပါသော လေသံဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။
ထိုအမည်မသိစွမ်းရည်သည် အာရန်၏ ခန္ဓာကိုယ်တွင်း၌ ဆက်လက်ပျံ့နှံ့နေခဲ့ပြီး မကြာမီ သူ၏နှလုံးသားဆီသို့ ရောက်ရှိသွားခဲ့သည်။
၎င်းသည် မီးတောက်နေသော အဆိပ်တစ်မျိုးကဲ့သို့ သူ၏နှလုံးသားကို အရပ်မျက်နှာတိုင်းမှ တိုက်ခိုက်နေခဲ့သည်။
‘အခုချက်ချင်း ဒီကထွက်သွားတော့’ အာရန်သည် မယုံကြည်နိုင်ဖြစ်နေဆဲဖြစ်သော ဖီလိုနာထံသို့ စိတ်ဖြင့် ဆက်သွယ်မှုတစ်ခုကို ပေးပို့လိုက်၏။
သူ၏ သတင်းစကားကို ကြားလိုက်ရသောအခါ သူမသည် လုံးဝဆွံ့အသွားခဲ့ရသည်။
သို့သော် ဘာဆက်လုပ်ရမည်ကို သူမ ရုတ်တရက်စဥ့်စားမရနိုင်အောင်ဖြစ်သွားခဲ့ရ၏။
အာရန်၏ ညွှန်ကြားချက်ကိုလိုက်နာမည်ဆိုပါက သူမသည် ဤနေရာမှ ထွက်ပြေးသွားရမည်ဖြစ်လေသည်။
သို့သော် ထိုသို့လုပ်လိုက်ပါက အာရန်သည် ထိုလူ၏ ဒေါသကို တစ်ယောက်တည်း ခါးဆည်း၍ ရင်ဆိုင်ရတော့မည်ဖြစ်သည်။
သူမအနေဖြင့် ထိုလူ၏ အမည်ကိုပင် သိမထားသေးပေ။
ဤကမ္ဘာတွင် အရှင်သခင်လေးဦးမှလွဲ၍ ဤမျှ ခွန်အားကြီးမားသူသည် ရှိမနေသင့်ပေ။
အကယ်၍ အာရန်တစ်ယောက် သူ့အား သတ်ပစ်မည်ဆိုစေဦးတော့ သူ၏ နောက်တွင် ပို၍ပင် ခြိမ်းခြောက်နိုင်သော တစ်စုံတစ်ဦးက ဆက်လက် ရှိနေဦးမည်မှာ သေခြာသလောက်ပင်။
သူမ ထွက်ပြေးပါက အာရန်သည် ပြဿနာတောထဲသို့ ရောက်ရှိသွားတော့မည်ဖြစ်လေသည်။
“ရှင်က မိုက်မဲတဲ့ဧကရာဇ်ပဲ... ကျွန်မ ဒီကိုလာတာ ရှင့်ကို ဒုက္ခပေးဖို့ အတွက်ပဲ။ ဒါပေမယ့် ရှင်က ရှင့်နန်းတော်ပျက်စီးမှာစိုးလို့ ကျွန်မကို မရည်ရွယ်ဘဲ ခုလို ကယ်တင်ပေးလိမ့်မယ်လို့ တကယ်ကြီးမထင်မိခဲ့ဘူး”
ဖီလိုနာသည် အာရန်အပေါ် အထင်အမြင်သေးသောလေသံဖြင့် ပြောလိုက်သည်။
ထိုစကားကြောင့် သူမသည် ဧကရာဇ်၏ ရန်သူတစ်ဦးအနေနှင့် ရှိနေဆဲဖြစ်ပြီး ဧကရာဇ်၏ အစောပိုင်း လုပ်ဆောင်ချက်များသည် သူမ၏ လုပ်ဆောင်ချက်များနှင့် ဘာမှ မသက်ဆိုင်ဟု ခွဲထုတ်လိုက်သည့် သဘောလဲ သက်ရောက်နေခဲ့၏။
သူမသည် သူ၏ လုပ်ရပ်များကို ပို၍ အဓိပ္ပာယ်သွားရှိအောင် ပြုမူလိုက်ခြင်း ဖြစ်လေသည်။
သူသည် သူမ၏ ရန်သူတစ်ဦးသာဖြစ်နေသင့်ပြီး သူမကို ကာကွယ်ရန် ဤနေရာတွင် ရှိနေခဲ့ခြင်းမဟုတ်ပေ။
ယင်းအစား အာရန်သည် သူမကို ကာကွယ်ရန်အတွက် ဘာကိုမျှဂရုမစိုက်ဟန်ဖြင့် ဝင်ပါလိုက်ခြင်းဖြစ်လေသည်။
“ကျွန်မ ဒီမှာ သေဆုံးသွားမည်ဆိုရင်တောင် ရှင့်ကို ကျွန်မနဲ့အတူ ဆွဲခေါ်သွားမယ်!” ဖီလိုနာသည် သူမ၏လက်ထဲတွင် ဝိညာဉ်ဓားမြှောင်တစ်လက်ကို ဖန်တီးလိုက်သည်။
ဓားမြှောင်သည် ရုတ်တရက်ကြည့်လျှင် ခြိမ်းခြောက်နိုင်သည် အရိပ်အယောင်များ ပေါ်လွင်နေသော်လည်း အာရန်အတွက် အမှန်တကယ် အန္တရာယ်မရှိပေ။
‘ကျွန်မ တောင်းပန်ပါတယ်၊ ဒါပေမယ့် ဒီတစ်ခါတော့ ရှင့်ရဲ့ ညွှန်ကြားချက်အတိုင်း ကျွန်မ လိုက်နာဖို့ မဖြစ်နိုင်တော့ဘူး’ ဟု ဖီလိုနာသည် အာရန်ထံသို့ စိတ်ဖြင့် ဆက်သွယ်မှုတစ်ခု ပေးပို့လိုက်လေ၏။
သူမသည် အာရန်၏ အင်္ကျီစတစ်ခုကို ဆွဲကိုင်လိုက်ပြီး ရှေ့ရှိထူးဆန်းသောလူနှင့် ဝေးရာဆီသို့ တွန်းထုတ်လိုက်သည်။
သို့သော် သူမသည် အာရန်အား နံရံတစ်ခုနှင့် ရိုက်ချလိုက်သည့်အလား ဟန်ဆောင်လိုက်သည်။
အာရန်သည် ထိုအမည်မသိလူနှင့် ဆက်လက်ထိတွေ့မှု မရှိနိုင်တော့လျှင် ထူးဆန်းသည့် အဆိပ်သင့်စေသော စွမ်းရည်များသည် သူ၏ခန္ဓာကိုယ်ထဲသို့ ထပ်မံ၍ ဝင်ရောက်နိုင်တော့မည် မဟုတ်ပေ။
အတွင်းသို့ ဝင်ရောက်နှင့်ပြီးသော သက်ရောက်မှုများ အတွက်မူ သူ၏ခန္ဓာကိုယ်က အချိန်အနည်းငယ်အတွင်း ပြန်လည် ကုသပေးနိုင်လိမ့်မည်ဖြစ်သည်။
သို့သော် အာရန်သည် ထပ်မံ၍ ထရပ်ကာ သူမအား တစ်ဖန် ကာကွယ်ပေးဦးမည်မှန်း သူမ သိနေခဲ့သည်။
သူမသည် ထိုသို့ မဖြစ်စေလိုသောကြောင့် ရုတ်တရက် အာရန်ထံဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားလိုက်ပြီး ဓားမြှောင်တစ်လက်ကို သူ၏ ရင်ဘတ်အတွင်း ထိုးစိုက်လိုက်သည်။
သို့သော် သူ၏နှလုံးသားနေရာကိုမူ ရည်ရွယ်ချက်ရှိရှိ လွဲချော်စေခဲ့သည်။
ထိုဓားမြှောင်နှင့်ထိုးစိုက်မှုသည် ဟန်ဆောင်မှုတစ်ခု သက်သက်သာ မဟုတ်ပေ။
ထိုဓားမြှောင်ဖြင့် အချိန်တစ်ခုကြာသည်အထိ အာရန်အား လှုပ်ရှားမရ နိုင်အောင် သွေးကြောအချို့ကို ပိတ်ထားလိုက်ခြင်းလည်းဖြစ်လေသည်။
အနည်းဆုံးတော့ အာရန်၏ခန္ဓာကိုယ်မှ ထိုဓားမြှောင်၏ အကျိုးသက်ရောက်မှုများကို ဖယ်ရှားနိုင်သည့်အချိန်အထိဖြစ်လေ၏။
သို့သော် ကံကောင်းထောက်မစွာဖြင့် ၎င်းသည် ထိုမျှ မြန်ဆန်လိမ့်မည် မဟုတ်ပေ။
သူမသည် အာရန်၏ ရင်ဘတ်တွင် ဓားမြှောင်တစ်ချောင်း ထိုးစိုက်လျက် နောက်ချန်ထားခဲ့လေ၏။
“အခု ကျွန်မဖြေရှင်းရမဲ့ ကိစ္စတစ်ခု ပြီးသွားပြီဆိုတော့ ရှင်တို့နှစ်ယောက်အလှည့်ပေ့ါ” ဖီလိုနာသည် သူမ၏ လုပ်ဆောင်ချက်များကို မျက်မှောင်ကြုတ်၍ စိုက်ကြည့်နေခဲ့သော ထိုအမည်မသိလူအား လှမ်း၍ ပြောလိုက်သည်။
ထိုလူထင်သည်မှာ အာရန်သည် ဤအမျိုးသမီးနှင့်အတူတူ တစ်ဖက်တည်းဖြစ်နေခြင်းကြောင့် သူမအား အကာအကွယ်ပေးရန် ကျိုးစားခဲ့ခြင်းဖြစ်မည်ဟု တွေးမိခဲ့သည်။
သူ မှားသွားခဲ့တာလား...။
ဖီလိုနာသည် အာရန်ကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပေ။
သူမသည် ရုတ်တရက် ဝိညာဥ်ဓားမြှောင်နှစ်ချောင်းကို ထပ်မံဖန်တီးယူလိုက်ပြီး သူမ ကျရှုံးမည်မှာ သေချာနေသော တိုက်ပွဲအတွက် ပြင်ဆင်ထားလိုက်သည်။
အနည်းဆုံးတော့ သူမသည် ထိုနည်းဖြင့် အာရန်အား ကာကွယ်ပေးနိုင်ပေလိမ့်မည်။
‘ကျွန်မ တကယ်ပဲ ရှင့်ကို မုန်းတီးခဲ့ဘူးတဲ့အချိန်တွေ ရှိခဲ့ပါတယ်။ ရှင်က ကျွန်မတို့ရဲ့ ပြဿနာတွေကို အခွင့်ကောင်းယူပြီး ဝိညာဥ်လောကကို ရှင့်လက်အောက်မှာ ထားဖို့ကျိုးစားခဲ့တယ်။ ကျွန်မ ရှင့်ကို ထာဝရ မုန်းတီးနေခဲ့သင့်တယ်။ သို့သော် အဲဒီမုန်းတီးမှုက ဘယ်တုန်းက ပြောင်းလဲသွားခဲ့မှန်း ကျွန်မလဲ မသိခဲ့ဘူး’
ဝိညာဉ်ဘုရင်မဖီလိုနာသည် အာရန်ထံသို့ သိစိတ်ဖြင့် ဆက်သွယ်မှုတစ်ခုထပ်မံ၍ ပေးပို့လိုက်ရင်း အာရန်အနေဖြင့် သူမအား အမှတ်ရနေစေရန် သူမ၏ နောက်ဆုံးသတင်းစကားတစ်ခွန်းကို ချန်ထားခဲ့ရန် ကျိုးစားလိုက်မိ၏။
ထိုသို့ သတင်းစကားအနည်းငယ်ပေးပို့ပြီးသည်နှင့် သူမသည် ထိုလူဆီသို့ ခြေလှမ်းများစတင်လိုက်သည်။
‘ရှင့်အနားမှာ အံ့မခန်းအမျိုးသမီးတွေ အများကြီးရှိနေတာကြောင့် ကျွန်မအနေနဲ့ ရှင့်အနားမှာ ဆက်ရှိနေဖို့ ထိုက်တန်တယ်လို့ မခံစားရတော့ဘူး။ ဒါပေမယ့် ရှင်က တစ်ခုခုလုပ်ဖို့ ကျွန်မကို တောင်းဆိုတဲ့အခါတိုင်း ကျွန်မအနေနဲ့ အတိုင်းထက်အလွန် ပျော်ရွှင်ခဲ့ရတယ်...’
ဖီလိုနာသည် သူမ၏အတွေးများကို အာရန်ထံသို့ တိုက်ရိုက်ဆက်သွယ်နေခဲ့သည်။
“ပထမဝိညာဉ်ဘုရင်မက ဘာလို့ လူသားတစ်ယောက်အတွက်နဲ့ ကမ္ဘာကြီးတစ်ခုလုံးကိုတောင် ဆန့်ကျင်ခဲ့လဲဆိုတာ ကျွန်မ အခုတော့ နားလည်သွားပြီထင်တယ်။ ဒါက အဲဒီခံစားချက်မျိုးပဲထင်တယ်။ သိပ်တော့ မဆိုးပါဘူး...”
#Catfoot