ကံကြမ္မာဓား (သို့) လက်စားချေခြင်းဓား
Vol. 35 Ch. 498
...
အာရန်သည် ဖီလိုနာအား သတ်ရန်ကြံရွယ်နေသော အမည်မသိနောက်ခံရှိသည့် ထိုပုဂ္ဂိုလ်၏ ရှေ့တွင် ရပ်လိုက်သည်။
ထို့နောက်သူ့အား အစောပိုင်းက နောက်ကျောဘက်မှနေ၍ ဓားနှင့်ထိုးခဲ့သော ဖီလိုနာအား ခဏမျှ စိုက်ကြည့်လိုက်၏။
သူမသည် သူ့အား ကာကွယ်ရန် အတွက်သာ ထိုသို့လုပ်ဆောင်ခဲ့ခြင်းဖြစ်လေသည်။
သို့သော် ထိုဝိညာဉ်ဓားမြှောင်သည် သူ့အပေါ်အနည်းငယ်မျှပင် မသက်ရောက်စေနိုင်ကြောင်း သူမ မသိနိုင်ခဲ့ပေ။
ထို့ပြင်တကယ်တမ်းဆိုပါက ၎င်းသည် သူ့အား အထောက်အကူပင်ပြုခဲ့သေးသည်။
အာရန်အား တအောင့်ကြာသည်အထိ တားဆီးထားနိုင်ရန် ဖီလိုနာတစ်ယောက် အသုံးပြုလိုက်သော ထိုဝိညာဥ်ဓားမြှောင်ရှိ အဆိပ်စွမ်းအင်အချို့သည် သူ၏ ခန္ဓာကိုယ်အား အန္တရာယ်မရှိနိုင်ခဲ့သော်လည်း သူ၏ အတွင်းပိုင်းရှိ တစ်စုံတစ်ရာအတွက်မူ ၎င်းက အတော်လေး အသုံးဝင်ခဲ့လေ၏။
ထိုအဆိပ်အနည်းငယ်သည် သူ၏ လက်မောင်းပေါ်ရှိ ဓားအမှတ်အသားမှ အငမ်းမရ စုပ်ယူခြင်းကို ခံလိုက်ရပြီး အချိန်အကြာကြီး အိပ်ပျော်နေခဲ့သော ထိုဓားအမှတ်အသားအား နိုးထလ,စေခဲ့သည်။
ဖီလိုနာ၏ လှုပ်ရှားမှုရပ်တန့်ခြင်းအစွမ်းမှာ သူ့အပေါ်တွင် သက်ရောက်မှု မရှိခဲ့သော်လည်း သူမသည် သူ့အတွက် အသက်ကိုပင် မည်မျှ စွန့်လွှတ်ရန် ဆန္ဒရှိနေကြောင်းကိုမူ သူ မြင်တွေ့နိုင်ခဲ့သည်။
၎င်းသည် သိမ်းပိုက်ခံရခြင်းမှ ရရှိလာနိုင်သော သစ္စာရှိမှုမျိုး မဟုတ်ပေ။
ယင်းအစားအားဖြင့် ၎င်းသည် နှလုံးသားအတွင်းမှ တိုက်ရိုက်ဖြစ်ပေါ်လာသော ဆန္ဒတစ်ခုသာ ဖြစ်လေသည်။
သူမ၏လုပ်ဆောင်ချက်များသည် အာရန်အား ပြင်ဆင်မှုအချို့ပြုလုပ်ရန် အခွင့်အရေး ရသွားစေခဲ့၏။
သန့်စင်ဧကရာဇ်အနေဖြင့် သူသည် အခြားစွမ်းရည်များကို ထုတ်ဖော်ပြသ၍မရပေ။ သို့သော် မိစ္ဆာဂိုဏ်းမှ မဟာအကြီးအကဲတစ်ဦးအဖြစ်နှင့်မူ ၎င်းက ကွဲပြားခြားနားလေသည်။
သန့်စင်ပရောဟိတ်မသည် ဤကိစ္စများကို ဂရုစိုက်ရန် အချိန်မရသောကြောင့် ဤနေရာတွင် အာရန်သည် သူ၏အစွမ်းများကို စိတ်ကြိုက်အသုံးပြုနိုင်စွမ်းရှိနေခဲ့၏။
ထို့နောက်အာရန်သည် လက်တစ်ဖက်ကို မြှောက်လိုက်ပြီးနောက် နန်းတော်ပတ်လည်တွင် သီးသန့်နယ်မြေတစ်ခုကို ဖန်တီးလိုက်သည်။
သမုဒ္ဒရာအုပ်စိုးသူအစွမ်းသည် သမုဒ္ဒရာအတွင်း၌ ပိုမို၍ ထိရောက်မှုရှိနိုင်သော်လည်း ကုန်းမြေပေါ်တွင်ပင် သီးသန့်နယ်မြေတစ်ခုကို ဖန်တီးနိုင်စွမ်းရှိနေလေသည်။
သို့သော် ကန့်သတ်ချက်တော့ ကြီးမားနေဆဲပင်။
ကံကောင်းထောက်မစွာဖြင့် အာရန်သည် ဤအချိန်၌ ထိုကန့်သတ်ချက်ကို ဂရုစိုက်စရာ လိုမနေခဲ့ပေ။
သီးခြားနယ်မြေဖန်တီးရသည့် ရည်ရွယ်ချက်မှာ ဤနေရာရှိ အဖြစ်အပျက်များကို အပြင်မှပုဂ္ဂိုလ်များ မသိနိုင်ရန် ဖုံးကွယ်ထားရန်အတွက်သာ ဖြစ်လေသည်။
ဤနယ်မြေ အတွင်း၌ဆိုပါက အာရန်သည် သန့်စင်ပရောဟိတ်မအား သတိမပြုမိစေဘဲ သူ၏စွမ်းရည်များကို လွတ်လပ်စွာ အသုံးပြုနိုင်လေသည်။
၎င်းက သူပိုင်ဆိုင်သော ကိုယ်ပိုင်နေရာလွတ်တစ်ခုကို အခြားသူတစ်ဦး၏ နယ်မြေအတွင်း၌ ဖွင့်လှစ်လိုက်သကဲ့သို့ပင် ဖြစ်နေလေသည်။
“မင်းက...”
အမည်မသိပုဂ္ဂိုလ်သည် အာရန်အား စကားပြောရန် ကြိုးစားလိုက်သော်လည်း အာရန်သည် သူ့အား ဒုတိယအကြိမ်အနေဖြင့် အကြည့်တစ်ချက်ကိုပင် ထပ်မံမပေးတော့ပေ။
အာရန်သည် ခြေတစ်လှမ်းတည်းဖြင့် ဖီလိုနာ၏ရှေ့တွင် ပေါ်လာခဲ့သည်။ ဤနယ်မြေ၏ သီးသန့် ဥပဒေသများကပင် သူ့အား အထောက်အကူပြုနေသကဲ့သို့ပင်။
အာရန်သည် ဖီလိုနာအား လဲကျနေရာမှ ထူပေးရန် သူ၏ လက်ကို ဆန့်ထုတ်လိုက်၏။
အာရန်၏ လုပ်ရပ်ကို မြင်သောအခါ သန့်စင်ဧကရာဇ်၏ မိဘုရားလောင်းဖြစ်ခဲ့သော မိန်းကလေးနှင့် အမည်မသိပုဂ္ဂိုလ်တို့သည် ထိုသူသည် ထိုဝိညာဥ်အမျိုးသမီးနှင့် တစ်ဘက်တည်းဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
သူသည် မိတ်ဆွေမဟုတ်ဘဲ ရန်သူဖြစ်ကြောင်း ရှင်းလင်းလာခဲ့သည်။
“ဘာလို့ ရှင်က...” ဖီလိုနာသည် အာရန်၏လက်ကို ဆုတ်ကိုင်ထားလိုက်ပြီး စကားပြောရန် ကြိုးစားလိုက်သည်။
သို့သော် သူသည် သူမအား ဆွဲထူလိုက်ပြီး ပွေ့ဖက်ထားလိုက်သောကြောင့် ဖီလိုနာသည် သူမ၏ စကားကိုပင် မပြီးဆုံးနိုင်ခဲ့ပေ။
“ကိုယ့်အတွက် မင်းအသက်ကို စတေးရလောက်အောင်အထိ ကိုယ်က အားနည်းလွန်းတဲ့လူတစ်ယောက်မဟုတ်ဘူး” ဟု အာရန်သည် ဖီလိုနာအားပွေ့ဖက်ထားလျက်ပင် တိုးတိုးလေးပြောလိုက်သည်။
“ကဲလိမ္မာတယ် ဝိညာဥ်လောကကို ပြန်သွားလိုက်နော်၊ ဒီတစ်ခေါက်မှ ကိုယ့်စကားထပ်နားမထောင်ရင်တော့ အတော်လေး စိတ်ဆိုးမိလိမ့်မယ်”
“အဲဒီဝိညာဥ်မက သူမ မထိသင့်တဲ့သူတစ်ယောက်ကို ထိပါးဖို့ကြံရွယ်ခဲ့တယ် ခင်ဗျားက သူမနဲ့ တစ်ဖက်တည်းဆိုရင်တော့ ကျုပ်အနေနဲ့ ရန်သူအဖြစ် သတ်မှတ်ရုံကလွဲလို့ အခြား ရွေးချယ်စရာမရှိတော့ဘူး” ဟု အမည်မသိပုဂ္ဂိုလ်မှ အာရန်အား ပြောလိုက်ရာ သူ၏ အသံတွင် ရန်လိုမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ပထမတွင် သူသည် အာရန်၏ ရုတ်တရက်ရောက်လာမှုကြောင့် အတော်လေး အံ့အားသင့်သွားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ထိုလူငယ်သည် သိသိသာသာ ခွန်အားကြီးနေပုံ ပေါ်သောကြောင့်ပင်တည်း။
ထိုလူငယ်သည် ဧကရာဇ်၏ ဧည့်သည်တစ်ဦးများလား သို့မဟုတ် သူ၏ ရန်သူများလားဆိုသည်ကို သူ မသေချာသေးသောကြောင့် ဤအတိုင်း ရပ်ကြည့်နေခဲ့ခြင်း ဖြစ်လေသည်။
သို့သော် ထိုလူငယ်၏ အပြုအမူကြောင့်ယခုမူ ရှင်းလင်းသွားခဲ့ပြီဖြစ်၏။
“ သူမက မထိပါးသင့်တဲ့သူတစ်ယောက်ကို ထိပါးဖို့ကြံရွယ်ခဲ့တယ်ဆိုရင် မင်းလည်း အတူတူပဲ မဟုတ်လား” ဟု အာရန်သည် ထိုအမည်မသိပုဂ္ဂိုလ်အား ပြန်မေးလိုက်ပြီး ဖီလိုနာအား ဂိတ်တံခါးပေါက်တစ်ခု ဖွင့်လှစ်၍ ထိုနေရာမှ ထွက်သွားရန်အမိန့်ပေးလိုက်သည်။
“မင်းက ငါ့ ပိုင်ဆိုင်တဲ့သူတစ်ယောက်ကို ထိပါးခဲ့တယ်”
အာရန်သည် ထိုသို့ ထပ်မံ၍ပြောဆိုနေရင်း ဖီလိုနာအား ဝိညာဉ်လောကသို့ ဦးတည်နေသော ဂိတ်တံခါးပေါက် အတွင်းသို့ ညင်သာစွာ တွန်းပို့လိုက်သည်။
“မင်းရဲ့ရန်သူဖြစ်ရတာနဲ့ ပတ်သက်ရင်တော့ င့ါအတွက် စိတ်ပူပေးနေစရာ မလိုပါဘူး။ သေတော့မယ့်လူတစ်ယောက်ကို ရန်သူလုပ်မိတာက ဘာမှ ပြသနာမရှိနိုင်ဘူးလို့တော့ ငါထင်တာပဲ” ဟု အာရန်က ပြန်ပြောလိုက်၏။
အာရန်သည် ထိုမိန်းကလေး၏ နောက်ကွယ်တွင် ရှိနေသော ပုဂ္ဂိုလ် မည်သူမည်ဝါဖြစ်သည်ကို မသိထားပေ။
သို့သော် ဤအခြေအနေတွင် ထိုအရာသည် အရေးမကြီးချေ။
အာရန်သည် သူ၏ မဟာအကြီးအကဲရန်အဖြစ် အသွင်အပြင်ကို စွန့်လွှတ်ရမည်ဆိုလျှင်ပင် ထိုအတွက်ပင် သူသည် အသင့်ပြင်ထားခဲ့ပြီးဖြစ်၏။
ယခု သူသည် ဤပြသနာအတွင်းသို့ ခြေဆန့်မိပြီးဖြစ်၍ သူ၏ပန်းတိုင်ကို အောင်မြင်ပြီးနောက် လွတ်လမ်းတစ်ခုကို သေချာစေမှရပေတော့မည် ဖြစ်သည်။
သို့သော် ထိုမတိုင်မီ ဖီလိုနာအား သတ်ရန်ကြံစဥ်ဝံ့သူကို သူ့အနေနှင့် အပြစ်ပေးမှဖြစ်ပေလိမ့်မည်။
ဤပုဂ္ဂိုလ်ကို သတ်ပြီးမှသာ သူ၏စစ်မှန်သော ပန်းတိုင်ကို ပြီးမြောက်အောင်မြင်နိုင်မည်ဖြစ်သည်။
“သေတော့မယ့်လူတစ်ယောက်ကို ရန်သူလုပ်တာ ဟုတ်လား..”
ထိုအမည်မသိပုဂ္ဂိုလ်သည် အာရန်၏ ဆိုလိုခြင်းကို နားမလည်ခဲ့ပေ။
“သေတော့မယ့်လူဆိုတာက...မကြာခင် သေဆုံးတော့မယ့်သူကို ပြောနေတာ” ဟု အာရန်သည် သက်ပြင်းတစ်ချက်ချ၍ပြောလိုက်ပြီးနောက် ဓားတစ်လက်ကို ဆင့်ခေါ်လိုက်သည်။
ပထမဆုံးအကြိမ်အဖြစ် အာရန်သည် သူဘယ်တုံးကမှ အသုံးမပြုဖူးခဲ့သော ဓားတစ်လက်ကို ဆင့်ခေါ်နိုင်ခဲ့သည်။
ဖီလိုနာ၏ တိုက်ခိုက်မှုကြောင့် ထိုဓားဆီမှ ထူးဆန်းသော တုံ့ပြန်မှုတစ်ခုကို ရရှိလိုက်သဖြင့် အာရန်ကိုယ်တိုင်ပင် အံ့အားသင့်ခဲ့သည်။
တစ်စုံတစ်ရာက ဓားအား နိုးထလာစေရန် လှုံ့ဆော်နိုင်ခဲ့ပြီး သူသည် ၎င်းကို အာရုံခံကာ ဆက်သွယ်နိုင်ခဲ့ခြင်းဖြစ်လေသည်။
ဓားကို နိုးထစေနိူင်သည့် အဓိကသော့ချက်မှာ သူ၏ ဓားရည်ရွယ်ချက် သို့မဟုတ် ဓားထိန်းချုပ်မှုအတတ်ပညာများ မဟုတ်ခဲ့ဘဲ အဆိပ်စွမ်းအင်သာဖြစ်ကြောင်း သူ ဘယ်တုန်းကမှ သတိမထားမိခဲ့ပေ။
ဓားဧကရာဇ်၏ ဓားနှင့် အဆိပ်စွမ်းအင်ကို စောစီးစွာ ချိတ်ဆက်၍ မစမ်းသတ် ခဲ့မိသည့်အတွက် သူ့ကိုယ်သူ လူမိုက်တစ်ဦးဟုပင် ခံစားလိုက်ရသည်။
သူသည် ဖီလိုနာ၏ အစောပိုင်း အဆိပ်ကြောင့် ထိုဓားနှင့် ဆက်သွယ်မှုကို ပြုလုပ်နိုင်ခဲ့သော်လည်း ၎င်းကို အပြင်သို့ ခေါ်ထုတ်ရန်အတွင်မူ ယခုသည် ပထမဆုံးအကြိမ်အဖြစ် ကြိုးစားမိခြင်းသာ ဖြစ်လေသည်။
၎င်းက သူ့အနေနှင့် ဤသီးခြားနယ်မြေတစ်ခုကို ဖန်တီးခဲ့ရသည့် အကြောင်းရင်းများထဲမှ တစ်ခုလည်းဖြစ်၏။
ဤသို့ဖြင် အာရန်၏လက်မောင်းပေါ်ရှိ ဓားအမှတ်အသားသည် ပိုမို တောက်ပလာခဲ့သည်။
သူ၏အဝတ်အစားများမှတစ်ဆင့်ပင် သူ၏လက်မောင်းတွင် ဓားအမှတ်အသား၏ ပုံရိပ်သည် ပိုမိုတောက်ပလာနေသည်ကိုပင် လှမ်း၍ မြင်နိုင်နေပြီဖြစ်သည်။
ဖြည်းဖြည်းချင်း ဓားတစ်လက်သည် အာရန်၏လက်ထဲတွင် ပုံပေါ်လာခဲ့ကာ ယခင်က အိမ်မက်ထဲတွင် မြင်ခဲ့ရသည့် ခန့်ညားထည်ဝါသော ပုံစံအတိုင်းပင်ဖြစ်၏။
၎င်းသည် သူ၏အိပ်မက်ထဲရှိ ဓားဧကရာဇ်မှ ကောင်းကင်ကို ဖြတ်တောက်ရန် အသုံးပြုခဲ့သော ဓားနှင့် အတူတူပင် ဖြစ်လေသည်။
သို့သော် အာရန်သည် ၎င်းကို ဆင့်ခေါ်လိုက်သောအခါ အနည်းငယ် ကွဲပြားမှုများ ရှိနေသည်ဟုတော့ ခံစားလိုက်ရသည်။
ဓားသည် သူ၏ ခေါ်သံကို တုံ့ပြန်ခဲ့သော်လည်း တစ်စုံတစ်ရာက လိုအပ်နေဆဲပင်။
သူ၏ အိပ်မက်ထဲတွင် မြင်ခဲ့ရသည်ထက် များစွာ အားနည်းနေသေးဟန်ရသော ဓား၏ ပုံရိပ်တစ်ခုကိုသာ ဆင့်ခေါ်နိုင်ခဲ့လေသည်။
၎င်းသည် ထိုဓား၏ ပုံရိပ်ယောင်သက်သက်မျှသာ ဖြစ်သော်လည်း သူ ယခင်က ကိုင်ဆောင်ဖူးသော မည်သည့်ဓားထက်မဆို များစွာပိုမို၍ အစွမ်းထက်နေဆဲပင်။
၎င်းကို သူ၏လက်ထဲတွင် ကိုင်ထားမိရုံဖြင့်ပင် ဤဓား မည်မျှ ထူးခြားသည်အား ခံစားမိနိုင်လေသည်။
ဓား၏ ပုံရိပ်ပတ်လည်တွင် ပြင်းထန်သော အစိမ်းရောင်အော်ရာတစ်ခု စုဝေးလာခဲ့သည်။
၎င်းက ပင်လယ်နဂါးမင်းသားကို သတ်ရန် အသုံးပြုခဲ့သော အဆိပ်လည်ဆွဲကို အသုံးပြုခဲ့စဥ်က ခံစားမိခဲ့သော အဆိပ်အော်ရာနှင့် အတူတူပင် ဖြစ်လေသည်။
#Catfoot