မိုးကောင်းကင်အား သက်သေပြု၍
Vol. 35 Ch. 500
...
အာရန်သည် ထိုမေးခွန်းကို ပြန်ဖြေရန် မလိုအပ်ဟု ယူဆလိုက်သည်။
ထိုလူတွင် မည်သည့် ကာကွယ်မှုကိုမဆို ရှောင်ရှားနိုင်သည့် ထူးခြားသော စွမ်းအင်တစ်ခု ရှိနေမည်ဆိုပါလျှင်ပင် သူ၏ဓားသည် အသုံးမဝင်ဟု မဆိုလိုပေ။
၎င်းသည် အိပ်မက်လောကတွင်ပင် ဓားဧကရာဇ်ဆိုသူက ကောင်းကင်ကို နှစ်ပိုင်းပိုင်းရန်အတွက်ပင် အသုံးပြုခဲ့သော ဓားတစ်လက် ဖြစ်လေသည်။
အာရန်အနေဖြင့် ဓားဧကရာဇ်၏ ကံကြမ္မာဓားအား အပြည့်အစုံ ဆင့်ခေါ်နိုင်ခြင်း မရှိသေးသည့်တိုင် ၎င်းသည် ထိုဓား၏ ဓားအရိပ်တစ်ခုဖြစ်ကာ ထိုဓား၏ စွမ်းရည်သတ္တိများ ပါဝင်နေဆဲပင်ဖြစ်၏။
“မင်းဘယ်သူ့ကို ရန်စမိလိုက်လဲဆိုတာကိုကော မင်းသိရဲ့လား” ဟု ထိုလူက အာရန်ထံမှ မည်သည့်တုံ့ပြန်မှုမှ ပြန်မရခဲ့သောကြောင့် ထပ်မံ၍ မေးလိုက်သည်။
“မင်းသာ အခုချက်ချင်း နောက်ဆုတ်လိုက်မယ်ဆိုရင် ငါ မင်းကို ခွင့်လွှတ်ပေးနိုင်တယ်။ ဒါပေမယ့် ရှေ့ဆက်တိုးမယ်ဆိုရင်တော့ မင်း ထာဝရ နောင်တရသွားရလိမ့်မယ်”
“ငါဘယ်သူ့ကို ရန်စမိလဲလို့မေးတာလား ဒါဆို မင်းဆိုလိုတာ ကောင်းကင်သခင်ကိုလား”
အာရန်သည် ထိုလူ၏ စကားကို ပေ့ါပေ့ါတန်တန်ပင် ပြန်ပြောလိုက်၏။
စနစ်၏ အရိပ်အမြွက်ဖော်ပြချက်ကြောင့် အာရန်သည် အခြေအနေကို အနည်းငယ် တီးမိခေါက်မိပြီးသားဖြစ်လေသည်။
ဤကောင်းကင်သခင်ဆိုသူသည် မည်သူမည်ဝါဖြစ်သည်ကိုမူ သူ မသိနိုင်သေးသော်လည်း တစ်ခုကိုတော့ ရှင်းရှင်းလင်းလင်း သိထားလေသည်။
ထိုပုဂ္ဂိုလ်သည် မည်သူမည်ဝါကြီးဖြစ်နေပါစေ ဤနေရာသို့မူ ကိုယ်တိုင်လာရောက်၍ ရနိုင်မည်မဟုတ်ပေ။
အကယ်၍ ထိုပုဂ္ဂိုလ်သည်သာ ဤနေရာသို့ဆင်းလာနိုင်၍ သူ့အားတိုက်ခိုက်နိုင်မည် ဆိုပါက စနစ်ဆီမှ ဆုလာဘ်သည် ကောင်းကင်သခင်၏ ရန်ငြိုးဟုသာဖော်ပြမည် မဟုတ်ဘဲ ထွက်ပြေးခြင်းနှင့် ပတ်သက်သည့်အရာတစ်ခု ဖြစ်နေရပေလိမ့်မည်။
ရန်ငြိုးဆိုသည်မှာ ထိုပုဂ္ဂိုလ်က ကိုယ်တိုင်ဆင်းလာနိုင်ခြင်းမရှိဟု ဆိုလိုရာလည်းရောက်လေသည်။
ထိုခြိမ်းခြောက်နိုင်သည့် တည်ရှိမှုသည် ဤနေရာသို့ ကိုယ်တိုင် ဆင်းမလာနိုင်သရွေ့ ကျန်သည့်အရာများသည် အာရန်အတွက် ခြိမ်းခြောက်မှုများ မဖြစ်နိုင်တော့ပေ။
ထိုမျှသာမက အာရန်သည် သူ၏ရှေ့ရှိ လူမှ လွဲ၍ မည်သူနှင့်မျှ တိုက်ခိုက်ရန် စီစဉ်နေခြင်းမျိုးလည်း မဟုတ်ပေ။
အာရန်သည် ရန်လိုမှုများအားလုံးကို ဖယ်ရှားကာ ဤရှုပ်ထွေးသော ပြဇာတ်၏ အဆုံးသတ်အတွက်ပင် ကြိုတင်စီစဉ်ထားနှင့်ပြီးသားဖြစ်လေ၏။
ထိုအရာ၏ အဓိကသော့ချက်မှာ သန့်စင်ဧကရာဇ်၏လက်ထဲတွင် ရှိနေခဲ့ပြီး ၎င်းကလည်း သူ တောင်းဆိုသမျှကို လုပ်ဆောင်ပေးမည့် သူ၏ကိုယ်ပွားတစ်ဦးသာ ဖြစ်နေခဲ့လေသည်။
ဤအစီအစဥ်တွင် ပြင်ပအနှောင့်အယှက်တစ်ခုခုသာ မရှိသရွေ့ ကျရှုံးနိုင်ချေသည် အလွန်နည်းပါးလွန်းကြောင်း တွက်ချက်ထားပြီးဖြစ်၏။
“မင်း...မင်း ကောင်းကင်သခင်ကို ဘယ်လိုလုပ်သိနေတာလဲ...”
ထိုလူသည် သူ၏ မျက်နှာပေါ်ရှိ တုန်လှုပ်ခြောက်ခြားမှုများကိုပင် မဖုံးကွယ်နိုင်တော့ပေ။
ဤလူငယ်သည် ဘယ်သူများနည်း။
‘သူက ကောင်းကင်သခင်အကြောင်းကို ဘယ်လိုများ သိနေရတာလဲ?’
ကောင်းကင်သခင်သည် နတ်ဘုရားတစ်ပါးနှင့် နှိုင်းယှဉ်နိုင်သော တည်ရှိမှုတစ်ခုဖြစ်နေခဲ့ကာ ဤနေရာသို့ ကိုယ်တိုင် ဆင်းသက်၍ မရနိုင်လောက်အောင် တန်ခိုးအင်အားကြီးမားသူတစ်ဦးဖြစ်လေသည်။
သူကိုယ်တိုင်သည်ပင် ဤကမ္ဘာသို့ ဆင်းသက်လာနိုင်ရန်အတွက် အဖိုးအခ ကြီးကြီး မားမား ပေးဆပ်ထားရသည် မဟုတ်ပါလော...။
ထို့ကြောင့် ဤနေရာရှိ သာမန်လူတစ်ဦးအနေဖြင့် ကောင်းကင်သခင်၏ အမည်ကို မည်သို့များ သိရှိနေနိုင်ရသနည်း။
“သခင်ရဲ့ အကြောင်းကို သိနေပြီးတာတောင် မင်း ဒီလိုမျိုး ဆက်ပြုမူရဲသေးတာလား” ထိုလူသည် အာရန်အား မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်ရင်းထပ်မံမေးလိုက်သည်။
“ဒီလိုဆိုရင်တော့ မင်း တကယ်ကို သေဖို့ထိုက်တန်တယ်”
ထိုလူသည် သူ၏ အခြားမထိခိုက်ထားသော လက်တစ်ဖက်ကို မြှောက်လိုက်ပြီး သူ၏သိုလှောင်ပစ္စည်းအတွင်းမှ တစ်စုံတစ်ရာကို ထုတ်ယူလိုက်၏။
ကြယ်တာရာတစ်ခုဖြင့် ပြုလုပ်ထားခြင်းဖြစ်သော သံချပ်ကာဝတ်စုံတစ်ခုသည် သူ၏ ခန္ဓာကိုယ်တွင် အဆင်သင့် ပေါ်လာခဲ့လေသည်။
သူ၏ ပထမ ဦးစားပေးမှာ ထိုမိန်းကလေးကို ကာကွယ်ရန်ပင်ဖြစ်သည်။
ယခုမူ သူသည် အာရန်၏ အာရုံစိုက်မှုကို ရရှိထားပြီးဖြစ်သောကြောင့် သူသည် အာရန်နှင့် တိုက်ခိုက်ရန်သာရှိတော့ပြီး ဤနေရာတစ်ခုလုံးကို ဖောက်ခွဲပစ်မည်အရေးမှ ရှောင်ရှားရင်း သူ့အား အလျှင်အမြန် သတ်နိုင်ရန် အစွမ်းကုန် ကြိုးစားရန်သာ ကျန်ရှိတော့လေသည်။
ထိုလူသည် သူ၏ ဝှက်ဖဲများအားလုံးကို အသုံးပြုကာ သူ့အား အပြည့်အဝ အာရုံစိုက်နေသော အာရန်အား သတ်ဖြတ်ရန် ပြင်ဆင်လိုက်သည်။
သူသည် အစွမ်းကုန် ကြိုးစားကာ ထိုထူးဆန်းသော ဓားဆီမှ ခုတ်ချက်များကိုသာ ရှောင်ရှားနိုင်ပါက အာရန်အား သတ်ပစ်နိုင်မည်ဟု ယုံကြည်ချက်ရှိထား၏။
“မင်းက ငါ့ကို စိတ်ပျက်အောင် မလုပ်ဘူးလို့ မျှော်လင့်ပါတယ်”
အာရန်သည် သူ၏ ဓားကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားရင်း ထိုလူဆီသို့ သူကပင် စတင်၍ ပြေးဝင်သွားတော့သည်။
ထိုလူသည်လည်း အာရန်၏ တိုက်ခိုက်မှုအား တန်ပြန်တိုက်စစ်ဆင်ရန် ဂရုတစိုက် ပြင်ဆင်ထားလိုက်သည်။
သို့သော် အာရန်သည် သူ့ထံသို့ရောက်ခါနီးတွင် လမ်းကြောင်းကို ရုတ်တရက် ပြောင်းလဲလိုက်သည်ကို မြင်လိုက်သောအခါ သူ၏မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။
သူသည် အလှည့်ဖြားခံလိုက်ရသည်ဟုပင် ခံစားမိလိုက်သည်။
အာရန်၏အာရုံစိုက်မှုသည် အစကတည်းက သူ့အပေါ်တွင် ရှိမနေခဲ့ပေ။
ယင်းအစား အာရန်သည် ထိုမိန်းကလေးဆီသို့သာ အချိန်ပြည့် သတိထားစောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ကာ သူမသည် သူ၏အားနည်းချက်ဖြစ်ကြောင်း အစကတည်းက သဘောပေါက်ထားခဲ့သည့် အလာားပင်။
သူသည် ထိုဖြစ်ရပ်ကို လုံးဝမျှော်လင့်မထားမိခဲ့သောကြောင့် တုံ့ပြန်ရန် အလွန်နောက်ကျသွားခဲ့ရလေသည်။
သူသည် မည်သို့မျှ တုံ့ပြန်နိုင်ခြင်းမရှိမီ အာရန်သည် ထိုမိန်းကလေး၏ ဘေးတွင် ရောက်ရှိသွားခဲ့လေသည်။
အာရန်သည် သူမအား လည်ပင်းမှ ဆုတ်ကိုင်ကာ လေထဲတွင်ပင် မြှောက်ထားလိုက်သည်။
“မင်းလည်း လူတွေရဲ့လည်ပင်းကို ညှစ်ရတာကို ကြိုက်ပုံရတယ်။ ငါတို့နှစ်ယောက်က ဝါသနာတူတွေ ဖြစ်ပုံရတယ် ဟိဟိ” ဟု အာရန်သည် ထိုလူအား ပြောလိုက်သည်။
မိန်းကလေး၏ လည်ပင်းကို အာရန်တစ်ယောက် တင်းကျပ်စွာ ဆွဲညှစ်လိုက်သည်ကို မြင်သောကြောင့် ထိုလူ၏ မျက်နှာအမူအရာများ မှောင်မိုက်သွားခဲ့ရသည်။
“ဟင်း ဟင်း... မင်းသာ တစ်လက်မလောက် ရွေ့ရဲရင် ရွေ့ကြည့်လိုက် မင်း မျက်တောင်တစ်ချက်မခတ်နိုင်ခင်မှာတင် သူမ သေဆုံးပြီးဖြစ်နေလိမ့်မယ်” ဟု အာရန်သည် ထိုလူအား မိုက်မဲသော အရာတစ်ခုခု မလုပ်မိစေရန် သတိပေးလိုက်သည်။
“မင်းက တကယ်ကို အရှက်မရှိတဲ့ကောင်ပဲ ယောက်ျားတစ်ယောက်လို မတိုက်ခိုက်ဘဲ မိန်းကလေးတစ်ယောက်ကို အလစ်ချောင်းဖမ်းပြီး အကျပ်ကိုင်ချင်တာလား” ဟု ထိုလူသည် အာရန်၏ အပြုအမူအတွက် စက်ဆုပ်ရွံရှာနေဟန်ဖြင့် ပြန်မေးလိုက်သည်။
“မင်းကြိုက်သလို ယူဆလို့ရပါတယ်” ဟု အာရန်က ပြုံးပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။
“မင်း ဘာလိုချင်လဲ ငါ လုပ်တဲ့အရာတွေနဲ့ သူမနဲ့ ဘာမှ မဆိုင်ဘူး”
ထိုလူသည် အာရန်မှ သူ၏ လက်ချောင်းသုံးချောင်းကို ဖြတ်တောက်ထားခဲ့ခြင်းကြောင့် နာကျင်နေမှုကိုပင် မေ့လျော့သွားပြီး သွားများကို ခပ်တင်းတင်း အံကြိတ်ထားလိုက်သည်။
“မင်း ပြောတာမှန်ပါတယ်။ မင်းလုပ်တဲ့အရာတွေနဲ့ သူမက ဘာမှ မဆိုင်ပါဘူး။ ငါနဲ့ သူမ ကြားမှာလည်း ရန်ငြိုးရန်စ မရှိဘူး။ ဒါပေမယ့် မင်းကတော့ ကွဲပြားတယ်။ မင်းက ငါ့အတွက် အရေးပါတဲ့သူတစ်ယောက်ကို ထိခိုက်အောင် လုပ်ခဲ့တယ်။ မင်း ဒီမိန်းကလေးကို အသက်ရှင်စေချင်ရင် မင်း သေပေးမှရမယ်”
အာရန်၏ စကားများကို ကြားလိုက်ရသောအခါ ထိုလူသည် ပြန်လည် တိတ်ဆိတ်သွားခဲ့မိသည်။
သူမကို ကယ်တင်ရန် သူသည် အာရန်အား အစွမ်းကုန်ခွန်အားသုံး၍ တိုက်ခိုက်နိုင်သော်လည်း ထိုအခြေအနေတွင် မိန်းကလေးသည် သေဆုံးနိုင်ချေ ပိုများနေလေသည်။
အကယ်၍ ထိုမိန်းကလေးကိုသာ ကယ်တင်လိုပါက သူသည် သေပေးရပေလိမ့်မည်။
ထိုအခါ သူသည် ထိုတာဝန်တွင် ကျရှုံးခဲ့ပြီးဖြစ်ကာ သူမ သေဆုံးပါက သူ၏ သေဆုံးခြင်းသည် ရှောင်လွှဲ၍ ရနိုင်တော့မည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ သူသည် မုချပင် သေဆုံးရပေတော့မည်။
“မင်း ငါ့ကို သတ်ပြီးရင် သူမကို လွှတ်ပေးမပေး ဘယ်လိသိနိုင်တော့မှာလဲ” ဟု ထိုလူက အာရန်အား ပြန်မေးလိုက်သည်။
အာရန်သည် သူ၏လက်ထဲတွင် ရှိနေသော မိန်းကလေးကို စိုက်ကြည့်လိုက်ရာ သူမ၏မျက်နှာသည် ဖြူဖျော့နေဆဲပင်။
သူမသည် ဖီလိုနာကဲ့သို့ အသက်ရှူရန် အသဲအသန်ရုန်းကန်နေရခြင်း မရှိသော်လည်း သူမသည် သူ၏ အစောပိုင်း စိတ်ဝိညာဥ်တိုက်ခိုက်မှု၏ နောက်ဆက်တွဲ ဆိုးကျိုးများကို မူ ခံစားနေရဆဲပင်ဖြစ်၏။
“မင်း နာမည် ဘယ်လိုခေါ်လဲ” ဟု အာရန်သည် ထိုမိန်းကလေးအား မေးလိုက်လေသည်။
“တီယာနာ” ဟု ထိုမိန်းကလေးက ပြန်ဖြေလိုက်သည်။
အာရန်သည် သူ၏အာရုံကို ထိုလူထံသို့ ပြန်လှည့်လိုက်ပြီး သူ၏အခြားလက်ကို ကောင်းကင်ပေါ်သို့ မြှောက်လိုက်သည်။
“ကောင်းကင်ကို သက်သေပြု၍ ကျွန်ုပ် ကျမ်းသစ္စာကျိန်ဆိုပါသည်။ အကယ်၍ ထိုလူသာ ကျွန်ုပ်လက်နဲ့ သေဆုံးခဲ့မယ်ဆိုပါက ကျွန်ုပ်သည် တီယာနာကို သတ်မည် မဟုတ်ပါ။ ကျွန်ုပ် သူမ၏ လွတ်မြောက်ခွင့်အတွက် ကတိပေးနိုင်ပါသည်။”
ဤကမ္ဘာတွင် ကောင်းကင်ကျိန်ဆိုမှုသည် ကြီးမားသော သက်ရောက်မှုရှိသည့် အရာတစ်ခု ဖြစ်လေသည်။
မည်သည့်တိုက်ကြီးမှလာသူဖြစ်ပါစေ ကောင်းကင်ကျိန်ဆိုမှုကို တစ်ကြိမ်ကျိန်ဆိုပြီးပါက ဖောက်ဖျက်၍ မရနိုင်တော့ပေ။
အနည်းဆုံးတော့ ထိုကြိမ်ဆိုသူသည် မိုးကောင်းကင်နှင့် ရင်ဆိုင်နိုင်လောက်အောင် ခွန်အားကြီးမားခြင်းမရှိသေးသ၍ ဖြစ်လေ၏။
ထိုလူသည် အာရန်မှာ ထိုအဆင့်နှင့် ဝေးကွာလွန်းနေသေးကြောင်း သေခြာစွာ သိထားလေသည်။
နတ်ဘုရားများ သို့မဟုတ် ကောင်းကင်သခင်ကိုယ်တိုင်ပင် ထိုကောင်းကင်ကျိန်ဆိုမှုကို မဖောက်ဖျက်နိုင်ပေ။
ထိုလူသည် ကောင်းကင်ကျိန်ဆိုမှုအပေါ် အာရုံပျံ့လွင့်နေချိန်၌ အာရန်တစ်ယောက် သူ၏ ကျိန်ဆိုမှုတွင် အရေးပါသော အသေးစိတ်အချက်တစ်ခုကို ချန်လှပ်ထားခဲ့သည်ကိုမူ သတိမပြုမိခဲ့ပေ။
ထိုအရာက အာရန်တစ်ယောက် ထိုလူအား သတိမပြုမိစေရန် ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားခဲ့ခြင်းပင်ဖြစ်လေ၏။
#Catfoot