← Chapters

သွေးမျိုးဆက်စွမ်းရည်

Vol. 35 Ch. 501

သွေးမျိုးဆက်စွမ်းရည်

Vol. 35 Ch. 501

…

အာရန်သည် ထိုလူ၏ရှေ့တွင် ကောင်းကင်ကျိန်စာ ကျိန်ဆိုလိုက်လေသည်။

သို့သော် သူ၏ကျိန်စာတွင် အချိန်ကို အတိအကျ ဖော်ပြမထားခဲ့ပေ။

သူ့အနေနှင့် မိန်းကလေး တီယာနာ ကို လွှတ်ပေးမည်ဟုသာ ဆိုထားခဲ့ပြီး ထိုအရာက ချက်ချင်းလွှတ်ပေးမည်ဟု မဆိုလိုပေ။

မည်သို့ပင်ဆိုစေ အာရန်သည် သူမအား အစကတည်းက သတ်ဖြတ်ရန် ရည်ရွယ်ထားခြင်းမရှိခဲ့ချေ။

ကောင်းကင်သခင်သည် ဤကမ္ဘာသို့ ဆင်းသက်၍ မရနိုင်သော်လည်း သူသည် ထိုပုဂ္ဂိုလ်အား လိုအပ်သည်ထက် ပိုမို၍ ရန်မစမိလိုပေ။

အာရန်တစ်ယောက် ကောင်းကင်ကျိန်စာ ကျိန်ဆိုပြီးနောက် ထိုလူသည် သူ့တွင် အခြားဆင်ခြေပေးစရာ မရှိတော့ဟု နားလည်လိုက်သည်။

ယခုအချိန်အထိ ထိုလူသည် မိမိ၏အသက်ကို ပေးဆပ်စရာမလိုသော အခြားနည်းလမ်းဖြင့် တီယာနာအား ကယ်ဆယ်နိုင်မည်လားဟု စဥ့်စားနေမိခဲ့၏။

ကံမကောင်းစွာဖြင့် အာရန်သည် သူ၏လှုပ်ရှားမှုတိုင်းကို သေချာစွာ အသေးစိတ် စောင့်ကြည့်နေသည်ကို သတိထားမိလိုက်သည်။

သူသည် မက်ဆေ့ချ်တစ်ခု ပေးပို့ရန် ကြိုးစားခဲ့သော်လည်း အာရန်၏ သီးသန့်နယ်မြေအတွင်း၌ ဖြစ်နေသဖြင့် ထိုအရာကိုလည်း တားဆီးခံထားရလေသည်။

သူသည် မည်သူ့ဆီကမှ အကူအညီတောင်း၍ပင် မရနိုင်ခဲံပေ။

ထိုသီးသန့်နယ်မြေက သူ့အတွက် အခြေအနေများကို ပို၍ပင် ဆိုးရွားစေခဲ့သည်။

သူသည် အစောပိုင်းအခွင့်အရေးရစဥ်က ထိုနယ်မြေကို မဖြိုဖျက်ခဲ့မိခြင်းအတွက် အမှန်တကယ်ပင် နောင်တရနေခဲ့သည်။

ယခုအချိန်တွင် သူသည် ထိုသီးသန့်နယ်မြေအတွင်းမှ ဖောက်ထွက်နိုင်ရန်ကျိုးစားကြည့်နိုင်သော်လည်း အာရန်သည် သူ့အား မည်သည့်လှုပ်ရှားမှုကိုမျှ ခွင့်ပြုမည်မဟုတ်ပေ။

သူသည် ဤနေရာမှလွတ်မြောက်နိုင်သည် ဆိုစေဦးတော့ ထိုမိန်းကလေး သေဆုံးသွားပါက သူ၏ကျိုးစားမှုများသည် ဘာအဓိပ္ပာယ်ရှိတော့မည်နည်း။

အခြားမည်သည့်နည်းလမ်းမှ ရှာမတွေ့တော့သောအခါ သူသည် အခြားရွေးချယ်စရာ မရှိတော့ကြောင်း သဘောပေါက်သွားခဲ့၏။

သူသည် အာရန်၏စကားကို လက်ခံပြီး သူမကို လွတ်မြောက်စေရန်အတွက် သူ၏အသက်ကို ပေးဆပ်ရုံသာ ရှိတော့လေသည်။

သူသည် အသက်ကို ခပ်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် မျက်စိကို မှိတ်ကာ ဒူးထောက်ထိုင်ချလိုက်သည်။

“ငါ....ငါ လက်ခံပါတယ်”

အစောပိုင်းက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အလွန်အမင်း စွမ်းအားကြီးခဲ့သော ထိုအမည်မသိပုဂ္ဂိုလ်သည် ယခုအခါတွင်မူ အာရန်၏ရှေ့တွင် ဒူးထောက်နေရပြီ ဖြစ်လေ၏။

ဤအရာအားလုံးသည် အာရန်တစ်ယောက် ထိုလူနှင့် တိုက်ရိုက် တိုက်ခိုက်ရမည့်အစား သူ့၏ အားနည်းချက်ဖြစ်သော တီယာနာကို တိုက်ရိုက် ထိမ်းချုပ်လိုက်ခြင်းကြောင့်ဖြစ်သည်။

အစောပိုင်းကတည်းကပင် အာရန်သည် ထိုသူနှင့် အမှန်တကယ် တိုက်ခိုက်ရန် စီစဉ်ထားခြင်းမရှိပေ။

၎င်းတို့ တိုက်ခိုက်နေစဉ်အတွင်း သူ၏ သီးသန့် နယ်မြေသာ ပျက်စီးသွားပါက သန့်စင်ပရောဟိတ်မအား သတိထားမိသွားစေခဲ့မည်ဖြစ်လေသည်။

ထိုလူသည် မိန်းကလေးအား ကာကွယ်ရန် တိုက်ခိုက်မှုအား ရှောင်ရှားလိုသကဲ့သို့ အာရန်သည်လည်း သူ၏ နယ်မြေကို ကာကွယ်ရန် တိုက်ခိုက်မှုကို ရှောင်ရှားလိုနေခဲ့၏။

ထို့ပြင်အာရန်သည် အနည်းငယ်မျှပင် ထိခိုက်မခံနိုင်သော သူ၏ကိုယ်ပွားကိုပါ ကာကွယ်ရပေဦးမည်။

“မင်းက သူမအပေါ် သစ္စာရှိတာလား။ ဒါမှမဟုတ် သူမနောက်က ပုဂ္ဂိုလ်ကို ကြောက်နေလို့လား”

အာရန်သည် ကောင်းကင်သခင်ဆိုသူနှင့် ထိုမိန်းကလေးသည် မည်သို့သော ဆက်နွယ်မှုများ ရှိနေသည်ကို အတော်ပင် စိတ်ဝင်စားနေမိခဲ့သည်။

သူ၏ ခန့်မှန်းချက်အရ ထိုပုဂ္ဂိုလ်သည် သန့်စင်ပရောဟိတ်မ ကိုးကွယ်သည့် နတ်ဘုရားမနှင့်ပင် ဆင်တူနေဟန်ရလေသည်။

သို့သော် သူ့လိုဖြစ်တည်မှုမျိုးက အဘယ်ကြောင့် ဤမိန်းကလေးအား အာရုံစိုက်နေရသည်ကို အာရန်တစ်ယောက် နားမလည်နိုင်ခဲ့ပေ။

သူသည် ထိုအဖြေကို သိလိုသော်လည်း တစ်ချိန်တည်းမှာပင် စိုးရိမ်မှုတစ်ခုလည်း ရှိနေခဲ့၏။

အများအားဖြင့် ဇာတ်လမ်းများအတွင်းမှ ဗီလိန်များသည် စကားပြောရင်း အချိန်ဖြုန်းမိသောကြောင့် သေဆုံးသွားခဲ့ကြရခြင်းဖြစ်လေသည်။

အရာရာတိုင်းတွင် အချိန်ဆွဲခြင်းသည် အန္တရာယ်များကို ဖိတ်ခေါ်မိတတ်လေ့ရှိ၏။

မကြာသေးမီကမှ သူသည် ဇာတ်ညွှန်းအကာအကွယ် (Plot Armor) ကဲ့သို့ ကောင်းမွန်သော ကံကောင်းမှုများကို ရရှိနိုင်ခဲ့ခြင်းဖြစ်သော်လည်း အန္တရာယ်များကို ထပ်မံ၍ မဖိတ်ခေါ်ချင်တော့ပေ။

ထို့ကြောင့် စကားပြော၍ အချိန်ထပ်ဆွဲနေခြင်းထက် ခြိမ်းခြောက်မှုကို မြန်မြန်ဆန်ဆန်ပင် အဆုံးသတ်လိုက်ခြင်းက သာ၍ ကောင်းသည် မဟုတ်ပါလော...။

ထိုအချိန်တွင် အာရန်သည် သူ၏ဘယ်ဘက်လက်ဖြင့် တီယာနာ ၏ လည်ပင်းအား ဆုပ်ကိုင်ထားဆဲပင်။

တီယာနာကလည်း အာရန်အား စိုက်ကြည့်နေခဲ့၏။

ထိုလူက သူမအတွက် သူ၏အသက်ကို ပေးဆပ်လိမ့်မည်ဟု သူမ မယုံကြည်နိုင်သေးသကဲ့သို့ပင်။

အာရန်က သူမအနေဖြင့် ထိုလူအား ထိုသို့မပြုမူရန် ပြောဆိုလိမ့်မည်ဟု တွေးမိခဲ့သည်။

သို့သော် တီယာနာသည် စကားတစ်ခွန်းမျှပင် မဆိုခဲ့ပေ။

သူမသည် သူမ၏အသက်ကို အရာရာထက် အမှန်တကယ်ပင် ပို၍ ချစ်မြတ်နိုးသည်ဟု ယူဆရလေသည်။

အာရန်သည် သူ၏ ဓာကိုင်ထားသော ညာဘက်လက်ကို မြှောက်လိုက်ပြီးနောက် ထိုဓားအရိပ်ကို ခုတ်လွှဲလိုက်ရာ အဆိပ်စွမ်းအင်များပြည့်နှက်နေသော စွမ်းအင်တစ်ခု ပတ်ဝန်းကျင်တွင် ရိုက်ခပ်ထွက်ပေါ်လာခဲ့သည်။

ထိုတိုက်ခိုက်မှုက ကြမ်းပြင်ကိုပင် ထွင်းဖောက်သွားခဲ့ပြီး နက်ရှိုင်းသော အက်ကွဲကြောင်းတစ်ခုကို ချန်ရစ်စေခဲ့သည်။

ထိုလူသည် သူ့ထံသို့ ရောက်ရှိလာနေသော အာရန်၏ ထိုတိုက်ခိုက်မှုအား စောင့်ကြိုနေခဲ့လေသည်။

သူ၏ ခန္ဓာကိုယ်သည် မသိစိတ်ဖြင့် ထိုတိုက်ခိုက်မှုအား ရှောင်တိမ်းချင်နေခဲ့သည့်တိုင် သူသည် ထိုလှုံ့ဆော်မှုအား အသဲအသန်ပင် ချုပ်တီးထားခဲ့ရသည်။

ယခုသူသာ ရှောင်တိမ်းလိုက်မည်ဆိုပါက ထိုမိန်းကလေးကို တစ်စုံတစ်ရာ ထိခိုက်စေမည်ဖြစ်ကာ အနာဂတ်တွင် သူ၏ကံကြမ္မာမှာ ပို၍ပင် ဆိုးရွားသွားပေလိမ့်မည်။

အကယ်၍ သူသည်သာ ဤနေရာတွင် သေဆုံးခဲ့ပါက အနည်းဆုံး သူ၏ စိတ်ဝိညာဉ်မှာမူ လွတ်မြောက်နိုင်ဦးမည်ဖြစ်လေသည်။

သို့သော် ယင်းအစား တီယာနာ သာ သေဆုံးသွားခဲ့ပါက သူ၏ဆရာသည် သူ့အား သတ်ပစ်ပြီးနောက်တွင်ပင် သူ၏ စိတ်ဝိညာဉ်ကို ထာဝရ ညှဉ်းပန်းနှိပ်စက် နေပေဦးမည်ဖြစ်၏။

ထိုအမည်မသိပုဂ္ဂိုလ်တစ်ယောက် ထိုသို့ အတွေးများနေစဥ်မှာပင် အဆိပ် စွမ်းအင်များပြည့်နှက်နေသည့် ဓားချက်တစ်ချက်က သူ၏ခန္ဓာကိုယ်အား နှစ်ပိုင်း ပိုင်းဖြတ်လိုက်လေသည်။

ထိုအရာအားလုံးသည် လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သဖြင့် သူသည် အနည်းငယ်မျှ နာကျင်မှုကိုပင် မခံစားလိုက်ရပေ။

သူ့အတွက် ကမ္ဘာကြီးက မှောင်မိုက်သွားသောအခါ အသိစိတ်ပြန်ဝင်ရန် ပင် ခဏတာခန့်အချိန်ယူလိုက်ရလေသည်။

သူ၏ အတွေးများသည် ပိုမို၍ ရှုပ်ထွေးလာခဲ့သည်။

သူ၏ခန္ဓာကိုယ် ပျက်စီးသွားသောအခါတွင်ပင် သူ၏ စိတ်ဝိညာဉ်မှာမူ ထွက်ပြေး၍ လွတ်မြောက်နိုင်ခဲ့လိမ့်မည်ဟု ထင်ထားခဲ့သည်။

သို့သော် ထူးဆန်းမှု တစ်စုံတစ်ရာ ဖြစ်ပျက်သွားခဲ့လေသည်။

သူ၏ စိတ်ဝိညာဉ်က သူ၏ခန္ဓာကိုယ်နှင့် ချည်နှောင်ထားခြင်းခံနေရသကဲ့သို့ ဖြစ်ပျက်သွားခဲ့၏။

၎င်းအဆိပ်စွမ်းအင်များက သူ၏ခန္ဓာကိုယ်နှင့်အတူ သူ၏ စိတ်ဝိညာဉ်ကိုပါ တစ်ပါတည်း လောင်ကျွမ်းဖျက်ဆီးပစ်လိုက်သကဲ့သိုပင်။

ထိုအချိန်တွင် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုက ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုထက် များစွာပိုမို ဆိုးရွားနေသောကြောင့် လွန်စွာ ထိတ်လန့်သွားခဲ့ရသည်။

သို့သော် ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်သည် နှစ်ပိုင်းပြတ်ထွက်သွားခဲ့ပြီဖြစ်ရာ သူ သည် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်တော့ပေ။

ထို့နောက် ထိုလူသည် ဘာမျှမကျန်တော့သည်အထိ သူ၏ စိတ်ဝိညာဉ် ကိုယ်တိုင်သည်ပင် လောင်ကျွမ်းခံလိုက်ရလေတော့သည်။

သူ့တွင် အရိုးပြာများပင် မကျန်ရစ်ခဲ့ပေ။

တစ်ချိန်တည်းမှာပင် အာရန်၏ခေါင်းထဲ၌လည်း သတိပေးချက်များစွာ တန်းစီ၍ ပေါ်ထွက်လာခဲ့သည်။

(သင်သည် အဆင့်တက်သွားပါပြီ။

“အဆင့် +၁”

“အဆင့် +၁”

“အဆင့် +၁”)

အာရန်သည် မိမိကိုယ်ကိုယ် အဆင့်တက်ရန် ပို၍ ခက်ခဲသော အဆင့်တစ်ခုတွင် ရောက်ရှိနေပြီဖြစ်ကြောင်း နားလည်ထားခဲ့၏။

အဆင့်တစ်ခု တိုးမြှင့်ရန်အတွက် အတွေ့အကြုံမှတ်များစွာ လိုအပ်လေသည်။

ထိုသို့ဆိုသော်ငြားလည်း သူသည် ဤအမည်မသိပုဂ္ဂိုလ်တစ်ဦးတည်းကို သတ်ဖြတ်လိုက်ခြင်းမှပင် အဆင့်ကြီး သုံးဆင့်တိတိပင် တက်လှမ်းနိုင်ခဲ့လေသည်။

အဆင့်တက်ခြင်းဆိုင်ရာ သတိပေးချက်များကို ကြည့်ပြီးနောက် အာရန်သည် ပျော်ရွှင်မှုနှင့်အတူ အံ့အားသင့်မှုတစ်ခုကိုပါ ခံစားလိုက်ရသည်။

အစောပိုင်းကတည်းက အာရန်သည် ထိုအမည်မသိပုဂ္ဂိုလ်နှင့်ပတ်သတ်၍ မှန်းဆချက်တစ်ခု ရှိနေခဲ့ပြီး ယခုအခါတွင်မူ ထိုအရာကို အတည်ပြုလိုက်နိုင်ပြီဖြစ်၏။

သူသတ်လိုက်သည့် ထိုပုဂ္ဂိုလ်သည် အရှင်သခင်တစ်ဦးထက် မည်သည့်နည်းနှင့်မျှ အားမနည်းပေ။

ထို့ပြင် ထိုသည် အရှင်သခင်တစ်ဦးမှ ပေးနိုင်သည့် အတွေ့အကြုံရမှတ်များထက်ပင် ပို၍များပြားသောရမှတ်များကို ပေးနိုင်ခဲ့ဟန်တူလေသည်။

ထိုသို့ ဖြစ်ရခြင်းမှာ ထိုလူ၏ နောက်ခံဇစ်မြစ်ကြောင့် ဖြစ်ရပေလိမ့်မည်။

အာရန်သည် ပျော်ရွှင်မှုတစ်ခုကို ခံစားလိုက်ရသည်။

သူသည် အဆင့်တက်ခြင်းအတွက် နောက်ထပ်ကြီးမားသော အတားအဆီးနံရံ တစ်ခုကို နောက်ဆုံးတွင်တော့ ဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်၏။

နောက်ဆုံးတွင် သူသည် အရှင်သခင် လေးဦးနှင့်ပင် ခြေရာတိုင်း၍ ရနိုင်အောင် အဆင့်ခြင်း တူညီသွားခဲ့ပြီ ဖြစ်လေသည်။

သူ၏စွမ်းရည်များသည်လည်း ခုန်ပျံကျော်လွှားတက်လာခဲ့ကာ ယခင်ကထက် အဆပေါင်းများစွာ တိုးတက်သွားခဲ့ကြသည်။

[အောင်နိုင်သူသူရဲကောင်း၏ လမ်းကြောင်းတွင် နောက်တစ်လှမ်း ထပ်မံ တက်လှမ်းနိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူပါတယ်]

[သင်သည် ကျင့်ကြံခြင်း အဆင့် (၅၀) ကို ဖြတ်ကျော်နိုင်ခဲ့ပါပြီ။]

[ထိုစွမ်းဆောင်မှုအတွက် စွမ်းရည်အသစ်တစ်ခုကို ဆုအဖြစ်ရရှိလိုက်ပါသည်။]

[ထူးခြားသော အဆင့်တွင်ရှိ သွေးမျိုးဆက်စွမ်းရည်သစ်တစ်ခုကို ဆုအဖြစ်ပေးအပ်လိုက်ပါသည်။]

အာရန်သည် သူ၏ အဆင့်တက်ခြင်း၌ ပဉ္စမမြောက် တံတိုင်းနံရံတစ်ခုကို ဖြတ်ကျော်နိုင်ခဲ့သည့်အပြင် ဆုလာဘ်အဖြစ် စွမ်းရည်သစ်တစ်မျိုးကိုလည်း လက်ခံရရှိခဲ့သည်။

စနစ်ဆီမှ ၎င်း အကြောင်းကြားစာသည်ပင် ရွှေရောင်စာလုံးများဖြင့် ဖော်ပြထားခဲ့ခြင်းဖြစ်ကာ အခြားသော အကြောင်းကြားစာများနှင့် မတူဘဲ ကွဲပြားနေခဲ့လေသည်။

၎င်းကို သွေးမျိုးဆက်စွမ်းရည်ဟု ခေါ်ဆိုသော်လည်း မည်သည့် သွေးမျိုးဆက်နှင့် သက်ဆိုင်သည်ကိုမူ အဖော်ပြထားပေ။

အာရန်သည် ထို (၂၅% ) ဖြစ်နေသည့် သွေးမျိုးဆက်တစ်ခုမှလွဲ၍ အခြားသော သွေးမျိုးဆက်တိုင်းအတွက် ထူးခြားသည့် စွမ်းရည်များကို ပိုင်ဆိုင်ထားခဲ့ပြီးသား ဖြစ်လေသည်။

#Catfoot

All Chapters