အန်ညာ၏ ကံကြမ္မာ
Vol. 35 Ch. 507
...
မကြာသေးမီက မြောက်ပိုင်းဒေသကြီးတွင်လည်း အခြေအနေများသည် ပိုမို၍ ရှုပ်ထွေးလာခဲ့သည်။
ကီးလ်မိသားစုသည် အခြားမိသားစုကြီးများ၏ ခေါင်းဆောင်များနှင့်အတူ ဖျက်ဆီးခံလိုက်ရချိန်မှစ၍ အခြေအနေများသည် ယခင်ကနှင့်မတူတော့ပေ။
မကြာမီတွင် မြောက်ပိုင်းဒေသကြီး၏ အင်အားအကြီးဆုံးမိသားစုဖြစ်သော ဂရေရန်ဒေါ်မိသားစုသည်လည်း ပျက်စီးသွားခဲ့ပြီဟူသော သတင်းများ ပျံ့နှံ့သွားခဲ့၏။
ဂရေရန်ဒေါ်မိသားစုသည် နစ်ခရိုမန်ဆာမျှော်စင်သခင်၏ ဒေါသကြောင့် ဖြစ်လာသော ဘေးထွက်ဆိုးကျိုးများကို ခံစားခဲ့ရခြင်းသာ ဖြစ်သည်ကိုမူ လူအနည်းစုကသာ သိရှိထားခဲ့ကြသည်။
ဂရေရန်ဒေါ်မိသားစုပျက်စီးသွားပြီးနောက် နစ်ခရိုမန်ဆာမျှော်စင်သည် ရိုးရှင်းစွာ ပြန်လည် တည်ငြိမ်သွားခဲ့ပြီး ၎င်းတို့အား နောက်တစ်ကြိမ် ထပ်မံ၍ မမြင်တွေ့ရတော့ပေ။
သို့သော် ၎င်းကဂရေရန်ဒေါ်မိသားစုသည် နစ်ခရိုမန်ဆာမျှော်စင်အား စော်ကားခဲ့သည်ဟူသော အချက်ကို ဒေသကြီးတစ်ခုလုံးသို့ အချက်ပြပေးလိုက်သလိုဖြစ်သွားခဲ့သည်။
ထိုစဥ်က ဂရေရန်ဒေါ်မိသားစု၏ ပင်မဌာနချုပ်တွင် မရှိခဲ့ပဲ ထိုကပ်ဘေးမှ လွတ်မြောက်ခဲ့ကြသော အကြွင်းအကျန်မိသားစုဝင်အချို့သည်လည်း သိပ်တော့ ကံအကြောင်းမလှခဲ့ကြပေ။
မြောက်ပိုင်းဒေသကြီးရှိ အခြားမှော်ဆရာများက ၎င်းတို့ကို ရှာဖွေပြီး သတ်ဖြတ်ရန် ကြိုးစားနေကြကာ ထိုသို့လုပ်ဆောင်ခြင်းဖြင့် နစ်ခရိုမန်ဆာမျှော်စင်၏ မျက်နှာသာပေးမှုကို ရရှိရန်မျှော်လင့်နေခဲ့ကြလေသည်။
အာရန်ကြောင့် ဂရေရန်ဒေါ်မိသားစုဝင်များသည် မြောက်ပိုင်းဒေသကြီးတွင် ပစ်မှတ်တစ်ခု ဖြစ်လာခဲ့တော့၏။
ဂရေရန်ဒေါ်မိသားစုဝင်များသည် ယခင်က ၎င်းတို့ မိသားစု၏ အမည်ကို အားကိုးခဲ့ကြရာမှ ယခုအခါတွင်မူ ပုန်းရှောင်နေခဲ့ကြရပြီး သူတို့၏ အချက်အလက်များကို ဖုံးကွယ်နေကြရလေသည်။
အန်ညာဂရေရန်ဒေါ်ပင်လျှင် ထွက်ပြေးပုန်းရှောင်ရန် တွန်းအားပေးခြင်းကို ခံခဲ့ရလေ၏။
သူမသည် ရုတ်တရက် အဘယ်ကြောင့် ဤသို့ဖြစ်ပျက်သွားခဲ့သည်ကိုပင် နားမလည်နိုင်ခဲ့ပေ။
သူမသည် ဘယ်လက်ရုံးအစောင့်အရှောက်၏ တပည့်ရင်းတစ်ဦးဖြစ်ခဲ့ပြီး သူမ၏ အနာဂတ်သည် အဆုံးမရှိပေ။
အတိတ်၌ သူမသည် မြို့တစ်မြို့လုံးကိုပင် အလွယ်တကူ ဖျက်ဆီးပစ်နိုင်စွမ်းရှိခဲ့ပြီး အပြစ်မဲ့ပြည်သူများစွာကို သူမ၏ ဖုတ်ကောင်နဂါးအတွက် အစာဖြစ်စေခဲ့၏။
တစ်ခဏအတွင်းတွင် သူမသည် အရာရာတိုင်းကို ဆုံးရှုံးခဲ့ရသည်။
ယခုအချိန်တွင် သူမကို လူတိုင်းက ရာဇဝတ်သားတစ်ဦးအလား လိုက်လံရှာဖွေနေကြပြီဖြစ်သည်။
အဘယ်ကြောင့် ဤသို့ဖြစ်သွားခဲ့ရသည်ကို သူမ အတိအကျ နားမလည်ခဲ့သော်လည်း သူမမိသားစုနှင့်အတူ ကျန်ရစ်ခဲ့သော ထိုလူငယ်နှင့်မူ တစ်စုံတစ်ရာ ပတ်သက်နေမည်အား သူမ ရိပ်မိခဲ့သည်။
သူမ၏မိသားစုက မျှော်စင်သခင်ကို စော်ကားမိခဲ့၍ မဟုတ်ပေ။
ထိုအစား ထိုသို့ပြုလုပ်ခဲ့သူမှာ ထိုလူငယ်သာဖြစ်ပေလိမ့်မည်။
သူမ၏မိသားစုသည် ထိုအရာအတွက် မဆီမဆိုင် ကပ်ဘေးတစ်ခုကဲ့သို့ အချောင်သက်သက် စတေးခံခဲ့ရခြင်းသာ ဖြစ်ပေမည်။
ထိုတစ်ချိန်တည်းမှာပင် ယခင်က ဒုတိယအင်အားအကြီးဆုံး မိသားစုသည် အရာရာတိုင်းကို ရရှိသွားခဲ့လေသည်။
ရိုတန်ဟိမ်းမိသားစုသည် ၎င်းတို့၏ခေါင်းဆောင်များကို ဆုံးရှုံးခဲ့သော ကျန်ရှိသည့် အခြားအဓိကမိသားစုများကို ထိန်းချုပ်နိုင်ခဲ့၏။
အန်ညာတစ်ယောက် ကီးလ်မိသားစု၏ နယ်မြေတွင် ထိုလူငယ်အား သတ်ရန် ကြံရွယ်ခဲ့စဥ်က ထိုလူငယ်လေးအား ကယ်တင်ပေးခဲ့သည့် သူသည် လီယိုရိုတန်ဟိမ်း သာဖြစ်ပြီး ယခုလည်း သူမနှင့်သာ သက်ဆိုင်ရမည် အရာအားလုံးကို လီယိုရိုတန်ဟိမ်းကပင် ယူဆောင်သွားခဲ့ပြီးဖြစ်လေသည်။
သူမ၏မိသားစုပိုင်နက်သည်ပင် ယခုအခါ ရိုတန်ဟိမ်းမိသားစုပိုင် ဖြစ်သွားခဲ့ပြီဖြစ်၏။
“ရှင်တို့ အားလုံး ဒီဖြစ်ရပ်အတွက် တနေ့ပြန် ပေးဆပ်စေရမည်။ တစ်နေ့မှာ ငါပိုင်ဆိုင်တဲ့ အရာတွေအားလုံးကို ပြန်ယူမယ်”
သူမသည် ဦးခေါင်းမှ ခြေဖျားအထိ ဝတ်ရုံနက်တစ်ခုဖြင့် ဖုံးအုပ်ထားပြီး မြောက်ပိုင်းဒေသကြီးမှ ထွက်ပြေးရန် ကြိုးစားနေရင်း နစ်ခရိုမန်ဆာမျှော်စင်နှင့် ဝေးရာဆီသို့ ထွက်ခွာလာခဲ့သည်။
ဤအချိန်တွင် သူမအတွက် အသက်ဆက်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေးမှာ အခြားဒေသကြီးတစ်ခုခုသို့ ဝင်ရောက်ကာ သင့်တော်သော အခြေအနေတစ်ခုခုကို စောင့်ဆိုင်းနေရန်သာ ဖြစ်လေ၏။
ထို့ပြင် သူမ၏ ယခုခရီးစဉ်အတွင်း သူမ၏ ဖုတ်ကောင်နဂါးကို မသုံးမိစေရန် အထူး ဂရုစိုက်ခဲ့ရသည်။
၎င်းသည် သူမမည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်လိုက်သလို ဖြစ်သွားမည် ဖြစ်သောကြောင့်ပင်။
ဤသို့ဖြင့် သူမသည် ကီးလ်မိသားစုပိုင်နက်သို့ ရောက်ရှိလာခဲ့ပြီး အစောပိုင်းအချိန်တစ်ခုက သူမ၏ နဂါးမှ ဖျက်ဆီးခဲ့သော မြို့ငယ်လေးအတွင်းသို့ ဝင်ရောက်သွားမိခဲ့သည်။
သူမသည် ထိုစဥ်က သူမ၏နဂါးကို အစာကျွေးရန်အတွက် အတိတ်က လုပ်ဆောင်ခဲ့သော အဖြစ်အပျက်များ၏ ပြန်ပြောင်း သတိရမိလိုက်သည်။
“ဟိုမှာ အဲ့ဒါ ဟိုကောင်မပဲ”
အန်ညာတစ်ယောက် မြို့ထဲသို့ လျှောက်သွားနေစဉ် သူမ၏နောက်မှ ကျယ်လောင်သောအော်ဟစ်သံတစ်ခုကို ကြားလိုက်ရသည်။
သူမသည် ထိုအသံကြောင့် အံ့အားသင့်သွားပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။
“ရိုတန်ဟိမ်းရဲ့ အမဲလိုက်ခွေးတွေလား”
သူမသည် ထိုသို့ သေခြာစွာ ရုပ်ဖျက်ထားသည့်တိုင် လူအချို့က သူမအား မှတ်မိလိုက်သည့် အတွက်ကြောင့် သူမ၏မျက်နှာအမူအရာများ မှောင်မိုက်သွားခဲ့ရသည်။
၎င်းတို့သည် ရိုတန်ဟိမ်းမိသားစုမှ သူမအား အမဲလိုက်ရန် စေလွှတ်ထားခဲ့ကြ သူများဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သည့် လူသတ်သမားများအဖြစ် အထူးလေ့ကျင့်ထားခြင်း ခံရသူများလည်း ဖြစ်လေ၏။
“ရိုတန်ဟိမ်းမိသားစုက နစ်ခရိုမန်ဆာမျှော်စင်ကို ကျေနပ်စေဖို့အတွက် အရာရာရာကို အကုန်အစွမ်းကုန် ဖိနပ်ယက်နေကြတော့တာပဲ။ ဒါပေမဲ့ သူတို့လို အမဲလိုက်ခွေးတွေ အဆင့်လောက်နဲ့ င့ါကို ဖမ်းနိုင်မယ်လို့ တကယ်ပဲ ယူဆထားကြတာလား။ ငါ့ကို အထင်သေးနေကြတာလား”
သူမနောက်မှ လိုက်လာသည့်အဖွဲ့ကို လီယိုရိုတန်ဟိမ်းက ဦးဆောင်လိမ့်မည်ဟု သူမ မျှောင်လင့်ထားခဲ့သည်။
သို့သော် ယခုမူ သာမန် အမဲလိုက်ခွေးများကိုသာ စေလွှတ်ခဲ့သောကြောင့် သူမ အနေနှင့် အတော်လေး စိတ်ပျက်သွားခဲ့ရသည်။
တစ်ချိန်တည်းမှာပင် ဤအရာများကြောင့် သူမအနေနှင့် အနည်းငယ် စိတ်သက်သာရာရသွားခဲ့မိ၏။
လီယိုသည် သူမနှင့်ယှဉ်ပြိုင်နိုင်သော ခွန်အားရှိထားသူဖြစ်လေသည်။
သူသာ ဤနေရာတွင် ရှိနေခဲ့ပါက ထိုအမဲလိုက်ခွေးများ၏အကူအညီဖြင့်ဆိုလျှင် သူမ၏ အသက်ရှင်နိုင်သည့် အခွင့်အရေးများက ပို၍နိမ့်ကျသွားပေလိမ့်မည်။
“ရှင်တို့ ဒီကိုတောင် လိုက်လာပြီးဆိုမှတော့ ဒီမှာပဲဘာလို့ ထာဝရမနေလိုက်ကြသေးတာလဲ”
အန်ညာသည် ထိုသို့အော်ပြောလိုက်ပြီးနောက် သူမ၏ နောက်ဘက်တွင် မှောင်မိုက်သော အနက်ရောင်အရိပ်ကြီးတစ်ခုမှာ တဖြည်းဖြည်း ပိုမို ကြီးမားလာခဲ့လေသည်။
ထို့နောက် သူမ၏အရိပ်အတွင်းမှ သားရဲကြီးတစ်ကောင် ထွက်လာပြီး ကောင်းကင်သို့ ပျံတက်သွားလိုက်သည်။
ဖုတ်ကောင်နဂါးသည် ၎င်း၏ဆွေးမြည့်နေသော တောင်ပံများကို ဖြန့်ကျက်လိုက်ရာ သေခြင်းတရား၏ ပြင်းထန်သော အော်ရာများက ကောင်းကင်မှ ကျဆင်းလာခဲ့လေသည်။
တစ်ချိန်တည်းမှာပင် အန်ညာသည် ရိုတန်ဟိမ်းမိသားစု၏ အမဲလိုက်ခွေးများကို စတင် တိုက်ခိုက်လိုက်လေသည်။
“ငါတို့တွေ မင်းကို လိုက်ရှာတဲ့အခါ ငါတို့ဘာမှ ပြင်ဆင်မလာဘူးလို့ မင်း တကယ်ပဲ ထင်နေခဲ့တာလား”
အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက အေးစက်စွာ ရယ်မောလိုက်ပြီး အန်ညာနှင့် အကွာအဝေးတစ်ခု ထိန်းသိမ်းထားရန် နောက်သို့ ခုန်ဆုတ်လိုက်သည်။
သူသည် သူ၏အိတ်ကပ်အတွင်းမှ ထူးဆန်းသောပုံစံရှိသည့် ကျောက်တုံးငယ်လေးတစ်ခုကို ထုတ်ယူလိုက်သည်။
“ငါတို့ မိသားစုက ဒီပစ္စည်းကို ရဖို့အတွက် တစ်ချိန်တုံးက ပိုက်ဆံတွေအများကြီး သုံးခဲ့ရတယ်။ ဒါပေမဲ့ မင်းရဲ့ ဖုတ်ကောင်နဂါး မရင့်ကျက်လာသေးခင်မှာ ငါတို့ အနေနဲ့ ဒီအရာကို အသုံးပြုရလိမ့်မယ်လို့ ဘယ်တုံးကမှ မတွေးမိခဲ့ဘူး။ သက်သက် အချိန်ဖြုန်းနေသလိုပဲ”
သူသည် ကောင်းကင်ရှိ သူ့ထံသို့ ဆင်းသက် တိုက်ခိုက်လာတော့မည့် ဖုတ်ကောင်နဂါးဆီသို့ ထိုကျောက်တုံးလေးကို ချိန်ရွယ်လိုက်ရင်း သူ၏ရယ်မောသံသည် ပိုမို၍ကျယ်လောင် လာခဲ့သည်။
“အဲဒီကျောက်တုံးက…”
အန်ညာသည် ထိုကျောက်တုံးငယ်ကို မြင်လိုက်ရသောအခါ လွန်စွာ ထိတ်လန့်သွားခဲ့ရသည်။
သူမသည် ထိုအရာအား တားဆီးရန် အလျင်အမြန်ပြေးသွားလိုက်သော်လည်း အခြားအမဲလိုက်ခွေးများက သူမအား တားဆီးထားလိုက်ကြသည်။
တစ်ချိန်တည်းမှာပင် ထိုအနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော အမျိုးသားက ဖုတ်ကောင်နဂါးဆီသို့ ချိန်ရွယ်ထားသော ကျောက်တုံးကို အနေအထားတစ်ခုသို့ လှည့်လိုက်လေသည်။
ထို့နောက် ထိုကျောက်တုံးအတွင်းမှ သေခြင်းတရားနှင့်သက်ဆိုင်သည့် အော်ရာအချို့ ထွက်ပေါ်လာခဲ့၏။
ထိုအော်ရာများသည် အနက်ရောင်သံကြိုးမျာအဖြစ် စုစည်းသွားပြီး ဖုတ်ကောင်နဂါးဆီသို့ တည့်တည့်မက်မက် ထွက်ခွာသွားတော့သည်။
ဖုတ်ကောင်နဂါးသည် ပြင်းထန်စွာ အော်ဟစ်ငြီးတွားမိလိုက်ပြီး ထိုသံကြိုးများဆီသို့ သူ၏ အနက်ရောင် မီးတောက်များကို ပစ်လွှတ်ကာ ပို၍မြင့်မားသောနေရာတစ်ခုဆီသို့ ပျံပြေးရန် ကြိုးစားလိုက်သည်။
သို့သော် သေခြင်းစွမ်းအင်များ ပြည့်နှက်နေသည့် သံကြိုးများသည် အနက်ရောင်မီးတောက်များကို ဝါးမြိုလိုက်ပြီး ပို၍ပင် အင်အားကြီးမားလာခဲ့သည်။
သံကြိုးများသည် မကြာမီမှာပင် ဖုတ်ကောင်နဂါးဆီသို့ ထပ်မံရောက်ရှိသွားခဲ့ကြသည်။
ဤပစ္စည်းက မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း အန်ညာ တစ်ယောက် သိရှိထားပြီးဖြစ်၏။
ရိုတန်ဟိမ်းမိသားစုသည် ဤအရာကို ဤမျှကြာအောင်အထိ ဖုံးကွယ်ထားခဲ့သည်ကို သူမပင် မယုံနိုင်ခဲ့ပေ။
၎င်းသည် ဖုတ်ကောင်သားရဲများ အထူးသဖြင့် ဒဏ္ဍာရီလာ သားရဲများအား ဖမ်းဆီးရာတွင် အသုံးအဝင်ဆုံးပစ္စည်းတစ်ခု ဖြစ်လေသည်။
သူမ၏ဆရာမက ဒဏ္ဍာရီလာ သားရဲများကို ဖုတ်ကောင် အဖြစ်ပြောင်းလဲကာ လေ့ကျင့်ရသည်ကို နှစ်သက်သော တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သောကြောင့် သူမသည်လည်း ၎င်းကျောက်တုံးကဲ့သို့ တစ်စုံတစ်ရာကို တွေ့ရှိသည်နှင့် သူမထံ ပေးအပ်ရန် မိသားစုဝင် အားလုံးအား အမိန့်ပေးထားခဲ့သည်။
ရိုတန်ဟိမ်းမိသားစုက ၎င်းကို တစ်ချိန်လုံး ဖုံးကွယ်ထားလိမ့်မည်ဟု သူမ ဘယ်တုံးကမျှ မမျှော်လင့်မိခဲ့ပေ။
အနက်ရောင်သံကြိုးများက ဖုတ်ကောင်နဂါးကို ရစ်ပတ်ထားလိုက်ပြီး ထိုဖုတ်ကောင်နဂါးထံမှ သေခြင်းစွမ်းအင်များကို တဖြည်းဖြည်းချင်း ဝါးမြိုနေခဲ့၏။
ဖုတ်ကောင်နဂါးသည် သူ့ကိုယ်သူ လွတ်မြောက်အောင် ကျိုးစား၍ မရနိုင်သည်သာမက ၎င်း၏ကိုယ်ပိုင်စွမ်းအားများကိုပင် ဝါးမြိုခြင်းခံလိုက်ရလေသည်။
“ဒီကို ပြန်လာခဲ့စမ်း”
အခြေအနေများ မကောင်းတော့ကြောင်း အန်ညာတစ်ယောက် သဘောပေါက်လိုက်သည်။
သူမ၏ ဖုတ်ကောင်နဂါး အကူအညီမပါဘဲနှင့် သူမသည် နောက်ထပ်အမဲလိုက်ခွေးများ ထပ်မံ မရောက်လာခင် ဤလူများကို အနိုင်ယူနိုင်မည်မဟုတ်ပေ။
သူမသည် သူမ နဂါးကို ပြန်ခေါ်ရန်ကျိုးစားလိုက်သည်။
သို့သော် ကံမကောင်းစွာဖြင့် ဖုတ်ကောင်နဂါးသည် သူမ၏အမိန့်များကိုပင် မလိုက်နာနိုင်တော့ပေ။
ရိုတန်ဟိမ်း မိသားစု၏ အမဲလိုက်ခွေးများကလည်း အန်ညာအား အလွတ်မပေးပဲ ဆက်တိုက် တိုက်ခိုက်နေခဲ့ရာ သူမသည် နောက်သို့သာ ဆုတ်ပေးနေခဲ့ရလေလည်။
နှစ်ဖက်စလုံးက အချင်းချင်း အာရုံစူးစိုက်နေခဲ့ရသောကြောင့် ၎င်းတို့နှင့် မလှမ်းမကမ်းအကွာတွင် လူငယ်တစ်ဦး ရောက်ရှိနေသည်ကိုပင် သတိမထားမိခဲ့ကြပေ။
ထိုလူငယ်လေးသည် အပျက်အစီးပုံများပေါ်တွင် ထိုင်နေခဲ့ပြီး ရုပ်ရှင်တစ်ခုကို ကြည့်နေသကဲ့သို့ပင် ဤမြင်ကွင်းအား စိုက်ကြည့်နေခဲ့လေသည်။
“ဒီကမ္ဘာမှာ ပျင်းစရာကောင်းတဲ့အချိန်ဆိုတာ မရှိဘူးပဲ။ ဒီလိုခြောက်သွေ့တဲ့ နေရာမှာတောင်မှ ပဋိပက္ခတစ်ခုကို အလွယ်တကူ ရှာတွေ့နိုင်တယ်။ ဒါက ငါ့အတွက် ပြီးပြည့်စုံတဲ့ကမ္ဘာတစ်ခုပဲ”
ထိုလူငယ်သည် သူ၏ ဦးခေါင်းကို ဘေးသို့စောင်းလိုက်ပြီး ထိုတိုက်ပွဲအား စိတ်ဝင်တစားဖြင့် စိုက်ကြည့်နေလိုက်သည်။
“သူတို့က ငါ့ကို သတ်နိုင်ပ့ါဦးမလားဆိုတာ ငါသိချင်သေးတယ်။ ငါနောက်ဆုံး သေခဲ့တဲ့အချိန်တောင် ပြန်တွက်ကြည့်ရင် တော်တော်ကိုကြာနေပြီပဲ”
ထိုလူငယ်သည် သူ၏ ဦးခေါင်းကို ပြန်ကုတ်ရင်း ဤတစ်ကြိမ်တွင် မည်သို့ သေဆုံးသင့်သည်ကို စဉ်းစားနေခဲ့သည်။
“တခြားသူတွေ အသဲအသန် ကြိုးစားနေကြချိန်မှာ။ ငါ့အနေနဲ့ နောက်ကျန်နေခဲ့လို့ မဖြစ်သေးဘူးလေ”
#Catfoot