← Chapters

မင်းတို့ အရှင်မစကားကို နားထောင်သင့်တယ်

Vol. 35 Ch. 509

မင်းတို့ အရှင်မစကားကို နားထောင်သင့်တယ်

Vol. 35 Ch. 509

…

သန့်စင်ဧကရာဇ်တစ်ယောက် ဘုရားကျောင်းရှေ့သို့ ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။

များစွာသောသူများသည် သူ၏ရည်ရွယ်ချက်ကို အမျိုးမျိုးမှန်းဆ၍ တွေးတောမိခဲ့ကြသည်။

သူသည် သန့်စင်ပရောဟိတ်မအား နှစ်သိမ့်ပေးရန် ရောက်ရှိလာခဲ့ခြင်းများလား။

သူ၏ အစစ်အမှန် ရည်ရွယ်ချက်ကို နားမလည်နိုင်ဘဲ ၎င်းတို့၏အတွေးများသည် မရေရာမှုများဖြင့် ပြည့်နှက်နေခဲ့၏။

အာရန်တစ်ယောက် သန့်စင်ဘုရားကျောင်းအတွင်းသို့ ဝင်ရောက်တော့မည့် အချိန်မှာပင် ဂိုဏ်းအုပ်ဘုန်းတော်ကြီးဘုန်းတော်ကြီးတစ်ပါး ထွက်လာသည်ကို မြင်လိုက်ရသည်။

ပွင့်ဟလာသောတံခါးမှတစ်ဆင့် အတွင်းပိုင်းရှိ ပြုပြင်ထားမှုများကို သူသတိပြုမိလိုက်သည်။

“အရှင်မင်းကြီး ဒီကိုလာတာ ဘာကိစ္စလဲဗျာ” ဂိုဏ်းအုပ်ဘုန်းတော်ကြီးက မေးလိုက်သည်။

“ဘုန်းတော်ကြီးတွေအားလုံးကို နစ်ခရိုမန်ဆာတွေ သတ်ပစ်လိုက်ပြီလို့ ငါကိုယ်တော် ထင်နေခဲ့တာ။ ခုလို အသက်ရှင်ကျန်ရစ်သူတွေ ရှိနေတာမြင်ရတော့ တကယ်ဝမ်းသာမိပါတယ်”

အာရန်က ဂိုဏ်းအုပ်ဘုန်းတော်ကြီး၏ ပခုံးတစ်ဖက်ပေါ်ကို သူ၏ လက်တစ်ဖက် တင်လိုက်ပြီး သူ့အား ဖြတ်ကျော်သွားရန်ပြင်လိုက်ရင်း ပြန်ပြောလိုက်၏။

သူသည် ဂိုဏ်းအုပ်ဘုန်းတော်ကြီး၏ မေးခွန်းကို ဖြေရန် စိတ်မဝင်စားသကဲ့သို့ သူ၏အစစ်အမှန်ရည်ရွယ်ချက်ကိုလည်း ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။

အာရန်သည် သူဤနေရာသို့ အစောပိုင်း ရောက်ရှိခဲ့စဉ်က ဘုန်းတော်ကြီးများအားလုံးကို သုတ်သင်ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း သေချာမှတ်မိလေသည်။

ထိုအချိန်တွင် အခြားဂိုဏ်းအုပ်ဘုန်းတော်ကြီးတစ်ပါး ပေါ်လာခြင်းက ဂိတ်တံခါးပေါက်ပုံစံကွက်မျးကို ပြင်ဆင်ပြီးဖြစ်ကာ အခြားဌာနခွဲများမှ အင်အားဖြည့်တင်းမှုများလည်း ပြုလုပ်ထားပြီးဖြစ်မည်မှာ ရှင်းလင်းသွားခဲ့သည်။

ဘုရားကျောင်းသည် ဤမျှ ကြီးမားသော ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသော်လည်း ဤနေရာသည် သူမျှော်လင့်ထားသည်ထက် ပိုမို၍ စနစ်တကျဖြစ်နေခဲ့သည့်အတွက် ပရောဟိတ်မ၏ လျင်မြန်သော လုပ်ဆောင်မှုများအား သူကိုယ်တိုင်ပင် အံ့အားသင့်သွားခဲ့ရသည်။

“အရှင်မင်းကြီး စောင့်ပါဦး အရှင်မင်းကြီးအနေနဲ့ ဒီနေ့ ဝင်ရောက်လို့ မရသေးပါဘူး ပရောဟိတ်မက အခု အနားယူနေပါတယ်။ မနက်ဖြန်မှ ပြန်လာခဲ့ပါ” ဂိုဏ်းအုပ်ဘုန်းတော်ကြီးသည် ထိတ်လန့်နေဟန်ရသော်လည်း သူ၏ တာဝန်အရ တားဆီးလိုက်ရလေသည်။

သူသည် အာရန်၏ လမ်းကို တစ်ဖန်ပြန်၍ ပိတ်ဆို့ထားလိုက်ပြီး အတွင်းသို့ ဝင်ရောက်ခွင့် မပြုတော့ပေ။

“ကျုပ်အတွက် သူမ အချိန်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ခင်ဗျား စိတ်ပူပေးစရာ မလိုပါဘူး”

အာရန်သည် ဂိုဏ်းအုပ်ဘုန်းတော်ကြီးအား ထိုသို့ ပြန်ပြောလိုက်သည်။

သူ၏လေသံသည် တည်ငြိမ်နေဟန်ရသော်လည်း ဂိုဏ်းအုပ်ဘုန်းတော်ကြီးသည် ကြောက်မက်ဖွယ်ကောင်းသောနဂါးတစ်ကောင်က သူ့အား စိုက်ကြည့်နေသကဲ့သို့ ထူးဆန်းသော ကြောက်ရွံ့မှုတစ်ခုကို သူ၏နှလုံးသားအတွင်း၌ နက်နက်ရှိုင်းရှိုင်းခံစားလိုက်ရသည်။

ဂိုဏ်းအုပ်ဘုန်းတော်ကြီးသည် သူ၏အာရုံထွေပြားမှုများကို ထိန်းချုပ်ရန် ကြိုးစားလိုက်သော်လည်း မအောင်မြင်ခဲ့ပေ။

သူ၏ခန္ဓာကိုယ်သည် သက်ရောက်မှုတစ်ခုအတွင်းသို့ကျရောက်သွားခဲ့ဟန်ရကာ သူ၏ခြေထောက်များကလည်း ပိုမိုအားနည်းလာခဲ့ကာ ဒူးထောက်ကျသွားခဲ့သည်။

ထိုကဲ့သို့ ပြင်းထန်သော တုန်လှုပ်ခြောက်ခြားမှုသည် ဘယ်ကနေ မြစ်ဖျားခံလာသည်ကို သူကိုယ်တိုင်ပင် နားမလည်နိုင်ခဲ့ပေ။

ဂိုဏ်းအုပ်ဘုန်းတော်ကြီးတစ်ယောက် ဒူးထောက်ကျသွားစဉ်မှာပင် အာရန်သည် သန့်စင်ဘုရားကျောင်းအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး လူအများအမြင်မှ ပျောက်ကွယ်သွားခဲ့၏။

ဂိုဏ်းအုပ်ဘုန်းတော်ကြီး၏ ထူးဆန်းသော တုံ့ပြန်မှုကို မြင်လိုက်ရသော သာမန်ပြည်သူများသည် လွန်စွာ အံ့အားသင့်သွားခဲ့ကြသည်။

သန့်စင်ဧကရာဇ်သည် သာလွန်ထူးခြားသည့် ဖြစ်တည်မှုတစ်ခုကဲ့သို့ ပေါ်ထွက်လာနေစဉ်တွင် သန့်စင်ဘုရားကျောင်း၏ ပုံရိပ်မှာမူ လူအများ၏ ရင်ထဲတွင် တဖြည်းဖြည်းချင်း ပို၍ပင် ပျက်စီးသွားခဲ့ရသည်။

...

အာရန်သည် သူ၏လုပ်ဆောင်မှုများအပေါ် အများ၏ထင်မြင်ယူဆချက်များကို ဂရုမစိုက်ခဲ့ပေ။

သူသည် ဒုတိယအကြိမ်အဖြစ် တူညီသော စင်္ကြံလမ်းများမှတစ်ဆင့် လျှောက်လာခဲ့ကာ ၎င်းလမ်းများကို မည်မျှ ကောင်းမွန်စွာ သန့်စင်ထားသည်ကို မြင်လိုက်ရသဖြင့် လွန်စွာ အံ့အားသင့်သွားခဲ့ရသည်။

သူအစောပိုင်း ထွက်လာခဲ့စဥ်အချိန်က သွေးညှီနံ့များဖြင့် ဖုံးလွှမ်းနေသော စင်္ကြံလမ်းများသည် ယခုအခါတွင် လုံးဝပြန်လည် သန့်ရှင်းသွားပုံရ၏။

အနံ့အသက် အနည်းငယ်ကိုပင် သူမခံစားရတော့ပေ။

၎င်းသည် သန့်စင်ပရောဟိတ်မက ဘုရားကျောင်းအား တိုက်ခိုက်မခံရမီ အတိတ်သို့ အချိန်ပြောင်းပြန်လှန်လိုက်သကဲ့သို့ပင် တူညီနေခဲ့သည်။

သို့သော် ထိုသို့ဖြစ်ခဲ့ခြင်းဆိုပါက ဘုန်းတော်ကြီးများသည်လည်း ပြန်လည်၍ အသက်ရှင်လာခဲ့ကြပေလိမ့်မည်။

သူမအသုံးပြုခဲ့သည်မှာ မည်သည့်အရာဖြစ်စေကာမူ ၎င်းသည် အချိန်နှင့်ဟင်းလင်းပြင် ဥပဒေသများကို ပြောင်းပြန်လှန်ခြင်းထက်‌တော့ များစွာ အားနည်းပေလိမ့်မည်။

ကာဒီနယ်ရဟန်းအမတ်များသည် သန့်စင်ဧကရာဇ် ရောက်ရှိလာခြင်းအကြောင်းကို ကြိုတင်သတင်းရရှိခဲ့ပြီးဖြစ်၏။

သူ၏ ရည်ရွယ်ချက်မှာ သံသယဖြစ်ဖွယ်ဖြစ်နေသော သန့်စင်ဧကရာဇ်အား ရင်ဆိုင်ရန် ၎င်းတို့သည် အလျင်အမြန်ပင် ပြေးထွက်လာခဲ့ကြသည်။

၎င်းတို့သည် မိုက်မဲသူများ မဟုတ်ပေ။

ဤနေရာတွင် ဖြစ်ပျက်ခဲ့သည့် အရာများတွင် သန့်စင်ဧကရာဇ်၏ ပရောဂလဲမကင်းကြောင်း ၎င်းတို့ နားလည်ထားကြ၏။

သို့သော် လူတိုင်းက ဧကရာဇ် ဘုရားကျောင်းအတွင်းသို့ ဝင်ရောက်လာသည်ကို မြင်တွေ့ခဲ့ကြသောကြောင်း သူ့အား သတ်၍တော့ မရနိုင်တော့ပေ။

သန့်စင်ဧကရာဇ်သည် အသက်ရှင်လျက် ဤဘုရားကျောင်းမှ ပြန်ထွက်မလာနိုင်ခဲ့ပါက ထိုအရာသည် ပြဿနာကြီးသွားပေလိမ့်မည်။

သူ သေဆုံးရမည်ဆိုလျှင်ပင် ၎င်းသည် သန့်စင်ဘုရားကျောင်းတွင်း၌ ဖြစ်ပွား၍ မရပေ။

၎င်းတို့သည် ဧကရာဇ်အား မုန်းတီးနေကြသော်လည်း ဤနေရာတွင်မူ မည်သို့မျှ မလုပ်နိုင်ကြရာ ၎င်းတို့ အတော်လေး စိတ်ပျက်သွားခဲ့ကြသည်။

၎င်းတို့သည် ၎င်းတို့ ၏မျက်လုံးများအတွင်းမှ ရန်လိုမှုများကိုပင် ဖုံးကွယ်၍ မရနိုင်တော့ဘဲ အာရန်အား ကြားဖြတ် ဟန့်တားရန်ကျိုးစားလိုက်ကြသည်။

“သန့်စင်ဧကရာဇ်က သူကိုယ်တိုင် သစ္စာဖောက်ခဲ့တဲ့ ရလဒ်တွေကို ပြန်လာလေ့လာတာလား”

ကာဒီနယ်ရဟန်းအမတ်တစ်ပါးသည် စိတ်ကို မထိမ်းနိုင်တော့ပဲ မေးလိုက်မိရာ သူ၏စကားများသည နောက်ဆုတ်၍မရနိုင်သော ဓားသွားများကဲ့သို့ ထွက်ပေါ်လာခဲ့သည်။

“သစ္စာဖောက်မှုဟုတ်လား ခင်ဗျားတို့ ဘာအကြောင်း ပြောနေကြတာလဲဆိုတာ ကျုပ်လဲမသိရပါလား”

အာရန်သည် အပြစ်ကင်းဟန်ဖြင့် ပခုံးတွန့်ပြကာ ပြန်ဖြေလိုက်၏။

“ကျုပ်ဒီကိုလာတာ အဆိုးဆုံးအချိန်တွေကို ဖြတ်သန်းနေရတဲ့ သူငယ်ချင်းတစ်ဦးကို လာရောက်တွေ့ဆုံတာပါ”

သူသည် စွတ်စွဲချက်များကို တိုက်ရိုက်လက်ခံခြင်းမရှိသော်လည်း ယခုအချိန်တွင် သူ၏ရည်ရွယ်ချက်များကို လုံးဝ ဖုံးကွယ်ထားရန်လည်း မလိုအပ်တော့ပေ။

ဤအချိန်တွင် အချင်းချင်း နှစ်ဖက်စလုံးက ရည်ရွယ်ချက်များကို သိနှင့်နေကြပြီးဖြစ်လေသည်။

အာရန်သည် သူ၏အပြစ်ကင်းစင်မှုအကြောင်း ပြောဆိုနေစဉ်မှာပင် သူ၏အသံသည် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေခဲ့သော်လည်း သူ၏နှုတ်ခမ်းထောင့်မှ ပေါ်လာသော လှောင်ပြုံးတစ်ခုကိုမူ ဖုံးကွယ်မထားခဲ့ပေ။

၎င်းသည် ဤနေရာရှိ ကာဒီနယ်ရဟန်းအမတ်များကို တမင်တကာပင် စူးစမ်းနေသကဲ့သို့ဖြစ်နေပြီး ‘မင်းတို့ ဒီအကြောင်းကို ရိပ်မိတယ်ဆိုတာ ငါသိနေတယ်၊ ဒါပေမဲ့ မင်းတို့တွေ ဘာများတတ်နိုင်မှာလဲ’ ဟု ပြန်ပြောနေသကဲ့သို့ပင်။

“သင်...”

ကာဒီနယ်ရဟန်းအမတ်များ၏ ဒေါသများသည် ထိမ်းမရအခြေအနေသို့ ရောက်ရှိသွားခဲ့ကြ၏။

ဤလူသည် သန့်စင်ဘုရားကျောင်းအား ဖျက်ဆီးရန်ကျိုးစားခဲ့သည်။

သူသည် ဘုန်းတော်ကြီးများစွာ၏ သေဆုံးမှုတွင် ပါဝင်ပတ်သတ်ခဲ့ဟန်ရပြီး ၎င်းတို့ထဲမှ အများစုသည် မကြာမီကာလအတွင်း ဂိုဏ်းအုပ်ဘုန်းတော်ကြီးများ ၊ကာဒီနယ်ရဟန်းအမတ်များ ဖြစ်လာကြတော့မည်လည်း ဖြစ်လေသည်။

ဧကရာဇ်၏ လုပ်ရပ်များသည် သန့်စင်ဘုရားကျောင်းအပေါ်တွင် ကြီးစွာသော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့၏။

ထိုသို့ဖြစ်သော်လည်း သူသည် သူ၏လုပ်ရပ်များအတွက် ဤနေရာသို့ လာရောက်ပြီး ကြွားဝါရန် သတ္တိရှိနေသေးသည်တဲ့လား။

ကာဒီနယ်ရဟန်းအမတ်များက အခြားမည်သည့်အရာကိုမျှ ထပ်မံ၍ မပြောဆိုနိုင်မီ အာရန်က ဆက်ပြောလိုက်သည်။

“ခင်ဗျားတို့အားလုံး ဘေးကင်းနေကြတာတွေ့ရလို့ ကျုပ် အရမ်းပဲ ဝမ်းသာမိပါတယ်။ အစောပိုင်း အဲဒီအဖြစ်အပျက်တွေ ဖြစ်ပွားခဲ့တုန်းက ခင်ဗျားတို့ ဒီမှာရှိမနေခဲ့တာ ကျုပ်တကယ်ပဲ စိတ်သက်သာရာရမိပါတယ်။ ခင်ဗျားတို့အားလုံး သေဆုံးသွားခဲ့ရင်တော့ ဘုရားကျောင်းအတွက် တကယ့်ကိုပဲ ရှက်စရာကိစ္စတစ်ခု ဖြစ်သွားခဲ့မှာပျဲ”

“သင်က သေခြင်းတရားနဲ့ ကစားချင်နေတာလား”

ကာဒီနယ်ရဟန်းအမတ်များသည် အာရန်၏ ပြောစကားများကို ဆက်လက်၍ သည်းမခံနိုင်ကြတော့ပေ။

ကာဒီနယ်ရဟန်းအမတ်များသည် ၎င်းတို့၏ဒေါသကို ထိန်းချုပ်ရန် အလွန်ကြိုးစားနေခဲ့ကြသော်လည်း ယခုဧကရာဇ်၏ အပြုအမူသည် အတော်ကြီးကို တရားလွန်နေပြီးဖြစ်၏။

ဤအချိန်တွင် ၎င်းတို့သည် အခြားအရာများကို မေ့ပစ်ပြီး အာရန်အားဝိုင်းဝန်းတိုက်ခိုက်ရန် ပင် အနည်းငယ်သာ လိုတော့လေသည်။

အာရန်သည်လည်း ၎င်းတို့အား ထိုသို့ စိတ်အနှောင့်အယှက်ပေးနေရခြင်းကို အတော်လေး နှစ်သက်နေလေသည်။

ပုံမှန်အားဖြင့် သူသည် ကာဒီနယ်ရဟန်းအမတ်များ၏ရှေ့တွင် တစ်စုံတစ်ရာ ဂရုစိုက်နေရပေလိမ့်မည်။

သို့သော် ယခု အခြေအနေမှာ ယခင်ကနှင့်မတူတော့ပဲ များစွာ ပြောင်းလဲသွားခဲ့ပြီဖြစ်၏။

သူသည် ဤနေရာတွင် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို မှတ်တမ်းတင်ရန် မှတ်တမ်းတင်သလင်းကျောက်တစ်ခုကို အသုံးပြုလိုက်သည်။

သူသည် ၎င်းတို့အား နောက်ဆုံးအကြိမ်အဖြစ် ထပ်မံရန်စရန် သူ၏နှုတ်ခမ်းများကို ဖွင့်ဟလိုက်သည်။

သူ၏ ပြန်လည် တိုက်ခိုက်မှုအတွက် ဆင်ခြေတစ်ခုရရှိစေရန်အတွက် ၎င်းတို့က သူ့အား အရင်စ၍ တိုက်ခိုက်လာမည်ကို လိုလားနေခဲ့၏။

“ကျုပ်...”

“သူ့ကို ဝင်လာခွင့်ပြုလိုက်”

အာရန်သည် တစ်စုံတစ်ရာ ထပ်မံ၍ ပြောတော့မည်ပြုစဥ်မှာပင် စင်္ကြံလမ်းတစ်ခုလုံးတွင် ချိုမြိန်သော အသံတစ်ခုသည် ပဲ့တင်ထပ်လာခဲ့သည်။

၎င်းသည် ဤနေရာရှိ လူတိုင်း၏ ဦးခေါင်းအတွင်း၌ တိုက်ရိုက်ကြားလိုက်ရခြင်းဖြစ်ပြီး သန့်စင်ပရောဟိတ်မ၏ စကားသံသာ ဖြစ်လေ၏။

ထိုအသံတွင်း၌ လူတစ်ဦး၏ စိတ်ဝိညာဥ်ကို ပစ်မှတ်ထားသော စွမ်းအင်အချို့လည်း ပါဝင်လေသည်။

သို့သော် အာရန်သည် ၎င်းကြောင့် အနည်းငယ်မျှပင် မထိခိုက်ခဲ့ပေ။

“မြင်လားခင်ဗျားတို့ အရှင်မစကားကို နားထောင်သင့်တယ်”

အာရန်သည် ပေါ့ပေါ့တန်တန်ပင် ပြန်ပြောလိုက်လေသည်။

ကာဒီနယ်ရဟန်းအမတ်များသည် ၎င်းတို့၏သွားများကိုတင်းတင်းစေ့ကာ ပြန်လည် အံကြိတ်လိုက်ကြပြီး အာရန်အား သန့်စင်ပရောဟတ်မရှိရာနေရာသို့ လိုက်ပါပို့ဆောင်ပေးလိုက်ရသည်။

ကာဒီနယ်ရဟန်းအမတ်များ ခေါ်ဆောင်သွားသော လမ်းကို ကြည့်လိုက်ပြီးနောက် အာရန်တစ်ယောက် အတော်လေး အံ့အားသင့်သွားခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သူပြီးခဲ့သည့် အကြိမ်က ဝင်ရောက်ရန် ကျရှုံးခဲ့ရသော တားမြစ်နယ်မြေဖြစ်သည့် သီးသန့်အခန်းတစ်ခန်းဆီသို့ ခေါ်ဆောင်သွားနေကြခြင်း ဖြစ်လေ၏။

#Catfoot

All Chapters