ကျားပါးစပ်ပေါက်အတွင်း ဝင်ရောက်ခြင်း
Vol. 35 Ch. 510
...
သန့်စင်ဘုရားကျောင်းတစ်ခုလုံးတွင် အာရန်အနေနှင့် မစူးစမ်းရသေးသော နေရာဟူ၍ တစ်နေရာတည်းသာ ကျန်ရှိတော့သည်။
၎င်းသည် သူ၏စနစ်မှ အတင်းအကြပ် ဝင်ရောက်ခြင်းမပြုရန် သတိပေးထားခဲ့သောကြောင့် ကျန်နေခဲ့ရသည့် တစ်ခုတည်းသော အခန်းလည်းဖြစ်လေသည်။
ထိုအချိန်က သူသည် ယခုအချိန်ထက် များစွာ အားနည်းနေသေးသောကြောင့်လည်းဖြစ်လေသည်။
သို့သော် ယခုအခါတွင်လည်း အခြေအနေများက အတူတူပင် ဖြစ်နေသေးသလားဆိုသည်ကို သိရှိရန် သူအတော်လေး စိတ်ဝင်စားနေမိ၏။
ထိုအခန်းက အန္တရာယ်ရှိသောနေရာတစ်ခုဖြစ်မည်ဟု ခံစားမိနေသော်လည်း ၎င်းသည် တစ်ချိန်ချိန်တွင် သူ့အနေနှင့် မဖြစ်မနေရင်ဆိုင်ရမည့်အန္တရာယ်တစ်ခုဖြစ်ကြောင်း ခံစားမိလိုက်သည်။
အာရန်သည် ကာဒီနယ်ရဟန်းအမတ်များနောက်သို့ လိုက်သွားရင်း ရံဖန်ရံခါ စကားအနည်းငယ်ပြောရန်လည်ကျိုးစားခဲ့သည်။
သူ၏စကားများအရ သူသည် တစ်ချိန်လုံး ‘အပြစ်ကင်း’ နေသကဲ့သို့ပင်။
သူသည် ကာဒီနယ်ရဟန်းအမတ်များ၏ ဒေါသထွက်နေခြင်းများအား မြင်တွေ့နေရသော်လည်း ၎င်းတို့သည် အကြောင်းပြချက်အချို့ကြောင့် အလွန်အမင်း ထိန်းချုပ်ထားကြဟန်ရလေ၏။
“တော်တော်လေး ပျင်းစရာကောင်းတာပဲ”
ကာဒီနယ်ရဟန်းအမတ်များမှ သူ့အား တိုက်ခိုက်မည့်ပုံမရသောကြောင့် နောက်ဆုံးတွင် အာရန်တစ်ယောက် စနောက်နေခြင်းအား လက်လျှော့လိုက်ရသည်။
ဤသို့ဖြင့် သူတို့သည် သန့်စင်ဘုရားကျောင်း၏ အဓိက ဗဟိုဧရိယာတွင်ရှိနေသည့် အခန်းတစ်ခုသို့ မကြာမီ ရောက်ရှိသွားခဲ့ကြသည်။
မကြာသေးမီက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားသည့် လက္ခဏာအချို့အဖြစ် နံရံများသည် အနည်းငယ် သက်ရောက်မှုများ ရှိနေခဲ့ဟန်ရသော်လည်း ဤနေရာသည် ပြင်ဆင်ရသေးခြင်းမရှိသည့် တစ်ခုတည်းသောနေရာလည်း ဖြစ်ဟန်ရလေ၏။
အဘယ်ကြောင့်ဆိုသော် သန့်စင်ပရောဟိတ်မသည် ထိုတိုက်ခိုက်မှု၏ ပစ်မှတ်ဖြစ်ခဲ့သောကြောင့်ပင်များလားဟု အာရန်တစ်ယောက် တွေးမိလိုက်သည်။
သူမသည် အခန်းမှ ထွက်လာသည့်အကြိမ်တိုင်း ဤအရာကို သတိရနေစေရန် ၎င်းကို တမင်ပင် ချန်ထားခဲ့ခြင်းဖြစ်မည်လား။
‘သူမက အတော်လေး လက်စားချေချင်စိတ် ပြင်းပြနေပုံရတယ်’
အာရန်သည် ယခင်လာရောက်စဥ်က ချိတ်စည်းခပ်နှိပ်ထားသော တံခါးဝရှေ့တွင် ရပ်တန့်လိုက်ရင်း တွေးမိလိုက်သည်။
ကာဒီနယ်ရဟန်းအမတ်များသည် သူ့အား ဤနေရာသို့ ခေါ်ဆောင်လာပြီးနောက် ချက်ချင်းပင် နောက်ပြန် ဆုတ်သွားကြသည်။
သူတိုသည် စကားတစ်ခွန်းမျှပင် ထပ်မံ၍ မပြောဆိုတော့ဘဲ ထိုနေရာမှ လှည့်ထွက်သွားကြ၏။
....
အာရန်သည် သူ၏ မြင့်မားသောအာရုံခံနိုင်မှုများဖြင့်ပင် အခန်းအတွင်းသို့ ကြည့်ရှုရန် ကျရှုံးခဲ့ရသည်။
အမည်မသိ အင်အားတစ်ခုက မည်သည့်အရာကိုမျှ မကြည့်ရှုနိုင်ရန် တားဆီးထားသကဲ့သို့ပင်။
အခန်းအတွင်းတွင်မည်သည့်အရာများရှိနေမည်ကိုသိရှိရန် တစ်ခုတည်းသော နည်းလမ်းမှာ သူကိုယ်တိုင် အတွင်းသို့ ဝင်ရောက်သွားရန်သာ ဖြစ်လေသည်။
“ဝင်လာခဲ့ပါ”
သန့်စင်ပရောဟိတ်မ၏ အသံသည် ယခင်က ကဲ့သို့ပင် တည်ငြိမ်စွာ အတွင်းမှ ထွက်ပေါ်လာခဲ့သည်။
သူမသည် အရာရာတိုင်း၏ နောက်ကွယ်တွင် အာရန်ပါဝင်နေကြောင်း သိရှိပြီးနောက်တွင်ပင် သူမ၏အသံ၌ အမုန်းတရား အနည်းငယ်မျှပင် မပါဝင်ခဲ့ပေ။
၎င်းက သူမသည် သူမ၏ ခံစားမှုများကို လုံးဝထိန်းချုပ်ထားနိုင်သကဲ့သို့ပင်။
သူမက ပို၍တည်ငြိမ်လေလေ အာရန်တစ်ယောက် ပို၍ သံသယဖြစ်မိလေလေပင်။
ဤအခန်းအတွင်း၌ မည်သည့်အရာများ ရှိနေမည်နည်း။
သူမသည် သူ့အား ဤနေရာအတွင်း၌ အဘယ်ကြောင့် တွေ့ဆုံလိုရသနည်း။
သူ၏စနစ်က သူ့အား ထပ်မံ၍ အရိပ်အမြွက်များ ပေးဦးမည်လားဆိုသည်ကို သိရှိရန် အာရန်သည် အပြင်ဘက်၌ စက္ကန့်အနည်းငယ်မျှ ထပ်မံ၍ စောင့်ဆိုင်းကြည့်လိုက်သည်။
သို့သော် ကံမကောင်းစွာဖြင့် မည်သည့်အပြောင်းအလဲမျှ မဖြစ်ပေါ်ခဲ့ပေ။
“ဘာကို စောင့်နေတာလဲ။ အရှင်မင်းကြီးက ကျွန်မနဲ့ စကားမပြောချင်သေးဘူးဆိုရင် ပြန်သွားချင်လဲ ပြန်သွားလို့ရပါတယ်”
သန့်စင်ပရောဟိတ်မ၏ အသံသည် တစ်ဖန်ပြန်၍ ထွက်ပေါ်လာခဲ့၏။
ဤအချိန်တွင် အာရန်တွင် ရွေးချယ်စရာနှစ်ခုသာ ရှိတော့လေသည်။
သူသည် အန္တရာယ်ကို တိုက်ရိုက် ရင်ဆိုင်နိုင်သည်။
သို့မဟုတ် ဤနေရာမှ ချက်ချင်း လှည့်၍ ထွက်သွားနိုင်သည်။
သူသည် အစောပိုင်း အသက်အပိုတစ်ခုသာ ရရှိမထားခဲ့ပါက ချက်ချင်း ထွက်သွားရန် ရွေးချယ်ခဲ့မိပေလိမ့်မည်။
သို့သော် ယခုမူ သူ၏ စိတ်ဝင်စားမှုက အနိုင်ရသွားခဲ့သည်။
အထူးသဖြင့် သူ၏ဒုတိယအသက်ဖြင့် တစ်စုံတစ်ရာ ဘေးကင်းမှု ရှိနေသေးသောကြောင့် ဖြစ်လေ၏။
ထို့နောက် အာရန်သည် ရှေ့သို့ ခြေလှမ်းတစ်လှမ်း တိုးလိုက်မိသည်။
သူ၏ခြေထောက်က အခန်းအတွင်းသို့ ဝင်ရန် အနည်းငယ်အကွာအဝေးတွင်တော့ နောက်ဆုံးတွင် စနစ်မျက်နှာပြင်တစ်ခု ပေါ်ထွက်လာခဲ့လေသည်။
ထို့ကြောင့် အာရန်သည် သူ၏ခြေလှမ်းများကို ခေတ္တပြန်လည် ရုပ်သိမ်းထားလိုက်သည်။
သူမျှော်လင့်နေသည့် ရွေးချယ်စရာများ ပေါ်လာခဲ့ချေပြီ။
...
[ရွေးချယ်မှု (၁) - အခန်းအတွင်းသို့ ဝင်ရောက်ပါ။
ဆုလာဘ်- လွတ်မြောက်ခြင်းအဆောင်]
[ရွေးချယ်မှု (၂) - နန်းတော်သို့ ချက်ချင်းပြန်သွားပါ။
ဆုလာဘ်- ခံနိုင်ရည်အား +၁၀]
[ရွေးချယ်မှု (၃) - သန့်စင်ပရောဟိတ်မအား စကားပြောလိုပါက အပြင်သို့ ထွက်လာရန် စေခိုင်းပါ။
ဆုလာဘ်- လျှင်မြန်မှု +၁၀]
[ရွေးချယ်မှု (၄) - ကာဒီနယ်ရဟန်းအမတ်တစ်ပါးအား ပြန်ပေးဆွဲပြီး အခန်းအတွင်း၌ မည်သည့်အရာများရှိနေသည်ကို အတင်းအကျပ်မေးမြန်းပါ။
ဆုလာဘ်- ခွန်အား +၁၀]
...
‘ဒါဆို အခန်းအတွင်းမှာ တကယ်ပဲ အန္တရာယ်ရှိနေတာပေါ့။ ငါမျှော်လင့်ထားခဲ့သလိုပဲ။ ဒါပေမဲ့ အတွင်းထဲမှာ ဘာရှိလဲဆိုတာ ငါသိဖို့ လိုအပ်နေသေးတယ်။ ငါ မသိဘဲ ထွက်သွားခဲ့မယ်ဆိုရင် အနာဂတ်မှာ အဲ့ဒီအရာက ငါ့ကို အန္တရာယ်ပေးလာနိုင်တယ်’
အာရန်သည် စတုတ္ထရွေးချယ်မှုအကြောင်း တွေးလိုက်မိသော်လည်း ကာဒီနယ်ရဟန်းအမတ်များသည် ဤအကြောင်းကို သိရှိထားမည်လော ဆိုသည်ကိုပင် သူ မသေချာပေ။
ထိုအမျိုးသမီး၏ စရိုက်ဖြင့်ဆိုပါက သူမသည် အခြားသူတစ်ဦးအား အတွင်းတွင် မည်သည့်အရာများ ရှိနေသည်ကို သိခွင့်ပြုမည်မဟုတ်ပေ။
သူမက တစ်စုံတစ်ဦးကို သိခွင့်ပေးခဲ့မည်ဆိုလျှင်ပင် တစ်ဦး၊ နှစ်ဦးထက် ပိုနိုင်မည်မဟုတ်ပေ။
၎င်းသိရှိထားသူနှစ်ဦးကို သူ မည်သို့ ကျပန်းရှာဖွေနိုင်မည်နည်း။
ထို့ထက် ထိုဆုလာဘ်သည် အမှန်တကယ် အရေးပါမနေကြပေ။
သူ၏ စွမ်းရည်တစ်ခုစီသည် အနည်းဆုံး အမှတ် တစ်သောင်းကျော်ဝန်းကျင် ရှိနေကြပြီဖြစ်သည်။
ဆယ်မှတ်မျှ တိုးလာခြင်းက ဆုလာဘ်တစ်ခုလိုပင် မခံစားရတော့ပေ။
အကယ်၍ မဖြစ်မနေရွေးချယ်ရမည်ဆိုလျှင် လွတ်မြောက်ခြင်းအဆောင်က သူ့အတွက် ပို၍ အသုံးဝင်သည်ဟု ခံစားမိလိုက်သည်။
သူ၏အသက် အန္တရာယ်ရှိခဲ့စဉ် ယခင်က မစ်ထ်၏ ကန့်သတ်နယ်မြေအတွင်းမှပင် လွတ်မြောက်နိုင်အောင် ၎င်းက သူ့အား ကူညီပေးနိုင်ခဲ့သည်။
အာရန်သည် အကယ်၍ ဤအခန်းအတွင်း၌ ဘာရှိသည်ကို သိရှိလိုပါက လွတ်မြောက်ခြင်းအဆောင်သည် သူ့အတွက် အကြီးမားဆုံး အကာအကွယ်ရတနာတစ်ခု ဖြစ်လာပေလိမ့််မည်။
ထို့နောက် အာရန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီး ပထမဆုံးရွေးချယ်မှုကို ရွေးလိုက်လေသည်။
ထို့နောက် အခန်းအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် အဆောင်ပစ္စည်းတစ်ခုသည် သူ၏ စနစ်သိုလှောင်ခန်းအတွင်း၌ ချက်ချင်း ပေါ်လာခဲ့သည်။
အာရန်သည် အချိန်မဆိုင်းပင် ထိုလွတ်မြောက်ခြင်းအဆောင်အား အလျင်အမြန်ထုတ်ယူလိုက်ပြီး မည်သည့်အချိန်တွင်မဆို အသက်သွင်းနိုင်ရန် သူ၏ လက်အတွင်းတွင် ဖုံးကွယ်ထားလိုက်သည်။
“ပရောဟိတ်မရဲ့ ဆွဲဆောင်မှုရှိတဲ့မျက်နှာကိုတောင် မမြင်ရဘဲ ကျုပ် ဘယ်လိုများ ထွက်သွားနိုင်မှာတဲ့လဲ”
အာရန်သည် သန့်စင်ပရောဟိတ်မအား ပြန်လည်တုံ့ပြန်လိုက်ပြီး ရှေ့သို့ တိုးလိုက်သည်။
သူ၏ စကားအပေါ် ပရောဟိတ်မ၏ မည်သည့်တုံ့ပြန်မှုကိုမျှ သူမရရှိခဲ့ချေ။
သို့သော် သူမ၏ မျက်နှာအမူအရာများ ကောင်းမွန်မနေကြောင်းကိုမူ သူနားလည်ထား၏။
သူမျှော်လင့်ထားခဲ့သကဲ့သို့ပင် သန့်စင်ပရောဟိတ်မသည် သူ့၏ဖော်ရွေသော ကြိုးစားမှုအပေါ် ဒေါသထွက်လွန်း၍ သူမ၏ လျှာကို ပြန်ကိုက်ထားလိုက်ရသည်။
သူမသည် အခန်းအတွင်းသို့ အာရန်တစ်ယောက် ဝင်ရောက်လာနေသည်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့၏။
ဤအခန်းသည် သန့်စင်နတ်ဘုရားမ အီဗန်ဂျလင်း ၏ သီးသန့်နယ်မြေပင် ဖြစ်လေသည်။
အခြားမည်သည့်အရာကမျှ ဤနေရာ၏ သက်ရောက်မှု ကိုတွန်းလှန်နိုင်မည်မဟုတ်ပေ။
အာရန်သာ အတွင်း၌ရှိနေသရွေ့ သူမသည် သူ၏အသက်ကို လုံးဝထိန်းချုပ်ထားနိုင်မည်ဟု ယုံကြည်မိလေသည်။
အဘယ်ကြောင့်ဆိုသော် ဤနေရာသို့ ဝင်ရောက်ခဲ့သည့် မည်သူတစ်ဦးတစ်လေမျှ အပြင်သို့ အသက်ရှင်လျက် ပြန်လည် မထွက်သွားနိုင်ခဲ့ကြသောကြောင့် ပင်တည်း။
သန့်စင်ဧကရာဇ်သည် သူမအား ပေါ်တင် ဆန့်ကျင်ရန် လုပ်ဆောင်ခဲ့ပြီးဖြစ်လေ၏။
ဤအချိန်တွင် သူမသည် ပြည်သူများ၏ အထင်အမြင်များကို ဂရုမစိုက်လိုတော့ပေ။
သူမအနေဖြင့် ဧကရာဇ်အား ကိုယ်တိုင် သွားရောက် မတိုက်ခိုက်ခဲ့ရသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ နတ်ဘုရားမ၏ သီးသန့်နယ်မြေကို သက်ရောက်မှုရှိနိုင်သော သူ၏ နောက်ကွယ်မှ အကူအညီပေးနေသူအား စိုးရိမ်မိခဲ့သောကြောင့်ပင် ဖြစ်လေသည်။
အကယ်၍ ဧကရာဇ်သာ အတွင်း၌ ရှိနေသရွေ့ သူ့အတွက် မည်သည့် အကူအညီမျှ လာရောက်နိုင်တော့မည် မဟုတ်ပေ။
သူသည် သေခြင်းတရားဆီသို့ သူကိုယ်တိုင် သက်ဆင်းသွားခဲ့ခြင်းဖြစ်ကာ သူမသည် ထိုထက်ပို၍ ပျော်ရွှင်နိုင်တော့မည် မဟုတ်ပေ။
ပရောဟိတ်မ၏ အတွေးများကို သတိမထားမိသော အာရန်သည် အခန်းအတွင်းသို့ ဝင်ရောက်လာခဲ့လေသည်။
သူသည် အထဲသို့ဝင်လိုက်သည်နှင့် အခြားသီးသန့် နယ်မြေတစ်ခုသို့ ဝင်ရောက်မိလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
သူသည် ဂိတ်တံခါးပေါက်တစ်ခုကို ဖြတ်ကျော်သွားသည့် အကြိမ်တိုင်း ခံစားရသော ဖျားနာမှုကို မခံစားခဲ့ရပါက ၎င်းသည် သူ၏အထင်လွဲမှားခြင်းသာ ဖြစ်မည်ဟုပင် တွေးခဲ့မိပေလိမ့်မည်။
ဤနေရာသည် အမှန်တကယ်ပင် သီးခြားဖြစ်တည်နေသော ကမ္ဘာတစ်ခုနှင့် တူညီနေခဲ့လေသည်။
#Catfoot