သေမင်းကို စိန်ခေါ်ခြင်း
Vol. 145 Ch. 2058
သူတို့ရှေ့တွင် နတ်တောင်တန်းတစ်ခု တည်ရှိနေသည်။ မိစ္ဆာနတ်ဘုရားမျှော်စင်သည် နတ်တောင်တန်းများနှင့် ဝန်းရံထားသော မြေရိုင်းလွင်ပြင်၌ တည်ရှိနေသည်။ တန်ခိုးရှင်များက အရပ်မျက်နှာအသီးသီးမှ အနက်ရောင်နတ်နန်းတော်သို့ ချီတက်နေကြသည်။
ထိုအချိန်တွင် လူအများက ချဥ်းကပ်လာသော ခြိမ်းခြောက်မှုကို ခံစားမိကြသည်။ အေးစက်သော မျက်လုံးများနှင့် တန်ခိုးရှင်တစ်စုက မြေရိုင်းလွင်ပြင်ဒေသသို့ ဦးဆောင်နေသော ရီဖူရှင်းအား စိုက်ကြည့်နေကြသည်။
"ဟင်..." ရှေးဟောင်းတော်ဝင်မိသားစုဖြစ်သော ကျန်းကလန်မှ တန်ခိုးရှင်များအပါအဝင် လူအများက ထူးဆန်းသော အကြည့်တို့ ဖြစ်ပေါ်လာခဲ့သည်။ သူတို့သည် ရက်စက်ကြမ်းကြုတ်သော အကြည့်များနှင့် ရီဖူရှင်းထံ တိုးဝင်လာသော လင်းရှောင်နန်းတော်နှင့် ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်များကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ သူတို့ကြား၌ မည်သည့်ကိစ္စတို့ ဖြစ်နေသနည်း။
လင်းရှောင်နန်းတော်နှင့် ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်များသည် ရှေ့သို့ရောက်လာလေ နတ်နန်းတော်မှ လာနေသော ဖိအားကို ခံစားမိလာလေ ဖြစ်သည်။ သူတို့၏ နှလုံးသားများက ပြင်းထန်စွာ ခုန်ပေါက်နေပြီး သွေးများကလည်း အရူးအမူး စီးဆင်းနေ၏။ ထူးခြားသော စွမ်းအားတစ်ခုက ထိုနေရာအား ကာကွယ်ထားသည်။ သူတို့ ထုတ်လွှတ်လိုက်သော မည်သည့် နတ်အာရုံသိစိတ်မဆို ဤနေရာ၌ ချက်ချင်း ဖျက်ဆီးခံလိုက်ရ၏။
ထို့ကြောင့် မကြာခင်၌ သူတို့က နှေးကွေးသွားသည်။ နောက်မှ စောင့်ကြည့်နေပြီး သူတို့သည် ရီဖူရှင်းက ရှေ့သို့ ဆက်တိုးသွားပြီး သူတို့ကြားမှ အကွာအဝေးက တိုးမြင့်လာသည်ကို မြင်လိုက်ရ၏။ မိစ္ဆာနတ်ဘုရားမျှော်စင်ကို ချဥ်းကပ်လာပြီး သူသည် ပထမဆုံး လှေကားသို့ ရောက်ရှိကာ လူအများစု မရောက်နိုင်သော နေရာသို့ ဝင်ရောက်ခဲ့ကြသည်။
ကြောက်မက်ဖွယ် ရွှေရောင်နဂါးက ယန်ဟန်ရှင်း နောက်တွင် ထွက်ပေါ်လာသည်။ ချွန်ထက်သော အစွယ်များနှင့် လက်သည်းများကို ဝှေ့ယမ်းကာ နေကို ရစ်ပတ်ရင်း ကောင်းကင်တွင် ရစ်ဝဲကာ ခြိမ်းခြောက်ဟန်အမူအရာမျိုး ပြုလုပ်နေခဲ့သည်။
"သွား…" ယန်ဟန်ရှင်းက ရီဖူရှင်းအား စိုက်ကြည့်ရင်း လက်ချောင်းကို ရှေ့သို့ ညွှန်လိုက်သည်။ ချက်ချင်းပင် ရွှေရောင်နတ်နဂါးက အော်မြည်လာပြီး ရီဖူရှင်းထံသို့ တိုးဝင်လာပေသည်။ ကျယ်လောင်သော အော်မြည်သံများနှင့်အတူ ရွှေရောင်နတ်နဂါးကြီးသည် လွှမ်းမိုးနိုင်စွမ်းရှိသော ခုခံကာကွယ်မှုနှင့် ပိတ်ပင်ဟန့်တားခြင်းတို့ဖြင့် ရင်ဆိုင်နေရဟန်ရှိသည်။ ၎င်းက ရီဖူရှင်းနှင့် နီးကပ်လာလေ အရှိန်က လျော့ကျသွားလေ ဖြစ်လေသည်။ ရုတ်တရက် ထိုကြီးမားသော ခန္ဓာကိုယ်ကြီးက အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲတော့မလို ဖြစ်လာခဲ့သည်။
ထိုသည်ကိုမြင်သောအခါ ရီဖူရှင်းသည် နတ်ဓားကို ထုတ်ယူကာ ကောင်းကင်မှ နဂါးအား ထိုးစိုက်လိုက်၏။ မည်သည့် အခက်အခဲမှမရှိဘဲ ဓားသည် ရွှေရောင်နတ်နဂါးကို ဖြတ်သန်းထိုးဖောက်သွားကာ ထိုကြီးမားသည့် ခန္ဓာကိုယ်အား တစ်ခါတည်း အပိုင်းပိုင်းကွဲထွက်သွားစေသည်။
ရီဖူရှင်း၏ နတ်ဓားက သူ့ဆီသို့ ပြန်လည် ပျံသန်းလာသည်။ သူ့နှလုံးခုန်နှုန်းက တိုးမြင့်လာနေဆဲ ဖြစ်၏။ ရီဖူရှင်းသည် ယန်ဟန်ရှင်း၏ တိုက်ခိုက်မှုကို သူကိုယ်တိုင် အလွယ်တကူ ခုခံနိုင်မည် မဟုတ်သည်ကို သေချာ သိရှိပေသည်။ သို့သော် သူတို့က ရန်ဟောင်များပင် ဖိအားဒဏ်ကို မခံနိုင်ဘဲ ပေါက်ကွဲထွက်သွားရသည့် နေရာသို့ ရောက်နေကြခြင်း ဖြစ်သည်။ ရန်ဟောင်တစ်ပါးမှ ထုတ်လွှတ်လိုက်သော မဟာလမ်းစဥ် တိုက်ခိုက်မှုကလည်း ကျိန်းသေ ဖျက်ဆီးခံလိုက်ရမည် ဖြစ်ပေသည်။
ယန်ဟန်ရှင်းကလည်း အခြေအနေကို သတိပြုမိသည်။ သူက ရီဖူရှင်းအား နောက်မှ စိုက်ကြည့်ပြီး နားအူမတတ် ဆူညံသော အော်မြည်သံကို ထုတ်လွှတ်လိုက်သည်။ ၎င်းက မီးနဂါးတေးသွားပင် ဖြစ်လေသည်။ ကြောက်မက်ဖွယ် အသံလှိုင်းက ရီဖူရှင်းထံသို့ တဟုန်ထိုး တိုးဝင်လာခဲ့သည်။ မည်သို့ပင်ဖြစ်စေ ယန်ဟန်ရှင်းသည် အသံလှိုင်းစွမ်းအားက အဆက်မပြတ်အားနည်းလာနေသည်ကို ရှင်းလင်းစွာ ခံစားမိပေသည်။ ၎င်းက ရီဖူရှင်းထံရောက်ရှိသည့်အခါ ခြိမ်းခြောက်နိုင်ခြင်း အလျဥ်း မရှိတော့ပေ။ အဆုံး၌ ၎င်းက ပျက်စီးသွားတော့သည်။
အား....
ရီဖူရှင်းနှင့် ယန်ဟန်ရှင်းတို့ကြား၌ လျှောက်နေသော ရန်ဟောင်တစ်ပါးက နာကျင်စွာအော်ဟစ်ရင်း သေဆုံးသွားလေသည်။ သူသည် မိစ္ဆာနတ်ဘုရားမျှော်စင်မှ လာနေသော ကြောက်မက်ဖွယ် စွမ်းအားကို ခုခံရန် အာရုံစိုက်နေရာ မီးနဂါးတေးသွားဖြင့် တိုက်ခိုက်ခြင်းအား မရှောင်တိမ်းနိုင်ခဲ့ပေ။ သူ၏ ဝိညာဥ်စွမ်းအားသည် ချက်ချင်းပြန့်ကျဲသွားပြီး သူ့အား ကာကွယ်ပေးနိုင်ခြင်း မရှိတော့ချေ။ သူက ဝမ်းနည်းဖွယ်ကောင်းစွာ သေဆုံးခဲ့ရလေသည်။
"မင်း သူ့ကို တိုက်ချင်ရင် ရှေ့သွားတိုက်။ အခြားလူတွေကို ပြဿနာထဲ ဆွဲမထည့်နဲ့။" တစ်စုံတစ်ယောက်က ဒေါသထွက်နေသော လေသံနှင့် ယန်ဟန်ရှင်းကို ပြောလိုက်သည်။ တန်ခိုးရှင်များက ပြန်လှည့်ကာ ယန်ဟန်ရှင်းအား စူးစူးဝါးဝါး ကြည့်လိုက်သည်။ ယန်ဟန်ရှင်း နှင့် ရီဖူရှင်းကြားနေရာတွင် ရှိနေသော သူတို့သည် အစောပိုင်းက လူကဲ့သို့ ဓားစာခံဖြစ်ကာ သေဆုံးရမည်ကို စိတ်ပူနေခဲ့သည်။
မည်းမှောင်နေသော အမူအရာနှင့် ယန်ဟန်ရှင်းသည် သူ့ခန္ဓာကိုယ်ကို မဟာလမ်းစဥ်စွမ်းအားများဖြင့် ရစ်ပတ်လိုက်ပြီး အစစ်အမှန် နဂါးတစ်ကောင်နှင့် သူ့ကိုယ်သူ ကာကွယ်လိုက်သည်။ သူ့ထံမှ ပြင်းထန်သော ဝိညာဥ်စွမ်းအားကို ခံစားမိလာပြီး ရှေ့သို့ ခြေလှမ်းလိုက်ကာ ရီဖူရှင်းအား သတ်ရန် ရည်ရွယ်ချက်နှင့် တဟုန်ထိုး ရှေ့ဆက်သွားလေသည်။
ယန်ဟန်ရှင်းသာလျှင် မဟုတ်ဘဲ ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် လင်းရှောင်နန်းတော် နှစ်ခုလုံးမှ အစွမ်းထက်ရန်ဟောင်များက ရီဖူရှင်းထံသို့ တိုးဝင်လာကြပြီး သူ့ကို ဝိုင်းရံရန် ရည်ရွယ်လိုက်ကြသည်။
ရီဖူရှင်းက တစ်ချက်လှည့်ကြည့်ပြီးနောက် ရှေ့သို့ ဆက်လက်တိုးသွားခဲ့ကြသည်။ သူ့မျက်နှာက ခက်ထန်နေခဲ့သည်။ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော မဟာလမ်းစဥ် အသံနှင့်အတူ သူသည် ခန္ဓာကိုယ်အား နတ်သစ်ပင်နှင့် ကာကွယ်လိုက်ပြီး အဆုံးမဲ့ အသက်စွမ်းအားတို့အား ထုတ်လွှတ်ပေးနေသည်။ သူ၏ မဟာလမ်းစဥ်က သန်မာအားကောင်းပြီး သူ၏ စိတ်ဝိညာဥ်စွမ်းအားကလည်း အထွတ်အထိပ်ပင် ဖြစ်သည်။
သူက တောင့်မခံနိုင်တော့လျှင် နှေးကွေးသွားသည်။ သို့သော် ရန်သူများက သူ့နောက်မှ ချဥ်းကပ်လာနေသည်။ လင်းရှောင်နန်းတော်နှင့် ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်များက ရီဖူရှင်းနှင့် နီးကပ်လာခဲ့သည်။
"ဘာဖြစ်တာလဲ။" ကျန်းကျိုမင်က အခြေအနေကို သတိမပြုမိသည့်အတွက် သူတို့၏ အပြုအမူအား မြင်သောအခါ ထိတ်လန့်အံ့သြသွားခဲ့သည်။ ကြည့်ရသည်မှာ ရီဖူရှင်းနှင့် ရှေးဟောင်းတော်ဝင် ယန်မိသားစု၊ လင်းရှောင်နန်းတော်တို့ အကြားတွင် ညှိနှိုင်းမရနိုင်သော ပဋိပက္ခကြီး ရှိနေပုံရလေသည်။ သူတို့အားလုံးက အချင်းချင်း သတ်ဖြတ်ရန် ဆုံးဖြတ်ထားသကဲ့သို့ ပြုမူလှုပ်ရှားနေကြသည်။
သို့သော် သူတို့က လျှို့ဝှက်နယ်မြေအတွင်း မဝင်ရောက်ခင် နယ်မြေသခင်သည် သူတို့အား လျှို့ဝှက်နယ်မြေအတွင်း အချင်းချင်း မတိုက်ခိုက်ရန် အမိန့်ထုတ်ထားခဲ့သည်။ သူတို့က ပဋိပက္ခများ ဖြစ်ပွားကြလျှင်ပင် ကိစ္စရပ်များကို ထိန်းထိန်းသိမ်းသိမ်း လုပ်ရန် လိုပေသည်။
ရီဖူရှင်းက ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် လှည့်ကြည့်ကာ ရပ်တန့်လိုက်သည်။ သူ့နှလုံးက ပြင်းထန်စွာ ခုန်ပေါက်နေသော်လည်း သူ့ခန္ဓာကိုယ်မှ ထွက်လာသည့် မဟာလမ်းစဥ် စွမ်းအင်လှိုင်းများက ပတ်ဝန်းကျင်တစ်ခွင်ကို ဖြန့်ကျက်လာသည်။ သူ့မျက်လုံးများတွင် ခြိမ်းခြောက်မှုအရိပ်အယောင်များ ထွက်ပေါ်လာ၏။ ထိုလူများက သူ့အား နောက်မှ ချဥ်းကပ်ကာ သတ်ချင်နေသည်လား။.
သူက ခေတ္တမျှ စောင့်ဆိုင်းနေခဲ့ပြီး အချို့ရန်သူများက အလွန် နီးကပ်လာနေပြီဖြစ်သည်။ ယန်ဟန်ရှင်းက အခြားလူများကို သတိပေးလိုက်သည်။ "ဂရုစိုက်ကြ။"
ယန်ဟန်ရှင်းက ကြီးမားသော ဖိအားကို ခံစားမိပေသည်။ ထို့ကြောင့် အခြားလူများလည်း ခံစားမိမည်မှာ အသေအချာပင် ဖြစ်သည်။ သေးငယ်သော အမှားလေးက သူတို့၏ သေဆုံးခြင်းကို ယူဆောင်လာနိုင်ပေသည်။ သူတို့က အလွန် သတိထားကြရမည် ဖြစ်လေသည်။
ရီဖူရှင်းက သူတို့ရှေ့တွင် ရပ်တန့်လိုက်ပြီ ဖြစ်သည်။ သူက ရှေ့သို့ ဆက်သွားရန် ခွန်အားမရှိတော့ခြင်း ဖြစ်နိုင်သည်။
လင်းရှောင်နန်းတော်မှ တန်ခိုးရှင်တစ်ယောက်က ကြောက်မက်ဖွယ် မဟာလမ်းစဥ် ရွှေရောင်အလင်းများ တောက်ပနေသည့် လှံတစ်စင်းကို ထုတ်ယူလိုက်သည်။ ၎င်းက လေဟာနယ်ကို ထွင်းဖောက်ပြီး သူတို့ အနည်းငယ် နီးကပ်လာသည်နှင့် ရီဖူရှင်းအား သတ်ဖြတ်နိုင်တော့မလို ထင်မှတ်ရပေသည်။
သွေးစွမ်းအားများက သူတို့၏ ခန္ဓာကိုယ်များတွင် အရူးအမူး စီးဆင်းနေပြီး သူတို့၏ နှလုံးသားများက ရင်ဘတ်ထဲတွင် အပြင်းအထန် လှုပ်ခတ်နေသည်။ သူတို့က အကန့်အသတ်သို့ ရောက်ရှိနေပုံရလေသည်။
ထိုအခိုက်တွင် ရီဖူရှင်းက မိစ္ဆာနတ်ဘုရားမျှော်စင်သို့ ခြေလှမ်းအနည်းငယ် လှမ်းကာ ရပ်တန့်လိုက်ပြန်သည်။ ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် လင်းရှောင်နန်းတော်မှ တန်ခိုးရှင်များက နေမထိထိုင်မသာ ဖြစ်သွားကြသည်။
သို့သော် သူတို့က အတော်လေး ခရီးပေါက်နေပြီ ဖြစ်ရာ ယခုချိန်မှ လက်မလျှော့နိုင်ပေ။
ထိုသို့တွေးလိုက်သည်နှင့် သူတို့က ရှေ့သို့ အနည်းငယ်ပို၍ ရွေ့လျားလိုက်ကြသည်။ သူတို့သည် အနက်ရောင်နန်းတော်သို့ နီးကပ်လာသည့်အခါ ဖိအားက ပို၍ အားကောင်းသန်မာလာပြီ ဖြစ်သည်။ သူတို့၏ နှလုံးသားများက ပို၍ပင် မြန်ဆန်လာခဲ့သည်။
လင်းရှောင်နန်းတော်မှ ရန်ဟောင်ကိုင်ထားသည့် လှံမှာ ရှေ့သို့ တိုးလာပြီး တောက်ပသော နတ်အလင်းများ ထုတ်လွှတ်ပေးနေသည်။ သူက ရီဖူရှင်းအား ထိုးလိုက်သည့်အခါ ရီဖူရှင်းက မျှော်စင်သို့ ခြေနှစ်လှမ်းရွှေ့ရင်း တိုးကပ်သွားလေသည်။ သူ့ခန္ဓာအတွင်းမှ မဟာလမ်းစဥ် စွမ်းအားများက အော်မြည်နေသည်။ သူ ပြန်လှည့်လာသည့်အခါ ကြီးစွာသော နာကျင်မှုတို့ ရှိနေသလို သူ့မျက်နှာက ရှုံ့မဲ့နေပေသည်။
"သူ ဆက်ပြီးတောင့်မခံနိုင်တော့ဘူး။" ယန်ဟန်ရှင်းက ပြောလိုက်သည်။ သူသည် ရီဖူရှင်းက အကန့်အသတ်သို့ ရောက်နေပြီး ရှေ့ကို ဆက်သွားသည့်အခါ အန္တရာယ်ရှိတော့မည်ဟု ခံစားမိပေသည်။ ရီဖူရှင်းက သူတို့ထက် မျှော်စင်နှင့် နီးကပ်လာသည့်အခါ ပို၍ အားနည်းသော အခြေအနေသို့ ရောက်ရှိသွားပေလိမ့်မည်။
ထိုသို့တွေးမိသည့်အခါ သူတို့က ရီဖူရှင်းနောက်သို့ ဆက်ကာလိုက်သွားကြပေသည်။ ရီဖူရှင်းက သူတို့၏ သတ်ဖြတ်မှုကို ခံရခြင်း မဟုတ်လျှင် ကိုယ်တိုင် ပေါက်ကွဲထွက်သွားပေလိမ့်မည်။ သူ့အတွက် လွတ်မြောက်နိုင်စရာ မရှိပေ။
သို့သော် သူတို့သည် ရီဖူရှင်းက ခံနိုင်ရည်မရှိတော့ဟု တွေးမိသည့်အခါတိုင်း သူသည် ခြေလှမ်းအနည်းငယ်ထပ်လှမ်းကာ မြေရိုင်းလွင်ပြင်အတွင်းသို့ လျှောက်သွားခဲ့သည်။ လင်းရှောင်နန်းတော်နှင့် ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ အဆင့်ရှစ်ရန်ဟောင်များက သူနှင့် နီးကပ်လာနေပြီ ဖြစ်သည်။ သူတို့က တစ်လှမ်းပြီးတစ်လှမ်း ထပ်လှမ်းရအောင် ဖိအားပေးခံနေရသည်။ သူတို့က အကန့်အသတ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူတို့ ခန္ဓာကိုယ်အနီးမှ မဟာလမ်းစဥ်က အော်မြည်နေပြီး သူတို့၏ စိတ်ဝိညာဥ်စွမ်းအားက အလွန် တင်းကျပ်နေခဲ့သည်။ သူတို့က ဖျက်ဆီးခံရတော့မလိုပင် ဖြစ်သည်။
အနက်ရောင်နတ်မျှော်စင်မှ သူတို့ကို ဖိနှိပ်နိုင်မည့် ကြောက်မက်ဖွယ် ဖိအားကို ထုတ်လွှတ်နေပြီး သူတို့၏ သွေးစွမ်းအားများအား အပြင်းအထန် လှုပ်ရှားစေကာ သူတို့ နှလုံးသားများကို တုန်ယင်လာစေသည်။ သူတို့ ခန္ဓာကိုယ်တွင်းမှ သွေးများက ဆူပွက်လာနေ၏။
ထိုအခိုက်အတန့်တွင် ရီဖူရှင်းက သူတို့ဘက်လှည့်ကာ မျက်နှာချင်းဆိုင်လိုက်သည်။ သူ၏ နက်မှောင်သော မျက်လုံး များတွင် ပြင်းပြသော အမုန်းတရားများနှင့်် ပြည့်နှက်နေကာ အေးစက်သော မျက်နှာက ရှုံ့မဲ့နေခြင်း မရှိတော့ပေ။
"မင်းတို့က ဒီလောက် သေချင်စိတ်ပြင်းပြနေမှတော့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့။" ရီဖူရှင်းက ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်မှ မဟာလမ်းစဥ် စွမ်းအင်လှိုင်းများသည် ဖျက်ဆီးခြင်းမခံရဘဲ ထိုနေရာတွင် စီးဆင်းနေသော အနက်ရောင်စွမ်းအားများနှင့်အတူ စီးဆင်းသွားလေသည်။ ကောင်းကင်တွင် လတစ်စင်းထွက်ပေါ်လာပြီး ယင်နတ်အလင်းများက ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် လင်းရှောင်နန်းတော်မှ တန်ခိုးရှင်များပေါ်သို့ စီးဆင်းတောက်ပလာသည်။
ရီဖူရှင်းနှင့် နီးကပ်လာသော ရန်ဟောင်များသည် ထိတ်လန့်အံ့သြဖွယ် စွမ်းအားကို ခံစားမိလိုက်ကြသည်။
သူတို့သည် မဟာလမ်းစဥ်စွမ်းအားများကို ထုတ်လွှတ်ပြီး ယင်နတ်အလင်းမှ ခုခံကာကွယ်လိုက်ကြသည်။ လွှမ်းမိုးလာသည့် ယင်နတ်အလင်းများသည် သူတို့၏ စိတ်ဝိညာဥ်စွမ်းအားများတလျှောက် ကျူးကျော်ကာ ခါးသီးသော အအေးဓာတ်များကို ခံစားမိစေပြီး သူတို့၏ စိတ်ဝိညာဥ်ကို အေးခဲစေသည်။ ထိုအခိုက်အတန့်တွင် သူတို့၏ ခုခံကာကွယ်မှုက အသုံးမဝင်တော့သလို ထင်မှတ်ရပေသည်။
သူက မဟာလမ်းစဥ်စွမ်းအားကို မည်သို့ ထုတ်လွှတ်နိုင်ရသနည်းဟု သူတို့က တွေးလိုက်ကြသည်။ ရီဖူရှင်းက ၎င်းကို မည်သို့ အောင်မြင်နိုင်ရသနည်း။
ရီဖူရှင်း၏ ရက်စက်စိမ်းကားသော မျက်လုံးများမှ အေးစက်သည့် အကြည့်တစ်ခု ထွက်ပေါ်လာသည်။ သူသည် ပြီးပြည့်စုံသော နတ်ဝင်ရိုးကို ပိုင်ဆိုင်ထားပြီး သူ၏ မူလဝိညာဥ် ကမ္ဘာ့သစ်ပင်မှ ဖွဲ့စည်းထားသော မဟာလမ်းစဥ်ကို ဤလေဟာနယ်အတွင်း ထုတ်လွှတ်နိုင်နေဆဲ ဖြစ်သည်။ သူသည် ၎င်းကို ယခင်က စမ်းသပ်ခဲ့ပြီး ဖြစ်ကာ သူ၏ ရန်သူများ သူ့အား ရန်စလာချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ပေသည်။
"ပြန်ဆုတ်..." ယန်ဟန်ရှင်းက အော်ဟစ်လိုက်သည်။ ရီဖူရှင်း၏ မဟာလမ်းစဥ်ကို ကာကွယ်ဖို့ ကြိုးစားနေသူက နောက်ထပ် တောင့်မခံနိုင်တော့သလို စူးရှစွာအော်ဟစ်လိုက်သည်။ သွေးများက ပန်းထွက်လာကာ သူ့ခန္ဓာကိုယ်က အပိုင်းအစများအဖြစ်သို့ ပေါက်ကွဲထွက်သွားခဲ့လေသည်။
အော်ဟစ်သံများစွာနှင့်အတူ တန်ခိုးရှင်ငါးယောက်က မျက်စိတစ်မှိတ်အတွင်း အသတ်ခံလိုက်ရပေသည်။ ယန်ဟန်ရှင်းသည် သွေးသန့်နဂါးတစ်ကောင်နှင့် သူ့ခန္ဓာကိုယ်ကို ကာကွယ်ထားလိုက်သော်လည်း ၎င်းက တိုက်ခိုက်မှုအောက်တွင် ကွဲကြေသွားလေသည်။ သူက ညည်းညူလိုက်ပြီး နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်သည်။ သူ၏ နှလုံးက အပြင်းအထန် ခုန်လှုပ်နေပြီး သွေးအိုင်ထဲသို့ ပစ်လဲကျသွားကာ သူ့မျက်လုံးများ၊ နှာခေါင်းနှင့် နားတို့မှ သွေးများ စီးကျလာပေသည်။
သူက ချက်ချင်းပင် ထကာ ထိုနေရာမှ ပြန်လှည့်ပြေးတော့သည်။ တိုက်ခိုက်မှုမှ အသက်ရှင်ကျန်သော အခြားတန်ခိုးရှင် နှစ်ယောက်မှာလည်း ကောင်းမွန်သော အခြေအနေ၌ မရှိပေ။ သူတို့က အဆင့်ရှစ်နှင့် အဆင့်ကိုးရန်ဟောင်များ ဖြစ်သော်ငြား ရွေးစရာမရှိဘဲ ဖနောင့်နှင့်တင်ပါး တသားတည်းကျအောင် ပြေးရတော့သည်။
ယန်ဟန်ရှင်း၏ အဖြစအပျက်ကို မြင်သောအခါ ရှေ့သို့ တိုးလာရန် ကြိုးစားနေသော ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် လင်းရှောင်နန်းတော်မှ တန်ခိုးရှင်များက ရပ်တန့်လိုက်ကြပြီး ဖြူဖျော့နေသော မျက်နှာများနှင့် အလျင်စလို ပြန်ဆုတ်ခွာကြတော့သည်။
ရီဖူရှင်းက သူတို့ဘက်မှ အဆင့်မြင့်ရန်ဟောင်များစွာကို သတ်ဖြတ်ခဲ့၏။
"ရီလျှို့နျန်..."
သူတို့ စိတ်ထဲတွင် အမုန်းတရားများဖြင့် ပြည့်နှက်နေခဲ့သည်။
အခြားသော တန်ခိုးရှင်များသည်လည်း ထိုမြင်ကွင်းကို မြင်သည့်အခါ အံ့သြတုန်လှုပ်သွားကြသည်။ ရီဖူရှင်းက ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် လင်းရှောင်နန်းတော်မှ ရန်ဟောင်အများအပြားကို သတ်ဖြတ်ခဲ့သည်။ သူက နောက်ဆုံး၌ အခြား အဖွဲ့နှစ်ခုနှင့် ရန်သူလုံးလုံး ဖြစ်သွားခဲ့သည်လား။
သို့သော် နယ်မြေသခင်ချမှတ်သော အမိန့်ကို မလိုက်နာသည့်အတွက် နယ်မြေသခင်အိမ်တော်က သူ့အား မည်သို့ လွှတ်ပေးပါမည်နည်း။
ဤလျှို့ဝှက်နယ်မြေမှ ထွက်သွားပြီးနောက် ရီဖူရှင်းက နယ်မြေသခင်ကို မည်သို့ ရှင်းပြပါမည်နည်း။
ကြည့်နေသူများသည် နယ်မြေသခင်က နောက်ကွယ်မှ အရာအားလုံးကို ကြိုးကိုင်နေသည်အား သိမထားကြပေ။ ရီဖူရှင်းသည် သူထွက်လာသည်နှင့် နယ်မြေသခင်က သူ့အား သတ်ဖြတ်ရန် စောင့်ဆိုင်းနေသည်ဖြစ်ရာ စည်းမျဥ်းများကို ဂရုစိုက်ခြင်းအလျဥ်း မရှိတော့ပေ။
***