အမှောင်စွမ်းအင်ကို သန့်စင်ခြင်း
Vol. 18 Ch. 257
ဟွမ်းနှင့် အန့်လျန်၏ တိုက်ခိုက်မှုသည် ကျီယွမ်ကုန်းမြေ၏ ပြင်ပသို့ပင် ရောက်ရှိသွားစေခဲ့သည်။
ထို့ကြောင့် ကျီယွမ်ကုန်းမြေသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ကျစ်ယွီတျယ်၏ စွမ်းအင်လှိုင်းကြောင့် အမှောင်စွမ်းအင်သက်ရောက်ခံရသူများလည်း ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။
မဟာနတ်အင်ပါယာများသည် စစ်ရှီးယဲ့၏ ဒဏ်ရာကို ကုသပေးနေပြီး၊ လုရှင်းယန်နှင့် ပိုင်ကျန့်ယွီတို့သည် လျှိုမင်ယွမ်ကို စိုးရိမ်တကြီး ကြည့်ရှုနေကြ၏။
လျှိုမင်ယွမ်၏ ခန္ဓာကိုယ်သည် ငြိမ်သက်နေသော်လည်း သူ၏ စိတ်ဝိညာဉ်တွင် ရုန်းကန်နေရသည်။
“မင်းအခုအထိ အညံ့မခံသေးဘူးလား..”
အန့်ယွမ်၏ ဝိညာဉ်သည် လျှိုမင်ယွမ်ကို ဖိအားပေးနေ၏။ ထို့အပြင် ဝိညာဉ်နှောင်ကြိုးများနှင့် ဖိနိပ်နေသည်။
သူသည် အလွန်စိတ်တိုနေရပြီ..။ လျှိုမင်ယွမ်သည် ခေါင်းမာလှသည်။ ထို့အပြင် သူ၏ ဝိညာဉ်သည် အလွန်ပင် သန်မာနေပြီး အန့်ယွမ် ဖိအားပေးရန်ခက်ခဲနေသည်။
“အိမ်မက် မက်နေလိုက်..”
လျှိုမင်ယွမ်သည် ချက်ချင်းဆိုသလို စိတ်ဝိညာဉ်အလွှာများကို ကာကွယ်ကာ ထိုနှောင်ကြိုးများကို တားဆီးနေ၏။
“အမှောင်ထုနဲ့ ချုပ်နှောင်ခြင်း..”
အန့်ယွမ်၏ ဝိညာဉ်နှောင်ကြိုးများသည် အနက်ရောင်သို့ ပြောင်းလဲသွားကာ အရွယ်အစားသည်လည်း ကြီးမားလာသည်။
ထို့နောက်လျှိုမင်ယွမ်ကို အတင်းကြပ် တုပ်နှောင်ရန် ကြိုးစားလိုက်၏။ သူသည် နိုးထစ ဝိညာဉ်သာ ဖြစ်နေခြင်းကြောင့် အချိန်ဆွဲ၍ မရတော့ချေ။
လျှိုမင်ယွမ်၏ ဝိညာဉ်ကို ထိန်းချုပ်နိုင်မည်ထင်ထားသော်လည်း သူ့ကိုပင် ပြန်လည် ဖိအားပေးနေပြီ..။
“စိတ်စွမ်းအင်လှိုင်း..”
လျှိုမင်ယွမ်သည် စိတ်ဝိညာဉ်နည်းစနစ်များကို ဆက်တိုက်ဆိုသလို အသုံးပြုကာ အန့်ယွမ်ကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။
သူ၏ ထုတ်ဖော်လိုက်သည် စွမ်းအင်လှိုင်းကြောင့် နှောင်ကြိုးများသည် ရပ်တန့်သွားရ၏။
‘မဖြစ်နိုင်တာ..’
အန့်ယွမ်သည် စိုးထိတ်သွား၏။ သူသည် မည်မျှပင် အားနည်းပါစေ လျှိုမင်ယွမ် ရင်ဆိုင်နိုင်သည့် တည်ရှိမှု မဟုတ်ပေ။ သို့သော် ထိုကောင်လေးသည် သူ၏ တိုက်ခိုက်မှုများကိုပင် တားဆီးနေနိုင်သည်။
သူအတွေးများနေစဉ် လျှိုမင်ယွမ်၏ အသံကို ကြားလိုက်ရ၏။
“ဝိညာဉ်ထိန်းချုပ်ခြင်း..”
ထိုနည်းစနစ်ကြောင့် အန့်ယွမ်သည် တစ်ခဏ တွေဝေသွားရ၏။ သို့သော် သူသတိရချိန်တွင် မမြင်နိုင်သည့် စိတ်စွမ်းအင်များသည် ပိုက်ကွန်သဖွယ် သူ့အားတုပ်နှောင်ထားတော့သည်။
လျှိုမင်ယွမ်သည် ချက်ချင်းဆိုသလို နည်းစနစ်သုံးခုကို ဆက်တိုက် အသုံးပြုလိုက်ခြင်းဖြစ်၏။
သူသည် အန့်ယွမ်၏ တိုက်ခိုက်မှုကို တားတီးကာ ဝိညာဉ်ထိန်းချုပ်ခြင်းနည်းစနစ်နှင့် တုန့်ဆိုင်းသွားစေသည်။ ထို့နောက်တွင် ဝိညာဉ်ပိုက်ကွန်ကို အလျှင်အမြန် အသုံးပြုကာ ထိန်းချုပ်လိုက်ခြင်းဖြစ်၏။
သာမန်ဆိုလျှင် အန့်ယွမ်ကို ချုပ်နှောင်နိုင်ရန် မလွယ်ကူချေ။ သို့သော် အန့်ယွမ်သည် နှစ်ပေါင်းများစွာ သေဆုံးခဲ့ရပြီး ဖြစ်ပြီး..သူ၏ ဝိညာဉ်တွင် ပုန်းကွယ်နေခဲ့ရခြင်းကြောင့် လွန်စွာအားနည်းနေသည်။
ထို့အပြင် ဟွမ်းသည် သူ၏ ဝိညာဉ်ကို သန်မာအောင် အဓိကထားလေ့ကျင့်စေခဲ့သောကြောင့် အန့်ယွမ်ကို အသာယာပင် ထိန်းချုပ်လိုက်နိုင်ခြင်းဖြစ်သည်။
“မင်း..မင်း..၊ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ..”
အန့်ယွမ်သည် လျှိုမင်ယွမ်၏ လုပ်ရပ်ကို ထိန်လန့်သွားခဲ့၏။
ထိုကောင်လေးသည် သူ၏ အမှောင်စွမ်းအင်များကို သန့်စင်နေခြင်းပင်။
လျှိုမင်ယွမ်သည် အန့်ယွမ်၏ ဝိညာဉ်မှ အမှောင်စွမ်းအင်များကို စုပ်ယူရန်ကြိုးစားနေခြင်းပင်..။ သူသည် အန့်ယွမ်၏ အမှောင်စွမ်းအင်များကို ဖယ်ထုတ်ပစ်ရသည်မှာ နှမြောစရာကောင်းသည်ဟု တွေးမိခဲ့သည်။
“မင်း..၊ ရပ်လိုက်စမ်း..၊ မင်းရဲ့ လုပ်ရပ်ကို အမှောင်မျိုးနွယ်က ခွင့်လွှတ်မယ်ထင်နေလား..၊ ငါ့ရဲ့ အမှောင်စွမ်းအင်တွေ စုပ်ယူတာကို သိတာနဲ့.. ချက်ချင်းအသတ်ခံရမယ်..”
အန့်ယွမ်သည် တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်နေ၏။ သို့သော် လျှိုမင်ယွမ်သည် ဂရုမစိုက်ချေ။ သူ၏ လုပ်ငန်းစဉ်ကိုသာ ဆက်လက်လုပ်ကိုင်နေသည်။
“ရပ်စမ်း..”
အန့်ယွမ်မည်သို့ပင် ရုန်းကန်ပါစေ စိတ်ဝိညာဉ်ပိုက်ကွန်မှ လွှတ်မြောက်နိုင်ခြင်းမရှိပဲ သူ၏ စွမ်းအင်များကို သန့်စင်ခံနေရတော့၏။
တစ်ဖက်ရှိ ကျီယွမ်ကုန်းမြေ၏ ပြင်ပတိုက်ပွဲတွင် အန့်လျန်သည့် ကြီးမားသည့် တိုက်ခိုက်မှုကို ထုတ်ဖော်ထားသည်။ ထိုကုန်းမြေတွင် အမှောင်စွမ်းအင်များနှင့် ဖျတ်ဆီးခံထားရသောကြောင့် မည်သည့်ကျင့်ကြံသူမျှ ရှိမနေတော့ပေ။
ဟွမ်းသည် အန့်လျန်၏ နောက်ရှိပုံရိပ်ကို အနည်းငယ် အံ့ဩသွား၏။ မဟာ နတ်အင်ပါယာအဆင့်သို့ရောက်လျှင် ပုံရိပ်တစ်ခုထုတ်ဖော်ကာ တိုက်ခိုက်မှုပြုလုပ်နိုင်သည်။
သို့သော် အန့်လျန်ထုတ်ဖော်ထားသည် ပုံရိပ်သည် ထိုသို့အရာနှင့် မတူညီပဲ ပို၍ကြီးမားကာ စွမ်းအားသည်လည်း သာလွန် အားကောင်းနေသည်။ ထို့အပြင် အန့်လျန်နှင့်ပင် တထပ်တည်း တူညီနေ၏။
“ကောင်းကင်အရှင်သခင်ရဲ့ စွမ်းအားက ဘယ်လောက်ထိ သန်မာလဲ သိချင်မိရဲ့..”
အန့်လျန်သည် ယုံကြည်ချက်ရှိရှိ ပြောဆိုလိုက်ကာ စတင်တိုက်ခိုက်လိုက်သည်။ သို့သော် သူသည် ဤပုံရိပ်အား အတင်းအကြပ် ဖိအားပေးကာ ထုတ်ဖော်ထားရခြင်းဖြစ်၏။
မူလကျင့်ကြံဆင့်နှင့်ဆိုလျှင် ဤပုံရိပ်သည် အလွယ်တကူထုတ်သုံးနိုင်သော်လည်း ယခုအဆင့်နှင့် ခက်ခဲလှသည်။
“သေစမ်း..”
အန့်လျန်၏ ပုံရိပ်ကိုင်ဆောင်ထားသည့် ဓားကြီးနှင့် ဟွမ်းကို ဦးတည်ကာ ခုတ်ပိုင်းလိုက်တော့၏။
ကြီးမားသည့် ဓားရှည်ကြီးသည် ဟွမ်း၏ ဦးခေါင်းတည့်တည့်သို့ ဝင်ရောက်လာသည်။ ထိုပုံရိပ်၏ ခွန်အားသည် အလွန်သန်မာနေပြီး သူ၏ ဓားသည်လည်း မြန်ဆန်နေ၏။
“ဝုန်း..”
ဟွမ်းသည် သူ၏ ပေတံနှင့် ခုခံလိုက်သည်။ သူ ခုခံနိုင်သည့် အတိုင်းအတာတွင် ရှိနေဆဲပင်။ ထို့နောက် သူ၏ လက်ကို အရှိန်ဟုန်မြင့် လွှဲယမ်းလိုက်ကာ ပုံရိပ်ကို နောက်ဆုတ်စေလိုက်သည်။
ဟွမ်း၏ သာလွန်သည့် ခွန်အားကြောင့် ထိုပုံရိပ်သည် နောက်သို့ နောက်လိုက်ရ၏။ အန့်လျန်သည် အတင်းအကြပ်ထိန်းချုပ်က ရပ်တန့်လိုက်ရသည်။
“ဖျတ်စီးလိုက်စမ်း..”
ဟွမ်းသည် နောက်သို့ ဆုတ်သွားသည့် အန့်လျန်ကို ဦးတည်ကာ အလျှင်အမြန် ခုတ်ပိုင်းလိုက်၏။
“ဝုန်း..”
“မဖြစ်နိုင်တာ..”
အန့်လျန်သည် ထိတ်လန့်စွာ ရေရွတ်မိသွား၏။
ဟွမ်း၏ တိုက်ခိုက်မှုကို သူ၏ ပုံရိပ်နှင့် ကာကွယ်လိုက်နိုင်သော်လည်း မယုံနိုင်ဖွယ်ခွန်အားကြောင့် သူ၏ ပုံရိပ်သည် လဲကျပျောက်ကွယ်သွားရတော့သည်။
သူ၏ အသက်ကို ကာကွယ်နိုင်ခဲ့သော်လည်း ကြောက်မက်ဖွယ်ခွန်အားကြောင့် ကုန်းမြေတစ်ခု ပေါ်သို့ အရှိန်ပြင်းပြင်းနှင့် ကျဆင်းသွားရသည်။
သူ၏ နှုတ်ခမ်းမှပင် သွေးများ စီးကျလာသည်။
“ကောင်းကင်အရှင်သခင်...၊ ဟားဟား..၊ တကယ်ကို ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်..၊ ဒါပေမဲ့ မင်းရဲ့ စွမ်းအားက ဒီကမ္ဘာငယ်လေးကိုပဲ စိုးမိုးနိုင်လိမ့်မယ်..၊ လင်းထျန်းဘုံမှာဆိုရင် မင်းရဲစွမ်းအားက ဘာမှ မဟုတ်သေးဘူး..”
အန့်လျန်သည် သူ၏ နှုတ်ခမ်းမှ သွေးစများကို သုတ်လိုက်ပြီးနောက် ရယ်မောကာ ပြောဆိုလိုက်၏။ သူသည် ဒဏ်ရာရရှိသွားသော်လည်း စိတ်ထဲရှိဟန် မရချေ။
“ဒီအမှိုက်စွမ်းအားနဲ့ ခရမ်းလမျိုးနွယ်မပြောနဲ့ အဘိုးကြီးကိုတောင် အနိုင်ယူနိုင်မှာ မဟုတ်ဘူး...၊ ဒါကြောင့် မင်းရဲ့ စွမ်းအားအစစ်အမှန်ကို ထုတ်သုံးလိုက်..၊ မဟုတ်ရင် နောက်ထပ်သုံးခွင့်ရှိမယ်မထင်တော့ဘူး..”
ဟွမ်းသည် သူ၏ ပေတံနှင့် အန့်လျန်ကို ချိန်ရွယ်ကာ ပြောဆိုလိုက်သည်။ အန့်လျန်၏ နည်းစနစ်သည် အထင်ကြီးစရာကောင်းသော်လည်း စွမ်းအားသည် နိမ့်ကျနေသေး၏။ ထိုစွမ်းအားလောက်နှင့် အဓိပတိနတ်အင်ပါယာ အထွတ်ထိပ် ဖြစ်သည့် ယွဲ့လင်းရှန်ကိုပင် အနိုင်ယူနိုင်မည် မဟုတ်ပေ။
“ငါ့ကို ဖိအားပေးနေတာပဲ..”
အန့်လျန်သည် စိတ်မပါသည့် လေသံနှင့် ဆိုလိုက်သော်လည်း သူ၏ လက်ကို လျှင်မြန်စွာ လှုပ်ရှားလိုက်သည်။
သူ၏ ဓားကို မြေလွှာတွင် ထပ်မံထိုးစိုက်လိုက်ပြန်၏။
သို့သော် ဤတစ်ကြိမ်တွင် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် အရှိန်အဝါသည် အစောကနှင့်ယှဉ်လျှင် မသက်ဆိုင်သည့်အလား ပြင်းထန်လွန်းနေသည်။
သူ၏ အရှိန်အဝါကြောင့်ပင် တိုက်ပွဲဖြစ်ပွားနေသည့် ကုန်းမြေပင် လှုပ်ယမ်းသွား၏။ ထို့နောက် သူ၏ လက်များကို လွပ်လွပ်လပ်လပ် လှုပ်ရှားလိုက်သည်။
“အမှောင်..”
အန့်လျန်သည် ရေရွတ်ရင်း သူ၏ လက်များကို မြန်ဆန်သည့် လှုပ်ရှားမှုနှင့် ပုံဖော်နေသည်။ ထို့အပြင် သူ့လက်လှုပ်ရှားမှုသည် မြန်ဆန်သည့်အပြင် ရှုပ်ထွေးလွန်း၏။
“ပိုင်နက်..”
သို့သော် သူ၏ လက်လှုပ်ရှား မှုများ မရပ်တန့်ချေ။ မူလစွမ်းအင်များနှင့် ဆိုလျှင် ထိုသို့လုပ်ရန် မခက်ခဲသော်လည်း ယခုတွင် ဟွမ်းကို အံတုနိုင်ရန် အတင်းအကြပ် ဖိအားပေးနေရခြင်းပင်။
“ပိတ်လှောင်ခြင်း..”
သူ၏ လက်ပုံစံများ ပြီးဆုံးသွားသည်နှင့် ဟွမ်း၏ တည်နေရာကို အမှောင်ထုများ ဖုံးလွှမ်းသွားတော့သည်။