အန့်လျန်၏ နိဂုံး
Vol. 18 Ch. 262
‘မင်းစကားတောင် မင်းယုံရဲ့လား..’
နားထောင်နေသည့် ကျို့ယင်ပင် သူ့နားသူမယုံနိုင်ဖြစ်သွား၏။
သွေးဘိုးဘေးဆိုလျှင် ဤနေရာ၏ ကြမ်းတမ်းမှုကြောင့် သေဖို့ပင် တောင်းဆိုသွားခဲ့ရ၏။
သို့သော် ထိုလူငယ်သည် ကြင်နာတက်သည့် လေသံနှင့် အန့်လျန်ကို သတ်ဖြတ်မှု မလုပ်တော့မည် ပုံစံဖြင့် ပြောနေလေသည်။
ဤနေရာတွင် ချုပ်နှောင်ထားသည်ကပင် ငရဲထက်ပင် ပို၍ ဆိုးဝါးနေပြီ..။
ဤအရာကို ရက်စက်သည်ဟု မခေါ်သေးပေလား..။
ဤထက်ရက်စက်သည်က ရှိဦးမည်လော..။
“မင်း..”
အန့်လျန်သည် တစ်ခုခုပြောဆို ရန်ကြံစည်သော်လည်း နာကျင်မှုကြောင့် မည်သည့်စကားမျှ ထွက်မလာတော့ချေ။
ဟွမ်းသည် နတ်ဘုရားချုပ်နှောင်ခြင်းဗိမာန်အတွင်းတွင် ယဇ်ပလ္လင်တစ်ခု ပေါ်ထွက်လာစေသည်။
ထို့နောက် အန့်လျန်၏ တည်နေရာကို သီးခြားပိုင်းလိုက်ကာ သူ၏ ဝိညာဉ်ကို ယဇ်ပလ္လင်ပေါ်သို့ ကျရောက်စေ၏။
“မင်း ဘာလုပ်မလို့လဲ..”
အန့်လျန်သည် အထိတ်ထိတ် အလန့်လန့်နှင့် ရေရွတ်မိလိုက်၏။
“အား..”
အန့်လျန်၏ ဝိညာဉ်ကို ဝိညာဉ်တုပ်နှောင်သည့် ဆူးချွန်များနှင့် ထိုးစိုက်ကာ ချုပ်နှောင်ထားလိုက်သည်။
သူ၏ ဝိညာဉ်ကို ထိုးစိုက်သွားသောကြောင့် ပြင်းပြင်းပြပြ အော်ဟစ်လိုက်ရ၏။ ခန္ဓာကိုယ်သာ ရှိနေပါက ထိုအော်သံကြောင့် လည်ချောင်းပင် ကွဲသွားနိုင်သည်။
“မင်းရဲ့ လုပ်ရပ်ကို ရပ်လိုက်စမ်း..”
ဟွမ်းသည် ထိုမျှနှင့် မပြီးသေးချေ။ အန့်လျှန်ထံမှ အမှောင်ဝိညာဉ်ကို ဆွဲထုတ်လိုက်၏။
“အား..”
ထိုနာကျင်မှုကို မည်သည့် အရာနှင့်မျှ နှိုင်းယှဉ်ကာ ဖော်ပြ၍ မရနိုင်ပေ။ သူ၏ ဝိညာဉ်ကို နှစ်ပိုင်းပိုင်းဖြတ်သည်ထက်ပင် နာကျင်စေ၏။
အချိန်အနည်းငယ်ကြာပြီးနောက်တွင် ဟွမ်း၏ လက်ထဲ၌ သေးငယ်သည့် အနက်ရောင် စွမ်းအင်စက်လုံးလေးရောက်ရှိနေပြီဖြစ်သည်။
“မင်းသေတွင်းမင်းတူးလိုက်တာပဲ..၊ မင်းရဲ့တပည့်မှာ အမှောင်စွမ်းအင် ထွက်ပေါ်လာတာသိရင် အမှောင်မျိုးနွယ်က ခွင့်ပြုနေမယ်ထင်လား..”
အန့်လျန်သည် မောဟိုက်နေသည့် အသံနှင့် ပြောဆိုလိုက်၏။
“အမှောင်မျိုးနွယ်လား..”
ဟွမ်းသည် အေးစက်စက်ရေရွတ်လိုက်၏။ သူ့အား လာရှုပ်ကြလျှင်တော့ ဇာတ်သိမ်းလှကြမည်မဟုတ်ပေ။ သူသည် အမှောင်မျိုးနွယ်ကိုလည်း ဂရုမစိုက်ချေ။
အန့်လျန်ကို ဖမ်းဆီးခြင်းသည် ခရမ်းလမျိုးနွယ်အတွက် လက်စားချေခြင်းဖြစ်ပြီး အမှောင်ဝိညာဉ်များသည် သူ၏ တပည့်အတွက်ဖြစ်၏။
ဝိညာဉ် တုတ်နှောင်ခြင်းဆူးချွန်များသည် အန့်လျန်တွင် ထိုးစိုက်နေပြီး ယဇ်ပလ္လင်ပေါ်မှလှုပ်ရှားနိုင်ခြင်းမရှိတော့ချေ။
သူ၏ လူငယ်ဘဝသည် ကျစ်ယွီတျယ်ကြောင့် ဆုံးရှုံးခဲ့ရသည်။ နှစ်ပေါင်းတစ်သိန်းခန့် ဤကမ္ဘာငယ်လေးတွင် ပိတ်မိနေခဲ့ပြီး အမှောင်မျိုးနွယ်သို့လည်း ပြန်နိုင်စွမ်း မရှိတော့ပေ။
သူသည် လက်စားချေနိုင်ခဲ့သော်လည်း ထို့အတွက်ပင် ပြန်လည်ပေးဆပ်နေရပြီဖြစ်သည်။ ပိုပြီးဆိုသည်က သူ၏ အမှောင်ဝိညာဉ်ကိုပင် ထုတ်ယူခံလိုက်ရပြီးဖြစ်၏။ သို့သော် သူသည် အမှောင်မျိုးနွယ်မှ လာရောက်ကယ်တယ်မည့်အချိန်ကို စောင့်ဆိုင်းရုံမှအပ လွတ်လမ်းမမြင်သေးချေ။
“ငါ့ကို လွှတ်ပေး..”
နာကျင်မှုများထဲမှ ကြိတ်မှိတ်ကာ အော်ဟစ်လိုက်တော့၏။ သို့သော် ထိုနေရာတွင် ဟွမ်း ရှိမနေတော့ချေ။
အန့်လျန်သည် အမည်မသိနေရာတစ်ခုတွင် သူ၏ ဝိညာဉ်မပြယ်လွင့်သ၍ ထိုအတိုင်းနေသွားရတော့မည်ဖြစ်သည်။ ထို့အပြင် သူ၏တည်နေရာကို ဟွမ်းမှ အပ မည်သူမျှ ခံစားနိုင်မည်မဟုတ်ပေ။
“ကြီးမြတ်သူ အရှင်..”
ဟွမ်း၏ ပုံရိပ်ပြန်လည်ထွက်ပေါ်လာသောကြောင့် ကျို့ယင်သည် မျက်နှာချိုသွေးလိုက်၏။
“မင်းရဲ့ ကျန်နဲ့ ဝိညာဉ်တွေကို ခံစားမိပြီလား..”
ဟွမ်းသည် အေးစက်စက်သာ မေးလိုက်၏။
“ကြီးမြတ်သူအရှင် ဒီနေရာက ပြင်ပလောကနဲ့ အဆက်အသွယ်ပြတ်နေတော့ ကျုပ်အာရုံခံနိုင်စွမ်း မရှိဘူး..၊ ဖြစ်နိုင်ရင် ကျုပ်ကို အပြင်ထွက်ခွင့်..”
“သေချင်ပြီလား..”
ကျို့ယင်သည် အတွန့်တက်နေသော်လည်း ဟွမ်း၏ ချိန်းခြောက်မှု ကြောင့် ငြိမ်ကျသွားသည်။
ထို့နောက်ဟွမ်းသည် မည်သို့မျှ အသုံးမဝင်သည့် ကျို့ယင်နှင့် မဆက်ဆံတော့ပဲ ထိုဗိမာန်မှ ထွက်ခွာသွားတော့၏။
“ဒါက..”
ကျို့ယင်သည် တစ်စုံတစ်ရာမှားယွင်းသွားသလားဟု ခံစားမိသွားသည်။ ဤနေရာသည် ပြင်ပလောကနှင့် အဆက်အသွယ်မပြုနိုင်သည်က အမှန်ပင်။
ဟွမ်းသည် လင်းရှန်နယ်မြေသို့ ဝင်ရောက်ချိန်တွင် လျှိုမင်ယွမ်၏ ခန္ဓာကိုယ်မှ အမှောင်စွမ်းအင်များ ထွက်ပေါ်နေသည်ကို မြင်တွေ့လိုက်သည်။
“ဆရာ..”
လျှိုမင်ယွမ်သည် မျက်လုံးများပွင့်လာပြီးနောက် ဟွမ်းကို တွေ့ရှိလိုက်၏။
“ကောင်းတယ်..၊ အမှောင်စွမ်းအင်နဲ့ ပေါင်းစည်းပြီးသွားပြီ..၊ ထပ်ပြီး သဟဇာတဖြစ်အောင် လေ့ကျင့်ဖို့လိုတယ်..”
ဟွမ်း မှတ်ချက်ပေးလိုက်၏။
လျှိုမင်ယွမ်သည် အန့်ယွမ်၏ ဝိညာဉ်ကို အပြီးတိုင် သန့်စင်ခဲ့ပြီဖြစ်သည်။ ထို့အပြင် အမှောင်ဝိညာဉ်ကိုပါ သူ၏ စိတ်ဝိညာဉ်တွင်ပေါင်းစည်းခဲ့၏။ သို့သော် အန့်လျန်နှင့် အန့်ယွမ်ကဲ့သို့ မူလပိုင်ဆိုင်သူများနှင့်ယှဉ်လျှင် နိမ့်ကျပေဦးမည်။
“ဒီစွမ်းအင်နဲ့ပါ ထပ်ပြီးပေါင်းစည်းလိုက်..”
ဟွမ်းသည် သူထုတ်ယူခဲ့သည့် အန့်လျန်၏ အမှောင်ဝိညာဉ်နှင့်ပါ ပေါင်းစပ်သေခဲ့သည်။ ထိုသို့သာအောင်မြင်သွားပါက လျှိုမင်ယွမ်သည် အမှောင်မျိုးနွယ်ဝင်တစ်အဖြစ် ခွဲခြားရန်ပင် ခက်ခဲသွားပေတော့မည်။
“ဒါက..”
လျှိုမင်ယွမ်သည် ဝမ်းသာသွားတော့၏။ ထို့အပြင် ဟွမ်း၏ လုပ်ရပ်ကြောင့် မေးခွန်းထုတ်လိုက်မိသည်။
“ဆရာ ဒါတွေက.. ဘာတွေလဲ..”
ဟွမ်းသည် အမှောင်စွမ်းအင်တိုင်လုံး ဒါဇင်ခန့်ကို လျှိုမင်ယွမ်၏ အဆောင်ပတ်ပတ်လည်တွင် နေရာချပေးလိုက်၏။
“ဒါက မင်းရဲ့ အမှောင်စွမ်းအင်စုစည်းချိန်မှာ အသုံးဝင်လိမ့်မယ်..”
ဟွမ်းသည် ထိုတိုင်လုံးများအကြောင်းကို ရှင်းပြပေးလိုက်တော့သည်။
လျှိုမင်ယွမ်သည် မျက်ရည်ပင် ဝဲလုနီးပါးဖြစ်သွားခဲ့၏။ သူ၏ ဆရာသည်အမှောင်စွမ်းအင်စုပ်ယူခြင်းအပေါ် မကန့်ကွက်ခဲ့သည့်အပြင် ပံ့ပိုးမှုများပါ ပြုလုပ်ပေးခဲ့သည်။
လျှိုမင်ယွမ်သည် သူ၏ဦးခေါင်းသည် မြေလွှာတွင် ထိုးစိုက်လုမတက် အရိုသေပြုလိုက်၏။
“သွားသွား.. ကျင့်ကြံချေ..”
ဟွမ်းသည် လျှိုမင်ယွမ်၏ ဦးခေါင်းကို ပွတ်သပ်ပေးလိုက်ကာ ဆိုလိုက်၏။
ထို့နောက် တောင်တန်းတစ်ခု၏ အစွန်းတွင် ငြိမ်သက်စွာ ထိုင်နေသည့် ယွဲ့ဝူယောင်ကို အာရုံခံမိလိုက်သည်။
“ယောင်အာ..၊ အခုထိ ဝမ်းနည်းနေတုန်းလား..”
ဟွမ်းသည် ယွဲ့ဝူယောင်အနားသို့ရောက်ရှိသွားပြီး ညင်သာသည့် လေသံနှင့် မေးလိုက်၏။ ရွှမ်းလင်သာ ရှိပါက ကျိန်းသေထရိုက်မိပေမည်။ သူ၏ တပည့်အပေါ်ထားသည့် ကြင်နာမှု၏ တစ်ဝက်လောက်ပင် သူမအပေါ်မထားရှိချေ။
“ဆရာ..၊ တပည့်ရဲ့ အနားကသူတွေတိုင်း ထွက်ခွာသွားကြတယ်..၊ အနာဂတ်မှာ တပည့်တစ်ယောက်ထဲ ကျန်နေမှာကို ကြောက်ရွံ့မိတယ်..”
ယွဲ့ဝူယောင်သည် ဝမ်းနည်းသည့်လေသံနှင့် ဆိုလိုက်၏။ သူမ၏ မျက်ဝန်းများသည် အေးစက်ခြင်းမရှိနေတော့ပဲ မှိုင်းလျနေသည်။
“မင်းရဲ့ ဂျုနီယာလေးတွေက မင်းအနား တစ်သက်လုံးရှိနေလိမ့်မယ်..”
ဟွမ်းသည် သူများအပေါ်နှစ်သိမ့်မှုတွက် မကျွမ်းကျင်ပေ။ ထို့ကြောင့် သူလက်လှမ်းမှီသည့် စကားလုံးများနှင့် နှစ်သိမ့်လိုက်၏။
ထိုစကားကြောင့် ယွဲ့ဝူယောင်သည် သူမအနားတွင် အမြဲရှိနေတက်သည့် ကျောက်ဝမ်အာနှင့် လုရှင်းယန်တို့၏ မျက်နှာများကို မြင်ယောင်လာသည်။
“ဆရာကရော..”
ယွဲ့ဝူယောင်သည် မေးခွန်း ထုတ်လိုက်၏။ ဟွမ်းသည် အနည်းငယ်တုန့်ဆိုင်းပြီးမှ အဖြေပေးလိုက်သည်။
“ဆရာရော မင်းအနားရှိနေလိမ့်မယ်..”
“လေမိုးဘယ်လောက်ပဲထန်ထန်.. ဆရာက မင်းနဲ့ မင်းရဲ့ ဂျုနီယာလေးတွေကို ခိုင်မြဲတဲ့ အမိုးအကာတစ်ခုလို ကာကွယ်ပေးမယ်..”
“ဆရာရှိနေသ၍ ဆရာ့ရဲ့တပည့်တွေကို ဘယ်သူမှ အနိုင်ကျင့်ရဲမှာမဟုတ်ဘူး..”
ဟွမ်းသည် အားမန်အပြည့်နှင့်ဆိုလိုက်၏။ ထိုမြင်ကွင်းကိုသာ ကျို့ယင် မြင်တွေ့ပါက သွေးအန်မိမှာ ကျိန်းသေပင်။
ထို့နောက် ဟွမ်းသည် သူမ၏ ခေါင်းလေးကို အသာယာ ပွတ်သပ်ပေးကာ လေးနက်စွာ ပြောဆိုလိုက်၏။
“ဘယ်သူ့ကိုမှ မဆုံးရှုံးရအောင် မင်းတို့ကိုယ်တိုင်လည်း သန်မာနေဖို့လိုတယ်..”
ယွဲ့ဝူယောင်သည် ချက်ချင်းဆိုသလို အိမ်မက်မှ လန့်နိုးလာသည့်အလား တုန်လှုပ်သွားသည်။
ဟုတ်ပေသည်။ အနာဂတ်တွင် သူမတို့၏ ဆရာတစ်ယောက်တည်း အစွမ်းထက်နေ၍ မရချေ။ သူမတို့ကိုယ်တိုင်လည်း အစွမ်းထက်ရန် လိုအပ်သည်။
ထို့အပြင် သူမတွင် ကာကွယ်ပေးရမည့် မိသားစုအလား တွယ်တာရသည့် ဂျုနီယာများရှိနေသေးသည်။ ထိုသူများသည် သူမ၏ မိသားစုဝင်များပင်။
သူမတို့ ဆရာ၏ အကာအကွယ်အောက်တွင် ဘဝတစ်လျောက်လုံးနေထိုင်၍ မဖြစ်ပေ။ သူမတို့ကိုယ်တိုင်လည်း သန်မာကာ ဆရာ့ကိုလည်း ပြန်လည်ကာကွယ်ပေးရမည်။ စသည့် အကြောင်းအရာများသည် ယွဲ့ဝူယောင်၏ စိတ်တွင် တစ်သီတစ်တန်းပေါ်ထွက်လာ၏။
ထို့နောက် ယွဲ့ဝူယောင်သည် နှစ်ခြိုက်စွာ ပြုံးလိုက်မိ၏။ မြင်တွေ့ရခဲလှသည့် သူမမျက်နှာထက်မှ အပြုံးလေးသည် ဖြူစွတ်နေသည့် ရေခဲပန်းများပွင့်လန်းလာသလိုပင်။