ကျိုးကမ္ဘာငယ်
Vol. 18 Ch. 263
နောက်ရက်များတွင် တပည့်များသည် အေးဆေးစွာ ကျင့်ကြံနေပြီး ဟွမ်းသည် ခန်းမအတွင်းတွင် အလုပ်ရှုပ်နေ၏။
“အရှင်..ကျုပ်ပြောခဲ့တဲ့ အမည်မသိချည်းကပ်လာတဲ့အရာက ကုန်းမြေတစ်ခုနဲ့ ဆင်တူပေမဲ့..၊ ကျုပ်တို့ကုန်းမြေထက်ကြီးမားတယ်..”
စစ်ရှီးယဲ့သည် အဆင့်နှစ်နယ်မြေ ပျောက်ကွယ်သွားမှုကြောင့် အခြားလောကတစ်ခု ချည်းကပ်လာသည်ဟု တွေးလိုက်မိသည်။
“အဲ့ဒီနေရာကို သတိထားပြီး စောင့်ကြည့်ထားလိုက်..၊ မကောင်းတဲ့ရည်ရွယ်ချက် မရှိဘူးဆိုရင် ဒီအတိုင်းလွှတ်ထားလိုက်ပါ..”
ဟွမ်းသည် ထိုအကြောင်းအရာကို အာရုံမစိုက်ချေ။ လောကကြီး၏ တည်ဆောက်ပုံအကြောင်း နားလည်ပြီးသည့် နောက်တွင် ထိုအရာသည် ကမ္ဘာငယ်တစ်ခု ဖြစ်မည်ဟု တွေးမိထားသည်။
သို့သော် ထို့အတွက်နှင့် အာရုံစိုက်ကာ စိုးမိုးခြယ်လှယ်ရန် မလိုအပ်ပေ။
“ကောင်းပါပြီအရှင်..”
စစ်ရှီးယဲ့သည် နားလည်သွားကာ ထွက်ခွာသွား၏။
“အကြီးအကဲဝမ်..၊ ဂိုဏ်းငါးခုရဲ့ ခေါင်းဆောင်တွေကို စောင့်ကြည့်ထား..၊ တန်ဖိုးကြီး ပန်းသီးတစ်လုံးဆိုရင်တောင် အတွင်းပုတ်နေရင် ရှင်းလင်းပစ်တာ အကောင်းဆုံးပဲ..”
ဟွမ်းသည် အလေးနက်ပြောဆိုလိုက်၏။
ဝမ်မုန့်ယွင်သည် နားလည်သည့်သဘောနှင့် ခေါင်းညိတ်လိုက်သည်။ သူမသည် ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်ဖြစ်ခဲ့ဖူးသောကြောင့် ထိုသို့အနေအထားများကို နားလည်နေ၏။
ဂိုဏ်းခေါင်းဆောင်များသည် အခက်ကြုံတွေ့ရချိန်တွင် လာရောက်ခိုလှုံနေကြသော်လည်း ယခုတွင် အနည်းငယ်ခြေလှမ်းပျက်နေသည်။
သူတို့ထွက်ခွာသွားမည်ကို မစိုးရိမ်ပေ။ သို့သော် နောက်ကျောဓါးထိုးသည့် အဖြစ်များကိုတော့ မလိုလားချေ။
“ယွီဟွာ..”
“အရှင် ယွီဟွာ ပြန်မရောက်သေးပါဘူး..”
ဝမ်မုန့်ယွင်သည် သက်ပြင်းချကာ ထောက်ပြလိုက်၏။ နန်းတော်သခင်အနေနှင့် ချုးယွီဟွာကိုသာ ခဏတိုင်းယောင်မှားကာ ခေါ်ဆိုနေသည်။
သူမသည် ထို့အတွက် ဖြေရှင်းထောက်ပြနေရသည်က အလုပ်တစ်ခုပင်။ ထို့အပြင် သူမပြောလိုက်မှ ရှက်သလိုလိုအမူအယာကို မပေါ်လွင်အောင် ထိန်းနေတက်၏။
“အဟမ်း..”
ဟွမ်းသည် အနည်းငယ်ရှက်သွားသော်လည်း သူ၏ မျက်နှာကို ထိန်းလိုက်သည်။ သူ့အနေနှင့် နန်းတော်သခင်ဆိုသည့် မျက်နှာကို ထိန်းထားရန်လိုအပ်၏။
ဝမ်မုန့်ယွင် အသာခေါင်းယမ်းမိလိုက်၏။ ချုးယွီဟွာသာ အမြန်ပြန်ရောက်မလာသေးပါက နန်းတော်သခင်အား ထောက်ပြပြောဆိုရသည်နှင့်ပင် သူမ အသက်ထွက်သွားနိုင်သည်။
သူသည် သဲလွန်စမဲ့ ပျောက်ကွယ်သွားသည့် အချိန်တံခါးအကြောင်းတွေးမိနေသည်။
လင်းရှန်နယ်မြေအတွင်း မည်သည့်လေဟာနယ်ယိုယွင်းမှုမျှ မဖြစ်ပေါ်ခဲ့ပဲ ပျောက် ကွယ်သွားခြင်းပင်။
“သူမ ဘယ်လိုအရာမျိုး ကြုံခဲ့ရတာလဲ..”
“အရှင်..”
ထိုအချိန်တွင် စုန့်ချင်းသည် အပြစ်မကင်းသည့် စိတ်နှင့် ခန်းမအတွင်းဝင်ရောက်လာ၏။ သူမသည် အမှောင်စွမ်းအင်များနှင့် တိုက်ပွဲတွင် မပါဝင်ခဲ့ပေ။
အကြောင်းမှာ သူမသည် အမှောင်စွမ်းအင်သက်ရောက်ခံရသည့် ကုန်းမြေ အချို့ရှိ ကျင့်ကြံသူများကို ကယ်တင်နေသောကြောင့်ပင်။
သူမသည် ကျီယွမ်ကုန်းမြေတွင် စစ်ရှီးယဲ့ရှိနေသောကြောင့် အခြားနယ်မြေများရှိ ကျုးကျော်သူများကို တားဆီးခဲ့သည်။
သို့သော် ထိုမျှ ကြောက်မက်ဖွယ် ရန်သူတစ်ဦးရောက်ရှိလာမည်ဟု မထင်ထားခဲ့ချေ။
ထိုအရာအတွက် ဟွမ်းအပြစ်တင်မည်ကို ကြောက်ရွံ့နေ၏။
“မင်း အန္တရာယ်မဖြစ်တာ တော်သေးတယ်..”
ဟွမ်းသည် သူမကို အပြစ်မဆိုပေ။ ထိုကိစ္စသည် သူမ၏ အလေ့အကျင့်အသဖွယ်ပင် ဖြစ်နေတော့သည်။ ဟွမ်းသည် နောက်ဆက်တွဲစကားကို ဆိုလိုက်၏။
“ဒါပေမဲ့.. လူတွေအပေါ်ကို မလိုအပ်ပဲ..ကောင်းကောင်းမွန်မွန် မဆက်ဆံသင့်ဘူး..”
သူမ၏ ရည်မွန်မှုကြောင့် တစ်ခါသေဖူးသူဖြစ်သည်။ နတ်ဝိညာဉ်ကြောင့် ပြန်လည်မွေးဖွားလာနိုင်သော်လည်း ယခုတွင် နတ်ဝိညာဉ် မရှိတော့ချေ။
သို့သော် နတ်ဝိညာဉ်မရှိတော့သောကြောင့်ပင် ရဲရဲတင်းတင်း လုပ်ဆောင်နေခြင်းလားတော့ မပြောတက်ပေ။
စုန့်ချင်းသည် စိတ်သက်သာရာရသွားသော်လည်း သူမသည် ခေါင်းမဖော်ရဲချေ။
ထို့နောက်တွင် စုန့်ချင်းနှင့် ဝမ်မုန့်ယွင်သည် ထွက်ခွာသွားပြီး ခန်းမအတွင်း ဟွမ်း တစ်ဦးတည်းသာကျန်ရစ်တော့၏။ သူ၏ အသွင်သည် အတွေးများ နစ်မြောသွားဟန်ရှိသည်။
နောက်ရက်များတွင် လီဝူချင်းတို့သည် သူတို့၏ ကုန်းမြေများတွင် အပျက်အစီးနည်းပါးခဲ့သောကြောင့် သူတို့၏ ကုန်းမြေများကို ပြန်လည်စောင့်ရှောက်လိုသည်ဟုတင်ပြကာ ကျီယွမ်ကုန်းမြေမှ ထွက်ခွာသွားကြသည်။
ဟွမ်းသည် မည်သို့ ချုပ်ချယ်ခြင်းမှုမပြုပေ။ ထိုအရာသည် သူတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များပင်။
သို့သော် ကောင်းကင်တံခါးဂိုဏ်းချုပ် ချုံးမင်နှင့် ကြာပန်းနီဂိုဏ်းချုပ် ဟုန်လျန် တို့သည် ကျီယွမ်ကုန်မြေတွင်သာ ဆက်လက်နေထိုင်ခဲ့ကြ၏။
ထို့အပြင် သူတို့သည် ဟွမ်းရှန့်နန်းတော်လက်အောက်သို့ တရားဝင် ဝင်ရောက်ခဲ့သည်။
ထို့ကြောင့် ဟွမ်းသည် သူတို့အား နယ်မြေငယ်တစ်ခုစီပေးကာ ကျီယွမ်ကုန်းမြေကို စောင့်ရှောက်စေ၏။
မြူနှင်းမြို့တော်သည် ကြီးမားကျယ်ပြန့်လာပြီးနောက် စစ်ရှီးယဲ့သည် မြို့သခင်တာဝန်ကို ထမ်းယူခဲ့လေသည်။ မြို့တော်အတွင်း ပြောင်းရွှေ့နေထိုင်သူများလည်း များပြားလာ၏။
တစ်နှစ်ခန့် ကြာပြီးနောက်တွင် တဖြည်းဖြည်းတည်ငြိမ်လာပြီးနောက်တွင် ထိုက်ဟုန်ကျွင်းတို့ကို အနားယူစေကာ ကျင့်ကြံမှုတွင် အာရုံစိုက်စေခဲ့သည်။
လုရှင်းယန် တို့သည် ကျီယွမ်ကုန်းမြေ၏ အရေးကိစ္စများတွင် ပါဝင်လာကြ၏။ ထို့အပြင် စုန့်ချင်းသည် လက်အောက်ခံဂိုဏ်းများနှင့် ပတ်သတ်သည့်အရာများကို တာဝန်ယူခဲ့သောကြောင့် ဝမ်မုန့်ယွင်သည် အနည်းငယ် သက်သာလာသည်။
“ဒီလိုနိမ့်ကျတဲ့.. ကုန်းမြေငယ်လေးမှာ ခံတပ်တွေတောင် တည်ဆောက်ထားတာပဲ..”
ခပ်ငယ်ငယ် မိန်းကလေးတစ်ဦးသည် ကျီယွမ်ကုန်းမြေ၏ ခံတပ်အနီးသို့ ရောက်ရှိလာ၏။ သူမ၏ နောက်တွင် နောက်လိုက်အချို့လည်းပါရှိလေသည်။
ထို့နောက် ခံတပ်ကို ကျော်ဖြတ်ကာ ကျီယွမ်ကုန်းမြေအတွင်း ဝင်ရောက်ရန် ကြိုးစားလိုက်၏။
“ရပ်ဦး..”
ခံတပ်အတွင်းမှ အစောင့်တစ်ဦးသည် ရောက်ရှိလာပြီး သူမအား တားဆီးလိုက်၏။
“ကျုပ်တို့ မြင်ဖူးနေကြ မျက်နှာမဟုတ်တဲ့အတွက် စစ်ဆေးရလိမ့်မယ်..”
“ဟမ့် နိမ့်ကျတဲ့ နယ်မြေငယ်လေးကများကြီးကြီးကျယ်ကျယ်နဲ့..၊ ငါတို့ သခင်မလေးကို မင်းတို့ စစ်ဆေးချင်တိုင်း စစ်ဆေးလို့ရမယ်ထင်နေလား..”
မိန်းကလေး၏ နောက်လိုက်များထဲမှ စွမ်းအားအမြင့်ဆုံးသူတစ်ဦးသည် အသက်အရွယ်ကြီးမြင့်နေပြီး သူသည် နှာမှုတ်ကာ ပြောလိုက်၏။
“ကျုပ်တို့ကို အထောက်အထားမပြနိုင်ရင် ကျီယွမ်ကုန်းမြေအတွင်း ဝင်ခွင့်မရှိဘူး..”
အစောင့်သည် ခပ်ပြတ်ပြတ်သာ ဆိုလိုက်၏။
“သေချင်နေတာလား..”
မိန်းကလေး၏ နောက်လိုက်သည် ဒေါသထွက်သွားပြီး တိုက်ခိုက်တော့မည့် အသွင်...။
“ရွှစ်..”
သူ၏ ဓား ဆွဲထုတ်လိုက်ကာ ထိုအစောင့်ထံ အလင်းတန်းပစ်လွှတ်လိုက်သည်။ ထိုနောက်လိုက်သည် အဆင့်ခြောက်ကျင့်ကြံသူတစ်ဦးပင် ဖြစ်နေ၏။
သူ၏ တိုက်ခိုက်မှုသည် သာမန်ကာလျှံကာ ထုတ်ဖော်မှုသာ..။
အဆင့်ခြောက် ကျင့်ကြံသူများကို နောက်လိုက်အဖြစ် ထားရှိထားသည့် ထိုမိန်းကလေး၏နောက်ခံသည် သာမာန်မဟုတ်သည်မှာ ကျိန်းသေပင်။
ထိုအလင်းတန်းကြောင့် အစောင့်သည် ပြာယာခပ်သွားတော့၏။ သူသည် အဆင့်လေးကျင့်ကြံသူ တစ်ဦးသာဖြစ်သည်။ ထိုတိုက်ခိုက်မှုကြောင့် မသေဆုံးနိုင်သော်လည်း ဒဏ်ရာအပြင်းအထန်ရရှိသွားမှာ ကျိန်းသေပင်။
“ထွက်သွားစမ်း...”
စူးရှသည့် အသံကြောင့် ဓားအလင်းတန်းသည် မရှိဖူးသည့်အလား ပျက်ပြယ်သွားတော့သည်။
ထိုအသံကြောင့် နောက်လိုက်၏ မျက်ဝန်းများ မှေးကျင်းသွား၏။ သူသည် အစိမ်းရောင်ဝတ်စုံနှင့် လူငယ်တစ်ဦး လျှောက်လှမ်းလာသည်ကို တွေ့မြင်လိုက်ရသောကြောင့်ပင်။ သူ၏ မျက်ဝန်းများသည် ဓားသွားအလား စူးရှနေသည်။ ထိုမိန်းကလေး၏ ရှေ့တွင် ရပ်တန့်လိုက်ကာ မေးခွန်းထုတ်လိုက်၏။
“မိန်းကလေး..၊ ကျုပ်တို့နယ်မြေကို ပြသနာရှာဖို့ ရောက်လာတာလား..”
“ရုပ်ဆိုးလိုက်တာ..”
နောက်လိုက်လူကြီးသည် တီးတိုးမှတ်ချက်ပေးလိုက်၏။
ပိုင်ကျန့်ယွီ “...”
‘ငါမကြားဘူးလို့ ထင်နေလား..’
သူသည် ထိုလူ့အား ချက်ချင်းပင် တိမ်လွှာဓားနှင့် ပိုင်းလိုက်ချင်၏။
သူသည် ဤနေ့တွင် ကျီယွမ်ခံတပ်ကို လာရောက်စစ်ဆေးနေခြင်းဖြစ်သည်။ မထင်မှတ်ပဲ ပြသနာရှာသူများ ရောက်ရှိလာခြင်းပင်..။ ထို့ထက်ဆိုးသည်က သူ့အား စော်ကားနေခြင်းပင်..။
“ကျွန်မ နာမည် ရှု့ယင်ယင်ပါ..၊ ကျိုးကမ္ဘာငယ်က..”
ရှု့ယင်ယင်သည် မိတ်ဆက်လိုက်၏။ သူမသည် ပိုင်ကျန့်ယွီ၏ သန်မာမှုကို ခံစားမိသောကြောင့်ပင်။ သူမသည် အနည်းငယ်တော့အံ့ဩမိ၏။ နယ်မြေငယ်လေးတွင် အသက်ငယ်သည့် အဆင့်မြင့်ကျင့်ကြံသူ ရှိနေမည်ဟု မထင်ထားခဲ့ချေ။
“ကျိုးကမ္ဘာငယ်..”
ပိုင်ကျန့်ယွီသည် သံယောင်လိုက်ရေရွတ်လိုက်၏။ အခြားကမ္ဘာငယ်တစ်ခုနှင့် နယ်နိမိတ် ထိစပ်လာပြီဟု သူ၏ ဆရာထံမှ ကြားဖူးပြီးဖြစ်သည်။
သို့သော် ဟွမ်းသည် အာရုံစိုက်ရန် မလိုဟုပြောဆိုထား၏။ ထို့ကြောင့် ကျိုးကမ္ဘာမှ ကျင့်ကြံသူများကို ယခုမှ တွေ့ဆုံဖူးခြင်းပင်။