ကျွန်မကို လက်ထပ်
Vol. 18 Ch. 266
“ဒါက..”
ချုံးမင်သည် တွေဝေသွား၏။ သို့သော် ဝမ်မုန့်ယွင်၏ စကားကို မလွန်ဆန်ရဲချေ။
“သူတို့က ကိုယ်တိုင်ရပ်တည်ဖို့ ဆုံးဖြတ်ပြီးသွားပြီ..၊ ဒါကြောင့် သူတို့ကိုယ်တိုင်ဖြေရှင်းပါစေ..”
ဝမ်မုန့်ယွင်သည် ထပ်မံပြောဆိုလိုက်သည်။ သူမသည် ထိုသို့ ပြုမှုရန် ဟွမ်းမှာကြားထားခဲ့ခြင်း မရှိလျှင်တောင် ဤအတိုင်းသာ ပြတ်ပြတ်သားသား ဆုံးဖြတ်မည်ဖြစ်၏။
လီဝူချင်းတို့သည် အခြေအနေများတည်ငြိမ်ပြီးနောက်တွင် ဟွမ်းရှန့်နန်းတော်၏ လက်အောက်တွင် မနေလိုချေ။ ထို့ကြောင့် သူတို့၏ ကုန်းမြေများသို့ ပြန်လည်အခြေချရန် တောင်းဆိုခဲ့သည်။
သို့သော် ယခု အခက်အခဲဖြစ်ချိန်တွင်လည်း သူတို့ကိုယ်တိုင်သာ ဖြေရှင်းရမည်ဖြစ်သည်။ ဟွမ်းရှန့်နန်းတော်နှင့် မည်သို့မျှ မသက်ဆိုင်တော့ချေ။
ချုံးမင်နှင့် ဟုန်လျန်တို့သည့် ကံကောင်းသည်ဟု တွေးမိသွား၏။ မဟုတ်ပါက ယခုလိုအခြေအနေမျိုးတွင် ဟွမ်းရှန့်နန်းတော်မှ အခွင့်အရေးထပ်ပေးမည်မဟုတ်တော့ပေ။
တစ်ဖက်ရှိ နန်းတော်သခင်ဆိုသူသည် အန့်လျန်နှင့် တိုက်ပွဲ ဖြစ်ခဲ့သည့် နေရာသို့ ရောက်ရှိနေ၏။
သူသည် အန့်လျန်ကို တိုက်ခိုက်လိုက်ခြင်းကြောင့် ပျက်ယွင်းသွားသည့် လေဟာနယ်တွင် ထူးခြားမှုတစ်ခုကို သတိထားမိခဲ့သည်။
ထိုအရာသည် သူ၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခြင်း မရှိခဲ့သည့်လေဟာနယ်ပင်။
ထိုစဉ်က လေဟာနယ်လမ်းကြောင်းတစ်လျှောက် ပြိုလဲသွားခဲ့သော်လည်း ဤနေရာသည် မည်သို့မျှပင် မထိခိုက် မပျက်စီးခဲ့ချေ။
“ရှင်လဲ ဒီနေရာကို လာစူးစမ်းတာလား..”
ဟွမ်းသည် ထူးခြားနေသည့် လေဟာနယ်ကို စစ်ဆေးနေချိန် ရင်းနှီးနေသည့် အသံကို ကြားလိုက်ရ၏။
“မင်းကို နေရာတိုင်းမှာ တွေ့နေရတယ်..”
ဟွမ်းသည် နောက်သို့ လှည့်မကြည့်ပဲ ဆိုလိုက်၏။
“ကျွန်မက ရှင့်ကို တက်နိုင်သလောက်ကူညီပေးချင်တာပါ..”
ရွှမ်းလင်သည် ဟွမ်းအနားသို့ရောက်ရှိလာကာဆိုလိုက်၏။ သူမ၏ အဆင့်သည် မဟာ နတ်အင်ပါယာအဆင့် အထွတ်ထိပ်ပင် ရောက်ရှိနေပြီဖြစ်သည်။
ဟွမ်းသည် အကြံအစည်များ ပြည့်နှက်နေသည့် ထိုအမျိုးသမီးကို အရေးမစိုက်တော့ချေ။ ထူးဆန်းသည့် လေဟာနယ်ကိုသာ စစ်ဆေးနေ၏။
ထိုလေဟာနယ်သည် သန်မာလွန်းပြီး ဟွမ်း၏ စွမ်းအားနှင့်တင် ချိုးဖြတ်နိုင်ခြင်း မရှိဖြစ်နေသည်။
“ဒါက ဖုံးကွယ်ထားတဲ့ လျှို့ဝှက်နယ်မြေတစ်ခု ဖြစ်နိုင်တယ်..”
ရွှမ်းလင်သည် သူမ စူးစမ်းမိသလောက် ထုတ်ပြောလိုက်၏။ သူမသည် ကျယ်ပြန့်သည့် နေရာမှ ရောက်ရှိလာသူဖြစ်သောကြောင့် ဟွမ်းထက်ပို၍ အကြောင်းအရာများသိရှိမှုသည် နှံ့စပ်၏။
“ဘယ်လို ဝင်လို့ရမလဲ..”
ဟွမ်းသည် မေးမြန်းလိုက်၏။ သူ့အနေနှင့် နည်းမျိုးစုံကြိုးစားခဲ့သော်လည်း ထိုလေဟာနယ်ကို မဖြတ်တောက်နိုင်ခဲ့ပေ။
“ဟီးဟီး..၊ နောက်ဆုံးတော့ ကျွန်မအကူအညီလိုလာပြီပေါ့..”
ရွှမ်းလင်သည် လှပစွာပြုံးကာ ဆိုလိုက်၏။ သူမ၏ အသွင်သည် ဟွမ်းအတွက် ကူညီရန် အသင့်ဖြစ်နေသည့်အလားပင်။
“လိုရင်းပြော..”
ဟွမ်းသည် မာဆက်ဆက်လေသံနှင့် မေးလိုက်၏။ သူသည် ချုးယွီဟွာကို ရှာဖွေရန် စိတ်လောနေသည်။
ဤအတောတွင်း နတ်ဘုရားကုန်းမြေတစ်ခုလုံးလည့်ပတ်ကာ ရှာဖွေခဲ့သော်လည်း ချုးယွီဟွာနှင့် ပတ်သတ်သည့် အကြောင်းအရာ တစ်စုံတစ်ရာမျှပင် ရှာမတွေ့ခဲ့ချေ။
အချိန်တံခါးနှင့်အတူ သူမ ပျောက်ကွယ်သွားမှုသည် အလွန် ဆန်းကြယ်နေသည်။ နောက်ဆုံးတွင် ဤထူးဆန်းသည့် လေဟာနယ်တစ်ခုသာ စစ်ဆေးရန်ကျန်ရှိတော့၏။
ထို့ကြောင့်ပင် ထိုလေဟာနယ်အတွင်း ဝင်ရောက်ရန် စိတ်လောနေ၏။
ရွှမ်းလင်သည် ဟွမ်း၏ လေသံကို စိတ်မရှိဟန်နှင့်ဖြေလိုက်သည်။
“ကျွန်မလဲ မသိဘူး..”
ဟွမ်း “...”
“ငါ့ကို လာရှုပ်နေတာလား..”
“ကျွန်မစကားကို ဆုံးအောင်နားထောင်ပါဦး..”
ရွှမ်းလင်သည် စိတ်ရှည်ရန်ပြောဆိုကာ ဆက်လက်ရှင်းပြလိုက်၏။
“ဒီလိုလေဟာနယ် ထဲမှာ သီးခြားတည်ဆောက်ထားနိုင်တဲ့ သူတွေက တော်ရုံတန်ရုံစွမ်းအားနဲ့ မဖြစ်နိုင်ဘူး..၊ ဒါကြောင့် သူတို့မှာ သတ်မှတ်ထားတဲ့စည်းမျဉ်းတွေရှိလိမ့်မယ်..”
“သူတို့ထက် စွမ်းအားမကြီးရင် ဒါမှမဟုတ် သူတို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းနဲ့ မကိုက်ညီရင် ဝင်ရောက်နိုင်မှာ မဟုတ်ဘူး..”
“ဒါကို ဖြေရှင်းကို နည်းလမ်း မင်းမှာ ရှိလား..”
ဟွမ်းသည် သာမန်လေသံနှင့် မေးလိုက်၏။ သူ့အနေနှင့် ထိုလျှို့ဝှက်နယ်မြေတွင်း ဝင်ရောက်ရမည်ဖြစ်သည်။
ရွှမ်းလင်သည် ပြုံးရွှင်သည့် မျက်နှာထားနှင့် ဖြေလိုက်၏။
“ရှိတယ်..၊ ဒါပေမဲ့ ကျွန်မရဲ့ အခြေအနေကို သဘောတူရင်..”
“တစ်ခြား အရာမရှိဘူးလား..”
ဟွမ်းသည် မည်သည့်အရာမျှ အလကား မရရှိသည်ကို သိရှိထား၏။ ထိုနည်းစနစ်ကို သူကိုယ်တိုင်ပင် ကျင့်သုံးလေသည်။
သို့သော် ရွှမ်းလင်၏ ကိစ္စကို ဖြေရှင်းရန် အနည်းငယ်အခက်တွေ့ရ၏။
သူသည် ဤလောကတွင် သန်မာသူတစ်ယောက်ဖြစ်လျှင်ဖြစ်နိုင်မည်။ သို့သော် လင်းထျန်းဘုံသည် သူ မရောက်ရှိဖူးသည့်နေရာဖြစ်၏။ မည်သို့ အစွမ်းထက်တည်ရှိမှုများကို ရင်ဆိုင်ရမည်ကို မသိပေ။
“ကျွန်မ အတွက် အခြားအရာ မလိုအပ်ဘူး..”
ရွှမ်းလင်သည် ပြတ်သားစွာ ပြောလိုက်၏။ ဟွမ်းသည် အနည်းငယ် တိတ်ဆိတ်သွားသည်။
“ကောင်းပြီလေ..၊ မင်းရဲ့ အခြေအနေတွေကိုပြော..”
ခဏကြာ အလေးနက်တွေးတောပြီးနောက် ရွှမ်းလင်ထံမှ လိုအပ်ချက်များကို မေးမြန်းလိုက်၏။
ရွှမ်းလင်သည် ‘သူမ၏ လူဖြစ်စေချင်တယ်’ ဟုပြောဖူးသည်။ သူသည် မည်သူ့လက်အောက်မှ မနေလိုသော်လည်း အတိုင်းအတာ ကျော်လွန်သည့် သတ်မှတ်ချက်မဟုတ်လျှင် သဘောတူရန် စဉ်းစားထား၏။
ရွှမ်းလင်သည် လေးလေးနက်နက်ပြောလိုက်၏။
“ကျွန်မနဲ့ လက်ထပ်ပါ..”
ဟွမ်း “...”
သူ့အကြားအာရုံကိုပင် သူမယုံနိုင်..။
သူတို့နှစ်ဦးကြား တိတ်ဆိတ်မှုသည် ကြီးစိုးသွား၏။
“မိန်းကလေး..၊ မင်းငါ့ရဲ့ အချိန်တွေကို ဖြုန်းနေတာလား..”
ခဏအကြာတွင် ဟွမ်းသည် အလေးနက်ပြောလိုက်၏။ သူစိတ်မရှည်တော့ချေ။
“မဟုတ်ဘူး..၊ ကျွန်မ အလေးအနက်ပြောနေတာ..”
သို့သော် ရွှမ်းလင်၏ မျက်နှာတွင် ယခင်ကကဲ့သို့ ပြောင်ချော်ချော်အမူအယာမရှိပေ။ တည်ငြိမ်လေးနက်နေ၏။
“မင်း ပြောနေတာတွေက အဓိပ္ပါယ်မရှိဘူး..”
ဟွမ်းသည် သူမ၏ အမူအယာကြောင့် လျစ်လျှုမရှုပဲ ဆက်လက်ပြောဆိုလိုက်၏။
ထိုမိန်းကလေးသည် သူမ၏ လက်အောက်မှ အကူအညီပေးရန် တောင်းဆိုခြင်း ဖြစ်သည်ဟုသာ ထင်မှတ်ခဲ့သည်။
ထို့ကြောင့်ပင် အခြေအနေကို မေးမြန်းခဲ့၏။ သို့သော် မည်သည့်နေရာမှ မည်သို့လွဲချော်သွားရသည်ကို မစဉ်းစားတက်တော့ချေ။
ထို့အပြင် သူတို့နှစ်ဦးသည် ရင်းနှီးသည့် ဆက်ဆံရေးမရှိပေ။
ယုတ္တိမရှိလှပေ။
“မိန်းကလေး..၊ ဒီလျှို့ဝှက်နယ်မြေကို ဝင်ရောက်ဖို့အတွက် အလဲအလှယ် အနေနဲ့ နယ်မြေဘုရင်ကို ဆန့်ကျင်ဖို့ ကူညီရမယ်ဆိုရင် ကူညီပေးနိုင်တယ်..၊ ဒါပေမဲ့ မိန်းကလေး ပြောတဲ့ ကိစ္စတော့ မဖြစ်နိုင်ဘူး..”
ဟွမ်းသည် အလေးနက်ပြောဆိုလိုက်သည်။ ထိုအရာသည် သူလုပ်ပေးနိုင်သည့်အရာ အကုန်ပင်။
ရွှမ်းလင်သည် အနည်းငယ်စဉ်းစားပြီးနောက် ပြောဆိုလိုက်သည်။
“ကောင်းပြီ..၊ အပေးအယူဖြစ်ပြီနော်..”
ဟွမ်း “...”
ဟွမ်းသည် ကြက်သေသေသွား၏။ သူ၏ ပါးဖြတ်ရိုက်သလို ခံစားမိသွားသည်။ ထိုမိန်းကလေးသည် လှည့်စားလွန်း၏။ သူသည် မထင်မှတ်ပဲ ထိုမိန်းကလေး၏ လှည့်ကွက်တွင် သက်ဆင်းသွားခဲ့ရသည်။
သူ၏ အသည်းများ တဆစ်ဆစ် ကိုက်ခဲလာသည်ဟုပင် ခံစားနေရ၏။ မည်သို့ပင် တုန့်ပြန်ရမည်ကို မသိတော့ပေ။
ထိုသို့ အရာမျိုး ကြုံပင် မကြုံဖူးချေ။ မိန်းမလှများသည် လှည့်စားမှုအရာတွင် ထက်မြက်လွန်း၏။
“မင်း..”
“ကဲပါ..၊ ဒေါသထွက်နေပါနဲ့...၊ ကတိမဖျတ်ရဘူးနော်..”
ရွှမ်းလင်သည် ပြုံးရင်း ပြောလိုက်၏။ သို့သော် သူမ၏ အပြုံးများသည် ခါတိုင်းနှင့်မတူပဲ အသက်မဲ့နေသည်။ မည်သည့် အကြောင်းရင်းကြောင့်ဆိုသည်တော့ ပြောရခက်၏။
“ထားတော့...၊ အဆင်ပြေတယ်..”
ဟွမ်းက သူ၏ စိတ်ကို လျော့ကာ ပြောလိုက်သည်။ နဂိုကတည်းက ထိုအခြေအနေမျိုး စဉ်းစားထားပြီးဖြစ်၏။ သို့သော် သူ၏ နှုတ်မှ ကိုယ်တိုင်ပြောဆိုလိုက်ရခြင်းပင်။
မိန်းကလေးတစ်ဦးနှင့် ပြိုင်၍ တွက်ကပ်မနေတော့ပေ။
“ဒါပေမဲ့ ကျွန်မ သတိပေးချင်တာက..၊ လင်းထျန်းဘုံမှာ ကျွန်မကို ရှင့်ရဲ့လူ လို့ကြေညာရလိမ့်မယ်..၊ အဲ့ဒီအရာရဲ့ နောက်ဆက်တွဲက နယ်မြေဘုရင်ရဲ့လက်အောက်က အဖွဲ့အစည်းတွေက ရှင့်ကို ချက်ချင်း ပစ်မှတ်ထားကြလိမ့်မယ်..”
ရွှမ်းလင်သည် အလေးအနက်နှင့် သတိပေးပြောဆိုလိုက်၏။
ဟွမ်းသည် ထိုသို့ ဆင်တူမလိုနှင့်ကွဲပြားသွားသည့် စကားလုံးများကို အတွေးနက်သွားသည်။
‘ရှင့်ကို ကျွန်မရဲ့လူ’ ဆိုသည်က ဟွမ်းသည် သူမ၏ လက်အောက်ရောက်ရှိခြင်းဟူသည့် သဘောပင်။
သို့သော် ‘ကျွန်မက ရှင့်ရဲ့လူ’ ဆိုသည်က ရွှမ်းလင်သည် ဟွမ်း၏ လက်အောက်သို့ရောက်ရှိသွားခြင်းပင်။
မည်သို့ပင်ဖြစ်စေ စကားလုံး နှစ်ခုလုံးသည် ရှုပ်ထွေးလွန်း၏။
“ဒီလောက်အထိ လုပ်ရတဲ့ အဓိကအကြောင်းအရင်းက ဘာလဲ..”
ဟွမ်းသည် စိတ်ရှုပ်ထွေးစွာ မေးလိုက်၏။ သူသည် ရွှမ်းလင်ကို ပို၍ သတိထားလာ၏။ သူမသည် လှည့်စားရာတွင် ကျွမ်းကျင်လွန်းသည်။
ထို့အပြင် သူမတို့ဘုံ၏ အထွတ်ထိပ်တစ်ဦးကို ရင်ဆိုင်ရန် အဆင့်နိမ့်နယ်မြေလေးမှ ကျင့်ကြံသူကို အကူအညီတောင်းနေခြင်းသည် အဓိပ္ပါယ်မဲ့၏။