← Chapters

အပ်နှင်းခြင်း

Vol. 18 Ch. 267

အပ်နှင်းခြင်း

Vol. 18 Ch. 267

“ကျွန်မ အဲ့ဒီသူကို စက်ဆုပ်လို့..”

ရွှမ်းလင်သည် အကျိုးအကြောင်းရှင်းပြလိုက်၏။

ကောင်းကင်ကျားမျိုးနွယ်၏ နယ်မြေဘုရင်သည် တဏှာပိုင်းဆိုင်ရာ ကြီးမားလွန်းသည်။ သူ၏ လက်အောက်နယ်မြေများမှ အမျိုးသမီးများအား ကိုယ်လုပ်တော်များ ကောက်ယူတက်ကာ ဆန့်ကျင်လျှင် မျိုးနွယ်တစ်ခုလုံးသုတ်သင်ခံရ၏။

ထို့အထဲမှ သူမ၏ အစ်မသည်လည်း နယ်မြေဘုရင်၏ ကိုယ်လုပ်အတော်အဖြစ် ကောက်ယူခံခဲ့ရသည်။ သို့သော် ထိုသူ၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် သူမ၏ အစ်မဖြစ်သူသည် နှစ်အနည်းငယ်အတွင်းသေဆုံးခဲ့ရ၏။

ထိုအရာအတွက် လက်စားချေနိုင်ရန် ကျင့်ကြံနေသော်လည်း နယ်မြေဘုရင်အဆင့်သည် သူမနှင့် ဝေးကွာလွန်းနေသည်။

ထို့အပြင် သူမ၏ နိမ့်ကျသည့် အဆင့်နှင့် နယ်မြေဘုရင်၏ လက်တွင်း သက်ဆင်းလိုခြင်း မရှိပေ။

“အဲ့ဒီအရာအတွက် ငါက ဆန့်ကျင်နိုင်မယ်ထင်လို့လား..”

ဟွမ်းသည် ထိုကိစ္စကို နားမလည်နိုင်သေးချေ။

“ကျွန်မ အဘိုးရဲ့ ရွေးချယ်မှု..”

ရွှမ်းလင်သည် ပြောဆိုလိုက်၏။ သူမ၏ အဘိုးသည် အတိအကျ ရှင်းပြခြင်းမရှိခဲ့သော်လည်း ထိုသို့ရွေးချယ်ရန်သာ ပြောဆိုခဲ့သည်။

သို့သော် သူ ထပ်မံပြောဆိုသည့်စကားသည် တိုးလျလွန်းသောကြောင့် ဟွမ်းမကြားခဲ့ပေ။

‘ပြီးတော့ ကျွန်မရဲ့ ရွေးချယ်မှု..’

“လင်းထျန်းဘုံရဲ့ ကျင့်ကြံမှု အဆင့်က ဘာတွေလဲ..”

ဟွမ်းသည် ထိုကိစ္စလက်ခံပြီးပြီမို့ ငြင်းဆန်ရန် မကြိုးစားတော့ပေ။ ထိုသို့ ခေါင်းရှောင်ပါက သူ့ကိုယ်သူပင် အထင်သေးမိမည်ဖြစ်သည်။ ထို့အပြင် လက်ထပ်စရာလည်း မလိုအပ်ချေ။

“မူလ နတ်အင်ပါယာအဆင့်ကို ကျော်ဖြတ်ပြီးရင် အစစ်အမှန်နတ်ဘုရားအဆင့်ပဲ..”

“အစစ်အမှန်နတ်ဘုရား အဆင့်မှာ

စဦးအလွှာ၊

အလယ်လတ်အလွှာ၊

ကောင်းကင်အလွှာ နဲ့ အထွတ်ထိပ်အလွှာ ဆိုပြီးရှိတယ်..”

“အစစ်အမှန်နတ်ဘုရားအဆင့်ကို ကျော်လွန်ပြီးရင် နယ်မြေသခင်အဆင့်ကိုရောက်ရှိနိုင်တယ်..”

“နယ်မြေသခင်အဆင့်ကို ပြီးရင် လင်းထျန်းဘုံရဲ့ အထွတ်ထိပ်တည်ရှိမှုတွေဖြစ်တဲ့ နယ်မြေဘုရင်ဖြစ်လာတယ်..”

ရွှမ်းလင်သည် ရှင်းပြပြောဆိုလိုက်၏။

ဟွမ်းသည် ထိုအကြောင်းအရာများကို မှတ်သားထားလိုက်သည်။

“ဒါပေမဲ့... ငါက ဒီလောကထဲက မထွက်နိုင်ဘူး..”

ဟွမ်းသည် နည်းမျိုးစုံနှင့် ကြိုးစားကြည့်ပြီးပြီဖြစ်သည်။ သို့သော် ဤလောက၏ နယ်နိမိတ်ကို မကျော်လွန်နိုင်ခဲ့ချေ။

“ဒီလောကရဲ့ နယ်နိမိတ်ကို ကျော်ဖြတ်ချင်ရင်..ပထမနည်းလမ်းက ထျန်းဟုန်လိုမျိုး နယ်မြေကျွန်ဖြစ်လာဖို့လိုတယ်..”

“နယ်မြေကျွန် ဖြစ်သွားရင် လင်းထျန်းဘုံက မျိုးနွယ်တွေရဲ့ ပိုင်ဆိုင်မှု အဖြစ်သတ်မှတ်ပြီး ကမ္ဘာငယ်လေးတွေကနေ ထွက်ခွာခွင့်ရမယ်..”

“ဒါဆို မင်းဆိုလိုတာက ထျန်းဟုန်တစ်ယောက်ထဲ ဝိညာဉ်ပေးခဲ့ရတာ မဟုတ်ပဲ အဆင့်နှစ်နယ်မြေက ရှိတဲ့ကျင့်ကြံသူတွေအားလုံးလား..”

ဟွမ်း၏ မေးခွန်းကို ရွှမ်းလင်သည် ခေါင်းညိတ်ကာ အတည်ပြုပေးလိုက်၏။

“မဟုတ်ရင် အားလုံးလင်းထျန်းဘုံကို ရောက်လာမှာမဟုတ်ဘူး..”

ဟွမ်းတုန်လှုပ်သွားသည်။ သူသည် ထျန်းဟုန်တစ်ယောက်တည်းသာ စိတ်ဝိညာဉ် ပေးအပ်ခဲ့သည်ဟု တွေးထားခဲ့ခြင်းဖြစ်၏။ ထိုသို့ အခြေအနေမျိုး မမျှော်လင့်ထားခဲ့ပေ။

ထို့နောက် သူ၏ စိတ်တွင်း ရှင်းလင်းခြင်း မရှိသည့် ကိစ္စကို မေးမြန်းလိုက်၏။

“သူက ဘယ်လို လင်းထျန်းဘုံကို ဆက်သွယ်ခဲ့တာလဲ..”

“အကြီးအကဲတွေရဲ့ စကားအရ နယ်ပယ်ဆက်သွယ်ခြင်း ပုံဆောင်ခဲကနေတဲ့..၊ အဲ့ဒီတုန်းက ကျွန်မလဲ အတိအကျမသိခဲ့ဘူး..”

“ဒါပေမဲ့ အန့်လျန်ကို တွေ့ပြီးတဲ့နောက်မှ ခန့်မှန်းချက်တစ်ခုပေါ်လာတယ်..”

“အဲ့ဒါက ဘာလဲ..”

ဟွမ်းသည် အလျင်စလိုမေးလိုက်၏။ ရွှမ်းလင်သည် အသေးစိတ်ရှင်းပြလိုက်သည်။

“အန့်လျန်တို့ညီအစ်ကို ဒီကမ္ဘာငယ်ထဲ ဆင်းလာတဲ့အချိန်မှာ အဲ့ဒီပုံဆောင်ခဲကို ယူခဲ့ကြလိမ့်မယ်..”

“ဖြစ်နိုင်တာက အန့်ယွမ်သေဆုံးတဲ့ အချိန် ထျန်းဟုန်က ပုံဆောင်ခဲကိုရရှိခဲ့လိမ့်မယ်..”

“ဒါပေမဲ့ ပုံဆောင်ခဲရဲ့ အားနည်းချက်က ကမ္ဘာငယ်လေးတွေကနေ ဆက်သွယ်ရင် အဲ့ဒီကမ္ဘာငယ်လေးတွေကို စီမံရတဲ့ နယ်မြေတွေဆီပဲ ဆက်သွယ်လို့ရတယ်..”

ဟွမ်းသည် အတွေးပေါက်သွား၏။ သို့သော် ထျန်းဟုန်တို့သည် တစ်ပါးသူ၏ လက်အောက်ရောက်ရှိနေပြီး သေခြင်းရှင်ခြင်းကို ထိန်းချုပ်ထားခံရသည်။ သူ့၏ ညီအစ်ကိုတစ်ဦးအနေနှင့် လျစ်လျုမရှုနိုင်ပေ။

“ရှင် စိတ်မပူပါနဲ့..၊ ကျွန်မ ပြန်ရောက်တာနဲ့ သူတို့ အားလုံးကို ဂရုစိုက်ပေးထားမယ်..”

ရွှမ်းလင်သည် ဟွမ်း၏ ခံစားချက် အနိမ့်အမြင့်၊ အတက်အကျ များကို ခံစားမိလိုက်သောကြောင့် နှစ်သိမ့်လိုက်သည်။

ဟွမ်းသည် ငြိမ်သက်သည့်လေသံနှင့် မေးလိုက်၏။

“ဒုတိယနည်းလမ်းကရော..”

“အစစ်မှန်နတ်ဘုရားအဆင့်ကို ရောက်ရှိဖို့လိုတယ်..၊ မူလနတ်အင်ပါယာအဆင့်ကို ကျော်လွန်နိုင်တာနဲ့ လင်းထျန်းဘုံကို ရောက်ရှိနိုင်တဲ့ လမ်းကြောင်းတစ်ခုကို ခံစားမိလိမ့်မယ်..”

ရွှမ်းလင်သည် ရှင်းပြ ပြောဆိုလိုက်၏။ ထိုအရာသည် ကမ္ဘာငယ်တိုင်း၏ နိယာမဖြစ်သည်။

“မူလနတ်အင်ပါယာကို ကျော်လွန်ရမှာလား..”

ဟွမ်း သံယောင်လိုက် ရေရွတ်မိသွားသည်။

“ငါ့ရဲ့ ကျင့်ကြံမှု အဆင့်က ဘာလဲ..”

ရွှမ်းလင် “...”

‘ရှင်က ကျွန်မကိုမေးတော့ ကျွန်မက ဘယ်သူ့သွားမေးရမှာလဲ..’

ရွှမ်းလင်သည် စွံ့အသွား၏။

“ရှင့်ကိုရှင်တောင် မသိဘူးလား..”

ဟွမ်းသည် ခေါင်းခါယမ်းပြလိုက်၏။

ရွှမ်းလင်သည် ယခင်က ဟွမ်း၏ ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားသည်ဟု တွေးထင်မိထားသည်။ ထို့အပြင် သူ၏ စွမ်းအားနှင့် ကမ္ဘာငယ်အတွင်း ရှိနေခြင်းကို နားမလည်နိုင်ခဲ့ပေ။

မည်သို့ကျင့်ကြံခဲ့ သနည်းဟုပင် မေးခွန်း ထုတ်ချင်မိ၏။ သူမ၏ အဘိုးဖြစ်သူသည်လည်း မည်သည့်ယုံကြည်ချက်ကြောင့် ထောက်ခံမှုပြုခဲ့သည်ကို နားမလည်နိုင်တော့ပေ။

ယခုတွင် သူမရှေ့က သူသည် ပို၍ဆန်းကြယ်လာသည်ဟု ခံစားမိသွား၏။

“ကျွန်မရဲ့ အမြင်အရ ရှင့်ရဲ့ စွမ်းအားက မူလနတ်အင်ပါယာအဆင့်ကို ကျော်လွန်နေတယ်..၊ ဒါပေမဲ့ လင်းထျန်းဘုံမှာ လောကနိယာမတွေ ပိုပြီး တင်းကြပ်တာမို့ ခန့်မှန်းဖို့ခက်တယ်..”

ဟွမ်းသည် စဉ်းစားရကြပ်သွား၏။

“ကျင့်ကြံခြင်း..”

သူသည် တစ်ခါမျှပင် မကျင့်ကြံဖူးခဲ့ချေ။ ကျင့်ကြံဖို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ချေ။ ထို့အတွက်ကြောင့် ကျင့်ကြံသူမဟုတ်ဟု ပြောရန်အတွက်လည်း သူ၏ စွမ်းအားများသည် မယုံနိုင်ဖွယ် တည်ရှိနေ၏။

“ငါ ဒီကမ္ဘာငယ်က မထွက်နိုင်ရင် မင်းကို ကူညီဖို့ခက်လိမ့်မယ်..”

ဟွမ်းသည် သက်ပြင်းချကာဆိုလိုက်၏။ သူ့အနေနှင့် ကျင့်ကြံခြင်းနှင့် ပတ်သတ်၍ ဘာမျှ မသိရှိပေ။

သူသည် ကျင့်ကြံခြင်းကို လက်လျော့လိုက်ခြင်းမဟုတ်။ ကျင့်ကြံခြင်းက သူ့အားလက်လျော့လိုက်သည်ဟု တွေးထင်မိ၏။

“ကျွန်မ စီစဉ်ထားတာရှိတယ်..”

ရွှမ်းလင်သည် ထိုသို့ဆိုကာ သူမ၏လက်ကို ညှင်သာစွာလှုပ်ရှားလိုက်၏။ ထိုအချိန်တွင် သူမ၏ လက်တွင် စွမ်းအင်များ သိပ်သည်းလွန်းသည့် သွေးစက်တစ်စက် ပေါ်ထွက်လာသည်။

ဟွမ်းနောက် ဟွမ်းထံကို ပေးအပ်ရင်း ဆိုလိုက်၏။

“ဒါကို ရှင်သိမ်းထားပေး..”

“ဒါက ဘာလဲ..”

ဟွမ်းသည် ယူဆောင်ခြင်း မရှိသေးချေ။ ထိုမိန်းကလေးသည် လှည့်စားရာတွင် ကျွမ်းကျင်လှ၏။ ထပ်မံ အလှည့်စားမခံလိုတော့ပေ။

“ကျွန်မရဲ့ သွေးဝိညာဥ်စွမ်းအင်..”

“ဘယ်လို..”

ဟွမ်းသည် ရွှမ်းလင်၏ စကားကို ကြားကာ မျက်မှောင်ကြုတ်သွား၏။ သွေးဝိညာဥ်စွမ်းအင်ကို တစ်ဖက်သားပေးအပ်ခြင်းသည် သူမ၏ သေခြင်းနှင့် ရှင်ခြင်းကို ထိန်းချုပ်စေလိုခြင်းဖြစ်သည်။ ထို့အပြင် ထိုသို့ပြုလုပ်ရန်အတွက် သူမသည် ကြီးမားသည့် ပေးဆပ်မှု ပြုလုပ်ခဲ့ရမည်မှာ ကျိန်းသေ၏။

“ကျွန်မရဲ့ သွေးနဲ့ ဝိညာဉ်က မသန့်စင်တော့ရင် နယ်မြေဘုရင်ရဲ့ကိုယ်လုပ်တော်အဖြစ်ကနေ ပယ်ဖျတ်နိုင်တယ်..”

“ဒါပေမဲ့..၊ ကျွန်မရဲ့ သွေးနဲ့ ဝိညာဉ်ကို ဘယ်သူ့ကိုမှ ပေးအပ်လိုစိတ်မရှိဘူး..”

“ရှင့်ကို မတွေ့ရခင် အချိန်ထိပေါ့..”

ရွှမ်းလင်သည် အနည်းငယ် ရှက်ရွံ့ဟန်နှင့်ဆိုလိုက်၏။

“ပြီးတော့ နယ်မြေဘုရင် ဒေါသထွက်ပြီး ရှင့်ကို ရှာချင်ရင်တောင် သူက ဒီကမ္ဘာငယ်လေးကို ဆင်းမလာနိုင်ဘူး..၊ လူလွှတ်ပြီး တိုက်ခိုက်ချင်တောင် အချိန်ပေါင်းများစွာ ပေးဆပ်ရလိမ့်မယ်..”

ထို့အတွက်ကြောင့်ပင် သူမသည် ဤသို့ စဉ်းစားခဲ့ခြင်းဖြစ်၏။

“ဒါလဲ မင်းအဘိုးရဲ့ အစီအစဉ်ပဲလား..”

ဟွမ်းသည် အမူအယာ မပြောင်းလဲပဲ ဆိုလိုက်၏။

“မဟုတ်ဘူး..၊ သွေးဝိညာဉ်ပေးအပ်တာ ကျွန်မရဲ့ ဆန္ဒအရ..”

ရွှမ်းလင်သည် ဟွမ်းနှင့် အကြည့်များ ရင်မဆိုင်ရဲတော့ပေ။ သူမ မျက်နှာသည် ရဲရဲတွတ် နီမြန်းလာ၏။

ထို့နောက် ဟွမ်း၏ တုန့်ပြန်မှုကို စောင့်မနေတော့ပဲ သူမ၏ သွေးဝိညာဉ်စွမ်းအင်ကို ဟွမ်း၏ ဝိညာဉ်ပင်လယ်အတွင်း ပို့ လွှတ်လိုက်သည်။

သူမ၏ သွေးဝိညာဉ်သည် ဟွမ်း၏ ဝိညာဉ်ပင်လယ်တွင် နေရာယူသွားပြီးနောက် သူမနှင့် ဟွမ်းအကြား ဆက်နွယ်ချက်တစ်ခု ပေါ်ထွက်လာ၏။ သို့သော် ဝေဝါးဝါးဖြစ်နေသည်။

“ကျွန်မရဲ့ ဘဝနဲ့အသက်ကို ရှင့်လက်ထဲ အပ်လိုက်ပြီနော်..”

ရွှမ်းလင်သည် လှပစွာ ပြုံးပြပြီးနောက် လျှို့ဝှက်နယ်မြေ၏ လေဟာနယ် အနီးချည်းကပ်လိုက်တော့သည်။ သို့သော် သူမ၏ လုပ်ရပ်ကြောင့် ဟွမ်းသည် စိတ်ရှုပ်ထွေးစွာ မေးလိုက်၏။

“မင်းဘာလုပ်မလို့လဲ..”

All Chapters