← Chapters

ငါ့ကိုစောင့်နေ

Vol. 18 Ch. 268

ငါ့ကိုစောင့်နေ

Vol. 18 Ch. 268

ရွှမ်းလင်၏ မျက်နှာထက်တွင် ချိုသာသည့် အပြုံးလေးပေါ်ထွက်နေ၏။ သူမ၏ အပြုံးသည် လောကတစ်ခုလုံးအား ပိုင်စိုးခွင့်ရသည့်အလား အောင်နိုင်သည့် ပီတိအပြုံးများပင်။

“မင်း ဘာလုပ်တာလဲ..”

“လျှို့ဝှက်နယ်မြေကို ခဏတာ ရှုပ်ထွေးစေဖို့..”

ရွှမ်းလင်သည် လက်သင်္ကေတစ်ခု ဖော်ထုတ်လိုက်၏။ ရုတ်ချည်း သူမ၏ ခန္ဓာကိုယ်မှ ပြင်းထန်သည့် ဝိညာဉ်စွမ်းအင်များ ပေါ်ထွက်လာသည်။

“ကျွန်မလက်ရှိစွမ်းအားနဲ့ အကြာကြီး ဖွင့်နိုင်မှာ မဟုတ်ဘူး..၊ လေဟာနယ်ယိုယွင်းသွားတာနဲ့ အမြန်ဝင်ရောက်ဖို့လိုတယ်..”

လျှပ်စီးများစွာ ပေါ်ထွက်လာပြီး ရွှမ်းလင်၏ ခန္ဓာကိုယ်တွင် ကြမ်းကြမ်းတမ်းတမ်း လည်ပတ်လာ၏။ သူမ၏ စွမ်းအင်များသည် တဖြည်းဖြည်း မြင့်တက်လာသည်။

“မင်း..၊ ဒီလောက်အထိ လုပ်ဖို့ လိုလို့လား..”

ဟွမ်းသည် ရွှမ်းလင်၏ လုပ်ရပ်ကိုကြည့်ကာ စိတ်ရှုပ်ထွေးသွားရ၏။

သူမနှင့် ရင်းနှီးမှု မရှိသည့် သူတစ်ယောက်အား သွေးဝိညာဉ်ပင် ပေးခဲ့ပြီး လျှို့ဝှက်နယ်မြေကို ဖွင့်ရန် စွမ်းအင်များကို အတင်းအကြပ် မြင့်တင်နေသည်။ ထိုအရာသည် မိမိကိုယ်ကို သတ်သေနေခြင်းပင်။

သူမ၏ မူလခန္ဓာကိုယ် မဟုတ်သောကြောင့် ထို့အတွက်နှင့် သေဆုံးရမည်မဟုတ်သော်လည်း ပြန်လည်ပေးဆပ်ရမည့်တန်ဖိုးမှာ မသေးငယ်လောက်ချေ။

သူမ၏ လုပ်ရပ်များသည် နားမလည်နိုင်အောင် ဆန်းကြယ်လွန်းနေ၏။

“အနာဂတ်မှာ ရှင့်ဆီက ရနိုင်မဲ့ အကူအညီနဲ့ဆိုရင် ထိုက်တန်ပါတယ်..”

ရွှမ်းလင်သည် အပြုံးမပျက်ဆိုလိုက်၏။ သူမ၏ မျက်ဝန်းများသည် သန့်စင်ကြည်လင်နေသည်။

ထို့နောက် သူမ၏ စွမ်းအင်မြင့်တက်မှုသည် မူလနတ်အင်ပါယာအဆင့်သို့ရောက်ရှိလာ၏။ သို့သော် ထိုမျှနှင့် မရပ်တန့်သေးချေ။ သူမ၏ စွမ်းအင်များအားလုံးကို လောင်ကျွမ်းပစ်ကာ ကြီးမားသည့် လျှပ်စီးတန်းကြီးကို ထုတ်ဖော်လိုက်သည်။

“ဖျတ်စီးစမ်း..”

သူမသည် ထိုလျှပ်စီးတန်းကြီးကို မာန်ဟုန်အပြည့်နှင့် လျှို့ဝှက်နယ်မြေကို ရိုက်ခတ်လိုက်၏။

“ဝုန်း..”

ထိုလျှပ်စီးတန်းသည် လေဟာနယ်ကို အတင်းအကြပ် ဆုပ်ဖြဲလိုက်သည့်အလားပင်။ ကြီးမားခြင်း မရှိသည့် လေဟာနယ်အက်ကွဲကြောင်းငယ် တစ်ခုပေါ်ထွက်လာသည်။

“အခုပဲ..”

ရွှမ်းလင်သည် သူမ၏ စွမ်းအင်များကြောင့် ပေါက်ပြဲသွားသည် လေဟာနယ်အတွင်း ဟွမ်းကို အလျင်စလို ဝင်ရောက်စေလိုက်၏။

သူမသည် စွမ်းအင်ကုန်ခမ်းတော့မည်ဖြစ်၏။ ထို့ကြောင့် အချိန်ဆွဲ၍ မရတော့ချေ။

ဟွမ်းသည် ရွှမ်းလင်၏ မျက်နှာကို အသေချာ ကြည့်လိုက်ပြီးနောက် ထိုလေဟာနယ်အတွင်း ဝင်ရောက်သွားသည်။

ရွှမ်းလင်သည် ဟွမ်း၏ ဝင်ရောက်သွားမှုကို မျက်စိတစ်ဆုံးကြည့်နေမိ၏။ ချက်ချင်းဆိုသလို သူမ၏ ခန္ဓာကိုယ်သည် အလင်းမှုန်များအဖြစ် စတင်ပြောင်းလဲလာသည်။

ထိုအရာအတွက် သူမ၏ ဝိညာဉ်ခန္ဓာကိုယ်ကို ပေးဆပ်လိုက်ခြင်းပင်။ မူလခန္ဓာကိုယ်အတွက်တော့ ပေးဆပ်မှု အချို့နှင့် ရင်ဆိုင်ရမည်ဖြစ်၏။

ထို့နောက် သူမ၏ စွမ်းအင် ကုန်ဆုံးသွားသောကြောင့် လျှပ်စီးတန်းသည် ပျောက်ကွယ်သွားသည်။

ဟွမ်းဝင်ရောက်သွားသည့် လေဟာနယ်သည် ပိတ်လုဆဲဆဲ ဖြစ်နေချိန်တွင် ရွှမ်းလင်၏ နားတွင် လေးနက်သည့် အသံတစ်ခုကို ကြားလိုက်ရသည်။

“ငါ့ကိုစောင့်နေ..”

ထိုအသံကြောင့် သူမ၏ စိတ် အလွန်ပင် တုန်လှုပ်သွားတော့၏။ ဟွမ်းထံမှ ထိုသို့ စကားမျိုး ကြားရမည်ဟု မထင်ထားခဲ့ချေ။ သူမပင် သတိမထားမိလိုက်ပဲ မျက်ဝန်းများမှ မျက်ရည်စက်အချို့ထွက်ပေါ်လာသည်။

“လင်းထျန်းဘုံကို ရှင်ရောက်မလာနိုင်ရင် အကောင်းဆုံးဆိုပေမဲ့..၊ ရှင့်ကို ထပ်ပြီးတွေ့ဆုံချင်တာကြောင့် ရှင်ရောက်လာမဲ့နေ့ကို စောင့်မျှော်ချင်တယ်..”

ရွှမ်းလင်သည် တီးတိုးရေရွတ်လိုက်၏။ ထို့နောက်တွင် သူမ၏ ခန္ဓာကိုယ်သည် တ‌ဖြည်းဖြည်းမှုန်ဝါးသွားကာ ကွယ်ပျောက်သွားတော့သည်။ သူမသည် ကမ္ဘာငယ်လေးမှ ပျောက်ကွယ်သွားပြီဖြစ်၏။

ဟွမ်းသည် လျှို့ဝှက်နယ်မြေ ပိတ်လုဆဲဆဲတွင် ရွှမ်းလင်အတွက် မမျှတဟုတွေးထင်ကာ ကတိပေးလိုက်ခြင်းဖြစ်သည်။

သူသည် အကြွေးတင်ခံရသည်မျိုး မနှစ်သက်ပေ။ သူသည် ထျန်းဟုန်ကို ပြန်လည်ခေါ်ဆောင်ရန် လင်းထျန်းဘုံသို့ သွားကိုသွားရမည်ဖြစ်သည်။ ထို့အပြင် ရွှမ်းလင်၏ သွေးစွမ်းအင်ကိုလည်း ပြန်လည်ပေးအပ်မည်ဖြစ်၏။

ထိုသို့အရာမျိုး မလိုအပ်ပေ။ ထို့ကြောင့် ချုးယွီဟွာကို ရှာဖွေတွေ့ရှိပြီးသည်နှင့် လင်းထျန်းဘုံသို့ သွားရောက်နိုင်မည့် နည်းလည်းကို ဆက်လက်ရှာဖွေရပေဦးမည်။

“နှစ်တစ်ရာ..”

ရွှမ်းလင်၏ စကားအရ နှစ်တစ်ရာခန့် အချိန်ရှိသေးသည်ဟု ဆိုသော်လည်း ထိုအရာသည် သူ့အတွက် ကြာရှာလွန်းသည့် အချိန်ကာလ မဟုတ်ပေ။

ဟွမ်းသည် ထိုအကြောင်းအရာများကို ခဏဖယ်ထားကာ လျှို့ဝှက်နယ်မြေ အတွင်း အာရုံစိုက်လိုက်၏။

ထိုအချိန်တွင် ဟွမ်း၏ နားအတွင်း အသံလှိုင်းတစ်ခုဝင်ရောက်လာသည်။

“ရှင်..ရောက်လာပြီလား..”

ဟွမ်းသည် ထိုအသံလာရာသို့ စူးစမ်းကာ ဦးတည်သွားတော့၏။

တစ်ဖက်ရှိ ကျိုးကမ္ဘာငယ်တွင် ယွဲ့ဝူယောင်တို့ရောက်ရှိနေသည်မှာ သုံးရက်ခန့်ပင် ရှိသွားခဲ့သည်။

ကျိုးကမ္ဘာငယ်တွင် ပြင်ပလူများ ဝင်ရောက်ခြင်းကို ကန့်သတ်မထားပေ။ ထို့အပြင် ဝင်ရောက်မှုအတွက် တင်းကြပ်သည့် စစ်ဆေးမှုလည်း မရှိပေ။

“ကျိုးကမ္ဘာက ထင်ထားတာထက်ကို ကျယ်ပြန့်လွန်းတာပဲ..”

လျှိုမင်ယွမ်သည် အံ့ဩတကြီး တီးတိုးရေရွတ်လိုက်၏။

“ဒီကမ္ဘာရဲ့ ဖွဲ့စည်းတည်ဆောက်ပုံက ထူးဆန်းပြီး အဖွဲ့အစည်းတွေကလဲ စနစ်တကျရှိတယ်..”

ပိုင်ကျန့်ယွီလည်းဆိုလိုက်၏။ သူတို့သည် သုံးရက်တာအတွင်း အတော်များများကို လေ့လာမိခဲ့ကြသည်။ ခြင်္သေ့နဂါးဂိုဏ်းနှင့် ယိချင်းဂိုဏ်းသည် ကျိုးကမ္ဘာ၏ အထွတ်ထိပ်တည်ရှိသည့် ဂိုဏ်းများဖြစ်ကြ၏။

ထို့အပြင် အဆင့်ငါးနှင့် အဆင့်ခြောက် ကျင့်ကြံသူများကို နေရာအနှံ့တွေ့နိုင်ပြီး မဟာ နတ်အင်ပါယာများလည်း ပေါများလှသည်။

“ငါတို့ ခြင်္သေ့နဂါးဂိုဏ်းကို ဦးတည်သွားကြစို့..၊ မဟုတ်ရင် ကျီယွမ်နယ်မြေကို သူတို့ ရောက်သွားကြလိမ့်မယ်..”

လုရှင်းယန်သည် လောဆော်လေ၏။ သူ၏ ဂျုနီယာ နှစ်ကောင်သည် လာရင်းရည်ရွယ်ချက်ကို မေ့လျော့နေဟန်ရှိသည်။ သူတို့သည် သုံးရက်ခန့် စစ်ဆေးပြီးနောက်တွင် ခြင်္သေ့နဂါးဂိုဏ်း၏ တည်နေရာကို သိရှိပြီးဖြစ်၏။

ထို့နောက် သူတို့လေးဦးသည် ခြင်္သေ့နဂါးဂိုဏ်းသို့ ဦးတည်ကာ သွားရောက်လိုက်ကြသည်။

“ရပ်စမ်း..”

သူတို့လေးဦးသည် ခြင်္သေ့နဂါးဂိုဏ်း၏ မုခ်ဝသို့ ရောက်ရှိချိန်တွင် အစောင့်၏ တားမြစ်မှုကို ခံလိုက်ရ၏။

“ဂိုဏ်းထဲကို အပြင်လူဝင်ခွင့်မရှိဘူး..၊ ထွက်သွား..”

“မင်းတို့ ဂိုဏ်းချုပ်ကို အကြောင်းကြားလိုက် ဟွမ်းရှန့်နန်းတော်ရဲ့ တပည့်တွေက လက်ရည်စမ်းချင်တယ်လို့..”

ပိုင်ကျန့်ယွီသည် မောက်မာစွာပြောဆိုလိုက်၏။ အစောင့်သည် အလွန်ပင် ဒေါသထွက်သွားပြီး ရန်ထောက်လိုက်သည်။

“ခြင်္သေ့နဂါးဂိုဏ်းက မင်းတို့ စိန်ခေါ်ချင်တိုင်း ခေါ်လို့ ရမယ်ထင်နေလား..”

“ဝုန်း..”

ပိုင်ကျန့်ယွီသည် ချက်ချင်ဆိုသလို မုခ်တံခါးကို ဖျတ်ဆီးလိုက်၏။

“ကြာတယ်ကွာ..”

“မင်း..မင်း..”

အစောင့်သည် မျက်နှာမှ မီးခိုးများထွက်လာသည့် အထိ ဒေါသထွက်လာသည်။

“ဘယ်ကောင်လဲကွ..မုခ်ဝဖျတ်ဆီးတဲ့ကောင်..”

ဒေါသတကြီး ရေရွတ်သံနှင့်အတူ သက်လတ်ပိုင်း လူကြီး တစ်ဦး ရောက်ရှိလာ၏။

“ခင်ဗျားကဘယ်သူလဲ..”

လုရှင်းယန်သည် ဦးစွာမေးလိုက်၏။

‘ငါ့ရဲ့ ဂိုဏ်းကို ကျုးကျော်လာပြီး သူကပဲ မေးရတယ်ရှိသေး’

ထိုလူကြီးသည် ဒေါသများအစား စွံ့အမှင်သက်မှုများ ဝင်ရောက်လာသည်။

“ငါ့နာမည် ဟုန်ချန်..၊ ခြင်္သေ့နဂါးဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက်ပဲ..၊ မုခ်ဝကြိ ဖျတ်ဆီးမှုအတွက် ဖြေရှင်းချက်ကောင်းကောင်းမပေးနိုင်ရင် မင်းတို့ အသက်ရှင်လျက် ထွက်သွားရမယ်မထင်နဲ့..”

ဟုန်ချန်သည် ဒေါသများနှင့် ပြောဆိုလိုက်၏။ သူသည် မဟာ နတ်အင်ပါယာအထွတ်ထိပ်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်နေပြီး ကြယ်ဖြူမဟာမိတ် လီဝူချင်းတို့ထက်ပင် သန်မာသည်။

ဂိုဏ်းတစ်ခုကို မုခ်ကို ဖျတ်ဆီးခြင်းကပင် ခွင့်မလွှတ်နိုင်စရာ အကြောင်းအရာဖြစ်၏။ ထိုအရာသည် ဂိုဏ်း၏ ဂုဏ်သိက္ခာကို ဖျတ်ဆီးခြင်းနှင့် အတူတူပင် ဖြစ်သည်။

“ခင်ဗျားတို့ ဂိုဏ်းက ဒီကမ္ဘာရဲ့ ထိပ်သီးဂိုဏ်းဆိုတော့ ကျုပ်တို့က လူငယ်ချင်း လက်ရည်ဖလှယ်ချင်တာပါ..”

လုရှင်းယန်သည် အသာယာပြောလိုက်၏။

“လက်ရည်စမ်းချင်ရင် ကောင်းကောင်းပြောလို့မရဘူးလား..၊ မုခ်ဝကို ဖျတ်စီးစရာလိုလို့လား..”

ဟုန်ချန်သည် တင်းမာသည့် လေသံနှင့် ပြောဆိုလိုက်သည်။

“ကျုပ်တို့ စကားအကောင်းပြောတာပဲလေ..၊ ခင်ဗျားတို့ အစောင့်က ဝင်ခွင့်မှ မပေးတာ..”

လုရှင်းယန်သည် မတက်သာသည့် လေသံနှင့်ဆိုလိုက်၏။ သူတို့၏ လုပ်ရပ်မမှားသည့် အသွင်ပင်။

“ဟွမ်းရှန့်နန်းတော်ကတဲ့..၊ ကျုပ်တစ်ခါမှ မကြားဖူးလို့ မောင်းထုတ်လိုက်တာ..”

အစောင့်သည် ကပြာကလျာပြောဆိုလိုက်၏။

ထိုအချင်းအရာကြောင့် ဟုန်ချန်သည် သူတို့ဂိုဏ်းကိုပင် နိမ့်ကျသွားလေသလားဟု သံသရဝင်မိသွား၏။

နှစ်ပေါင်းများစွာ ရပ်တည်လာသည့် ရှေးဟောင်းဂိုဏ်းကြီး တစ်ခုအနေနှင့် ဘယ်နယ်မြေကမှန်း မသိရသည့် လူငယ်များပင် လာရောက်စိန်ခေါ်နေကြသည်။ ထိုသို့ ဖြစ်ရပ်မျိုး မကြုံဖူးခဲ့ချေ။

All Chapters