မင်းနားမလည်ဘူးလား
Vol. 18 Ch. 269
“ကောင်လေးတွေ..၊ ငါ့တို့ဂိုဏ်းက တပည့်တွေက အဆင့်ခြောက်ကျင့်ကြံသူတွေနော်..၊ အခုချိန် မင်းတို့ ကျင့်ကြံမှု ဖျတ်ဆီးပြီး ထွက်ခွာသွားမယ်ဆိုရင် အသက်ရှင်နိုင်သေးတယ်နော်..”
ဟုန်ချန်သည် ကြင်နာသည့်အလား သတိပေးလိုက်၏။ သို့သော် ချိန်းခြောက်နေခြင်းသာဖြစ်သည်။
“လက်ရည်စမ်းပွဲက သေအောင်သတ်ဖြတ်ကြတာလား..”
လုရှင်းယန်သည် နုံအသည့် အသွင်နှင့်မေးလိုက်၏။
“ငါတို့တပည့်တွေက ထိန်းရခက်တယ်လေ..၊ အကြီးအကဲတွေတောင် မလေးစားချင်ပါဘူးကွာ..၊ သူတို့စိတ်ထင်ရာလုပ်တက်ကြလို့..”
ဟုန်ကျန်သည် ဂိုဏ်းတပည့်များကို ထိန်းမနိုင်သောကြောင့် သေဆုံးမှုများ ရှိနိုင်သည်ဟု ပြောဆိုခြင်းပင်။
သူသည် မုခ်ဝကို ဖျတ်ဆီးသည့် အတွက် လုရှင်းယန်တို့ကို အလွတ်ပေးမည်မဟုတ်ပေ။ သို့သော် လူငယ်များကို သတ်ဖြတ်ရန် သူ့အနေနှင့် မသင့်လျော်ချေ။ ထို့ကြောင့် ဂိုဏ်းတပည့်များကို ရှင်းလင်စေခြင်းဖြစ်၏။
“ဒါဆို အတော်ပဲ...၊ လမ်းပြပါဦး..”
လုရှင်းယန်သည် တက်ကြွသွားသည့် အသွင်နှင့် ဂိုဏ်းအတွင်းသို့ ဝင်ရောက်သွားကြ၏။
ဟုန်ချန်သည် မျက်မှောင်ကြုတ်သွား၏။ ထိုလူငယ်များသည် မည်သည့်ယုံကြည်ချက်ရှိနေမှန်း နားမလည်နိုင်ပေ။ သို့သော် မည်သို့ပင် ဖြစ်စေသူတို့လေးဦးသေဆုံးရမည်ဖြစ်သည်။
ဟုန်ချန် မသိလိုက်သည်က ခြင်္သေ့နဂါးဂူအတွင်း ကျားလေးကောင်ဝင်ရောက်လာခြင်းပင်။
ဟုန်ချန်သည် ပြိုင်ပွဲကွင်းပြင်သို့ လမ်းညွှန်လိုက်ပြီးနောက် သူတို့ဂိုဏ်း၏ တပည့်များကို ခေါ်လာခဲ့သည်။
“ဘယ်သူအရင်လာမလဲ..”
ပိုင်ကျန့်ယွီသည် ကွင်းပြင်ပေါ်သို့ တက်ရောက်ရင်း မောက်မာစွာဆိုလိုက်၏။
ဂိုဏ်းသားများသည် ဒေါသထွက်သွားသည်။ ထိုသို့ မောက်မာသူကို မမြင်ဖူးချေ။
“ဝုန်း..”
လူငယ်တစ်ယောက်သည် ကွင်းပြင်ပေါ်သို့ ခုန်တက်လာ၏။
“မင်းရဲ့မောက်မာမှုကို ရိုက်ချိုးပေးမယ်..”
ထိုလူငယ်သည် အဆင့်ခြောက်ရောက်လုနီးပါးဖြစ်နေသည့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူ၏ ဂိုဏ်းတူတပည့်များသည် အောဟစ်အားပေးနေကြ၏။
ထို့နောက် ချက်ချင်းဆိုသလို ပိုင်ကျန့်ယွီထံ ပြေးဝင်သွားတော့သည်။
“ရွှစ်..”
“ဘုန်း..”
ထိုလူငယ်သည် ပိုင်ကျန့်ယွီအနား မရောက်ခင်တွင် ဓားသံတစ်ချက်ကို ကြားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်သည် လဲကျသွားတော့၏။
“မဖြစ်နိုင်တာ..”
ဂိုဏ်းသားများသည် တုန်လှုပ်ကုန်တော့သည်။ ထိုလူငယ်သည် အပြင်စည်းတွင် အသန်မာဆုံး ကျင့်ကြံသူတစ်ဦးဖြစ်၏။
ထို့အပြင် အဆင့်ငါးကျင့်ကြံသူများသည် ယခင်အဆင့်သုံးနယ်မြေများတွင် ထိပ်သီးကျင့်ကြံသူများဟုပင် ခေါ်ဆိုနိုင်သည်။ သို့သော် ဤကမ္ဘာငယ်တွင် တပည့်များပင် အဆင့်ငါးကျင့်ကြံသူများ ဖြစ်နေကြ၏။
“မင်း..ရဲတင်းလှချေလားကွ..”
ထိုအသံသည် ဟုန်ချန်ထံမှ မဟုတ်၊ လုရှင်းယန်၏ အသံသာဖြစ်၏။
သူသည် ပိုင်ကျန့်ယွီကို လက်ညိုးငေါက်ငေါက်ထိုးကာ ဆူပူကျိန်းမောင်းနေခြင်းပင်။ သူသည် ဒေါသထွက်လွန်း၍ လည်ပင်းမှ သွေးကြောများပင် အမြှောင်းမြှောင်းထွက်ပေါ်နေ၏။
“ဒါ သူများရဲ့ ဂိုဏ်းမှာဆိုတာ မင်းနားမလည်ဘူးလား..၊ မျက်နှာပေးရမယ်ဆိုတဲ့စကားလုံးကို မင်းမသိတာလား..၊ မင်းကျင့်ကြံသူတွေကို ခွေးတစ်ကောင်လို သတ်ချင်သလို သတ်လို့မရဘူးဆိုတာ နားမလည်ဘူးလားကွ..”
“ဒုတိယအစ်ကို ကျုပ်ဆင်ခြင်ပါ့မယ်..”
ပိုင်ကျန့်ယွီသည် မှားယွင်းသွားသည့် မျက်နှာနှင့် တောင်းပန်စကားဆိုလိုက်၏။
ဟုန်ချန် “...”
‘ငါက ဘာပြောရတော့မှာလဲ..’
ဟုန်ချန်သည် သူ၏ ပါးရိုက်ခံရသည့်ဟု ခံစားမိသွား၏။ သူ၏ ဂိုဏ်းတပည့်များသည် ထိန်းရခက်သည်ဟု ပြောခဲ့သော်လည်း ထိုလူငယ်များသည် ပို၍ ထိန်းရခက်နေသည်။
သို့သော် သူ၏ မျက်နှာ လေးနက်သွား၏။ ထိုလူငယ်များ သရုပ်ဆောင်နေသည်ကို သိရှိသော်လည်း သူတို့၏ ကျင့်ကြံမှုအဆင့်ကို တိတိကျကျ မကြည့်ရှု့နိုင်ပေ။
“ရှကျစ်..၊ မင်းသွား..”
ဟုန်ချန်သည် လူငယ်တစ်ဦးကို စေလွှတ်လိုက်၏။ ထိုလူငယ်သည် အဆင့်ခြောက်ကျင့်ကြံသူဖြစ်နေပြီး အတွင်းစည်းမှ ထူးချွန်တပည့်ဖြစ်သည်။
“ဝုန်း..”
“ရွှစ်..”
သို့သော် ကွင်းပြင်ပေါ်ကို ရောက်ရောက်ချင်း ပိုင်ကျန့်ယွီသည် သတ်ဖြတ်လိုက်၏။
ပြိုင်ပွဲကွင်းပြင်တစ်ခုလုံး သုသာန်တစပြင်အလား တိတ်ဆိတ်သွားတော့သည်။
ရှကျစ်သည် မည်သို့ပင် သေဆုံးသွားရသည်မှန်းကို ပင်မသိလိုက်ရချေ။
“မင်း..”
ဟုန်ချန်သည် အလွန်မင်း ဒေါသထွက်ရလေပြီ။ ထိုလူငယ်များသည် တမင်သက်သက် ရန်စနေခြင်းသာဖြစ်သည်။ ဂိုဏ်းအတွင်းဝင်ရောက်လာကာ တပည့်နှစ်ဦးကို ရုတ်ချည်းသတ်ဖြတ်ခဲ့၏။ မည်သို့မှ ခွင့်လွတ်နိုင်စွမ်းမရှိတော့ပေ။
“တစ်ယောက်မှ မလွတ်စေနဲ့ အကုန်သတ်စမ်း..”
သူ၏ စိတ်ကို မထိန်းနိုင်တော့ချေ။ တပည့်များကို တိုက်ခိုက်စေလိုက်သည်။
ထို့နောက် သူသည် ပိုင်ကျန့်ယွီကို ဦးတည်ကာ အလင်းလှိုင်းများလွှတ်၍ ချက်ချင်းတိုက်ခိုက်လိုက်တော့၏။
“သေစမ်း..”
ပိုင်ကျန့်ယွီသည် လျှင်မြန်စွာ ရှောင်တိမ်းကာ ဓားအလင်းလှိုင်း တစ်ချက်ကို ထုတ်ဖော်လိုက်၏။
“ဒါက..”
“မဟာ နတ်အင်ပါယာအဆင့်..”
ဟုန်ချန်သည် ဓားအလင်းမှ စွမ်းအင်များကို ခံစားမိကာ ထိတ်လန့်သွားသည်။ သူအလွန်ပင် ဒေါသထွက်သွားတော့၏။ ထိုလူငယ်များသည် သိုးယောင်ဆောင်ကာ ဂိုဏ်းအတွင်း ဝင်ရောက်လာခဲ့ခြင်းပင်။
“ဝုန်း..”
“ဘုန်း..”
ချက်ချင်းဆိုသလို ကာကွယ်မှု ပြုလိုက်သော်လည်း ဓားအလင်းလှိုင်းတွင် ပါဝင်လာသည့် ဓားဆန္ဒများကြောင့် သူ၏ ခန္ဓာကိုယ်အား ထိမှန်ကာ ဒဏ်ရာ အပြင်းထန် ရရှိသွား၏။
“အဟွတ်..”
သွေးများပင် အန်ထွက်လာ၏။
“အကြီးအကဲဟုန်..”
“ငါ့ကို ဂရုမစိုက်နဲ့ အဲ့ဒီကောင်တွေကို သတ်..”
ဟုန်ချန်သည် တပည့်များကို ဒေါသတကြီး အမိန့်ပေးလိုက်၏။
တပည့်များသည် ချက်ချင်းဆိုသလို ပိုင်ကျန့်ယွီထံ ပြေးဝင်သွားကြသည်။ ထို့နောက် တိုက်ခိုက်မှုများ ထုတ်ဖော်လိုက်ကြ၏။
“သေစမ်း..”
“အမှောင်ထုနှင့် လွှမ်းမိုးခြင်း..”
တပည့်များ၏ အာရုံသည် ချက်ချင်းမှောင်မိုက်သွားပြီ သူတို့၏ ဝိညာဉ်ပင်လယ်တွင် အမှောင်ထုသည် ဝင်ရောက်ကုန်သည်။
ထိုတပည့်များသည် တွေတွေကြီးရပ်တန့်နေကြတော့၏။ သူတို့၏ အမူအယာများသည်တော့ ရုန်းကန်နေရပုံရှိသည်။
လျှိုမင်ယွမ်သည် သူ၏ စိတ်စွမ်းအင်များကို အမှောင်စွမ်းအင်များနှင့် ပေါင်းစပ်ကာ အသုံးပြုလိုက်သည့် နည်းစနစ်ဖြစ်၏။
“မင်းတို့ သေချင်နေပြီလား..”
ဒေါသတကြီး အသံနှင့်အတူ ပုံရိပ်ခုနှစ်ခုသည် ပြိုင်ပွဲကွင်းပြင်သို့ ရောက်ရှိလာသည်။
“ဂိုဏ်းချုပ်..”
ဟုန်ချန်သည် ထိုလူကြီးကို အားကိုးတကြီးခေါ်လိုက်၏။ ခြင်္သေ့နဂါးဂိုဏ်းချုပ် ကျန်းယွမ်ချင်းသည် ဤနေရာ၏ အဖြစ်အပျက်ကို မြင်တွေ့ကာ ဒေါသများ ထိန်းမရဖြစ်လာတော့သည်။
သူ့သား၏ လက်ကို ဖြတ်တောက်လိုက်သည့် နယ်မြေငယ်မှ ကျင့်ကြံသူအကြောင်း ဆွေးနွေးနေကြ၏။ ထိုအချိန်တွင် ဂိုဏ်းအတွင်းမှ စိမ်းသက်သည့် အငွေ့အသက်များကို ခံစားမိလိုက်သောကြောင့် ချက်ချင်းရောက်ရှိလာကြခြင်းဖြစ်သည်။
ဟုန်ချန်သည် အဖြစ်အပျက်များကို ရှင်းပြပြောဆိုလိုက်၏။ ကျန်းယွမ်ချင်းသည် ထိုအချင်းအရာများကို ကြားသိရပြီး သူ၏ အမူအယာသည် ဆိုးရွားသွားသည်။
သူ၏ သက်တမ်းတစ်လျောက် ဂိုဏ်းထဲသို့ဝင်ရောက်၍ စော်ကားခံရခြင်းသည် ဤအကြိမ်က ပထမဆုံးပင်။
သူသည် ပြင်းထန်သည့် လေသံနှင့် ပြောဆိုလိုက်သည်။
“မင်းတို့ အသက်ရှင်လျက် ထွက်သွားခွင့် မရှိတော့ဘူး..”
“ခင်ဗျားမှာ အဲ့ဒီလိုလုပ်နိုင်စွမ်းမရှိဘူး..”
လုရှင်းယန်သည် သာမန်လေသံနှင့်သာ ပြောလိုက်၏။
“မောက်မာလိုက်တာ..”
ကျန်းယွမ်ချင်းသည် အဓိပတိ နတ်အင်ပါယာတစ်ဦးဖြစ်၏။ သို့သော် မဟာနတ်အင်ပါယာ တစ်ဦး၏ အထင်သေးခြင်းပင် ခံနေရသည်။
သူ၏ စွမ်းအားများသည် အလကားသက်သက်မဟုတ်ကြောင်း ထုတ်ဖော်လိုက်၏။
“မင်းတို့ မောက်မာနိုင်ဦးမလား သိချင်သေးတယ်..”
“ခင်ဗျားတို့ဂိုဏ်းက သခင်လေးဆိုတဲ့ ကောင်လဲ အဲ့လိုပဲပြောသွားတာပဲ..”
ပိုင်ကျန့်ယွီသည် စကားထောက်လိုက်သည်။ သူ၏ ပုံစံသည် အမှိုက်တစ်စအား ရွံ့ရှာနေသည့် အသွင်..။
“ဘာ..”
ကျန်းယွမ်ချင်းသည် တုန်ယင်သည်အထိ ဒေါသထွက်လာ၏။ သူသည် ထိုနယ်မြေက ကောင်ကို အမှုန့် ကြိတ်ချေရန် အကြီးအကဲများနှင့် ဆွေးနွေးပြီးဖြစ်သည်။ သို့သော် အိမ်ရှေ့အထိပင် ရောက်ရှိလာမည်ဟု မထင်ထားခဲ့ချေ။
“ကောင်းတယ်..၊ ကောင်းတယ်..၊ မင်းကို သတ်ဖို့ တကူးတက ရှာစရာမလိုတော့ဘူး..”
ကျိုးယွမ်ချင်းသည် သူ၏ ဓားမော့နှင့် အလင်းလှိုင်းကို ချက်ချင်းဆိုသလို ပိုင်ကျန့်ယွီထံ ပစ်လွှတ်လိုက်၏။ မဟာနတ်အင်ပါယာတစ်ဦး ဒဏ်ရာရစေရန် လုံလောက်သည့် စွမ်းအားမျိုးပင်။ ထိုဓားမော့လှိုင်းတွင် သူ၏ ဒေါသများအားလုံးပါဝင်၏။
“ဝုန်း..”
သို့သော် သူ၏ ဓားမော့အလင်းတန်းသည် ခရမ်းရောင်ရေခဲများနှင့် တားဆီးခံလိုက်ရသည်။
ကျန်းယွမ်ချင်း မျက်မှောင်ကြုတ်သွား၏။
ထိုခရမ်းရောင်ဆံနွယ်များနှင့် မိန်းကလေးသည် အဓိပတိ နတ်အင်ပါယာအဆင့် မရောက်ရှိသေးသော်လည်း သူ၏ စွမ်းအင်လှိုင်းကို တားဆီးနိုင်ခဲ့သည်။
“တစ်ယောက်မှ အလွတ်မပေးနဲ့..”
ကျန်းယွမ်ချင်းသည် အကြီးအကဲခြောက်ဦးကို အမိန့်ပေးလိုက်တော့၏။